အပိုင်း(၅၉၁)

ထို့ကျန်းနန်းဆောင်မှ ပဋိပက္ခ

ကောင်းကင်တက်လှမ်း မျှော်စင်ကား ရွှေရောင်များ လင်းလက်နေသည်။ အဝေးမှ ရပ်နေရင်းကပင် မျှော်စင်ထံမှ ကြီးမားသော ဖိအားကို ရီဖူရှင်း ခံစားရ၏။ အထူးသဖြင့် ရွှေရောင် အမျှင်တန်းများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်း သွားသောအခါ ဖြစ်သည်။ တစ်စုံတစ်ယောက်က မျှော်စင်ထဲတွင် ရပ်နေရင်းကပင် သူတို့၏ခန္ဓာကိုယ်ကို လေ့ကျင့်ကာ သတ္တုဓာတ်အား ခံစား သိမြင်နိုင်ပေသည်။

မျှော်စင်၏ အောက်ခြေ တံခါးကို နေ့ညမပြတ် ဖွင့်ထားသည်။ ထိုနေရာတွင် လူတစ်ယောက်က ရပ်နေသည်ကို မြင်ရာ ရီဖူရှင်းက ထိုနေရာသို့ လျှောက်သွားသည်။

“အစ်ကိုချီကျီး…” ရီဖူရှင်းက လှမ်းခေါ်သည်။

“မင်းက နန်းတော်ကို ရောက်လာတာနဲ့ စီနီယာတွေကို အနိုင်ကျင့်လာတယ်ပေါ့ ဟုတ်လား…” ချီကျီးက ပြုံးလျက် မေးသည်။

“မင်းက သူတို့အားလုံးကို အနိုင်ယူလာတဲ့ နေ့ကျရင် မင်းကို ဘယ်သူက ဘာမှ ပြောမှ မဟုတ်တော့ဘူး…” ချီကျီးက ပြောသည်… “ဪ … ဒါနဲ့ ခုနက မိန်းကလေးက ထို့ကျန်း နန်းဆောင်က တပည့်တစ်ယောက်ပဲ… သူမရဲ့ နာမည်က ကျန်းကျိချင်လို့ ခေါ်တယ်… သူမက ကျန်းနိုင်ငံက မင်းသမီးလေးပဲ… သူမက မလှဘူးလား…”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ သည်လူက တကယ်ရော ဘုန်းကြီးလား…။

“ချိုမြိန်တဲ့သကြားမှာ အဆိပ်ကပ်ပါ လာတတ်တယ်… ကျုပ်က ရုပ်ဝတ္ထု အလှအပတွေကို ဂရုမစိုက်ဘူး…” ရီဖူရှင်းက ပြောသည်။ ကျန်းကျိချင်ကား အမှန်ပင် အလှဂဂေးတစ်ယောက် ဖြစ်သော်လည်း သူမ၏ စိတ်နေသဘောထားက ဆိုးဝါးသည်ဟု သူယူဆသည်။

ချီကျီးက ဝါးလုံးကွဲ ရယ်မောသည်။

“ဒါဆို စီနီယာက ဒီမှာ ဘာလုပ်နေတာလဲ…” ရီဖူရှင်းက မျှော်စင်ထဲကို ဝင်လိုက်ရင်းက ပြောသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူ့ထံကို ဆင်းသက်လာသည်။ ရီဖူရှင်းက အပေါ်ကို မော့ကြည့်သည်။ မျှော်စင်ကား ဆယ့်ရှစ်ထပ် ရှိသည်။ ဘေးပတ်ပတ်လည်တွင် လှေကားထစ်များနှင့် နံရံကို ကပ်လျက် ပြုလုပ်ထားသော အထပ်များကို မြင်ရသည်။ လူအများအပြားက တစ်နေရာစီယူကာ ထိုင်လျက် လေ့ကျင့် နေကြသည်။

