ရီဖူရှင်း၏မေးခွန်းကို ကြားလျှင် နန်ဒူတိုင်၏ ရင်ဘတ်များ တလှိုက်လှိုက် ခုန်လာသည်။ အကယ်၍ ဟွာဂျီယူကသာ ဧကရီဘုရင်မဖြစ်ရန် ကံကြမ္မာပါလာပါက ရီဖူရှင်း၏ကံကြမ္မာက အဘယ်နည်း။ သူကား သက်စောင့်ဝိညာဉ်နှစ်ခုနှင့် ဓာတ်စွမ်းအင် မျိုးစုံသုံး မှော်ထိန်းချုပ်သူဖြစ်သည်။ သူ့မှော်ပညာနှင့် သိုင်းပညာကလည်း သူ့တန်ခိုးအဆင့်တွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ တန်ခိုးအဆင့်တူကို မဆိုထားနှင့် သူကား အမှန်တကယ် တိုက်ခိုက်လျှင် ဓမ္မအဆင့်ကိုပင်လျှင် အနိုင်ယူနိုင်စွမ်း ရှိပုံရသည်။ နန်ဒူနိုင်ငံအတွင်း ရီဖူရှင်း လုပ်နိုင်သကဲ့သို့ လုပ်ဆောင်နိုင်သော သူ နောက်တစ်ယောက် ရှိအံ့မထင်။
ဝန်ကြီးချုပ်ကျိုက သည်လူငယ်၏ အနာဂတ်ကို ကြည့်ခဲ့သည်။ ဤသို့ဆိုလျှင် သူ့ကံကြမ္မာမှာ အဘယ်နည်း။
နန်ဒူတိုင်က ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းကို အဘယ်ကြောင့် ဝန်ကြီးချုပ် အမိန့်ပြား ပေးအပ်ခဲ့သည်ကို နားမလည်ခဲ့ပေ။ သို့သော် ယနေ့ မြင်ကွင်းကို မြင်ပြီးသောအခါ သည်အပြုအမူ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များ ပါရှိကြောင်း သူသိလိုက်ပြီဖြစ်သည်။
“ခင်ဗျားကသာ ကျုပ်ကို ယုံကြည်ပေးမယ်ဆိုရင်… ကျုပ်က အတိတ်က အဖြစ်အပျက်တွေကို မေ့ပစ်နိုင်တယ်… ကျုပ်က ထီးနန်းကို ရယူတဲ့နေ့ ရောက်လာတဲ့အခါ နန်ဒူက အရင်က ခမ်းနားမှုတွေကို ပြန်ရပြီး တော်ဝင်မိသားစု ပြန်ဖြစ်လာစေရမယ်…” ရီဖူရှင်းက ပြောသည်။ ထိုစကားကိုကြားသည်နှင့် ဝန်ကြီးချုပ်ဟွာက သူ့ထိုင်ခုံနေရာမှ ထရပ်လိုက်သည်။ သူ၏လူသတ်လိုသော အရှိန်အဝါများ ပိုမို ပြင်းထန်လာသည်။
ရီဖူရှင်းက သူထီးနန်း ရယူမည့်နေ့ကို ပြောခဲ့သည်။ သူ၏စကားများကား ပြတ်သားလှကာ နောက်ကွယ်တွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်သည်။ သူက ဧကရာဇ်၏ အမိန့်တော်ကို ဖီဆန်လိုသည် သာမက တစ်နေ့ သူက တော်ဝင်မိသားစုနေရာကို အစားဝင်ရန်ပင် စိတ်ကူးရှိသည်။
ဒွန်ဟိုင်မြို့တော်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ အသက် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးက သည်မျှ ရဲတင်းသော စကားကို ပြောခဲ့သည်။ သို့သော်လည်း သူ့အရည်အချင်း ပါရမီများ အရ သူပြောသည်မှာ လုံးဝဖြစ်နိုင်သည်။ သည်နေ့တွင် သူမသေခဲ့ပါက ထိုနေ့ရက် အမှန် ရောက်လာလိမ့်မည်။
ရီဖူရှင်းက သူ့အရည်အချင်း ပါရမီအား ထုတ်ပြခဲ့သည်။ ဓာတ်စွမ်းအင်မျိုးစုံသုံး မှော်ထိန်းချုပ်သူ။ သက်စောင့်ဝိညာဉ် နှစ်ခုအပြင် ဧကရာဇ်ဖြစ်ရန် ခိုင်မာသော ဆုံးဖြတ်ချက်။ ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါ စသည်တို့က နန်ဒူတိုင်အား သူ့ဆုံးဖြတ်ချက်။ သူ့ရည်မှန်းချက်များအား သက်သေပြနေသည်။
ရီဖူရှင်းက ယခုသူ၏ အခြေအနေမှာ ဧကရာဇ်အား ဆန့်ကျင်ရန် အင်အား မရှိသည်ကို သိသည်။ ထို့အပြင် သူက နန်းမြို့တော်ကို ရောက်လျှင်လည်း သေရမည်ကို သူသိသည်။ သူက သည်အရာကို လက်မခံနိုင်ရာ ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ရလဒ်ကား ယနေ့ ဖြစ်ပျက်ခဲ့သမျှပင်။ သူလိုချင်သည်ကား သူ့အရည်အချင်းများအား နန်ဒူတိုင်ကို မြင်သိစေရန်ဖြစ်သည်။ သူတို့မိသားစု သိစေရန်ဖြစ်သည်။
ရီဖူရှင်းက ထိုသို့ပြောလိုက်ချိန် ယိချန်ကား ရီဖူရှင်းဘေးတွင် ရှိနေသည်။ ရီဖူရှင်းက ဧကရာဇ်၏အမိန့်ကို သာမန်ဖီဆန်ခြင်း မဟုတ်တော့ကြောင်း သူသိသည်။ ဝန်ကြီးချုပ်ဟွာက သူ့အား လွှတ်ပေးရန် လုံးဝမဖြစ်နိုင်တော့ပေ။ ရီဖူရှင်း၏စကားက နန်ဒူတိုင်ကို တွေဝေစေသည်။ သည်လူငယ်၏ စကားကြောင့် နန်ဒူ တစ်မိသားစုလုံးအား ထိန်းချုပ်ထားသော သည်လူကြီး သည်မျှတွေဝေ သွားရသည်မှာ ထူးဆန်းလွန်းလှသည်။
“နန်ဒူမိသားစုက ကျရှုံးနေပြီးသား… လူငယ်မျိုးဆက်တွေကလည်း သာမန်ပဲရှိတယ်… နန်ဒူက တစ်ချိန်က တော်ဝင်မင်းဆက် ဖြစ်ခဲ့တယ်ဆိုတာကို အမှီပြုပြီး နေခဲ့ကြတယ်… အခု ဧကရာဇ်က နန်ဒူကို လက်ထပ်ပွဲ ကမ်းလှမ်းလိုက်တာနဲ့ သူတို့က ပျော်ရွှင်နေကြတယ်… လူတွေက မသိရင် ခင်ဗျားတို့က ထီးနန်းကို ပြန်ရလို့ ပျော်နေတယ် ထင်နေကြဦးမယ်… အမှန်တကယ်က နန်ဒူက ပုရွက်ဆိတ်လောက်ပဲ အင်အားရှိတော့တယ်… ခင်ဗျားတို့ရဲ့ ခမ်းနားမှုတွေကို ဘယ်လို ပြန်ယူမှာလဲ… ဂျီယူကို အားကိုးပြီးတော့လား… ခင်ဗျားတို့ပြောသလို သူလိုက်နာခဲ့ရင်ရော ခင်ဗျားတို့ကို ဂျီယူက မမုန်းဘူးလို့ ပြောနိုင်လား…” နန်ဒူတိုင် တွေဝေနေသည်ကို မြင်လျှင် ရီဖူရှင်းက ထပ်ပြောလိုက်သည်။ နန်ဒူတိုင်က ဟွာဂျီယူအား လှည့်ကြည့်လိုက်သည်။ ဟွာဂျီယူက အေးစက်စွာ ရပ်နေပြီး မည်သို့မှ မပြောပေ။ အမှန်တကယ် အားဖြင့်လည်း ရီဖူရှင်းပြောသည်မှာ မှန်ကန်ကြောင်း နန်ဒူတိုင် သိသည်။ သို့သော် ရီဖူရှင်းပြောသည်ကို သူက အသိအမှတ်ပြုလိုက်ပါက အကြောင်းပြချက် တစ်ခုသာရှိသည်… ထိုအရာကား။ ပုန်ကန်ခြင်း…။
နန်ဒူမိသားစုက ထီးနန်းမှ ဖယ်ပေးလိုက်ရကတည်းက သူတို့၏ အပြုအမူများအား အမြဲတမ်း သတိထားခဲ့ကြရသည်။ တော်ဝင်မိသားစု အသစ်က သူတို့အား သံသယ ဖြစ်စေမည့် အပြုအမူများအား မလုပ်မိစေရန် အလွန် သတိထားကြရသည်။ လျိုမိသားစုက သူတို့အား သမိုင်းမှ ဖယ်ထုတ်ပစ်လိုက်မည်ကို ကြောက်လန့်ခဲ့ကြသည်။ ဟွာဂျီယူက ကြင်ရာတော် မင်းသမီးအဖြစ် ချီးမြှောက်ခြင်း ခံရကြောင်း သတင်းရသောအခါ သူတို့တွင် မျှော်လင့်ချက် ရောင်ခြည် သန်းလာခဲ့သည်။ သူတို့က ချောက်ကမ်းပါး အနီးတွင် လမ်းလျှောက်နေစရာ မလိုတော့။ အကယ်၍ သူတို့က ရီဖူရှင်းနှင့်အတူ တော်လှန်ခဲ့ပါက ရီဖူရှင်းကြောင့် သူတို့၏အတိတ်မှ ခမ်းနားမှုများ ပြန်ရလာနိုင်သော်လည်း အကယ်၍ လမ်းခုလတ်တွင် မှားယွင်းမှု တစ်စုံတစ်ရာရှိလျှင် သူတို့ တစ်မိသားစုလုံးမှာလည်း အဆုံးသတ်ကြရမည် ဖြစ်သည်။
“ငါမင်းရဲ့ ကံကြမ္မာကို မသိဘူး… သိလည်း မသိချင်ဘူး… ဝန်ကြီးချုပ်ကျိုက မင်းကို ဝန်ကြီးချုပ် အမိန့်ပြား ပေးခဲ့တဲ့အတွက် ဧကရာဇ်က မင်းကို ယုံကြည်ပြီးတော့ အိမ်ရှေ့စံရဲ့ ပညာသင်ဘက်အနေနဲ့ ချီးမြှင့်ခဲ့တယ်… ဒါပေမဲ့ မင်းက ကျေးဇူးမတင်တဲ့အပြင် ဒီလို ဆိုးရွားတဲ့ အကြံအစည်မျိုးတောင် ရှိနေမှတော့ မင်းရဲ့ အသက်က ဒီနေ့ ဒီနေရာမှာ အဆုံးသတ်တာပေါ့…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ သူက ရီဖူရှင်းအား သေမိန့်ပေးလိုက်ပြီ။
ဝန်ကြီးချုပ်ဟွာက သူ့အာရုံကို နန်ဒူတိုင်ထံ ပြောင်းလိုက်ကာ ပြောလိုက်သည်… “နန်ဒူအစ်ကို… သူနဲ့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး… ဒါက ခင်ဗျားရဲ့ နန်းတော်ဖြစ်နေမှတော့ ခင်ဗျားက သူ့ကို အဆုံးသတ် ပေးသင့်တယ်… သူ့အသက်ကို ယူရာမှာ ခင်ဗျားက ဦးဆောင်လိုက်တော့… ဧကရာဇ်က ခင်ဗျားရဲ့ အပြုအမူကို သဘောကျမယ်လို့ ကျုပ်ယုံတယ်…”
ကြည့်ရသည်မှာ ဝန်ကြီးချုပ်ဟွာမှာလည်း ရီဖူရှင်း၏ပါရမီနှင့်ပတ်သက်၍ မူလက သိရှိပုံမရပေ။ သူက နန်ဒူတိုင်အား ရီဖူရှင်းကို ဝင်လာခွင့် ပေးခိုင်းခြင်းမှာ သည်လူငယ်က ဧကရာဇ်၏အမိန့်တော်ကို ဖီဆန်ခြင်းအား လိုချင်၍ ဖြစ်သည်။ ထိုနည်းဖြင့် သူက ရီဖူရှင်းကို နန်းမြို့တော်ကို ခေါ်သွားစရာမလိုတော့ဘဲ သည်နေရာတွင်ပင် သတ်ဖြတ်နိုင်သည်။ သူက နန်းမြို့တော်ကို လိုက်လာခဲ့လျှင်ပင်။ ဝန်ကြီးချုပ်ကျိုက သူ့အား ကာကွယ်ပေးလျှင်ပင် ဧကရာဇ်၏ ဆန္ဒကို မည်သူက တားဆီးရဲပါမည်နည်း။ မည်သို့ပင်ဆိုစေ သည်နေရာတွင်ပင် ရီဖူရှင်းကို ရှင်းလင်းခဲ့ခြင်းက ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ပေသည်။
သို့တိုင်အောင် ယနေ့ ရီဖူရှင်းက နန်ဒူတိုင်အား တွေဝေအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သည်အခြေအနေအရ ရီဖူရှင်းမှာ မည်မျှ ပါရမီပါသည်ကို အလွယ်တကူ မြင်နိုင်သည်။ နန်ဒူတိုင်က ရီဖူရှင်းအပေါ် ဝန်ကြီးချုပ်ကျို၏ ဟောကိန်းအား ခန့်မှန်းမိပြီး ဖြစ်ဟန်တူသည်။ သူကား ထူးခြားအံ့ဖွယ်အရာများ လုပ်ဆောင်ရန် မွေးဖွားလာသူ ဖြစ်သည်။
နန်ဒူတိုင်က ဝန်ကြီးချုပ်ဟွာက သူ့ကို စိုက်ကြည့်နေသည်ကို သိသည်။ ဝန်ကြီးချုပ်ဟွာက သူ့အား ဆုံးဖြတ်ချက် ချခိုင်းနေခြင်းဖြစ်သည်။ နန်ဒူမိသားစုကား ဒွန်ဟိုင်မြို့တော်တွင် လူမှုရေးအရ အလွန်နက်ရှိုင်းစွာ တည်ရှိနေသည်။ သို့သော် ဝန်ကြီးချုပ်ဟွာက သူ့လူများအား ခေါ်ဆောင်လာသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ဒွန်ဟိုင်ကျောင်းတော်အား ထိန်းချုပ်ထားကာ စွမ်းအားမြင့်သူများ အားလုံး သည်နေရာတွင် ရှိနေသည်။ ထို့အပြင် ရှာဖိန်နှင့် သူ့လူများက နန်ဒူနန်းတော်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ အကယ်၍ သူတို့က တော်လှန်လိုသည်ဆိုလျှင်ပင် သူတို့အနိုင်ရမည့် အခွင့်အလမ်းမှာ နည်းပါးလွန်းလှသည်။ နန်ဒူမိသားစုမှ လူအများအပြား သေကျေကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဧကရာဇ်၏ရန်မှ လွှတ်အောင် သူတို့က ပြေးနေရတော့မည်ဖြစ်သည်။ ထိုအရာများ အားလုံးက သည်လူငယ်လေး တစ်ယောက်အတွက် ထိုက်တန်သလော။ နန်ဒူတိုင်က တော်လှန်ရန် သဘောတူခဲ့လျှင်ပင် လမ်းခုလတ်တွင် ရီဖူရှင်းက အသတ်ခံခဲ့ရပါက မည်သို့ဖြစ်မည်နည်း။
“ဦးရီး… ရီဖူရှင်းနဲ့ ဂျီယူတို့ရဲ့ ပါရမီနဲ့ဆို အနာဂတ်မှာ သူတို့က အများကြီး တိုးတက်လာမှာပဲ… ဒီနေ့ သူတို့နှစ်ယောက်ကို ဒီကနေ ဘေးကင်းကင်းနဲ့ လွှတ်အောင် လုပ်ပေးရုံပဲ… ကျွန်တော်တို့က ဂျီယူကို နန်းမြို့တော်ကို လွှတ်ခဲ့ရင်တောင် ဂျီယူက နန်ဒူကို မုန်းနေမှာပဲ… ဒီနည်းလမ်းနဲ့ နန်ဒူက အရင်က ခမ်းနားမှုတွေကို ပြန်မရနိုင်ဘူး…” နန်ဒူတိုင်၏နားထဲအား စိတ်အားအသံလှိုင်းတစ်ခု ဝင်လာသည်။ နန်ဒူတိုင်အား စိတ်စွမ်းအားဖြင့် လှမ်းပြောလိုက်သည်မှာ နန်ဒူဝန်ရှန်းဖြစ်သည်။ သည်နည်းလမ်းဖြင့် မည်သူမှ သူတို့စကားသံအား ကြားရမည်မဟုတ်ပေ။
ကြယ်စင်ဧကရာဇ် ကျောင်းတော်မှ လူများအားလုံးက သူတို့၏ ဖန်ခွက်များအား ချလိုက်သည်။ ကြည့်ရသည်မှာ သူတို့အားလုံး လာမည့် တိုက်ပွဲအတွက် ပြင်ဆင်ထားကြပုံရသည်။ အကယ်၍ နန်ဒူတိုင်က တော်လှန်မည်ဆိုပါက သူတို့က ရီဖူရှင်းနှင့် ဟွာဂျီယူအား ပထမဆုံး သတ်ကြမည် ဖြစ်သည်။ သူတို့နှစ်ယောက်အား ပထမဆုံး ရှင်းပစ်ခြင်းက အနာဂတ် ပြဿနာများအား အေးငြိမ်းစေမည် ဖြစ်သည်။ အကယ်၍ နန်ဒူတိုင်က တော်လှန်ခြင်း မရှိခဲ့ပါက အခြေအနေက ပိုမို၍ အေးဆေးမည်ဖြစ်သည်။
“အစ်ကို နန်ဒူ… ခင်ဗျားက တွေဝေနေတာလား…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ သူက နန်ဒူတိုင်ကို ဖိအား ပေးနေခြင်းဖြစ်သည်။ နန်ဒူတိုင်က ဝန်ကြီးချုပ်ဟွာနှင့် သူ့လူများအား ကြည့်လိုက်သည်။ သူ့တွင် ထူးဆန်းသော ပုံစံပြလျှင်ပင် သည်လူများက ချက်ချင်း သူ့ကို တိုက်ခိုက်ကြမည်ကို သူသိသည်။
“ရီဖူရှင်းက ဧကရာဇ်ရဲ့ အမိန့်တော်ကို သွေဖည်ခဲ့တယ်… ဒါကြောင့် သူက သေသင့်တယ်… သူ့ကို သတ်စမ်း…”
နောက်ဆုံးတွင် နန်ဒူတိုင်က ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ရီဖူရှင်းအပေါ်တွင် နန်ဒူတစ်မိသားစုလုံး၏ အသက်နှင့်ရင်း၍ ဆုံးဖြတ်ချက် မချရဲပေ။
သည်ကဲ့သို့ အမိန့်မျိုးပေးခဲ့လျှင် သူအများအပြား ဆုံးရှုံးရတော့မည်ကို နန်ဒူတိုင် သိသည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ ဝန်ကြီးချုပ်ဟွာက သူ့ကို ဖိအား ပေးနေသည်။ နောက်တစ်လမ်းကား တော်လှန်ရန် ဖြစ်သည်။ ရီဖူရှင်းက သူမည်မျှ စွမ်းသည်ကို ယနေ့ ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် ယနေ့သူ့အား သတ်ခြင်းက အနာဂတ်တွင် ဖြစ်လာနိုင်သော ရန်သူအား သုတ်သင်ခြင်းဖြစ်သည်။ ဟွာဂျီယူက သူ့အား အလွန်မုန်းတီးမည် ဆိုလျှင်ပင် သူက သည်ကဲ့သို့ ဆုံးဖြတ်ရမည်ဖြစ်သည်။
သည်အဖြစ်အပျက်များ အားလုံးမှာ ရီဖူရှင်း အပြစ်ဟု သူတွေးသည်။ သူ့အတွက် ဘယ်အရာက ကောင်းသည်ကို သူတွေးတတ်လျှင် ယနေ့ သည်နေရာကို မလာသင့်ပေ။ မဟုတ်လျှင် နန်ဒူတိုင်က သူ့အားသတ်ရန် ဖြစ်လာစရာမရှိဟု တွေးသည်။ ထိုတာဝန်က ဝန်ကြီးချုပ်ဟွာထံ ရောက်ရှိသွားမည်ဖြစ်သည်။
ထိုနေရာရှိ ပရိသတ်များက ရီဖူရှင်းအတွက် သက်ပြင်းချနေကြသည်။ နောက်ဆုံးတွင် သူကား ကျရှုံးခဲ့ရသည်။ နန်ဒူတိုင်က သူ့အား သတ်ရန် ဆုံးဖြတ်ပြီးကာ သူ့မိသားစုအား အလောင်းအစား လုပ်ရန် ဆန္ဒရှိပုံမရပေ။
ဟွာဂျီယူ။ နန်ဒူဝန်ယမ်နှင့် နန်ဒူဝန်ရှန်းတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ဟွာဂျီယူ၏လှပသော မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
သို့သော်လည်း နန်ဒူတိုင်အား ကြည့်ကာ ရုတ်တရက်ပင် ရီဖူရှင်းက ရယ်မောလိုက်သည်။ နောက်ဆုံးတွင် သူကားကျရှုံးခဲ့ရသည်။ နန်ဒူတိုင်အား သူ့ဘက်တော်သားဖြစ်ရန် မလုပ်ဆောင်နိုင်ပေ။
“အရူး…အခု ရှုံးသွားတော့ မင်းက ပျော်နေတာလား…” ယိချင်က အသံနှိမ့်လျက် ရီဖူရှင်းကို ငေါက်ငမ်းလိုက်သည်။
“အစီအစဉ်က လူတွေဆီမှာရှိပြီး ရလဒ်က ကောင်းကင်က ဆုံးဖြတ်တယ်…ကျွန်တော်က မကြိုးစားကြည့်ရင် ဘယ်လိုလုပ်သိမှာလဲ…” ရီဖူရှင်းက တည်ငြိမ်စွာပြောသည်။ ထို့နောက် သူက ယိချန်ကို ပြောသည်… “ကျွန်တော်က အရူးမှန်း ဆရာကြီးက သိနေမှတော့ အခုဘာလို့ မသွားသေးတာလဲ…”
“ငါလည်း အရူးဖြစ်လို့ နေမှာပေါ့…” ယိချန်က ပြန်ဖြေသည်။ သူက ရီဖူရှင်း၏ရှေ့ကို လှမ်းထွက်လိုက်သည်။
ရီဖူရှင်းက ယိချန်၏နောက်ကျောကို ကြည့်ကာ ရင်ဘတ်ထဲတွင် နွေးထွေးသလို ခံစားရသည်။
ထိုစဉ်မှာပင် နန်ဒူမိသားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များ ရှေ့ကို ထွက်လာကြသည်။ သူတို့အားလုံးက လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။ သူတို့မှာ လူငယ်မျိုးဆက်မှ ဓမ္မအဆင့် တန်ခိုးရှင်များ မဟုတ်ကြတော့ပေ။
“မင်းကလည်း ပုန်ကန်ချင်လို့လား…” ဝန်ကြီးချုပ်ဟွာက ယိချန်ကို အေးစက်စွာပြောသည်။
ယိချန်က စကားပြောမည် လုပ်စဉ်မှာပင် ရီဖူရှင်းက သူ့ရှေ့ကို လှမ်းလာကာ ပြောလိုက်သည်… “ဆရာကြီးက ကျွန်တော်နဲ့ အခုထိနေပေးတာပဲ ရပါပြီ… ကျွန်တော့်ကိစ္စကို ကျွန်တော် ရှင်းမယ်… ခင်ဗျား ဝင်ပါစရာ မလိုဘူး… ခင်ဗျား ထွက်သွားတာ ကျွန်တော် လိုချင်တယ်…”
“မင်းတို့တွေ ဒီကို လာမှတော့ ပြန်သွားဖို့ မစဉ်းစားနဲ့တော့…” ဝန်ကြီးချုပ်ဟွာက ပြောသည်… “အစ်ကိုနန်ဒူ… သူတို့နှစ်ယောက်ကို ခင်ဗျားလက်ကို အပ်လိုက်မယ်…”
နန်ဒူတိုင်က ခေါင်းညိတ်လိုက်ပြီး ရှေ့ကို ကိုယ်တိုင် ထွက်လိုက်သည်။ အားလှိုင်းတစ်ခုက သူ့ကိုယ်မှ စိမ့်ထွက်လာကာ ကြောက်မက်ဖွယ် စွမ်းအားများ လွှမ်းခြုံလျက် ယိချန်နှင့် ရီဖူရှင်းထံ လှမ်းသွားလိုက်သည်။
သူ့ခြေလှမ်းတိုင်းက လေထုအား တုန်ခါစေသည်။ မှန်သည်။ နန်ဒူတစ်မိသားစုလုံးအား ထိန်းချုပ်နိုင်သောသူ ဖြစ်ရကား သူသည်လည်း အလွန်စွမ်းပကား ကြီးမားသောသူ ဖြစ်သည်။ ခြေတစ်လှမ်းကပင် လူအများအပြားအား ကြောက်လန့်စေနိုင်သည်။
“ကြည့်ရတာတော့… မင်းက ကိုယ့်ဘာသာကိုယ်ဘဲ ကံကောင်းဖို့ ဆုတောင်းရတော့မယ်…” ယိချင်က ပြောပြီး ရှေ့ကို ခုန်လွှားသွားလိုက်သည်။ သူ့ကိုယ်တွင် ချက်ချင်းပင် အားလှိုင်းစက်ကွင်း တစ်ခု ပေါ်လာသည်။
နန်ဒူတိုင်က ယိချန်အား လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် စတင် တိုက်ခိုက်လိုက်သည်။ သူ့လက်ဝါးမှ ကြီးမားသော ရွှေရောင် လက်ဝါးရိပ်ကြီး ဖြစ်ပေါ်လာကာ ယိချန်ထံ တိုးဝင်သွားသည်။
ယိချန်ကလည်း မာန်သွင်းသံတစ်ချက် ပေးကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါးက ရွှေရောင်လက်ဝါးရိပ်ကြီးနှင့် ရင်ဆိုင်မိလျှင် လေထုက တဝုန်းဝုန်း ပေါက်ကွဲကာ ပတ်ဝန်းကျင်မှ စားပွဲများ ပန်းကန်များအားလုံး ပြန့်ကျဲကုန်သည်။ မုန်တိုင်းငယ် တစ်ခုက သူတို့နှစ်ယောက် ရင်ဆိုင်မိရာနေရာမှ စတင်လာခြင်းဖြစ်သည်။
“လာဘ်လာဘ ကျောင်းဆောင်က ကျောင်းအုပ်ကြီးယိချန်က နန်ဒူတိုင်နဲ့ တကယ်ပဲ ရင်ဆိုင်တိုက်ခိုက်နိုင်တယ်…” လူအများအပြား အံ့အားသင့်ရသည်။ သို့သော်လည်း အဆုံးသတ်မှာ သူတို့ ထင်သည့်အတိုင်း ဖြစ်လာမည်သာ ဖြစ်သည်။
ရီဖူရှင်း၏ရှေ့တွင် တန်ခိုးရှင် အုပ်စုတစ်ခုက ချဉ်းကပ်လာသည်။ သူက ယိချန်ကို တစ်ချက်ကြည့်လိုက်သည်။ ယိချန်က နန်ဒူတိုင်ကို ရင်ဆိုင်နိုင်သော်လည် နောက်ဆုံးတွင် သူတို့နှစ်ယောက်မှာ ရှုံးနိမ့်ရမည်ကို သူသိထားသည်။
***