အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစု တစ်ခုအနေဖြင့် လစန္ဒာ ကလန်တွင်လည်း အုပ်စုတစ်ခုတည်း ရှိနေသည် မဟုတ်ပေ။ ကျောင်းတော်တွင် တောင်ကုန်း ကိုးခုရှိသည်။ ဓားကလန်တွင် တောင်ထိပ် ခုနစ်ခုရှိ၏။
လစန္ဒာ ကလန်တွင်လည်း အဓိက အုပ်စု လေးခု ရှိသည်။ ကလန် ခေါင်းဆောင်က လစန္ဒာ မျှော်စင်မှ ဖြစ်သည်။ မျှော်စင်က လစန္ဒာကလန် ထဲတွင်မူ တန်ခိုးကျင့်ရာ မြင့်မြတ်နယ်မြေ ဖြစ်သည်။ သူတို့က တပည့်များအား တိုက်ရိုက် မသင်ကြားပေ။ ခေါင်းဆောင်ပိုင်း တပည့်များသာ လစန္ဒာ မျှော်စင်တွင် လေ့ကျင့်ခွင့်ပြုသည်။ ထိုနေရာကား လစန္ဒာကလန်၏ ထောက်တိုင် ဖြစ်သည်။ ထိုနေရာအပြင် ကလန်တွင် ချိန်ယွီ အိမ်တော်၊ ရှောက်ယွီ အိမ်တော်နှင့် ဟန်ယွီ အိမ်တော်တို့ ရှိသေးသည်။ အိမ်တော် တစ်ခုစီက သူတို့ အားသာချက် ကိုယ်စီနှင့် ဖြစ်သည်။ ဟွာဂျီယူက ရှောက်ယွီ အိမ်တော်တွင် လေ့ကျင့်သည်။ သမီးတော် ချူယောင်ယောင်က ချိန်ယွီအိမ်တော်မှ တပည့် တစ်ယောက် ဖြစ်သည်။
လက်ရှိတွင် သမီးတော် ချူယောင်ယောင်ကား ချိန်ယွီ အိမ်တော်၏ အဆောက်အဦ တစ်ခုတွင် ရှိနေသည်။ သူမ၏ ရှေ့တွင် အလွန် ချောမောသော မိန်းမကြီး တစ်ယောက်က လက်ထဲမှ စာရွက် တစ်ရွက်အား ကိုင်ကာ ထိုင်နေသည်။ ထိုစာရွက်ထဲတွင်ကား တန်ဖိုးကြီးသော ပစ္စည်း အများအပြားကို စာရင်း ပြုစုထားသည်။
ထိုမိန်းမလှကြီးကား ချိန်ယွီ အိမ်တော်၏ ခေါင်းဆောင်ဖြစ်သူ ရန်ဖေးဟွန် ဖြစ်သည်။ ချူယောင်ယောင်က သူမ၏ လက်ရင်း တပည့်ဖြစ်ပြီး သူမ အချစ်ဆုံး တပည့်လည်း ဖြစ်သည်။ သို့သော် ထိုနေရာတွင် သူတို့သာ ရှိသည် မဟုတ်ပေ။ နောက်တစ်ယောက် ထိုင်နေသော သူကား ချင်ဘုရင်၏ မြေးဖြစ်သူ ချင်လီဖြစ်သည်။
ဒွန်ချင် ကျောင်းတော်ကား သူတို့၏ ပြိုင်ပွဲကို ကျင်းပနေဆဲ ဖြစ်သော်လည်း သူကား လစန္ဒာလကန်ကို ရောက်နေသည်။ ရန်ဖေးဟွန်၏ လက်ထဲမှ စာရင်းကို သူပေးခဲ့ခြင်း ဖြစ်သည်။ စာရင်းထဲမှ စာလုံးတစ်လုံးစီက အဆင့်မြင့် နိုဘယ် တစ်ယောက်အား လောဘဇော တက်စေ လောက်အောင် တန်ဖိုးကြီးပေသည်။
သို့သော်လည်း ရန်ဖေးဟွန်က စိတ်လှုပ်ရှားဟန် မရှိပေ။ သူမ၏ အမူအရာက တည်ငြိမ်နေမြဲ ဖြစ်သည်။ အတန်ကြာလျှင် သူမက စာရွက်အား ခေါက်လိုက်ပြီး ချင်လီအား ကြည့်သည်… “ချူယောင်ယောင်က ငါ့လက်အောက်မှာ လေ့ကျင့်နေတာ နှစ်တွေ အများကြီး ကြာပြီ… ယောင်ယောင်ကို ငါ့အသွေးအသား အဖြစ် သတ်မှတ်ထားတာ ကြာပြီ… ပြီးတော့ ငါက သူ့ကို ငါ့နေရာကို ဆက်ခံဖို့ သတ်မှတ်ထားတာ… ဒါကြောင့် ယောင်ယောင်ကို ချင်ပြည်ထောင်ကို သွားပြီး အိမ်ရှေ့စံ မင်းသမီး အဖြစ် နေထိုင်သွားမှာကို ငါ မလိုလားဘူး…”
လက်ရှိ အိမ်ရှေ့စံ မင်းသားကား ချင်ယွီဖြစ်ကာ သူက နန်းတက်လျှင် ချင်လီက အိမ်ရှေ့စံ ဖြစ်လာမည်ကို သံသယ ဖြစ်စရာ မလိုပေ။ ချင်ဘုရင်၏ မြေးများထဲတွင် ချင်လီကား ပါရမီ အမြင့်ဆုံး ဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသား ဖြစ်လာသောအခါ သူ၏ ဇနီးကလည်း ပုံမှန်အားဖြင့် အိမ်ရှေ့စံ မင်းသမီး ဖြစ်လာမည် ဖြစ်သည်။
“ကျွန်တော် နားလည်ပါတယ်… စီနီယာ…” လွန်စွာ နှိမ့်ချစွာဖြင့် သူက ပြောသည်… “ကျွန်တော်က သူမကို အရမ်းပဲ ချစ်မိနေပါပြီ… ကျွန်တော်က မိန်းကလေး ယောင်ယောင်ကို လုံးဝ မနိမ့်ကျစေရပါဘူး… ကျွန်တော်က သူမကို လက်ထပ်ခွင့် ရခဲ့ရင် သူမကို အတင်းအဓ္ဓမ ဘာမှ မခိုင်းပါဘူး… သူမက လစန္ဒာကလန်မှာ ဆက်လေ့ကျင့်ပြီး စီနီယာရဲ့ နေရာကို ဆက်ခံလို့ ရပါတယ်… ကျွန်တော်က သူမရဲ့ နောက်မှာ နေပြီး လိုတာ မှန်သမျှ ထောက်ပံ့ ပေးပါ့မယ်…”
ရန်ဖေးဟွန်၏ မျက်လုံးများက လင်းလက် သွားသည်။ ချင်လီက ဆက်ပြောသည်… “အခု ကျွန်တော် ပေးတဲ့ စာရင်းက သတို့သမီး အတွက် လက်ဆောင် ပဏ္ဍာတွေပဲ ရှိပါသေးတယ်… တကယ်လို့ စီနီယာက လက်ထပ်ပွဲကို လက်ခံမယ်ဆိုရင် ဒါက ကျွန်တော့်အတွက် အရမ်း ဂုဏ်ယူစရာ ဖြစ်ပြီးတော့ ကျွန်တော်က ကံအကောင်းဆုံး လူသားတစ်ယောက် ဖြစ်မှာပါပဲ… အဲဒီ အချိန်ကျရင် ကျွန်တော်က အခုပေးတဲ့ စာရင်းထက် များတဲ့ အရေအတွက်ကို ချိန်ယွီ အိမ်တော်ကို ပို့ပေးဖို့ အဆင်သင့်ပါပဲ…”
သူမ၏ ရှေ့မှ လွန်စွာ ရိုကျိုးသော ချင်ဘုရင်၏ မြေးကို မြင်လျှင် ရန်ဖေးဟွန်ကား စိတ်တိမ်းညွတ် ရသည်။ စာရင်းထဲတွင် ရှိသော ပစ္စည်းတစ်ခုကမှ ချူယောင်ယောင် အတွက် အသုံးမဝင်ပေ။ ထိုအစား ထိုပစ္စည်းများက ရန်ဖေးဟွန်၏ တန်ခိုးအဆင့်မှ လူများအတွက်သာ အသုံးပြုနိုင်သော တန်ဖိုးကြီး ရတနာများ ဖြစ်ကြသည်။ ဤပစ္စည်းများက ချူယောင်ယောင် အတွက် မဟုတ်ဘဲ သူမအား ပေးအပ်ခြင်း ဖြစ်သည်မှာ ထင်ရှား ပေသည်။
ချင်ပြည်ထောင်ကား လွန်စွာ ရက်ရော၏။
သို့သော်လည်း သူမက ချင်ပြည်ထောင်၏ ရည်ရွယ်ချက်ကိုလည်း သိသည်။ ဤကိစ္စက ချင်လီက ချူယောင်ယောင်အား သဘောကျခြင်း တစ်ခုတည်း မဟုတ်ပေ။ အကယ်၍ သူတို့ နှစ်ယောက်သာ အမှန်တကယ် လက်ထပ်ဖြစ်လျှင် ထိုအရာက လက်ထပ်ပြီး မဟာမိတ်ပြုခြင်း ဖြစ်လာပေမည်။
ပုံမှန်အားဖြင့် ချင်ဘုရင်၏ မြေးက ချင်ပြည်ထောင်ကို ကိုယ်စားပြုနိုင်ပြီး ချူယောင်ယောင်က လစန္ဒာကလန်၏ သမီးတော် ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးကို သံသယ ဝင်နေစရာ မလိုတော့ပေ။
“ယောင်ယောင်… ဘယ်လို ထင်လဲ…” ရန်ဖေးဟွန်က ချူယောင်ယောင်ဘက် လှည့်ကာ မေးသည်။
“လက်ထပ်ဖို့ ကိစ္စကို ဆရာက ဆုံးဖြတ်တာက ပိုသင့်တော်ပါတယ်… ဆရာ…” ချူယောင်ယောင်က ညင်သာစွာ ပြောသည်။ ရန်ဖေးဟွန်က အသာအယာ ခေါင်းညိတ်သည်။ ချူယောင်ယောင် ကလည်း ချင်လီအား သဘောကျ နေသည်ကို သူမက ခံစားမိသည်။
ချင်လီ၏ လက်ဆောင်များနှင့် သူ၏ အဆင့်အတန်းအရ ချင်လီအား အမှန်ပင် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။ ထို့အပြင် သူက လစန္ဒာကလန်မှ ချူယောင်ယောင်၏ ကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်မည်လည်း မဟုတ်ပေ။ ဤနည်းဖြင့် ချူယောင်ယောင်က သူမ၏ အနာဂတ်အား စိုးရိမ်နေစရာ မလိုပေ။
“လက်ထပ်တဲ့ ကိစ္စကို ငါက အလျင်စလို မလုပ်ချင်ဘူး… ငါက မင်းရဲ့ ဆရာ အဒေါ်တွေနဲ့ ဆွေးနွေးဦးမယ်… ချင်လီကို ဟိုနား ဒီနား လျှောက်ပြလိုက်…” ရန်ဖေးဟွန်က ပြောသည်။ ချူယောင်ယောင်က ခေါင်းညိတ်ကာ ချင်လီအား ခေါ်ဆောင် သွားသည်။
***
တစ်ချိန်တည်းတွင် ရှေးဟောင်း မြေရိုင်း ဒေသ၌ လစန္ဒာကလန်၏ ရှေးဟောင်း တောင်တွင် ရီဖူရှင်းက ချူလိရန်၏ ရှေ့တွင် ရပ်နေသည်။ သူ၏ စကားကို ကြားလျှင် သူမ၏ အမူအရာက နက်မှောင်သွားသည်။
ကော့တေးမှ ရီဖူရှင်း။
ထိုနာမည်အား မသိသောသူ သိပ်မရှိပေ။ သူမက ခေ့ကေးမြို့ကို မသွားခဲ့သော်လည်း ရီဖူရှင်း၏ အောင်မြင်မှုများကို သူမက ကြားဖူးသည်။ ချိန်ရှင်းမူနှင့် တိုက်ပွဲကို ထား၍ ချင်ပြည်ထောင်မှ ချင်မင်ကို အနိုင်ယူခဲ့ခြင်းက တူညီသော တန်ခိုးအဆင့်တွင် သူ့အား ယှဉ်နိုင်သူ မရှိဟု ပြောနိုင်ပေသည်။ ချူလိရန်က ရှေးဟောင်း မြေရိုင်း ဒေသတွင် ရှိနေဆဲဖြစ်ရာ သူမက ဓမ္မအဆင့်မျှသာ ရှိသေးသည်မှာ ထင်ရှားသည်။
ရီဖူရှင်းက လစန္ဒာကလန်သို့ သွားရောက် လိုသော်လည်း သူမ၏ တားဆီးခြင်းကို ခံရသည်။ ယခု ရီဖူရှင်းက အမှန်ပင် သူမအား စိန်ခေါ်ရဲသည်။
ထိုသို့ တွေးကာ ချူလိရန်က အေးစက်စွာ ပြောသည်… “ဒါက လစန္ဒာကလန်ရဲ့ ဝင်ပေါက်ပဲ… ကျွန်မနောက်မှာ ဂိတ်တံခါးရှိတယ်… ရှင်က ကျွန်မနောက်က တံခါးကို ဖြတ်သွားတာနဲ့ လစန္ဒာကလန်ရဲ့ နယ်မြေထဲကို ရောက်သွားမယ်… ရှင်က လစန္ဒာကလန်ရဲ့ တပည့်မဟုတ်ဘူး… ဒါကြောင့် ကျွန်မက ရှင့်ကို ဝင်ခွင့်မပေးတာ… ဒါက ရှင့်ရဲ့ အပြုအမူလား… ကော့တေးက လူတွေက ဒီလိုပဲ ဖြေရှင်းကြတာလား… ရှင်က ကျွန်မတို့ကို အနိုင်ကျင့်ဖို့ ကြိုးစား နေတာလား…”
သူမ ပြောလိုက်သည်ကား ရီဖူရှင်းအား လစန္ဒာကလန် တစ်ခုလုံးကို ရင်ဆိုင်စေခြင်းပင်။ အကယ်၍ ရီဖူရှင်းက ချူလိရန်အား တိုက်ခိုက်ရဲပါက သူက လစန္ဒာကလန်အား အနိုင်ကျင့်သည်နှင့် တူနေပေလိမ့်မည်။
ရီဖူရှင်းက ပြန်မဖြေပေ။ ထိုအစား သူက ရှေ့ကို တိုးသွားကာ အားကောင်းသော အရှိန်အဝါအား ထုတ်လွှတ်လိုက်သည်။ ချူလိရန်က သူ၏ ခြေလှမ်းတိုင်းမှ ဖိအားများကို ခံစားရသည်။
ထိုနေရာအနီးမှ လစန္ဒာကလန် တပည့်မများက ထိုမြင်ကွင်းကို ကြည့်ကာ အတွေးများ နေကြသည်။ ရှေ့မှ မြင်ကွင်းမှ ချူယောင်ယောင်နှင့် ဟွာဂျီယူတို့အကြား ကတောက်ကဆကို ပြန်သတိရစေသည်။ ထိုမျှ အသေးအမွှား ကိစ္စများက ကွဲပြား ခြားနားသော ရပ်တည်ချက် များကြောင့် ပြဿနာများ ကြီးထွား လာရသည်။ ယခု ရီဖူရှင်းက လစန္ဒာကလန်ကို ဝင်ရောက်လိုကာ ချူလိရန်က သူ့အား မတားခဲ့သင့်ပေ။ သို့သော် သူမက တားခဲ့သည်။ ရီဖူရှင်းက သူ၏ ကောင်းမွန်သော အပြုအမူများကြောင့် နာမည် ကျော်ကြားနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက ချူလိရန်အား စိန်ခေါ်ခဲ့၏။
မိန်းကလေး အများအပြားက လျှပ်တစ်ပြက်ပင် ချူလိရန်၏ ဘေးတွင် ပေါ်လာသည်။ သူတို့က သူမ၏ ချိန်ယွီအိမ်တော်မှ စီနီယာများနှင့် ဂျူနီယာများ ဖြစ်ကြသည်။ ထို့ကြောင့် ချူလိရန်၏ ရန်သူက သူမတို့၏ ရန်သူများ ဖြစ်ကြသည်။
“မင်းက လစန္ဒာကလန်ကို ကိုယ်စားပြုနိုင်လား…” ရီဖူရှင်းက သူမအား အေးစက်စွာ မေးသည်… “ဒီနေရာမှာ မင်းရဲ့ ဂိုဏ်းတူ ညီမ အစ်မတွေ အများကြီး ရှိကြတယ်… မင်းက ကျုပ်ကို တမင် ပစ်မှတ်ထား တိုက်ခိုက်နေတာ ဟုတ်သလား မဟုတ်သလား ဆိုတာ လူတိုင်း မြင်နိုင်တယ်… မင်းကလည်း အမှန်တရားကို သိတယ်… မင်းက ဒီလိုလုပ်ရဲမှတော့ ဘာလို့ လစန္ဒာကလန်ရဲ့ နာမည်အောက်မှာ ပုန်းနေရတာလဲ… ဘယ်လောက် ရှက်စရာ ကောင်းလဲ…”
“ရှင်…” အေးစိမ့်သော အငွေ့အသက်များ သူမကို လွှမ်းခြုံလာကာ ရေဓာတ် သဘာဝ စွမ်းအင်များ စုစည်းလာနေပြီး ရေခဲမှော် တိုက်ကွက် တစ်ခု ဖြစ်ပေါ်လာသည်။
ထိုစဉ်မှာပင် ရီဖူရှင်းက ရှေ့ကို မယုံကြည်နိုင် လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ရှေ့ကို တက်သွားသည်။ သဘာဝ စွမ်းအင်များက ရီဖူရှင်းအား ချက်ရင်း ရစ်ပတ်လာကာ သူ့အား အေးခဲအောင် ကြိုးပမ်းကြသည်။
ဘုန်း…။ ရီဖူရှင်း၏ ခန္ဓာကား လွန်စွာ မာကျောသည်။ ရေခဲများ ချက်ချင်း အက်ကွဲပြိုလဲ သွားကာ ခြေတစ်လှမ်းမျှဖြင့် သူက ချူလိရန်၏ ရှေ့ကို ရောက်လာသည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက သူမထံ ဆင်းသက် လာသည်။ ထို့နောက် ရီဖူရှင်းက သူ၏ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်လျှင် ချူလိရန် အဝေးကို လွင့်စဉ် သွားသည်။ သူမ၏ ခြေထောက်က မြေပြင်ကို ထိမိလျှင် ချူလိရန်က ဟန်ချက်အား ငြိမ်သွားအောင် နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ သူမ၏ မျက်နှာက ဖြူလျော့သွား၏။
သူတို့၏ စွမ်းရည်များက ကွာဟချက် ကြီးမားလှသည်။
“ချူလိရန်…” များစွာသော မိန်းကလေးများက သူမ၏ ဘေးကို ပြေးသွားကြကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။ သို့သော်လည်း ရီဖူရှင်းက ချူလိရန်အား လက်တစ်ဖက် ဝှေ့ယမ်းရုံမျှဖြင့် အဝေးကို လွင့်စဉ်သွားအောင် လုပ်နိုင်ပါက သူတို့က ရီဖူရှင်းအား ယှဉ်နိုင်စရာ မရှိသည်ကို သိကြသည်။
ရီဖူရှင်း၏ ထောင့်ဖြတ် အကြည့်က သူတို့ထံ ရောက်လာသည်။ ထို့နောက် ရီဖူရှင်းက သူတို့အား ဖြတ်လျှောက် သွား၏။ သိမ်းငှက်နက်က အတောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ ထိုမိန်းကလေးများအား အထင်သေးစွာ ကြည့်သည်။
ရှေးဟောင်း မြေရိုင်း ဒေသမှ ထွက်ပေါက် ဂိတ်တံခါးထံသို့ လျှောက်သွားရင်းက ရီဖူရှင်းက နန်ရှောင်းရှောင်အား ကြည့်သည်…“မိန်းကလေးက ကျုပ်ကို လမ်းပြပေးလို့ ရမလား…”
နန်ရှောင်းရှောင်က အံ့အားသင့်သွားကာ ချက်ချင်း ခေါင်းညိတ်သည်… “ကောင်းပြီ…” ထို့နောက် သူမက ရီဖူရှင်း၏ဘေးကို လျှောက်သွားကာ ဂိတ်တံခါးမှ အတူတူ ဖြတ်ကျော် သွားကြသည်။ တခြား မိန်းကလေးများ ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ လစန္ဒာကလန်သို့ ပြန်ရင် ပြင်ဆင်ကြ၏။
ချူလိရန်၏ အမူအရာကား သုန်မှုန်နေသည်။ ရီဖူရှင်းက သူမအား လက်တစ်ဖက်တည်း ဝှေ့ယမ်းကာ လွင့်စဉ်စေရာ သူမအတွက် အရှက်ရစရာပင်။
ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသမှ ထွက်သည်နှင့် လစန္ဒာကလန်၏ ရှေးဟောင်း တောင်ထိပ်ပေါ်သို့ ရောက်လာသည်။ ကျောက်စိမ်းတောင်ကား ကောင်းကင်ဘုံအလား သာယာလှသည်။ ရောင်စုံငှက်များ ဝေဟံတွင် ပျံဝဲနေကြသလို မြေပြင်တွင်လည်း ပန်းမျိုးစုံ ဖူးပွင့်နေသည်။ ကမ္ဘာမြေမှ ကောင်းကင်ဘုံပင် ဖြစ်ပေသည်။
“ဟွာဂျီယူက ရှောက်ယွီ အိမ်တော်မှာ လေ့ကျင့်တယ်… ကျွန်မကလည်း ရှောက်ယွီ အိမ်တော်က တပည့်ပဲ… ဟွာဂျီယူက ကလန်ကို ဝင်ကတည်းက ခေါင်းဆောင် ကိုယ်တိုင်က သူ့လက်အောက်မှာ သင်ယူဖို့ ခေါ်သွားခဲ့တယ်… ကျွန်မကတော့ ဒီလောက် ပါရမီ မပါဘူး…” နန်ရှောင်းရှောင်က ပြောသည်။ သူမက ရီဖူရှင်းအား တခြား နေရာတစ်ခုသို့ ဦးဆောင်ကာ ခေါ်လာသည်။
“ချူယောင်ယောင်ကရော…” ရီဖူရှင်းက မေးသည်။
“ချူယောင်ယောင်က ချိန်ယွီ အိမ်တော်မှာ လေ့ကျင့်တယ်… ခုနက သူမရဲ့ ညီမဖြစ်တဲ့ ချူလိရန်ပဲ… သူမက ဟန်ယွီအိမ်တော်မှာ လေ့ကျင့်တယ်…” နန်ရှောင်းရှောင်က ရှင်းပြသည်… “နောက်ပြီးတော့ ကလန် ခေါင်းဆောင်နေတဲ့ လစန္ဒာ မျှော်စင် ဆိုတာလည်း ရှိသေးတယ်…”
“နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ ထိပ်သီး အင်အားစုတိုင်းတွင် ကွဲပြား ခြားနားသော အုပ်စုများ ရှိနေတတ်ပြီး ရှုပ်ထွေးသော ပတ်သက်မှုများ ရှိပုံရပေသည်။ ဟွာဂျီယူနှင့် ချူယောင်ယောင်တို့က မတူ ခြားနားသော အုပ်စုများမှ ဖြစ်ကြသည်။
နန်ရှောင်းရှောင်က ရီဖူရှင်းအား ဆက်လက်၍ ခေါ်ဆောင် သွားသည်။ လမ်းတစ်လျှောက်တွင် လူအများက မေးခွန်းများက မေးကြရာ သူ့အား ရီဖူရှင်းမှန်း သိသွားကြလျှင် သူတို့လုပ်သည်ကား ပြုံးခြင်းပင်။ သူတို့အတွက် ဤကိစ္စကာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာဖြစ်သည်။
ကော့တေးမှ ရီဖူရှင်းက သူ၏ ချစ်သူထံ လာလည်ခြင်း ဖြစ်သည်။ ထိုအရာက ရိုးရှင်းသောကိစ္စ ဖြစ်ကာ မေးခွန်းထုတ်နေစရာ မလိုပေ။
ရှောက်ယွီ အိမ်တော်ထဲကို ဝင်လိုက်လျှင် ရီဖူရှင်းက များစွာသော မိန်းမလှများကို မြင်ရသည်။ ရီဖူရှင်း မည်သူဖြစ်သည်ကို သိကြလျှင် မိန်းကလေးများစွာက စိတ်ဝင်တစား လာကြည့်ကြသည်။ သူကား လတ်တလောတွင် လူအများ စိတ်ဝင်စားသောသူ တစ်ယောက် ဖြစ်ပေသည်။ သူက အမှန်ပင် သူ၏ ချစ်သူအား လာတွေ့သည်။
ထိုစဉ်မှာပင် ရီဖူရှင်းက ရပ်တန့်လိုက်ကာ သူ့မြင်ကွင်းထဲကို ရောက်လာသော မိန်းကလေး တစ်ယောက်အား ကြည့်လိုက်သည်။ သူက ပြုံးလျက် လှမ်းနှုတ်ဆက်သည်… “ကျွန်တော်တို့ ပြန်တွေ့ကြပြီ…”
ထိုမိန်းကလေးက ပြန်၍ ပြုံးပြသည်။ သူမကား ဟွာဂျီယူ၏ စီနီယာအစ်မ ဖြစ်ကာ ခေ့ကေးမြို့တွင် ရီဖူရှင်းနှင့် တွေ့ခဲ့သော မိန်းကလေးလည်း ဖြစ်သည်။ သူမ၏ အမည်က ယွန်ရို ဖြစ်သည်။
“အစ်မယွန်…” နန်ရှောင်းရှောင်က နှုတ်ဆက်သည်။
ယွန်ရိုက ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းအား ပြုံးလျက် မေးသည်… “ဂျီယူကို လာတွေ့တာလား…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ပြုံးလျက် ဖြေသည်။
“ငါမင်းကို ခေါ်သွားပေးမယ်…” သူမက ပြောသည်။
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်လျှင် သူတို့က တစ်နေရာသို့ လျှောက်သွားကြသည်။ သို့သော်လည်း လမ်းတစ်နေရာတွင် မိန်းကလေး တစ်အုပ်စုက ရှေ့မှ လျှောက်လာကြသည်။ မိန်းမလှတစ်စုက လျှောက်လာခြင်းက လွန်စွာ ကောင်းမွန်သော မြင်ကွင်း တစ်ခုပင်။
ရယ်သံများက သူ၏နားထဲတွင် ဂီတသံများ အလားပင်။ ရီဖူရှင်း၏ မျက်လုံးက ထိုအုပ်စု၏ အလယ်မှ မိန်းကလေး တစ်ယောက်ထံ ရောက်သွားသည်။ ဂျီယူက လစန္ဒာကလန်တွင် လေ့ကျင့်ပြီးနောက် ပိုမို၍ လှလာသည်။ ကြည့်ရသည်မှာ သူက လက်ဦးထားခြင်းက အလွန် မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
ဟွာဂျီယူ၏ မျက်လုံးများက ရီဖူရှင်းထံ ရောက်လာသည်။ သူမ၏ ကြည်လင်သော မျက်လုံးများက သတိရခြင်း လွမ်းဆွတ်ခြင်းများ ရောလျက် နေသည်။ သူမ၏ သွယ်လျသော လက်ချောင်းများက နဖူးပေါ်ကျလာသော ဆံနွယ်များအားသပ်ကာ ရီဖူရှင်းအား ရှက်သွေးများ ဖြာလျက် ကြည့်သည်။ အကြည့်တစ်ချက်မျှက ရီဖူရှင်း၏ အသက်ဝိညာဉ်များ ရပ်တန့် သွားနိုင်စေနိုင်ပေသည်။
ဤမြေခွေးမ ဘယ်လိုလုပ် ဤမျှ ဆွဲဆောင်အား ကောင်းရသနည်း။
***