သူမ ခုံတွင် မထိုင်ခင် ရှီမာယူယူ အားလုံးအား ကြည့်လိုက်ကာ ပြောလိုက်သည် “ငါအရမ်းဝေးတဲ့နေရာကို အပို့ခံလိုက်ရပြီး အခြေအနေတချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်၊ အဲဒီမှာတောင့်ခံပြီး နောက်ဆုံးတော့ ဖြတ်လမ်းဝင်္ကပါကို တွေ့ပြီး ပြန်လာတာမကြာသေးဘူး”
“မင်း လေးခုမြောက်ဖြတ်လမ်းဝင်္ကပါကို ဘယ်လိုလုပ်ဝင်သွားတာလဲ” ဘေဂုံထန် ချက်ချင်းပင် ဖြစ်နေသော အခြေအနေအား သိချင်စိတ်ဖြင့် လောဘတက်လာပြီးမေးလာသည်။
ရှီမာယူယူ ပြုံးကာ လက်ဖက်ရည်အားနောက်တစ်ငုံသောက်ပြီးပြောလိုက်သည် “တစ်ယောက်ယောက်က တွန်းလိုက်တာ”
“မင်းပြောတာက တစ်ယောက်ယောက်က မင်းကို ကြံစည်နေတာပေါ့” ဖက်တီးကျူ ချက်ချင်းပင် ထခုန်လိုက်ပြီး ပြောလိုက်သည် “ဘယ်သူလဲ ငါတို့အဲလူကို သွားရှာမယ်”
ဝေကျိရွှီသည် ဖက်တီးကျူအား သူ့ခုံဆီသို့ပြန်ဆွဲလိုက်ကာ ပြောလိုက်သည် “မင်းဘာလို့အဲလောက်လောနေတာလဲ၊ ယူယူပြောတာကို အရင်နားထောင်ပါဦး”
“မုန်ထန်လား” ဝူရန်ဖေသည် ရှီမာယူယူအားကြည့်လိုက်သည်။
ဒီအချိန်တွင် သူမအားရန်လိုသူထဲတွင် မုန်ထန်သည် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူမ အပေါ်တွင် အပြစ်တင်သည်မှာ မထူးဆန်းပါ။
ရှီမာယူယူ ခေါင်းရမ်းလိုက်ပြီး ပြောလိုက်သည် “သူမ မဟုတ်ဘူး”
“သူမ မဟုတ်ဘူးလား၊ ဒါဆို မင်းကို အန္တရာယ်ဖြစ်စေချင်တာ ဘယ်သူရှိသေးလဲ” ဖက်တီးကျူပြောလိုက်သည်။ “အရင်တုန်းက ဝင်သွားတဲ့သူတွေက ပြန်ထွက်လာဖို့ခဲယဉ်းတယ်ဆိုတာ တချို့သူတွေပြောတာ ငါကြားတယ်”
ထင်ယောင်ထင်မှားတည်ဆောက်မှုတွင် အရိုးစုများတွေ့ခဲ့ရသည်ကို ပြန်တွေးကြည့်လျှင် ပြန်လမ်းမရှိသည့် နေရာဆိုသည်မှာ အမှန်ဖြစ်သည်။ ထို့အပြင် ထိုသူများသည် သူမကဲ့သို့ ပူလွောင်တောင်တန်းသို့အပို့ခံရပါက အသက်ရှင်ရန် အခွင့်အရေးသည် ပို၍ နည်းသွားမည်။
“ဟုတ်တယ် ငါ့ကို အန္တရာယ်ဖြစ်နေချင်တဲ့ လူအရေအတွက်က နည်းတော့မနည်းဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမယ့် ငါ့ကို တွန်းတဲ့သူက အဓိက အကြံသမားမဟုတ်ဘူး သူမ လူယုံတော်ပဲ၊ ငါရှာရမယ့်သူက အဲလူနောက်မှာပုန်းနေတဲ့ တစ်ယောက်ပဲ”
“နောက်မှာ ပုန်းနေတဲ့သူဟုတ်လား” ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည် ရှီမာယူယူအားကြည့်လိုက်ကြသည်။
“အဲအချိန်ကျရင် မင်းတို့အကူအညီလိုလာလိမ့်မယ်” ရှီမာယူယူပြောလိုက်သည်။
“ကောင်းပြီ” ဘေဂုံထန် ပြန်ဖြေကာ လှည့်ထွက်သွားတော့သည်။
ဝူရန်ဖေသည်လည်း ခေါင်းညိတ်ကာ ထွက်သွားလေသည်။
ထွက်သွားသော သူနှစ်ယောက်အား ရှီမာယူယူကြည့်ကာ သက်ပြင်းချလိုက်သည် “ဒီနှစ်ယောက်ကတော့ အရင်လို အေးစက်တုန်းပဲ”
“သူတို့ နည်းနည်းတော့ကောင်းလာကြပါတယ်၊ အနည်းဆုံးတော့ ဒီနေရာကို သန့်ရှင်းရေးလုပ်တာ ကူညီပေးမယ်လေ ပြီးတော့ မင်းမှာဖြစ်ခဲ့တောတွေကို စိတ်ပူပေးကြတယ်၊ အရင်တုန်းကလိုဆိုရင် ဘာဖြစ်ဖြစ် ဂရုမစိုက်ပဲ သူတို့အိမ်ကို တိုက်ရိုက်ပြန်သွားကြမှာပဲ” ဝေကျိရွှီပြောလိုက်သည်။
“ဟုတ်တယ် သူတို့နှစ်ယောက် နေပြီး ဒီနေရာကို ကူရှင်းပေးလိမ့်မယ်လို့ထင်မထားဘူး” ရှီမာယူယူပြောလိုက်သည်။ “ဒါပေမယ့် ငါ့နေရာကဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေတာလဲ၊ တကယ့်ကို အမှိုက်ပုံကျနေတာပဲ”
“ဒါထူးဆန်းတယ်” ဖက်တီးကျူပြောလိုက်သည် “မင်းပျောက်သွားကတည်းက မင်းအခန်းထဲကို ငါတို့ထဲက ဘယ်သူမှမဝင်တော့ ဒီလိုဖြစ်နေတာ ဘယ်သူမှမသိလိုက်ဘူး ပျောက်သွားတာရှိလား”
“အဆင်တန်ဆာတချို့ပျောက်သွားတယ်” ရှီမာယူယူပြောလိုက်သည်။
“ငါတို့အတန်းသွားတုန်း တစ်ယောက်ယောက်ကဖောက်ဝင်လာတာဖြစ်နိုင်တယ်” ဝေကျိရွှီပြောလိုက်သည်။
“ဟုတ်တယ် ပျောက်သွားတဲ့ပစ္စည်းတွေက အရမ်းဈေးကြီးပြီး တန်းဖိုးရှိတာမျိုးတော့မဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည်။
“ယူယူ မင်းအခုပြန်လာပြီဆိုတော့ အဲတုန်းက မင်းကို ဒုက္ခရောက်အောင် လုပ်တဲ့တစ်ယောက်တော့ သေချာပေါက် အံ့သြသွားမှာပဲ” ဖက်တီးကျူ အားရဝမ်းသာ လက်နှစ်ဖက်အားပွတ်လိုက်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံပင်။ ရှီမာယူယူအား လူတွေမြင်လျှင် ဘာဖြစ်သွားမလဲဆိုသည်ကို တွေးရင်း သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။
“ဟုတ်တယ် အဲလူတွေရဲ့ ဖြစ်လာမယ့် အမူအရာကိုငါလည်းကြည့်ချင်တယ်” ရှီမာယူယူပြုံးလိုက်သည်။
“ဟုတ်တယ် မင်းပြန်လာတာ ဆရာဖန်သိပြီးပြီလား” ဝေကျိရွှီမေးလိုက်သည်။
“ငါကျောင်းဝင်းကို ပြန်လာတာသူမသိသေးဘူး” ရှီမာယူယူ ဖန်ကျိရှင်းအားတွေးကာ ပြောလက်စအား ရပ်တန့်လိုက်သည်။ ထိုအချိန်အတွင်းတွင် သူသည် သူမအားအလွန်စိတ်ပူနေခဲ့သည်ဟု အဘိုးပြောပြသည်။ အရင်က သူ့အမူအရာများသည် အနည်းငယ်ထူးဆန်းသော်လည်း အခုပြန်တွေးကြည့်လျှင် ယုတ်မာလိုခြင်း မရှိနိုင်ပေ။ “နောက်မှ သူ့ကိုရုံးခန်းမှသွားရှာတော့မယ်”
“ကောင်းပြီ ဒါဆိုမင်းအရင်နားလိုက်ဦး၊ ငါတို့ပြန်တော့မယ်”
ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ပြန်ရန် မတ်တတ်ရပ်လိုက်ကြသည်။
စားပွဲပေါ်တွင် တိတ်ဆိတ်စွာလှဲနေသော ဟိန်းသံလေးသည် မျက်လုံးပွင့်လာကာ ရှီမာယူယူအားကြည့်ရင်းပြောလိုက်သည် “သူတို့လေးယောက်လုံးက မင်းကို တကယ်စိတ်ပူကြတာပဲ”
“မင်းဘယ်လိုသိလဲ”
ဟိန်းသံလေး ပျင်းရိစွာအကြောဆန့်လိုက်ပြီးပြောလိုက်သည် “ငါက ဘယ်သူလဲ၊ ရှေးဟောင်းမြင့်မြတ်တဲ့ အံ့ဖွယ် ဟိန်းသံလေ၊ လူတွေရဲ့ စိတ်ခံစားမှုကို အထူးသဖြင့် အာရုံခံနိုင်တယ်”
သူမလည်းထိုကဲ့သို့ ခံစားရသဖြင့် ရှီမာယူယူပြုံးလိုက်သည်။ ဒီတစ်ကြိမ်တွင် သူတို့အကြည့်များသည် အံ့အားသင့်ပြီး ပျော်ရွှင်စွာ တောက်ပလာကြသည်။ သူတို့၏ ရင်ထဲမှ ပထမဆုံးတုန့်ပြန်မှုသည် ဘေဂုံထန်၏ မျက်လုံးထဲတွင် ခဏတာမျှ ပျော်ရွှင်မှုများဖြတ်သန်းသွားချိန်တွင်ဖြစ်သည်။
“အပေါ်တက်ပြီး နားပြီးမှ ဆရာဖန်ကို နောက်မှသွားရှာမယ်လေ” ရှီမာယူယူထိုသို့ပြောပြီးနောက် စားပွဲပေါ်မှ ဟိန်းသံလေးအား ပွေ့ယူလိုက်ကာ အပေါ်သို့တက်လာခဲ့လိုက်သည်။
နေ့လည်ခင်းတွင် အတန်းမရှိသဖြင့် ဖက်တီးကျူနှင့် ကျန်သူများသည် ကိုယ်ပိုင်အခန်းထဲတွင် ကျင့်ကြံနေကြသည်။ ရှီမာယူယူ တစ်ယောက်တည်းသာ ဖန်ကျိရှင်း ရုံးခန်းသို့ ထွက်လာခဲ့သည်။
“ဒေါက် ဒေါက်”
ဖန်ကျိရှင်းသည် တရားထိုင်နေချိန်ဖြစ်သည်။ တံခါးခေါက်သံကြားသည်နှင့် မျက်လုံးဖွင့်လိုက်ကာ ဖြေးညင်းစွာပြောလိုက်သည် “ဝင်ခဲ့လိုက်”
ရှီမာယူယူ တံခါးအားတွန်းဖွင့်လိုက်ကာ ဖန်ကျိရှင်းအား ဂါရဝပြုကာ ပြောလိုက်သည် “ဆရာဖန် သတင်းပို့ဖို့ လာတာပါ”
“မင်းအတန်းပြန်တက်ပြီလား” ရှီမာယူယူအား ဖန်ကျိရှင်းပြုံး၍ ကြည့်ကာ ဘေးရှိထိုင်ခုံတွင်ထိုင်ရန် အရိပ်အယောင်ပြလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော့်ရဲ့ အိမ်ကိစ္စတွေဖြေရှင်းပြီးလို့ အတန်းပြန်လာတက်တာပါ” ရှီမာယူယူ ထိုင်ခုံအား ကြည့်သော်လည်း မတ်တတ်ရပ်ဆဲပင်။
ဖန်ကျိရှင်းနှင့် မျက်နှာချင်းဆိုင်တိုင်းပင် တစ်ခုခုကို မကျော်လွှားနိုင်သော် ခံစားချက်မျိုးဖြစ်သည်။ သူမရှေ့တွင် ရှိသောသူသည် အလွန်အမင်းသန်မာကြောင်းသူမသိသည်။ သူမ အားကောင်းလာလေ၊ သူ အားကောင်းကြောင်း သူမသိလေဖြစ်သည်။
“ကောင်းတယ် ဒါဆို မနက်ဖြန်ကစပြီး အတန်းစတက်တော့လေ” ဖန်ကျိရှင်းတခြား မည်သည့်အရာကိုမှမပြောပဲ ခေါင်းညိတ်လိုက်သည်။
“တခြားမရှိတော့ဘူးဆိုရင် ပြန်ခွင့်ပြုပါဦး” ရှီမာယူယူပြောလိုက်သည်။
“ခဏနေဦး” ဖန်ကျိရှင်း သူမအားတားလိုက်သည် “ကျောင်းအုပ်က မင်းပြန်လာတယ်ဆိုတာသိတာနဲ့ ဖြတ်လမ်းဝင်္ကပက မင်းကို ဘယ်ကိုပို့လိုက်လဲဆိုတာသိချင်နေတယ်၊ မင်းပြန်လာရင် သူ့ဆီလာစေချင်နေ တယ်၊ ငါ့နောက်လိုက်ခဲ့”
ဖန်ကျိရှင်းထိုသို့ပြောပြီးနောက် ရှီမာယူယူအား ကျောင်းအုပ်ရုံးခန်းသို့ ခေါ်သွားလေသည်။
ကျောင်းအုပ်နှင့်တွေ့ရသည်မှာ ရှီမာယူယူအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ရှီမာလိုင်နှင့် သူငယ်ချင်းဖြစ်ကြောင်းနှင့် သူမတွင် ပြဿနာရှိပါက သွားရှာနိုင်ကြောင်းပြောထားသည်။ ထို့ကြောင့် ကျောင်းအုပ်သည် ရှီမာလိုင်နှင့် ဆင်တူမည်ဟု ခန့်မှန်းထားသည်။
သို့သော် သူမ သူအားမြင်ချိန်တွင် ဒီကျောင်းအုပ်သည် သူမအဘိုးနှင့် လုံးဝကွာခြားကြောင်းသိခဲ့ရသည်။
ရှီမာလိုင်သည် စစ်သည်၏ရောင်ဝါလွှတ်၍ တခြားသူအား မသိမသာ ဖိအားပေးသော ပုံစံမျိုးဖြစ်သော်လည်း ကျောင်းအုပ်ကြီးသည် သူ့တွင် တင်းကျပ်ခြင်းမရှိသကဲ့သို့ တခြားသူများအား လွယ်ကူသော ခံစားချက်ကိုပေးသည်။
ကျောင်းအုပ်ကြီးသည် ရှီမာယူယူအား မအံ့သြသလိုကြည့်လိုက်ပြီးနောက် သူမပျောက်ဆုံးနေချိန်အတွင်းတွင် ဘာဖြစ်ခဲ့သလဲဆိုသည့် မေးခွန်းများကို အေးဆေးစွာမေးလိုက်သည်။
သူမ ပူလွောင်တောင်တန်းဆီသို့ အပို့ခံရကြောင်းပြီး၊ ထိုနေရာသည် အစွန်အဖျားဖြစ်၍ သူမ အန္တရာယ်ကျရောက်နေစဉ်တွင် လူတစ်စုမှ လာရောက်ကယ်တင်၍ သူတို့နောက်လိုက်ရာမှ ထိုနေရာတွင် လအနည်းငယ် လှည့်ပတ်သွားလာခဲ့ကြောင်း ရိုးရှင်းစွာဖြေလိုက်လေသည်။
ဖန်ကျိရှင်းနှင့်ကျောင်းအုပ်ကြီးတို့သည် သူမပြောသည်ကို အပြည့်အဝမယုံကြည်သော်လည်း စကားဖြတ်မပြောကြပေ။ သူမ လုံခြုံစွာပြန်ရောက်လာသည်ကိုပဲ မြင်ချင်ကြခြင်းဖြစ်သည်။
ကျောင်းအုပ်ရုံးခန်းမှထွက်လာချိန်တွင် ဖန်ကျိရှင်း သူမခေါင်းအားပုတ်သည်ကို မြင်ယောင်ကာ တွေးမိဆဲပင်ဖြစ်သည်။ သူသည် သူ၏ ဂျူနီယာအား ခေါင်းပုတ်သကဲ့သို့ ခံစားချက်မျိုးဝင်မိသည်။ သူမအတွေးများဖြင့် နစ်မြောနေခြင်းကြောင့် ရုံးခန်းမှ ထွက်လာချိန်တွင် အာရုံမစိုက်မိပဲ အလောတကြီးဝင်လာသော လူတစ်ယောက်အားဝင်တိုက်မိလေသည်။
“အား… မျက်လုံးမပါဘူးလား.. မင်းသေချင်လို့လား” တိုက်မိသော လူသည် အော်လိုက်လေသည်။ သူမအား သေချာအောင်ကြည့်ပြီးနောက် သူမ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။ “မင်း… မင်းလား”
သူမ မရှိစဉ်လအနည်းငယ်တွင်း မာနထောင်လွှားလာသော ဟီကျူကျီအား ရှီမာယူယူကြည့်လိုက်သည်။ မုန်ထန်နောက်တွင် သူမရပ်တည်ခဲ့သည်ကို ရှီမာယူယူတွေးလိုက်သည်။ အခုတော့ သူမသည် မာနထောင်လွှားနေလေပြီ။
ထိုအရာသည် သူမနောက်ကွယ်မှလူသည် သူမဘယအား ကောင်းမွန်စွာလုပ်ဆောင်ပေးသည်နှင့်တူသည်။