အပိုင်း (၂၅၂)

ထွက်ခွာခြင်း

လစန္ဒာကလန်မှ အကြီးအကဲများလည်း တိတ်ဆိတ်သွားသည်။ ချူယောင်ယောင်နှင့် ဟွာဂျီယူတို့ နှစ်ယောက်ကား ကလန်၏ ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည်။ ချူယောင်ယောင်ကား လက်ရှိ ကလန်၏ သမီးတော်ဖြစ်ပြီး ဂျီယူကား နောင်တွင် ထိုနေရာကို စိန်ခေါ်နိုင်မည့် အလားအလာ ရှိသူဖြစ်သည်။
ဤကဲ့သို့သော သေးငယ်သော ကိစ္စဖြင့် ကတောက်ကဆ ဖြစ်ရခြင်းက မည်သူက မှားသည် မှန်သည်ကို ပြောရန် ခက်ခဲပေသည်။ သို့သော် အကြီးအကဲများက မည်သည့်ဘက်မှ ရပ်တည်ပါစေ နောက်တစ်ဖက်က စိတ်မကောင်း ဖြစ်ရပေမည်။
ချူယောင်ယောင်၏ ဘေးမှ ချင်လီက ဟွာဂျီယူအား ကြည့်လျက် ပြောသည်… “ယောင်ယောင်…. မင်းရဲ့ ညီမကို အလျှော့ပေးလို့ မရဘူးလား…. အကြီးအကဲတွေကို ခက်ခဲအောင် မလုပ်နဲ့လေ….”
သူက ထိုသို့ ပြောလိုက်သည်နှင့် လစန္ဒာကလန်မှ လူအများအပြားက သူ့အား ကြည့်လိုက်ကြသည်။ သူက ဟွာဂျီယူအတွက် ပြောပေးနေသည့်ပုံ ရှိသော်လည်း သူ့တွင် တခြား အဓိပ္ပာယ် ရှိနေသည်။ သူ့စကားအရ ဟွာဂျီယူက စည်းကမ်းအား မလိုက်နာဘဲ အကြီးအကဲများအား ခက်ခဲအောင် လုပ်နေသည်ဟု ဆိုလိုနေကာ ချူယောင်ယောင်အား နောက်ဆုတ် စေလိုသည်။
“ဆရာတူညီမလေး … မင်း ဘယ်လိုထင်လဲ….” အကြီးအကဲက သူမ၏ ဘေးမှ လှပသော မိန်းမ တစ်ယောက်အား မေးလိုက်သည်။ သူမကား ဟွာဂျီယူ၏ ဆရာဖြစ်သည်။
ဟွာဂျီယူ၏ ဆရာ အကြည့်က ဟွာဂျီယူထံ ရောက်လာသည်…. “ဂျီယူ…. မင်းရဲ့အစ်မ ပြောတာ မှန်တယ်…. အခု လောလောဆယ် ကတော့ မင်းက တန်ခိုးကျင့်တာ အကောင်းဆုံးပဲ…. ယောင်ယောင်က မင်းအတွက် တွေးပေးနေတာ…. ဒီတစ်ကြိမ် မင်း မသွားနဲ့တော့…..”
ဟွာဂျီယူက သူမ၏ ဆရာမအား ကြည့်လိုက်သည်။ သူမ၏ ဆရာမကား သူမအပေါ် အလွန်အမင်း ကောင်းရာ သူမ၏ သဘောထားကို မငြင်းဆန်တော့ပေ။ ဟွာဂျီယူက စိတ်ဓာတ် ကျသွားသော်လည်း ခေါင်းညိတ် လိုက်သည်။
ထို့နောက် အခြေအနေက ပြန်လည် ကောင်းမွန်သွားသည်။ ချူယောင်ယောင်က ပြုံးလျက် ပြောသည်…. “ငါက မင်းကို နေစေလိုတာက မင်းကို ကလန်မှာ ကောင်းကောင်း လေ့ကျင့် စေချင်လို့ပါပဲ… ဒါပေမဲ့ မင်းရဲ့ ခံစားချက်ကို ထည့်မတွက်မိဘူး… ငါ့အမှားကို ခွင့်လွှတ်မယ်လို့ ထင်ပါတယ်….”
“ဒါက အဆင်ပြေပါတယ်…” ဟွာဂျီယူက ခေါင်းယမ်းလျက် ပြောသည်။ ထို့နောက် သူမက သူမ၏ ဆရာတစ်ဖက်မှ မိန်းကလေး တစ်ယောက်ထံ လျှောက်သွားသည်… “စီနီယာအစ်မ….” ဟွာဂျီယူက ညင်သာစွာ ခေါ်လိုက်သည်။
“အင်း…” ထိုမိန်းကလေးက ခေါင်းညိတ်သည်။
“တကယ်လို့ ဖူရှင်းက ခေ့ကေးမြို့မှာ ကျွန်မကို လာရှာခဲ့ရင် ကျွန်မက ကလန်မှာ အဆင်ပြေနေပြီး အများကြီး တိုးတက်လာတယ်လို့ ပြောပေးပါ…. ဒီတစ်ကြိမ် မလာတာက တန်ခိုး ကျင့်နေတာမို့လို့ သူ့ကို စိတ်မပူဖို့ ပြောပေးပါ….”
စီနီယာအစ်မက ခေါင်းညိတ်လျက် ပြုံးကာ ပြောသည်…. “ကောင်းပြီ… တခြား ရှိသေးလား….”
ဟွာဂျီယူ၏ မျက်လုံးများက လင်းလက်သွားသည်။ သူမ၏ မျက်နှာကလည်း ရှက်ရွံ့သော ဟန်ပန် ဖြစ်ပေါ်လာသည်။ ထို့နောက် သူမက အသံနှိမ့်လျက် ပြောသည်…. “ပြီးတော့ တစ်စုံတစ်ယောက်က  သူ့ကို အမြဲတမ်း စောင့်နေတယ်လို့ ပြောပေးပါ… ဆိုးတာတွေ မလုပ်နဲ့လို့…”
စီနီယာအစ်မ၏ မျက်လုံးက ပြူးကျယ်သွားကာ ဟွာဂျီယူအား ကြည့်လိုက်သည်။ ထိုစကားလုံးများကား အဓိပ္ပာယ် ရှင်းလင်းခြင်း မရှိပေ။ ဟွာဂျီယူ၏ မျက်နှာက ရဲတွတ်လာသည်။ သူမကား လှပလွန်းရာ တခြား မိန်းကလေးများက ပင်လျှင် မနာလို ဖြစ်ရသည်။
“ညီမလေး… စိတ်မပူပါနဲ့… ငါက မင်းရဲ့ စကားတွေကို တစ်သဝေမတိမ်း ပြောပေးပါ့မယ်…”  စီနီယာ အစ်မက ရယ်မောလျက် ပြောသည်။
ဟွာဂျီယူက ရှက်ရွံ့စွာ ခေါင်းညိတ်လျက် ရေရွတ်သည်… “ကျွန်မက သွားပြီး လေ့ကျင့်တော့မယ်….” ထို့နောက် သူမ ထွက်ခွာ သွားသည်။
“ဒီကောင်မလေး….” ဟွာဂျီယူ၏ ဆရာမက ခေါင်းယမ်းသည်။
“ဆရာ … ကြည့်ရတာ  ညီမလေးက ချစ်သူကို အရမ်း တွေ့ချင်နေတဲ့ပုံပဲ … ဘာလို့ ညီမလေးကို ပေးမလွှတ်တာလဲ….” စီနီယာအစ်မက တိုးတိုးလေး ပြောသည်။
“လေ့ကျင့်ဖို့အတွက် တွန်းအားပေးဖို့ လိုတယ်….” ဟွာဂျီယူ၏ ဆရာမက ပြောသည်။ စီနီယာအစ်မက အတွေးများ ဝင်သွားသည်။ သူမက ချူယောင်ယောင်အား ကြည့်ကာ သူမ၏ ဆရာမက ဘာကို ဆိုလိုသည်ကို နားလည်လိုက်သည်။
သူမ၏ ဆရာတူညီမကား အလွန် ငြိမ်သက်သော အမူအကျင့်ရှိသည်။ တန်ခိုးကျင့်ရာတွင် ကြိုးစားသည်မှအပ တခြားကိစ္စများကို စိတ်ဝင်စားခြင်း မရှိပေ။ သူမကား မည်သည့်ဆန္ဒမှ မရှိသော ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးလေး တစ်ပါးနှင့် တူလှသည်။ သူမက သမီးတော် နေရာကိုပင်လျှင် စိတ်မဝင်စားပေ။ ထိုသို့သော အကျင့်စရိုက်က သဘောကျစရာ ကောင်းသော်လည်း တစ်ဖက်တွင်လည်း ကောင်းသည်ဟု မဆိုနိုင်ပေ။ တစ်ခါတစ်ရံ ယှဉ်ပြိုင်လိုစိတ် မရှိသည်က မကောင်းပေ။