“ဒီကို မကြာမကြာ လာတဲ့လူတွေက တိုက်ခိုက်ရေး ရှီနန်းဆောင်က လူတွေပဲ… ဒီမျှော်စင်က သိုင်းပညာရှင်တွေကို ခန္ဓာကိုယ် ကြံ့ခိုင်စေဖို့ လေ့ကျင့်ပေးသလို စိတ်စွမ်းအား ကောင်းဖို့ကိုလည်း အားပေးတယ်… မျှော်စင်က ဆယ့်ရှစ်ထပ်ရှိတယ်… တိုက်ခိုက်ရေးရှီက တပည့်တွေ အကုန်လုံးက ဆယ့်ရှစ်ထပ်လုံးကို ဖြတ်ကျော်ပြီးမှ နန်းတော် သခင်ဆီမှာ သင်ကြားခွင့် ရတယ်…” ချီကျီးက ရှင်းပြသည်။

“နားလည်ပါပြီ… အစ်ကိုချီကျီး… ကျွန်တော် သွားလေ့ကျင့် လိုက်မယ်…” ရီဖူရှင်းက ပထမထပ်ကို တက်သွားကာ စတင် လေ့ကျင့်သည်။ ထိုအခိုက်တွင်ပင် ရွှေရောင် အမျှင်တန်းများက သူ၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာပြီး အလွန်အမင်း ကြီးမားသော ဖိအားကို ခံစားရသည်။ တစ်ဖက်တွင် ရွှေရောင် အမျှင်တန်းများက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကြပြီး သူ၏ အသွေးအသားများကို တစစ်စစ် ကိုက်ခဲ နာကျင်စေသည်။

“ပထမထပ်ရဲ့ ဖိအားက ဒီလောက် အားကောင်းမယ်လို့ မထင်ထားဘူး…” ရီဖူရှင်းက ရေရွတ်သည်။ အချိန် အနည်းငယ်ကြာ လေ့ကျင့်ပြီး သူက ဒုတိယထပ်သို့ တက်လာသည်။ ထို့နောက် သုံးထပ်၊ လေးထပ်၊ ငါးထပ်၊ ခြောက်ထပ်နှင့် နောက်ဆုံးတွင် ခုနစ်ထပ်မြောက်ကို ရောက်လာသည်။ ခုနစ်ထပ်မြောက်တွင် အလွန်အမင်း ပြင်းထန်သော ဖိအားကို သူခံစားရပြီး အကယ်၍ သူသာ ရှေ့ဆက်တိုးပါက သူ၏စိတ်နှင့်ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားရသည်။ တစ်နာရီခန့် လေ့ကျင့်ပြီးနောက် သူက မခံနိုင်တော့ဘဲ​ ခုနစ်ထပ်မြောက်မှ ပြန်ဆင်း လာခဲ့ရသည်။

“ယူချင်းက ကိုးထပ်မြောက်ကို တက်ရောက် နိုင်တယ်ဆိုတာ ငါမယုံနိုင်ဘူး…” ရီဖူရှင်းက မော့ကြည့်လျှင် ကိုးထပ်မြောက်တွင် ယူချင်းကို မြင်ရသည်။ ယိရှောင်ရှီနှင့် ယန်ကျန်းတို့မူကား ရှစ်ထပ်မြောက်တွင် ရှိနေသည်။ သို့သော်လည်း သူတို့က ဤနေရာတွင် တစ်ချိန်လုံး လေ့ကျင့် နေခဲ့ကြကာ ရီဖူရှင်းက ရေခဲကမ္ဘာထဲတွင် အချိန်ကုန် နေခဲ့သည်။

အတန်ကြာ အနားယူပြီးနောက် ရီဖူရှင်းက ခုနစ်ထပ်မြောက်ကို ပြန်တက်ရောက်ကာ လေ့ကျင့်သည်။ ကြီးမားသော ဖိအားအောက်တွင် ခန္ဓာကိုယ် အတွင်းမှ သူ့အား တစ်စုံတစ်ခုက ခေါ်နေသည်ဟု ခံစားရသည်။ ထို့နောက်တွင် အလင်းရောင်များက သူ၏ခန္ဓာကိုယ်အနှံ့ စတင် ဖြစ်ပေါ်လာသည်။ ထိုအရာက မျှော်စင်တစ်ခုလုံးကို ထမ်းပိုး ထားရသည်နှင့် တူသည်။ အကယ်၍​အားနည်းသော စိတ်စွမ်းအားနှင့် ခန္ဓာကိုယ်ဖြင့်သာ ဤအဆင့်တွင် လေ့ကျင့်ပါက သေချာပေါက် ပြိုလဲမည် ဖြစ်သည်။

အချိန်အနည်းငယ် ကြာလျှင် လူတစ်ယောက်က အနားကို ကပ်လာကာ ပြောသည်… “မင်းက ယန်ဆန်းကို နှင်တံတစ်ချောင်းနဲ့ အနိုင်ယူခဲ့တဲ့ ရီဖူရှင်းလား…”

ထိုလူက ဆက်မပြောမီတွင်ပင် ရီဖူရှင်းက ပြောသည်… “ကျုပ် အရှုံးပေးတယ်…”

“… ” ထိုလူက မှင်တက်သွားသည်။ ထို့နောက်တွင် ခေါင်းယမ်းကာ ပြုံးလျက် ထွက်သွားသည်။

မျှော်စင်ထဲတွင် လေ့ကျင့်နေသော ကာလအတွင်း၌ သူ့ထံကို လာရောက် စိန်ခေါ်သူများ ရှိသော်လည်း ရီဖူရှင်းက ထိုနည်းတူစွာပင် ပြန်ပြောသည်။ ထို့နောက်တွင် ရီဖူရှင်းအား မျှော်စင်တွင် မမြင်ရတော့ပေ။ သူက လေ့ကျင့်ရေးကွင်း ဘက်ကို ထွက်သွားသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ပါရမီရှင်အဆင့်က အပေါ်ကို တက်သွားကာ ယွန်ဖုန်း၏အောက် အဆင့် ကိုးဆယ့်ခုနစ်နေရာကို ရသည်။

***

တော်ဝင်ကျဲနန်းတော်၊ ထို့ကျန်း နန်းဆောင်။

လူအများအပြားက ကြီးမား ထည်ဝါသော နန်းဆောင် တစ်ခုရှေ့သို့ ရောက်လာကြသည်။ ထို့ကျန်းနန်းဆောင်မှ တပည့်များ အားလုံးက သူတို့၏လက်ရှိ လုပ်လက်စများကို ရပ်တန့်ကာ သည်နေရာတွင် လာရောက် စုစည်းကြသည်။ ယနေ့ကား ထို့ကျန်း နန်းဆောင်သခင်က တပည့်များအား မရှင်းလင်းသည်များကို ရှင်းပြမည့်နေ့လည်း ဖြစ်သလို သူ၏အသိပညာ ဗဟုသုတများကို ဝေမျှသော အချိန်အခါလည်း ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ကျဲ နန်းတော်တွင် ရှားပါးသော အခွင့်အရေး တစ်ခုဟု ပြော၍ ရကာ ရှီတန်ခိုးရှင်ထို့ကျန်း၏ လက်ချာသို့ လူအများအပြား လာရောက် နားထောင်ကြသည်။

သည်နေရာကို လာရောက် နားထောင်သူများထဲတွင် တခြား နန်းဆောင်များမှ လူများလည်း ပါဝင်ရာ ထိုနေရာ တစ်ခုလုံးက လူများနှင့် ပြည့်နှက်နေသည်။ ထို့ကျန်းနန်းဆောင်က ထိုအချက်ကို မကန့်သတ်ထားပေ။ တော်ဝင်ကျဲ နန်းတော်မှ တပည့်များအားလုံး ထို့ကျန်း နန်းဆောင်တွင် လက်ချာကို လာရောက် နားထောင်နိုင်သည်။

လူနှစ်ယောက်က ရှေ့ဆုံးတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ လူအများအပြားက ထိုနှစ်ယောက်အား ချစ်ခင် သဘောကျစွာ လှမ်းကြည့်ကြသည်။ သူတို့ နှစ်ယောက်ကား ထို့ကျန်းနန်းဆောင်၏ လူသစ်နှစ်ယောက် ဖြစ်သော ဟွာဂျီယူနှင့် ဖီးနစ်တို့ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က လေ့ကျင့်ရာတွင် ဇွဲကောင်းကာ အလွန်အမင်း လှပ ချောမောကြသည်။

ထို့ကျန်း နန်းဆောင်တွင် မိန်းမလှများစွာ ရှိသော်လည်း တကယ်တမ်း အလွန်အမင်း ထင်ပေါ်အောင် လှသော မိန်းကလေးကား လေးယောက်သာ ရှိသည်။ သူတို့မှာ ဟွာဂျီယူ၊ ဖီးနစ်၊ ယွန်စွေ့ရှင်းနှင့် ကျန်းကျိချင်တို့ ဖြစ်ကြသည်။

လူအုပ်ထဲတွင် လူများ စုရုံးစုရုံး ဖြစ်နေသော တစ်နေရာလည်း ရှိသည်။ ထိုနေရာတွင် လူငယ် တစ်ယောက်က ထိုင်ကာ ထိုမိန်းမလှ နှစ်ယောက်အား ကြည့်လျက် ပန်းချီဆွဲနေ၏။ သူကား အမှန်ပင် မိန်းကလေး နှစ်ယောက်၏ပုံတူကို ဆွဲနေခြင်း ဖြစ်သည်။

“ရုပ်ပုံတွေက တကယ့်သဘာဝကျပြီး အသက်ဝင် နေသလိုပဲ… ယွန်ဖုန်းရဲ့ ပန်းချီပညာက တကယ်ပဲ ထူးခြား ပြောင်မြောက် ပါပေတယ်…”

“သူက အစ်မယွန်နဲ့ အစ်မကျန်းတို့ ပုံကိုလည်း ဆွဲထားပြီးပြီလို့ ကြားတယ်… အခု သူက ဟွာဂျီယူနဲ့ ဖီးနစ်ပုံကိုပါ ထပ်စုတော့မလို့လား…” တစ်ယောက်က ပြုံးလျက် မှတ်ချက်ချသည်။

“သူတို့ နှစ်ယောက်လုံးက လူသားကမ္ဘာက နတ်သမီးတွေပဲ… ကျုပ်က သေသေချာချာ ဆွဲရရင် သူတို့ နှစ်ယောက်လုံးက လူသား အညစ်အကြေး ကင်းစင်တဲ့ နတ်သမီးတွေ ဖြစ်လာမှာ သေချာတယ်… ” ယွန်ဖုန်းက ပြုံးလျက်ပြောသည်။

“မင်းပြောတဲ့ အညစ်အကြေးက ရီဖူရှင်းလား…” နောက်တစ်ယောက်က မေးသည်။ ယွန်ဖုန်းက တိတ်ဆိတ်နေရာ ထိုစကားကို ဝန်ခံရာ ရောက်နေသည်။

တစ်စုံတစ်ယောက်က တစ်နေရာကို လှမ်းကြည့်သည်။ ထိုနေရာတွင် ယွန်စွေ့ရှင်းကို မြင်ရသည်။ သူမကား အလွန်အမင်း လှပချောမော သော်လည်း ထိုသို့သော အလှပိုင်ရှင်က ရီဖူရှင်းနှင့် သတင်းထွက်သည်က ယုံကြည်ရန်ပင် ခက်ခဲလှပေသည်။

ထို့အတူ ထို့ကျန်း နန်းဆောင်တွင် အလှဆုံးဟု သတ်မှတ်နိုင်သော ဟွာဂျီယူကလည်း ရီဖူရှင်း၏ချစ်သူဟု သိလာကြသည်။ ထိုသို့သော ချစ်သူကို ပိုင်ဆိုင်ထားလျက်ကပင် ရီဖူရှင်းက အစ်မယွန်ကို အလွတ်မပေးခြင်းက ထို့ကျန်းနန်းဆောင်မှ လူများ မည်သို့ တွေးထင်မည်ကို သိနိုင်ပေသည်။ ဘယ်သူကမှ ရီဖူရှင်းကို သဘောမကျပေ။

ထိုအခိုက်တွင် ဟွာဂျီယူက ထိုင်ရာမှ ထရပ်ကာ ယွန်ဖုန်းထံသို့ လျှောက်လာသည်။ သူမ၏အကြည့်က ပန်းချီကားပေါ်ကို ရောက်သွားကာ မေးသည်… “ရှင်က အဲဒါကို ဖျက်ဆီးပေးနိုင်မလား…”

“ကျုပ်က ဒီလို လက်ရာကောင်းကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်ပါ့မလဲ…” ယွန်ဖုန်းက ဖြေသည်။ ဟွာဂျီယူက သူ့အား ကြည့်ကာ ပြောသည်… “ဒါဆိုလည်း ကျွန်မကို ခွင့်ပြုပါ…” မီးတောက် တစ်ခုက စာရွက်ပေါ်ကို ကျဆင်းသွားကာ ပန်းချီကားကို လောင်ကျွမ်း သွားစေသည်။

လူအများအပြားက သူမအား ကြည့်ကြသည်။ သူမက မည်သူ့ကိုမှ လေးစားမှုထားဟန် မရပေ။

ယွန်ဖုန်းကား ထို့ကျန်း နန်းဆောင်တွင် နာမည်ကျော်ကာ သူ၏စီနီယာများက ရှီတန်ခိုးရှင် ထို့ကျန်းနှင့် ရင်းနှီးပေသည်။

“မင်းက ဒီလောက် လုပ်ဖို့လိုလို့လား… မင်းက ဒါကို ဖျက်ဆီးရင်တောင်မှ ငါက နောက်တစ်ပုံ မဆွဲနိုင်ဘူးလို့ ပြောနိုင်လား…” ယွန်ဖုန်းက ဟွာဂျီယူကို ပြုံးလျက် မေးသည်။

“ရှင် ဘယ်လောက်ပဲ ရေးရေး ကျွန်မ ဖျက်ဆီးမယ်…” ဟွာဂျီယူ၏ ပြုံးရောင်သန်းသော မျက်နှာတွင် အနည်းငယ်သော အေးစက်မှုများ ပါဝင်နေသည်။

ယွန်ဖုန်းက ဟွာဂျီယူကို ကြည့်ကာ မေးသည်… “အဲဒါ ရီဖူရှင်းကြောင့်လား…”

“ညီမလေးက ဒီလိုလုပ်မှ ရမှာလား…” ကျန်းကျိချင်က လျှောက်လာကာ မေးသည်… “အဲဒီလူက ပါရမီကောင်းပေမဲ့ အကျင့်စရိုက်က ဒီလောက် ဆိုးဝါးတာ…”

“ဒါက နင်နဲ့ မဆိုင်ဘူး…” ဟွာဂျီယူက ကျန်းကျိချင်ကို ကြည့်သည်။ သူမ၏ အမူအရာက အေးစက်နေသည်။ ထို့ကျန်း နန်းဆောင်တွင် လေ့ကျင့်နေရင်းက ရီဖူရှင်း၏ မကောင်းကြောင်းများကို သူမက များစွာ ကြားရသည်။ သို့သော်လည်း သူမက သိပ်အရေးစိုက်သည် မဟုတ်ပေ။ သို့သော် သူမ၏ မျက်လုံးရှေ့တင်တွင် ထိုသို့ ပြောခြင်းကိုမူကား သည်းမခံပေ။

မိန်းမလှနှစ်ယောက် တစ်ယောက်ကို တစ်ယောက် စူးရဲစွာ ကြည့်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset