အပိုင်း(၆၆၅)

နဂါးပတ်တောင်ပေါ်တွင်

နဂါးပတ်တောင်ပေါ်ကို ထိုအသံက ပျံ့လွင့်သွားသည်တွင် မရေမတွက်နိုင်သော လူများက တစ်နေရာတည်းကို လှမ်းကြည့်ကြသည်။

ဂူတုံးလျိုက ကျူးကော့မိသားစုကို လက်ထပ်ခွင့်ပန်ရန် ရောက်ရှိလာသည်။

ယနေ့ကား တိမ်ဖြူမြို့မှ သခင်လေး ပိုင်လွေလီနှင့် ကျူးကော့မိသားစုမှ သခင်မလေး ကျူးကော့မင်းယွီတို့ စေ့စပ်မင်္ဂလာပွဲဖြစ်သည်။ ကျူးကော့မိသားစုက နဂါးပတ်တောင်တွင် အခမ်းအနားကို ပြင်ဆင်ကာ မြေရိုင်းပြည်နယ် တစ်ခုလုံးကို လာရောက်ဂုဏ်ပြုစေခဲ့သည်။ ထို့အတူ တိမ်ဖြူမြို့ကလည်း သူတို့အား လက်ဆောင်ပဏ္ဍာများ ပေးကမ်းပြီးဖြစ်သည်။ ဤသို့သော အချိန်တွင် တစ်စုံတစ်ယောက်က လာရောက် ထပ်ခွင့်တောင်းခြင်းကား မည်သို့သော အခြေအနေမျိုးဟုပင် နားမလည်ကြတော့ပေ။

ယခင်က ပိုင်လွေလီကို စိန်ခေါ်ခဲ့သော ထူးခြားသော လူငယ်တစ်ယောက် အကြောင်းကို လူအများအပြားက ကြားဖူးခဲ့ကြပေသည်။ ထိုစိန်ခေါ်မှုကလည်း ကျူးကော့မင်းယွီနှင့် ပတ်သက်မှုရှိသည်ဟု သတင်းကြီးခဲ့သည်။ ဤမတိုင်မီက ရီဖူရှင်းကလည်း ကျူးကော့မင်းယွီနှင့် ပိုင်လွေလီတို့၏ လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့သည်။ ထိုကိစ္စကလည်း ထိုလူငယ်နှင့် ပတ်သက်ရပေမည်။

အားလုံးက အဖြူရောင်ဝတ် လူငယ်တစ်ယောက်က အခမ်းအနားသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကို ကြည့်နေကြသည်။ မကြာမီပင် သူက အားလုံး၏ရှေ့မှောက်ကို ရောက်လာသည်။ သူ၏မျက်လုံးများက စူးရှကာ ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားခြင်းက သာမန်လူ မဟုတ်သည်ကို သိသာစေသည်။ သူ၏ ရဲစွမ်းသတ္တိ ရှိမှုကိုလည်း လူအများက တိတ်တခိုး ချီးကျူးကြရသည်။

“အစ်ကို ၃…” ရီဖူရှင်းတို့ အားလုံး၏မျက်နှာတွင် ပြုံးရောင်သန်း နေကြသည်။ သို့သော်လည်း သူတို့က သည်ကိစ္စကို ပျော်ရွှင်ရမည်လား ဝမ်းသာရမည်လား မသိတော့ပေ။ လက်ရှိအခြေအနေတွင် အစ်ကို၃ ရောက်လာလျှင်ကော အခြေအနေများက ပြောင်းလဲသွားမည်လော…။

ကျူးကော့မင်းယွီက ရင်းနှီးကျွမ်းဝင်နေသော လူငယ်ကို ကြည့်သည်။ ခြောက်နှစ်တာ ကာလကြာမြင့်ပြီး ဖြစ်သော်လည်း သူကား ယခင်ကဲ့သို့ ချောမော ခန့်ညားနေဆဲဖြစ်သည်။ သူကား နောက်ဆုံးတွင် ကတိအတိုင်း ကျူးကော့မိသားစုထံကို ရောက်လာပြီဖြစ်သည်။ သူရောက်လာလျှင် အရာအားလုံး လုံလောက်ပေသည်။ ယခု ကျုးကော့မင်းယွီ၏ မျက်လုံးများက ထူးထူးခြားခြား လှုပ်ရှား သက်ဝင်နေပေသည်။

ကျူးကော့ချန်းဖန်ကလည်း လူငယ်ကို ကြည့်သည်။ ကျူးကော့မင်းယွီက သူ့အား သဘောကျသည်မှာ မထူးဆန်းတော့ပေ။ လူငယ်ကား သာမန်ထက် ထူးခြား ထက်မြက်ဟန်ရသည်။ သို့သော်လည်း တိမ်ဖြမြို့စား၏ မျက်နှာက မာကျောနေသည်။

“နောက်ဆုတ်နေ… ဒါဆို ငါမင်းကို လျစ်လျူရှုထားမယ်…” လျူချန်းက အထက်စီးဆန်သော လေသံဖြင့် ပြောသည်။

ဂူတုံးလျိုက ခေါင်းမော့ကာ လျူချန်းကို ကြည့်သည်။ မြေရိုင်းပြည်နယ်တွင် သူလှုပ်ရှားခဲ့သည်မှာ အချိန် သိပ်မကြာသေးသော်လည်း ကျူးကော့ မိသားစုအကြောင်း၊ တိမ်ဖြူမြို့အကြောင်းနှင့် တော်ဝင်ကျဲနန်းတော်၏ ရည်ရွယ်ချက်တို့ကို သူနားလည်ပေသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးက သည်လက်ထပ်ပွဲကို လိုလားနေကြသည်။ သို့သော်လည်း သည်အရာက မမှန်ကန်ပေ။ ကျူးကော့မင်းယွီကား စတေးခံဖြစ်၏။

“ဆရာက ကျွန်တော့်ကို ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ်… တစ်ခါတုန်းက ဗုဒ္ဓလမ်းစဉ်လိုက်တဲ့ တန်ခိုးရှင်တစ်ယောက် ရှိဖူးတယ်… သူက လူသားတွေရဲ့ အတွေးအမြင် ခံစားတွေ့ကြုံ ရတာတွေကို လေ့လာဖို့အတွက် ခရီးနှင်ခဲ့တယ်… သူက ပိုမိုမြင့်မားတဲ့ အသိအမြင်တွေနဲ့ လူသားတွေအပေါ် ကောင်းကျိုးတွေ ဖန်တီးပေးချင်ခဲ့တယ်…” ဂူတုံးလျိုက လျူချန်းကို ပြောသည်။ ဂူတုံးလျိုက ဘာကို ဆိုလိုသည်ကို နားမလည်ကြပေ။

“ဒါကြောင့် သူက အမြန်လမ်းကို လိုက်ပြီးတော့ သူတို့တွေရဲ့ မှတ်ဉာဏ်တွေကို စားသုံးခဲ့တယ်… ဒါကြောင့်ပဲ သူက တန်ခိုးအဆင့် ပိုမို မြင့်တက်လာခဲ့ပြီးတော့ အားလုံးရဲ့ မှီခိုအားထားနိုင်တဲ့ တစ်စုံတစ်ယောက် ဖြစ်လာတယ်…”

အားလုံး၏ မျက်လုံးများက စူးရှသွားကြသည်။ ဂူတုံးလျို ပြောလိုသည်ကို သူတို့ အနည်းငယ် ရိပ်မိလိုက်ကြသည်။

“သူက အဆင့်တက်ခဲ့ပြီးတဲ့နောက် သူ့စိတ်နှလုံးက နောက်ထပ် အတားအဆီးတွေ ကြုံလာခဲ့တယ်… ဒီအတွက် သူက လူသားတွေရဲ့ အတွေးအမြင်တွေကို ပိုမိုနားလည်ဖို့ လိုလာခဲ့တယ်… လမ်းခရီးရှည်ကြီးကို လျှောက်လှမ်းမှသာ ဒါတွေကို စုဆောင်းရရှိမှာ ဖြစ်တယ်… ဒါကသူ့အတွက် အချိန်ဖြုန်းတာလို့ ယုံကြည်ခဲ့တယ်… သူက တန်ခိုးအဆင့် ပိုမိုမြင့်တက်လာခဲ့ရင် လူတွေကို ပိုမိုကူညီနိုင်မယ်လို့ တွေးခဲ့တယ်… ဒါကြောင့် သူက သူ့ရဲ့ မှန်ကန်တဲ့ လမ်းစဉ်အတွက် တခြားလူတွေရဲ့ မှတ်ဉာဏ်တွေကို ဆက်လက် စားသုံးခဲ့တယ်…”

“သူဟာ တန်ခိုးအဆင့် မြင့်လေလေ တခြားလူတွေရဲ့ မှတ်ဉာဏ်တွေကို ဆက်လက် စားသုံးဖို့ လိုလေလေ ဖြစ်လာပြီး နောက်ပိုင်း သူက ဒါကိုပဲ အလေ့အထ တစ်ခုအနေနဲ့ ကျင့်သုံးလာခဲ့တယ်… သူ့ကို လူအများက လေးစားကြပြီးတော့ သူကလည်း တခြားလူတွေကို အသိပညာတွေ မျှဝေပေးနိုင်ခဲ့တယ်… ဒါက သူ့အတွက် မှန်ကန်တဲ့ လမ်းစဉ်လို့လည်း ယုံကြည်ခဲ့တယ်… နောက်ဆုံးမှာတော့ သူ့ကို ယုံကြည် ကိုးကွယ်တဲ့လူတွေဟာ မှတ်ဉာဏ် စားသုံးခြင်းခံရပြီးတော့ မှတ်ဉာဏ်မဲ့တဲ့ လူသားတွေပဲ ဖြစ်လာခဲ့ကြတယ်…”

“ဒီနေရာက အကြီးအကဲတွေကို မေးချင်ပါတယ်… သူက ဗုဒ္ဓလား… မိစ္ဆာလား…” ဂူတုံးလျိုက လျူချန်းနှင့် ကျန်လူများကို မေးသည်။ ပုဂ္ဂိုလ်ကြီးများပင် ထိုပုံပြင်ကို နားထောင်ကာ စိတ်လှုပ်ရှားရသည်။ ထိုပုံပြင်၏တကယ့် အနက်အဓိပ္ပာယ်က ယနေ့ လက်ထပ်ပွဲကို ရည်ညွှန်းနေသည်။

“ပုံမှန်ဆို သူက မိစ္ဆာတစ်ကောင်ပဲ…” လျူချန်းက ဂူတုံးလျိုကို ကြည့်ကာ ပြောသည်… “မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိဘူး… ပိုင်လွေလီက ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ်… သူက မြေရိုင်းပြည်နယ်ကို တာဝန်ယူနိုင်မဲ့ အနာဂတ်ရှန့်ထိုပဲ… သူ့မှာ ခြွင်းချက်မရှိပါရမီကို ပိုင်ဆိုင်ပြီးတော့ ကျူးကော့မင်းယွီနှင့် လိုက်ဖက်တယ်… ဒီနေရာမှာ ဘယ်သူက စားသုံးခံရတာလဲ…”

“တန်ခိုးကျင့်ခြင်းဟာ စိတ်ကို လေ့ကျင့်ခြင်းတစ်မျိုးပဲ… ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တောင်မှ လိမ်ညာနေမှတော့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ မထူးဆန်းဘူး…” ဂူတုံးလျိုက ခံစားချက်ကင်းမဲ့စွာ ပြောသည်…” တကယ်လို့ မင်းယွီနဲ့ ကျုပ်က ဒီနေရာမှာ သေဆုံးသွားခဲ့ရင် ခင်ဗျားတို့အားလုံးက ဗုဒ္ဓလား မိစ္ဆာလား…”

“ရိုင်းစိုင်းတယ်…” ကျူးကော့မိသားစု အကြီးအကဲ တစ်ယောက်က ကြိမ်းမောင်းသည်။ လူအများအပြားက ထရပ်သည်တွင် ပတ်ဝန်းကျင်က ချက်ချင်း တင်းမာသွားသည်။

“ဒါက မှန်ကန်တဲ့လမ်းစဉ် အတွက်ဆိုရင် ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် စတေးခံနိုင်ပြီးတော့ တခြားလူတွေ မဖြစ်ရဘူးမလား… တကယ်လို့ ကျူးကော့မိသားစုက မြေရိုင်းဒေသမှာ ရှန့်ထိုတစ်ပါး လိုချင်တယ်ဆိုရင် သူတို့ရဲ့ ရတနာကို ပေးနိုင်ရမယ်… တိမ်ဖြူမြို့က ရှန့်ထိုလိုချင်တယ်ဆိုရင် ဘာလို့ အဲဒါကို မလုယူတာလဲ…” ဂူတုံးလျိုက ပြောသည်… “ခင်ဗျားတို့အတွက် ဒါက မှန်ကန်တဲ့လမ်းစဉ် ဖြစ်ရင်ဖြစ်မယ်… မိစ္ဆာလမ်းစဉ် ဖြစ်ရင်ဖြစ်မယ်…” ထို့နောက် သူက လှောင်ပြုံးပြုံးသည်။ သူကား ကျိုးကြောင်း ဆီလျော်မှုရှိသောသူ ဖြစ်သော်လည်း ယနေ့ ဤလူများနှင့် ထိုသို့သော စကားများပြော၍ မရသည်ကို နားလည်သည်။ မည်သို့ဆိုစေ ကျိုးကြောင်း ဆီလျော်မှုဟူသည်မှာ လက်သီးကဲ့သို့ အားကောင်းခြင်း မရှိပေ။

ထို့နောက် သူက ကျူးကော့မင်းယွီကို ကြည့်ကာ ပြုံးလျက်ပြောသည်… “မင်းကို ခြောက်နှစ်လောက် စောင့်ခိုင်းမိတဲ့အတွက် ငါ စိတ်မကောင်းဘူး…”

“ငါ အဆင်ပြေတယ်…” ကျူးကော့မင်းယွီက ပြုံးသည်။

“မင်း ငါ့ကို လက်ခံမလား…” ဂူတုံးလျိုက မေးသည်။

“နင်ငါ့ကို အကြွေးတစ်ခု ကျန်သေးတယ်…” ကျူးကော့မင်းယွီက ပြောသည်။

ဂူတုံးလျိုက ပြောသည်… “ငါမင်းကို သဘောကျတယ်…”

ကျူးကော့မင်းယွီ၏ မျက်နှာက ပြုံးရွှင်သွားသည်။ သူမ၏စေ့စပ်ဝတ်စုံက ဤအခိုက်အတန့် အတွက် ဝတ်ဆင်ထားသည့်အလား ထင်မှတ်ရသည်။

“ငါလည်း အတူတူပဲ… သစ်တုံးကောင်…” ကျူးကော့မင်းယွီက ထရပ်သည်တွင် နေရောင်က သူမ၏မျက်နှာပေါ်ကို ကျဆင်းလာသည်။ ထိုအခိုက်တွင် သူမကား အလွန်အမင်း လှပေ၏။

ထိုအခိုက်တွင် ထိုစကားများမှအပ တခြားအသံများ မရှိဘဲ တိတ်ဆိတ်နေသည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြသည်။ သူတို့ အားလုံး၏စိတ်များ လေးလံနေကြသည်။ သူတို့က လှပသော အချစ်ပုံပြင်တစ်ပုဒ်ကို မြင်တွေ့နေရသော်လည်း သည်ပုံပြင်က အဆုံးသတ်ကောင်းမည် မဟုတ်သည်ကို အားလုံးက သိနေကြသည်။

ယခုကား တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့က မိစ္ဆာများဖြစ်သည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ပြုးနေသည်။ သူ့ဘေးမှ​ဟွာဂျီယူ၊​ ပေ့ထင်ရှင်းအာတို့ကား မျက်ရည်များ စိုစွတ်နေပြီဖြစ်သည်။ အစ်မ၂ကား သည်အခိုက်အတန့်ကို စောင့်စားနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အစ်ကို၃ကား ထိုစကားကို ယခု ပြောလိုက်ပြီဖြစ်သည်။ သို့သော်လည်း အခြေအနေကား မတူတော့ပေ။

“ကောင်းတယ်… အရမ်းကောင်းတယ်…” ဧည့်သည်များ ရှိနေရာထိုင်ခုံမှ ဘုန်းတော်ကြီးတစ်ပါးက လက်ဝါးနှစ်ဖက်ကို အုပ်မိုးကာ ပြောသည်။ သူ့အား ကြည့်ရသည်မှာ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့အား ကောင်းချီးပေးနေဟန် ရသည်။

ကျုးကော့မင်းယွီက သူမ၏ဝတ်ရုံစအား မကာ ဂူတုံးလျိုထံကို ညင်သာစွာ လျှောက်လာသည်။ တိမ်ဖြူမြို့စားကား ထိုမြင်ကွင်းကို တင်းမာစွာ ကြည့်နေ၏။

“မင်းယွီ…” ကျူးကော့မိသားစု အကြီးအကဲ တစ်ယောက်က အော်လိုက်သည်။ ကျူးကော့မင်းယွီက ရပ်လိုက်ကာ ပြန်ကြည့်သည်တွင် ထိုအကြီးအကဲက ပြောသည်… “မင်း ဘာလုပ်နေတယ် ဆိုတာကို သိလား…”

“သိတာပေါ… ကျွန်မလုပ်နေတာကို ရှင်းရှင်းလင်းလင်း သိတယ်..” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။

“မင်းက လက်ထပ်ပွဲကို သဘောတူခဲ့ပြီးတော့ မြေရိုင်းပြည်နယ် တစ်ခုလုံးက မင်းကို လာရောက် ဂုဏ်ပြုကြတယ်… အခု မင်းက ဒီလိုလုပ်နေတာက ကျူးကော့မိသားစုရဲ့ ဂုဏ်သိက္ခာ တစ်ခုလုံးကို မြောင်းထဲ ထည့်နေတာပဲ…” အကြီးအကဲက ပြောသည်တွင် သူ့ထံမှ ဖိအားများပင် ထွက်ပေါ်လာသည်။

“ကျွန်မ သဘောတူခဲ့တယ် ပြောလား…” ကျူးကော့မင်းယွီက ပြန်ပြောသည်… “ပြီးတော့ ငြင်းရင်ကော ရှင်တို့အားလုံးက လက်ခံမှာလား…”

အကြီးအကဲ၏ အမူအရာက အေးခဲသွားသည်။ ကျူးကော့မင်းယွီက အမှန်ပင် ငြင်းပယ်ခဲ့ဖူးပေသည်။ အမှန်တကယ်အားဖြင့် သူမက လွန်ခဲ့သော နှစ်များစွာကပင် ငြင်းပယ်ခဲ့ကာ ထိုအတွက် အိမ်မှပင် ထွက်သွားခဲ့ဖူး၏။

“ရှင်တို့အားလုံးက ကျွန်မကို ရွေးချယ်စရာ ပေးခဲ့လား… ရှင်တို့က ကျွန်မရဲ့ ဆန္ဒကို ဂရုမစိုက်မှတော့ ဘာလို့ ရှင်တို့အတွက် ဂရုစိုက်ရမှာလဲ…”

ကျူးကော့မိသားစုမှ လူများက ဂူတုံးလျိုကို ကြည့်ကာ ပြောကြသည်… “သူ့ကို ဖမ်းစမ်း…”

ကျူးကော့မိသားစု အကြီးအကဲအချို့က ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထုတ်ဖော်လိုက်ကြကာ ရှေ့ကို တက်လာကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက မြန်ဆန်စွာပင် ဂူတုံးလျိုဘေးကို ရောက်သွားသည်။ ယူချင်း၊ ဟွာဂျီယူ၊ ရွှီယီနှင့် တခြားလူများကလည်း ဂူတုံးလျိုဘေးကို ရောက်လာကြ၏။ ယူချီပင် ရှေ့ကို ထွက်လာသည်။

“ပြန်လာခဲ့…” ယူစီ၏အမူအရာက သုန်မှုန်သွားသည်။ သူတို့က ဘာလုပ်နေကြသနည်း။

“အဖေ… ဒီကိစ္စမှာ ညှိနှိုင်းစရာ မရှိတော့ဘူး…” ရွှီယီက ပြောသည်။ ထို့နောက် ယူချီဘက်ကို လှည့်ပြောသည်… “မင်း ပြန်လိုက်…”

ယူချီကား ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်သည်။

“နင့်ရဲ့ အစ်ကို၃က ငါ့ရဲ့ အစ်ကို၃ မဟုတ်ဘူးလား…” ယူချီက ပြုံးလျက် ပြောသည်။ ရွှီယီက ဘာမှ မပြောတော့ဘဲ သူ့ဇနီး၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမကား အာခီမီမြို့စား၏ တစ်ဦးတည်းသော သမီးဖြစ်ကာ မည်သူကမှ သူမအား အလွယ်တကူ ထိရဲကြမည် မဟုတ်ပေ။

“ဒီနေ့ လက်ထပ်ခွင့်ကို ငါက လာတောင်းဆိုတာ… မင်းတို့ကပါ ဘာလို့ ပြဿနာ ဝင်ရှာနေတာလဲ…” ဂူတုံးလျိုက ဘေးမှ လူများကို ပြောသည်။

ရီဖူရှင်းကလည်း ပြုံးလျက် ပြန်ပြောသည်… “အစ်ကို၃…. ကျွန်တော်တို့က သတို့သားရဲ့ မိသားစုဝင်တွေလား… သတို့သမီးရဲ့ မိသားစုဝင်တွေလား…”

ဂူတုံးလျိုက အံ့အားသင့် သွားပြီးမှ ရယ်မောလိုက်သည်… “စကားတတ်တယ်…”

“ရီဖူရှင်း၊ ယူချင်း၊ ဟွာဂျီယူ… မင်းတို့ ဘာလုပ်နေတယ်ဆိုတာ သိလား…” ထျန်းရှင်းနန်းဆောင် သခင်က ရီဖူရှင်းတို့အုပ်စုကို ကြည့်ကာ ပြောသည်။ သည်ကိစ္စကား နန်းတော်၏ အလိုဆန္ဒဖြစ်သည်။ ယခု နန်းတော်၏ တပည့်များက သည်ကိစ္စကို ဆန့်ကျင်နေကြ၏။

“ကျွန်တော် မလာခင်က ဆရာကို မေးခဲ့တယ်… သူကလည်း ကျွန်တော် လာတာကို သဘောတူခဲ့တယ်… ကျွန်တော်က နန်းတော်က တပည့်ဖြစ်ပေမဲ့ တန်ခိုးရှင် တစ်ယောက်ဖြစ်လို့ ကျုပ်စိတ်နှလုံး ဆန္ဒကို လိုက်နာဖို့လိုတယ်… နန်းတော်ရဲ့ဆန္ဒကလည်း တစ်ခါတလေ မှားနိုင်တာပဲ…” ရီဖူရှင်းက ထျန်ရှင်းနန်းဆောင် သခင်ကို ကြည့်ကာ ပြောသည်။

“ငါမင်းတို့ကို ပြောပြီးပြီ… မင်းတို့က ရှီနန်းတော်ထဲကို ဝင်ခွင့်ရမယ်… အခုမင်းတို့ လုပ်သင့်တာက တန်ခိုးကျင့်တာပဲ…” လျူချန်းက ရီဖူရှင်းနှင့် ယူချင်းကို ကြည့်ကာ ပြောသည်။

“ဒါဆို ကျွန်တော်က ရှီနန်းတော်ကို မဝင်တော့ဘူး…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာ ပြောသည်… “တော်ဝင်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ကျွန်တော်က ပြင်ပအကူအညီ မလိုဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset