အပိုင်း (၁၇၉)

အန္တရာယ်

ရေခဲဓာတ်စွမ်းအားက ရှေးဟောင်းနယ်မြေ တစ်ခုလုံး ပျံ့နှံ့သွားသည်။ စစ်သည်များ အားလုံးလည်း ရေခဲရုပ်တုများ ဖြစ်သွားကြ၏။ ထို့နောက် ထိုရုပ်တုများက အက်ကွဲလာကြကာ ပျက်စီးသွားကြ၏။ ထိုမျှသာမက တခြား အဆောက်အဦများလည်း စတင် ပြိုလဲလာကြသည်။ သဒ္ဓိဝင်ပစ္စည်းများမှ နိုဘယ်စိတ် အသိများကလည်း သူတို့က မကြာမီ ပျောက်ကွယ် သွားတော့မည်ဟု ခံစားကြရသည်။ ကြည့်ရသည်မှာ လို့လန်ရှေးဟောင်း နယ်မြေတစ်ခုလုံး ပျက်စီးတော့မည် ဖြစ်သည်။

အစီအရင်ကလည်း စတင် ယိုယွင်းလာသည်။ ရီဖူရှင်းနှင့် ရီဝူချင်းတို့၏ မျက်လုံးရှေ့တွင်ပင် အဆောက်အဦများ ပျက်စီးလာကြတော့သည်။ ရတနာစာအုပ် တစ်ဝက်က လေထဲတွင် ပေါလောပေါ်နေပြီး သူ၏ အင်အားကောင်းသော စိတ်အင်အားက ရီဖူရှင်းထံသို့ တိုးဝင်သွားပြီး ရီဖူရှင်း၏ ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် အေးစက်သွားစေသည်။

“ကျုပ်လည်း ပျောက်ကွယ် သွားတော့မယ်…” ကု့ချင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်… “ကျုပ်ရဲ့ စိတ်အင်အားကို မင်းအတွက် ထားခဲ့မယ်…” ထို့နောက် စိတ်အင်အားက ကု့ချင်းထံမှ ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ တိုးဝင် ပျောက်ကွယ်သွားသည်။ သူကား ရီဖူရှင်း တီးခတ်ခဲ့သော ပျက်စီးခြင်း ကမ္ဘာကို နားဆင်ကာ တခြားလူမျာကဲ့သို့ ထိတ်လန့်ခဲ့သည်။ ရီဖူရှင်းပြောသလိုပင် သူ၏ စိတ်အသိကား ဧကရာဇ်အသိ ဖြစ်နိုင်ပေသည်။

စိတ်အင်အားနှစ်ခုက ရီဖူရှင်း၏ ခန္ဓာထဲကို ဝင်ရောက်သွားသည်။ ရုတ်တရက် ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်လျှင် နန်းဆောင်တစ်ခုလုံး စတင်ပြိုလဲ လာသည်ကို သတိထားမိသည်။ သူက ရီဝူချင်းကို ပြောသည်… “ဒီက မြန်မြန် ထွက်ရအောင်…”

လေတစ်ချက် ဝှေ့ယမ်းသွားပြီး ရတနာစာအုပ်က ရီဖူရှင်းထံ ရောက်သွားသည်။ သူက စာအုပ်ကိုယူလိုက်ပြီး သိမ်းငှက်နက်အား သူ့ထံ ချက်ချင်း ရောက်လာရန် အမိန့်ပေးလိုက်သည်။

“ဝူချင်း… မင်းငါ့ကို ကူဦး…” ရီဖူရှင်းက ပြောသည်။

ရီဝူချင်းက ဖူရှင်းကို သိမ်းငှက်နက်ပေါ်သို့ တွဲခေါ်လိုက်သည်။ ရီဝူချင်းက မေးသည်… “မင်းရဲ့ စွမ်းအားတွေကို အသုံးလွန် သွားတာလား…” ရီဝူချင်းက မေးသည်။ သူက ရီဖူရှင်းနှင့် နိုဘယ်များ၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သူ၏ စိတ်အသိကား ကြောက်မက်ဖွယ် ကောင်းလှသည်။ ကြည့်ရသည်မှာ ထိုစွမ်းအင်ကို အတင်းအကြပ်သုံးမိ၍ ရီဖူရှင်း၏ အားများ ကုန်ခန်းသွားဟန်တူသည်။

“လောကမှာ အလကားရတာ ဘာမှ မရှိဘူး… သွားစို့…” ရီဖူရှင်း ပြောသည်။ ယွန်ရှင်းမို၊ ယူချင်းနှင့် တခြားလူများ ရောက်ရှိလာသောအခါ ရီဖူရှင်းတို့ကို မြင်လျှင် ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက အမှန်တကယ်ပင် အောင်မြင်ခဲ့သည်။ သူက နိုဘယ်မျာကို သတ်ပြီး ဤနေရာကိုပင်လျှင် ဖျက်ဆီးခဲ့သည်။ ယခုကား လို့လန်ရှေးဟောင်း နယ်မြေမှာ ပျက်စီးတော့မည် ဖြစ်သည်။

သူတို့က နန်းဆောင်ထဲတွင် ရှိနေစဉ် အအေးဓာတ်အားလှိုင်း တစ်ခု ပျံ့နှံ့လာသည်ကို သိလိုက်ကြသည်။ ထို့ကြောင့် ရီဖူရှင်း ရရှိခဲ့သော ပစ္စည်းမှာ အလွန်ထူးခြားသော အရာဖြစ်ကြောင်းနှင့် ထို့ကြောင့်သာ ရှေးဟောင်းနယ်မြေက ပျက်စီးရကြောင်း သိကြသည်။

သိမ်းငှက်နက်က မြေပြင်ပေါ်မှ မြင့်တက်သွားကာ လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်။

ဤနေရာတွင် သူတို့ ဆက်နေ၍ မရပေ။ အထူးသဖြင့် ရီဖူရှင်း၏ အားအင်များ ကုန်ခန်းနေသော အချိန်ဖြစ်ရာ ပို၍ အန္တရာယ်များသည်။ နိုဘယ်များနှင့် တိုက်ပွဲက သူ၏ စွမ်းအင်များ အားလုံးကို ကုန်ခန်းသွားစေသည်။ မဟုတ်လျှင်လည်း ထိုနိုဘယ်များကို ယှဉ်နိုင်ရန် မလွယ်ကူပေ။ သို့သော် မကြာခင်မှာပင် လူလေးယောက်က ကွဲပြားသော အရပ်မျက်နှာများမှ လျင်မြန်စွာ ပျံသန်းလာကြသည်။ သူတို့ကား မြေရိုင်းမြို့မှ တန်ခိုးရှင် လေးယောက်ပင်။

နိုဘယ်များကြောင့် သူတို့ ထွက်ပြေးရသောအခါ ဤနေရာတွင် သူတို့က မည်သည့် အကျိုးကျေးဇူးမှ မရနိုင်တော့ဟု ထင်ကာ ထွက်သွားကြပြီး ဖြစ်သည်။ သို့သော် အတော်ဝေးဝေး ရောက်သွားပြီးမှ အလွန်အေးစက်သော အငွေ့အသက်များကို ခံစားမိရာ တစ်ခုခု ထူးခြားမှု ရှိနေသည်ကို သတိထားမိကြပြီး လျင်မြန်စွာ ပြန်လာကြခြင်း ဖြစ်သည်။

လက်ရှိတွင် တန်ခိုးရှင်များ၏ အကြည့်များ အားလုံးက ရီဖူရှင်းထံ ရောက်လာသည်။ သူတို့အားလုံး ထိတ်လန့်နေကြ၏။ ထိုနိုဘယ်များကို ရီဖူရှင်းတို့က အမှန်တကယ် တားဆီးနိုင်မည်ဟု မထင်မှတ်ခဲ့ကြပေ။ ယခုကား နိုဘယ်များသာ ပျက်စီးသည်မဟုတ် ရှေးဟောင်းနယ်မြေ တစ်ခုလုံးပင် ပျက်စီးတော့မည် ဖြစ်သည်။ ရီဖူရှင်းတို့က မည်သို့ လုပ်ခဲ့သည်ကို သူတို့ နားလည်ခြင်း မရှိပေ။ ထိုအရာက မလွယ်ကူသည်ကိုတော့ သူတို့ သိသည်။

“မင်းတို့က ဘယ်လို လုပ်လိုက်တာလဲ…” မြေရိုင်းမြို့မှ လူတစ်ယောက်က မေးလိုက်သည်။ ထိုအဆင့်နိမ့် တန်ခိုးရှင်များက နိုဘယ်တန်ခိုးရှင်များကို မည်သို့ အနိုင်ယူခဲ့သနည်း။

မြေရိုင်းမြို့မှ တန်ခိုးရှင်များက နိုဘယ်များ၏ စွမ်းရည်များကို သိရှိသည်။ သူတို့ကား အလွန် ထက်မြက်သည်။ အထူးဖြင့် နန်းတော်ထဲမှ တစ်ယောက်ဖြစ်သည်။ ရီဖူရှင်းတို့အဖွဲ့က သူ့အား အနိုင်ရရန် မဖြစ်နိုင်ပေ။

မည်သူမှ သူ၏ မေးခွန်းကို မဖြေပေ။

မြေရိုင်းမြို့မှ တန်ခိုးရှင်များက သူတို့၏ မေးခွန်းအား မည်သူမှ မဖြေသည်ကို ဂရုမစိုက်ပေ။ “မင်းတို့ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာက အရေးမကြီးဘူး… အခု မင်းတို့ ရခဲ့တဲ့ ရတနာတွေကို ထုတ်ပေး…” ယခု ရီဖူရှင်းတို့က ရှေးဟောင်းနယ်မြေမှ နိုဘယ်များကို ရှင်းပစ်ပြီးပြီ ဆိုမှတော့ မြေရိုင်းမြို့မှ တန်ခိုးရှင် လေးယောက်မှာ အားအကောင်းဆုံးဟု ဆိုရပေတော့မည် ဖြစ်သည်။

တခြား အရပ်တစ်ခုမှ သမီးတော် လို့လန်ရွှီနှင့် တခြားလူများ ပြေးလာကြသည်။ မြေရိုင်းမြို့မှ လူများက သူတို့ကိုမြင်လျှင် အံ့အားသင့်သွား ကြသော်လည်း သိပ် အလေးမထားပေ။ သူမက လို့လန်သမီးတော်မျှသာ ဖြစ်သည်။ သူမကား လို့လန်မြို့ အနီးတစ်ဝိုက်တွင် အလွန်စွမ်းသောသူ ဖြစ်နိုင်သော်လည်း မြေရိုင်းမြို့မှ လူများအတွက်မူ သာမန်မိန်းမလှတစ်ဦးထက် မပိုပေ။

လို့လန်ရွှီ၏ နောက်ကို တခြား စွမ်းအားမြင့် တန်ခိုးရှင်များလည်း ရောက်ရှိလာကြသည်။ ရှေးဟောင်းနယ်မြေ ပျက်စီးခြင်း၏ အကြောင်းမှာ ရတနာတစ်ခု ပေါ်ပေါက်ခြင်းကြောင့်ဟု သူတို့ ခန့်မှန်းမိသည်။

ထို့အပြင် သဒ္ဓိဝင်ပစ္စည်းများ၏ စိတ်အသိများမှာလည်း ရှေးဟောင်းနယ်မြေ ပျက်စီးမှုနှင့်အတူ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ထို့ကြောင့် သဒ္ဓိဝင်ပစ္စည်းများကို ပိုင်ဆိုင်သူများ အနေဖြင့် ထိုပစ္စည်းများ၏ စွမ်းအားများကို အသက်သွင်းရန် အလွန်ခက်ခဲ သွားပေတော့မည်။ ထို့ကြောင့် ယခု သူတို့က ရီဖူရှင်းအား တိုက်ခိုက်ရန် အခွင့်အရေးရပြီဟု ဆိုနိုင်ပေသည်။

တချို့လူတွေကမူ ရီဖူရှင်းတို့ထံ လာရောက်ခြင်း မရှိပေ။ ထိုအစား သူတို့က စစ်သည်တောင်ကုန်းကို အလျင်အမြန် ပြေးကြသည်။ သူတို့ကား ချန်ယန်တို့ အုပ်စုဖြစ်၏။ ရီဖူရှင်းတို့အနီးတွင် မြေရိုင်းဒေသမှ လူများရှိရာ သူတို့အတွက် ထိုရတနာကို ရရှိရင် အခွင့်အရေး မရှိသည်ကို ချန်ယန်သိသည်။ ထို့ကြောင့် စစ်သည်တော်ကုန်းမှ သဒ္ဓိဝင်ပစ္စည်းများကို ရယူရန် ပြေးသွားကြခြင်းပင်။

ယခု ရီဖူရှင်းကား အလွန်အားနည်းသော အခြေအနေကို ရောက်နေသည်။ သူက ပတ်ဝန်းကျင်မှ အားကောင်းသော တန်ခိုးရှင်များ အားလုံးကို မြင်သည်။ သူ့တွင် တိုက်ခိုက်ရန် မည်သည့်စွမ်းရည်မှ မရှိသောအချိန်တွင် ယူချင်းနှင့် ရီဝူချင်းတို့၏ တန်ခိုးအဆင့်မှာလည်း နိမ့်လွန်းလှသည်။ သူတို့က ထိုလူများ၏ တိုက်ခိုက်မှုများကို ခုခံနိုင်မည်မဟုတ်ပေ။

“အဲဒါကို ထုတ်ပေး…” အသံတစ်သံ ထွက်လာသည်။ ထိုလူကား လို့လန်ရွှီ၏ ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်ဖြစ်သည်။

အကယ်၍ ရတနာစာအုပ်က အမှန်တကယ် ထွက်ပေါ်လာခဲ့လျှင် ရှေးဟောင်းလို့လန်မှ ရရှိမှ ဖြစ်ပေမည်။ ထိုစာအုပ်ကား ဧကရီဘုရင်မ လိုချင်သော စာအုပ်ဖြစ်သည်။

အတိတ်တွင် ဧကရီဘုရင်မက ရတနာစာအုပ် တစ်ဝက်၏ စွမ်းရည်ဖြင့် ရှေးဟောင်းလို့လန်ကို ပြန်လည် ထူထောင်ခဲ့သည်။ သူမက စာအုပ်အပြည့်အစုံကို လိုချင်ခဲ့သည်။ စာအုပ်အပြည့်အစုံကို ရရှိခဲ့လျှင် သူမအား နိုဘယ်အဆင့်ထက် မြင့်သော အဆင့်တစ်ခုသို့ ရောက်ရှိရန် အခွင့်အရေးရှိသည်ဟု လူအများက ခန့်မှန်းကြသည်။ အကယ်၍ ထိုအချက်သာ မှန်ကန်ခဲ့လျှင် ရှေးဟောင်းလို့လန်က အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကိုပင်လျှင် ထိန်းချုပ်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်ကာ ထိုလူငယ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လို့လန်ရွှီဘက်သို့ လှည့်ကာ ပြောသည်… “ကျုပ်ရဲ့ ကတိကို တည်မယ်… မင်းရဲ့ ကတိကရော…”

သူက လို့လန်ရွှီနှင့် စာအုပ်ကို လဲလှယ်ရန် ကတိကဝတ် ထားခဲ့သည်။ ရတနာစာအုပ် ပေါ်လာသော အချိန်တွင် စာအုပ်ကြောင့် သူ့တွင် သက်စောင့်ဝိညာဉ်တစ်ခု ဖြစ်ပေါ်ခဲ့သလို သူ၏ စိတ်အင်အားကိုလည်း ဆက်ခံရရှိခဲ့သည်။ ထို့ကြောင့် စာအုပ်ကို လဲလှယ်ရသည့်တိုင် သူ့အတွက် တန်သည်ဟု ဆိုနိုင်ပေသည်။ အထူးသဖြင့် ဤအခြေအနေတွင် ရီဖူရှင်းအတွက် ရွေးစရာ မရှိပေ။

သူက စာအုပ်ကို အရင်ဆုံး ပေးမည်တော့ မဟုတ်ပေ။ သူက ပေးလိုက်သည်နှင့် တစ်ဖက်လူက အသာစီးရသွားမည် ဖြစ်သည်။

လို့လန်ရွှီက ရီဖူရှင်းအား ကြည့်ကာ အမိန့်ပေးသည်… “သူတို့ကို ကာကွယ်…”

“နားလည်ပါပြီ…” သူမ၏ လူများက ရှေ့ကို တိုးလာကြသည်။ လို့လန်ရွှီ၏ဘေးမှ လူငယ်နှင့် တခြားလူများက ရီဖူရှင်းတို့၏ ဘေးကို ရောက်လာကာ အသင့်ပြင်လိုက်ကြသည်။ လို့လန်ရွှီက ပြောသည်… “ရှေးဟောင်းလို့လန်က ရှင်တို့ ရယူထားတဲ့ သဒ္ဓိဝင်ပစ္စည်းတွေကို ရှင်တို့ကို ယူခွင့်ပေးထားတယ်… အခု ရှင်တို့ သွားလို့ရပြီ….”

“ကျုပ်တို့ကို တားနိုင်မယ်လို့  မင်းထင်လား…” တန်ခိုးရှင်တစ်ယောက်က ပြောသည်။ သူတို့အားလုံးတွင် သဒ္ဓိဝင်ပစ္စည်းကိုယ်စီ ကိုင်ထားကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်မှ နိုဘယ်ကံစွမ်းအားများ ဖြာထွက်လာကြ၏။

“မင်းတို့ လွန်လာပြီ…” ထက်ရှသော မျက်လုံးနှင့် လူငယ်က ပြောသည်… “ဒါက ရှေးဟောင်းလို့လန်ရဲ့ နန်းတော်ပဲ…”

“ဒါဆို ဘာဖြစ်လဲ…” မိုးကြိုးသွားကို ကိုင်ထားသော တန်ခိုးရှင်က ပြောသည်။ သူက လျှပ်စီးများ ခန္ဓာကိုယ်တွင် လှည့်ပတ်လျက် ရှေ့ကို တိုးလာသည်။ မိုးကြိုးသွားက ပတ်ဝန်းကျင်မှ လျှပ်စီးဓာတ်များ အားလုံးကို စုစည်းနေလျှင် သူကား မိုးကြိုးနတ်ဘုရားနှင့် ဆင်တူနေသည်။

“ပူးပေါင်းတိုက်ကွက်ဆင်စမ်း…” ထက်ရှသော မျက်လုံးနှင့်လူငယ်က ပြောသည်။ ချက်ချင်းပင် သူ၏နောက်မှ ဓမ္မတန်ခိုးရှင်များ တက်လာကြသည်။ သူတို့အားလုံးတွင် သဒ္ဓိဝင်ပစ္စည်းများ ရှိကြသော်လည်း အားလုံးမှာ နိုဘယ်အဆင့် မဟုတ်ပေ။ သို့သော် သူတို့အားလုံးထံမှ အားကောင်းသော သတ္တုဓာတ်စွမ်းအားလှိုင်းများကို ခံစားကြရသည်။ ကြည့်ရသည်မှာ ထိုလူများအားလုံးက သတ္တုဓာတ်အထူးပြု တန်ခိုးရှင်များ ဖြစ်ဟန်တူသည်။

သူတို့က ဝင်္ကပါပုံစံ နေရာယူထားကြကာ အလွန်လင်းလက်သော သတ္တဓာတ် အလင်းတန်းတစ်ခုက ဦးတည်ရာ အရပ်တစ်ခုတည်းကို သွားနေသည်။ အလင်းတန်းက ထိုနေရာတွင် စုစည်းလာနေကာ ရွှေရောင်အင်းကွက်တစ်ခု ဖြစ်ပေါ်လာသည်။

မိုးကြိုးသွားကိုင်ထားသော တန်ခိုးရှင်က ရှေ့ကို နီးကပ်စွာ တိုးလာနေသည်။ သူ၏ နောက်ကျောတွင် ဓမ္မတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား အလွန်ကြီးမားသော မိုးကြိုးနတ်ဘုရားအလား ပုံသဏ္ဌာန်တစ်ခုဖြစ်သည်။

ထိတ်လန့်ဖွယ် အားကောင်းသော လျှပ်စီးလှိုင်းများက ကြောက်မက်ဖွယ်ကောင်းစွာ ရှေ့ကို တိုးဝင်လာနေသည်။

ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များက အော်ဟစ်လိုက်ကြလျှင် သူတို့ ချထားသော အင်းကွက်အား စွမ်းအင်များပိုမို စီးဆင်းစေကာ အလင်းရောင်များ ပိုမို တောက်ပလာသည်။ ရွှေရောင် တံတိုင်းတစ်ခုက သူတို့၏ရှေ့မှ ဖြစ်ပေါ်လာကာ မိုးကြိုးစွမ်းအားနှင့် လူငယ်အား တားဆီးလိုက်သည်။ ဓမ္မအဆင့်အမြင့်ဆုံး တန်ခိုးရှင်များက စုပေါင်း၍ ဖန်တီးထားသော အင်းကွက်က မည်မျှ စွမ်းအားမြင့်မည်ကို ခန့်မှန်းနိုင်သည်။ သူတို့က လို့လန်ရှေးဟောင်း နယ်မြေကို ကာကွယ်ရန် ရှေးဟောင်းလို့လန်က အထူးတလည် လေ့ကျင့်ပေးထားသော လူငယ်များ ဖြစ်ကြသည်။

မြေရိုင်းမြို့မှ တခြား လူငယ်နှစ်ယောက်လည်း စတင် လှုပ်ရှားလိုက်ကြသည်။ သူတို့ ထုတ်လွှတ်လိုက်သော အားလှိုင်းများအား ကြောက်မက်ဖွယ် ကောင်းလှသည်။ လို့လန်ရွှီ၏ဘေးမှ လူငယ်ကလည်း သူ့နောက်မှ လူနှစ်ယောက်နှင့်အတူ ရှေ့ကို တိုးလာသည်။ သူတို့ သုံးယောက်တွင်လည်း နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းရှိပြီး မြေရိုင်းမြို့မှ တစ်ယောက်ကို တားဆီးလိုက်ကြသည်။

လို့လန်ရွှီ၏ လက်တွင် ရေခဲနှင်တံတစ်ခု ရှိသည်။ သူမ၏ ငွေရောင် ဆံနွယ်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူမ၏ခန္ဓာကိုယ်မှ အလွန်အေးစက်သော ရေခဲဓာတ်များ ဖြာထွက်လာကာ ပတ်ဝန်းကျင်ကို အေးစိမ့်သွားစေသည်။ သူမကလည်း မြေရိုင်းမြို့မှ လူငယ်တစ်ယောက်ကို ရင်ဆိုင်လိုက်၏။

သို့တိုင်အောင် နောက်ထပ် မြေရိုင်းမြို့မှ လူငယ်တစ်ယောက် ကျန်နေသေးသည်။ သူကား ဓားသမား တစ်ယောက်ဖြစ်သည်။ သူ၏ မျက်လုံးများက အေးစက်နေသည့်တိုင် သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။ လျှပ်တစ်ပြက်ပင် သူက ရှေ့ကို ဓားတစ်လက် ပစ်လွင့်သွားသည့်အလား ရီဖူရှင်းထံသို့ လျင်မြန်စွာ ခုန်လွားသွားသည်။

လို့လန်ရွှီ မျက်မှောင်ကြုတ်လိုက်သည်။ မြေရိုင်းဒေသမှ လူငယ်လေးယောက်မှာ အလွန်အားကောင်းသည်။ တစ်ယောက်စီကို ရှေးဟောင်းလို့လန်မှ လူအများအပြားက တားဆီးရန် လိုသည်။ သူတို့အားလုံးပေါင်းမှ သုံးယောက်တည်းကိုသာ တားဆီးနိုင်စွမ်းရှိနေသည်။

“နန်းတော်က တခြားလူတွေလည်း လာနေတယ်… နောက်ထပ်နည်းနည်းပဲ တောင့်ခံထားဖို့လိုတယ်…” လို့လန်ရွှီက ပြောသည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်။ မှော်စာလိပ်များ သူ့လက်တွင် ပေါ်လာကာ သူက ရှေ့ကို ပစ်သွင်းလိုက်သည်။ မှော်စာလိပ်က သူ့ထံပြေးဝင်လာသော တန်ခိုးရှင်ထံသို့ အားကောင်းသော မှော်တိုက်ကွက်များ ဖြစ်ပေါ်စေလျက် တိုးဝင်သွားသည်။ မြေရိုင်းဒေသ တန်ခိုးရှင်က ပြုံးလိုက်သည်။ ထိုမှော်စာလိပ်များက သူ့ကို တားဆီးနိုင်မည်ဟု သူထင်သည်လား။

ဓားအားလှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ရောက်ရှိလာသော တိုက်ခိုက်မှုကို ပျက်ပြယ်စေသည်။ သို့သော် ရီဖူရှင်းက တခြား မှော်စာလိပ် အများအပြားကိုလည်း အသက်ဝင်အောင် လုပ်နေသည်ကို သူမြင်ရသည်။ သူက ထိုမှော်စာလိပ်များကို တိုက်ခိုက်ရန် သုံးခြင်း မဟုတ်ပေ။ ထိုအစား မှော်စာလိပ်များမှာ လေဓာတ်အားလှိုင်းများက သိမ်းငှက်နက်ကို ဖုံးလွှမ်းသွားသည်။

လေဓာတ်စွမ်းအင်များက သိမ်းငှက်နက်ကို လျင်မြန်စွာ အားကောင်း လာနေစေကာ ချက်ချင်းပင် သိမ်းငှက်နက်က လျှပ်စီးအလား ပျံသန်း ထွက်ပြေးတော့သည်။ သူတို့က အမှန်ပင်  ထွက်ပြေးရန် ကြိုတင် ပြင်ဆင်ထားပုံရသည်။ သို့သော် မြေရိုင်းမြို့တန်ခိုးရှင်က မဲ့ပြုံးပြုံးလိုက်သည်။

ရှေးဟောင်းနယ်မြေမှ သူရရှိသော ဓားက သူ၏ရှေ့တွင် ပေါ်လာသည်။ သူက ဓားအပေါ်သို့ တက်လိုက်ကာ လျှပ်စီးအလား လျင်မြန်စွာဖြင့် ရီဖူရှင်းတို့နောက်ကို လိုက်သွားသည်။

သိမ်းငှက်နက်ပေါ်တွင်ကား လူတိုင်းက စိုးရိမ်နေကြသည်။ ထိုစဉ်မှာပင် ရီဝူချင်းက သိမ်းငှက်နက်ပေါ်မှ ဆင်းကာ နောက်မှ လိုက်ပါလာသော မြေရိုင်းမြို့မှ ဓားသမားထံသို့ ပျံသန်းသွားလိုက်သည်… “မင်းတို့ ရှေ့က သွားနှင့်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset