အပိုင်း(၇၀၆)

ကျိရှမ်းကမ်းပါးရှန့်ထို၏သဘောထား

“နန်းတော်က အန္တရာယ်ကျတော့မယ်…” ဝမ်ရှင်းက သုန်မှုန်စွာ ပြောသည်။ နန်းတော်က အန္တရာယ် ကျရောက်တော့မည့် တွက်ချက်မှုကို ရရှိပြီးကတည်းက သူကား နောက်ထပ် တွက်ချက်မှုများ အတွက် အချိန်များစွာ အသုံးပြုခဲ့ပေသည်။ ယခု မြေရိုင်းပြည်နယ်မှ ရှုပ်ထွေးလာသော အခြေအနေများအရ သူကလည်း စိတ်မအေး ဖြစ်နေရသည်။

မကြာမီ ဝမ်ရှင်းက ကြောက်မက်ဖွယ် ကောင်းသော ကံကြမ္မာတစ်ခုအား တွက်ချက်နိုင်ခဲ့သည်။ နန်းတော်ကား ဘေးအန္တရာယ်တစ်ခုနှင့် မကြာမီ ကြုံတွေ့ရပေမည်။

“မင်း သေချာလား…” လျူချန်းကလည်း လေးနက်စွာ မေးသည်။

“ဒါက ဘယ်လို မှားနိုင်မှာလဲ…” ဝမ်ရှင်းက ပြန်ပြောသည်… “ဒီလောကဓာတ်တွေက လောကကြီး အလုပ်လုပ်ပုံတွေကို အခြေခံထားတာပဲ… ဒီလို ဟောကိန်း ပေါ်လာပြီဆိုရင် ဖြစ်လာတဲ့ အကြောင်းအရင်း ရှိတယ်… အခု မြေရိုင်းပြည်နယ်မှာ ရှုပ်ထွေးနေတယ်… ဒါတွေက နန်းတော် မကြာမီ ရင်ဆိုင်ရမယ့် အန္တရာယ်နဲ့သက်ဆိုင်နေတယ်…”

“ရွှမ်ဝူမြို့မှာ ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်က အင်အားစုတွေနဲ့ ပေါင်းပြီး နဂါးပတ်တောင်ကို တိုက်ခိုက်တယ်… ပိုင်စီနှင့်ကျန်းရှာက အသတ်ခံရတယ်… ဒါတွေ အကုန်လုံးက မကြာခင် နန်းတော် ဖြေရှင်းရမယ့်အရာတွေ ဖြစ်လာနိုင်တယ်…ယွီပြည်နယ်က ကျန်းရှာ သေသွားတာကို ကျေနပ်မှာ မဟုတ်ဘူး…”  လျူချန်းက သက်ပြင်းချသည်။

သည်ရက်ပိုင်း ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ အားလုံးက အခြေအနေကား အဆိုးဆုံးသို့ တွန်းပို့နေသည်။ ကျန်းရှာ၏ သေဆုံးခြင်းက နန်းတော်အတွက် အကြီးမားဆုံး ပြဿနာဖြစ်သည်။ မကြာမီ ယွီပြည်နယ်၏ ရှန့်ထိုက မြေရိုင်းပြည်နယ်မှ ကိစ္စရပ်မျာအား လာရောက် ဖြေရှင်းတော့မည့်ဟန် ရှိနေ၏။

ဝမ်ရှင်းက ခေါင်းညိတ်သည်။ သူက ဟောကိန်းမှ ပြောသော အန္တရာယ်အား မည်သို့ အတိအကျ ဖြစ်လာမည်ကို မပြောနိုင်ပေ။ သို့သော်လည်း ကျန်းရှာ၏ သေဆုံးခြင်းက အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်ကိုမူကား သူအသိဆုံးပင်။

ယနေ့အထိ ခွန်ယိုကား မြေရိုင်းပြည်နယ်ထဲတွင် ရှိနေဆဲဖြစ်ကာ သူ၏လူအချို့က ကျိရှမ်းကမ်းပါးသို့ ပြန်ထွက် သွားခဲ့ကြသည်။ သူတို့က ကျန်းရှာ သေဆုံးသွားခဲ့ခြင်းအား သွားရောက် သတင်းပို့ကာ ညွှန်ကြားချက်များကို ယူလာကြမည် ဖြစ်သည်။

ချင်ကျောင်းကလည်း ကျိရှမ်းကမ်းပါးမှ လူများနှင့်အတူ ပြန်သွားခဲ့သည်။ နောက်တစ်ခေါက် ကျိရှမ်းကမ်းပါးမှ စေလွှတ်မည့်သူများကား ချင်ကျောင်းကဲ့သို့သော နိုဘယ်များ ဟုတ်တော့မည့်ပုံ မရတော့ပေ။ ကျိရှမ်းကမ်းပါးကလည်း ဤသို့သော အ​ခြေအနေ ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။

“ဟောကိန်းက တခြား သိရတာတွေ ရှိသေးလား…” လျူချန်းက မေးသည်။

ဝမ်ရှင်းက ခေါင်းယမ်းသည်။ ဟောကိန်းကား လာမည့်အန္တရာယ်ကို ပြောထားသော်လည်း အတိအကျမည်သို့ ဖြစ်ပျက်မည်ကို မသိရပေ။ ဝမ်ရှင်းကလည်း ထိုသို့ တွက်နိုင်စွမ်း မရှိပေ။ တော်ဝင်ကျဲနန်းတော်က သည်ဘေးအန္တရာယ်ကို ကျော်ဖြတ်နိုင်မလား ဟူသည်ကလည်း…။

“နန်းတော်သခင် ခြောက်ပါးကို ဆင့်ခေါ်လိုက်တော့…” လျူချန်းက အမိန့်ပေးသည်… “အားလုံးက ဒီကိစ္စကို သိသင့်တယ်… ငါတို့က မကြာခင် နန်းတော် ကြုံလာရနိုင်တဲ့ ဘေးအန္တရာယ်ကို ကာကွယ်ဖို့လိုတယ်…”

ဝမ်ရှင်းက လျူချန်း၏စကားကို ခေါင်းညိတ်သည်။ အမှန်ပင် ကြိုတင် ပြင်ဆင်ခြင်းက မမှားပေ။ သို့သော်လည်း ရုတ်တရက် လျူချန်းက ခေါင်းမော့ကာ အဝေးကို ကြည့်ပြီး သက်ပြင်းချသည်။ ရောက်လာရမည့်သူကား ရောက်လာပြီ ဖြစ်သည်။

အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါနှင့် လူတစ်ယောက်က သူတို့ရှေ့ကို တိုက်ရိုက် ကျဆင်းလာသည်။ နန်းတော်တွင် ဤကဲ့သို့ အတင့်ရဲစွာ ပြုမူရဲသူ သိပ်မရှိပေ။ သို့သော် လျူချန်းက သူ့အား ငေါက်ငမ်းခြင်းပင် မပြုပေ။ သူကား တိတ်ဆိတ်နေသည်။

ယခု ရောက်ရှိလာသူကား ပိုင်လွေလီ ဖြစ်သည်။

“ဆရာ… သူတို့ကို ဖမ်းမိပြီလား…” ပိုင်လွေလီက မေးသည်။ သူ၏ညီကဤသို့ သေဆုံးသွားရမည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ပိုင်စီက မောက်မာ ရိုင်းစိုင်းကာ အပြစ်အနာအဆာ များသော်လည်း မည်သို့ဆိုစေ သူတို့အကြား စီးဆင်းနေသည့် သွေးများက အတူတူပင်။ ယခု ပိုင်စီက အသတ်ခံရကာ ပိုင်လွေလီက မည်သို့ခံစားရမည်ကို တွေးကြည့်နိုင်သည်။

လျူချန်းက ခေါင်းယမ်းသည်။ ထင်းဆွေအိမ်တော်၏ နောက်ခံက မည်သည့်နေရာက လာသည်ကို လျူချန်းသိသည်။ ထို့ကြောင့်ပင် စုချွဲနှင့် ရီဝူချင်းအား မဖမ်းမိနိုင်ခြင်း အကြောင်းအရင်းများ ဖြစ်ပေသည်။

“ငါတို့ စုံစမ်းနေတုန်းပဲ…” လျူချန်းက ပြန်ပြောသည်… “လွေလီ… အခု မြေရိုင်းပြည်နယ်က ရှုပ်ထွေးနေတယ်… မင်းရဲ့စိတ်ကို ရှင်းရှင်းထားပြီး ပြင်ပကိစ္စတွေ သိပ်မတွေးနဲ့…”

ပိုင်လွေလီကား နန်းတော်၏ အနာဂတ်ဖြစ်သည်။ နောင်တွင် မည်သို့ ဖြစ်ပျက်နေပါစေ ပိုင်လွေလီက သီးသန့် ထွက်နေရန် သူတို့ မျှော်လင့်ပေသည်။

“ကျွန်​တော် နားလည်ပါတယ်…” ပိုင်လွေလီက ခေါင်းညိတ်သည်။ လျူချန်း၏သဘောကို သူနားလည်ပေသည်။

“နန်းတော်က ဘေးအန္တရာယ်နဲ့ ကြုံရတော့မယ်လို့ ဝမ်ရှင်းက ဟောကိန်း ထုတ်ထားတယ်…” လျူချန်းက ပိုင်လွေလီကို ပြောသည်… “နန်းတော်က ဒီဘေးအန္တရာယ်ကို ကျော်ဖြတ် နိုင်မလားဆိုတာ မသေချာဘူး… ဒါပေမဲ့ နန်းတော် ပျက်စီးသွားရင် မင်းက နန်းတော်ရဲ့ မျှော်မှန်းချက်ကို ပြည့်မီအောင် ဆက်ကြိုးစား ရလိမ့်မယ်…”

“နန်းတော်က ဘာမှ ဖြစ်မှာမဟုတ်ဘူး…” ပိုင်လွေလီက ပြန်ပြောသည်။

“ငါလည်း မျှော်လင့်တာပဲ…” လျူချန်းက ရေရွတ်သည်။ သို့သော်လည်း သူ၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားခြင်း မရှိပေ။

ထိုကာလ အတွင်း၌ပင် တော်ဝင်ကျဲနန်းတော်သို့ လူများစွာ ရောက်လာကြသည်။ သူတို့အားလုံးက ကျိရှမ်းကမ်းမှ ဖြစ်ကာ အားလုံးက အလွန် အားကောင်းကြပေသည်။ နန်းတော်က ခန့်မှန်းထားသည့်တိုင်း ချင်ကျောင်း ပြန်ပါလာခြင်း မရှိတော့ပေ။ သားတော်တစ်ပါးက မြေရိုင်းပြည်နယ်တွင် သေဆုံးသွားကာ ချင်ကျောင်းကလည်း ရှုံးနိမ့်ခဲ့သေးသည်။ ထိုအရာများ အားလုံးက ကျိရှမ်းကမ်းပါး အတွက် ကောင်းမွန်သော သတင်းများ မဟုတ်ပေ။

ကျိရှမ်းကမ်းပါးမှ ရောက်ရှိလာသည်တွင် တော်ဝင်ကျဲနန်းတော်ကား ထိုလူများအား ကြိုဆိုရတော့သည်။ လျူချန်းက ထိုအုပ်စုအား သွားရောက် နှုတ်ဆက်သည်တွင် ထိုအထဲ၌ ခွန်ယိုကိုလည်း တွေ့မြင်ရသည်။ ခွန်ယိုကပင် သည်တစ်ခေါက် လူများအား ဦးဆောင်လာသည်ကို သူသတိထားမိသည်။ ခွန်ယိုထက် အားကောင်းသည့်လူများ မပါဝင်ပေ။ သို့သော် သည်တစ်ခေါက် ခွန်ယိုက တော်ဝင်ရတနာအား ကိုင်စွဲထားသည်။

“လျူချန်း… မင်းရောက်လာမှတော့ ငါက တည့်တိုးပဲ ပြောတော့မယ်…” ခွန်ယိုက ပြောသည်။

“ဆက်ပြောပါ…” လျူချန်းက ပြောသည်။

“တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်မှာ တော်ဝင်လမ်းစဉ်ကို ချမှတ်ပေးတဲ့နေရာပဲ…” ခွန်ယိုက စပြောသည်… “အင်ပါယာရှားရဲ့ လက်အောက်ခံ နယ်မြေတစ်ခုအနေနဲ့ မြေရိုင်းပြည်နယ်နဲ့ ယွီပြည်နယ်က တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်… ဒါကြောင့် တော်ဝင်ကျဲ နန်းတော်က ဒီကိစ္စကို ဖြေရှင်းပေးဖို့ ငါတောင်းဆိုခဲ့တယ်… နန်းတော်က ဝင်မပါခဲ့တဲ့အတွက် ငါကိုယ်တိုင် ဖြေရှင်းခဲ့တယ်… ဒီအထဲမှာ ကျိရှမ်းကမ်းပါးက သားတော်တစ်ပါးက သေဆုံးသွားခဲ့တယ်… မြေရိုင်းပြည်နယ်က အင်အားစုတွေ အတော်များများကလည်း ကျိရှမ်းကမ်းပါးနဲ့ တိုက်ခိုက်နေကြတယ်… ရှန့်ထိုခေါင်းဆောင်က အတော်ကို သဘောမကျ ဖြစ်နေတယ်…”

လျူချန်းက သက်ပြင်းချသည်။ ချင်ကျောင်းကား ကျိရှမ်းကမ်းပါး၏ သားတော်တစ်ပါး ဖြစ်ရာ သည်ကိစ္စတွင် ယွီပြည်နယ်ရှန့်ထိုက သေချာပေါက် တစ်ခုခု တုံ့ပြန်တော့မည်မှန်း သူသိနေသည်။

“ရှန့်ထိုခေါင်းဆောင်က အခု ကိုယ်တိုင် မှားကြားလိုက်တယ်… နန်းတော်ကသာ ဒီကိစ္စကို သင့်တော်အောင် မစီမံပေးဘူးဆိုရင်…” ခွန်ယိုက ဆက်ပြောသည်… “ကျိရှမ်းကမ်းပါက ဝင်ပါရလိမ့်မယ်… ရှန့်ထိုခေါင်းဆောင်က အင်ပါယာရှားကို သတင်းပို့ပြီးတော့ တော်ဝင်ကျဲ နန်းတော်ကို တော်ဝင်မြေအဆင့်က ဖြုတ်ချဖို့ တောင်းဆိုလိမ့်မယ်… ဘယ်လိုပြောပြော မြေရိုင်းပြည်နယ်မှာ တော်ဝင်ကျဲနန်းတော် ဆက်တည်ရှိဖို့ အကြောင်းပြချက်မှ မရှိတော့တာ… လျူချန်း၏နှလုံးက တုန်ခါသွားသည်။ ထိုအရာကပင် နန်းတော်၏ဘေးအန္တရာယ်များအား… လျူချန်း စိတ်ပူနေသည်ကိုပင် ခွန်ယိုက တိတိကျကျ ထုတ်ဖော်ခဲ့သည်။ မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မရှိသည်မှာ အလွန် ကြာမြင့်ခဲ့ပြီဖြစ်ရာ နန်းတော် ဆက်လက်တည်မြဲရန် အလွန်ခက်ခဲနေသည်။ အင်ပါယာရှားက တော်ဝင်ကျဲနန်းတော်အား အာရုံမစိုက်မိသည်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ဆိုစေ အင်ပါယာရှားကဲ့သို့ အဆင့်ဖြင့် တော်ဝင်ကျဲ နန်းတော်ကား အရေးမကြီးသော အရာတစ်ခုသာ ဖြစ်သည်။ အကယ်၍ ယွီပြည်နယ် ရှန့်ထိုကသာ သူတို့အား သွားရောက် တိုင်တန်းပါက အင်ပါယာရှားကလည်း အမှန်ပင် နန်းတော်ကို ဖျက်သိမ်း နိုင်လောက်ပေသည်။

လျူချန်းကိုယ်တိုင်က ယခုနန်းတော် ကြုံနေရသော အခြေအနေကို ကောင်းကောင်း နားလည်ပေသည်။ နန်းတော်တွင် ရှန့်ထိုမရှိသည့်တိုင် အင်ပါယာရှားက တော်ဝင်ကျဲနန်းတော်အား တော်ဝင်လမ်းစဉ်ကို ချမှတ်ပေးရာ နယ်မြေအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ခွန်ယိုတို့အုပ်စုက တော်ဝင်ကျဲနန်းတော်ကို မလေးစားသော်လည်း လျစ်လျူရှု၍ မရခြင်းပင်။

“ကျုပ်တို့က ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးရမလဲ…” လျူချန်းက မေးသည်။

“မြေရိုင်းပြည်နယ်က ဖွဲ့စည်းပုံအချို့ ပြောင်းလဲရလိမ့်မယ်…” ခွန်ယိုက ပြောသည်… “ပြီးတော့ ရှန့်ထို ခေါင်းဆောင်က လူနှစ်ယောက်ကို အသက်ရှင်ရက် လိုချင်တယ်…”

“ဘယ်သူလဲ…” လျူချန်းက ပြန်မေးသည်။

“ဂူတုံးလျိုနဲ့ ရီဖူရှင်း…” ခွန်ယိုက ပြန်ဖြေသည်။ သည်တောင်းဆိုမှုက သူ့သဘောထား မဟုတ်ပေ။ သည်တောင်းဆိုမှု၏ အကြောင်းအရင်းက ကျန်းရှာ သေဆုံးခြင်းနှင့် ချင်ကျောင်း ရှုံးနိမ့်ခြင်းတို့တွင် ရှိသည်ဟု သူထင်သည်။

လျူချန်း၏မျက်လုံးများက အရောင်လက် သွားသည်။ ကျိရှမ်းကမ်းပါး၏ ရှန့်ထိုက ဂူတုံးလျိုနှင့် ရီဖူရှင်းအား အသက်ရှင်ရက် လိုချင်သည်။ ရီဖူရှင်းကို တောင်းဆိုသည့်ကိစ္စက အလွန်ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်။

ဂူတုံးလျိုက ကျန်းရှာအား တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ရီဖူရှင်းကလည်း ဒုတိယတန်းစား နိုဘယ်အဖြစ်ဖြင့် ချင်ကျောင်းအား အနိုင်ယူခဲ့သည်။ ထို့ကြောင့်ပင် ကျိရှမ်းကမ်းပါးက သူတို့အား အသက်ရှင်ရက် လိုချင်ဟန်ရသည်။ မဟုတ်လျှင် သူတို့အား သတ်ဖြတ်ခြင်းက အလွန် လွယ်ကူပေမည်။

“ဒါက အရေးကြီးတဲ့ကိစ္စပဲ… ကျုပ်က နန်းတော်သခင် ခြောက်ပါးကို ခေါ်ပြီး ဆွေးနွေးရမယ်… ” လျူချန်းက ပြောသည်။

“သေချာတာပေါ့… ကျုပ်က အရင်မလိုဘူး…” ခွန်ယိုက အေးစက်စွာ ပြောသည်။ မြေရိုင်းပြည်နယ်မှ လူများက ကျိရှမ်းကမ်းပါးနှင့် ရင်ဆိုင်ရဲမှတော့ သူကလည်း ထိုလူများအား ထိုက်တန်သော ပေးဆပ်မှုများအား ရရှိစေမည်။ သည်တစ်ခေါက် သူလိုချင်သည်များ မရလျှင် မြေရိုင်းပြည်နယ်မှ မထွက်သွားနိုင်ပေ။

လျူချန်းက မျက်မှောင်ကြုတ်လျက် စဉ်းစားသည်။ ခွန်ယို၏ အပြုအမူများက ပထမတစ်ခေါက်နှင့် အလွန် ကွဲပြားခြားနားနေသည်။ သူက အလွန် တည်ငြိမ်နေခြင်းက ယခင်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားနေရသည်။

“ဒါဆိုလည်း ကျုပ်ပြန်လိုက်ဦးမယ်…” လျူချန်းက ထွက်လာသည်။ မကြာမီ လျူချန်းက နန်းတော်သခင် ခြောက်ပါးအား ဆင့်ခေါ်ကာ ဆွေးနွေးသည်။ ထိုအထဲတွင် နန်းတော်မှ အကြီးအကဲများလည်း ပါဝင်ကြသည်။

“အားလုံးက ကျိရှမ်းကမ်းပါး ရောက်လာတာကို သိပြီးဖြစ်မယ်…” လျူချန်းက ပြောသည်… “ခွန်ယိုပြောတာကို ကျုပ် ပြန်ပြောမယ်…”

ခွန်ယို၏စကားများကို ပြန်ပြောပြပြီးနောက် လျူချန်းက မေးသည်… “ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ… ”

***

Comment

Leave a Reply

Options

not work with dark mode
Reset