အပိုင်း(၅၁)-ဆေးသန့်စင်ခြင်း၊ အဆင့်၁

မိုရှားပြဿနာဖြေရှင်းပြီးနောက် ရှီမာယူယူ စိတ်သက်သာရာရသွားသည်။

“ဝိညာဉ်လေး မင်းရဲ့ အရင်တုန်းကသခင်ထဲမှာ အဂ္ဂိရတ်ဆရာရှိခဲ့တယ်လို့မင်းပြောဖူးတာ ငါမှတ်မိတယ် ဟုတ်တယ်မလား” ရှီမာယူယူ ဝိညာဉ်လေးအားဖက်ရင်း မေးလိုက်သည်။

“ဟုတ်တယ်လေ၊ ဟိုးအရင်တုန်းကလေ ဘာဖြစ်လို့လဲ” ဝိညာဉ်လေးမေးလိုက်သည်။

“ငါ ဆေးသန့်စင်တဲ့နည်းတွေကို သင်ချင်တယ်၊ ဆေးသန့်စင်တဲ့နည်းတွေပါတဲ့ စာအုပ်တွေက ဘယ်မှာလဲဆိုတာ မင်းသိလား” ရှီမာယူယူမေးလိုက်သည်။

“မင်းက ဆေးသန့်စင်တဲ့နည်းကို သင်ချင်တယ်ဟုတ်လား၊ ဒါဆိုရင် ငါက ရှေ့လျှောက် ဆေးတွေစားရတော့မှာပေါ့” ရှီမာယူယူ ပြောသည်ကို ကြားသည့်နှင့် ဝိညာဉ်လေး၏ မျက်လုံးများသည် အရောင်တောက် သွားတော့သည်။

“မင်းက တကယ်ဆေးစားရတာကို ကြိုက်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ကြိုက်တာပေါ့” ဝိညာဉ်လေး ခေါင်းညိတ်ကာပြောလိုက်သည် “အရင်က ငါ့သခင်ထားခဲ့ပေးတဲ့ ဆေးတွေအကုန်လုံး ငါစားပစ်လိုက်တာလေ၊ အဲဒါကြောင့် ဝိညာဉ်ပုလဲထဲမှာ ဘာဆေးလုံးမှ မရှိတာပေါ့”

အမ်…

ရှီမာယူယူ အရင်ကတည်းက သံသယဝင်ခဲ့တာဖြစ်သည်။ အရင်ပိုင်ရှင်သည် အဂ္ဂိရတ်ဆရာဖြစ်ခဲ့လျက် ဝိညာဉ်ပုလဲအတွင်းတွင် မည်သည့်ဆေးမှ ကျန်ရှိခြင်းမရှိခဲ့ပေ။ ဆိုတော့ ဒီလူကအကုန်စားလိုက်တာပဲ။

“သခင် မင်းကို စာအုပ်ရှာလို့ရမယ့်နေရာခေါ်သွားမယ်” ဝိညာဉ်လေး ရှီမာယူယူအား ဆွဲခေါ်သွားသည်နှင့် သူတို့သည်ပျောက်ကွယ်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့သည် အိမ်တစ်လုံး၏ အတွင်းသို့ ရောက်ရှိလာကြသည်။

“သခင် ဒီစာအုပ်တွေအကုန်လုံးက ဆေးသန့်စင်နည်းစာအုပ်တွေပဲ၊ ဒါတွေက အရင်သခင်ကစုထားခဲ့တာ သူပြောတာကြားဖူးတာတော့ ရှေးတုန်း ကတည်းက ရှိခဲ့တဲ့ စာအုပ်တွေအများကြီးရှိတယ်၊ အဆုံးထိပြီးဆုံးစေတဲ့ ဆေးသန့်စင်နည်းတွေအများကြီးပါတယ်” စာအုပ်များပြည့်နေသော အိမ်ထဲသို့ လက်ညိုးညွှန်ကာ ဝိညာဉ်လေးပြောလိုက်သည်။

အခန်းထဲမှ ရှိသော စာအုပ်ကို ရှီမာယူယူ ယူလိုက်သည်။ စာအုပ်များစွာသည် အခန်းတစ်ခန်းလုံးတွင် ပြည့်နှက်နေသည်။ စာအုပ်ပေါင်း တစ်သောင်းမဆိုထားနှင့် ထို့ထက်ပင် ရာပေါင်း၊ ထောင်ပေါင်းများစွာရှိသည်။

“စာအုပ်တွေဒီလောက်များတာ ဘယ်ဟာက စသင်တဲ့သူတွေ အတွက်ဆိုတာ မင်းသိလား” ရှီမာယူယူ မေးလိုက်သည်။

ဝိညာဉ်လေး ခေါင်းခါလိုက်သည်။ သူသည် ထိုစာအုပ်များကို မဖတ်ဖူးသောကြောင့် သူမသိနိုင်ပါ။

“သြော်ဟုတ်သားပဲ” ဝိညာဉ်လေး တစ်စုံတစ်ရာအားစဉ်းစားမိပြီး အိမ်ထဲမှ ရုတ်တရက်ပျောက်သွားလေသည်။ သူပြန်ရောက်လာချိန်တွင်တော့ လက်ထဲတွင် ဆေးဖိုကြီး ကိုင်လာသည်။

“သခင် ဒီဆေးဖိုက အရင်သခင်ကထားသွားတာပဲ၊ ဒီစာအုပ်တွေကို ဖတ်ပြီးရင် ဒီဆေးဖိုကို သုံးလို့ရတယ်၊ ဆေးအတွက် ပါဝင်ပစ္စည်းတွေလိုချင်ရင် အပြင်မှာကြိုက်သလောက်ရှာလို့ရတယ်၊ အရင်သခင်က အမျိုးအစားအစုံကို စုစည်းထားခဲ့တာ ငါက အကုန်လုံးကို ထိန်းသိမ်းပေးထားတာပဲ”

ဒီတစ်ကြိမ်သည် ဝိညာဉ်လေးသည် ရှီမာယူယူအပေါ်တွင် နွေးထွေးစွာဆက်ဆံသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ရှီမာယူယူ ပြုံးလိုက်သည်။ ဒီလူဟာ ဆေးနဲ့ပတ်သတ်တဲ့အရာတွေကို ချစ်တာပါလား။

တစ်အိမ်လုံးပြည့်နေသည့် စာအုပ်စင်များကိုကြည့်ပြီးနောက် ဘာမှမလုပ်ခင် လက်သင်များအတွက် စာအုပ်ကို ရှာရန် သူမဆုံးဖြတ်လိုက်သည်။

ထို့ကြောင့်ပင် သူမ ကျန်ရှိသော အချိန်များတွင် အိမ်ထဲရှိ စာအုပ်များရှာခြင်းနှင့် လက်သင်များအတွက် လိုက်ဖက်မည့်စာအုပ်များ ယူခြင်းတို့တွင် အချိန်ကုန်ဆုံးနေလိုက်သည်။ ပြီးနောက် သူမ စားပွဲဆီသို့ ယူသွားကာ အားကြိုးမာန်တက် ဖတ်တော့သည်။

အမှန်တွင် ဆေးသန့်စင်နည်းသည် မခက်ပေ။ အခြေခံအားဖြင့် အဆင့် သုံးဆင့်ခွဲထားသည်၊ သန့်စင်ခြင်း၊ အရည်ကျိုခြင်းနှင့် ချည်နှောင်ခြင်းတို့ ဖြစ်သည်။ သို့သော် ထိုအဆင့်သုံးဆင့်သည် ဝိညာဉ်သခင် ထောင်ချီအား အခက်တွေ့စေသည်။

သန့်စင်ခြင်း – သန့်စင်ခြင်းသည် ဆေးပါဝင်ပစ္စည်းများကို နဂိုမူလ အတိုင်းသန့်စင်ရသည်။ ထိုအရာကိုပြုလုပ်ရန် လိုအပ်သည်မှာ စိတ်ပါဝင်စားမှု နှင့် စိတ်ရှည်မှုဖြစ်သည်။

အရည်ကျိုခြင်းကို ကြားလျှင် လွယ်ကူသည့်ပုံပေါက်သည်။ အရည်ကျိုခြင်းသည် နဂိုမူလအတိုင်း သန့်စင်ထားသော ဆေးများကို အတူတကွ ကျိုချက်ခြင်းဖြစ်သည်။ ဒီအဆင့်သည် လွယ်ကူသည့်ပုံပေါက်သည် သို့သော် ဆေးတစ်ခုချင်းစီတွင် နောက်ဆက်တွဲ ပေါင်းစပ်ခြင်းရှိသည်။ တစ်ခုအနေနှင့် အထူးအာရုံစိုက်ရသည်မှာ မည်သည့်ပါဝင်ပစ္စည်းကို မည်သည့်အချိန်တွင် ထည့်ရမည်ဆိုသည်ကိုပင်။ ပါဝင်ပစ္စည်းများကို အတူတကွထည့်ရမည် မဟုတ်ပေ။

ထို့အပြင် ကောင်းစွာထိန်းကွပ်မှုမပြုလုပ်လျှင် ပေါက်ကွဲမှုကိုပင် ဖြစ်စေနိုင်သည်။ ဆေးပါဝင်ပစ္စည်းများ ဖြုန်းတီးရာရောက်သည့်အပြင် အဂ္ဂိရတ်ဆရာအတွက်လည်း အန္တရာယ်များသည်။

တတိယအဆင့်သည် အားလုံးထဲတွင် အရေးကြီးဆုံးအဆင့်ဖြစ်သည်။ ချည်နှောင်ခြင်း။

ပြီးခဲ့သည့် အဆင့်နှစ်ဆင့်အောင်မြင်လျှင် ချည်နှောင်ခြင်းအဆင့်အား အောင်မြင်သည်ဟုဆိုလို၍ မရပေ။ နောက်ဆုံးထွက်လာသော ထွက်ကုန်သည် အကောင်းဆုံးဆေးဖြစ်ရမည်။ ဆေးများတွင် ကိုယ်ပိုင် အသုံးဝင်မှုများရှိသော်လည်း ဖော်ဆေးနှင့်ယှဉ်လျှင် ကွာခြားချက်သည် အဆပေါင်း တစ်ရာ။တစ်ထောင်ရှိသည်။

ထို့အပြင် ချည်နှောင်ခြင်းတွင် သဘာဝအတိုင်းဖြစ်သော ပါဝင်ပစ္စည်းများအတူတကွ ကျိုချက်ခြင်းကို စောင့်ဆိုင်းရုံပင်၊ ထို့နောက် ဝိညာဉ်စွမ်းအင်များထည့်ပြီးနောက် ဆေးမှ ဖော်ဆေးအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုအဆင့်သည် လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုကို စမ်းသပ်သောအဆင့်ဖြစ်သည်။ သေချာမထိန်းချုပ်နိုင်ပါက ရှေ့မှစိုက်ထုတ်ခဲ့သော အားများသည် အကုန်လုံး သဲထဲရေသွန်ဖြစ်သွားမည်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ဆေးသန့်စင်ခြင်းသည် လွယ်ကူပုံပေါ်သည်။ သို့သော် အဂ္ဂိရတ်ဆရာဖြစ်လာရန်မှာ အလွန်နည်းပါးလှသည်။

ဆေးသန့်စင်ရာတွင် အရေးကြီးဆုံးလိုအပ်သောအရာနှစ်ခုမှာ ဆေးဖိုနှင့်မီး ဆိုသည်ကိုတော့ ပြောစရာပင် လိုတော့မည်မထင်ပေ။

ဆေးဖိုကိုတော့ ရှင်းပြရန်လွယ်မည်။ အရည်အသွေးကောင်းသော ဆေးဖိုသည် အောင်မြင်မှုများနိုင်ချေရှိသည်မှာတော့ သေချာသည်။

မီးအကြောင်းပြောရမည်ဆိုလျှင်တော့ မီးတွင် အမျိုးအစားများစွာရှိ သည်။ ထင်းမီးတောက်၊ ဝိညာဉ်သားရဲအသက်မီးတောက်၊ သွေဖယ်ခြင်း မီးတောက်နှင့် ဝိညာဉ်မီးတောက်တို့ဖြစ်ကြသည်။

ပထမတစ်ခုသည် အလိုလိုရှင်းပြီးသားဖြစ်လိမ့်မည်။ ဒုတိယ ဝိညာဉ်သားရဲအသက်မီးတောက်သည် ဝိညာဉ်သားရဲအား ဘယ်တစ်ခုသည် သန့်စင်သောဆေးဖြစ်ကြောင်း မေးမြန်းအကူအညီတောင်းခြင်းဖြစ်သည်။ သူတို့၏စာချုပ်ကြောင့် သခင်သည် ပြင်းပြသော မီးတောက်ကို ထိန်းချုပ်ရန် ဝိညာဉ်သားရဲအား လျင်မြန်စွာ အမိန့်ပေးလို့ရသည်။ အကယ်၍ သူတို့ကိုယ်ပိုင် ဝိညာဉ်သားရဲဖြစ်ပါက သခင်သည် ဝိညာဉ်သားရဲအသက်မီးတောက်ကို တိုက်ရိုက် ထိန်းချုပ်နိုင်သည်။

ထိုအရာသည် အဂ္ဂိရတ်ဆရာများ အဓိကသုံးသော မီးတောက်ပင်ဖြစ်သည်။ သို့သော် ထိုမီးတောက်များ အသုံးပြုခြင်း၏ပြဿနာမှာ သူတို့၏အရည်အသွေးသည် မမြင့်မားပေ။ ထို့အပြင် စာချုပ်ဝိညာဉ်သားရဲအား ခိုင်းစေရန်လိုအပ်သေးသည်။

တတိယမြောက်အမျိုးအစားမှာ သွေဖယ်ခြင်းမီးတောက်ဖြစ်သည်။ ထိုမီးတောက်အမျိုးအစားသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ဖောက်ဖွား လာခြင်းဖြစ်သည်။ ထိုမီးတောက်တွင် ဝိညာဉ်နှင့်ပတ်သတ်သော သဘာဝရှိသည်။ တစ်ခုအားထိန်းချုပ်နိုင်လျှင် ဆေးသန့်စင်မှု၏ အောင်မြင်မှု သည် အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။

သို့သော် ဆေးဖိုထဲသို့မထည့်ခင်တွင် သွေဖယ်ခြင်းမီးတောက်သည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သဖြင့် ထိုသွေဖေခြင်းမီးတောက်အား ထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲလှသည်။ အကယ်၍ ထိုသူသည် သတိမရှိပါက သွေဖယ်ခြင်းမီးတောက်၏ ဝါးမြိုခြင်းကိုခံရပြီး သေခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

လေးခုမြောက် မီးတောက်အမျိုးအစားမှာ ရေးရန်အကြောင်းအရာ များများစားစားမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမီးတောက်အမျိုးအစား သည် ရိုးရှင်းစွာပင် လျှို့ဝှက်ဆန်းကြယ်သောကြောင့်ဖြစ်သည်။

ရှီမာယူယူ ဆေးသန့်စင်ခြင်း လုပ်ဆောင်မှုများကိုဖတ်ပြီးနောက် ခံနိုင်ရည်စွမ်းအားရှိရန် လိုအပ်ကြောင်း သဘောပေါက်လာသည်။ သူမ လက်ရှိဘဝတွင် ငွေကြေးနှင့် ယောက်ျားများကင်းမဲ့ပြီး နောက်တစ်ခု သူမဆီမှာ မရှိသည်မှာ စိတ်ရှည်ခြင်းဖြစ်သည်။

ထို့နောက် ဆေးသန့်စင်ခြင်း၏ ပထမအဆင့်ဖြစ်သော သန့်စင်ခြင်းအား လေ့ကျင့်ရန်စတင်တော့သည်။

စာအုပ်တွင်ရေးထားသော နည်းလမ်းများအတိုင်း အတတ်နိုင်ဆုံး တစ်ထပ်တည်းကျအောင် သူမ လိုက်နာခဲ့သည်။ ထို့နောက် ဆေးတွင် ပါဝင်ပစ္စည်းများရှာရန် ဆေးခင်းထဲသို့ စိတ်အားထက်သန်စွာ ပြေးလာခဲ့လိုက်သည်။ သူမ ဆေးအခန်းသို့ဝင်လာချိန်တွင် ဝိညာဉ်လေးအစော က ပေးထားသော ဆေးဖိုအားထုတ်ကာ အခန်းတံခါးပိတ်ပြီး လေ့ကျင့်မှု စတင်တော့သည်။

နှစ်ရက်အတွင်း ဆေးပါဝင်ပစ္စည်းများယူရန် အပြင်ထွက်သည်မှအပ ရှီမာယူယူသည် ဆေးချက်သည့်အခန်းတွင်သာ နေသည်။ ထိုအချိန်အတွင်း တွင် တိန်၊ဒေါင် အသံသည် အဆက်မပြတ်ထွက်နေခဲ့သည်။

ဝိညာဉ်ပုလဲအတွင်းမှ ဝိညာဉ်သားရဲများသည် အားလုံးအပြင်ထွက်ကာ ဆေးချက်ခြင်းအခန်းအပြင်တွင်စောင့်ဆိုင်းနေကြသည်။

“သခင် ဆေးတွေကို သန့်စင်ဖို့ဖြစ်နိုင်ပါ့မလား” ရာဟွောင် ဆေးအခန်းအားကြည့်ရင်း မေးလိုက်သည်။

“ဒါပေါ့” ရာဟွောင့်ကျောပေါ်တွင် လှိမ့်နေသော ဟိန်းသံလေးသည် ရာဟွောင်၏ မေးခွန်းအားကြားသည်နှင့် အခိုင်အမာပြောဆိုလိုက်သည်။

“ယူယူလေးက တော်ပါတယ်၊ သူသေချာပေါက် အောင်မြင်အောင် ဖော်စပ်နိုင်မှာ” လင်းလုံသည် လေထဲတွင် ပျံဝဲနေသည်။ သူမသည် ခြေနှစ်ချောင်းအားချိတ်ထားပြီး လက်နှစ်ဖက်သည် ခေါင်းနောက်တွင် ထားထားသည်။ သူမသည် အိပ်ရာပေါ်တွင် အိပ်နေသကဲ့သို့ထင်ရသည်။

“သူမ ကသေချာပေါက်အောင်မြင်မှာ၊ ဒါမှ ငါစားဖို့ သကြားလုံးတွေကျလာမှာ” ဝိညာဉ်လေးကပြောလိုက်သည်။

“သကြားလုံးတွေ ကျလာမှာဟုတ်လား”

“ငါပြောတာ ဆေးလုံးတွေကိုပြောတာ၊ ငါက အဲဒါတွေကို အကြားလုံးတွေလို့ခေါ်တာ” ဝိညာဉ်လေးပြောလိုက်သည်။

“ဘုန်း” ဝိညာဉ်လေးနှင့် ကျန်တဲ့သူများ စကားပြောနေချိန်တွင် ဆေးအခန်းထဲမှ ပေါက်ကွဲသံသည် ကျယ်လောင်စွာထွက်လာလေသည်။ သူတို့သည် အံ့သြတုန်လှုပ်ခြင်းဖြင့် အထဲအား ကြည့်လိုက်ကြသည်။

“ယူယူ မင်းအဆင်ပြေလား” ဟိန်းသံလေးသည် အရင်ဆုံးဝင်လာခဲ့သည်။ မီးခိုးများပြည့်နှက်နေသော အခန်းထဲတွင် ရှီမာယူယူ၏ ပုံရိပ်သည် အလယ်တွင် လဲကျနေသည်ကို ထင်ရှားစွာ သူမြင်လိုက်သည်။

“သခင် ဘာဖြစ်သွားတာလဲ” ရာဟွောင်နှင့် ကျန်သူများသည် အပြေးအလွှားအထဲဝင်လာကာ တံခါးပေါက်မှ မြင်ရသည်ကို မေးလိုက်သည်။

အိမ်ထဲမှ မီးခိုးများသည် ပျံ့နှံ့သွားလေသည်။ အားလုံးသည် အခန်းထဲမှ ကပျာကယာထွက်လာလိုက်ကြသည်။ ပေါက်ကွဲမှုကြောင့် ဆေးပါဝင်ပစ္စည်း များသည် ကြမ်းပြင်သာမက နံရံများတွင်ပါ ဟိုတစ်စုသည်တစ်စု ပေကျံနေကြသည်။

ရှီမာယူယူ အိမ်၏ အလယ်တွင်ရပ်လိုက်သည်။ ပေါက်ကွဲချိန်တွင် သူမသည် မျက်နှာအားကာကွယ်လိုက်ရသည်၊ သို့သော် ပေါက်ကွဲမှုကြောင့် သူမဆံပင်များသည် လူမည်းဆံပင် ကဲ့သို့ဖြစ်သွားတော့သည်။ သူမ၏ အဝတ်အစားများသည်လည်း မွစာကြဲသွားတော့သည်။

“ဝါး ဝါး ငါဝမ်းနည်းလိုက်တာ” အိမ်အခြေအနေအားကြည့်ပြီး ဝိညာဉ်လေးအော်ငိုလိုက်လေသည်။

“ဘာဖြစ်တာလဲ ဝိညာဉ်လေး” ကျန်သူများသည် ဝိညာဉ်လေး ဘာဖြစ်သွားလဲဆိုသည်ကို နားမလည်နိုင်တော့ပေ။

“တခြားသူတွေက အရည်ကျိုခြင်း အဆင့်မှာပဲပေါက်ကွဲမှုဖြစ်တာ ဒါပေမယ့် သခင်ကတော့ ဆေးကိုသန့်စင်တဲ့အဆင့်မှာတင်ပဲ ပေါက်ကွဲသွား တာ.. ဒါက သူမက ဆေးတွေကို မဖော်စပ်နိုင်ဘူးဆိုတာပြနေတာပဲ၊ ငါနောက်ထပ် သကြားလုံးတွေမစားရတော့ဘူး ဟင့် ငါစိတ်ဓာတ်ကျသွားပြီ” ဝိညာဉ်လေးငိုတော့သည်။

ဟိန်းသံလေးနှင့် ကျန်သူများသည် တူးချစ်နေသော ရှီမာယူယူအား ကြည့်လိုက်ကြသည်။ သူမ အမှန်တကယ်ပဲ အဂ္ဂိရတ်ဆရာ မဖြစ်နိုင်ဘူးလား။

Comment

Leave a Reply

Options

not work with dark mode
Reset