ဂူတုံးလျိုက ခွန်ယိုကို ကြည့်သည်။ ဤသို့ဆိုလျှင် ကျိရှမ်းကမ်းပါးက သူ၏ညီငယ်လေးကိုပင် အလွတ်ပေးမည့်ဟန် မရှိပေ။
“သူ မြေရိုင်းပြည်နယ်က ထွက်သွားပြီ…” ဂူတုံးလျိုက ပြောသည်… “တော်ဝင်ရတနာကို ကျုပ် မယူလာခဲ့ဘူး… ကျန်းရှာက သေသွားပြီ… ရှီတန်ခိုးရှင်တွေကို သတ်ဖြတ်တာကလည်း အတိတ်မှာ ကျန်ခဲ့ပြီ… ခင်ဗျားက အပြစ်တွေ အကုန်လုံးကို ကျုပ်အပေါ် ပုံချနိုင်တယ်… ဒါဆို ခင်ဗျားတို့က တော်ဝင်ရတနာကို လိုချင်တာလား… ဒါမှမဟုတ် ခင်ဗျားတို့လူတွေကက ရီဖူရှင်းကို လိုက်ရှာမှာလား…”
ခွန်ယိုက ဂူတုံးလျိုကို ကြည့်ကာ ပြောသည်… “ဂူတုံးလျို… မင်းက ကျိရှမ်းကမ်းပါးကို အရင်ကတည်းက ရောက်ခဲ့ရင် ကျိရှမ်းကမ်းပါးရဲ့ သားတော်တောင် ဖြစ်နိုင်ခဲ့လိမ့်မယ်… ဒါပေမဲ့ မင်းရဲ့ ခြိမ်းခြောက်မှုက ဘာမှ မဟုတ်ဘူး…. ငါက တော်ဝင်ရတနာကို ရမှ ဖြစ်သလို ရီဖူရှင်းကိုလည်း ခေါ်သွားရလိမ့်မယ်…”
“ဒါက မင်းပြောတာလေ… မင်းတို့ ညီအစ်ကိုတွေက အချင်းချင်း တန်ဖိုးထားကြတာပဲ… ရီဖူရှင်းက ဒီပြဿနာထဲ ဝင်ပါလာတာကလည်း မင်းကြောင့်ပဲ… သူကပဲ ကျူးကော့မိသားစု၊ ထိုက်ဟန်တောင်၊ အာခီမီမြို့နဲ့ ထင်းဆွေအိမ်တော်တို့ကို ဆွဲသွင်းလာတာပဲ မလား… အခု မင်းက ငါတို့ဆီမှာ လာပြီး အဖမ်းခံတယ်… သူက အဝေးကို မသွားဘူးဆိုတာ သေချာတယ်…”
“တော်ဝင် ရတနာကတော့ ငါတို့က သေချာပေါက် ကျိရှမ်းကမ်းပါးကို ယူသွားမှာပဲ… မင်းက သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ ဘယ်နေရာမှာ ရှိလဲဆိုတာကို ပြောဖို့လိုတယ်…” ခွန်ယိုက အေးစက်စွာ ပြောသည်။ သူ၏စကားက ဂူတုံးလျို၏မျက်လုံးတွင် လူသတ်လိုသော အငွေ့အသက်များ ဖြစ်စေလိုသည်။
“ခွန်ယို… ခင်ဗျားက ပြည်နယ်ကိုးခု ရှီအဆင့်ကိုးပဲ… ဒါတွေ လုပ်နေတာ အပြစ်ရှိတယ် မခံစားရဘူးလား…” ဂူတုံးလျိုက သူ့အား ဒေါသတကြီး ကြည့်ကာ ပြောသည်။
“ဟင့်အား…မခံစားရဘူး…” ခွန်ယိုက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။ ဂူတုံးလျိုက ထပ်မပြောတော့ပေ။ သူ၏ညီငယ်လေးက လွတ်မြောက်သွားရန်ပင် သူမျှော်လင့်သည်။
ဂူတုံးလျိုက ကျိရှမ်းကမ်းပါးမှ လူများထံသို့ သွားရောက် အဖမ်းခံသည့် သတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံး လှုပ်ခတ်သွားသည်။ နောက်ထပ် သတင်းများအရ စစ်ပွဲအား ရပ်တန့်ရန် ရီဖူရှင်းအား တော်ဝင်ကျဲနန်းတော်သို့ ပြန်လာစေလိုကြောင်း နန်းတော်က ထုတ်ပြန်သည်။ ကျူးကော့မိသားစု၊ ထိုက်ဟန်တောင်၊ ထင်းဆွေအိမ်တော်နှင့် တခြား အင်အားစုများအား ဖြေရှင်းရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။
တော်ဝင်ကျဲနန်းတော်က ကျူးကော့မိသားစုနှင့် ထိုက်ဟန်တောင်တို့အား သည်ကိစ္စတွင် စတေးရန် မလိုလားပုံ ရသည်။ အကယ်၍ ဖြစ်နိုင်ပါက ထိုအင်အားစုများအစား ရီဖူရှင်းကိုသာ စတေးရန် နန်းတော်က လိုလားဟန်ရ၏။
မြေရိုင်းပြည်နယ်မှ လူများအားလုံးက အခြေအနေကို စောင့်စား နေကြသည်။ ယခု တော်ဝင်ကျဲနန်းတော်က ဝင်ပါသောအခါ အခြေအနေက အားလုံး အဆုံးသတ်တော့မည် ဖြစ်ဟန်ရသည်။ ရီဖူရှင်းက ပြေးသွားပြီဟု လူအများအပြား တွေးထင်ကြသည်။ ယခု ရီဖူရှင်းအား မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။ သူက ပြန်လာမည်လား ကိုလည်း မည်သူကမှ မသိကြပေ။ သို့သော်လည်း ရီဖူရှင်း ထွက်သွားသည်မှာ ကောင်းသည်ဟု လူအများအပြားက တွေးထင်ကြသည်။ အကယ်၍ ရီဖူရှင်းသာ အချိန်တစ်ခု စောင့်လိုက်နိုင်ပါက နောင်တွင် လက်စား ချေနိုင်ပေသည်။
***
ထိုက်ဟန်တောင်၏ အရှေ့ဘက်ကား မြေရိုင်းပြည်နယ်၏ အရှေ့နယ်တွင်လည်း ဖြစ်သည်။
ကျိုက်ရှင်းအိမ်တော်ကား ထိုဒေသတွင် ရှိသည်။ ရီဖူရှင်းက ကျိုက်ရှင်း အိမ်တော် တစ်နေရာမှ သတိရလာသည်။ သူက မျက်လုံးကို ဖွင့်လိုက်ကာ လွန်စွာ မောပန်းမှုကို ခံစားရသည်။ နောက်ဆုံးတိုက်ပွဲက သူ့အား လွန်စွာ အားပြတ်စေသည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအားများ အားလုံးက ကုန်ခန်းသွားကာ သူ၏ သက်စောင့်ဝိညာဉ်မှ ပေးသော စွမ်းအင် ပြန်လည် ဖြည့်တင်းခြင်း ကိုသာ အားကိုးနေရသည်။ သို့တိုင်အောင် သူကား အလွန်အမင်း အားနည်းနေဆဲ ဖြစ်သည်။
“အစ်ကို၃…” ရီဖူရှင်းက သတိရလာသည်နှင့် ခေါ်လိုက်သည်။ သူက ထထိုင်လိုက်သည်တွင် ဘေးမှ ဟွာဂျီယူကို မြင်သည်။
“ဂျီယူ… ငါတို့ ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။
“ကျိုက်ရှင်းအိမ်တော်…” ဟွာဂျီယူက ဖြေသည်… “ငါတို့က အရှေ့ဘက်ကို ပြေးလာတဲ့အချိန်မှာ ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်နဲ့ တွေ့ခဲ့တယ်… သူကပဲငါတို့ကို ခေါ်လာခဲ့တာ… ”
“ကျိုက်ရှင်းအိမ်တော်…” ရီဖူရှင်းက ထူးဆန်းမှုကို ခံစားရသည်။ မူချန်းကား အမှန်ပင် သူ့အား ကူညီနေသည်။ သည်နေရာကား လွန်ခဲ့သော နှစ်အနည်းငယ်က ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံအား လာရောက် ယူငင်ခဲ့သော နေရာဖြစ်သည်။
“အစ်ကို၃က ဘယ်မှာလဲ…” ရီဖူရှင်းမေးသည်။
“သူက နဂါးပတ်တောင်ကို ပြန်သွားလောက်ပြီ… သူက ဘာမှ မမှာလိုက်ဘူး… ငါတို့ကိုပဲ ထွက်သွားဖို့ ပြောတယ်…” ဟွာဂျီယူက ရှင်းပြသည်။
“ဂျီယူ… ဘာလို့ ငါ့ကို လိမ်နေတာလဲ…” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ မေးသည်။
ရီဖူရှင်းက ကျန်းရှာအား သတ်ဖြတ်ခဲ့ကာ အစ်ကို၃က သူ့အား သတိလစ်အောင် လုပ်ခဲ့သည်။ အစ်ကို၃က ဘာလုပ်မည်ကို တွေးနေစရာပင် မလိုတော့ပေ။ သူ၏အစ်ကို၃က ဖြစ်ပျက်သမျှ အားလုံးအတွက် တာဝန်ယူ လိုပေသည်။
ဟွာဂျီယူက ခေါင်းငုံ့လိုက်သည်။ သူမကား အမှန်ပင် မိမိကိုယ်ကိုပါ လိမ်ညာနေခဲ့မိကာ စိတ်ငြိမ်အောင် မနေနိုင်ခဲ့ပေ။
“ယူချင်း… သူဘယ်လိုနေလဲ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
“သူက ဒဏ်ရာ သက်သာလာဖို့ ကြိုးစား လေ့ကျင့်နေတယ်…” ဟွာဂျီယူက ပြောသည်။ ယူချင်းကလည်း နောက်ဆုံးတိုက်ပွဲတွင် လွန်စွာ ထိခိုက်ခဲ့ကာ သူတို့အားလုံး ထိုတိုက်ပွဲ၌ ဘေးမသီရန်မခ ဖြစ်ခဲ့ခြင်းကား အလွန် ကံကောင်းသည် ဆိုရပေမည်။
“စီနီယာစုရှမ်းနဲ့ ပတ်သက်တဲ့သတင်းရော…” ရီဖူရှင်းက ထပ်မေးသည်။ သူ၏ခေါင်းထဲတွင် ရှိနေသည်ကား အလွန်များပေသည်။ သူစိုးရိမ်ပူပန်သော အကြောင်းအရာများ ကလည်း မနည်းပေ။
“မင်းကိုမင်းလည်း ကြည့်ဦး… မင်းအခြေအနေနဲ့ တခြားလူတွေကို ဘယ်လိုလုပ် စိတ်ပူနိုင်သေးတာလဲ…” အသံတစ်သံအား ကြားကြရသည်။ ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင် မူချန်းက အခန်းထဲကို ဝင်လာကာ ရီဖူရှင်းကို ပြောသည်… “စိတ်အေးအေးထား… စုရှမ်းက အသက်ရှင် နေသေးတယ်… သူက ဒဏ်ရာရသွားတယ် ဆိုပေမဲ့ မြို့စားပိုင်ဂူကလည်း တော်တော် ထိသွားတယ် ကြားတယ်…”
ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်… “ကျေးဇူးတင်ပါတယ် စီနီယာ… ဘာလို့ ကျွန်တော့်ကို ကယ်တာလဲ မသိဘူး…”
“မင်းကို ကယ်တယ် ဟုတ်လား…” မူချန်းက အေးစက်စွာ ပြောသည်… “ငါက မင်းယူသွားတဲ့ ရတနာကိုပဲ စိတ်ပူတာ… ဘယ်တော့ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ပြန်ပေးမှာလဲ… ”
“မူချန်း…မင်းက ဂုဏ်သိက္ခာလည်း မရှိတော့ဘူး…” နောက်ထပ် အသံတစ်သံကို ကြားကြရသည်။ ထို့နောက်တွင် ချန်းယွန်ကလည်း အခန်းထဲကို ဝင်လာကာ မူချန်းအား ပြောသည်… “နှင်တံက အခု ရီဖူရှင်းအပိုင်ပဲ… မင်းက အဲဒါကို ပြန်ယူဖို့ တွေးနေသေးတယ်…”
“ကျောင်းအုပ်…” ရီဖူရှင်းက အံ့အားသင့် သွားသည်။ ကျောင်းအုပ် ချန်းယွန်အား တွေ့ရမည်ဟု သူမထင်ထားပေ။
“ဖူရှင်း… မင်း အနားယူဖို့လိုတယ်… မင်းဒဏ်ရာတွေ အကုန် သက်သာသွားရင် ငါကမင်းကို မြေရိုင်းပြည်နယ် အပြင်ဘက်သို့ ခေါ်သွားပေးမယ်…” ချန်းယွန်က ရီဖူရှင်းကို ပြောသည်.. “မြေရိုင်းပြည်နယ်က ကိစ္စတွေကိုတော့ ဝင်မပါစေချင်တော့ဘူး…”
“မြေရိုင်းပြည်နယ်က ထွက်သွားရမှာလား…” ရီဖူရှင်းက ထိုသို့ ရေရွတ်လိုက်သည်။
“ကျောင်းအုပ်… ကျွန်တော့်ကို အမှန်ပြောပါ… မြေရိုင်းပြည်နယ်က အခု ဘယ်လိုတွေ ဖြစ်နေလဲ… ကျိရှမ်းကမ်းပါးကရော ကျန်းရှာ သေတာကို ဘာပြောလဲ… အစ်ကို၃က အခု ဘယ်မှာလဲ… နဂါးပတ်တောင်နဲ့ ထိုက်ဟန်တောင် အခြေအနေရော… ရီဖူရှင်းက တစ်ခုပြီးတစ်ခု မေးသည်။
“မင်းက အမှန်ပြောတာကို ကြားချင်တာလား…” ချန်းယွန်က ရီဖူရှင်းကို မေးသည်။ မြေရိုင်းပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည်များကား အားလုံးသိသော အရာများ ဖြစ်ကြသည်။ အကယ်၍ ရီဖူရှင်းသာ သိလိုပါက မခက်ခဲပေ။
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“မင်းရဲ့အစ်ကို၃က ကျန်းရှာကို သတ်ခဲ့တယ်… ကျိရှမ်းကမ်းပါးက နောက်ထပ် တန်ခိုးရှင်တွေ ရောက်လာကြပြီး နန်းတော်ကို ဖြေရှင်းပေးဖို့ ဖိအားပေးကြတယ်… နန်းတော်က နဂါးပတ်တောင်နဲ့ ထိုက်ဟန်တောင်ကို သွားပြီး နားချတယ် ကြားတယ်… အခု မင်းရဲ့အစ်ကို၃က နန်းတော်ကို သွားပြီး အဖမ်းခံတယ်…” ချန်းယွန်က ပြောသည်။ သို့သော်လည်း ကျိရှမ်းကမ်းပါးက ရီဖူရှင်းအားလည်း လက်လွှတ်လိုဟန် မရှိပေ။
“ကျန်းရှာကို သတ်ခဲ့တာ ကျွန်တော်…” ရီဖူရှင်းက ပြောသည်။
ချန်းယွန်နှင့် မူချန်းတို့ နှစ်ယောက်လုံး ကြီးစွာ တုန်လှုပ် သွားကြသည်။ အထူးသဖြင့် ချန်းယွီက ရီဖူရှင်း၏ လျှို့ဝှက်ချက်ကို သိသည်။ ထို့ကြောင့် လူငယ်က ကျန်းရှာကို သတ်ခဲ့သည် ပြောလျှင် သူက ယုံကြည်ပေသည်။
ရီဖူရှင်းကား နိုဘယ်အဆင့်တွင်သာ ရှိသေးပြီး ကျန်းရှာကား အဆင့်မြင့် ရှီဖြစ်သည်။ ရီဖူရှင်းက ကျန်းရှာကို သတ်နိုင်ခြင်းမှာ မယုံကြည် နိုင်ဖွယ်ရာပင်။
“ဒါ ဟုတ်လို့လား…” မူချန်းကား သူကြားခဲ့သည်ကိုပင် အမှန်ဟု ထင်ရန် ခက်ခဲနေသည်။
“တိုက်ပွဲပြီးတဲ့နောက် အစ်ကို၃က ကျွန်တော့်ကို သတိလစ်အောင် ရိုက်နှက်ပြီးတော့ ဂျီယူကို အဝေးသို့ ခေါ်သွားခိုင်းတယ်… ပြီးတော့ သူက တော်ဝင်ကျဲ နန်းတော်ကို တစ်ယောက်တည်း သွားပြီး စတေးဖို့ ဆုံးဖြတ်ခဲ့တယ် ထင်တယ်…” ရီဖူရှင်းက မူချန်းယုံကြည်ခြင်း မရှိသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။
“တကယ်လို့ မင်းအစ်ကို၃က မင်းထွက်ပြေး သွားနိုင်အောင် သွားပြီး အဖမ်းခံတယ်ဆိုရင် မင်းကလည်း သွားပြီး အဖမ်းခံစရာ အကြောင်း မရှိဘူးလို့ပဲ မြင်တယ်…” ချန်းယွန်က ရီဖူရှင်းကိုပြောသည်။ ရီဖူရှင်းကဲ့သို့ ပါရမီရှင်ကား ဤသို့ မသေဆုံးသွားသင့်ပေ။
ရီဖူရှင်းက ချန်းယွန်ကို ကြည့်သည်။ ကျောင်းအုပ်ချန်း၏ အတွေးကို မှန်းဆ၍ ရသည်။ သို့သော်လည်း အကယ်၍သာ သူက ဤသို့ ပြေးသွားပါက သူကား မိမိကိုယ်ကို အပြစ်ရှိသလို ခံစားနေရမည် ဖြစ်ကာ ထိုစိတ်က သူ့နောက်ကို တစ်သက်လုံး လိုက်ပါလာတော့မည် ဖြစ်သည်။
ဘေးမှ နားထောင်နေသော မူချန်းကား ရီဖူရှင်းက လိမ်ညာနေသည် မဟုတ်ကြောင်း တဖြည်းဖြည်း ကြားသိ လာရတော့သည်။ သို့ဆိုလျှင် ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းအင်ကား လူအများ သိနားလည် ထားသလို မဟုတ်ပဲ မယုံကြည်နိုင်ဖွယ်ရာ ကောင်းအောင် မြင့်မားနေသည်။ ထို့အပြင် သူက ကျန်းရှာကို အနိုင်ယူနိုင်ခြင်း ကလည်း ရင့်ကျက်သော လောကဓာတ်များအား သိနားလည်ထားပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။
“ကျွန်တော်က ယူချင်းကို သွားကြည့်လိုက်မယ်…” ရီဖူရှင်းက ပြောကာ ထရပ်သည်။ ထို့နောက် သူက မူချန်းကို ပြောသည်… “စီနီယာ… တကယ်လို့ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ကျွန်တော့်အတွက် အသုံးမလိုဘူး ဆိုတဲ့နေ့ ရောက်လာတဲ့အခါ အဲဒါကို ပြန်ပေးပါ့မယ်…”
မူချန်းကား လုံးဝ မှင်တက် သွားသည်။ ရီဖူရှင်း၏ပါရမီအရ သူကား နောက်တစ်ချိန်တွင် နှင်တံကို အသုံးပြုရန် မလိုတော့သော နေ့ရက်များကို ရောက်ရှိရန် သေချာနေသည့်ပုံ ဖြစ်နေသည်။ ဆိုလိုသည်က ရီဖူရှင်းကား ရှန့်ထိုအဆင့်ကို သေချာပေါက် ရောက်မည်။ ထိုအချိန်တွင် ရှန့်ထိုအသိ အပိုင်းအစ ပိုင်ဆိုင်ထားသော နှင်တံအား သူက လိုအပ်တော့မည် မဟုတ်ပေ။
ရီဖူရှင်းက ထိုနေရာမှ ထွက်ခွာ သွားပြီးနောက် ယူချင်းနှင့် ယိချိန်ချန်တို့အား သွားကြည့်သည်။ သူတို့အားလုံးက ကျိုက်ရှင်းအိမ်တော်တွင် တိတ်ဆိတ်စွာ ဆက်လက် နေထိုင်ကြသည်။ မူချန်းကား မည်သို့ဆိုစေ သူတို့အား ကောင်းမွန်စွာ ထားရှိပေသည်။
ရီဖူရှင်းက ကျိုက်ရှင်းအိမ်တော် အတွင်းတစ်နေရာ၌ တင်ပျဉ်ခွေကာ ထိုင်နေသည်။ လေများ တိုက်ခိုက်နေကာ သူက မျက်လုံးကို မှိတ်ထားသည်တွင် သူ၏စိတ်က ပတ်ဝန်းကျင်နှင့် တတိတိ ပျော်ဝင်နေသည်။ သူ၏စိတ်သဘော အတိုင်းပင် လေဟာနယ်က အေးခဲရသည်။
“ဒါက လောကဓာတ်ပဲ…” ရီဖူရှင်းက တိတ်တဆိတ် ရေရွက်သည်။ လေများ တိုက်ခိုက် လာပြန်သည်။ ညင်သာသော လေပြည်က ရုတ်တရက် ထက်ရှသော ဓားသွားများအလား လေဟာနယ်ကို ဖြတ်တောက် သွားသည်။ တစ်ခုကို နားလည်ခြင်းက အားလုံးကို နားလည်ခြင်းလည်း ဖြစ်သည်။
ရီဖူရှင်းက ဘောင်စည်း တစ်ခုအတွင်းသို့ ဝင်ရောက်မိပြီဖြစ်ကာ ရင့်ကျက်သော လောကဓာတ်များထဲမှ သူနားလည် ဆင်ခြင်ထားသော ဓာတ်က အာကသဓာတ် ဖြစ်သည်။ ထို့ကြောင့် တခြားရိုးရှင်းသော လောကဓာတ်များက သူ့အတွက် နားလည်ရန် အလွန် လွယ်ကူနေသည်။ သူက သိပ်အားမထုတ်ရဘဲ တခြား လောကဓာတ်များအား နားလည်နိုင်သည်။ သူလိုအပ်သည်ကား စိတ်စွမ်းအား ပိုမိုအားကောင်း လာရန်သာဖြစ်ကာ အချိန်တန်လျှင် သူက ရှီအဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။
အမှန်တကယ်အားဖြင့် ယခု လက်ရှိ သူ၏အခြေအနေက ရှီတန်ခိုးရှင် တစ်ယောက်နှင့် မခြားနားတော့ပေ။ သူ၏အသက်ဓာတ်နှင့် ခွန်အားများက ပြန်လည် သန်စွမ်းလာသော အခါ ယခင်ကထက် ပိုမိုအားကောင်း လာသည်ကို ခံစားမိသည်။
သူကား သည်ရက်ပိုင်း ကျိုက်ရှင်း အိမ်တော်တွင် လေ့ကျင့်နေခဲ့ကာ သည်ကာလ တစ်လျှောက်လုံး အိပ်ခြင်း စားခြင်း အနားယူခြင်း မရှိခဲ့ပေ။ သူဘာလုပ် နေသည်ကို သိပ်နားမလည် ကြသော်လည်း မည်သူကမှ သူ့အား အနှောင့်အယှက် မပေးကြပေ။ ရီဖူရှင်းက ထွက်သွားပါစေကြောင်းသာ အားလုံးက မျှော်လင့်နေကြသည်။ အကယ်၍ ရီဖူရှင်းကသာ ထိုသို့ ထွက်သွားပါကလည်း တစ်နည်းနည်းဖြင့် စိတ်ပျက် ကြရပေလိမ့်မည်။
***