သူ အမှန်တကယ်ပင် နောက်တစ်ဆင့် တက်သွားသည်။ မျက်လုံးပေါင်း များစွာက ရီဖူရှင်းကို အကဲခတ်နေကြသည်။ နိုဘယ်လိုဏ်ဂူက တန်ခိုးရှင်များကို စမ်းသပ် စစ်ဆေးနိုင်သည်ကို လူတိုင်း သိကြသည်။ နိုဘယ်လိုဏ်ဂူမှ ဖိအားများကို အန်တုရင်း လူအများအပြားက အကန့်အသတ်များကို ဖြတ်ကျော်ခဲ့ကြသည်။ သို့သော် သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို ဖြတ်ကျော်ပြီးမှ နောက်ထပ် တစ်ဖန် ထပ်မံ၍ အစမှ ပြန်လည် ဖြတ်ကျော်သည့် လူမူကား ရီဖူရှင်းတစ်ယောက်သာ ရှိသည်။ ရီဖူရှင်းက သူ၏ ဓာတ်စွမ်းအင်များကို ထုတ်လွှတ်ကာ နိုဘယ်လိုဏ်ဂူ၏ ပိုမိုအားကောင်းသော ဓာတ်စွမ်းအင်များကို သူ့အား ဖိနှိပ်စေလျက် ထိုဖိအားများကို အန်တုရင်းက ဓမ္မအဆင့်ကို တက်ရောက်ခဲ့သည်။ သူ၏ သိုင်းပညာစွမ်းအားက ဓမ္မအဆင့်ကို တက်ရောက် သွားသောအခါ သူ၏ သိုင်းပညာ အားလှိုင်းများက ပိုမို အားကောင်းလာပြီး ဓမ္မအဖြစ် မွေးဖွားလာသည်။
ရီရှောင်နှင့် ကန်ယီကျောင်းတော်မှ လူများက ရီဖူရှင်း၏ နောက်ကျောကို ကြည့်နေကြသည်။ သူတို့အားလုံး ရှက်ရွံ့နေကြ၏။ ယူချင်းနှင့် ရီဝူချင်းတို့၏ စွမ်းဆောင်ရည်က ကန်ယီကျောင်းတော် သားများအား အသုံးမကျသောသူများ ဖြစ်သွားစေသည်။ သူတို့အားလုံးထဲမှ အတော်ဆုံးမှာ သေမင်းခြေလှမ်း ငါးလှမ်းမျှသာ ရောက်ရှိခဲ့သည်။
ငါးလှမ်းက အမှန်တကယ်အားဖြင့် အားနည်းသည်ဟု မဆိုနိုင်သော်လည်း ရီဖူရှင်းတို့ သုံးယောက်၏ စွမ်းဆောင်ရည်က သူတို့၏ စွမ်းဆောင်ရည်နှင့် ယှဉ်လျှင် မိုးကောင်းကင်နှင့် မြေပြင်ပမာ ကွာခြားလွန်းလှသည်။ ပိုမိုဆိုးရွားသည်မှာ ရီဖူရှင်းက ယခုထိ ရပ်တန့်မည့်ပုံစံ မပြသေးပေ။ ယခု သူကား အလွန် အားကောင်းသော ဖိအားအောက်တွင် ရှိနေသော်လည်း သူ၏ စွမ်းအားများ ပြောင်းလဲ နေသည်ကိုလည်း ခံစားရသည်။ သူ၏ စိတ်နယ်ပယ်ထဲတွင်ကား ပိုမိုအားကောင်းသော ထိုးနှက်တိုက်ခိုက်မှုများ ရှိနေသည်။ ကွဲပြားခြားနားသော ဓာတ်စွမ်းအင်လှိုင်းများက မုန်တိုင်းများအလား တိုက်ခတ်နေကြသည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးကာ ပိုမိုများပြားသော နိုဘယ်ရုပ်တုများက သူ့စိတ်နယ်ပယ်ထဲတွင် ဖြစ်ပေါ်နေကြသည်။ ရီဖူရှင်းက ထိုအင်အားများကို ယှဉ်ပြိုင် တိုက်ခိုက်နေသည်။ သူက နိုဘယ်အားလှိုင်းများကို ကြောက်ရွံ့ခြင်း မရှိပေ။
