အပိုင်း(၇၀၂)

သတ်ကွင်း

“စုရှမ်း” မြို့စားပိုင်ဂူ၏မျက်လုံးက အေးစက်သော အငွေ့အသက်များ ပြင်းထန်စွာဖြင့် စုရှမ်းကို ကြည့်သည်။ တော်ဝင်ကျဲ နန်းတော်၏အဆိုအရ စုရှမ်း၏သားကလည်း သူ့သားအား လုပ်ကြံရာတွင် ပါဝင်နေသည်။

စုရှမ်းအား ထိုက်ဟန်တောင်တွင် လာတွေ့ရမည်ဟု ပိုင်ဂူက မထင်ထားပေ။ ထို့နောက်တွင် ထိုက်ဟန်တောင်၌ မြှုပ်နှံရမည့်လူက စုရှမ်းသာ ဖြစ်ရမည်ဟု သူဆုံးဖြတ်လိုက်သည်။

ဖျက်ဆီးခြင်း မျက်လုံး ထွက်ပေါ်လာသည်တွင် ကောင်းကင်တွင် မီးခိုးရောင် မျက်လုံးအစုံကို မြင်ကြရသည်။ ဓားအရောင်အဝါ တစ်ခုက ရီဖူရှင်းတို့အား လာရောက် ရစ်ပတ်ကာ သူတို့အား အဝေးသို့ ပို့ဆောင်သည်။ စုရှမ်းက ရှေ့ကို တစ်လှမ်း တက်သွားသည်တွင် လေထုက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာ၏။ ပိုင်ဂူ၏မျက်လုံးက အလွန် လေးနက်သွားသည်။ ကောင်းကင်မြေရိုင်း အဆင့်၄တွင် ရှိသော်လည်း စုရှမ်းအား အထင်သေးခြင်းက မိမိသေတွင်းကို ကိုယ်တိုင်တူးခြင်းနှင့် အတူတူပင်။

ထိပ်သီးဓားသမား လေးယောက်ထဲတွင် စုရှမ်းကား နံပါတ်တစ် ဖြစ်သည်။

အကြောင်းပြချက်က တစ်ခုတည်းသာ ရှိသည်။ သူ၏ဓားပညာကား လူသတ်ဓား ဖြစ်ခြင်းပင်။ စုရှမ်းကို အထင်သေးသူက အသက်ဖြင့် ပြန်ပေးဆပ် သွားရပေမည်။ အနည်းငယ်သော အခွင့်အရေးတစ်ခုက စုရှမ်းအတွက် လူသတ်လို လုံလောက်ပေသည်။

ချက်ချင်းပင် ပိုင်ဂူက သူ့အား လူသတ်လိုသော အငွေ့အသက်များဖြင့် လုံးဝ ပစ်မှတ်အဖြစ် သတ်မှတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ လူသတ်အငွေ့အသက်က နေရာတိုင်းတွင် ရှိကာ ဖျက်ဆီးခြင်း မျက်လုံးကလည်း ထိုအငွေ့အသက်များအား ပယ်ဖျက်ရန် ကြိုးစားသည်။

“တခြားလူတွေကို သွားသတ်” ပိုင်ဂူက သူနှင့် ခေါ်လာသူများအား ပြောသည်။ သို့သော်လည်း မည်သူမှ မလုပ်နိုင်ကြပေ။ လက်ရှိ သူတို့ ခံစားနေရသော ဖိအားကား ပိုင်ဂူထက်ပင် မြင့်ပေသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များက ပြောသည်မှာ သူတို့က အနည်းငယ်မျှ လှုပ်ရှားသည်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများက တစ်စစီ ဖြစ်သွားမည်ဟု ခံစားနေကြရသည်။

ပိုင်ဂူ၏အမူအရာများက အလွန်အမင်း အေးစက်သွားသည်။ စုရှမ်းက သူတို့အားလုံးကို တားဆီးထားနိုင်ခြင်းက မထင်မှတ်ထားသော အရာဖြစ်သည်။

နောက်တစ်နေရာ၌ ရီဖူရှင်းက စုရှမ်း၏ဓားကို စီးနင်းက လေထဲမှ မြန်ဆန်စွာ ပျံသန်းနေသည်။ ဓားက မြန်ဆန်စွာပင် အောက်ကို စိုက်ဆင်းလာနေ၏။ စုရှမ်းက ဓားကို ဆက်လက် ထိန်းချုပ်ရန် အခြေအနေ မရှိသည်ကို သူနားလည်သည်။ ယခု သူက တိမ်ဖြူမြို့စားအား အာရုံစိုက် တိုက်ခိုက်ရန် လိုနေ၏။

သည်စစ်ပွဲတွင် ပါဝင်ပတ်သက် လာသူများကို ကြည့်ကာ ရီဖူရှင်း အပြစ်ရှိသလို ခံစားရသည်။ စုရှမ်းက သည်တိုက်ပွဲတွင် ဘေးရန်ကင်းကင်းဖြင့် ထွက်သွားနိုင်ရန် သူမျှော်လင့်၏။

ဂူတုံးလျိုနှင့် ရီဖူရှင်းတို့က ရှေ့ကို ဆက်လက် ပျံသန်းလာကြသည်။ မြေပြင်တွင် ရွှေလူဝံ အလောင်းများအား တွေ့မြင်ရသည်တွင် သူတို့၏မျက်လုံးများက အလွန်တရာ စူးရှသွားကြသည်။

ရီဖူရှင်းကလည်း လက်သီးကို တင်းတင်းဆုပ်သည်။ ဂျီယူတို့ ဘာမှ မဖြစ်ရန် သူက ဆုတောင်းနေမိသည်။ သူတို့က တိုက်ပွဲ အငွေ့အသက်များကို ခြေရာခံလျက် တောင်ပေါ်ကို ဆက်တက်လာကြ၏။

သူတို့နှင့် သိပ်မဝေးသော တစ်နေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ နတ်ဆိုးခန္ဓာကိုယ်က လေထဲတွင် ရပ်ကာ မိစ္ဆာအငွေ့အသက်များက လေဟာနယ်ကို ပြည့်နှက်နေသည်။ ဧရာမကြီးမားသော ခန္ဓာကိုယ်တွင် သွေးကြောမခုနစ်ခု အသက်ဝင်လာသည်။ နောက်ထပ် ချပ်ဝတ်တစ်ခု သူ၏ခန္ဓာကိုယ်ပေါ်တွင် ထပ်ပေါ်လာပြီး သူ့အား ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပေးသည်။ သူ့ရှေ့တွင်ကား ရှီတန်ခိုးရှင်သုံးပါးက ရပ်နေကြသည်။ သူတို့ကား ကျန်းရှာနှင့် နောက်ရှီတန်ခိုးရှင် နှစ်ယောက်ဖြစ်သည်။ သို့သော်လည်း ထိုရှီတန်ခိုးရှင် နှစ်ယောက်က သိပ်အဆင့်အမြင့်ကြပေ။ သို့တိုင်အောင် တစ်ယောက်က အဆင့်နိမ့် မိုရှီဖြစ်ကာ နောက်တစ်ယောက်က အဆင့်မြင့် မိုရှီဖြစ်သည်။ တခြား စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက ထိုက်ဟန်တောင်မှ လူဝံများ၏ တားဆီးခြင်းကို ခံနေရသည်။ သူတို့က မိုရှီအဆင့်မျှသာ ရှိသော်လည်း ယူရှမ်းက သူတို့အား တားဆီးရန် မဖြစ်နိုင်ပေ။

ယူရှမ်း၏ ပါးစပ်မှ သွေးများ စီးကျလာနေသည်။ ဟွာဂျီယူနှင့် ယိချိန်ချန်တို့က သူ့နောက်တွင် ရပ်နေကြ၏။ ယိချိန်ချန်ကား မျက်ရည်များ တသွင်သွင် စီးကျနေသည်။

ကျန်းရှာက ယူရှမ်းကို စိတ်ပျက်စွာ  ကြည့်သည်။ နိုဘယ်တစ်ယောက်က သူတို့အား ပြန်တိုက်ခိုက်ရဲမည်ဟု သူမထင်ထားပေ။ သည်နိုဘယ်၏ တိုက်ခိုက်ရေး စွမ်းရည်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သို့သော်လည်း နိုဘယ်က နိုဘယ်သာဖြစ်သည်။ လျှို့ဝှက်ပညာရပ်များနှင့် သိဒ္ဓိဝင် လက်နက်များကြောင့် သူ့အစွမ်းများ မြင့်တက်သွားသည့်တိုင် တန်ခိုးအဆင့် ကွာဟချက်က ကြီးမားလွန်း လှပေသည်။

“မင်းက သေချင်နေမှတော့ ငါက ဖြည့်ဆည်း ပေးရတာပေါ့” ကျန်းရှာက ယူရှမ်းကို ဒေါသတကြီး ပြောသည်။ သူတို့က ယူရှမ်းနဲ့ အချိန်ဖြုန်းနေရာ မရှိသော်လည်း ယူရှမ်းကား နတ်ဆိုးတစ်ပါးလို အသေအကြေ ခုခံနေသည်။

“သေစမ်း” သူခေါ်လာသော မိုရှီတစ်ယောက်က လျှပ်စီးများဖြင့် တိုက်ခိုက်သည်တွင် လျှပ်စီးတန်းက ယူရှမ်းအား အတော်ဝေးဝေးသို့ လွင့်စဉ်သွားစေသည်။ သူ၏ပါးစပ်မှ သွေးများ ပိုမိုစီးကျလာ၏။ သို့သော်လည်း ယူရှမ်းကား ကုန်းရုန်းထလာမြဲပင်။ ထို့နောက်တွင် နောက်ထပ် လျှပ်စီးတန်းတစ်ချက်က သူ့ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာပြီး မြေပြင်က အက်ကွဲသွားသည်။ ယူရှမ်း၏ မျက်နှာကလည်း ပိုမို ပြာနှမ်းလာနေပြီး သွေးများ အဆက်မပြတ် အန်၏။

“ဘယ်လို အရူးလဲ” ကျန်းရှာက အေးစက်စွာ ပြောသည်။ သူက ယူရှမ်းကို အာရုံမစိုက်တော့ဘဲ ဟွာဂျီယူနှင့် နောက်မိန်းကလေး နှစ်ယောက်ထံသို့ လျှောက်လာသည်။ သူတို့အားလုံးက လှပချောမောကြ၏။ ရီဖူရှင်းကား မည်သို့ စည်းစိမ်ခံရမည်ကို သိလွန်းသည်။ သူ၏ အစီအစဉ်များအား ဖျက်ဆီးသည့်အတွက် ရီဖူရှင်းက နောင်တရရပေမည်။

“ကောင်မလေးတွေ… ကျုပ်နဲ့အတူ လိုက်မှာမလား” ကျန်းရှာက မဲ့ပြုံးပြုံးကာ ပြောသည်။ ယူရှမ်းက သူ့ထံ ပြေးဝင်လာပြန်သည်။ သို့သော်လည်း ကျန်းရှာက ပြင်းထင်သော ရိုက်ချက်တစ်ချက်ဖြင့် သူ့အား ထပ်မံ၍ နောက်ကို လွင့်စဉ်စေ၏။ ယူရှမ်းကား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားကာ ကျန်းရှာကို တားဆီးနိုင်စွမ်း မရှိပေ။

“ကျန်းရှာ” အဝေးမှ အသံတစ်သံကို ကြားကြရသည်။ ကျန်းရှာက အံ့အားသင့်သွားကာ နောက်လှည့်သည်။

ဂူတုံးလျိုနဲ့ ရီဖူရှင်း…။

သူက ပတ်ဝန်းကျင်ကို ကြည့်သည်တွင် သူတို့နှစ်ယောက်သာ ဖြစ်သည်ကို သတိထားမိပြီးမှ စိတ်အေးသွားရသည်။ ဂူတုံးလျိုနှင့် ရီဖူရှင်တို့ ရောက်လာသည် ဆိုပါက ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာ ပေတော့မည်။ ယခု အားလုံးကို သတ်ရန် အမှန်တကယ် အခွင့်အရေး ရလာ၏။

“သူတို့ကို သတ်” ကျန်းရှာက အေးစက်စွာ ပြောသည်။ မိုရှီနှစ်ယောက်က ဂူတုံးလျိုထံကို တိုက်ရိုက် ပြေးဝင်လာကြသည်။

သူ့ထံကို ပြေးဝင်လာသော တန်ခိုးရှင် နှစ်ယောက်၏ အဆင့်ကို မြင်ကာ ဂူတုံးလျို၏ အမူအရာက အေးစက်သွားသည်။ သူက နတ်ဘုရားပုံရိပ်အလား သက်စောင့်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအားများ လေထုထဲ ပျံ့နှံ့သွားသည်။

လျှပ်စီးတန်းတစ်ခုက လေထဲ ပေးလာကာ ဂူတုံးလျိုကလည်း တစ်ဖက်လူ နှစ်ယောက်ထံကို ပြေးဝင်သွားသည်။

ရီဖူရှင်းက ဆက်လက်၍ အောက်ကို ဆင်းလာပြီး ယူရှမ်းကို ကြည့်သည်။ ယူရှမ်းကား သွေးခြင်းခြင်းနီနေရာ သူ၏မျက်လုံးများမူကား အလွန်စူးရှနေ၏။

“မင်း ရောက်လာပြီ” ယူရှမ်းက ရီဖူရှင်းကို ပြောသည်။ ထို့နောက် သူ၏မျက်လုံးက မှိတ်သွားပြီး သတိလစ် သွားတော့သည်။ သူကား ရှိရှိသမျှသော ကိုယ် စိတ်စွမ်းအားတို့ဖြင့် တောင့်ခံနေခြင်း ဖြစ်ရာ ယခု စိတ်လျှော့ လိုက်သောအခါ တစ်ခါတည်း သတိလစ် သွားရတော့သည်။

ရီဖူရှင်းက ယူချင်းအား ကျောပိုးကာ ဟွာဂျီယူထံကို လျှောက်လာသည်။ ကျန်းရှာက သူတို့အား တားဆီးခြင်း မပြုဘဲ​ မဲ့ပြုံးပြုံးသည်။ သူ့အတွက်မူကား ရီဖူရှင်း ရောက်လာခြင်းက အလွန် ဟန်ကျပေသည်။ သူ့အတွက် သိပ်အလုပ်ရှုပ်စရာ မလိုတော့ပေ။ တစ်ချိန်တည်းမှာ သူ့ရန်သူများ အားလုံးကို သတ်ဖြတ် နိုင်ပေတော့မည်။

“နောက်ကျသွားတာ စိတ်မကောင်းပါဘူး” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ တီးတိုးပြောသည်။

“ငါနင့်ကို စောင့်နေတာ” ဟွာဂျီယူက ပြုံးလျက်ပြောသည်။ သူမအတွက်မူကား ရီဖူရှင်းကသာ အရေးကြီးပေသည်။

“ဘယ်လောက် ချစ်စရာကောင်းတဲ့ စုံတွဲလဲ… ဟဟ” ရယ်သံတစ်သံ ကြားရပြန်သည်… “ဒါက မင်းတို့အတွက် နောက်ဆုံး နေ့ရက် ဖြစ်နေတာက စိတ်မကောင်းစရာပဲ”

ရီဖူရှင်းက နောက်မလှည့်ပေ။ သူက ယိချိန်ချန်ကို ပြောသည်… “ချိန်ချန်… ယူရှမ်းကို ကြည့်ပေး”

“အင်း” ယိချိန်ချန်က မျက်ရည်များဖြင့် ခေါင်းညိတ်သည်။

ရီဖူရှင်းက နောက်လှည့်ကာ လေထဲမှ အစ်ကို၃အား ကြည့်သည်။ မိုရှီတန်ခိုးရှင် နှစ်ယောက်က အစ်ကိုသုံးအား တိုက်ခိုက် တားဆီးထားကြရာ ယခု သူတစ်ယောက်သာ ကျန်းရှာကို တိုက်ခိုက်နိုင်သည်။

ကျန်းရှာကား အစ်ကို၃နှင့် အဆင့် အတူတူဖြစ်ကာ အဆင့်မြင့်ရှီ ဖြစ်သည်။

ကျန်းရှာက ရီဖူရှင်းကို ပြောသည်… “ရီဖူရှင်း…မင်းက နိုဘယ် အဆင့်လောက်နဲ့ ကျိရှမ်းကမ်းပါးက ကိစ္စတွေကို ဝင်စွက်ဖက်ရဲတယ်… အခု မင်းက နောင်တရသလား ငါသိချင်တယ်”

“အခု ကျုပ်သိတာ တစ်ခုတည်းပဲ” ရီဖူရှင်းက ကျန်းရှာကို ဒေါသတကြီး ကြည့်သည်… “ဒါက ခင်ဗျားကို သတ်ဖို့ပဲ”

ကျန်းရှာက မဲ့ပြုံးပြုံးသည်။ သူ့အား သည်မည်လား…။ ကျန်းရှာက ဝါးလုံးကွဲ ရယ်မောလိုက်ကာ ဟွာဂျီယူနှင့် ကျန်သော လူများအား ကြည့်သည်… “ငါမင်းကို သတ်ပြီးရင် ဒီမိန်းမလှလေးတွေကို ငါဘာလုပ်ရမလဲ… ဟား… ဟား”

***

Comment

Leave a Reply

Options

not work with dark mode
Reset