ရီဖူရှင်းက ကျောက်ဆောင်ကြီး ပေါ်တွင် ထိုင်နေသည်။ သူက ညစ်ထွေးသော အတွေးများ အားလုံးကို ဖျောက်ဖျက်လိုက်၏။ သူ၏နှလုံးသားက ကောင်းကင်နှင့် မြေပြင်တို့အကြား လိုက်လျောညီထွေ ရှိနေကာ လောကကြီး၏ စွမ်းအင်ကို ခံစားနေသည်။
သစ်သားဓာတ်က အနည်းငယ် မှေးမှိန်နေသည်မှလွဲ၍ ရောင်စဉ် ခုနစ်သွယ်က လင်းလက် တောက်ပနေသည်။ သစ်သားဓာတ် တစ်ခုတည်းကိုသာ သူက နိုဘယ်အသိ မွေးဖွားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သစ်သားဓာတ်ကို ခံစားနားလည်ခြင်းကလည်း အားနည်းပေသည်။
ရောင်စဉ် ခြောက်သွယ်က ပျောက်ကွယ်သွားပြီး ယခုတွင် သူ့ပတ်လည်၌ သစ်သားဓာတ် သဘာဝ တစ်ခုတည်းသာ ကျန်သည်။ တစ်ချိန်တည်းတွင် သူ၏အသိစိတ်က သက်စောင့် နန်းတော်ထဲကို ဝင်ရောက် လာသည်။ မြေပြင်တွင် ရှေးဟောင်း သစ်ပင်ကြီးက တည်ရှိနေပြီး နေနှင့်လက ကောင်းကင်တွင် တည်ရှိသည်။ နဂါးနှင့် နတ်ငှက်က သစ်ပင်အိုကြီးတွင် ရစ်ပတ်၍ သော်လည်းကောင်း နား၍သော် လည်းကောင်း တည်ရှိကြသည်။ လူဝံကြီးမူကား သစ်အိုပင်ကြီးကို စောင့်ကြပ်နေရာ စသော သူ၏သက်စောင့် ဝိညာဉ်များ အားလုံးက သစ်အိုပင်ကြီးကို မှီ၍ ဖြစ်တည် နေကြသည်။
သစ်သားဓာတ်ကား တခြား ဓာတ်သဘာဝများနှင့် ကွာခြားပေသည်။ ယခင်က သစ်သားဓာတ်ကား သူ အပိုင်နိုင်ဆုံးသော စွမ်းအင်တစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် တခြား ဓာတ်သဘာဝများ အားလုံးက အားကောင်းလာပြီး သစ်သားဓာတ်က အနည်းငယ် နောက်ကျ ကျန်နေခဲ့သည်။
သို့သော်လည်း နောက်ဆုံးအကြိမ် သူ သေဆုံးလုနီးပါး ဖြစ်ခဲ့ရာ၌ သူ၏ကြောနှင့် အရိုးများကို သစ်အိုပင်ကြီးက ပြန်လည် အသစ်မွေးဖွား ပေးခဲ့သည်။
သစ်သားဓာတ်၏အထူးခြားဆုံး စွမ်းရည်ကား အသက်ဓာတ် အားလုံးကို ပေးစွမ်းနိုင်ခြင်းနှင့် ထာဝရ ရှင်သန်နိုင်ခြင်း ဖြစ်သည်။ ဒူဟောင်ကို သတ်ခဲ့သော တစ်ယောက်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော သစ်သားဓာတ် စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်းအား ပြသခဲ့သည်။
သစ်သားဓာတ်ကား မည်သို့ တိုက်ခိုက်ခံရပါစေ တည်ငြိမ်စွာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သစ်သားဓာတ် နိုဘယ်အသိက မည်သို့ဖြစ်မည်နည်း။
သူ၏သက်စောင့် နန်းတော်ထဲတွင် သစ်အိုပင်ကြီး၏ အရောင်က ဆက်တိုက် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ရွှေရောင်၊ တစ်ခါတစ်ရံ ခရမ်းရောင် ဖြစ်နေကာ သစ်အိုပင်ကြီးက တရှဲရှဲဖြင့် လှုပ်ယမ်းနေကာ သူ့အား တစ်စုံတစ်ခု ပြောနေဟန် ရသည်။
ရီဖူရှင်း၏ စိတ်ထဲတွင် စိတ်ဝိညာဉ် စွမ်းအင်က ဖျတ်ခနဲ လင်းလက်သွားကာ သူ့ခန္ဓာကိုယ်၌ အစိမ်းရောင် ဓာတ်သဘာဝများ လင်းလက် ဖြစ်ပေါ်လာသည်။ သူ့နောက်တွင် ဧရာမ သစ်ပင်ကြီး ဖြစ်ပေါ်လာကာ သစ်ကိုင်းများ သစ်ရွက်များနှင့် ပင်စည်များက ကြီးမား ပြန့်ကားလာနေသည်။ ကြီးမား ရှည်လျားသော သစ်ပင်ကြီးက ကျောက်ဆောင်ကြီးပေါ်တွင် ထည်ဝါစွာ ရှိနေသည်။
လေနှင့်အတူ သစ်ကိုင်း သစ်ရွက်များ လှုပ်ခတ်သည်တွင် သစ်အိုပင်၌ အစိမ်းရောင် အငွေ့အသက်များ သိပ်သည်းစွာ ဖြစ်ပေါ်လာနေသည်။
“လောကသစ်ပင်က အရာအားလုံးကို မွေးဖွားနိုင်တယ်… သစ်အိုပင် မသေသရွေ့ အသက်ဓာတ် ကုန်ခန်းခြင်းမရှိ…” ရီဖူရှင်း တီးတိုး ရေရွတ်သည်။ ကောင်းကင်တွင် နေမင်းက အလျှံညီးညီး တောက်လောင်နေကာ နေရောင်ခြည်များက သစ်အိုပင်ကို ကျသည်တွင် အစိမ်းရောင်ဓာတ်က နေရောင်ခြည်အား ပိုမို ဝင်းလက် တောက်ပစေ၏။
“ငါနားလည်ပြီ…” သည်အရာက သစ်သား နိုဘယ်အသိ ဖြစ်ရမည်။
အတွေးများအားလုံး ရှင်းလင်း သွားသည်တွင် လေထုထဲမှ သဘာဝစွမ်းအင်က သိသိသာသာ အားကောင်းစွာ ခံစားရလာသည်။ သစ်သားဓာတ် စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို အားကောင်းစွာ ကျဆင်း လာနေသည်။ ဓာတ်သဘာဝများကို နားလည်မှု မြင့်လေလေ ထိုစွမ်းအားကို စုပ်ယူမှု အားကောင်းလေလေ ဖြစ်သည်။
အမှန် တကယ်အားဖြင့် လောကမှ သစ်သားဓာတ် စွမ်းအားများ အားလုံးက သူနှင့် လိုက်လျောညီထွေ ဖြစ်သွားကာ တစ်လောကလုံးကလည်း အသက်ဓာတ်များဖြင့် ပြည့်နှက် သွားသည်။
“သူ နားလည်သွားပြီ…” ဟွာဂျီယူက သူ့အား ပြုံးလျက် ကြည့်နေသည်။ သည်ကောင်စုတ်ကား တစ်နေ့ထက် တစ်နေ့ ပိုမိုအားကောင်း လာနေသည်။
ရီဖူရှင်းက ဓာတ်စွမ်းအင် ခြောက်မျိုး၏ နိုဘယ်အသိများကို မွေးဖွား ထားနိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ မူလဝိညာဉ်က သစ်သားဓာတ်ကို အခြေပြုသည်။ ပုံမှန်အားဖြင့် သစ်သားဓာတ်အပေါ် သူ၏ ဆင်ခြင် တွေးတောမှုက အချိန် သိပ်မကြာပေ။ အမှန်အားဖြင့် သူက သိပ်အလေးအနက် မထားခဲ့ခြင်းသာ ဖြစ်သည်။
ယခု သူ၏ စိတ်ဝိညာဉ် စွမ်းအားက မလုံလောက်သေးရာ နိုဘယ်အဆင့်နှင့် ကွာဟနေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်း နီးကပ်လာပြီဟု ပြောရမည်။
ကျွန်းစုပေါ်ရှိ မြို့ထဲတွင် စည်ကား သိုက်မြိုက် နေသော်လည်း ရီဖူရှင်း ထိုင်နေရာ ကျောက်ဆောင်ကား တိတ်ဆိတ် အေးချမ်းနေသည်။
ဤသို့ဖြင့် တစ်ရက် ကုန်ဆုံးသွား၏။
နံနက် မိုးသောက်လျှင် နေရောင်ခြည် နွေးနွေးက ကျောက်စွန်းပေါ်ကို ကျဆင်း လာခဲ့သည်။
လူနှစ်ယောက်ကား ကျောက်ဆောင် ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ လူငယ်ကား ချောမော ခန့်ညားကာ မိန်းကလေးကား နတ်မိမယ်အလား လှပ သိမ်မွေ့သည်။ သူမက လူငယ်၏ ရင်ဘတ်ပေါ်တွင် ငြိမ်သက်စွာ မှီလျက် ထိုင်နေသည်။ လေပြည်များက သူမ၏နဖူးမှ ဆံစများကို တလွင့်လွင့် ဖြစ်နေစေရာ ပန်းချီကား တစ်ချပ်လို ကြည့်ကောင်း လှသည်။
“အရမ်းလှတာပဲ…” ရီဖူရှင်းက သူ၏ရင်ခွင်ထဲမှ မိန်းမလှလေးကို ကြည့်သည်။ သူက သဘာဝအလှကို ချီးကျူးသည်လား မိန်းကလေးကို ချီးကျူးသည်လား မသေချာပေ။
ဟွာဂျီယူက မော့ကြည့်ကာ မေးသည်… “နင် အဆင့်တက် သွားပြီလား…”
“နည်းနည်းပဲ လိုတော့တယ်…” ရီဖူရှင်းက သူ၏နဖူးကို ပွတ်ကာ ပြောသည်။
“ဒါဆို မရတော့ဘူး…” ဟွာဂျီယူက သူ့ကို ပြုံးလျက် ပြောသည်။ ဤတွင် ရီဖူရှင်းက ထပ်မေးသည်… “ဒါဆိုလည်း မနေ့ညက ဘာလို့ ငါ့ဆီ ပြေးလာခဲ့ရတာလဲ…” သူက တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်လာသည်။ မြေပြင်မှ ထရပ်ကာ ပြောသည်… “အချိန်တွေ ကျန်သေးတယ်… ငါ လေ့ကျင့်ဦးမယ်…”
ထိုအခိုက်တွင် ဟွာဂျီယူက ခြေကို ဆန့်တန်းကာ ထိုင်သည်တွင် နေရောင် အောက်တွင် လှပသော ကောက်ကြောင်းက လူတိုင်းကို စိတ်လှုပ်ရှား စေနိုင်သည်။
သို့သော်လည်း ရီဖူရှင်းက ထိုမြင်ကွင်းကို ကျေနပ် နှစ်သက်နေရန် အချိန်မရှိပေ။ သူက နေထွက်ရာ အရပ်ကို မျက်နှာမူသည်။ သူ၏ခန္ဓာကိုယ်တွင် တော်ဝင် အရောင်အဆင်းများ ရစ်သိုင်းလာသည်။ ထို့နောက် သူက တော်ဝင် လက်သိုင်းကို စတင်၍ လေ့ကျင့်၏။
တော်ဝင် လက်သိုင်းအား ရီဖူရှင်းက ဖြည်းညင်းစွာ လေ့ကျင့်နေသည်။ သို့သော်လည်း လှုပ်ရှားမှုတိုင်းက ထူးခြားသော စည်းချက် ဟန်ချက်များ ပါဝင်နေကာ စိတ်နှင့်ခန္ဓာက လောကနှင့် မြေပြင်အလား ဟန်ချက် ညီလှသည်။
သူ့အား ကြည့်ရသည်ကိုပင် ဟွာဂျီယူကား နှစ်သက် သဘောကျသည်။ လက်သိုင်း လှုပ်ရှားမှုတွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမှ မပါဝင်သော်လည်း သူ့အား ပိုမို၍ အားကောင်း လာစေဟန် ရသည်။ သူ၏ခန္ဓာကိုယ်အား ထူးခြားသော ရောင်ဝါတစ်ခုက ရစ်သိုင်းနေကာ သာမန် လက်ဝါး ရိုက်ချက်များက တောင်များနှင့် မြစ်များကို ဖျက်ဆီးနိုင်ဟန် ရသည်။
ရီဖူရှင်းက ဆက်လက်၍ လေ့ကျင့်သည်တွင် သူ၏ခန္ဓာကိုယ်က နဂါးအော်သံများ မြည်ဟည်းလာကာ အဖွင့်အပိတ် လှုပ်ရှားဟန်နှင့်အတူ နတ်ငှက်က ကောင်းကင်ယံသို့ ပျံတက်လိုသည့် စိတ်ဇော်အဟုန်က တစ်ကိုယ်လုံးကို မရိုးမရွ ဖြစ်လာစေသည်။
မြေပြင်မှ ကျောက်သား ကျောက်ဆောင်တို့က အက်ကွဲသံနှင့်အတူ ခန္ဓာကိုယ်၏ လှုပ်ရှား လှုံ့ဆော်မှု အောက်တွင် အလွန် အားကောင်းသော အရှိန်အဝါတစ်ခု မွေးဖွားလာခဲ့သည်။
“ဘုန်း…”
ဧကရာဇ် အလင်းတန်းများ ဖြာထွက်လာမှုနှင့်အတူ သိုင်းပညာ အသိက ကြောက်မက်ဖွယ် အားလှိုင်းများ အဖြစ် သူ၏ပတ်လည်၌ လေပွေမုန်တိုင်း အသွင်ဖြင့် လှည့်ပတ် နေကြသည်။ ထိုမုန်တိုင်းထဲကိုသာ မတော်တဆ တစ်စုံတစ်ယောက်က ဝင်ရောက်မိမည် ဆိုပါက သူက အဆုံးအစမဲ့သော အရှိန်အဝါကို ခံစားရမည် ဖြစ်သည်။
အက်ကွဲသံများက အဆက်မပြတ် ကြားနေရကာ ရီဖူရှင်း၏ ခန္ဓာကိုယ်က အရှိန်အဟုန်ကြီးစွာ လှုပ်ရှားသည်။ နဂါးနှင့်လူဝံ အော်ဟစ်သံက ကောင်းကင် တစ်ခွင်ကို လှုပ်ယမ်းစေသည်။ နတ်ငှက်၏ လင်းလက်မှုက သူ့ပတ်ဝန်းကျင်မှ အားလှိုင်းနှင့် ပေါင်းစပ် သွားသည်တွင် ရီဖူရှင်းကား နတ်ဘုရား ကိုယ်ပွားအလား ထင်မှတ်ရသည်။
ထူးခြား ဆန်းပြားသော ရောင်စဉ် ရောင်ဝါတို့နှင့်အတူ ရီဖူရှင်း၏ လက်ဝါးရိုက်ချက် အောက်တွင် အဝေးသို့ထိအောင် တိုးဝင် ပျောက်ကွယ် သွားသော ပြင်းထန်သော လက်ဝါးပုံရိပ် တစ်ခုကိုလည်း တွေ့ရသည်။
ရီဖူရှင်းက ရပ်လိုက်သည်။ သူ၏ အသက်ရှူသံက မြန်ဆန် နေသော်လည်း သူ၏ခန္ဓာကိုယ်မှ သိုင်းပညာ စွမ်းအားတို့က အလွန်အမင်း တည်ငြိမ်နေသည်။
ရီဖူရှင်းက နောက်လှည့်ကာ ဟွာဂျီယူအား ပြုံးလျက် ကြည့်သည်။
ထိုအချိန်တွင် ဟွာဂျီယူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာကာ နောက်လှည့်၍ ပြေးတော့သည်… “ဒီလောက်နဲ့ မရဘူး…”
“သိုင်းပညာက နိုဘယ်အဆင့်ကို ရောက်သွားပြီ… ဒါလည်း မရဘူးလား…” ရီဖူရှင်းက လျှပ်တစ်ပြက် သူမရှေ့တွင် ပေါ်လာကာ ပြောသည်။ သည်မိန်းကလေးက အလွန် လည်သည်။
“နင်က ပြီးပြည့်စုံတဲ့ အဆင့် မဟုတ်သေးဘူး… ဒါကြောင့် မရဘူး …” လေဓာတ် သဘာဝများ ရစ်ပတ်လျက် ဟွာဂျီယူက နတ်သမီးတစ်ပါးလို ပျံသန်းနေသည်။ ထိုမြင်ကွင်းက အလွန်အမင်း လှသည်။
“ဒါဆို ငါမေးမယ်… ငါက အခု နိုဘယ် မဟုတ်ဘူးလား…” ရီဖူရှင်းကလည်း အော်ဟစ် ပြောဆိုသည်။ သူ လက်မခံနိုင်။
“ဟင့်အင်း…” ဟွာဂျီယူက ငြင်းလိုက်သည်။
“ဂျီယူ … မင်းဒီလို မလုပ်ရဘူး…” ရီဖူရှင်း၏မျက်နှာက သနားစဖွယ် ဖြစ်လာသည်။
“ငါက မရဘူးဆို မရဘူးပဲ…” ဟွာဂျီယူက အကြောင်းပြချက် မလိုပေ… “ပြီးတော့ နင်က မနေ့က အိပ်ပျော် သွားပြီးပြီ…”
“လူကြီး လူကောင်း ဆန်ဆန်ပြော…” ရီဖူရှင်းက အော်ဟစ်ပြန်သည်။
“ငါက မိန်းမလေ…” ဟွာဂျီယူက ပြန်ပြောသည်။
“ဒီလို မလုပ်ပါနဲ့…” ရီဖူရှင်းကား လုံးဝ စိတ်ဓာတ် ကျနေလေပြီ။
“နင့်ဆီက သင်ထားတာ …” သူတို့နှစ်ယောက်က ပြေးရင်း လွှားရင်းဖြင့် မြို့ဘက်ကို ရောက်လာကြသည်။ လူအများက သူတို့စုံတွဲကို မြင်သည်တွင် အားကျစိတ် မနာလိုစိတ်များဖြင့် ကြည့်ကြသည်။
တစ်မြို့လုံးကလည်း ယနေ့ တိုက်ပွဲအတွက် စိတ်လှုပ်ရှား နေကြသော အချိန်အခါ ဖြစ်သည်။ ဟွာဂျီယူ ကောင်းကင်မှ ပျံသန်းရင်းက မြေပြင်ပေါ်ကို ဆင်းသက်သည်။ ရီဖူရှင်းက နောက်မှ ကျဆင်းလာကာ သူမအား တိုးတိုးကပ်၍ ပြောသည်… “ဒီအကြွေးကို ငါမှတ်ထားတယ်…”
“မေ့လိုက်ပြီ…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“ဒါဆိုလည်း ငါက အတင်း…” ရီဖူရှင်းက ဟွာဂျီယူ၏နားကို တီးတိုး ကပ်ပြောသည်တွင် သူမ၏မျက်နှာက ရဲတွတ်သွားကာ ရီဖူရှင်း၏ပခုံးကို ထုရိုက်လိုက်သည်… “နင် စမ်းကြည့်လေ…”
“ငါက ငါ့မိန်းမကို ကြောက်ရမှာလား…” ရီဖူရှင်းက မာန်ပါပါ ပြောသည်။
“ဘာပြောတယ်…” ဟွာဂျီယူက ပြုံးလျက် ကြည့်သည်။
ရီဖူရှင်း စိတ်ဓာတ် ကျသွားသည်။ ဘယ်လို အကြည့်မျိုးလဲ…။
မြို့ထဲမှ လူများအားလုံးက တိုက်ပွဲ ကွင်းပြင်နေရာကို သွားနေကြပြီ ဖြစ်သည်။ လူအများအပြားက ရီဖူရှင်းနှင့် ဟွာဂျီယူကို မှတ်မိကြသည်။ သူတို့ နှစ်ယောက်လုံးက နောက်ဆုံး အဆင့်ကို ဝင်ရောက်နိုင်ခဲ့ကြကာ ထူးခြား ထက်မြက်သော စွမ်းရည်များကို ပြသနိုင်ခဲ့ကြသည်။
“ရီဖူရှင်းနဲ့ ဟွာဂျီယူတို့ရဲ့ ပတ်သက်မှုက တော်တော် အားကောင်းပုံရတယ်…”
“သူတို့က ငယ်ငယ်လေး ကတည်းက တွေ့တာလို့ ငါကြားတယ်… ကောင်းမှာပေါ့ … ဒါပေမဲ့ စိတ်မကောင်းစရာပဲ…”
“သူတို့ နှစ်ယောက်က ထူးခြား ထက်မြက်ပေမဲ့ ရီဖူရှင်းရဲ့ တန်ခိုးအဆင့်က နည်းနည်း နိမ့်နေတယ်… သူက တခြား ပါရမီရှင်တွေနဲ့ ယှဉ်ဖို့ခက်တယ်… ပြီးတော့ သူက နောက်ခံ အင်အားချင်း ယှဉ်မယ်ဆိုရင်လည်း ကျူးကော့ရှင်းနဲ့တောင် မယှဉ်နိုင်ဘူး… ဟွာဂျီယူရဲ့ ရုပ်ရည်နဲ့ ပါရမီအရ ကျူးကော့ရှင်း၊ ပိုင်စီနဲ့ ဟောင်ကျူဂီတို့က အသင့်တော်ဆုံးပဲ…”
“တိုးတိုးပြော…” တစ်ယောက်က ပြောသည်။
“ငါက ဘာကြောက်ရမှာလဲ… ဒီကျွန်းမှာ တိုက်ခိုက်တာကို ခွင့်မပြုဘူး… ငါပြောတာ မှားလို့လား…” ထိုလူက ပြုံးကာ ပြောသည်။ လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သို့သော် ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ဆွဲကာ တောက်ပစွာ ပြုံးလျက် သွားနေသည်ကိုသာ မြင်ရသည်။
ဟွာဂျီယူက ရီဖူရှင်းကို မေးသည်… “သူတို့ ပြောတာကို နင် မကြားဘူးလား…”
“အင်း ကြားတယ်…” ရီဖူရှင်းက ပြောသည်။ သို့သော် သူက ဂရုစိုက်ဟန် မရပေ… “ကြည့်ပါလား.. ငါက အတော် ပါရမီပါတယ်လို့ သူတို့အားလုံး ထင်ကြတယ်… ငါက နင့်အဆင့် မဟုတ်သေးပေမဲ့ ငါ ကြိုးစားမှာပေါ့… မင်းက နောက်ဆို ငါ့ကို ထားသွားလို့ ရတော့မှာ မဟုတ်ဘူး…”
ဟွာဂျီယူ၏အပြုံးက ထောင်ပေါင်း များစွာသော ပန်းများ ဖူးပွင့်သည့်အလား ဖြစ်ပေါ်လာသည်။ သူတို့အနီးမှ လူများအားလုံး အေးခဲသွားကြ၏။ အချို့က လမ်းလျှောက် နေရာမှပင် ရပ်ကာ ထိုလှပလွန်းသော မိန်းကလေးကို ကြည့်ကြသည်။
“အရူးမလေး… မင်းက ဘယ်လို ထင်နေလို့လဲ…” ရီဖူရှင်းက လက်ဆန့်တန်းကာ ဟွာဂျီယူ၏ခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က တခြားလူများကို လျစ်လျူရှုကာ ရှေ့ကို ဆက်လျှောက် သွားကြသည်။
***