အပိုင်း(၇၁)

လိမ္မာစေခြင်း

သိုင်းပညာ ကျောင်းဆောင်မှ လူများက လျှောက်လာပြီး ဝန်ကြီးချုပ်ကျိုအား နှုတ်ဆက်လိုက်ကြသည်… “ဝန်ကြီးချုပ်ကို နှုတ်ဆက်ပါတယ်…”

ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်။ ဓားခန်းမသခင် လင်ရှန်းဖန်က ရီဖူရှင်းအား မေးလိုက်သည်… “မင်း ဒီမှာ ဘာလုပ်နေတာလဲ…”

“စီနီယာ အစ်မချင်က ဒီမှာ ဘာလုပ်နေတာလဲ…” ရီဖူရှင်းက သူ၏မေးခွန်းအား မဖြေပေ။ လင်ရှန်းဖန်က ဘေးနားမှ လူများအား ကြည့်လိုက်သည်။

“ဒါ…” သည်အခြေအနေကို သူ မည်သို့ ဖြေရမည် မသိပေ။

“သူမက ရှင့်ရဲ့စီနီယာ အစ်မလား…” မိန်းကလေးက နှုတ်ခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရီဖူရှင်းအား ပြောလိုက်သည်… “သူမက ငါ့ရဲ့အစေခံအနေနဲ့ ရှိနေတာ ရက်အတော်ကြာပြီ… သနားစရာ ကောင်းတာက သူမက တခြားလူတွေကို ဘယ်လို ပြုစုရမယ်ဆိုတာ မသိဘူး… နင်က ငါ့လက်အောက်ကို လာမယ် ဆိုရင်တော့ ငါက သူမကို လွှတ်ပေးလိုက်မယ်… ဘယ်လိုလဲ…”

“မင်းလုပ်တာလား…” ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်လိုက်သည်။

“ရီဖူရှင်း… ငါ အဆင်ပြေတယ်…” ချင်ယီက ပြောကာ သူ၏အင်္ကျီစအား ဆွဲထားသည်။

“ဒါပေမဲ့ ကျွန်တော် အဆင်မပြေဘူး… အစ်မချင်…” ရီဖူရှင်းက ချင်ယီအား ကြည့်လိုက်သည်။ သူက သူမ၏လက်အား ဖယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အနီဝတ် မိန်းကလေးထံသို့ လျှောက်သွားလိုက်သည်။ သူ၏အမူအရာကား အေးစက်နေသည်။ ထို့အပြင် သူကား အလွန် ဒေါသထွက်နေသည်။ ရီဖူရှင်းအား ထိုသို့မြင်လျှင် အနီဝတ်မိန်းကလေး အနည်းငယ် ထိတ်လန့်သွားသည်… “ရှင် ဘာလိုချင်တာလဲ…”

“နင်က ထပ်ပြီး တိုက်ခိုက်ချင်တယ်လို့ မပြောခဲ့ဘူးလား… အခု ငါမင်းဆန္ဒကို လိုက်လျောပေးမယ်…” သူက ပြောလိုက်သည်။ ထို့နောက် သူ၏ခြေလှမ်းများ မြန်လာကာ အနီဝတ် မိန်းကလေးထံသို့ ပြေးဝင်လိုက်သည်။

“ရှင် ရူးနေပြီလား…” ရီဖူရှင်းက သူမထံ ဝင်လာနေသည်ကို မြင်သော်လည်း သူကား အလွန် လျင်မြန်လှရာ သူမက ခုခံရန် အဆင်သင့်မဖြစ်မီမှာပင် လက်ဝါးရိုက်ချက် တစ်ချက်က သူမထံ နီးကပ်လာသည်။ မိန်းကလေးက ထိုလက်ဝါးချက်အား ကာကွယ်ရန် စွမ်းအင်များအား စုစည်းလိုက်သော်လည်း လက်ဝါးက အကာအကွယ်အား အလွယ်တကူ ကျော်ဖြတ်ကာ သူမ၏ရင်ဘတ်အား ထိလေသည်။ ဘန်းခနဲ မြည်သံနှင့်အတူ အနီဝတ်မိန်းကလေး အနီးရှိ ပိတ်ထားသော တံခါးထံသို့ လွင့်စဉ်သွား၏။ သူမ၏ခန္ဓာက တံခါးပေါက်နှင့် ရိုက်မိကာ မြေပြင်ပေါ်သို့ လဲပြိုသွားလေသည်။

လူတိုင်းက ထိုမြင်ကွင်းအား ကြည့်ကာ ထိတ်လန့် သွားကြသည်။ ချင်ယီ၏မျက်နှာများ ပြာနှမ်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သည်မိန်းကလေးမှာ နန်ဒူနိုင်ငံ၏ မင်းသမီးလေး ဖြစ်ကြောင်း သူမသိသည်။ ချင်ယီ၏မိသားစုအား ဖျက်ဆီးခဲ့သော အရှေ့ပင်လယ်ဒေသ စီရင်စု ဒုခေါင်းဆောင် ရှာဖန်ကိုယ်တိုင်ပင်လျှင် သူမအား ဒူးထောက်ခစားရသည်။ ရီဖူရှင်းက သူမအား အမှန်တကယ်ပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လွင့်စဉ်သွားအောင် လုပ်ခဲ့သည်။

“မင်းသမီးလေး…” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

“ရီဖူရှင်း… ဒါ ဘောင်ကျော်နေပြီ…” အုပ်စုတစ်စုက မင်းသမီးလေးအား သွားရောက် ဖေးမနေစဉ် သိုင်းပညာ ကျောင်းဆောင်မှ တစ်ယောက်က ပြောလိုက်သည်။

မိန်းကလေးက သူမပစ်လဲကျသွားသော နေရာမှ သူမ၏ရင်ဘတ်အား ဖိလျက် ပြန်ထလာသည်။ သူမ၏မျက်လုံးများမှာ နီရဲကာ ငိုတော့မည့်ဟန် ပေါ်နေသည်။ သူမကား သည်ကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရိုက်မခံဖူးချေ။ ပိုဆိုးသည်မှာ သည်တစ်ကြိမ်မှာ သူမအတွက် ဒုတိယအကြိမ် ဖြစ်သည်။

“ဆရာ… သူ ကျွန်မကို အနိုင်ကျင့်တယ်… သူ့ကို သတ်ပစ်လိုက်…” မိန်းကလေးက ဝန်ကြီးချုပ်ကျိုအား တောင်းဆိုလိုက်သည်။ နန်ဒူနိုင်ငံ၏ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းကို ဝန်းရံလိုက်ကြသည်။

“ဝန်ကြီး… ညှာတာပါဦး…” လင်ရှန်းဖန်က တောင်းပန်လိုက်သည်။

“ရီဖူရှင်း…” ချင်ယီ၏မျက်နှာ ပြာနှမ်းသွားပြီး သူမက ရီဖူရှင်းအား ရှေ့မှ ကွယ်ထားလိုက်သည်။

“နောက်ဆုတ်စမ်း…” ဝန်ကြီးချုပ်ကျိုက အမိန့်ပေးလိုက်သည်။ ရီဖူရှင်းအား ဝန်းရံထားသော သူများ နောက်ဆုတ်လိုက်ကြသည်။

“ဆရာ…” မိန်းကလေးက ပြောလိုက်သည်။ သူမကား ထိတ်လန့်သွားကာ သူမ၏ဆရာ လုပ်နေသည်များကို နားမလည်တော့။

“မလုံလောက်သေးဘူးလား…” မာကျောသော အသံဖြင့် ဝန်ကြီးချုပ်ကျိုက မိန်းကလေးအား ပြောလိုက်သည်… “ရီဖူရှင်းကို တောင်းပန်လိုက်…”

“ကျွန်မက … သူ့ကို တောင်းပန်ရမယ်…” သူမ၏ဆရာအား ကြည့်ကာ မိန်းကလေး၏မျက်လုံးမှာ အပြင်သို့ ထွက်ကျမတတ် ပြူးကျယ်သွားသည်။ သူမကား နန်ဒူနိုင်ငံ၏ မင်းသမီးဖြစ်ကာ အရိုက်ခံရပြီးနောက် သူမက ပြန်၍ တောင်းပန်ရပေဦးမည်။

“မင်း ငါပြောတာကို နားမထောင်တော့ဘူးလား…” ဝန်ကြီးချုပ်ကျိုက မိန်းကလေးအား ကြည့်ကာ ပြောလိုက်သည်။ သည်ကလေးက ရီဖူရှင်းအား အမှန်တကယ် သတ်ရန် စေခိုင်းခဲ့သည်ကို မယုံကြည်နိုင်ပေ။ သည်တစ်ကြိမ်ကား သူမ၏ကံကောင်းမှု ဆိုသည်ကို အနာဂတ်တွင် သူမ သိလိမ့်မည်ဟု သူ မျှော်လင့်သည်။

“ဦးလေးကျို … တောင်းပန်တာ ထားလိုက်ပါ… ကျွန်တော် မခံယူရဲပါဘူး…” ရီဖူရှင်းက ပြောလိုက်သည်… “ကျွန်တော် သိချင်တာက ဘယ်သူက အစ်မချင်ကို အစေခံအနေနဲ့ စေခိုင်းခဲ့တယ် ဆိုတာပဲ…” ချင်းကျူမြို့၏ကာကွယ်သူ ဗိုလ်ချုပ်ချင်မှာ ရှာဖန်အား ဆန့်ကျင်မိသဖြင့် မသန်စွမ်းဘဝကို ရောက်ခဲ့ရသလို ရာထူးမှလည်း ချခံခဲ့ရသည်။ ယခု ချင်းကျူ ကျောင်းတော်တွင် တန်ခိုးကျင့်နေသော သူ၏သမီးမှာ အစေခံအနေဖြင့် ဆက်ဆံခံနေရသည်။ ထိုအဖြစ်အား မျက်မြင်ကိုယ်တွေ့ မြင်ရကာ ရီဖူရှင်းမှာ ဒေါသပေါက်ကွဲရ၏။ သည်ကိစ္စတွင် မိန်းကလေး၏ အပြစ်ဆိုပါက သူမက နန်ဒူနိုင်ငံ၏မင်းသမီး ဖြစ်နေလျှင်ပင် သူ ခွင့်လွှတ်မည် မဟုတ်ပေ။

“သူ့ကို အမြန်ပြောလိုက်…” ဝန်ကြီးချုပ်ကျိုက မိန်းကလေးအား အမိန့်ပေးလိုက်သည်။

သူမ၏ဆရာက ရီဖူရှင်းဘက်မှ ဖြစ်နေသည်ကို မြင်လျှင် သူမ အနည်းငယ် ဝမ်းနည်းသွားသည်။ သူမ၏ မျက်လုံးများတွင်ကား မျက်ရည်များ တဖြည်းဖြည်း စီးကျလာသည်။ သူမက ရီဖူရှင်းအား ကြည့်လိုက်ပြီး ပြောလိုက်သည်… “မြို့တော်ဝန်က ငါ့ကို ပြုစုဖို့ သူမကို ပို့လိုက်တာ… ငါ့ကို ဘာလို့ အပြစ်တင်နေရတာလဲ…”

“မူရွန်ယူရှန်း…” ရီဖူရှင်း၏မျက်လုံးများ အေးစက်သွားသည်။ သူက သိုင်းပညာ ကျောင်းဆောင်မှ လူများအား မေးလိုက်သည်… “ဒါက ဗိုလ်ချုပ်ချင်ရဲ့ သမီးကို ခင်ဗျားတို့ ဆက်ဆံတဲ့ ပုံစံလား…”

အားလုံးက ရှက်ရွံ့စွာ သူတို့၏ခေါင်းအား ငုံ့လိုက်ကြသည်။ မြို့တော်ဝန် မူရွန်ယူရှန်းက ချင်ယီအား တမင် ရွေးချယ် စေလွှတ်ခဲ့သည်ကို သူတို့ သိကြသည်။ သို့သော် သူတို့ မည်သို့မှ မတတ်နိုင်ပေ။ ယခုလည်း မူယွန်မိသားစုအား ဆန့်ကျင်သော တစ်ဦးတည်းသောသူမှာ ရီဖူရှင်း ပင်ဖြစ်သည်။ နောက်ဆုံး တစ်ခေါက်တွင်လည်း ချင်းကျူ ကျောင်းသားများ၏ရှေ့တွင် မူယွန်ချူအား သူကိုယ်တိုင် သုတ်သင်ခဲ့သည်။ လျှပ်စီးကျောင်းဆောင် ကျောင်းအုပ်က သူ ချင်းကျူ ကျောင်းတော်မှ ထွက်ခွာ မသွားမီ နောက်ဆုံး ပြောခဲ့သော စကားအတိုင်း တစ်ချိန်တစ်ခါက ဂုဏ်သိက္ခာ ကြီးမြတ်လှသော ချင်းကျူ ကျောင်းတော်မှာ သည်လူငယ်လေးနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း မရှိတော့ချေ။

တစ်နှစ်ပင် မကြာသေးဘဲ သည်လူငယ်လေးမှာ ချင်းကျူ ကျောင်းတော်သို့ ပြန်ရောက်လာခဲ့သည်။ သူကား အမှန်တကယ်ပင် ကြယ်ငါးပွင့် ကောင်းကင်အဆင့် မှော်ထိန်းချုပ်သူအား လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လောက်အောင် စွမ်းရည် ရှိနေပြီ။ ထပ်ပေါင်းထည့်ရလျှင် သူ ရိုက်လိုက်သောသူမှာ နန်ဒူနိုင်ငံ၏ မင်းသမီးလေးဖြစ်ပြီး ရိုက်ပြီးသည့်တိုင် ဝန်ကြီးချုပ်ကျိုက မင်းသမီးလေးအား ရီဖူရှင်းကို တောင်းပန်စေခဲ့သည်။

လောကကြီးကား အချိန်တိုအတွင်းမှာ လျင်မြန်စွာ ပြောင်းလဲနေခဲ့သည်။ လျှပ်စီးကျောင်းဆောင် ကျောင်းအုပ် ထွက်သွားသောအခါ သူက ချင်းကျူကျောင်းတော်မှာ တစ်ချိန်ချိန်တွင် သူတို့ မည်ကဲ့သို့ ပါရမီရှင်မျိုးအား လွဲချော်ခဲ့ရသည်ကို သိလာလိမ့်မည်ဟု ပြောခဲ့သည်။ ကြည့်ရသည်မှာ သူပြောခဲ့သော စကားများမှာ တဖြည်းဖြည်းနှင့် မှန်ကန်လာပေသည်။ ရီဖူရှင်း၏ တိုးတက်နှုန်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“ဗိုလ်ချုပ်ချင်… ဟုတ်လား…” ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား လှမ်းမေးလိုက်သည်… “ရီဖူရှင်း… ဒီကိစ္စတွေရဲ့နောက်မှာ အကြောင်းအရာတွေ ရှိတာလား…”

“ဗိုလ်ချုပ်ချင်က ကျွန်တော်တို့မြို့ရဲ့ ကာကွယ်သူပဲ…” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက ဝန်ကြီးချုပ်ကျိုအား ရှာဖန်။ မူရွန်ယူရှန်းနှင့် တခြားလူများက လောဘတက်ကာ မြို့အား မည်သို့ ကြံစည်ခဲ့ကြသည်များ။ ဗိုလ်ချုပ်ချင်အား မည်ကဲ့သို့ မတရားသဖြင့် ပြုမူခဲ့သည်များ စသော ထိုစဉ်က အဖြစ်အပျက်များအား စီကာပတ်ကုံး ပြောပြလိုက်သည်။ သူက ထိုအကြောင်းအရာများအား ပြောပြပြီးသည်တွင် ဝန်ကြီးချုပ်ကျို၏ မျက်နှာအမူအရာ အေးစက်သွားသည်… “ဒီခွေးကောင်တွေ… မူရွန်ယူရှန်းက ပြည်သူတွေကို ဒီလောက် ထိခိုက်နစ်နာအောင် လုပ်တာတောင်မှ မြို့တော်ဝန် ဖြစ်လာတယ် ဟုတ်လား…”

“ဦးလေးကျို … ကျွန်တော် သူသေတာ လိုချင်တယ်…” ရီဖူရှင်း ပြောလိုက်သည်။ သူ၏သွေးများ ဆူပွက်လာသည်။

“သွားစမ်း… သူ့ကို ခေါ်လာခဲ့…” ဝန်ကြီးချုပ်ကျိုက အမိန့်ပေးလိုက်သည်။

“နားလည်ပါတယ်…” တစ်ယောက်က သူ၏အမိန့်အား နာခံလိုက်ပြီး မူရွန်ယူရှန်းအား ရှာဖွေရန် ထွက်ခွာသွားသည်။ ချင်းကျူ ကျောင်းတော်မှလူများ ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်သွားကြသည်။ မူယွန်မိသားစု ပြီးဆုံးခြင်းကို ရောက်ပြီလော။ ထိုသူမှာ မြို့တော်ဝန် ဖြစ်နေလျှင်ပင် ဝန်ကြီးချုပ်၏ စကားတစ်ခွန်းက သူ၏ တစ်မိသားစုလုံးအား အသတ်ခံရရန် လုံလောက်ပေသည်။

“ရီဖူရှင်း…” ချင်ယီက ခေါ်လိုက်သည်။ သူမ၏ရှေ့တွင် ရပ်နေသော လူငယ်လေးအား ကြည့်လိုက်သည်။ သူ့အား နောက်ဆုံးအကြိမ်က မြင်ခဲ့ရသည်ပင် သိပ်မကြာသေးပေ။ သူကား အလွန် ပြောင်းလဲသွားလေပြီ။ သူမအတွက် ရီဖူရှင်းက မင်းသမီးလေးကိုပင် တိုက်ခိုက်ခဲ့၏။

“အစ်မချင်… အခု အားလုံး အဆင်ပြေသွားပြီ…” ရီဖူရှင်းက ချင်ယီအား ပြုံးလျက် ပြောလိုက်သည်။

သူမ၏မျက်လုံးများ နီရဲနေလာနေသည်။ ချင်ယီက အသာအယာ ခေါင်းညိတ်လိုက်သည်။ သူမကား လူ၏သဘာဝ အစစ်အမှန်ကို သင်ယူခဲ့ရပြီ ဖြစ်၏။ လူအများအပြားက သူမအား ဆိုးရွားစွာ ဆက်ဆံခဲ့ကြသည်။ ယခင်က သူမအား ကြိုက်နှစ်သက်ခဲ့ကြသော သူများပင်လျှင် ယခုနောက်ပိုင်း သူတို့၏အပြုအမူများ ပြောင်းလဲသွားခဲ့ကြသည်။ ရှာဖန်နှင့် မူရွန်ယူရှန်းတို့က သူမ၏အဖေအား မသန်စွမ်းဖြစ်အောင် လုပ်ရုံဖြင့် မကျေနပ်ခဲ့ကြပေ။ မင်းသမီးလေး ရောက်ရှိလာခြင်းကို အကြောင်းပြကာ သူမ၏ တန်ခိုးကျင့်ရာတွင် တိုးတက်မှုမရှိအောင် အကြံအစည်ဖြင့် အစေခံအဖြစ် အတင်းခိုင်းစေခဲ့ကြသည်။

“နင် ငါ့ကို တောင်းပန်ဖို့ မလိုဘူးလား…” မိန်းကလေးက ရီဖူရှင်းအား မေးလိုက်သည်။ သူမကား ကျေနပ်ဟန် မရသေးပေ။

“အစ်မချင်… သူမက အစ်မချင်ကို ခက်ခဲအောင် လုပ်လား…” ရီဖူရှင်းက ချင်ယီအား မေးလိုက်သည်။

“မလုပ်ဘူး…” သူမက ခေါင်းယမ်းလျက် ပြန်ဖြေလိုက်သည်။

“ဒါဆို ငါမင်းကို ခွင့်လွှတ်လိုက်မယ်…” သူက မိန်းကလေးအား ပြောလိုက်သည်။

“နင်…” မိန်းကလေးက ရီဖူရှင်းအား လက်ညှိုးထိုးကာ မည်သို့ ဆက်ပြောရမည် မသိတော့ပေ။ ထို့နောက် သူမက ဝန်ကြီးချုပ်ကျိုအား အပြစ်ကင်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“တော်လောက်ပြီ … ဘာပဲဖြစ်ဖြစ် မင်းသမီးလေးက အရင်ဆုံးလွန်တာပဲ… ခရီးသွားတဲ့အချိန်မှာ အစေခံ ဘာလို့ လိုအပ်တာလဲ… ဒါကို သင်ခန်းစာအနေနဲ့ လေ့လာသုံးသပ်…” ဝန်ကြီးချုပ်ကျိုက ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းဘက်သို့ လှည့်၍ ပြောလိုက်သည်… “ရီဖူရှင်း… သူမ ငယ်ငယ်လေးထဲက ငါ ကြည့်ရှုလာခဲ့တာ… ကပေါက်တိကပေါက်ချာ လုပ်တတ်တာကလွဲလို့ သူမက ထိခိုက်လိုတဲ့စိတ် မပါတာ သေချာတယ်… သူမလုပ်ခဲ့တာတွေကို စိတ်ထဲမထားနဲ့… ဖြစ်နိုင်ရင် သူမကို ဂရုစိုက်ပေး…”

“သူက ကျွန်မကို ဂရုစိုက်မယ်… ဟုတ်လား…” တောင်ပေါ်မှ ပြန်လာပြီးကတည်းက ဝန်ကြီးချုပ်ကျိုမှာ နည်းနည်း ထူးဆန်းနေသည်ဟု မိန်းကလေး ခံစားနေရသည်။ မည်သို့ ဖြစ်ပျက်ခဲ့သနည်း သူမ နားမလည်တော့။

“ဦးလေးကျို… ဒီလောက်မလိုပါဘူး… ကျွန်တော် နည်းနည်း အလျင်လိုသွားတယ်… ဒီအခြေအနေက မင်းသမီးလေးနဲ့ ဘာမှမဆိုင်ပါဘူး… ဒါကြောင့် ကျွန်တော် မှားတာပါ…” ရီဖူရှင်းက ပြောလိုက်သည်။ ဝန်ကြီးချုပ်ကျိုကား သူ့ကို လေးစားစွာ ဆက်ဆံသည်။ သူက ဝန်ကြီးချုပ်ကျိုအား တီအန်ယွာတောင်တွင် ကယ်တင်ခဲ့သော်လည်း သူလုပ်နိုင်သည့်အရာမှာ အတိုင်းအတာရှိ၏။ မည်သို့ပင်ဆိုစေ သည်မိန်းကလေးမှာ မင်းသမီးဖြစ်ပြီး သူမ၏ဆရာမှာ ဝန်ကြီးချုပ်ကျို ဖြစ်သည်။

“ဒါက ရှင့်ရဲ့ တောင်းပန်တဲ့ အပြုအမူလား…” မိန်းကလေးက ရှာထုတ်ကာ သူ့အား ပြောလိုက်သည်။

“ကောင်းပြီ… ဒါဆို နောက်တစ်ခါ မင်းငါ့ကို စိန်ခေါ်ရင် ငါမငြင်းတော့ဘူး…” သူက ပြောလိုက်သည်။

“ဘယ်သူက ရှင်နဲ့ တိုက်ခိုက်ချင်လို့လဲ…” မိန်းကလေးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ထိုလက်ဝါးတစ်ချက်ဖြင့်ပင် သူမက ရီဖူရှင်းအား မည်သို့မှ အနိုင်မရနိုင်သည်ကို နားလည်ပြီးဖြစ်သည်။

ဝန်ကြီးချုပ်ကျိုက သူမ၏အမူအရာအား ကြည့်ကာ ဟန်မဆောင်နိုင်တော့ဘဲ ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူမ၏ဒေါသမှာ ပျောက်ကွယ် သွားလေပြီ။ ရီဖူရှင်းနှင့် မင်းသမီးလေးတို့ အဆင်ပြေသွားပြီဟု သတ်မှတ်နိုင်လေပြီ။

အနည်းငယ်ကြာလျှင် မူရွန်ယူရှန်းအား တစ်စုံတစ်ယောက်က ခေါ်ဆောင်လာသည်။ သူကား မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်ဟန် မရပေ။ သူက ရီဖူရှင်းအား မြင်လျှင် သူ၏မျက်လုံး နီရဲလာသည်။ သူ၏သား မူရွန်ချူမှာ ရီဖူရှင်း၏လက်တွင် သေဆုံးခဲ့ရသည်။

“ဝန်ကြီးချုပ်ကျိုနဲ့ မင်းသမီးလေးကို ချင်းကျူ မြို့တော်ဝန် မူရွန်ယူရှန်းက နှုတ်ဆက်ပါတယ်…” သူက ဦးညွှတ်လျက် ပြောလိုက်သည်။

“ရီဖူရှင်း… သူ့ကို ဘာလုပ်စေချင်လဲ…” ဝန်ကြီးချုပ်ကျိုက မေးလိုက်သည်။

“ကျွန်တော် သူ့ကို သေစေချင်တယ်…” ရီဖူရှင်းက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။

မူရွန်ယူရှန်း ထိတ်လန့်တကြား ဖြစ်သွားသည်။ သူက ခေါင်းမော့လျက် ရီဖူရှင်းအား ကြည့်လိုက်သည်။ မည်သို့ ဖြစ်ပျက်နေသည်ကို သူ နားမလည်တော့။

“သူ့ကို ခေါင်းဖြတ်လိုက်…” ဝန်ကြီးချုပ်ကျိုက ပြောလျှင် မူရွန်ယူရှန်း၏ နောက်တွင် ရပ်နေသော သူများက သူ့အား ဖမ်းဆီးလိုက်သည်။ ထိုအခိုက်တွင် မူရွန်ယူရှန်းက သူ မည်သည့် အခြေအနေကို ရောက်ရှိနေသည်ကို နားလည်လိုက်သည်။

“ကျွန်တော့်ကို သက်ညှာပါဦး… ဝန်ကြီး… ကျွန်တော် ဘာမှားလို့လဲ…” မူရွန်ယူရှန်း၏ အမူအရာကား လုံးဝ ပြောင်းလဲသွားပြီ။ သို့သော်လည်း ဝန်ကြီးချုပ်ကျိုကား တစ်ချက်မှပင် လှည့်မကြည့်ပေ။ ထိုစဉ် ရီဖူရှင်း၏ အေးစက်သော မျက်လုံးများအား သတိထားမိကာ ဝန်ကြီးချုပ်ကျို ကျောချမ်းသလို ခံစားလိုက်ရသည်။

ထိုမှသာလျှင် မူရွန်ယူရှန်းက သူ့အား သေစေလိုသောသူမှာ ဝန်ကြီးချုပ်ကျို မဟုတ်ဘဲ သူ၏ရှေ့မှ လူငယ်လေးဖြစ်ကြောင်း သိလိုက်သည်။ သူကား ယခင်က ချင်းကျူ ကျောင်းတော်၏ပြင်ပ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့သည်။ မူရွန်ယူရှန်းက ယမန်နှစ်က ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲကို ပြန်အမှတ်ရမိသည်။ ထိုတစ်ကြိမ်ကား စင်မြင့်ပေါ်သို့ တက်ရောက်ခြင်းမှာ ရီဖူရှင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ဟန်တူကာ သူ၏ခေါင်းမာမှု မာနကြီးမှုတို့ကို ပြန်အမှတ်ရလိုက်သည်။ မူရွန်ယူရှန်းက သူ၏သားနှင့် သူ့အသက်တို့မှာ သည်လူငယ်၏လက်ထဲတွင် အဆုံးသတ်ရမည်ဟု မမျှော်လင့်ခဲ့ပေ။

“ကျုပ် လက်မခံနိုင်ဘူး…” မူရွန်ယူရှန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အတန်ကြာလျှင် မြို့တော်ဝန်ကား ချင်းကျူ ကျောင်းတော်တွင် သေဆုံးခဲ့ရလေ၏။

“မူရွန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သွားသိမ်းလိုက်…” ဝန်ကြီးချုပ်ကျိုက အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် သူ၏လူများက သူ၏အမိန့်ကို နာခံကာ ထွက်ခွာသွားကြသည်။

“ဗိုလ်ချုပ်ချင်ကို ချင်းကျူမြို့ရဲ့ မြို့တော်ဝန်အသစ်အဖြစ် ခန့်မယ်ဆိုရင် ဘယ်လိုနေလဲ…” ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား မေးလိုက်သည်။

“ကျေးဇူး … ဦးလေးကျို…” ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ထိုနည်းတူ တွေးမိသည်သာ။ သို့သော် သည်အချိန်မျိုးတွင် တောင်းဆိုရန် မသင့်ဟု တွေးမိ၍ နှုတ်ဆိတ်နေခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ကျိုက သူ့အား အလေးထားပုံကို ကြည့်ကာ သူ ထိတ်လန့်ရသည်။ ဝန်ကြီးချုပ်ကျိုက သူ့အား သည်မျှ အရေးပေးနေရသည်ကို သူ လုံးဝ နားမလည်တော့ပေ။

ထိုသို့ သာမန် အပြန်အလှန်စကား အနည်းငယ်က တစ်မြို့လုံး၏ အခြေအနေကို ပြောင်းပြန် လှန်ပစ်လိုက်သည်။ ပထမဆုံး မူရွန်မိသားစု ကူးသန်းရောင်းဝယ်ရေး အုပ်စု အဖျက်ခံရသည်။ ပထမတွင် မြို့စောင့်တပ်က ခုခံရန် ကြိုးစားသေးသည်။ သို့သော် ဝန်ကြီးချုပ်က သည်အရေးတွင် အဓိက အမိန့်ပေးသူ ဖြစ်သည်ကို သိသွားကြလျှင် သူတို့က ခုခံရန် အကြံအစည်ကို စွန့်လွှတ်လိုက်ကြသည်။ တချို့ မြို့စောင့် တပ်သားများဆိုလျှင် မူရွန်မိသားစု ပိုင်ဆိုင်မှုများအား သိမ်းယူရာတွင် စေတနာ့ဝန်ထမ်း အနေဖြင့် ပါဝင် ကူညီကြသေးသည်။ သူတို့က မူရွန်မိသားစုနှင့် တစ်ဖက်တည်းဟု သူတို့အပေါ် အထင်လွဲမည်ကို ကြောက်ရွံ့ကြသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် မူရွန်မိသားစုမှာ မင်းပြစ်မင်းဒဏ်သင့်ခြင်းနှင့် မခြားတော့ပေ။ ထို့နောက် ဗိုလ်ချုပ်ချင်အား မြို့တော်ဝန် အသစ်အဖြစ် ခန့်အပ်ခဲ့ကြသည်။ ထိုအရာများက အချိန်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်။ ထိုသတင်းများက မကြာခင် တစ်မြို့လုံးကို ပျံ့နှံ့သွားကာ မြို့သူမြို့သားများမှာ အလွန် ပျော်ရွှင် ဝမ်းမြောက်ရသည်။

ချင်းကျူ ကျောင်းတော်ကား ထိုသတင်းကို ပထမဆုံး ရောက်ရှိရာ နေရာဖြစ်သည်။ ထိုနေရာရှိ ကျောင်းသားများမှာ အလွန်အံ့အားသင့် ထိတ်လန့်ရသည်။ ထိုအဖြစ်အပျက်များ၏ အဓိက ကြိုးကိုင်သူမှာ ရီဖူရှင်းဖြစ်ကြောင်း ကြားသိကြရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset