ရီဖူရှင်းတို့ကလည်း သူ့ကဲ့သို့ ခြေလှမ်း ခုနစ်လှမ်း လှမ်းလိုက်သည်ကို မြင်လျှင် သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ နှာခေါင်းတစ်ချက် ရှုံ့လျက် သူက ရှေ့ကို ဆက်သွားရန် ဟန်ပြင်လိုက်သည်။ ရှစ်လှမ်းမြောက်တွင် ဓားအရှိန်အဝါက အရာအားလုံးကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းသော်လည်း ကျောက်ဟန်ကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ရပ်တန့်ခြင်း မရှိဘဲ သူက ကိုးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သူ၏ခြေထောက်ကို ချလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မှ လေထဲတွင် ဓားအော်သံများကို လူတိုင်းက ကြားရသည်။ လိုဏ်ဂူထံမှ ပိုမို အားကောင်းသော ဓားအားလှိုင်းတစ်ခုက ကျောက်ဟန်ရှိရာသို့ လျင်မြန်စွာ တိုးဝင်လာသည်။ သူက နောက်ထပ် ခြေလှမ်းတစ်လှမ်းကို လှမ်းရန် ကြိုးစားလိုက်သည်။ ဆယ်လှမ်းမြောက်ကား ယခင်က သူ၏ ကန့်သတ်ချက် ဖြစ်သည်။
အလွန် စွမ်းအားကြီးလှသည်။ လူတိုင်းက ကျောက်ဟန်နှင့် တခြားလူများအား ကြည့်နေကြသည်။ ရီဖူရှင်းက ခြေလှမ်းခုနစ်လှမ်းမျှ လှမ်းထားပြီးသော်လည်း နောက်ထပ် ခြေလှမ်းများမှာ ဖြစ်နိုင်ဖွယ် မရှိပေ။ တခြား ပါရမီရှင်ဖြစ်သော မိုဖန်ကား ခြောက်လှမ်းမျှသာ လှမ်းနိုင်သည်။ လီလီယန်ရီ၊ ယွန်ရှင်းမို၊ ယန်ဇီကျီနှင့် လျိုယွန်တို့ အားလုံးမှာ ငါးလှမ်းမျှသာ လှမ်းနိုင်သည်။ သူတို့အတွက် လိုဏ်ဂူမှ အားလှိုင်းများမှာ နောက်ထပ် အန်တုရန် မလွယ်ကူတော့ပေ။
ယန်ဇီကျီနှင့် လျိုယွန်တို့၏ မျက်နှာများ သိပ်မကောင်းတော့ပေ။ သူတို့အားလုံးမှာ ချင်းမုန်ဒေသ၏ နာမည်ကျော်ကြားသော ပါရမီရှင်များ ဖြစ်သော်လည်း သူတို့ထက် အဆင့်နိမ့်သူများ၏ ကျော်ဖြတ်ခြင်းကို ခံရသည်။ နိုဘယ်လိုဏ်ဂူတွင် အားလုံးက အတူတူ သေမင်းခြေလှမ်းကို လှမ်းနေကြရာ ယခုကား မည်သူက အားနည်းသည် မည်သူက ပိုမိုအားကောင်းသည်မှာ သိသာနေပြီ ဖြစ်သည်။
နိုဘယ်လိုဏ်ဂူကား ကန်တောင်ကုန်း ရှေးဟောင်း ကျောက်နံရံများနှင့် ကွဲပြား ခြားနားသည်။ ရှေးဟောင်း ကျောက်နံရံများက တစ်စုံတစ်ယောက်၏ ဆင်ခြင်စွမ်းအားအပေါ် မူတည်သော်လည်း နိုဘယ်လိုဏ်ဂူမူကား စိတ်ဝိညာဉ်စွမ်းအား၊ သာမန်မဟုတ်သော ကိုယ်ရောင်ကိုယ်ဝါ၊ ထူးခြားကောင်းမွန်သော ခံနိုင်ရည်အား၊ အကန့်အသတ်ကို ကျော်လွန်နိုင်သော စွမ်းရည်တို့ကို လိုအပ်ပေသည်။
ရီဖူရှင်းက တခြားလူများအား ဂရုမထားပေ။ အမှန်က ထိုလူများကို သူ မည်သည့်အခါကမှ ခေါင်းထဲ မထည့်ထားပေ။ သူက ရှေးဟောင်း မြေရိုင်းဒေသကို သူ၏ စွမ်းရည်များပိုမို ထက်မြက်စေရန်နှင့် နန်ဒူနိုင်ငံအား ရင်ဆိုင်ရန် အလို့ငှာ လာရောက်ခြင်း ဖြစ်သည်။ သူက နိုဘယ်လိုဏ်ဂူကို ကံစွမ်းအားအတွက်သာ လာရောက်ခြင်း ဖြစ်သည်။ ကျောက်ဟန်ကိုမူကား သူ့ကို ပြဿနာ လာမရှာခဲ့လျှင် ထိုလူကို သူ သိပင်သိမည် မဟုတ်ပေ။ ယခုကား သူက ကျောက်ဟန် သို့မဟုတ် ယန်ဇီကျီနှင့် တခြားလူများအား အာရုံထဲတွင် မရှိတော့ပေ။ သူ၏ မျက်လုံးထဲတွင် ရှေ့က လိုဏ်ဂူကိုသာ သူမြင်သည်။
ရီဖူရှင်းက သဘာဝစွမ်းအားများကို စုစည်းလိုက်လျှင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက တစ်ဖန် ပိုမိုအားကောင်း လာပြန်သည်။ ဘုံကိုးဆင့် နည်းစနစ်ကို အသုံးပြုရင်း သူက ရှေ့ကို နောက်တစ်လှမ်း လှမ်းလိုက်ပြန်သည်။ အားလှိုင်းက သူ့စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာကာ သူ့စိတ်အားအင်များကို ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားက ပိုမိုအားကောင်းလာသည်။ လေထုများ တုန်ခါသွားလျက်ကပင် သူက ကိုးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သူက တစ်ဖန် ကျောက်ဟန်နှင့် တူညီသွားပြန်သည်။
ယခု ကျောက်ဟန်၏ အမူအရာ သိပ်မကောင်းတော့ပေ။ သူက ကိုးလှမ်းမြောက်ကို လှမ်းလိုက်ပြီးဖြစ်ကာ ယခင်က သူ၏ အကန့်အသတ်မှာ ဆယ်လှမ်းဖြစ်သည်။ ရီဖူရှင်းက အမှန်ပင် သူ့အား အမီလိုက်နိုင်သည်။
အလွန် အားကောင်းလှသည်။ ရီဖူရှင်းအား စိုက်ကြည့်လျက် လူတိုင်း၏ ရင်ဘတ်များ တုန်ခါနေကြသည်။ အများစုမှာ နောက်တွင် ကျန်နေရစ်ပြီး ဖြစ်သည်။ ရီရှောင်ကား ငါးလှမ်းမြောက်တွင် နောက်ကို လွင့်စဉ်သွားရသည်။ ယန်ဇီကျီနှင့် လျိုယွန်တို့ နှစ်ယောက်လုံးမှာ ငါးလှမ်းတွင် ရပ်တန့်နေကြသည်။
ဘုန်း…။ သို့သော် ရီဖူရှင်းနှင့် ကျောက်ဟန်တို့အပေါ် တစ်စုံတစ်ယောက်က အလျှော့ပေးလိုပုံ မရပေ။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်လျှင် မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။
ယူချင်းက ရှစ်လှမ်းမြောက်ကို လှမ်းလိုက်ခြင်း ဖြစ်သည်။ နောက်တစ်ဖန် မာန်သွင်းလျက် သူက ကိုးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးကား အလွန်အားပြင်းသော ရွှေအိုရောင် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ထိုစွမ်းအင်များက အဆုံးသတ်ပုံ မရပေ။
ကျောက်ဟန်၊ ရီဖူရှင်းနှင့် ယူချင်းတို့ အားလုံးကား တူညီနေပြီဖြစ်သည်။
ရီဝူချင်းက ရီဖူရှင်းနှင့် ယူချင်းကို မြင်ဟန်တူသည်။ သူကလည်း ရွေ့လျားလိုက်သည်။ သူ၏ခန္ဓာက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပုံရ၏။ သူက မဆုံးနိုင်သော ဓားအားလှိုင်းများထဲသို့ ပျော်ဝင်သွား၏။ မျက်လုံးများ မှိတ်လျက် သူက အရာအားလုံးကို မေ့လိုက်သည်။ ရီဝူချင်းက ရှစ်လှမ်းမြောက်နှင့် ကိုးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သူ၏ ကမ္ဘာထဲတွင် ရီဝူချင်းကား တစ်ယောက်တည်း ဖြစ်သည်။ ထိုကမ္ဘာထဲတွင် ရီဝူချင်းနှင့် သူ၏ ဓားသာ တည်ရှိနေသည်။
ယခုကား လေးယောက်က တူညီသွားပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လျှင် သိမ်းငှက်နက်ကြီးက စိတ်လှုပ်ရှားစွာဖြင့် အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် အော်ဟစ်လိုက်သည်။ တခြားလူများက တုန်လှုပ်စွာ ကြည့်နေကြသည်။ ရီဖူရှင်း၊ ရီဝူချင်းနှင့် ယူချင်းတို့မှာ တစ်အုပ်စုတည်း ဖြစ်ကြသည်။ ယခု သူတို့အားလုံးက ကိုးလှမ်းအထိ လှမ်းနိုင်ပြီး ဖြစ်သည်။ ပရိသတ်များ၏ ထိတ်လန့်မှုကို ခန့်မှန်းနိုင်သည်။ နောက်ထပ် တစ်လှမ်း လှမ်းနိုင်လျှင် သူတို့က ဆယ်လှမ်းမြောက်ကို ရောက်တော့မည် ဖြစ်သည်။ ထိုအရာက ကျောက်ဟန်၏ အကန့်အသတ် ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ကသာ ဆယ်လှမ်း လှမ်းနိုင်လျှင် ကျောက်ဟန်နှင့် တူညီသွားတော့မည် ဖြစ်သည်။
ထိုမြင်ကွင်းက အံ့အားသင့် တုန်လှုပ်ဖွယ် ဖြစ်သည်။
ကျောက်ဟန်ကား ဓားကလန်၏ အတော်ဆုံး ပါရမီရှင်ဖြစ်သည်။ သူ၏ ပါရမီမှာ ထပ်သီးအဆင့်တွင် ရှိပြီး ချင်းမုန်ဒေသ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။
အခြေအနေ မဟန်သည်ကို ခံစားမိလျှင် ကျောက်ဟန်က တစ်ကိုယ်လုံးရှိ အားများကို စုစည်းကာ ဆယ်လှမ်းမြောက်ကို လှမ်းလိုက်သည်။ သူက အော်ဟစ်လိုက်လျှင် သူ၏ဓားအရှိန်အဝါက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လိုဏ်ဂူမှ ထုတ်လွှတ်လာသော ဖိအားများကို အပြင်းအထန် တွန်းလှန်နေရသော်လည်း သူ၏ ဆယ်လှမ်းမြောက်ကို မြဲမြံစွာ ရပ်နိုင်ခဲ့သည်။ နောက်ဆုံး သုံးလှမ်းသာ ကျန်တော့သည်။ ထို့နောက် သူက ဂူထဲကို ဝင်ကာ လိုဏ်ဂူ၏ အနုပညာရသသိကို နီးကပ်စွာ ခံစားလျက် သူ၏ ကံစွမ်းအားများကို ပိုမိုများပြား စေနိုင်တော့မည် ဖြစ်သည်။ သို့သော်လည်း ကျောက်ဟန်က အနားယူရန်ပင် မပြင်ရသေး ရီဖူရှင်းက ရှေ့ကို တိုးလာရန် ဟန်ပြင်သည်ကို မြင်လိုက်ရပြန်သည်။ သူကလည်း ဆယ်လှမ်းမြောက်ကို ရောက်လာသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါကာ ပိုမို၍ အားကောင်းလာသည်။ ယခုတွင်ကား သူ၏ အားလှိုင်းများနှင့် ပေါင်းစပ်လျက် ရီဖူရှင်းက လိုဏ်ဂူ၏ အားလှိုင်းများကို ပြန်လည် တိုက်ခိုက်နေပုံရ၏။
ဘုန်း… ဆယ်လှမ်းမြောက်ကို ရောက်လာလျှင် ကြမ်းတမ်းသော လေပြင်းများက လှိုင်းလုံးများအလား လာရောက် ရိုက်ခတ်ကြသည်။ သူ၏ ဆံပင်ရှည်များ လေထဲတွင် လွင့်မျောနေကာ သူ၏ အဝတ်စများ တဖျတ်ဖျတ် လွင့်ခါနေကြသည်။ ပို၍ ကြောက်စရာ ကောင်းသည်ကား သူ့ထံ လာရောက် တိုက်ခိုက်ကြသော စိတ်ဝိညာဉ် အားလှိုင်းများပင်။ ထိုအရာများက သူ့စိတ်နယ်ပယ်ကို ပြင်းထန်စွာ လာရောက် ဖိအားပေးသည်။
သူကား ထိုနေရာတွင် ရပ်နေသည်။ လူတိုင်း၏ ထိတ်လန့်မှုကား ပြောဖွယ်ရာ မရှိတော့။ ထိုအရာကား ဆယ်လှမ်းမြောက်ဖြစ်သည်။ ကျောက်ဟန်ကဲ့သို့ပင် သူက ဆယ်လှမ်းအထိ လှမ်းနိုင်ပြီ ဖြစ်သည်။ သူတို့သာ သရေကျပါက ကျောက်ဟန် မည်သို့ တုံ့ပြန်မည်နည်း။
ကျောက်ဟန်က သရေရလဒ်အား လက်မခံနိုင်ပေ။ သူ၏ မျက်လုံးများ ပိုမိုစူးရှလာသည်။ သူက ရှေ့ကို ကြည့်လျက် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ ရှိသမျှ အားအင်များကို စုစည်းလျက် သူက နောက်ထပ် ခြေလှမ်း တစ်လှမ်းကို လှမ်းလိုက်သည်။
နောက်ဆုံး သုံးလှမ်းမှာ ကြောက်မက်ဖွယ် အကောင်းဆုံးသော ခြေလှမ်း သုံးလှမ်းဖြစ်ပြီး ပါရမီရှင်ပေါင်း မြောက်မြားစွာအား ရပ်တန့်စေသော နေရာဖြစ်သည်။ တချို့မှာ တန်ပြန်ကန်အားကြောင့် ဒဏ်ရာ အကြီးအကျယ်ပင်လျှင် ရကြသည်။ တစ်ခါက အလွန်ထူးချွန်သော ပါရမီရှင် တစ်ယောက်က နောက်ဆုံး သုံးလှမ်းကို လှမ်းရင်း သေဆုံးဖူးပေသည်။ သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းဟု ခေါ်တွင်သည်မှာ အလကား မဟုတ်ပေ။ သို့သော် တကယ့် သေကွင်း သေကွက် နေရာမှာ နောက်ဆုံး သုံးလှမ်းဖြစ်သည်။ ယခု ကျောက်ဟန်ကား ရီဖူရှင်းကြောင့် ထိုသုံးလှမ်းထဲမှ ပထမခြေလှမ်းကို လှမ်းရပြီ ဖြစ်သည်။
ဓားအားလှိုင်းများက သူ့အား တိုက်စားနေသလား ထင်မှတ်ရသည်။ လိုဏ်ဂူ၏ အားလှိုင်းများက သူ့စိတ်နယ်ပယ်ထဲကို အားကောင်းစွာ ဝင်ရောက် လာကြသည်။ ထိုအခိုက်တွင် ကျောက်ဟန်က မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံစားနေရသည်ကို မည်သူမှ မသိပေ။ သူတို့မြင်သည်ကား ကျောက်ဟန်၏ ခန္ဓာမှာ အလွန်အမင်း တုန်ခါနေသည်ကိုပင်။ မျက်လုံးပေါင်း များစွာက သူ့ထံကို ရောက်လာနေသည်။ ကျောက်ဟန်က တန်ပြန်ကန်အားကြောင့် ဒဏ်ရာ ရသွားမည်လော။
ထိုခြေလှမ်းကား အလွန်အန္တရာယ် များလွန်းလှသည်။ ကျောက်ဟန်၏ ပါရမီနှင့်ပင်လျှင် သူ၏ခြေလှမ်းမှာ မြဲမြံခြင်း မရှိသည်ကို သူတို့အားလုံး မြင်နေကြသည်။ သူ့အား ကြည့်ရသည်မှာ မည်သည့် အချိန်တွင်မဆို လဲပြိုသွားတော့မည့်ဟန် ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ယွန်ရှင်းမိုပင်လျှင် ရှေ့ကို လှမ်းနေရာမှ ရပ်လျက် ကျောက်ဟန်ကို ကြည့်လိုက်သည်။ မိုဖန်၊ လီလီယန်ရီ၊ ယန်ဇီကျီနှင့် တခြားလူများက ကျောက်ဟန်၏ ဆယ့်တစ်လှမ်းမြောက် ခြေလှမ်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
လေထဲက သူ့အား ဂုဏ်ပြုသည့်အလား တဝီဝီ အော်မြည်နေကြသည်။ အတန်ကြာလျှင် ကျောက်ဟန်၏ ခန္ဓာကိုယ်ကား တည်ငြိမ်သွားသည်။ သူက လေပူများကို မှုတ်ထုတ်လျှင် မျက်လုံးများကို ဖွင့်လိုက်လျှင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို သိပ်သည်းသွားသည်ကို လူတိုင်းက မြင်ကြရသည်။
ဆယ့်တစ်လှမ်း။ လူတိုင်းက အံ့အားသင့်ကြရသည်။ ကျောက်ဟန်က နောက်ဆုံး သုံးလှမ်းမှ ပထမ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီး သူ၏ ယခင် အကန့်အသတ်အား ကျော်ဖြတ်နိုင်ခဲ့သည်။
“ဒီခြေလှမ်းကို မင်း ဘယ်လို လှမ်းမလဲ…” ကျောက်ဟန်က မေးလိုက်သည်။ သူ၏ လေသံက မောက်မာ ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ ရီဖူရှင်းက ဆယ်လှမ်းအထိ လှမ်းနိုင်ခဲ့ပြီး သူ၏ လက်ရှိအခြေအနေက လုံလောက်ပြီဟု ပြောနိုင်သော်လည်း ကံမကောင်းစွာပင် ကျောက်ဟန်က သူ၏ ယခင်စံချိန်ကို ကျော်ဖြတ်ကာ ဆယ့်တစ်လှမ်းအထိ လှမ်းနိုင်ခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်မှသာလျှင် ထိုခြေလှမ်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိမည်ဖြစ်သည်။ ရီဖူရှင်းက ထိုသို့ လုပ်နိုင်မည်ဟု သူမယုံပေ။ အကယ်၍ သူလှမ်းရန် ကြိုစားပါက သူသေရမည်ဟု ကျောက်ဟန် ယုံကြည်သည်။
“ပါးစပ်ပိတ်ထားစမ်း…” ရီဖူရှင်းက ကျောက်ဟန်အား အေးစက်စွာ ကြည့်ကာ ပြောသည်။ တွန့်ဆုတ်ခြင်း မရှိဘဲ သူကလည်း နောက်ဆုံး သုံးလှမ်း၏ ပထမခြေလှမ်းကို စတင် လှမ်းလိုက်သည်။
ထိုအခိုက်တွင် လိုဏ်ဂူတစ်ခုလုံး အလင်းရောင်များ ဝင်းလက် တောက်ပလာသည်ဟု ရီဖူရှင်း ခံစားရသည်။ ထိုကြီးမားလှသော လိုဏ်ဂူကြီး၏ အားအင်များ အားလုံးက သူ့ထံ စုပြုံ၍ ရောက်ရှိလာသည်ဟု သူခံစားရသည်။ ပိုမိုဆိုးရွားသည်မှာ ရုပ်တုများ ဖြစ်သည်။ ရုပ်တုများထံမှ ကိုယ်ပွားပုံရိပ်များ ဖြစ်ပေါ်လာပြီး သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာကြသည်။ သူတို့က နိုဘယ်တန်ခိုးရှင်များ အလား သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာကြခြင်းပင်။ တုနှိုင်းမဲ့ ဖိအားများက သူ၏ စိတ်နယ်ပယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ကြတော့သည်။ နောက်ဆုံး ခြေလှမ်းသုံးလှမ်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ရီဖူရှင်း သိလိုက်သည်။ ယခင်က ကျောက်ဟန်၏ ကန့်သတ်ချက်မှာ ဆယ်လှမ်းဖြစ်သည်မှာ မထူးဆန်းတော့ပေ။
ယခုတွင် ရီဖူရှင်းက သူ၏ မျက်လုံးများအား မှိတ်လိုက်သည်။ သူ့စိတ်နယ်ပယ်ထဲတွင် ရီဖူရှင်းက နိုဘယ်ရုပ်တုများနှင့် ရင်ဆိုင်နေရသည်။ အလွန် အားကောင်းသော ဖိအားများက သူ့စိတ်နယ်ပယ် တစ်ခုလုံးကို ဖိနှိပ်ထားသည်။ ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ ထိုအရာကား အလွန်အားကောင်းသော လူဝံကြီးဖြစ်သည်။ သူ့တွင် အလွန် ရုန့်ရင်းကြမ်းတမ်းသော အားအင်နှင့်အတူ နှင်တံတစ်ချောင်းအား ကိုင်ဆောင်ထားသည်။ ထိုလူဝံကြီးကား ရီဖူရှင်း၏ လူဝံသက်စောင့်ဝိညာဉ် ဖြစ်သည်။
ဘုံးကိုးဆင့် တိုက်ကွက်ကာ လောကသုံးပါးအား ဖျက်ဆီးနိုင်သည်။ ယခင်က လူဝံကြီးက ကောင်းကင် စစ်သည်များအား သူ၏ နှင်တံဖြင့် ဖျက်ဆီးခဲ့သည်။ ယခုလည်း နိုဘယ်အားလှိုင်းများက လူဝံသက်စောင့်ဝိညာဉ်အား ဖျက်ဆီးနိုင်ခြင်း မရှိပေ။ လူဝံကြီးက ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲလိုက်သည့်အလား သူ၏ နှင်တံကြောင့် ရီဖူရှင်း၏ စိတ်နယ်ပယ်အား လာရောက် ဖိအားပေးသော အားလှိုင်းများကို ဖယ်ရှားပစ်လိုက်သည်။ ထိုမျှဖြင့် နှင်တံ၏ ရိုက်ချက်က မရပ်တန့်ပေ။ ထိုကြောက်မက်ဖွယ် ကောင်းသော ရိုက်ချက်က ရုပ်တုများကိုပါ ပြိုကွဲပျက်စီးစေသည်။
သူ၏ စိတ်နယ်ပယ်ထဲတွင် ရုပ်တုများ ပြိုကွဲသံ လေထဲ ပေါက်ကွဲသံများ ကြားရသည်။ ထို့နောက် ရီဖူရှင်းက ဆယ့်တစ်လှမ်းမြောက်ကို တည်ငြိမ်စွာ လှမ်းလိုက်သည်။ ထိုအခိုက်တွင် မျက်လုံးပေါင်းများစွာက ရီဖူရှင်းထံကို ရောက်ရှိလာကြသည်။ သူကား လောကကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်သော အရှိန်အဝါဖြင့် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ယန်ဇီကျီနှင့် လျိုယွန်တို့က ရီဖူရှင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်ကြသည်။ သူက အမှန်ပင် ခြေလှမ်း ဆယ့်တစ်လှမ်းမြောက်ကို ရောက်လာသည်။
ရီဖူရှင်း၏ဘေးမှ ကျောက်ဟန်က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူက သူ၏ ယခင် အကန့်အသတ်ကို ကျော်လွန်ကာ ဆယ့်တစ်လှမ်းကို ခက်ခဲစွာ လှမ်းခဲ့ရရာ ယခု ဆက်လက်လှမ်းရန် မတတ်နိုင်တော့ပေ။ နောက်ဆုံး နှစ်လှမ်းမှာ သူ့အတွက် မဖြစ်နိုင်တော့ပေ။ သို့သော် ရီဖူရှင်းက သူနှင့် တူညီနေဆဲဖြစ်သည်။
“မင်းက ငါနဲ့ သရေကျလိမ့်မယ်လို့ မယုံကြည်နိုင်ဘူး…” ကျောက်ဟန်၏ လေသံတွင် မောက်မာမှုများ ပျောက်ဆုံးသွားကာ ထိတ်လန့်မှုများ ပါဝင်နေသည်။ သို့သော် ရီဖူရှင်းက ကျောက်ဟန်အား လျစ်လျူရှုလျက် သူ၏ ခြေလှမ်းအား ထပ်မြှောက်လိုက်သည်။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။
သူက ရှေ့ဆက် တိုးသွားသည်လား။ သူရူးနေသည်လား။
ရီဖူရှင်းကား ဤနေရာကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ သူက ဆယ့်တစ်လှမ်းသော ခြေလှမ်းကို လှမ်းပြီးဖြစ်သော်လည်း ယခုပုံစံအရ သူ ဆက်လှမ်းနိုင်စွမ်း ရှိနေသေးသည်။
သူတို့၏ ထိတ်လန့်နေသော မျက်လုံးများ အောက်တွင်ပင် ရီဖူရှင်းက ထပ်လှမ်းလိုက်ပြန်သည်။ နိုဘယ်အားလှိုင်းက သူ့ထံ ဆင်းသက်လာလျှင် ရှောင်ဖယ်မည့်အစား ရီဖူရှင်းက သူ၏ ကြောက်မက်ဖွယ် အားလှိုင်းများဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ထိုအခိုက်တွင် သူကား နတ်ဘုရားတစ်ပါး အလားပင်။ မည်သည့် အားအင်ကမှ သူ့အား မဖျက်ဆီးနိုင်ပေ။
ဆယ့်နှစ်လှမ်း။ လူတိုင်း၏ အံ့အားသင့်မှုကား ဆိုဖွယ်ရာ မရှိတော့ပေ။ ရီဖူရှင်းက ဆယ့်နှစ်လှမ်း လှမ်းလိုက်ပြီဖြစ်သည်။ ရှေ့ဆုံးတွင် သူတစ်ယောက်တည်း ရှိသည်။
ဒါက… ပရိသတ်များက မည်သို့မှ မတုံ့ပြန်နိုင်မီမှာပင် ရီဖူရှင်းက မရပ်တန့်သေးသည်ကို သူတို့ သတိထားမိလိုက်သည်။ သူ၏ ခြေထောက်ကို ထပ်မြှောက်လိုက်ပြန်သည်။ မျက်လုံးပေါင်းများစွာက ထိုတည်ငြိမ်သော ပုံသဏ္ဌာန်ထံ ရောက်နေသည်။ သူက နောက်ဆုံး ခြေလှမ်းကို လှမ်းတော့မည်လော။
ဘုန်း…။ ရီဖူရှင်းက သူ၏ ခြေထောက်ကို ချလိုက်လျှင် လိုဏ်ဂူ၏အရှေ့မှ လေထုက တုန်ခါသွားသည်။ လူတိုင်း၏ စိတ်နှလုံးကလည်း တူညီစွာ တုန်ခါသွားကြသည်။
***