ရီဖူရှင်း၏ဘေးမှ လူများ၏ အမူအရာများလည်း သိပ်မကောင်းတော့ပေ။ ထိုလူလေးယောက်ကို မူလက လိုက်နေသော တန်ခိုးရှင်များမှာ ယခု ရီဖူရှင်းတို့ အုပ်စုနှင့် ရင်ဆိုင်မိပြီဖြစ်သည်။
ထိုစဉ်မှာပင် နိုဘယ်စိတ် အင်အားများမှ ဖြစ်တည်လာသော ရုပ်ခန္ဓာများက ရီဖူရှင်းတို့ရှေ့ကို ရောက်လာသည်။ နိုဘယ်တန်ခိုးရှင် တစ်ယောက်ပင်လျှင် သူတို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ကြရသည်။ ယခုကား နိုဘယ်တန်ခိုးရှင် များစွာက သူတို့ကို ဝန်းရံထားပြီး ဖြစ်သည်။
“လေးစားရပါသော စီနီယာများ… ကျုပ်တို့က ဒီနေရာကို ဖြတ်သွားရုံပဲ ရှိတာပါ…” သိမ်းငှက်နက်က ကောင်းကင်သို့ ဆုတ်ခွာစေပြီး နန်းဆောင်အတွင်းသို့ ဝင်ရန် ဝင်ပေါက်ကို ဖယ်ပေးသည့်တိုင် ထိုနိုဘယ်များက မူလနေရာတွင်ပင် ရပ်နေကြသည်။ သူတို့နောက်တွင်လည်း ကြီးမားသော စစ်တပ်ကြီးက ပြေးလာနေသည်။ ကြည့်ရသည်မှာ နန်းတော်အတွင်းမှ တန်ခိုးရှင်များ အားလုံးက ဤနေရာသို့ စုစည်းလာနေကြဟန် တူသည်။ ပင်လယ်ကြီးတမျှ ကျယ်ပြောသော စစ်သည်များကို ကြည့်လျှင် အဆုံးရှိပုံပင် မရပေ။
နိုဘယ်တစ်ယောက်က လက်ဝှေ့ယမ်းပြလျှင် ကောင်းကင်မှ ချပ်ဝတ်စစ်သည်များက ရှေ့ကို စတင် ရွေ့လျားလာကြသည်။ သူတို့အားလုံးက ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့ထားပြီး ဖြစ်ကာ ထိုကျူးကျော်သူများအား လုံးဝ အလွတ်ပေးမည့်ဟန် မရှိပေ။
ရီဖူရှင်းတို့နှင့် အနည်းငယ်လှမ်းသော နေရာတွင်ကား တခြားမြို့မှ အုပ်စုများက အသည်းအသန် ပြေးနေကြသည်။ သူတို့၏ နောက်တွင်လည်း လိုက်ပါလာသူများ ရှိသည့်တိုင် နိုဘယ်များက သူတို့ကို သတိပြုမိဟန်မတူပေ။ သို့တိုင်အောင် မဆုံးနိုင်သော စစ်သည်များကို ကြည့်ကာ ထိတ်လန့်ကြရသည်။
အဝေးသို့ ရောက်သွားလျှင် သူတို့က နန်းဆောင်ဘက်သို့ ကြည့်လိုက်ကြသည်။ နန်းတော်ဝင်း တစ်ခုလုံးကား စစ်သားများဖြင့် ပြည့်နှက်နေသည်။ ထိုစစ်တပ်ကြီးကို ကြည့်ကာ သူတို့၏ ကျောများပင်လျှင် စိမ့်သွားကြသည်။
နန်းဆောင်ကား ရှေးဟောင်းနယ်မြေ၏ အလယ်ဗဟိုတွင်ရှိကာ အားအကောင်းဆုံးသော တန်ခိုးရှင်များ စုစည်းနေရာ နေရာလည်း ဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်လာပါက ထိုလူက အသက်ရှင်လျက် ပြန်လည် ထွက်ခွာသွားရန် အလွန်ခက်ခဲလှပေသည်။
သူတို့၏ မျက်လုံးများတွင် စစ်သည်များအကြား နစ်မြုပ်မတတ် ဖြစ်နေသော ရီဖူရှင်းနှင့် သူ့လူများကို မြင်ရသည်။ သူတို့အတွက် လွတ်မြောက်ရာ လမ်းကြောင်း မရှိပေ။ ထိုနေရာကား ရီဖူရှင်းနှင့် သူ့လူများအတွက် နောက်ဆုံး နေရာလည်း ဖြစ်နိုင်ပေသည်။
သူတို့အားလုံးက ရီဖူရှင်းနှင့် နိုဘယ်တန်ခိုးရှင်၏ တိုက်ပွဲကိုလည်း အဝေးမှ မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ တစ်ဖက်လူများမှာကား စွမ်းအားမြင့်လွန်းလှသည်။ ရီဖူရှင်းက နိုဘယ်တန်ခိုးရှင်အား သတ်ရန် သူ့တွင်ရှိသမျှ စွမ်းရည်များကို အသုံးပြုခဲ့ရသည်။ သို့သော် ယခု အခြေအနေတွင်ကား သူ့အတွက် အခွင့်အရေး ရှိမည့်ဟန် မပေါ်ပေ။
“သူတို့ လွတ်ပါ့မလား…” ထက်ရှသော မျက်လုံးနှင့်လူငယ်က လို့လန်သမီးတော်ကို ပြောသည်။ ကောလာဟလများအရ ရှေးဟောင်းလို့လန်က မရေမတွက်နိုင်သော တန်ခိုးရှင်များကို ဤနေရာသို့ စေလွှတ်ခဲ့သော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ ယခင်က ဤနေရာသို့ ဝင်ရောက်ခဲ့သူမှာ မည်သူမှ ပြန်ထွက်လာနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ရီဖူရှင်းနှင့် မြေရိုင်းဒေသမှ လူလေးယောက်တို့က အလွန်ထက်မြက်သော စွမ်းရည်များကို ပြသခဲ့ကြသည်။ သူတို့က ရတနာစာအုပ်၏ နောက်တစ်ဝက်ကို ရှာဖွေတွေ့ရှိနိုင်သည်။
“ဆက်သွား…” လို့လန်ရွှီက သူ၏မေးခွန်းအား မည်သို့ ဖြေရမည် မသိပေ။ သူမကလည်း ထိုအဖြေကို မသိပေ။ သို့သော် အခြေအနေက သိပ်မကောင်းသည်ကို သူမလည်း မြင်သည်။
လို့လန်ရွှီတို့ကလည်း စစ်တပ်ကြီးက သူတို့နောက်ကို ဆက်လက်၍ လိုက်နေသည်ကို မြင်လျှင် ဆက်လက်ပြေးရုံမှအပ မည်သို့မှ မတတ်နိုင်ပေ။ သာမန်စစ်သည်များကို သတ်ရသည်မှာ လွယ်ကူသော်လည်း နိုဘယ်တန်ခိုးရှင်များကသာ သူတို့ကို သတိထားမိလျှင် အန္တရာယ်များလွန်း လှပေသည်။ ရှေးဟောင်းလို့လန်က အခြေအနေ အရပ်ရပ်ကို တွက်ချက်ကာ ပြင်ဆင်ထားသော်လည်း ဤကဲ့သို့ အခြေနေမျိုးတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ အဝေးမှ အခြေအနေကို အကဲခတ်နေခြင်းက ပိုမို သင့်တော်ပေသည်။
နန်းဆောင် အထက်တွင်ကား ရီဖူရှင်းတို့အုပ်စုကို ဝန်းရံထားကြပြီး ဖြစ်သည်။ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ရီဖူရှင်း၏ ဘေးတစ်ဖက် တစ်ချက်တွင် နေရာယူကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
“ကျုပ်တို့က လမ်းဖယ်ပြီးပြီပဲ… စီနီယာတို့… သူတို့နောက်ကို ဆက်လိုက်လို့ မရဘူးလား…” ရီဖူရှင်းက စိတ်ပျက်လက်ပျက် ပြောသည်။
“မင်းတို့အားလုံးက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ… ဒါက ကိစ္စမရှိဘူး…” နိုဘယ်တစ်ယောက်က ပြောသည်။
“ခင်ဗျားတို့က ဘာလို့ ဒီလိုလုပ်ရမှ ဖြစ်မှာလဲ… ကျုပ်က နှစ်ဖက်လုံး ထိခိုက်မှာကို မလိုလားဘူး…”
“အတင့်ရဲတယ်…” နောက် နိုဘယ်တစ်ယောက်က ပြောသည်။ နှစ်ဖက်လုံးကို ထိခိုက်မည်တဲ့လား။ သူ့တွင် ထိုသို့အစွမ်း ရှိလို့လား။
ထိုစဉ်မှာပင် နိုဘယ်တစ်ယောက်က လက်ဝှေ့ယမ်းပြလျှင် စစ်သည်များက ရှေ့ကို တက်လာကြသည်။
“မင်းတို့တွေက ဒီကောင်တွေကို ဂရုစိုက်လိုက်…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်းနှင့် ယူချင်းတို့က ခေါင်းညိတ်သည်။ သူတို့က နိုဘယ်များနှင့် ရင်မဆိုင်နိုင်သည့် တိုင်အောင် စစ်သည်များက သူတို့အတွက် ပြဿနာ မဟုတ်ပေ။
သူတို့နှစ်ယောက်က တစ်ဖက် တစ်ချက်မှနေ၍ ရှေ့ကိုတက်လာသော စစ်သည်များကို ရင်ဆိုင်ကြသည်။ ရီဝူချင်း၏ ဓားက မိုးစက်မိုးပေါက်များပမာ စစ်သည်များကို ထွင်းဖောက်သွာသော အချိန်တွင် ယူချင်း၏ ပုဆိန်ဝှေ့ယမ်းချက်က စစ်သည်များ၏ခန္ဓာများကို အပိုင်းပိုင်း ဖြစ်စေသည်။
ရီဖူရှင်းက နန်းဆောင်အပေါ် လေထဲတွင် ထိုင်ကာ သူ၏ ကု့ချင်းကို စတင် တီးခတ်လိုက်သည်။ ကု့ချင်းသံ ထွက်ပေါ်လာလျှင် ပတ်ဝန်းကျင် တစ်ခုလုံး သိပ်သည်းသွားသည်။
တော်ဝင်နည်းစနစ် အသက်ဝင်လာလျှင် ရီဖူရှင်း၏ ခန္ဓာကိုယ်အား မမြင်ရသော အားလှိုင်းတစ်ခုက ဖုံးလွှမ်းသွားသည်။ သူက ထိုနေရာတွင်ပင် တော်ဝင်မြင့်မြတ်သော ပုံဟန်ဖြင့် ထိုင်နေသည်။
သူက ကု့ချင်းကို တီးခတ်လျှင် သံစဉ်များက လေထုတစ်လျှောက် ပျံ့နှံ့သွားကာ လူတိုင်း၏ စိတ်အသိအား အနှောင့်အယှက် ပေးနိုင်သော စိတ်ဝိညာဉ် အားလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။
စစ်သည်များက ရှေ့ကို အဆက်မပြတ် တက်ရောက် လာကြသော်လည်း ဂီတသံစဉ်က သူတို့၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားလျှင် ပတ်ဝန်းကျင်တစ်ခုလုံး အက်ကွဲသံများကြားကာ ထိုစစ်သည်များအားလုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့ကား မူလကတည်းက သက်ရှိများ မဟုတ်ပေ။
ထိုအချိန်တွင် နန်းဆောင်ထဲတွင်လည်း တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ထိတ်လန့်ဖွယ် အားလှိုင်းများက လေထုတစ်ခုလုံးကို ပျံ့နှံ့နေသည်။ မြေရိုင်းမြို့မှ လူလေးယောက်က နိုဘယ်တန်ခိုးရှင် တစ်ယောက်ကို ဝန်းရံထားကြခြင်း ဖြစ်သည်။
ထိုနိုဘယ်တန်ခိုးရှင်ကား တခြား နိုဘယ်များထက် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိသည်။ သူ၏ အရှိန်အဝါတွင် မြင့်မြတ်ထည်ဝါမှုများရှိပြီး သူ၏ စိတ်အသိမှာလည်း အလွန် အားကောင်းလှသည်။ သူ့အား တစ်ချက်ကြည့်လျှင်ပင် လူအများ၏ အပေါ်တွင် ရှိနေသော ဧကရာဇ်တစ်ပါးမှန်း သိသာစေသည်။
ထိုနိုဘယ်တန်ခိုးရှင်ကား တစ်ချိန်က သူ၏ စစ်တပ်ကြီးအား ဦးဆောင်ကာ လို့လန်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခဲ့သော ဧကရာဇ်ဖြစ်သည်။ သူက အစီအရင်တွင် ပိတ်လှောင်ခံရပြီးနောက် ဤနေရာတွင် စောင့်ကြပ်ကာ ဝင်ရောက်လာသမျှသော ရှေးဟောင်းလို့လန်မှ မျိုးဆက်များအား သတ်ဖြတ်နေခြင်း ဖြစ်သည်။
မြေရိုင်းဒေသမှ တန်ခိုးရှင် လေးယောက်မှာ အဖွဲ့အစည်း တစ်ခုတည်းမှ မဟုတ်ပေ။ သူတို့လေးယောက်မှာ အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းတစ်ခုစီမှ လာကြခြင်း ဖြစ်သည်။ သူတို့က လို့လန်ရှေးဟောင်း နယ်မြေကို စမ်းသပ်နယ်မြေတစ်ခု အဖြစ်သာ သဘောထားကြသည်။ စိန်ခေါ်မှုမှာကား မည်သူက လို့လန်ရှေးဟောင်း နယ်မြေမှ ရတနာကို ရယူနိုင်မည်ဟူ၍ပင်။
သူတို့အားလုံးတွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအား ရှိကြသည်။ သူတို့၏ ဓမ္မအဆင့်ကိုး စွမ်းအားနှင့် နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းတို့ ပေါင်းစပ်လျှင် သူတို့၏ စွမ်းရည်များမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့တိုင်အောင် သူတို့က ထိုနိုဘယ်တန်ခိုးရှင်အား မယှဉ်နိုင်ကြပေ။ ထိုနိုဘယ်တန်ခိုးရှင်၏ စွမ်းရည်များမှာ အလွန် ကောင်းမွန်လှသည်။ သူ၏ ဓားကို ဝှေ့ယမ်းလိုက်လျှင် ကြောက်မက်ဖွယ် အားလှိုင်းများက မြေရိုင်းမြို့ တန်ခိုးရှင်များ၏ အသက်ကို ခြိမ်းခြောက်နိုင်နေသည်။
မြေရိုင်းဒေသ တန်ခိုးရှင်များက အဆက်မပြတ် နောက်ဆုတ်နေကြသည်။ သူတို့အားလုံး ပေါင်းစပ်တိုက်ခိုက်မှသာလျှင် တစ်ဖက်လူ၏ ဓားချက်ကို ကာကွယ်နိုင်သည်။
“သွားစို့…” မြေရိုင်းမြို့မှ တန်ခိုးရှင်တစ်ယောက်က ပြောသည်။ ကြည့်ရသည်မှာ နန်းတော်အတွင်းမှ ရတနာကို ရယူရန် ဖြစ်နိုင်ဖွယ် မရှိတော့ပေ။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော လူက စောင့်ကြပ်နေသော နေရာတွင် သူတို့က မည်သည့်အရာကိုမှ ရယူရန် အခွင့်အရေး မရှိပေ။
သူတို့လေးယောက်က တိုက်ခိုက်ရင်း ဆုတ်ခွာကြသည်။ ထိုနိုဘယ်က စွမ်းအားမြင့်သော်လည်း သူက ထိုမြေရိုင်းမြို့မှ လူလေးယောက်အား သတ်ဖြတ်ရန် သိပ်တော့ မလွယ်ကူပေ။ ထိုလူလေးယောက်က ဆက်လက်၍ ဆုတ်ခွာကြသည်။ နန်းတော် အပြင်ဘက်မှ စစ်သည်များမူကား သူတို့ကို တားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။
နိုဘယ်တန်ခိုးရှင်က ထိုလေးယောက်အား ဆက်လက် လိုက်လိုသော်လည်း သူက လိုက်မီလျှင်ပင် သူတို့လေးယောက်ကို သတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့အာရုံက အဆောင်အပေါ်မှ တိုက်ပွဲထံသို့ ရောက်သွားသည်။ ထိုနေရာတွင်ကား ကြောက်မက်ဖွယ် သံစဉ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူက တွေးလိုက်သည်။ လို့လန်နိုင်ငံမှ လူငယ်များက ဤမျှပင် အရည်အချင်း ရှိနေကြပြီလား။
နန်းတော်ထဲမှ နိုဘယ်က အဆောင်အပေါ်သို့ ပျံသန်းလာသည်။ ထိုအချိန်တွင် ရီဖူရှင်းက တော်ဝင်နည်းစနစ်ကို အသုံးပြုကာ ကု့ချင်း၏ စွမ်းရည်အား အမြင့်ဆုံးသို့ မြှင့်တင်ထားပြီး ဖြစ်သည်။ ထို့နောက် သူက ပျက်စီးခြင်း ကမ္ဘာသံစဉ်အား တီးခတ်သည်။ မှော်ဂီတသံစဉ်ကြောင့် လေထုက မုန်တိုင်းအလား တိုက်ခိုက်နေကြကာ တစ်ခါတစ်ရံ ပေါက်ကွဲသံများကိုပင် ကြားရသည်။ ရီဖူရှင်းထံ လှမ်းလာနေသာ နိုဘယ်ပင်လျှင် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရသည်။ သူ့၏ ကု့ချင်း သံစဉ်က နိုဘယ်တန်ခိုးရှင်များအား အန္တရာယ်ပေးနိုင်သည်။
ထိုနိုဘယ်က ဓားကို ဝှေ့ယမ်းလျက် ရောက်ရှိလာစဉ်မှာပင် ရီဝူချင်းက သူ့အား သတိထားမိလိုက်ကာ ဓားအသိမှ ဖြစ်ပေါ်လာသော ဓားချက်တစ်ချက်အား ထိုနိုဘယ်ထံသို့ ထုတ်လွှတ်လိုက်သည်။
ထိုနိုဘယ် မျက်မှောင်ကြုတ် လိုက်သည်။ သူက ဓားအသိချင်း ယှဉ်လိုသည်လား။
ဧကရာဇ်ကဓားကို ဝှေ့ယမ်းလိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးက ဓားအသိများဖြင့် ပြည့်နှက်သွားသည်။ ဓားအလင်းများက ရီဝူချင်းထံသို့ လေထုကို ခွင်းလျက် ပြေးဝင်လာကြသည်။
ရီဝူချင်းက သူ၏ စွမ်းအားများကို အားလုံး စုစည်းကာ သူ့ထံ ရောက်ရှိလာသော ဓားချက်များကို ရင်ဆိုင်လိုက်သည်။ သို့သော်သူ၏ အားလှိုင်းများမှာ ချက်ချင်း ဖျက်ဆီးခံရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း နောက်ကို လွင့်စဉ်သွားသည်။
ထိုနိုဘယ်က ရီဖူရှင်းထံ လှမ်းသွားလိုက်သည်။ သူတို့၏ ဧကရာဇ် ရောက်ရှိလာလျှင် ထိုစစ်သည်များနှင့် နိုဘယ်များက ဦးညွှတ်ကြသည်။
“မင်းက လို့လန် မင်းသားလား…” ဧကရာဇ်က ရီဖူရှင်းကို မေးသည်။
ရီဖူရှင်းက ထိုလူကို ကြည့်ကာ သူ၏ ကု့ချင်းအား ဆက်လက် တီးခတ်လျက် ပြောသည်… “မဟုတ်ဘူး… ကျုပ်က လို့လန်နိုင်ငံကလည်း မဟုတ်ဘူး… ကျုပ်က ဒီနယ်မြေကို စူးစမ်းလေ့လာဖို့ ရောက်လာတာ… ကျုပ်တို့ ငြိမ်းချမ်းရေး ယူရင် ဘယ်လိုလဲ…”
“ငြိမ်းချမ်းရေး…” ဧကရာဇ်၏ အမူအရာက အလွန် အေးစက်နေသည်။ လူလေးယောက်က ထွက်ပြေးလွတ်မြောက် သွားပြီး ဖြစ်သည်။ ဤလူများကို လွှတ်ပေးရန် မဖြစ်နိုင်ပေ။
“မင်းက ဒီနေရာကို ရောက်လာမှတော့ သွားဖို့ မစဉ်းစားနဲ့တော့…” ဧကရာဇ်က ပြောသည်။
“ကျုပ်ကို အတင်းအကြပ် တွန်းအားမပေးနဲ့…” ရီဖူရှင်းက ဧကရာဇ်ကို စိုက်ကြည့်လျက် ပြောသည်။
“ဟင်း… တကယ်လား…” ဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်… “သူတို့ကို သတ်…”
ရီဖူရှင်းက သူ့အား ဆက်လက် စိုက်ကြည့်ကာ ပြောသည်… “ယူချင်း… တခြားလူတွေကို နန်းဆောင်ထဲမှာ ရတနာတွေရှာဖို့ ခေါ်သွားလိုက်… ဝူချင်း… မင်း ငါ့နောက်ကို ကြည့်ပေး… ငါက ဒီလူတွေကို ရင်ဆိုင်မယ်…”
ယူချင်း၊ ရီဝူချင်းနှင့် တခြားလူများက မျက်လုံးများ ပြူးသွားကြသည်။ ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သို့သော် သူက ဤမျှ စွမ်းအားမြင့်သော သူများကို မည်သို့ ရင်ဆိုင်မည်နည်း။
“သွား … ငါ့ကိုယုံ…” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းထံမှ ယုံကြည်မှုများ ပြည့်နှက်နေသော လေသံကို ခံစားမိလျှင် ယူချင်းက ခေါင်းညိတ်လျက် တခြားလူများကို ဦးဆောင်ကာ နန်းဆောင်ထဲသို့ လှမ်းသွားလိုက်သည်။
ဧကရာဇ်နှင့် တခြားနိုဘယ်များက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။ သူ ရူးသွပ်နေသည်လား။
ဤ မောက်မာသော ခွေးကောင်က မည်သည့်နေရာက လာသနည်း။
ရီဝူချင်းက ရီဖူရှင်း၏ နောက်ကျောဘက်တွင် ရပ်နေလိုက်သည်။ ရီဖူရှင်းက အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေသနည်းကို သူလည်း သိလိုသည်။
ယူချင်းနှင့် တခြားလူများ မြင်ကွင်းမှ ပျောက်သွားလျှင် ရီဖူရှင်းက ဧကရာဇ်ကို ကြည့်ကာ ပြောသည်… “စီနီယာ… ခင်ဗျားက ဓားသမားဖြစ်ပြီးတော့ စိတ်အင်အားက ဖြစ်တည်လာတာမလား… တကယ်လို့ ကျုပ်အနိုင်ရခဲ့ရင် ခင်ဗျားရဲ့ ဓားပညာကို ဒီအတိုင်း အဆုံးသတ်သွားတာ သိပ်မကောင်းဘူး… ကျုပ် သူငယ်ချင်းက ဓားပညာမှာ အရမ်းပါရမီပါတယ်… ခင်ဗျားက သူ့ကို ဆက်ခံသူအဖြစ် စဉ်းစားပေးနိုင်မလား…”
ဧကရာဇ်က သူ့အား မယုံကြည်နိုင်စွာ ကြည့်သည်။ ရီဖူရှင်းက ယုံကြည်မှုသာ ရှိသည် မဟုတ်ပေ၊ သူ၏ ဓားအသိကိုပင်လျှင် လိုချင်နေသည်။ ဘယ်လောက် အတင့်ရဲလိုက်သနည်း။
ရီဝူချင်းကလည်း အံ့အားသင့်သွားသည်။ ထို့ကြောင့် ရီဖူရှင်းက သူ့အား ကျန်နေရစ် စေသည်လား။ တကယ်လို့ သူကသာ ဤ နိုဘယ်ဓားသမား၏ စိတ်အသိကို ဆက်ခံရရှိခဲ့လျှင် သူ၏ ဓားပညာမှာ ပိုမို အဆင့်မြင့်လာတော့မည် ဖြစ်သည်။
ဧကရာဇ်က ရီဖူရှင်းအား ကြည့်သည်။ သို့သော် အဖြေမပေးပေ။ သူက လက်ဝှေ့ယမ်းပြလျှင် တခြား နိုဘယ်များက ရီဖူရှင်းထံသို့ ပြေးဝင်လာကြသည်။ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ကျုပ်ပြောတာကို ပြန်ပြီး စဉ်းစားပါဦး စီနီယာ… ဆက်ခံသူရှိတာက အသက်ဆက်ရှင်နေတဲ့ နည်းတစ်ခုပဲ မလား…” ရီဖူရှင်းက ပြောသည်။
ထို့နောက် သူက ခေါင်းငုံ့လျက် တော်ဝင်နည်းစနစ်ကို အသက် သွင်းလိုက်သည်။ သူ၏ သွေးများက သွေးကြောများ တစ်လျှောက် ဆူပွက်လာကာ ဧကရာဇ် အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက တဖြည်းဖြည်း အားကောင်းလာသည်။ ထိုအခိုက်တွင် တင်ပလ္လင်ခွေ ထိုင်နေသော ရီဖူရှင်းကား ဧကရာဇ်တစ်ပါးကဲ့သို့ ထည်ဝါခန့်ညားလှသည်။
***