နိုဘယ်အားလှိုင်းများက သူ့ကို ဖျက်ဆီးရန် လုံလောက်ပါသလော။
သူ့ထံမှ ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါများ ပေါ်ထွက်လာနေသည်။ သူ၏သွေးများ ဆူပွက်လာကာ တော်ဝင်နည်းစနစ်က အလိုအလျောက် အသက်ဝင်လာ၏။ သူ့စိတ်နယ်ပယ်ထဲတွင် ဧကရာဇ် စိတ်အသိတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် ရုပ်တုများမှ နိုဘယ်စိတ် အသိများက ထိတ်လန့် သွားဟန်ရသည်။ ထိုအရာများက ပြန်လည် တိုက်ခိုက်ရန် အားထုတ်သော်လည်း ဧကရာဇ်သိစိတ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အကယ်၍ သူက ယနေ့ နိုဘယ်လိုဏ်ဂူ၏ ရပ်တန့်ခြင်းကို ခံရလျှင် အနာဂတ်တွင် တကယ့်နိုဘယ်များကို မည်သို့ သတ်နိုင်တော့မည်နည်း။
တွန့်ဆုတ်ခြင်း မရှိဘဲ ရီဖူရှင်းက ဆယ့်နှစ်လှမ်းမြောက်ကို နောက်တစ်ကြိမ် လှမ်းလိုက်ပြန်သည်။ ထိုအချိန် သူ၏ ဟန်ပန်က ဧကရာဇ်တစ်ပါးလို ထည်ဝါ ခန့်ညားမှု ရှိနေသည်။
ပိုမိုအားကောင်းသော နိုဘယ်ပုံရိပ်များက သူ့စိတ်နယ်ပယ်ထဲကို ဝင်ရောက် လာကြပြန်သည်။ သည်တစ်ကြိမ်ကား ရီဖူရှင်းက ထပ်မံ၍ ဝါးမျိုခြင်း မရှိပေ။ ရီဖူရှင်းက သူ၏ စိတ်ဝိညာဉ်အား တိုက်ခိုက်ရန် ခွင့်ပြုပေးလိုက်သည်။ သူကား ဧကရာဇ်တစ်ပါးလိုပင်။ မည်သည့်အရာက သူ့ထံ ရောက်လာပါစေ နောက်ဆုံးတွင် သူ့ရှေ့ကို ဝပ်တွား ခစားရမည်ဖြစ်သည်။ သူက ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းပြီးပြီးချင်း ဆက်တိုက်ပင် ဆယ့်သုံးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သည်တစ်ကြိမ်တွင်ကား သူ၏ ခြေလှမ်းကာ ယခင်တစ်ကြိမ်ထက် ပိုမို တည်ငြိမ်လှသည်။ သူက စမ်းသပ်မှု ခံယူနေသည့်အစား ထိုအရာအား အပိုင်စီးရန် ကြိုးစားနေခြင်းနှင့် တူလှသည်။
ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းတွင် လိုဏ်ဂူတစ်ခုလုံး သူ့စိတ်နယ်ပယ်ထဲတွင် ပေါ်ပေါက်လာသည်။ ထိုအရာက သူ၏ ကြီးမြတ်ထည်ဝါမှုကို ခံစားမိဟန်တူသည်။ သူ့စိတ်နယ်ပယ်ထဲတွင် ထိုများစွာသော နိုဘယ်ပုံရိပ်များ အားလုံးက အန္တရာယ်အား ဖယ်ရှားပစ်လိုသည့်အလား ပေါ်ပေါက်လာကြသည်။
ရီဖူရှင်းက မည်သည့်အရာကိုမှ မကြောက်ပေ။ ဧကရာဇ်အသိအား အလွန် အားကောင်းသည်။ နိုဘယ်ပုံရိပ်များက မည်သို့ ကြိုးစားပါစေ ဧကရာဇ်အသိက တုန်လှုပ်ခြင်း မရှိပေ။ မကြာမီပင် ဧကရာဇ်အသိထံမှ အရှိန်အဝါများ ပိုမိုအားကောင်းလာကာ ထိုနိုဘယ်ပုံရိပ်များအား စတင်ဝါးမျိုတော့သည်။ ထိုအခိုက်တွင် တစ်စုံတစ်ခု ပွင့်ထွက်သွားပုံရသည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားက ဆင့်ကဲပြောင်းလဲ လာနေသည်။ အလွန်အားကောင်းသော စိတ်ဝိညာဉ် အားလှိုင်းများက ပတ်ဝန်းကျင်မှ စွမ်းအင်များ အားလုံးကို သယ်ဆောင်ကာ ဝါးမျိုလိုက်သည်။ ကွဲပြားခြားနားသော သဘာဝစွမ်းအင်များနှင့် အားကောင်းသော နိုဘယ်ပုံရိပ်များ အားလှိုင်းများ အားလုံးက ရီဖူရှင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
စိတ်ဝိညာဉ်စွမ်းအား အဆင့်တက်ခြင်း။ လူတိုင်း၏ မျက်လုံးများ ပြူးကျယ် သွားကြသည်။ ရီဖူရှင်းက မှော်ပညာနှင့် သိုင်းပညာ နှစ်မျိုးလုံးကို လေ့ကျင့်သည်။ သူက သိုင်းပညာတွင် အဆင့်တက်ပြီးနောက် သူက စိတ်ကျေနပ်ခြင်း မရှိသေးဘဲ နိုဘယ်လိုဏ်ဂူ၏ ဖိအားကို အသုံးပြုကာ မှော်ပညာတွင်လည်း အဆင့်တက်ရန် အားထုတ်ခဲ့သည်။ ယခု သူက အောင်မြင်သွားရာ စိတ်ဝိညာဉ်စွမ်းအားနှင့် သိုင်းပညာနှစ်မျိုးလုံးတွင် အဆင့်တက်သွားပြီ ဖြစ်သည်။ သူကား ယခု ဓမ္မအဆင့်ကို အမှန်တကယ် တက်ရောက် သွားလေပြီ။
ချင်းမုန်ဒေသမှ အားလုံးသော ပါရမီရှင်များမှာ နယ်မြေတစ်ရာဒေသမှ ကောင်းကင်အဆင့်မျှသာ ရှိသော လူငယ်တစ်ယောက်၏ ဖြတ်ကျော်ခြင်းကို အမှန်တကယ် ခံလိုက်ကြရသည်။ သူတို့အားလုံး မည်သို့မှ မတတ်နိုင်ပေ။ သူတို့နှင့် နှိုင်းယှဉ်လျှင် ဓာတ်ကလန်မှ ကျောက်ဟန်ပင်လျှင် သာမန်အခြေသို့ ရောက်သွားသည်။ အကယ်၍ သူကသာ ထိပ်သီးပါရမီရှင်ဆိုလျှင် ရီဖူရှင်း၏ ပါရမီက မည်သည့်အဆင့်တွင် ရှိသနည်း။
ထိုအချိန်တွင် ကံစွမ်းအားက ရီဖူရှင်းထံမှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုအရာက ရှည်လျားစွာ ထိုးတက်သွားပြီး ပိုမိုအားကောင်းလာနေဆဲ ဖြစ်သည်။ နိုဘယ်ရုပ်တုများမှ အားလှိုင်းများက ရီဖူရှင်း၏ကိုယ်ကို အဆက်မပြတ် စီးဆင်းနေကြကာ သူ၏ ကံစွမ်းအားကို ပိုမိုအားကောင်း လာနေစေသည်။ မကြာမီ သူ၏ ကံစွမ်းအားက နောက်ထပ် အမြင့်တစ်ခုအထိ ရောက်ရှိသွားပြီး ရပ်တန့်သွားသည်။ ပရိသတ်များက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်ရသည်။ နိုဘယ်လိုဏ်ဂူမှ သည်မျှ များပြားသော နိုဘယ်ကံစွမ်းအားကို ဖန်တီးနိုင်သောသူကို သူတို့ မမြင်ဖူးပေ။
ကံစွမ်းအား အမျိုးအစား အများအပြား ရှိသည်။ ရှေးဟောင်းမြေရိုင်း ဒေသမှ လူများအတွက်မူ ရှေးဟောင်း ရုပ်ကြွင်းနေရာများမှ ကံစွမ်းအားများမှာ နားလည်ရန်ခက်ခဲပြီး ကံစွမ်းအားကို ဖန်တီးရန် အချိန် အလွန် ကြာမြင့်လေ့ရှိသည်။ အလွယ်ကူဆုံး နည်းလမ်းမှာ ခိုးယူခြင်းဖြစ်သည်။ သို့သော် ရီဖူရှင်းက ထိုအတွေးအခေါ်များအား ပြောင်းပြန်လှန်ခဲ့သည်။ သူက နိုဘယ်ကံစွမ်းအားကို ဆင်ခြင်နိုင်စွမ်းအားဖြင့် ချဉ်းကပ်ခဲ့သည်။ ထိုအဖြစ်က အံ့ဖွယ်ပင်။ အကယ်၍ ချင်းမုန်ဒေသမှ လူများသာ သူ့လိုဆိုလျှင် နိုဘယ်တန်ခိုးရှင်ဖြစ်ရန် လမ်းမှာ လွယ်ကူလွန်းလှသည်။
“ကောင်းတယ်…” ယူချင်းက ထိုမြင်ကွင်းကို ကြည့်ကာ သူသည်လည်း အဆင့်တက်ရောက် နိုင်သည်ကို ရိပ်မိလိုက်ပြီး စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူက နောက်ဆုံး ခြေလှမ်းကို လှမ်းရန် ခြေထောက်ကို မြှောက်လိုက်သည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်က အလွန် တင်းကျပ်သွားသည်။ သူ၏ လက်မောင်းများမှ ဆူးချွန်များပင်လျှင် အက်ကွဲလာသည်။ သူ၏ သွေးကြောများနှင့် ကြောက်မက်ဖွယ် ကြွက်သားများက အလွန်ကြီးမားသော ခွန်အားကို ပေးသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အဆုံးစွန်သော အဆင့်ကို ရောက်လာသည်။ ထိုအခိုက်တွင် ထိတ်လန့်ဖွယ် မာန်သွင်းသံ တစ်သံ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က နတ်ဆိုးတစ်ပါးလို ကြီးထွား ပြောင်းလဲလာသည်။
ဘုန်း… သူ၏ ခြေထောက်က နတ်ဆိုးက ကောင်းကင်ကို ဖျက်ဆီးလိုက်သည့်အလား ကျယ်လောင်သော အသံမြည်ဟည်းလျက် ကျဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော အသံများကို ကြားရပြီး သူသည်လည်း ပိုမိုသန်စွမ်းလာကာ ဆင့်ကဲ ပြောင်းလဲလာပုံရသည်။ နောက်ထပ် မာန်သွင်းသံ တစ်ချက်နှင့်အတူ သူက နိုဘယ်အားလှိုင်းများအား ဖြိုခွင်းလိုက်သည်။ ယူချင်း၏မျက်လုံးများက နတ်ဆိုးတစ်ပါးအလား ရွှေအိုရောင်မီလျှံများ တောက်လောင်နေသည်။
နောက်တစ်ယောက် အဆင့်တက်သွားသည်လား။ လူတိုင်းက နတ်ဆိုးကဲ့သို့ ပုံသဏ္ဌာန်အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ တခြားလူများကလည်း နိုဘယ်လိုဏ်ဂူတွင် အဆင့် တက်ဖူးကြသော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့ကဲ့သို့ ထူးခြားခြင်း မရှိပေ။
ရီဝူချင်းက သူ့ရှေ့မှ လူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ ယခုကား သူ၏ပုံစံမှာ အလွန်အမင်း တည်ကြည်သော ပုံစံရှိနေသည်။ သူကား ယခင်က သည်မျှ ဆုံးဖြတ်ချက် ခိုင်မာခြင်း မရှိပေ။ သူ၏ နှလုံးသားကား ဓားတစ်လက်ဖြစ်သည်။ သူ၏ စွမ်းအားများနှင့် ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။ သူ၏ ဖြစ်တည်မှု အားလုံးက ပျက်စီးနိုင်စွမ်း မရှိသော ဓားတစ်လက် ဖြစ်သွားသည်။ သူက နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်သည်။
ထိုအခိုက်တွင် မဆုံးနိုင်သော ဓားအားလှိုင်းများက သူ့အား အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ရန် ရောက်ရှိလာကြသည်။ ကြောက်မက်ဖွယ် ဓားလေပွေ မုန်တိုင်းက သူ့အား တိုက်စားလာနေကြ၏။ သူ၏ ဓားအသိက အချိန်မရွေး ပြိုလဲသွားနိုင်သည်။ သေးငယ်သော ငွေရောင်ဓားငယ်ကား ဓားစွမ်းအင်မုန်တိုင်း အလယ်တွင် ကြံ့ကြံ့ခံလျက် ရပ်တန့်နေသည်။ ထိုအရာက အနည်းငယ်သော အမှားမျှဖြင့် ပြိုလဲသွားနိုင်သည်။ သို့သော် သူက မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်း မရှိပေ။
ရီဖူရှင်းနှင့်ယူချင်းက ရှေ့ကို ရောက်သွားသောအခါ သူ၏ ပါရမီက ထိုနှစ်ယောက်လောက် ကောင်းမွန်ခြင်း မရှိသည်ကို ရီဝူချင်း သိသည်။ သူတို့နှင့် တူညီရန် သူ့တွင် အလွန်ပြင်းထန်သော ဆုံးဖြတ်ချက် ခိုင်မာမှု လိုအပ်ပေသည်။ သူက ကြောက်ရွံ့မှု ကင်းရန်လည်း လိုအပ်ပေသည်။
ဓားသမားက နောက်ကို လှည့်မကြည့်ဘဲ ရှေ့ဆက် တိုးရမည်ဖြစ်သည်။ အကယ်၍ သူက နောက်ဆုံး ခြေလှမ်းကို လှမ်းနိုင်လျှင် ကောင်းကင်က ကြည့်လင် သန့်စင်သွားမည် ဖြစ်သည်။ အကယ်၍ သူက နောက်ဆုတ်ခဲ့လျှင် သူ၏ ဓားနှလုံးသားက ပြိုလဲပျက်စီး သွားမည်ဖြစ်သည်။ နောင်တွင် သူ၏ အကန့်အသတ်များအား မည်သည့်အခါမှ ကျော်ဖြတ်နိုင်တော့မည် မဟုတ်တော့ပေ။ ဓားသမားက ခိုင်မာသော စိတ်ဓာတ်၊ သေခြင်းတရားကို ကြောက်ရွံ့မှုကင်းသော စိတ်များ ရှိရပေမည်။ သူက ဤကဲ့သို့ ကျဆုံးသွား၍ မရပေ။
လူအများက ရီဝူချင်းအား ရင်တထိတ်ထိတ်နှင့် ကြည့်နေကြသည်။ သူက နောက်ဆုံးခြေလှမ်းကို လှမ်းနေပြီဖြစ်ကာ သူ၏တကယ်လုံးက တုန်ယင်နေသည်။ လူအများအပြားက စိုးရိမ်နေကြသည်။ လင်းယွီယိုကလည်း ရီဝူချင်းကို စိုက်ကြည့်နေသည်။ မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်ကို သူမသိသည်။ ရီဝူချင်းက သည်နေရာတွင် သေဆုံးသွားနိုင်သည်။
သည်ကောင်လေးကား အလွန်ရူးသွပ်လှသည်။ သူက ခြေလှမ်း ဆယ့်နှစ်လှမ်း လှမ်းပြီးဖြစ်သည်။ သူက အဘယ်ကြောင့် ရှေ့ဆက်တိုးရသနည်း။ သူ၏ အသက်ကို ရင်းခြင်းက ထိုက်တန်မှု ရှိပါသလော။
ဖိအားများကို အန်တုရင်း ရီဝူချင်း၏ ခြေထောက်က မြေပြင်ကို ကျသည်။ ထိုအခိုက်တွင် မဆုံးနိုင်သော ဓားအားလှိုင်းများက သူ့ခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်း သွားကြကာ ရုပ်တုများထံသို့ တိုးဝင်သွားကြသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က ဓားတစ်လက်အလား ဓားစွမ်းအင်များက အဆက်မပြတ် စီးဆင်းနေကြသည်။ သူကား သိသာစွာပင် အောင်မြင်ခဲ့လေပြီ။ ရီဝူချင်းက သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ချင်းမုန်ဒေသမှ လာသူများထဲတွင် လိုဏ်ဂူထဲတွင် ရောက်နေသူများမှာ နှစ်ယောက်တည်းသာ ရှိသည်။ ယနေ့တွင် ရီဖူရှင်းတို့ သုံးယောက်က သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထိုအဖြစ်က ထိတ်လန့်ဖွယ်ပင်။ ချင်းမုန်ဒေသ သမိုင်းတွင် တစ်ချိန်တည်းတွင် သည်မျှ ထူးချွန်သော ပါရမီရှင်သုံးယောယ်ကို တစ်ပြိုင်တည်း မွေးထုတ်ပေးနိုင်သော အင်အားစု မရှိဖူးပေ။ အများစုမှာ နောက်ဆုံး ခြေလှမ်းတွင် ရပ်တန့်ခဲ့ကြရသည်။
ရီဖူရှင်း၏ အကြည့်က ရုပ်တုများထံသို့ တည်ငြိမ်စွာ ရောက်ရှိလာသည်။ သူက လိုဏ်ဂူပေါ်တွင် ထွင်းထုထားသော ရုပ်တုများ၏ အားလှိုင်းများအား ဆက်လက်၍ လေ့လာ ဆင်ခြင်နေသည်။ သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်ကလည်း တစ်ချိန်တည်းတွင် အသက်ဝင်နေရာ အားလှိုင်းတစ်ခုစီကို ရှင်းလင်းစွာ လေ့လာဆင်ခြင်၍ ရသည်။ သူက ပိုမိုဆင်ခြင်လေလေ ထိုရုပ်တုများ၏ အင်အားများကို ပိုမိုသိရှိနားလည်လေ ဖြစ်သည်။ သူက ဧကရာဇ်အရှိန်အဝါအား ထုတ်လွှတ်ရန် ကြိုးစားလိုက်သည်။ ဧကရာဇ်အရှိန်အဝါက နိုဘယ်ရုပ်တုများထံသို့ ရောက်ရှိသွားပြီး နိုဘယ်ရုပ်တုများက ဧကရာဇ်အရှိန်အဝါအား ခစားလိုသောသဘောဖြင့် သူတို့၏ နိုဘယ်အသိများနှင့် အပြန်အလှန် ဆက်သွယ်ခြင်းကို ပြုကြသည်။
သူ ခန့်မှန်းမိသလိုပင် ဒွန်ဟိုင်မြို့တွင် သူ့ခန္ဓာကိုယ်တွင် မွေးဖွားလာသော ဧကရာဇ်အသိမှာ နိုဘယ်အသိထက် အဆင့်မြင့်လေသည်။ သူက ထိုအရာကို မည်သို့ သုံးရမည်ကိုသာ မသိခြင်း ဖြစ်သည်။ ဧကရာဇ် အရှိန်အဝါများ ရစ်ပတ်ထားသော သူ၏ စွမ်းရည်က ထိုအချိန်က အကာနာအဆင့် တန်ခိုးရှင်များကို အနိုင်ယူနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကြည့်ရသည်မှာ သူက ဤနေရာတွင် အတန်ကြာ တန်ခိုးကျင့်နေ၍ ရဟန်တူသည်။ နိုဘယ်လိုဏ်ဂူကား တန်ခိုးကျင့်ရန် အလွန် သင့်တော်သော နေရာပင်။
သူက ဘယ်နှင့်ညာကို ကြည့်လိုက်သည်။ ယူချင်းနှင့် ရီဝူချင်းတို့ကို မြင်လျှင် သူက ပြုံးလိုက်သည်။ သူက ယွန်ရှင်းမိုနှင့် လင်းယွီယိုတို့ကို ကြည့်လိုက်၏။ သူက နိုဘယ်ရုပ်တုနှင့် ဆက်သွယ်ကာ ရုပ်တုများ၏ နိုဘယ်အသိများအား ယွန်ရှင်းမိုထံကို ထုတ်လွှတ်စေသည်။ ထို့နောက် သူက ခေါ်လိုက်သည်… “ယွန်ရှင်းမို…”။
“အင်း…” ယွန်ရှင်းမိုက ရီဖူရှင်းအား လှမ်းကြည့်လိုက်သည်။
“လေ့လာ ဆင်ခြင်ပြီးတော့ ရှေ့ကို ဆက်လျှောက်ကြည့်…” ရီဖူရှင်းက ပြောသည်။
ယွန်ရှင်းမို၏ဘေးမှ လင်းယွီယိုက မချုပ်တည်းနိုင်တော့ဘဲ လှမ်းခေါ်လိုက်သည်… “ဟေး…”
ရီဖူရှင်းက လင်းယွီယိုအား နားမလည်စွာ ကြည့်လိုက်သည်။ သူမ၏ စိတ်ဆိုးသော မျက်လုံးဝိုင်းများကို မြင်လျှင် ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့ပေ။ ဤမိန်းကလေးက မနာလို ဖြစ်နေသည်လား။
သူမအား ကြည့်လျက် ရီဖူရှင်းက ပြောသည်… “တစ်ယောက်ပြီးမှ တစ်ယောက်…” ထို့နောက် သူက အားလှိုင်းများကို ယွန်ရှင်းမို၏ စိတ်နယ်ပယ်ထဲသို့ လမ်းညွှန်ပေးသည်။ ထိုအရာက တိုက်ခိုက်ခြင်း မဟုတ်ဘဲ ယွန်ရှင်းမို လေ့လာဆင်ခြင်ရန် သက်သက်ဖြစ်သည်။
ရီဖူရှင်း၏နောက်မှ ကျောက်ဟန်က အေးစက်စွာ ကြည့်နေသည်။ ရီဖူရှင်းက သူ၏တည်ရှိမှုကိုပင် ဂရုထားပုံ မရတော့။
“ယွန်ရှင်းမို…” ကျောက်ဟန်က ခေါ်လိုက်သည်။ မိန်းကလေးက သူ့အား လှမ်းကြည့်လျှင် သူက ပြောသည်… “တစ်လအတွင်း ပြန်လာခဲ့…”
အကယ်၍ ရီဖူရှင်းကသာ သူ့အား အနိုင်ယူခဲ့လျှင် သူက ထိုကိစ္စအား လျစ်လျူရှုတော့မည်ဟု ပြောခဲ့သည်။ သူ၏ စကားကို ပြန်ပြင်၍ မရတော့ပေ။ သို့သော် သူက ထိုကိစ္စကို မလိုလားရာ ယွန်ရှင်းမိုအား တစ်လ အချိန်ပေးလိုက်ခြင်း ဖြစ်သည်။
ယွန်ရှင်းမို၏ မျက်လုံးများ ညိုမှိုင်းသွားသည်။ ထို့နောက် ကျောက်ဟန်က နောက်ကို လှည့်လျက် ထွက်သွားရန် ဟန်ပြင်လိုက်သည်။
“ငါက မင်းကို သွားခွင့်ပေးလို့လား…” အေးစက်ကာ မောက်မာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ကျောက်ဟန်၏ ခြေလှမ်းများ ရပ်တန့်သွား၏။
***
အတွဲ(၁၁)ပြီးပါပြီ
ဆက်ပါဦးမည်။
***