ထို့အပြင် သူမက ယှဉ်ပြိုင်လိုစိတ် မရှိလျှင်ပင် တခြားလူများက ထိုသို့ တွေးမည် မဟုတ်ပေ။

***

အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများ ထိပ်တန်း အင်အားစုများနှင့် များစွာသော ခြေသလုံးအိမ်တိုင် တန်ခိုးရှင်များ ကလည်း ခေ့ကေးမြို့ကို သွားနေကြသည်။
အရှေ့မြေရိုင်း ဒေသတွင် ဤမျှ ကြီးမားသော အချိန်အခါမျိုးကား အလွန် ရှားပါးလှသည်။ ဒွန်ချင်ကျောင်းတော်၏ ဖွင့်ပွဲဖြစ်စေ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့၏ မျိုးဆက်များ၏ လက်ထပ်ပွဲဖြစ်စေ အလွန် အရေးကြီးသော ကိစ္စရပ်များ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ခေ့ကေးမြို့တွင် အရှေ့မြေရိုင်း ဒေသ၏ ယခင်မျိုးဆက်မှ ထိပ်သီးပါရမီရှင် နှစ်ယောက်၏ စိန်ခေါ်ပွဲရှိပေသည်။ မည်သူကမှ လက်လွတ် မခံနိုင်ပေ။
စာအုပ် တောင်ပေါ်တွင်ကား မည်သူက ခေ့ကေးမြို့ကို သွားရောက်မည်ကို ရွေးချယ် နေကြသည်။
ဒွန်ချင်ကျောင်းတော် ဖွင့်ပွဲနှင့် လုနန်ထျန်းက ဂူတုံးလျိုအား စိန်ခေါ်မှုက အမှန်တကယ် အားဖြင့် ကျောင်းတော်ကို ဦးတည်နေခြင်း ဖြစ်သည်။ တခြား အင်အားစုများက ဂရုမစိုက်သော်လည်း ကျောင်းတော်က တခြား အင်အားစုများထက် အလေးအနက် ထားရန် လိုပေသည်။
ဤတစ်ကြိမ်တွင်ကား ကျောင်းတော်မှ နိုဘယ်အဆင့်မှသည် လူငယ်များအထိ အတော်ဆုံးများကိုသာ ရွေးချယ်သည်။
ကော့တေး၏ တပည့်များ အားလုံးကလည်း စုစည်းနေကြသည်။ ကျောင်းတော်က သူတို့ကိုလည်း ခေ့ကေးမြို့ကို သွားရောက်တော့မည့် အကြောင်းကို လာရောက် အသိပေးထားသည်။ ဤတစ်ကြိမ်တွင် ကျောင်းတော်နှင့် ကော့တေးက အတူတူ သွားကြမည် ဖြစ်သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့အား ရင်ဆိုင်ရာတွင် သူတို့က တစ်စုတစ်စည်းတည်း ဖြစ်နေရန် လိုပေသည်။
ကျောင်းတော်က ရက်အတန်ကြာခန့် ကတည်းက သွားလိုသော်လည်း ကော့တေးက အလျင်လိုပုံ မရပေ။ ကျောင်းတော်က မည်သို့မှ မလုပ်နိုင်ပေ။ သူတို့က အဆင်သင့် ပြုလုပ်ကာ စောင့်နေရုံမျှသာ။
“ဘယ်သူတွေ သွားချင်ကြလဲ…” ဂူတုံးလျိုက လူတိုင်းကို မေးသည်။
“အစ်ကိုသုံး… နောက်ဆုံး တစ်ကြိမ်က စိတ်လှုပ်ရှားမှုက အခုထိ မပြီးသေးဘူး…. ဒီတစ်ကြိမ် ဒွန်ချင်ကျောင်းတော် ကိုလည်း ပညာပေးချင် သေးတယ်… ကျွန်တော်လည်း လိုက်မယ်…” ရွှီယီက ပြောသည်။
“အစ်ကိုသုံး… ညီလေးတွေကလည်း သွားချင်တယ်လို့ ကျွန်တော် မြင်တယ်… ကျွန်တော်တို့ အတူတူ သွားကြမလား…” လျိုဖန်းက မေးသည်။ ယိရှောင်ရှီက မျက်လုံးများ တောက်ပလျက် တစ်စုံတစ်ခုကို ပြောလိုသည်ကို သူခံစားရသည်။
ရီဖူရှင်းက သက်ပြင်းချသည်။ သူတို့အားလုံးက တောင်ထိပ်ပေါ်တွင် ပျင်းစရာ အနည်းငယ် ကောင်းသော်လည်း အမှန်တကယ် အားဖြင့် သူက မသွားချင်ပေ။ သူ၏ အစ်မများကား သိမ်မွေ့ ညင်သာကာ သူ့အား အလွန် ကောင်းကြသည်။ သို့သော် ဂျီယူက ခေ့ကေးမြို့ကို လာရောက်မည်ကို တွေးမိလျှင် သူကလည်း သွားရမည် ဖြစ်သည်။ ထို့အပြင် သူက အစ်ကိုသုံးနှင့် လုနန်ထျန်းတို့၏ တိုက်ပွဲကိုလည်း တွေ့မြင်လိုသည်။
“မင်းတို့ အားလုံးက တောင်ပေါ်မှာ မနေချင်ကြဘူးလား…” ကျူးကော့ဟွေက ပြုံးလျက် လူတိုင်းအား ပြောသည်။
ရွှီယီက ရင်ကော့လျက် လူကြီးလူကောင်း ဟန်ပန်ဖြင့် ပြောသည်…. “ဒွန်ဟွာကလန်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးတော့ ကျွန်တော်တို့ရဲ့ အစ်ကိုသုံးကို စိန်ခေါ်ရဲတယ်… သူဘယ်လို ရှုံးသွားတယ်ဆိုတာ ကျွန်တော့်ရဲ့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်ရမှ ဖြစ်မယ်…. တကယ်လို့ မမြင်လိုက်ရရင် ဒါက ဘဝမှာ နောင်တရစရာ ကိစ္စပဲ…..”
“ဟုတ်တယ်… ကျွန်တော်တို့က အစ်ကိုသုံးရဲ့ တိုက်ပွဲကို ဘယ်လိုလုပ် မသွားဘဲနေလို့ ရပါ့မလဲ…. ကျုပ်တို့က ဒီမှာ နေချင်ပေမဲ့ အစ်ကိုသုံးရဲ့ စွမ်းရည်တွေကို ပြသတာကို ကျွန်တော်တို့က တွေ့မြင်ချင်တယ်….” လျိုဖန်းက ဝင်ပြောသည်။
အရှက်မဲ့သည်။ ရီဖူရှင်းက တွေးလိုက်သည်။ သူတို့နှင့် မပူးပေါင်း လိုသော်လည်း ရီဖူရှင်းက ပြောလိုက်သည်… “အစ်ကိုလေးနဲ့ အစ်ကိုငါး ပြောတာ ဟုတ်တယ်… နောက်ဆုံး တစ်ကြိမ်က အစ်ကိုသုံးက အားကောင်းတဲ့ အရှိန်အဝါနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ မလုံလောက်သေးဘူး…. ဒီတစ်ကြိမ် ကျွန်တော်တို့က ခေ့ကေးမြို့ကို လိုက်ပြီးတော့ အစ်ကိုသုံးကို အားပေးရမယ်…”
ဂူတုံးလျိုက ခေါင်းညိတ်လျက် ပြောသည်…“ဒါ အဓိပ္ပာယ် ရှိတယ်…. ဒီလိုဆိုရင်လည်း အားလုံး အတူတူ သွားရအောင်….”
“ကျေးဇူးတင်ပါတယ် … အစ်ကိုသုံး…” လူတိုင်းက စိတ်လှုပ်ရှားစွာ ပြောသည်။ ယိရှောင်ရှီကား စိတ်လှုပ်ရှားလွန်း သဖြင့် ငိုကြွေးလုနီးပါးပင်။ နောက်ဆုံးတွင် သူကား တောင်ပေါ်မှ ဆင်းနိုင်တော့မည်။
“မင်းနဲ့ ရှင်းအာ သွားမှာလား…” ဂူတုံးလျိုက ကျူးကော့ဟွေအား မေးသည်။
“နင်တို့ သွားပျော်ကြ…. ရှင်းအာနဲ့ ငါက ကော့တေးမှာပဲ ကျန်ခဲ့မယ်….” ကျူးကော့ဟွေက ထိုသို့ပြောကာ နောက်လှည့်လျက် ထွက်သွားသည်။
ပေ့ထင်ရှင်းအာက ဂူတုံးလျိုအား ကြည့်ကာ ပြုံးလိုက်သည်… “အစ်ကိုသုံး… ကျွန်မကလည်း အစ်ကိုသုံးနဲ့ လုနန်ထျန်းတို့ တိုက်ပွဲကို ကြည့်ချင်တယ်… ဒါပေမဲ့ အစ်မနှစ်က မသွားဘူး ဆိုမှတော့ ကျွန်မကလည်း အစ်မနှစ်ကို အဖော်လုပ်ပေးဖို့ လိုတယ်…”
“ကောင်းပြီ…” ဂူတုံးလျိုက ခေါင်းညိတ်သည်။
ကျူးကော့ဟွေကား ရှင်းအာကို ငယ်စဉ် ကတည်းက ပြုစုစောင့်ရှောက် လာ၏။ သူမ၏ ဆရာကား အလွန်ပျင်းရိရာ မိန်းကလေးကား ကျူးကော့ဟွေ၏ လက်ထဲတွင် ကြီးုပြင်း လာရသည်။ ထို့ကြောင့် သူမတို့အကြား ဆက်ဆံရေးက အလွန် နီးစပ်သည်။ ကျူးကော့ဟွေက ဆရာတူ အစ်မ ဖြစ်သည့်တိုင် မိဘနှင့်လည်း မခြားပေ။
“သတင်းကောင်းကို စောင့်နေပါ့မယ်…” ပေ့ထင်ရှင်းအာက ပြုံးလျက် ပြောသည်။
ဂူတုံးလျိုက ခေါင်းညိတ်သည်။ ထို့နောက် သူက ယိရှောင်ရှီကို ပြောသည်… “ကျောင်းတော်ကို သွားပြောလိုက်…. ငါတို့ သွားကြတော့မယ်လို့…..”
“ဟုတ်ကဲ့….” ယိရှောင်ရှီက အဝေးကို ပြေးထွက် သွားသည်။
အတန်ကြာလျှင် လှေကားထစ် အနီးရှိ တောင်ကြားတွင် ကျောင်းတော်မှ တပည့်များနှင့် ပြည့်နှက်သွားသည်။ ကျောင်းတော်ကလည်း အဆင်သင့် ဖြစ်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်တွင် လူတစ်စု ထွက်ပေါ်လာသည်။ သူတို့ကား ကော့တေးမှ ဂူတုံးလျို၊ ရွှီယီ၊ လျိုဖန်း၊ ယိရှောင်ရှီ၊ ရီဖူရှင်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။
ကော့တေးတွင် လူရှစ်ယောက်ရှိပြီး ယခု ခြောက်ယောက် ထွက်လာသည်။ ဤတစ်ကြိမ်ကား ကော့တေးမှ တောင်အောက်ကို ဆင်းရာတွင် လူအများဆုံး ဖြစ်ဟန်ရသည်။
ကျောင်းတော်မှ အုပ်စုကလည်း အလွန် အားကောင်းသည်။ ဤတစ်ကြိမ်တွင် ကျောင်းတော်၏ တပည့် သုံးထောင်ခန့်မှ တစ်ရာခန့်က ခေ့ကေးမြို့ကို သွားမည်ဖြစ်သည်။ အကြီးအကဲများ အပြင် တန်ခိုးအဆင့် တစ်ခုစီချင်း၏ ပါရမီ အမြင့်ဆုံး လူများ ပါဝင်ကြသည်။
ရီဖူရှင်းက ထိုလူများကို သိပ်မသိသော်လည်း သူက ဓမ္မအဆင့်မှ လူတချို့ကို သိသည်။ ဥပမာ ရှောင်ဝူကျိ၊ စုမူဂီ၊ ထို့ပါယွန်၊ နန်းကုန်းကျာနှင့် ခွာရှမ်းတို့ ဖြစ်ကြသည်။
ကျောင်းတော်ကလည်း ကော့တေးမှ လူများကို အကဲခတ် လိုက်ကြသည်။ ဤတစ်ကြိမ် သူတို့၏ လူစာရင်းက အလွန် အားကောင်းလှသည်။ တောင်ကုန်း အကြီးအကဲများ ဖြစ်ကြသော ဇုန်းဇွီ၊ ကျူးချိန်တို့အပြင် နောက်ထပ် တန်ခိုးအဆင့် အလွန်မြင့်မားဟန် ရသော ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့လည်း ပါဝင်သည်။ ထို့အပြင် ကျောင်းအုပ်၏ ပထမတပည့် ဖြစ်သော ဘေလိရှာလည်း ပါသည်။ သူကား ကျောင်းတော်၏ အတော်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ တန်ခိုးအဆင့်ကား တောင်ကုန်း အကြီးအကဲများနှင့် အတူတူ ဖြစ်သည်။ သူ၏ အဆင့်အတန်း ကလည်း ကော့တေးမှ ဂူတုံးလျိုနှင့် အတူတူ ဖြစ်သည်။
ဤတစ်ကြိမ် ကျောင်းတော်က မည်မျှ အလေးအနက် ထားသည်ကို တွေ့နိုင်ပေသည်။
“ဂူတုံးလျိုနဲ့ ကော့တေးက တောင်ကုန်း အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်…” ဂူတုံးလျိုက ဇုန်းဇွီနှင့် ကျူးချိန်တို့ကို အရိုအသေ ပေးသည်။ သူက မာနကြီးသော်လည်း သူက ရိုင်းစိုင်းသည် မဟုတ်ပေ။
တောင်ကုန်း အကြီးအကဲကား သူ၏ ဆရာနှင့် အဆင့်အတန်းချင်း တူသည်။ လူငယ်မျိုးဆက်မှ တစ်ယောက် အနေဖြင့် သူက ယဉ်ကျေးစွာ ဆက်ဆံရန် လိုပေသည်။ သူ ဦးညွှတ်သည်ကို မြင်လျှင် တခြား တပည့်များကလည်း ဦးညွှတ်ကြသည်။
“ရတယ်… ဂူတုံးလျို…. မင်းက ယုံကြည်မှု ရှိလား….” ကျူးချိန်က ဂူတုံးလျိုအား ကြည့်ကာ မေးသည်။ ထိုတိုက်ပွဲကား ကျောင်းတော် အတွက် အလွန်အရေးပါသည်။
“ကျုပ်က လုနန်ထျန်းကို တစ်ခါမှ မတွေ့ဖူးဘူး….” ဂူတုံးလျိုက ပြန်ပြောသည်။
ကျူးချိန်က ခေါင်းညိတ်က ထပ်မမေးတော့ပေ။ ဂူတုံးလျိုက တစ်ဖက်လူအား တစ်ခါမှ မမြင်ဖူးရာ သူက ယုံကြည်မှု ရှိသည်ဟု မပြောနိုင်ပေ။ သူက တစ်ဖက်လူ၏ စွမ်းရည်များအား သိနားလည်ခြင်း မရှိသေးပေ။
“သွားစို့….” ကျူးချိန်က ပြောလျှင် သူတို့ အုပ်စုက စတင်၍ ထွက်ခွာကြသည်။
တောင်ခြေမှ လူများက ကောင်းကင်မှ တန်ခိုးရှင်များကို မြင်လျှင် အံ့အားသင့် သွားကြသည်။ ဤတစ်ကြိမ် ကျောင်းတော်၏ လူများကား အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset