အပိုင်း(၆၄၇)

တိုက်ခိုက်ရေးရှီနန်းဆောင်အနီးတွင်

ရီဖူရှင်းက ယန်ချန်းဝူကို ပြောသောစကားက တော်ဝင်ကျဲနန်းတော်ကို မြန်ဆန်စွာပင် ပျံ့နှံ့သွားသည်။ ရှီနန်းတော်ကို ဝင်ခွင့်ရခြင်း၊ ပါရမီရှင်အဆင့်တစ် ဖြစ်နေခြင်းတို့က သူ၏လှုပ်ရှား ပြောဆိုမှုတိုင်းကို လူအများက အာရုံစိုက်နေသော အချိန်အခါလည်း ဖြစ်သည်။ ပါရမီရှင်အဆင့် ဇယား၌ ထိပ်ပိုင်းမှာ ရှိနေနေသူများ အားလုံးက ရီဖူရှင်းအပေါ် သံသယများ ဝင်နေကြသည့်တိုင် အချိန်ကြာမြင့်စွာ စောင့်စားပြီးမှ ရီဖူရှင်း၏ မှတ်ချက်စကားက သည်မျှ မောက်မာ ကြမ်းတမ်းမည်ဟု မည်သူကမှ မထင်ထားကြပေ။ သူကဲ့သို့သော ကောင်းကင် အရှင်သခင်က သိမ်းငှက်များကဲ့သို့ ဝေဖန်ရေး သမားများအား အာရုံစိုက်စရာ မလိုဟု ပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် သူက မည်သည့်အခါကမှ စိန်ခေါ်မှုများကို အရေးမစိုက် လက်မခံခဲ့ဟူသော အကြောင်းပြချက် ဖြစ်လာသည်။

သူ၏မှတ်ချက်က သူ့အား သံသယဝင်ကြသော သူများအားလုံးကို စော်ကား ပြောဆိုခြင်းနှင့်လည်း အတူတူပင် ဖြစ်သည်။ ထိုလူများသည် သူနှင့်တိုက်ခိုက်ရန် မထိုက်တန်ဟု ရီဖူရှင်းက ပြောနေဟန်လည်း ရသည်။

ရီဖူရှင်းဘက်မှ ကာကွယ် ပြောဆိုသူများလည်း များစွာ ရှိပေသည်။ သူနှင့် တစ်နှစ်တည်း ဝင်လာသောသူများက ရီဖူရှင်းကို စတင်၍​ အထင်ကြီး လေးစားလာကြသည်။ သူကား ပါရမီရှင် အဆင့်တစ်ကို သုံးနှစ်ကာလဖြင့် တက်လှမ်းခဲ့သူ ဖြစ်သည်။ သူကား သုံးနှစ်ခန့် အချိန်ကာလဖြင့် စီနီယာများ အားလုံးကို နောက်ကောက်ချခဲ့သူလည်း ဖြစ်သည်။ သူတို့က မည်သို့ မလေးစားဘဲ နေမည်နည်း။

လက်ရည်စမ်းပွဲ ပြီးနောက် ၂နှစ်ကာလမျှ ကြာမြင့်ခဲ့ပြီး ဖြစ်ကာ သူက အာခီမီမြို့ကို သွားရောက် လည်ပတ်ပြီးနောက် အာခီမီမြို့မှ အကောင်းဆုံး အတော်ဆုံးသော ပါရမီရှင်များ အားလုံးကို အနိုင်ယူပြီး ပြန်လာခဲ့သည်။ သူက ပြန်ရောက်သည်နှင့် ပါရမီရှင်အဆင့်၁ နေရာကို ရရှိခဲ့၏။

နာမည်ကျော်များ၏ ခရီးလမ်းက ဤသို့ ဖြစ်ရပေမည်။ ရီဖူရှင်းကား မူလကတည်းက အလားအလာ အလွန်ကောင်းသော ပါရမီရှင်ဖြစ်ကာ အနာဂတ်တွင် သူ၏ အောင်မြင်မှုများက မည်ရွေ့မည်မျှ ရှိမည်ကို အားလုံးက စိတ်ဝင်စားကြသည်။

ရီဖူရှင်း၏ ပြောစကားကြောင့်ပင် လူအများအပြားက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို သွားရောက် ကြတော့မည် ဖြစ်သည်။ အထူးသဖြင့် ပါရမီရှင်အဆင့် ထိပ်ပိုင်းတွင် ရှိသူများ အားလုံးက ထိုသို့​ စော်ကား ပြောဆိုမှုကို မည်သို့မှ သည်းခံကြမည် မဟုတ်ပေ။ ထိုအထဲတွင် တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ခဲ့သည်မှာ ကိုးနှစ်ခန့် ကြာမြင့်သော သူများလည်း ပါဝင်ပေသည်။ သူတို့က ရှီအဆင့်ကို မတက်လှမ်း နိုင်သေးရာ ပါရမီရှင်အဆင့် ထိပ်ပိုင်းကို နေရာယူ ထားကြသည်။

ယခုကား အားလုံးက ပါရမီရှင် အဆင့်တစ်က သူ၏မောက်မာ ဝင့်ကြွားမှုများဖြင့် ထိုက်တန်သလော ကြည့်လိုကြသည်။

ထင်မှတ်ထားသည့် အတိုင်းပင် တိုက်ခိုက်ရေး ရှီနန်းဆောင် အဝင်ဝ၌ လူအုပ်ကြီးတစ်အုပ် ဖြစ်လာနေသည်။ သို့သော် အများစုကား အခြေအနေကို လာရောက် ကြည့်ရှုကြသူများသာ ဖြစ်သည်။ ရီဖူရှင်းကလည်း လူအများအပြားက သူ့အတွက် လာရောက်သည်ကို သိထားသည်။ သူက အပြင်မှ လူများ ပိုမိုများပြား လာသည်ကို ဂရုမစိုက်ဘဲ ဟွာဂျီယူနှင့် ဖီးနစ်တို့ကို စကားပြောနေသည်။ လောင်လင်းအာပင်လျှင် တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ရောက်လာသည်။ ထို့အတူ ယန်ကျန်း၊ ယိရှောင်ရှီ၊ စုချွဲ၊ ​ရီဝူချင်း၊ ကျွေ့ချိန်ချူနှင့် တခြား လူများကလည်း ရောက်လာကြသည်။

“ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ဟာ တစ်ခုခု ဖြစ်တော့မယ် ထင်တယ်…” စုချွဲက နန်းတော်ထောင့်စွန်းတွင် လဲလျောင်းလိုက်ကာ ပြောသည်… “ချိန်ချူ… မင်းမှာ သေရည် မပါဘူးလား…”

“မပါဘူး…” ကျွေ့ချိန်ချူက အေးအေးသက်သာ ပြောသည်။

“ချိန်ချူ… သဘောထား ကြီးစမ်းပါ… မင်းလိုလူမှာ ဘယ်လိုလုပ် သေရည်မရှိဘဲ နေမှာလဲ…” စုချွဲက ပြုံးလျက်ပြောသည်။ ကျွေ့ချိန်ချူတွင် သေရည်မရှိလျှင် သူ့အား သေရည်သမားဟု မည်သူကမှ သတ်မှတ်ကြမည် မဟုတ်ပေ။

“ဒီလိုပွဲမျိုးကို ကြည့်ဖို့ တန်ကြေး တစ်ခုတော့လိုတယ်… မင်း သိတယ်မလား…” ရီဖူရှင်းက စုချွဲကို ကြည့်သည်။ သည်အကောင်ကား အချိန်အခါကောင်းကို သိပေသည်။

“ငါ့ကို အဲဒီလို မကြည့်နဲ့… မင်းက အာခီမီမြို့မှာ အကျိုးအမြတ်တွေ တစ်ပုံကြီးရပြီးတော့ ငါတို့က အရန်တွေ ဖြစ်သွားတာပဲမလား… ကြည့်စမ်း… ပါရမီရှင် အဆင့်တစ်တဲ့လား… ငါအခု မင်းအတွက် ဘာမှ မလုပ်ပေးတော့ဘူး…” စုချွဲက မျက်နှာ ရှုံ့မဲ့ကာ ပြောသည်။ အာခီမီမြို့တွင် သူ့အား ရီဖူရှင်းက အသားယူ သွားခဲ့သည်ဟု ခံစားရသည်။

“ငါက မင်းလို စွမ်းရည်နဲ့လူကို တကယ် လိုအပ်တယ်လို့ မင်းထင်တယ် ဟုတ်လား…” ရီဖူရှင်းကလည်း ငေါ့တော့တော့ ပြုံးသည်။

“…” စုချွဲက အံ့အားသင့်သွားကာ ဆွံ့အသွား၏။ သူက ရီဖူရှင်းအား ကြည့်ကာ တစ်စုံတစ်ယောက်အား အမှန်ပင် ရိုက်နှက်လိုနေသည်။

“ငါက မင်းလှည့်ကွက်ထဲ ရောက်သွားမယ်လို့ မင်းထင်လား…” စုချွဲက မဲ့ပြုံးပြုံးကာ မြေပြင်ပေါ်တွင် ဆက်လက် လဲလျောင်းနေသည်။

“ပါရမီရှင်အဆင့် ဇယားထိပ်ပိုင်းက တစ်ယောက် ရောက်လာပြီ…” လူအများအပြားက တိုက်ခိုက်ရေး ရှီနန်းဆောင် အဝင်ဝကို စိုက်ကြည့်နေကြသည်။

“အဲဒါက ကျောက်ဟိုပဲ…” လူအများအပြား၏ အကြည့်က တစ်စုံတစ်ယောက်ထံကို ရောက်လာသည်။ ယခင်က ပါရမီရှင် အဆင့်၉ တွင် ရှိခဲ့သော ကျောက်ဟိုကား ယခု အဆင့်၁၀ဖြစ်သည်။ ရီဖူရှင်းက အပေါ်ကို ရုတ်တရက် တက်သွားသောအကြောင့် သူ၏နေရာက တစ်ဆင့်နိမ့်သွားခဲ့သည်။ ပါရမီရှင်ဇယား ထိပ်သီးဆယ်ယောက်အနက် သည်နေရာကို ဦးဆုံး ရောက်လာသူလည်း ဖြစ်သည်။

“ထို့ကျန်းနန်းတော်က တစ်ယောက်လည်း ရောက်လာတယ်…” လူအုပ်က တစ်နေရာကို ကြည့်ကြသည်။ ထို့ကျန်းနန်းဆောင်မှ တစ်ယောက်ပြီး တစ်ယောက် ရောက်လာရာ ထိုအထဲတွင် ရှီတန်ခိုးရှင် ထို့ကျန်း၏ လက်ရင်းတပည့်များ ဖြစ်ကြသော ကျန်းကျိချင်နှင့် ယွန်ဖုန်းတို့လည်း ပါသည်။ လူအုပ်ထဲတွင်ကား ပါရမီရှင် အဆင့်၅နေရာ၌ ရှိသော လျန်ယွီချန်းကို တွေ့ရသည်။ သူရောက်လာခြင်းက လူအများအပြားကို အံ့အားသင့်စေသည်။

ရီဖူရှင်းက လွန်ခဲ့သော ၂နှစ် လက်ရည်စမ်းပွဲ၌ လျန်ယွီချန်းကို ကု့ချင်းပညာ၌ စိန်ခေါ်တိုက်ခိုက်ခဲ့ကာ အနိုင်ရခဲ့သည်။ သူ၏သံစဉ်က ကု့ချင်းတောင်ကြားနှင့် ဆက်နွှယ်မိကာ ကု့ချင်းနတ်ဆိုး လျူခွန်ရှမ်း၏ ပညာအမွေများကိုလည်း ဆက်ခံရရှိခဲ့၏။ ထို့နောက်တွင် လျန်ယွီချန်း၏ တည်ရှိမှုက မှေးမှိန်သွားခဲ့ပြီး ရီဖူရှင်းက နာမည်ကျော်လာကာ ပါရမီရှင် အဆင့်၁၀ နေရာကိုလည်း တက်လှမ်း လာခဲ့သည်။

ထို့ကျန်းနန်းဆောင် အုပ်စုထဲတွင် ပါရမီရှင်အဆင့်ဇယား ထိပ်ပိုင်းတွင် ရှိသော နောက်တစ်ယောက်လည်း ပါလာသည်။ သူမကား ယွန်စွေ့ရှင်း ဖြစ်သည်။ သို့သော်လည်း သူမက ရီဖူရှင်းနှင့် ရင်းနှီးပေသည်။ ရီဖူရှင်းက နန်းတော်ကို ဝင်ကာစ၌ ယွန်စွေ့ရှင်းနှင့် ကတောက်ကဆ ဖြစ်ခဲ့သော်လည်း နောက်ပိုင်း အာခီမီမြို့တော်ကို ခရီးအတူ သွားပြီးသောအခါ အချင်းချင်း ပိုမိုရင်းနှီး ခင်မင်ခဲ့ကြ၏။

“ပိုင်စီ… ကျူးကော့ရှင်း…” လူအများအပြားက​ နောက်တစ်နေရာကို ကြည့်ကြသည်။ တော်ဝင်ရှီနန်းဆောင်မှ လူများလည်း ရောက်ရှိလာကြသည်။ သူတို့အားလုံးက တစ်စုံတစ်ယောက်ကို ရှာဖွေကြသည်။ သို့သော် စီမင်ဟန်ကျင့်ကို ရှာမတွေ့ကြပေ။ ယခင် ပါရမီရှင် အဆင့်တစ်က ယခုကဲ့သို့ အချိန်အခါတွင် လာရောက်ခြင်း မရှိခြင်းက လူအများအပြားကို အံ့အားသင့်စေသည်။

ပိုင်စီနှင့် ကျူးကော့ရှင်းတို့က တိုက်ခိုက်ရေး ရှီနန်းဆောင် ထောင့်စွန်းတွင် ထိုင်နေသော ရီဖူရှင်းတို့အုပ်စုကို ကြည့်ကြသည်။ ရီဖူရှင်းကား နန်းဆောင်အဝင်ဝမှ လူများကို အာရုံစိုက်ဟန်မရဘဲ​ သူ့ဘေးမှ လူများနှင့် ပျော်ရွှင်စွာ စကားပြောနေသည်။

ကျူးကော့ရှင်းက ရီဖူရှင်း၏ဘေးမှ ဟွာဂျီယူကို မြင်ကာ ရင်နာရသည်။ ရီဖူရှင်းနှင့် သူက ရန်ဘက် ဖြစ်ခဲ့ရခြင်းမှာလည်း ဟွာဂျီယူကြောင့်သာ ဖြစ်ပေသည်။ ကျူးကော့မိသားစုတွင် ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် ဖြစ်လာခဲ့သော ဟွာဂျီယူက သူနှင့်သာ ထိုက်တန်သည်ဟု တစ်ချိန်က ထင်မှတ်ခဲ့သော်လည်း သုံးနှစ်ကြာပြီး နောက်ပိုင်း ရီဖူရှင်းက နန်းတော်တွင် အားလုံး၏ လေးစားအားကျရသော လူတစ်ယောက် ဖြစ်လာပြီး သူကား ဘာမှ မဟုတ်သေးပေ။ ရီဖူရှင်းနှင့် နှိုင်းယှဉ်ရန်ကိုထား၌ သူ့ဘေးမှ လူများလောက်ပင် သူက မစွမ်းပေ။

ပိုင်စီကလည်း ဟွာဂျီယူကို စိတ်ထဲတွင် ရည်မှန်းခဲ့ဖူးသည်သာ…။ မည်သို့ဆိုစေ ဟွာဂျီယူကား နန်းတော်တွင် အလှဆုံး မိန်းကလေး ဖြစ်ပေသည်။ သို့သော်လည်း နန်းတော်ကို ဝင်ပြီးနောက်ပိုင်း သူ၏ စွမ်းဆောင်ရည်များက ရီဖူရှင်းကြောင့် မှေးမှိန် သွားခဲ့ရသည်။ သူကား တိမ်ဖြူမြို့၏ ဒုတိယသခင်လေး ဖြစ်သော်လည်း ရီဖူရှင်း၏ ဖြစ်တည်မှုက သူ့အတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။

ယခု ရီဖူရှင်း၏ စကားတစ်ခွန်းကြောင့် လူအများအပြားက ဒေါသထွက်ကာ ပါရမီရှင် အဆင့်တစ်က အမှန်တကယ် အပြောနှင့် ထိုက်တန်သော စွမ်းရည်ရှိသလော လာရောက် စမ်းသပ်ကြတော့မည် ဖြစ်သည်။

“မင်းတို့ ကိစ္စရှိလို့ လာတာဆိုရင် မြန်မြန်ပြော… မဟုတ်ရင် ငါ သွားတော့မယ်…” တည်ငြိမ်သော အသံတစ်သံ တိုက်ခိုက်ရေး ရှီနန်းဆောင်ပေါ်မှ ထွက်ပေါ်လာသည်တွင် အားလုံးက မှင်တက် သွားကြသည်။

သည်အကောင်ကား အမှန်ပင် တခြားလူများကို အလေးထားရ ကောင်းမှန်း သိပုံမရပေ။ သို့သော်လည်း သူ့တွင် ထိုသို့ပြောရန် အခွင့်အရေး ရှိသည်ကို မည်သူကမှ မငြင်းနိုင်။ တော်ဝင်ကျဲ နန်းတော်ကို ဝင်လာပြီး သုံးနှစ်မျှဖြင့် သူကား ယခု နန်းတော်တွင် အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်နေပြီးဖြစ်သည်။

တကယ့် အချက်အလက်များ အရ ရီဖူရှင်းက နန်းတော်တွင် မည်သည့်တိုက်ပွဲများမှ မတိုက်ခိုက်ရသေးပေ။ လက်ရည်စမ်းပွဲတွင် သူက လျန်ယွီချန်းနှင့် ဂီတပညာကိုသာ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တမ်း ထိုစဉ်က လျန်ယွီချန်းကား ရီဖူရှင်းထက် များစွာ စွမ်းအား မြင့်ပေသည်။

ယခု နန်းတော်တွင် တစ်ဟုန်ထိုး နာမည်ကျော်ကြား လာသလို လူအများ၏ သံသယဝင်ခြင်း ခံရသော ရီဖူရှင်းက နောက်ဆုံးတွင် စိန်ခေါ်မှုများကို လက်ခံတော့မည်လော။

ရီဖူရှင်းက အာခီမီပြိုင်ပွဲမှ ပထမရသူကို သတ်ဖြတ်ခဲ့ကာ မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသ၏ အတော်ဆုံး ပါရမီရှင် ထိကန်းကိုလည်း အနိုင်ယူခဲ့သည်။ ရီဖူရှင်းကို အနိုင်ယူရန် ခက်ခဲမည် ရှိသော်လည်း  သူတို့က အမှန်တကယ်အားဖြင့် ကြိုးစားကြည့်လို ကြပေသည်။

“ကောလာဟလတွေအရ မင်းက ကိုယ့်ကိုယ်ကိုယ် နတ်ငှက်နဲ့တင်စားပြီး မင်းရဲ့စွမ်းရည်ကို သံသယဝင်တဲ့လူတွေက ကျီးကန်းတွေလို့ မင်းက ပြောတယ်…” အသံတစ်သံကို ကြားရသည်တွင် အားလုံးက လှမ်းကြည့်ကြသည်။ ပြောလိုက်သူကား ပါရမီရှင်ဇယား၌ အဆင့်၁၀တွင် ရှိသော ကျောက်ဟို ဖြစ်သည်။

“ဟုတ်တယ်… ငါ ပြောခဲ့တယ်…” ရီဖူရှင်းက ကြမ်းပြင်တွင် ထိုင်နေရင်းက ကျောက်ဟိုကို ကြည့်လျက် ပြောသည်။

“ကောင်းပြီ… ကြည့်ရတာ ငါက မင်းပြောတဲ့ ကျီးကန်းတွေထဲက တစ်ကောင်ပဲ ထားပါတော့… ငါက ကိုယ့်ကိုယ်ကိုယ် ကျီးကန်းလို့ တင်စားတဲ့ မင်းက ဘယ်လောက် ထူးခြား ထက်မြက်လဲ ကြည့်ချင်တယ်…” ကျောက်ဟိုက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“မင်းနာမည်…” ရီဖူရှင်းက မေးသည်။ လူအများအပြားက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းကား ပါရမီရှင်အဆင့် ဇယားမှ နံပါတ်၁၀၏ နာမည်ကိုပင် မှတ်သားထားခြင်း မရှိပေ။

အမှန်တကယ်အားဖြင့် ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်တွင် လူအနည်းငယ်ကိုသာ သိပေသည်။ သူက သုံးနှစ်ကာလလုံး တန်ခိုးကျင့်ခြင်းနှင့်သာ အချိန်ကုန်နေခဲ့ကာ လက်ရည်စမ်းပွဲတွင် သူနှင့် ပြောဆိုခဲ့သော လူအချို့ကိုသာ မှတ်မိပေသည်။ သူက တခြား တပည့်များနှင့် ပြောဆိုခြင်း သိပ်မရှိပေ။ ထို့ကြောင့် သူသိသော သူများက အကန့်သတ် ရှိပေသည်။

ကျောက်ဟိုကား မှင်တက်သွားသည်။ ရီဖူရှင်းက သူ့နာမည်ကို မသိခြင်းက သူ့အား ဆွံ့အသွားစေသည်။ သူကား မည်သို့ဆိုစေ ပါရမီရှင် အဆင့်၁၀တွင်ရှိကာ နန်းတော်၌ နာမည် ကျော်ကြားသူ ဖြစ်သည်။ သို့သော်လည်း သူက ဘာမှ မပြောတော့ဘဲ နာမည်ကို ထုတ်ဖော်လိုက်သည်… “ကျောက်ဟို…”

ရီဖူရှင်းက တစ်စုံတစ်ခုကို မှတ်မိလိုက်ဟန် ရသည်။ ကြည့်ရသည်မှာ ယခင် သူ့အဆင့်ထက် တစ်ဆင့်မြင့်သော နေရာ၌ ရှိသော နာမည်က ကျောက်ဟို ဖြစ်ဟန်ရ၏။

“မင်း အခု ကျေနပ်ပြီမလား…” ကျောက်ဟိုက လေထဲကို ခုန်တက်ကာ ပြောသည်။ သူ့ထံမှ အလင်းရောင်များ ဖြာထွက်လာနေကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဟူသော သဘောဖြစ်သည်။

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သော်လည်း မလှုပ်ပေ သူ၏မျက်လုံးက ဘေးဘက်ကို ရောက်သွားကာ ပြောသည်… “ယူချင်း…”

မြေပြင်တွင် တင်ပျဉ်ခွေ ထိုင်နေသော ယူချင်းက ထရပ်သည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲသွားကြသည်။

အားလုံးက ရီဖူရှင်း တိုက်ခိုက်ရန် စောင့်စား နေကြသော်လည်း ရီဖူရှင်းက ယူချင်း၏ နာမည်ကိုသာ ခေါ်ခဲ့သည်။

သူက ဟာသ လုပ်နေသည်လား။ ယူချင်းက သူ့အစား တိုက်ခိုက်တော့မည်လား…။

ကျောက်ဟို၏ မျက်နှာက မယုံကြည်နိုင်ခြင်း အရှက်ရခြင်းများကြောင့် ပြိုကျတော့မည့် မိုးကောင်းကင်နှယ် ဖြစ်လာသည်။ ရီဖူရှင်းက သူ၏နာမည်ကို မသိခြင်းအား သူက စိတ်ထဲ မထား၍ ရသည်။ သို့သော် ယခုကား သူက အမှန်ပင် စော်ကားခံရသလို ခံစားရသည်။ ကျောက်ဟိုကား ပါရမီရှင် အဆင့်၁၀ဖြစ်သည်။ ရီဖူရှင်းက သူ့အား မသိသည့်တိုင် သူ့အပေါ် လေးစားမှု ထားသင့်ပေသည်။

“မင်းက တကယ်ပဲ ဒီလို လုပ်ချင်တာလား…” ကျောက်ဟိုက ယူချင်းကို မေးကာ ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။

“ဒီတိုက်ပွဲပြီးရင် မင်းက ထိပ်ဆုံး ဆယ်ယောက် စာရင်းက ထွက်ရလိမ့်မယ်…” ရီဖူရှင်းက ကျောက်ဟိုအား ကြည့်ကာ ပြောသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset