အပိုင်း (၁၈၂)

ရှီအသိ

ကံစွမ်းအားကို ခိုးယူခြင်းက ရက်စက်သော အရာတစ်ခုဖြစ်သည်။ တစ်ယောက်၏ အသိကို သုံးလျက် နောက်တစ်ယောက်၏ အသိအား ချိုးဖျက်ခြင်းက ထိုလူ၏ တန်ခိုးအဆင့်ကို လျော့ကျစေသည်။

သို့သော် ယွန်ရှင်းမို၏ မုန်းတီးသော အကြည့်ကို လျစ်လျူရှုကာ ရီဖူရှင်းက ယူချင်းကို လုပ်စေခဲ့သည်။

လူတိုင်းက သူတို့၏ ဆုံးဖြတ်ချက်အတွက် ပေးဆပ်ရမည် ဖြစ်သည်။ အကယ်၍ ယွန်ရှင်းမိုက သူ၏ အစေခံလုပ်ရန် သဘောမတူခဲ့လျှင် ရီဖူရှင်းက အတင်းလုပ်ခိုင်းမည် မဟုတ်ပေ။ ထိုအရာက မိမိဆန္ဒအလျောက် ဖြစ်သည်။ နောက်ပိုင်းတွင် ယွန်ရှင်းမိုက သူမ၏ တာဝန်များကို ကျေပွန်ခဲ့သလို ရီဖူရှင်းကလည်း သူတတ်နိုင်သလောက် သူမအား ကူညီခဲ့၏။ ယွန်ရှင်းမိုက ကန်တောင်ကုန်းနှင့် နိုဘယ်လိုဏ်ဂူများတွင် ဉာဏ်အလင်းအားဖြင့် သော်လည်းကောင်း ကံစွမ်းအားဖြင့် သော်လည်းကောင်း အများအပြား ရရှိခဲ့သည်။

ယခု ချန်ယန်နှင့် ကျောက်ဟန်က ရီဖူရှင်း၏ ရန်သူများ ဖြစ်လာခဲ့သည်။ စကားတစ်ခွန်းမျှဖြင့် ယွန်ရှင်းမိုက သူတို့အား စွန့်ခွာသွားလိုနေသည်။ သူမက ပြန်သွားသောအခါ ဓားကလန်၏ တပည့် ပြန်ဖြစ်သွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူမက ရီဖူရှင်းတို့အား မည်သို့ လုပ်မည်နည်း။

အကယ်၍ ယွန်ရှင်းမိုကသာ အခြေအနေ တည်ငြိမ်သွားသော အချိန်တွင် ထွက်သွားပါက ရီဖူရှင်းက သူမ၏ ကံစွမ်းအားကို ယူထားလိုက်မည် မဟုတ်ပေ။ သို့သော် သူမက ယခုကဲ့သို့ အလွန် အန္တရာယ်ရှိသော အချိန်တွင် စွန့်ခွာသွားလိုသည်။ အထူးသဖြင့် ရီဝူချင်း၏ လက်တစ်ဖက် ဆုံးရှုံးရခြင်းက ရီဖူရှင်းအား ဒေါသထွက်စေသည်။

ယွန်ရှင်းမိုက သူမ၏ ကံစွမ်းအားကို ထားခဲ့ကာ ထွက်သွားသည်။ သူမက ပြန်၍ မတိုက်ခိုက်ပေ။

လီတောင်ယွန်ထံမှ ထွက်ပြေး လွတ်မြောက်နိုင်စွမ်း ရှိသော ရီဝူချင်း၏ စွမ်းရည်ကို သူမသိသည်။ သူ၏ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့်တိုင် သူမက ရီဝူချင်း၏ ပြိုင်ဘက်မဟုတ်ပေ။ နိုဘယ်ကံစွမ်းအားရှိသော ချန်ယန်တစ်ယောက်သာ ရီဝူချင်းကို ထိန်းနိုင်သည်။

ယွန်ရှင်းမို မသိခဲ့သည်ကား ရီဝူချင်းက ထွက်ပြေး လွတ်မြောက်ခဲ့သည်သာ မဟုတ် သူက လီတောင်ယွန်ကိုလည်း ဒဏ်ရာရစေခဲ့သည်ကိုပင်။

ရီဖူရှင်းက ရတနာစာအုပ်ကို ရယူရန် သိဒ္ဓိဝင်ပစ္စည်း၏ နိုဘယ်အသိကို သုံးခဲ့ခြင်း မဟုတ်ကြောင်းကိုလည်း သူမ မသိခဲ့ပေ။ သူက ကံစွမ်းအားကိုလည်း အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ပိုမိုအားကောင်းသော ဧကရာဇ်အသိကို သုံးခဲ့ခြင်းသာဖြစ်သည်။ ရီဝူချင်း တစ်ယောက်သာ ထိုလျှို့ဝှက်ချက်ကို သိ၏။ ရီဖူရှင်းက ယူချင်းအား တခြားလူများကို ခေါ်ဆောင်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းက သူ့လျှို့ဝှက်ချက်များကို တခြားလူများကို မမြင်တွေ့စေလိုပေ။ ဤသည်ကို ယူချင်း တစ်ယောက်သာ နားလည်သည်။

ယွန်ရှင်းမို ထွက်ခွာသွားပြီးနောက် ရီဖူရှင်းက တိတ်ဆိတ်စွာ တန်ခိုးကျင့်လျက် လို့လန်ရွှီ၏ သတင်းကို စောင့်ဆိုင်းနေသည်။

***

ရှေးဟောင်းလို့လန်နန်းတော်။

လို့လန်နန်းတော် အစစ်ကား ရှေးဟောင်းမြေရိုင်း ဒေသတွင် မဟုတ်ပေ။ ပြင်ပလောကတွင် ထို ခမ်းနားထည်ဝါလှသော နန်းတော်ကြီးကား ရိုးရှင်းကာ ရှင်းလင်းသည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်က ရေခဲအစီအရင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမက ရှေ့မှ တစ်စုံတစ်ခုကို စိုက်ကြည့်နေ၏။ ထိုနေရာမှ ကြောက်မက်ဖွယ် ကောင်းသော အေးစက်မှုများ ထွက်ပေါ်နေသည်။ ထိုအရာကား စာအုပ်နှစ်အုပ် ဖြစ်သည်။ ယခုကား သူတို့က တဖြည်းဖြည်း ပေါင်းစပ်နေသည်။

သူမက စာအုပ်ထဲတွင်သာ လုံးဝ အာရုံစိုက်ထားသည်။ စာအုပ်များမှ ထွက်ပေါ်လာသော အအေးဓာတ်များက သူမ၏ အရိုးထဲထိ စိမ့်ဝင်လာသည်ကို ခံစားနေရသည်။ ထိုအရာက ရှီအသိနှင့် ဆင်တူကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ နောက်ဆုံး စာအုပ်က တစ်အုပ်တည်း ဖြစ်သွား၏။

“ရှီတန်ခိုးရှင်…” ထိုအခိုက်တွင် သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ရှေးဟောင်းလို့လန်၏ ဘုရင်မတစ်ယောက် အနေဖြင့် ယခင်က ဤမျှ အလေးအနက် မထားဖူးပေ။

“ဟုတ်တယ်…” အသံတစ်သံက သူမ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်။ ထိုအသံကား စာအုပ်ထံမှ ဖြစ်သည်။

ဘုရင်မ၏ ရင်ဘတ် တုန်ခါသွားသည်။ ကောလာဟလများကား မှန်ကန်လှသည်။ လို့လန်ဘိုးဘေးများ၏ စာလိပ်က ရှီအသိ ရှိနေသည်။ စာလိပ်ကို ပိုင်ဆိုင်သူက လောကကို အောင်နိုင်မည်။

“မင်းက လို့လန်ဘုရင်မလား…” စိတ်အသိ၏ အသံက ပြောသည်။

“ရှီတန်ခိုးရှင်… ကျွန်မက လို့လန်ပထမ ဘုရင်မရဲ့ မျိုးဆက်ပါ…” ဘုရင်မက ပြောသည်။ လူအနည်းငယ်ကသာ ထိုအချက်ကို သိသည်။ အလွန်ပါရမီပါသော မိန်းကလေးတစ်ဦးက လို့လန်နိုင်ငံအား ပြန်လည် ထူထောင်ခဲ့သည်ဟုသာ လူအများ သိကြသည်။ အမှန်တွင်ကား သူမက လို့လန်ဘုရင်မ၏ မျိုးဆက်ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လို့လန်သမီးတော်များ အားလုံးမှာ ပထမဘုရင်မ၏ မျိုးဆက်များဟု ဆိုနိုင်ပေသည်။ သူတို့က လို့လန်သမီးတော် နေရာကို ဆက်ခံကြရပြီး မျိုးရိုးကို ထိန်းသိမ်းကြ၏။

စာအုပ်က အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် စာအုပ်က တစ်စုံတစ်ခု ပြောလျှင် ဘုရင်မက တိတ်ဆိတ်စွာ နားထောင်နေသည်။ အတန်ကြာလျှင် သူမက စာအုပ်ကို ပိတ်လိုက်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်… “လို့လန်ရွှီ…”

အပြင်ဘက်မှ မိန်းမလှတစ်ဦး လျှောက်လာသည်။ သူမတွင် ငွေရောင်ဆံပင်များနှင့် မျက်လုံးများ ရှိသည်။ ဦးညွှတ်လျက် သူမက နှုတ်ဆက်လိုက်သည် …“အရှင်မ…”

လို့လန်ရွှီ၏ ရှေ့မှ မိန်းမမှာ လို့လန်ဘုရင်မသာ မဟုတ် သူမ၏ အမေလည်း ဖြစ်သည်။

“သူ့ကို ဒီကို ခေါ်လာခဲ့…” ဘုရင်မက ပြောသည်… “ငါက သူ့ကို စာအုပ် ပေးဖတ်မယ်…”

“ဟုတ်ကဲ့…” လို့လန်ရွှီ ထွက်သွားသည်။

လို့လန်နန်းတော်ကား ရှေးဟောင်းမြေရိုင်းဒေသနှင့် တိုက်ရိုက် ဆက်သွယ်ထားသည်။ ရှေးဟောင်း မြေရိုင်းဒေသသို့ သွားသော ဝင်ပေါက်က လို့လန်နန်းတော်တွင် ဖြစ်ပြီး ထိုဝင်ပေါက်က ရှေးဟောင်းမြေရိုင်း ဒေသမှ လို့လန်နန်းတော်သို့ တစ်ခါတည်း ရောက်သည်။ ထို့ကြောင့် လို့လန်ရွှီက အချိန်သိပ်မကြာဘဲ ရီဖူရှင်း၏ အဆောင်သို့ ရောက်သွားသည်။

“ဘုရင်မက ရှင့်ကို တွေ့ချင်တယ်… သူမက ရှင့်ရဲ့တောင်းဆိုမှုကို လက်ခံလိုက်တယ်…” လို့လန်ရွှီက ပြောသည်။

ရီဖူရှင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဘုရင်မက သူ့အား တွေ့လိုသည်လား။ “ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ သူ့ဘေးမှ ယူချင်းကို ပြောသည်… “ငါသွားလိုက်မယ်… မင်းတို့ ဒီမှာ စောင့်နေကြ…”

ထို့နောက် သူက လို့လန်ရွှီနှင့် လိုက်သွားသည်။ ထက်ရှသော မျက်လုံးနှင့် လူငယ်အပြင် တခြားသော သက်တော်စောင့်များလည်း လို့လန်ရွှီ၏ ဘေးတွင်ရှိသည်။ ဘုရင်မက ရီဖူရှင်းအား တွေ့လိုသည်။ သူတို့ အနည်းငယ် အံ့အားသင့်သွားကြ၏။

ရီဖူရှင်းက လို့လန်ရွှီနှင့်အတူ အင်းကွက်တစ်ခုထဲကို ဝင်ရောက်လိုက်လျှင် မကြာမီ သူတို့က လွန်စွာ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး တစ်ခုရှေ့ကို ရောက်သွားသည်ကို မြင်ရသည်။ ဤနေရာကား တကယ့် လို့လန်နန်းတော် ဖြစ်ရပေမည်။ ရှေးဟောင်းလို့လန်ကား အလွန်အင်အား ကြီးလှသည်။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသသို့ ဝင်ပေါက်အား  လုံးဝ ထိန်းချုပ်ထားသည်။ ဤဒေသမှ မည်သူမဆို ရှေးဟောင်းမြေရိုင်းဒေသသို့ ဝင်ရောက်လိုပါက ရှေးဟောင်းလို့လန်၏ ခွင့်ပြုချက်ကို တောင်းရန် လိုအပ်ပေသည်။

တကယ့်လို့လန် နန်းတော်ကား ရှေးဟောင်းမြေရိုင်း ဒေသမှ လို့လန်နန်းတော်ထက် အဆမတန် ကြီးကျယ် ခမ်းနားကာ ထည်ဝါလှသည်။ ရီဖူရှင်းနှင့် လို့လန်ရွှီတို့က အလွန်ကြီးမားသော နန်းဆောင်ကြီး တစ်ခုသို့ ရောက်လာကြသည်။ သူက ဘယ်မှ ညာသို့ ကြည့်လိုက်လျှင် အစောင့်များ အများအပြားကို တွေ့ရ၏။ လှေကားထိပ်နားတွင် အလွန်လှပေသော မိန်းမတစ်ဦး ရပ်နေသည်။ သူမကား အလွန်သိမ်မွေ့ဟန် ရှိသော်လည်း ထည်ဝါသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။

“ဧကရီဘုရင်မ…” လူတိုင်းက ဦးညွှတ် နှုတ်ဆက်ကြသည်။ သူမ၏ မျက်လုံးက ရီဖူရှင်းထံ ရောက်လာသည်။ သူမက နန်းဆောင်ဘက်သို့ လှည့်ကာ လျှောက်သွားရင်း ပြောသည်…“လို့လန်ရွှီ… သူ့ကို ခေါ်ခဲ့…”

“ဟုတ်ကဲ့…” လို့လန်ရွှီက ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းကို ခေါ်၍ လှေကားထစ်များ အတိုင်း တက်ကာ နန်းတော်ထဲကို ခေါ်လာသည်။

နန်းဆောင်ကား ကျယ်ပြောကာ ရှင်းလင်းသော ခံစားချက်ကို ပေးသည်။ အလယ်တွင်ကား ရေခဲအစီအရင် တစ်ခုရှိပြီး ရတနာစာအုပ်က အစီအရင်ထဲတွင် ပေါလောပေါ်နေကာ အအေးလှိုင်းများက ထိုနေရာမှ ထုတ်လွှတ်နေသည်။

“မင်းက ဓမ္မအဆင့်တစ်ပဲ ရှိသေးပေမဲ့ ရတနာစာအုပ်ကို ရအောင် ယူနိုင်ခဲ့တယ်လို့ ငါသိရတယ်… ပြီးတော့ နိုဘယ်အသိတွေကိုလည်း မင်းက သတ်ခဲ့တယ်… မင်းက ဘယ်လို လုပ်ခဲ့တာလဲ…” ဧကရီဘုရင်မက မေးသည်။ သူမက အစီအရင်ရှေ့တွင် ရပ်လျက် ရီဖူရှင်းကို ကျောခိုင်းနေသည်။

“ဒါက ကံကောင်းမှုပါ… ကျုပ်က အသက် ဆုံးရှုံးတော့မလိုတောင် ဖြစ်တယ်….” ရီဖူရှင်းက ပြောသည်။

ရီဖူရှင်းက အမှန်ကို ပြောခြင်း မဟုတ်ကြောင်း ဘုရင်မက သိသည်။ သူမက ဆက်၍ မမေးတော့ဘဲ ရီဖူရှင်းကို ပြောသည်… “ဒီနေရာက ငါလေ့ကျင့်တဲ့ နေရာပဲ… မင်းက ဒီမှာ အချိန်တစ်ခုအထိ လေ့ကျင့်လို့ရတယ်…”

“ကျေးဇူးတင်ပါတယ်… ဧကရီဘုရင်မ…” ရီဖူရှင်းက ပြောသည်။

“မင်းက ဒါကို ထိုက်တန်တယ်…” သူမက အေးစက်စွာ ပြောကာ ထိုနေရာမှ လှည့်ထွက်သွားသည်။ သူမ၏ မျက်လုံးများကလည်း ငွေရောင်များ တောက်ပ ဝင်းလက်နေသည်။ သူမက ထွက်ခွာခါနီး ပြောသည်… “ငါတို့ သွားမယ်…”

ဘုရင်မက သူမကို ပြောခြင်း ဖြစ်ကြောင်း လို့လန်ရွှီ သိသည်။ သူမက ရီဖူရှင်းကို ကြည့်ကာ ဘုရင်မ၏ နောက်ကို လိုက်ပါသွားသည်။

“တကယ်လို့ ကျုပ်က ဒီမှာ ကြာနေခဲ့ရင် ကျုပ်သူငယ်ချင်းတွေကို အသိပေးပေးပါ…” ရီဖူရှင်းက ခပ်လှမ်းလှမ်းက ပြောလိုက်သည်။

“ကောင်းပြီ…” လို့လန်ရွှီက ပြန်ပြောသည်။

ဘုရင်မနှင့် လို့လန်ရွှီတို့ ထွက်သွားသည်။ ရီဖူရှင်းက ဘုရင်မ ထိုင်ကာ တန်ခိုးကျင့်သော အစီအရင်ထဲတွင် ဝင်ထိုင်လိုက်သည်။ ချက်ချင်းပင် အင်းကွက်က အသက်ဝင်လာကာ စွမ်းအားမြင့်သော ရေခဲဓာတ်သဘာဝက သူ့အား လှည့်ပတ်လာနေသည်။ အတွေးတစ်ခုမျှဖြင့် ထိုရေခဲဓာတ်များက သူ့ခန္ဓာကိုယ်သို့ ဝင်ရောက် လာကြတော့သည်။

သူ့နောက်တွင် ရေခဲဓမ္မပေါ်လာသည်။ ထိုအရာက အအေးဓာတ်အား စတင်၍ စုပ်ယူသည်။ အင်းကွက်က အလင်းများ လှည့်ပတ်လာကြကာ သူ၏ခန္ဓာကိုယ်အား အေးစက်သော မြူခိုးများ ဖုံးလွှမ်းသွားသည်။

လွတ်လပ်ခြင်း ကျင့်စဉ် အသက်ဝင်လာသည်။ ရီဖူရှင်းက လေထဲတွင် ပေါလော ပေါ်နေသော စာအုပ်ကို ကြည့်လိုက်သည်။ လစန္ဒာ၊ နှင်းတောင်နှင့် ရေခဲကမ္ဘာတို့၏ အနုပညာရသကား ယခင်အတိုင်းပင်။ သို့သော် နှင်းတောင်ထိပ်ပေါ်တွင်ကား တစ်စုံတစ်ယောက် ထိုင်နေသည်ကို မှုန်ဝါးဝါး တွေ့မြင်ရသည်။

ရီဖူရှင်း စိတ်လှုပ်ရှား သွားသည်။ ယခုကား စာအုပ်က ပြည့်စုံသွားပြီ ဖြစ်ကာ ရုပ်ပုံထဲတွင် သူယခင်က မမြင်ဖူးသော အရာများကို မြင်နေရသည်။

လွတ်လပ်ခြင်း ကျင့်စဉ်က ပိုမိုအားကောင်းလာလျှင် ရီဖူရှင်းက သူ့ကို ဆွဲငင်နေသော အားလှိုင်းတစ်ခုကို ခံစားရကာ သူ့စိတ်က နှင်းတောင်ပေါ်သို့ ရောက်ရှိသွားသည်။

နှင်းတောင်ပေါ်တွင် ရီဖူရှင်း၏ စိတ်အသိမှ ဖန်းဆင်းလိုက်သော ကိုယ်ပွားတစ်ခု ဖြစ်ပေါ်လာသည်။ အလွန်အေးစက်လှသော ခံစားချက်ကို ရီဖူရှင်း ရနေသည်။ ကောင်းကင်တွင်ကား လမင်းက ငွေရောင်အလင်းများ ဖြန့်ကြက်ထားပြီး တောင်ထိပ်ပေါ်တွင် လူတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေသည်။ ရီဖူရှင်းက ထိုနေရာသို့ လျှောက်သွားလိုက်သည်။

ထိုလူက ရီဖူရှင်း ရောက်လာသည်ကို သိဟန်တူက ဖြည်းညင်းစွာ လှည့်လိုက်သည်… “မင်းကတကယ်ပဲ ဒီနေရာကို ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး…”

“စီနီယာ… ဒီနေရာက စီနီယာရဲ့ စိတ်အသိနဲ့ ဖန်ဆင်း ထားတာလား…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးလိုက်၏။

“ဒီလိုပြောလို့ရတယ်… ကံမကောင်းတာက မင်းက လို့လန်မျိုးနွယ် မဟုတ်ဘူး… ဒီစာအုပ်က လို့လန်မျိုးနွယ်တွေ ဆီမှာပဲ ရှိနေရမယ်… မင်းက ဒီနေရာကို ရောက်လာမှတော့ လက်ဗလာနဲ့တော့ ပြန်မသွားစေရဘူး….” ထိုလူ၏ ခန္ဓာက လေထဲကို ဖြည်းဖြည်းချင်း မြောက်တက်သွားသည်။ သူ၏ မျက်လုံးများက အလွန်အမင်း ဖြူဖွေးသွားကာ များစွာသော ရှေးဟောင်း သင်္ကေတများက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်ကို ရီဖူရှင်း ခံစားရ၏။ သူက ထိုအရာများကို စုပ်ယူလိုက်ကာ အလွန်အမင်း အေးစက်သော စာလုံးများကို သူ့စိတ်နယ်ထဲတွင် သိမ်းဆည်း ထားလိုက်သည်။

“ဒါက မီးလျှံစာအုပ်နဲ့ အတူတူပဲ… အဲဒီစာအုပ်ကလည်း ရတနာစာအုပ်ပဲလား…” ရီဖူရှင်း၏ ရင်ဘတ်က စိတ်လှုပ်ရှားမှုများဖြင့် တုန်ခါနေသည်။

“ဒါက အရင်တုန်းကပါ… ဒါပေမဲ့ မီးလျှံနည်းစနစ်က သူ့ရဲ့အသက်ဓာတ်နဲ့ ရှီအသိ ပျောက်ဆုံးသွားပြီးပြီ…” ထိုလူက ပြောသည်။ အတန်ကြာလျှင် ရီဖူရှင်း၏ ကိုယ်ပွားက ရေခဲလူအဖြစ် ပြောင်းလဲသွားပြီး ပျက်စီးသွားသည်။

ပြင်ပလောကတွင် ရီဖူရှင်းကား အစီအရင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။ သူ့ကိုယ်တွင်ကား ရေခဲလွှာတစ်ချပ် ဖြစ်ပေါ်နေသည်။ သူလုံးဝ မလှုပ်ရှားပေ။

ရက်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသော်လည်း ရေခဲအစီအရင် ထဲတွင်ကား အပြောင်းအလဲ မရှိပေ။ လို့လန်ရွှီက အကြိမ်များစွာ ရောက်လာသော်လည်း ထိုအတိုင်းပင်။

ယနေ့တွင် သူမက ဘုရင်မနှင့်အတူ ရောက်လာသည်။ ဘုရင်မက အစီအရင်၏ အပြင်တွင် ထိုင်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမ အနည်းငယ် အံ့အားသင့် သွားသည်။

ရှီတန်ခိုးရှင်ကား မှန်ကန်သည်။ ရီဖူရှင်းက လို့လန်မျိုးနွယ်များထက် ရတနာစာအုပ်၏ လျှို့ဝှက်ချက်ကို တူးဖော်နိုင်သည်။ ကံမကောင်းစွာဖြင့် သူကား လို့လန်မှ မဟုတ်ပေ။

“ငါတို့ သွားရအောင်…” ဘုရင်မက အတန်ကြာလျှင် ထွက်ခွာသွားသည်။

ရက်အနည်းငယ်ကြာလျှင် ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ခုက အစီအရင်ထဲမှ ထွက်ပေါ်လသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်မှ အပူလှိုင်းများ ထွက်ပေါ်လာကာ ရေခဲများ တဖြည်းဖြည်း အရည်ပျော်သွားသည်။ ထို့နောက် ထိတ်လန့်ဖွယ် ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။

ရီဖူရှင်း၏ နောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ နေနှင့်လက သူ့ပေါ်တွင် ထွန်းလင်းနေသည်။ အအေးနှင့်အပူက ကြောက်မက်ဖွယ် ဝဲဂယက်တစ်ခုကို ဖြစ်စေသည်။

နေမင်း၏ အောက်ခြေတွင်ကား မီးလျှံဝဲဂယက်ကြီးတစ်ခု ဖြစ်နေပြီး လ၏ အောက်ခြေတွင်ကား ရေခဲချွန်များ ထူထပ်စွာ ဖြစ်ပေါ်နေသည်။

ယခုကား ရီဖူရှင်းက နောက်ထပ် ဓမ္မတစ်ခု ဖန်တီးခဲ့သည်။ ထိုအရာက ရေခဲအစီအရင်၏ အနုပညာရသကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းပင်။ ထိုအရာက သူယခင်က ဖန်တီးခဲ့သော နေဓမ္မထက် ပိုမို အားကောင်းသည်။

“နေ၊ လ၊ ရေ၊ မီး ” ရီဖူရှင်း ရေရွတ်လိုက်သည်။

လို့လန်၏ ရှီတန်ခိုးရှင်ကား ရေခဲဓာတ် တစ်ခုတည်းကိုသာ ကျင့်ကြံသည်မဟုတ် မီးဓာတ်ကိုလည်း ကျင့်ကြံသည်။ သို့သော်လည်း မီးလျှံစာအုပ်၏ ရှီအသိက နောက်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ကာ မီးလျှံနည်းစနစ်မှာလည်း ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် လို့လန်မျိုးဆက်များက မီးဓာတ်ကို ကျင့်ကြံခြင်း မရှိကြတော့ဘဲ တဖြည်းဖြည်း ပျောက်ဆုံးသွားကာ ရေခဲဓာတ် တစ်ခုတည်းကိုသာ လေ့ကျင့်ကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset