အပိုင်း(၆၇၇)

နဂါးဝိညာဉ်

ရီဖူရှင်းက သူ့ထံကို ကြယ်တာရာ အရံအတားနှင့်အတူ တိုက်ရိုက် တိုးဝင်သွားသည်။ နတ်လူဝံကြီးက မာန်သွင်းကာ ဧရာမ မီးငှက်ကြီးအား ရိုက်ချသည်တွင် နားကွဲမတတ် အော်သံနှင့်အတူ မီးငှက်က အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားသည်။ ရှီတန်ခိုးရှင်က နောက်ကို ဆုတ်ရန် ကြိုးစားသည်။ သို့သော် ရီဖူရှင်းက သူ၏လက်မှ စေတီဖြင့် လှမ်း၍ ပစ်ပေါက်လိုက်သည်တွင် ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ ရီဖူရှင်း၏စိတ်က ထိုသိဒ္ဓိဝင်လက်နက်ဖြင့် ဆက်နွှယ်သွားကာ သူတို့အနီးမှ အချိန်နှင့် ဟင်းလင်းပြင်က အေးခဲသွားသည်။

ရှီတန်ခိုးရှင်က သူ၏ခန္ဓာကိုယ် နှေးကွေးသွားသည်ကို ခံစားမိသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ထောင့်ဖြတ်ပုံစံ အလင်းတန်းဖြင့် လှပစွာ ရွေ့လျားလျက် နောက်ထပ် နှင်တံရိုက်ချက်တစ်ချက် ထုတ်လိုက်သည်။ သူ၏မျက်လုံးများက ပြူးကျယ်သွားကာ ကြောက်မက်ဖွယ် မီးတောက်များ ထွက်ပေါ်လာကြသည်။ သို့သော်လည်း နတ်လူဝံက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံဖြင့် ဆင်းသက်လာပြီဖြစ်ကာ နှင်တံရိုက်ချက်အောက်တွင် ရှီတန်ခိုးရှင်၏ခေါင်းက အက်ကွဲသွားပြီး မြေပြင်ပေါ်ကို ကျသည်။

ရှီတန်ခိုးရှင် တစ်ယောက်သား ထိုနည်းဖြင့် သေဆုံးခဲ့ရ၏။

တစ်ချိန်တည်းမှာပင် အန္တရာယ် အငွေ့အသက်တစ်ခုကို ရီဖူရှင်းက နောက်ကျောမှ ခံစားမိသည်တွင် မြန်ဆန်စွာပင် နောက်လှည့်၍ နှင်တံဖြင့် ရိုက်ချလိုက်သည်။ မရေမတွက်နိုင်သော ပုဆိန်ရှည်များကို နှင်တံက အလုံးစုံ ကာကွယ်နိုင်စွမ်း မရှိရာ ထောင်ကျန်းခန္ဓာကိုယ်က ရိုက်ချက် အနည်းငယ်နှင့်အတူ ရီဖူရှင်းအား ပြင်းစွာ တုန်ခါစေပြီး သွေးအနည်းငယ် အန်သည်။

ထိုအားကို ယူ၍ အလိုက်သင့် နောက်ဆုတ်ကာ သူက ယူချင်းအနီးကို တိုးကပ်သွားသည်။ ထိုအချိန်တွင်ကား ယူချင်း၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ရှီတန်ခိုးရှင်တစ်ပါးက နောက်ဆုတ်သွားသည်နှင့် တိုက်ရိုက်ကြုံသည်။ ရီဖူရှင်းကလည်း အလိုက်သင့်ပင် နှင်တံကို ဝှေ့ယမ်းကာ ထိုရှီတန်ခိုးရှင်ကို လှမ်းရိုက်လိုက်သည်။ ထိုအခိုက်တွင်ပင် တစ်ဖက်ရှီတန်ခိုးရှင်က ရုတ်တရက် လှုပ်မရသလို ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ နှင်တံရိုက်ချက်က မြန်ဆန်စွာ ရောက်ရှိလာပြီး သူ၏အမူအရာက ပြာနှမ်းသွားသည်။ ဘုန်းခနဲ မြည်ကာ ဒုတိယရှီတန်ခိုးရှင် တစ်ယောက်က မြေပြင်ပေါ်ကို အသက်မဲ့စွာ ကျဆင်း သွားတော့၏။

ယူချင်းနှင့် တိုက်ခိုက်နေသော ရှီတန်ခိုးရှင်တစ်ပါးက မြန်ဆန်စွာပင် နောက်ဆုတ်ကာ သူတို့အကြား အကွာအဝေးတစ်ခုကို ယူလိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေ၏။ သူတို့က ရီဖူရှင်းတို့အား သတ်ဖြတ်ရန် ယုံကြည်မှု ရှိစွာ ရောက်လာကြသော်လည်း ယခု သူတို့ လူနှစ်ယောက်က အမှန်ပင် သေဆုံးသွားရပြီး ဖြစ်သည်။

နန်းတော်မှ ရှီတန်ခိုးရှင်ကား အလွန်အမင်း အေးစက်သော အမူအရာကို ဖြစ်ပေါ်နေသည်။

“မင်းက တကယ်ပဲ နာမည်ကြီး ထိုက်ပါပေတယ်…” အသံတစ်သံနှင့်အတူ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော မီးတောက် ကိုယ်ရောင်ကိုယ်ဝါနှင့် လူတစ်ယောက်က တဖြည်းဖြည်း ဆင်းသက်လာသည်။

တစ်ဖက်လူ၏ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိသည်တွင် ရီဖူရှင်း၏မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားသည်။ သည်ကိုယ်ရောင်ကိုယ်ဝါကား သာမန် ရှီတန်ခိုးရှင်တစ်ယောက် မဟုတ်ပေ။ သူကား မိုရှီအဆင့်တွင် ရှိသည်။ တန်ခိုးအဆင့် ကွာဟချက်ကား မိုးနှင့်မြေပမာ ကွာဟ၏။ ရီဖူရှင်းအား သတ်ရန် သူတို့က ရှီတန်ခိုးရှင်များနှင့် မိုရှီတစ်ယောက်ကို စေလွှတ်ခဲ့ကြသည်။

နောက်မှ ပေါ်လာသော တန်ခိုးရှင် ရီဖူရှင်းကို အထင်ကြီးစွာ ကြည့်သည်။ ရီဖူရှင်းသာ မသေဆုံးခဲ့ပါက သူ၏အနာဂတ်ကား အလွန်ကြီးမားသော အောင်မြင်မှုများ ရမည်ဖြစ်သည်။ သို့သော်လည်း ယနေ့ ရီဖူရှင်း သေချာပေါက် သေရမည်။

“အာခီမီမြို့တိုက်ပွဲက မြို့တော်ဝန်ယူစီကိုယ်တိုင် အသိအမှတ်ပြုတဲ့ တိုက်ပွဲပဲ…” ရီဖူရှင်းက ပြောသည်။

“အာခီမီမြို့ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့… အဲဒီတုန်းက ယူစီကသာ မင်းအပေါ် ဘက်မလိုက်ခဲ့ဘူးဆိုရင် ကွန်ဆွန်ရီကလည်း သေစရာ အကြောင်းမရှိဘူး… အခု ကွန်ဆွန်ကလန်က တိမ်ဖြူမြို့ကို ပြောင်သွားပြီ…” ထိုမိုရှီတန်ခိုးရှင်က အေးစက်စွာ ပြောသည်။

“ခင်ဗျားတို့က တိမ်ဖြူမြို့ကို လက်အောက်ခံလိုက်တာပေါ့…” ရီဖူရှင်းက ငေါ့တော့တော့ ပြုံးသည်။ ကွန်ဆွန်ကလန်က အဓိက ကလန်တစ်ခု ဖြစ်သော်လည်း မြေရိုင်းပြည်နယ်တွင် ထိပ်သီး အင်အားစုထဲ၌ မပါဝင်ပေ။ ယခု သူတို့က တိမ်ဖြူမြို့၏ လက်အောက်ကို လုံးဝ ခိုဝင်သွားသည်ဟု ဆိုနိုင်သည်။

“ဒါကြောင့် မင်းသေရမယ်…” ထိုလူက အေးစက်စွာ ပြောသည်။ သူ့နောက်တွင် ဧရာမဗာမီလီယန် မီးငှက်တစ်ကောင်ပေါ်လာကာ ကောင်းကင်က အနီစွေးစွေးသို့ ပြောင်းသွားသည်။

“သေစမ်း…” အဆုံးမဲ့သော မီးတောက်များက ပတ်ဝန်းကျင်ကို ပိတ်လှောင်ကာ မီးတောက်စီးကြောင်းက ရီဖူရှင်းထံသို့ တိုးဝင်လာ၏။ သို့သော်လည်း ယူချင်းက ရုတ်တရက် ရီဖူရှင်း၏ ဘေးနားကို ရောက်လာကာ သူ၏နတ်ဆိုး အတောင်ပံဖြင့် ရီဖူရှင်းကို ရစ်ပတ်လိုက်သည်။

“သေချင်တာလား…” အေးစက်သော အသံနှင့်အတူ မီးငှက်တစ်ကောင်က ယူချင်း၏ ခန္ဓာကိုယ်ကို တိုးဝင်လာပြီး ကုတ်ခြစ်လိုက်သည်တွင် သူတို့၏ခန္ဓာကိုယ်အား သွေးချင်းချင်း နီသွားစေပြီး ယူချင်းနှင့် ရီဖူရှင်းတို့ကို မြေပြင်ပေါ်ကို ပြင်းထန်စွာ ထိရိုက် ကျဆင်းစေသည်။ နှစ်ယောက်လုံးက ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး မျက်နှာများက ပြာနှမ်းသွားကြသည်။ သူ၏အဆင့်ကား မိုရှီဖြစ်ရာ ရီဖူရှင်းတို့ အုပ်စုအတွက် မည်သည့်နည်းနှင့်မှ ခုခံနိုင်စွမ်း မရှိပေ။

ဟွာဂျီယူနှင့် ကျန်သောလူများက ရီဖူရှင်းနှင့် ယူချင်းတို့ရှေ့ကို ရောက်လာကြသည်။ ထိုအခိုက်တွင် သူမတို့၏မျက်နှာများကလည်း စာရွက်များလို ဖြူဆုတ်နေ၏။

“သေစမ်း…” မိုရှီတန်ခိုးရှင်က အေးစက်စွာ ပြောသည်။ နောက်ရှီတန်ခိုးရှင် တစ်ယောက်က ခေါင်းညိတ်သည်တွင် လျှပ်စီးတန်းများက ရီဖူရှင်းနှင့် ယူချင်းထံကို ကျဆင်းလာသည်။ ဟွာဂျီယူက လေထဲကို ခုန်တက်ကာ သူမ၏စိတ်စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအားများက လျှပ်စီးတန်းများ၏ လားရာလမ်းကြောင်းများကို ယိုင်နဲ့ပျက်ပြားစေခဲ့သည်။ သို့သော် စွမ်းအားကို လွန်ကဲစွာ သုံးစွဲခြင်းက သူမအား စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်ဖြစ်စေကာ ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ ထို့နောက် အားပြတ်ကာ မြေပြင်ပေါ်ကို ကျ၏။

ဝူး…

ယန်ကျန်းက ကျယ်လောင်စွာ မာန်သွင်းကာ လေထဲကို ခုန်တက်လာသည်။

“ယန်ကျန်းကို မသတ်နဲ့…” မိုရှီတန်ခိုးရှင်က ပြောသည်။ သူကား ထိုက်ဟန်တောင်၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ကာ သူ့အား သတ်ပါက ထိုလူဝံအိုကြီးက သူတို့ထံကို ရောက်လာမည်သေချာ၏။

ထို့နောက်တွင် လျှပ်စီးတန်းများက တစ်ဖန် ရီဖူရှင်းထံသို့ တိုက်ရိုက် တိုးဝင်လာကြပြန်သည်။ သို့သော် လျှပ်စီးတန်းက ရီဖူရှင်းထံကို ကျရောက်ခါနီးတွင်ပင် လောင်လင်းအာက မျက်ရည်များဖြင့် ရီဖူရှင်း၏ရှေ့ကို ပြေးတင်လာသည်။ သူမက လည်ပင်းမှ ကျောက်စိမ်းနဂါး လည်ဆွဲကို လက်ဖြင့် ဆုပ်ကိုင်ကာ ပြောသည်… “ဦးလေး… ဦးလေးက လင်းအာကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်… အခု ဦးလေး ကာကွယ်တာကို လင်းအာ လိုနေပြီ…” သူမက ထိုသို့ ပြောကာ လေထဲကို ပျံတက်လာသည်။ သူမက မျက်လုံးကို မှိတ်လိုက်သည်တွင် မျက်ရည်များက တသွင်သွင် စီးကျလာ၏။ သူမတို့အားလုံး သည်နေရာတွင် သေကြရတော့မည်လား…။

“လင်းအာ…” ရီဖူရှင်းက ခေါင်းမော့ကာ လေထဲမှ ပိန်သွယ်သော မိန်းကလေးကို ကြည့်သည်။ ဆယ်ကျော်သက် မိန်းကလေးကား အလွန် အားနည်းဟန်ရသော်လည်း သူ့ရှေ့တွင် အသက်ကို ပဓာနမထားဘဲ ခိုင်ခိုင်မာမာ ရပ်နေသည်။ လေပြင်းများ ရိုက်ခတ်မှုကြောင့် အဝတ်စများ တဖျတ်ဖျတ် လွင့်နေကာ လှပသော မျက်နှာလေးက မျက်ရည်များဖြင့် ဖုံးလွှမ်းနေသည်။ သိသာစွာပင် သူမက အလွန် ကြောက်ရွံ့ နေရပေမည်။ သူမကား အသက် ဆယ့်ကိုးနှစ်ပင် မပြည့်သေးပေ။ မည်သို့ မကြောက်ဘဲ နေမည်နည်း။ သို့သော်လည်း သူမက ကြောက်ရွံ့သည့်တိုင် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။

ရီဖူရှင်းက ရုတ်တရက် သူတို့ တွေ့ဆုံခဲ့သော အချိန်ကို သတိရမိသည်။ ထိုစဉ်က လောင်လင်းအာကား ဉာဏ်နီဉာဏ်နက်များကာ ဆိုးသွမ်းသော ကောင်မလေး တစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူမနှင့် ရင်းနှီးလာပြီး နောက်ပိုင်း ကောင်မလေးက အလွန် အထီးကျန်သောသူ ဖြစ်နေသည်ကို သူတွေ့ရှိခဲ့ရသည်။ သူမက အနောင်တောင် နဂါးကလန်၏ တစ်ဦးတည်းသော သခင်မလေး ဖြစ်သော်လည်း အသက်အရွယ်နှင့် မလိုက်ဘက်အောင် ကြီးမားသော စိတ်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ လရောင်အောင်တွင် သူမ၏ဦးလေးကို လွမ်းဆွတ်စွာ ငိုယိုနေသော မိန်းကလေးကို သူသတိရမိသည်။ ယခု သူမကား အရွယ်ရောက်လာပြီး ဖြစ်ကာ တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်နေသည်။ သို့သော်လည်း ရက်စက်သော ကံကြမ္မာက သူမအား အဆုံးသတ်ရန် ယနေ့ ကြံစည်နေလေပြီ။

လျှပ်စီးတန်းများက သူမထံကို ဆင်းသက်လာသည်တွင် အချိန်ကိုယ်တိုင်က ရပ်တန့်သွားဟန် ရသည်။ ရီဖူရှင်း၏ မျက်လုံးထောင့်က မျက်ရည်များ စီးကျလာသည်။ သူက မည်သည့်အခါကမှ ထပ်မငိုတော့ဟု တွေးခဲ့ဖူးသော်လည်း အချို့ကိစ္စက သူ ထိန်းချုပ်နိုင်စွမ်းထက် ပိုနေသည်။ အလင်းတန်းများက လင်းအာ၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသွားသည်ကို မြင်သည်တွင် သူ၏နှလုံးသားက ကြီးစွာ နာကျင်ခြင်းကို ခံစားရသည်။ လောင်လင်းအာသာ မဟုတ် သူ၊ ယူချင်းနှင့် ဟွာဂျီယူတို့ကလည်း သည်ကံဆိုးမိုးမှောင်ကျမှုကို ရှောင်လွှဲနိုင်မည် မဟုတ်တော့ပေ။

သို့သော်လည်း ထိုအခိုက်တွင် ထူးဆန်းသော စွမ်းအားတစ်ခု ထိုနေရာတွင် မွေးဖွားလာသည်။ လျှပ်စီးတန်းများက ကျောက်စိမ်းနဂါး လည်ဆွဲကို ထိမိသည်နှင့် အချိန်က အမှန်ပင် ရပ်တန့်သွားသည်။ လည်ဆွဲက ရုပ်တရက် ရောင်စဉ်ရောင်ဝါများ လင်းလက်လာကာ လောင်လင်းအာကို ဗဟိုပြုလျက် ကြီးမားသော အစီအရံဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ အစီအရံဝင်္ကပါအား မရေမတွက်နိုင်သော အလင်းတန်းများဖြင့် ဖွဲ့စည်းထားကာ အတွင်း၌ သီးသန့်နယ်တစ်ခု ဖြစ်နေသည်။ ထိုအထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုလည်း ရှိနေ၏။ ထို့နောက်တွင် အလင်းတန်းများစွာက ရွှေခရမ်းနုရောင် နတ်နဂါးတစ်ကောင်အား ပေါ်လာစေသည်။ နတ်နဂါးကား ဧရာမကြီးမားကာ သူ၏ဝင့်ထည်သော အကြည့်က လေထဲမှ မီးငှက်ထံကို ရောက်သွားသည်။

“နဂါးဝိညာဉ်…” မိုရှီတန်ခိုးရှင်၏ အမူအရာက ပြောင်းလဲသွားသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေက ရီဖူရှင်းအားလည်း အံ့အားသင့်မှင်တက် သွားစေသည်။ လောင်လင်းအာ ဝတ်ဆင်ထားသော ကျောက်စိမ်းနဂါးလည်ဆွဲက နဂါးဝိညာဉ် ရှိနေမည်ဟု သူမထင်ထားပေ။

ဧရာမ ခရမ်းနုရောင်နဂါးကား ကြီမားခန့်ထည်သော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ နဂါး၏ကျောပေါ်တွင်ကား လက်နောက်ပစ်ကာ ရပ်နေသော လူတစ်ယောက်အား ဝေဝေဝါးဝါး မြင်တွေ့ကြရ၏။ ထိုကြီးမားသော အပြောင်းအလဲက လူတိုင်းအား ထိတ်လန့် အံ့အားသင့်စေသည်။ လောင်လင်းအာကလည်း မှင်တက်သွားကာ ခေါင်းမော့လျက် နဂါးကြီးကို ကြည့်သည်။

“ဦးလေးလောင်…” လောင်လင်းအာက တိုးညင်းစွာ ခေါ်သည်။ သည်နဂါးကား သူမဦးလေး၏နဂါး ဖြစ်သည်။ ငယ်ရွယ်စဉ်က သည်နဂါးကြီးအား မကြာခဏ စီးနင်းခဲ့ဖူး၏။ နဂါးကြီးပေါ်မှ လူကို မြင်သည်တွင် သူမ၏မျက်ရည်များက အထိန်းအကွပ်မရှိ ကျဆင်းလာကာ တီးတိုးပြောသည်… “ဦးလေး.. လင်းအာဆီ ပြန်လာပြီလား…”

လူကြီးက နောက်လှည့်ကာ လောင်လင်းအာကို ကြည့်သည်။ သူကား အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ဆံပင်များက မှင်ဆီကဲ့သို့ မည်းနက်နေ၏။ သူ၏မျက်လုံးများက ကြယ်ပွင့်များလို တလက်လက် လင်းလက်နေကာ လောင်လင်းအာအား ချစ်ချင်နှစ်လိုစွာ ပြုံးပြသည်… “လင်းအာက အခု ဒီလောက်တောင် ကြီးပြီလား…”

“ဦးလေး…” လောင်လင်းအာကား မည်သို့မှ မထိန်းနိုင်တော့ဘဲ ငိုရှိုက်ကာ ခေါ်သည်… “လင်းအာ အိပ်မက် မက်နေတာလား… ဟုတ်လား…”

“ဦးလေးက လင်းအာကို ကာကွယ်ဖို့ ကတိပေးထားတယ်လေ…” လူကြီးက ပြုံးလျက် ပြန်ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ လေထဲမှ ရှီတန်ခိုးရှင် သုံးယောက်ကို ကြည့်သည်။ သူ၏အေးစက်သော အကြည့်က လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ပါဝင်နေ၏။

“စီနီယာ… ဒါက နားလည်မှု လွဲတာပါ…” လေထဲမှ မိုရှီတန်ခိုးရှင်က ရှင်းပြသည်။ သူတို့ရှေ့ကို ပေးလာသောလူအား သူတို့က ခန့်မှန်းမိပြီ ဖြစ်သည်။ သူကား တစ်ကြိမ်တစ်ခါက ကောင်းကင်မြေရိုင်း အဆင့်၏ထိပ်ပိုင်းသို့ တစ်ဟုန်ထိုး တက်လာဖူးသော တစ်ခေါက်မှာတစ်ခါ ပေါ်လာသော ရှားပါးပါရမီရှင် လောင်ရီထျန်း ဖြစ်သည်။ သူကား ယခင် အနောက်တောင် နဂါးကလန် ခေါင်းဆောင်လည်း ဖြစ်သည်။

“မင်းက နဂါးကလန်ရဲ့ သမီးကို ထိရဲတာလား…” လောင်ရီထျန်းက လက်ကို နောက်ပိုက်ကာ အေးစက်စွာ ပြောသည်။ ပန်းနုရောင်နဂါးကြီးက လေထဲကို ပျံသန်းသွားကာ နတ်မီးငှက်ကြီးအား တိုက်ရိုက် ဝါးမျိုလိုက်သည်။

ရှီတန်ခိုးရှင် သုံးယောက်၏ အမူအရာက ပြာနှမ်းသွားကာ ရှေ့ဆုံးမှ တစ်ယောက်က အော်လိုက်သည်… “နောက်ဆုတ်… ”

***

Comment

Leave a Reply

Options

not work with dark mode
Reset