အပိုင်း(၇၀၄)

သွေးနီရောင်ညနေခင်း

“မင်းတို့နှစ်ယောက်က တကယ်ပဲ ချစ်ကြတဲ့ စုံတွဲပါလား… ဟား… ဟား… ဒါဆိုလည်း ငါကမင်းတို့ကို ခရီးအဆုံးအထိ ပို့ပေးရမှာပေါ့…” ကျန်းရှာက သူတို့ထံကို လျှောက်လာရင်းဖြင့် ပြောသည်။ တစ်ဖက်တွင် ဂူတုံးလျိုက ပြင်းထန်စွာ တိုက်ခိုက်ရာ တန်ခိုးအဆင့်နိမ့် မိုရှီတန်ခိုးရှင်ကား ဒဏ်ရာပြင်းထန်စွာ ရသွားသည်။ သို့သော်လည်း နောက်တစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်လျက်  ဂူတုံးလျိုအား တားဆီးထားဆဲဖြစ်ရာ ဂူတုံးလျိုက မည်သို့မှ မကူညီနိုင်ဖြစ်နေသည်။

ကြောက်မက်ဖွယ် ကောင်းသော လောကစွမ်းအားက ရီဖူရှင်းနှင့် ဟွာဂျီယူအပေါ်သို့ ကျဆင်းလာသည်။ သေဆုံးခြင်းက နီးကပ်လာသောအခါ ဧကရာဇ်အသိ လောင်ကျွမ်းခြင်း ကလည်း ဘာမှ မဟုတ်တော့ပေ။

ကျန်းရှာက လေဟာနယ်ဓားအား ကိုင်စွဲကာ လျှောက်လာသည်။ ရီဖူရှင်းက ဟွာဂျီယူအား ကြည့်ကာ ကြီးစွာသော နာကျင်မှုကို ခံစားရ၏။ ထို့နောက် သူက ကျန်းရှာဘက်ကို လှည့်ကာ သူ၏စိတ်စွမ်းအားကို ထုတ်လိုက်သည်။ သို့သော်လည်း ထိုအရာကလည်း အသုံးဝင်ဟန် မတူပေ။

သေခြင်းတရားကား အမှန်ပင် နီးကပ်လာပြီ ဖြစ်သည်။ ကမ္ဘာသစ်ပင်က လေထဲတွင် ယိမ်းခါနေသည်။ ရီဖူရှင်းက လောက စွမ်းအားကို ဤမျှ တစ်ခါမှ ရှင်းရှင်းလင်းလင်း ခံစားသိမြင်ဖူးခြင်း မရှိပေ။ အကယ်၍ သူသာ အချိန်အနည်းငယ် ထပ်ရပါက သူ၏လောက သဘာဝဓာတ် စွမ်းအားများအားလုံး ရင့်ကျင်သွားမည်ကို သိနေသည်။ သို့သော်လည်း ကျန်းရှာက သူ့အား အချိန် ထပ်ပေးမည် မဟုတ်ပေ။ သူကဓားကို မြှောက်ကာ အပေါ်မှမိုး၍ ခုတ်ချလိုက်သည်။

ရီဖူရှင်းက သူ့ထံကို ရောက်လာသော ဓားချက်အား ကြည့်သည်။ သူ၏စိတ်ထဲတွင် ဓားချက်က အလွန်တရာ နှေးကွေးလေးလံ သွားသည်။ ကြည်လင်သော စိတ်ကား  အတွင်းသဏ္ဌာန်မှ ဖြစ်ပေါ်နေသာ လာကစွမ်းအားများ အားလုံးကို ခံစားသိမြင်နိုင်သည်။

သူ့အနီးမှ အရာခပ်သိမ်းက ရှင်းလင်းသွားသည်။ သည်ရှင်းလင်း သိမြင်မှုက သူခံစားဖူးသည်ထက် ပိုမိုသာလွန်သည်။ သူ၏စိတ်က  ခန္ဓာကိုယ်တွင် မရှိတော့ဘဲ လောကသဘာဝ စွမ်းအားများနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားရသည်။

လောကရှိ အရာခပ်သိမ်းက နှေးကွေးသွားသည်။ သူ၏အာရုံထဲတွင် ဓားက နှေးကွေးသွားသည်။ သူကဟွာဂျီယူကို ကြည့်သည်တွင် သူမ၏ပါးပြင်မှ မျက်ရည်စက အလွန်တရာ နှေးကွေးစွာ ကျဆင်းနေသည်ကို မြင်သည်။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်။ သူ၏စိတ်က သူကိုယ်တိုင် ပိုင်ဆိုင်ခြင်း မဟုတ်တော့ဘဲ လောကတစ်ခုလုံးနှင့် သက်ဆိုင်သွားသည်ဟု ခံစားရသည်။

လောကတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်သွားလျှင် ထူးဆန်းသော စွမ်းအားက မွေးဖွားလာသည်။

ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ သူ့ထံကို ကျဆင်းလာသော ဓားသွားအား ကြည့်သည်။ ထို့နောက်သူက​ ကြိမ်းဝါးလိုက်သည်… “ငါ့ဆန္ဒကကောင်းကင်ရဲ့ ဆန္ဒပဲ… လောကဓာတ်… ကောင်းကင်အေးခဲခြင်း…” သူက ထိုသို့ပြောလိုက်သည်နှင့်် တစ်လောကလုံး ရပ်တန့်သွားသည်။ ထိုအခိုက်တွင် ကျန်းရှာက သူ၏ဓား ရပ်တန့်သွားသည်ကို ခံစားရသည်။ သူ၏ခန္ဓာကိုယ်ကပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

အရာအားလုံးက တည်မြဲနေသည်။

“ဘာဖြစ်နေတာလဲ…” ကျန်းရှာက လောကစွမ်းအားကို ခံစားမိသည်။ ထိုအရာက မမြင်နိုင်သော စွမ်းအားဖြစ်ကာ နေရာတိုင်းတွင်ရှိသည်။ သူ၏လှုပ်ရှားမှုတိုင်းက အကျိုး သက်ရောက်မှုရှိကာ ခန္ဓာကိုယ်က ကြီးစွာ လေးလံ ထိုင်းမှိုင်းသွား၏။

“ဒါကလောကစွမ်းအား… ရင့်ကျက်တဲ့လောကဓာတ်… ဒါက … ပိုပြီးတောင်မှ…” ကျန်းရှာ၏ အမူအရာက အလွန်တရာ အရုပ်ဆိုး အကျည်းတန် သွားသည်။ ယခုသူက လောကဓာတ်နှစ်ခုလုံးကို ခံစားသိမြင်လိုက်ကာ သူ၏နှလုံးက တုန်ခါသွားသည်။ ဤမျှ စွမ်းအားကြီးသော လောကဓာတ်က မည်သို့ တည်ရှိရသနည်း…။

သည်မတိုင်မီက စိတ်စွမ်အားကိုသုံးလျက် ကောင်းကင်အေးခဲခြင်း ပညာရပ်အား သုံးစွဲရန် ရီဖူရှင်းက ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏စွမ်းအားများက နိုဘယ်တွင်သာရှိရာ တကယ့်လောက စည်းမျဉ်း မဟုတ်ပေ။ ထို့ကြောင့် ထိုစွမ်းအားက ရှီတန်ခိုးရှင်ဖြစ်သော ကျန်းရှာအား သက်ရောက်နိုင်စွမ်း မရှိခဲ့ပေ။ သည်တစ်ခေါက်ကား ရီဖူရှင်းက ပိုမိုမြင့်မားသော လောကဓာတ်စွမ်းအားကို ပိုင်ဆိုင်ခဲ့ကာ အမျိုးအစားကလည်း အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် လောကဓာတ် ဖြစ်နေသည်။

လောကတွင်  အမျိုးအစားကွဲပြားသော တန်ခိုးရှင်များစွာ ရှိကြပေသည်။  တန်ခိုးရှင်များက ကွဲပြားခြားနားသော လမ်းစဉ်များအား လျှောက်လှမ်း ကြသော်လည်း သူတို့၏ ဦးတည်ချက်ကား အတူတူဖြစ်သည်။ ရှီအဆင့်ကို ရောက်လျှင် သူတို့က စိတ်ဝိညာဉ်ပညာရှင်ဖြစ်စေ၊ သိုင်းပညာရှင်ဖြစ်စေ၊ ဓာတ်စွမ်းအင်မျိုးစုံ အထူးပြုပညာရှင်ဖြစ်စေ… အားလုံး၏ ရည်မှန်းချက်ပန်းတိုင်က ကိုယ်ပိုင်လောကဓာတ်အား နားလည်ဆင်ခြင်နိုင်ရန် ဖြစ်သည်။ ကွဲပြားခြားနားသော သီးသန့်နယ်များအား နားလည်ဆင်ခြင် ထားနိုင်သူများက ထိုအဆင့်မှသည် ကိုယ်ပိုင်လောကဓာတ် မွေးဖွားနိုင်ရန်  ဆက်လက် အားထုတ်ရသည်။

ရှီတန်ခိုးရှင်များ ရရှိပိုင်ဆိုင်နိုင်သော လောကဓာတ်များ ထဲတွင် လေဟာနယ်ဓာတ်ကား အမြင့်ဆုံး အတန်းအစားတွင် ရှိပေသည်။ အာကာသဓာတ်ကား တခြား မီး၊ရေ၊လေဓာတ်များနှင့် ကွဲပြားခြားနားသည်။ ထိုအရာက သည်လောကတွင် အကောင်အထည် ဖော်မရသော ဓာတ်ဖြစ်ကာ လောက တစ်ခုလုံးကလည်း သဘာဝစွမ်းအင်များဖြင့်  ပြည့်နှက်နေသည်။ သို့သော် အာကာသဓာတ်ကား ခံစားသိမြင် မရနိုင်သောအရာ ဖြစ်သည်။ ထိုသို့သော လောကဓာတ်က သာလျှင် သီးသန့်ဖြစ်သော စွမ်းအားကို  ထုတ်ဖော်နိုင်ကာ တစ်ဖက်လူအတွက် ကာကွယ်ရန် နည်းလမ်းမဲ့ပေသည်။

ရှီနှင့်ရှန့်ထို အဆင့်ဇယားတွင် အာကာသဓာတ်အား နားလည် ဆင်ခြင်နိုင်သူများကား ထိပ်သီးနေရာ၌ ရပ်တည်နိုင်ကြသည်။ သူတို့အားလုံးက ထင်ရှား ကျော်ကြားသူများ ဖြစ်ကြသည်။ ယနေ့ ထိုသို့သော စွမ်းအားက ရှီအဆင့်ကိုပင် မတက်ရောက်ရသေးသော နိုဘယ် တစ်ယောက်ထံတွင် မွေးဖွားလာ၏။

ကျန်းရှာ၏ ဗဟုသုတထဲတွင် ပြည်နယ်ကိုးခု၌ ဤသို့သော အဖြစ်အပျက်မျိုး မကြားဖူးပေ။ သည်ဓာတ်ကို နားလည် ဆင်ခြင်နိုင်သူ အနည်းငယ်ထဲတွင်ပင် သူတို့က ရှီအဆင့်ကို ရောက်ပြီးမှ နားလည်သွားသူများ ဖြစ်ကြသည်။ ယခု နိုဘယ်အဆင့်မျှဖြင့် အာကာသဓာတ်အား နားလည်သူကို သူမြင်ဖူးပြီ ဖြစ်သည်။

သူ၏ ညီငယ်ချင်ကျောင်းက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ ထိုသို့တွေးလျှင်  ကျန်းရှာ၏ မျက်နှာက ပျက်ယွင်းသွားသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ဧရာမကျောက်ဘီလူးကြီး တစ်ကောင်က သူ့နောက်တွင် ပေါ်လာသည်။

ရှိရှိသမျှ စွမ်းအားကိုစုစည်းကာ သူကဓားသွားအား ရှေ့ကို ဆက်တွန်းလိုက်သည်။ အာကာသဓာတ်က  အမြင့်ဆုံး လောကစွမ်းအား ဖြစ်သည့်တိုင် ကျန်းရှာကား အဆင့်မြင့်ရှီဖြစ်သည်။ သူကမိုရှီသို့မဟုတ် ကွန်းရှီ မဟုတ်သေးသော်လည်း နှစ်ပေါင်းများစွာ သူနားလည် ဆင်ခြင်လာကော လောကဓာတ်များက နိမ့်ကျစရာ မရှိပေ။

သို့သော် ရီဖူရှင်းက သတိထားမိဟန် မရပေ။ သူကား သူ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးဝနစ်မျောနေပြီ ဖြစ်သည်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပြီး သူစိတ်ကလည်း ရုပ်ခန္ဓာကိုယ်ထဲတွင် မရှိတော့ပေ။ မဆုံးနိုင်သော စွမ်းအားများက လောကကို ဖြတ်သန်း စီးဆင်းနေကြာကာ သူတို့အား မမြင်ရသော်လည်း သူကစိတ်ဖြင့် ထိန်းချုပ်နိုင်စွမ်း၊ ခံစားသိမြင်နိုင်စွမ်း ရှိလာသည်။  ထိုအရာများ အားလုံးက လောကဓာတ်များ ဖြစ်သည်ကို ရီဖူရှင်းက သိနားလည် လိုက်သည်။

ယခု ရီဖူရှင်း၏ စိတ်စွမ်းအားများ ကလည်း တရိပ်ရိပ် ထိုးတက် လာနေသည်။ နောက်ဆုံး စိတ်ဝိညာဉ်က ဆင့်ကဲ ပြောင်းလဲသွားကာ တန်ခိုးအဆင့် တက်သွားပြီး ပထမတန်းစား နိုဘယ်သို့ ရောက်လာသည်။ ဧကရာဇ်အသိ လောင်ကျွမ်းခြင်းဖြင့် သူ၏လက်ရှိ စိတ်စွမ်းအားကား အတိုင်းအဆမဲ့ အားကြီးပေသည်။

“ဝှစ်…” ရီဖူရှင်း၏လောကဓာတ်က ပိုမို အားကောင်းလာသည်ကို ခံစားမိသည်တွင် ကျန်းရှာက ဓားဖြင့်ခုတ်သည်။ လေဟာနယ်မှ အရာခပ်သိမ်းက ရပ်တန့်သွားတော့မည်ကဲ့သို့ ဖြစ်လာကာ ထူးဆန်းသော ခံစားချက်တစ်ခု  ကျန်းရှာကရသည်။

သည်တိုက်ပွဲ မတိုင်မီက ဤကဲ့သို့ အခြေအနေ  ကြုံရမည်ဟု သူမထင်ထားခဲ့ပေ။ ဒုတိယတန်းစား နိုဘယ်က သူ့အား အန္တရာယ်ပေးနိုင်သည် ဆိုသော အချက်က အဓိပ္ပာယ် ကင်းမဲ့လှသည်။ သို့သော် ယခု ကျန်းရှာက အမှန်ပင် အန္တရာယ်၏ အငွေ့အသက်များကို ခံစားနေရသည်။ ပထမတန်းစား နိုဘယ်ဖြစ်သည်နှင့်အညီ အင်ပါယာကဲ့သို့ အထောက်အကူပြု စွမ်းအားက ရီဖူရှင်းကား ရှီတန်ခိုးအဆင့်သို့ တက်ရောက်စ လူထက်ပင် ပိုမို အားကောင်းစေသည်။ ထို့အပြင် သူ၏ကျင့်ကျက်သော လောကစွမ်းအားများကြောင့် ရီဖူရှင်းကား  တကယ့် ရှီတစ်ယောက်နှင့် မခြားတော့ပေ။ ပြောရလျှင်  သူကား အလယ်အလတ်ရှီသို့ပင် ရောက်နေပြီဟု ပြော၍ရသည်။

ဤသို့သော အခြေအနေတွင် အဆင့်မြင်ရှီဖြစ်သော ကျန်းရှာကား တန်ခိုးအဆင့်မြင့်သည့်တိုင် တိုက်ခိုက်ရေး စွမ်းအား ကွာဟချက်ကြောင့် ရီဖူရှင်းထက် သာသည်ဟု မပြောနိုင်တော့ပေ။ ထို့အပြင် ရီဖူရှင်း၏လောကဓာတ်ကား အလွန်တရာ ရင်ဆိုင်ရခက်သော အာကာသဓာတ် ဖြစ်သည်။

ရီဖူရှင်းက ထရပ်သည်။ သူ၏မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေ၏။ ကမ္ဘာသစ်ပင်က  လှုပ်ခတ်သည်တွင် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းက ပြင်ပလောကနှင့် ပေါင်စပ်သွားဟန် ရသည်။ ရီဖူရှင်းက လေဟာနယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။

ကျန်းရှာ၏ဓားကား အလွန် အားကောင်းပေသည်။ သူကလည်း လောကဓာတ်ကို သုံးသူဖြစ်ရာ ရီဖူရှင်း၏ ရင့်ကျက်သော လောကဓာတ်ဖြင့်ပင် လုံးဝ တားဆီးနိုင်စွမ်း မရှိပေ။ သို့သော်လည်း ရီဖူရှင်းက သူ၏ဓားကို လုံးဝတားဆီးနိုင်စွမ်း မရှိသည့်တိုင် နှေးကွေးစေခြင်းက သူ့အတွက် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။

ရီဖူရှင်းအတွက်မူ လက်ရှိကျန်းရှာ၏ ဓားချက်က ကလေးကစားစရာ ဓားတစ်လက်နှင့် မခြားပေ။  ရီဖူရှင်းက ဓားချက်ကို အလွယ်ပင် တိမ်းရှောင်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ကြီးမားသော စွမ်းအားက ကျန်းရှာ၏လက်ကို ကျဆင်းလာကာ ကောင်းကင်ထက်မှ ကြယ်ကြွယ်သည့်အလား သူ့အား မြေပြင်ပေါ်သို့ ကျဆင်းစေသည်။

ဓားက မြေပြင်ပေါ်ကို ကျဆင်းသွားသည်တွင် ကျန်းရှာ၏အမူအရာက ပျက်ယွင်းသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော မြေဆွဲအား ဖြစ်တည်လာကာ ရီဖူရှင်းထံကို ဖိအားများ သက်ဆင်းစေလျက် တစ်ဖန် ဘယ်လက်ဖြင့် လှမ်းရိုက်ပြန်သည်။ သို့သော် အာကာသဓာတ်က လေဟာနယ်ကို တစ်ဖန်ဝါးမျိုသွားကာ ကျန်းရှာ၏ လှုပ်ရှားမှုများက နှေးကွေးသွားသည်။ ဧကရာဇ်အသိအား လောင်ကျွမ်းစေခြင်းဖြင့် အဆုံးအစမဲ့သော စွမ်းအားများက လက်တစ်လျှောက် စီးဆင်းစေကာ ရီဖူရှင်းက ကျန်းရှာ၏ လက်ပင်းအား ရိုက်ထုတ်လိုက်သည်။

ကျန်းရှာက ထိုတိုက်ခိုက်မှုကို ရှောင်ဖယ်လိုသည်။ သို့သော် သူ့မျက်လုံးထဲတွင် ထိုက်ရိုက်ချက်က အလွန်တရာ မြန်လွန်းနေသည်။ ကြယ်ကြွယ်လက်ဝါးက ကြယ်တာရာ လောကဓာတ်ကို မှီလျက် ကျန်းရှာ၏လည်ပင်းကို ရောက်လာသည်တွင် သွေးဖြန်းဖြန်း ပန်းထွက်သွားသည်။

ကျန်းရှာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားကာ သူ၏မျက်လုံးက ပြူးကျယ်သွားသည်။ သူက အသံထွက်လိုသော်လည်း သူ၏လည်ပင်းကား အစိတ်စိတ် ကွဲအက်သွားကာ ထပ်မံ၍ စကားပြောနိုင်စွမ်း မရှိတော့ပေ။ သူက တုန်ယင်သွားကာ မဆုံးနိုင်သော အကြောက်တရားများက ကျောရိုးကို စိမ့်လျက် ဖြစ်တည်လာသည်။ သူကရှေ့မှ လူငယ်အား  တုန်ယင်စွာ ကြည့်သည်။ သူကား နိုဘယ်တစ်ယောက်၏ လက်တွင် သေဆုံးရတော့မည်။ သူက ထိုက်ဟန်တောင်ကို လာရောက် လက်စားချေခြင်း ဖြစ်သော်လည်း ထိုက်ဟန်တောင်က သူ၏နောက်ဆုံး အသက်ရှူသံ ဆိတ်သုဉ်းရာ နေရာ ဖြစ်နေလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset