ဒွန်ဟိုင် ကျောင်းတော်ကား ကြီးမားလွန်းလှသည်။ ကျောင်းတော်ကြီးအား လှည့်ပတ်ကြည့်ရှုရင်း ကျောင်းဝင်း အပြင်အဆင်များက ရီဖူရှင်းအား အမှန်တကယ် အမြင်ကျယ်စေသည်။ အဆောက်အဦများက လှေကားထစ်ပုံစံ ပတ်လည်ဝိုင်းလျက် တည်ဆောက်ထားကာ ကြီးကျယ် ခမ်းနားလှသည်။
“ဒွန်ဟိုင် ကျောင်းတော်က ကျောင်းဆောင်ခုနစ်ခုနဲ့ ဖွဲ့စည်းထားတာ… ကြယ်စင်ဧကရာဇ် ကျောင်းဆောင်။ ကြယ်ကြွယ်ကျောင်းဆောင်။ ကြယ်စွမ်းအင် ကျောင်းဆောင်။ ယန်းယန်ကြယ် ကျောင်းဆောင်။ ရတနာကြယ် ကျောင်းဆောင်။ လဘ်လာဘကြယ် ကျောင်းဆောင်နဲ့ ကြယ်စင်မှူးကျောင်းဆောင် ဆိုပြီး ခွဲထားတယ်… နင်တို့နဲ့ ရန်ဖြစ်ခဲ့တဲ့ အုပ်စုက ယန်းယန် ကျောင်းဆောင်ကပဲ… ရှင့်ချစ်သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က…” တန်ဝမ်က ရှင်းပြလိုက်သည်။“ချစ်သူ”ဟု သုံးနှုန်းခဲ့သော်လည်း သူမက ရီဖူရှင်းအား ယုံကြည်ခြင်း မရှိကြောင်း သူမ၏သံသယ မျက်လုံးများက သက်သေပြနေသည်။
“ချင်းကျူ ကျောင်းတော်မှာတုန်းက ကျောင်းဆောင်တွေက အထူးပြုတဲ့ပညာရပ်နဲ့ ခွဲခြားတယ်… ဒွန်ဟိုင် ကျောင်းတော်လည်း ဒီလိုပဲလား…” ရီဖူရှင်းက မေးလိုက်သည်။
“မဟုတ်ဘူး… ကျောင်းဆောင် တစ်ခုစီတိုင်းမှာ အမျိုးမျိုးသော တန်ခိုးရှင်တွေ တက်ရောက်နေကြတယ်… ကျောင်းဆောင် တစ်ခုစီတိုင်းက အားကောင်းတဲ့ နောက်ခံကို ပိုင်ဆိုင်ကြတယ်… ဒါက အရမ်းရှုပ်ထွေးတယ်… သူတို့က ကျောင်းကို တိုးတက်အောင် ကူညီကြသလို သူတို့ရဲ့ အာဏာကိုလည်း အားကောင်းအောင် လုပ်နေကြတယ်…” တန်ဝမ်က အသံအားနှိမ့်လျက် ရှင်းပြလိုက်သည်။
“အရမ်းရှုပ်တာပဲ…” ရီဖူရှင်းက ပြောလိုက်သည်။
“ဟုတ်တယ်…” တန်ဝမ်ကလည်း သဘောတူသည်… “ဒီလိုပဲလေ… ကျောင်းဆောင်တွေ အကြား ပြိုင်ဆိုင်မှုက အရမ်း ပြင်းထန်တယ်… ဒါကြောင့် သူတို့တွေက အချိန်တိုင်း တိုက်ခိုက်နေကြတာပဲ… ဒါပေမဲ့ ကျောင်းဆောင် တစ်ခုချင်းကတော့ အရမ်း စည်းလုံး ညီညွတ်ကြတယ်… ဒါကြောင့် ယူချင်းက ယန်းယန် ကျောင်းဆောင်က အုပ်စုနဲ့ တိုက်ခိုက်ခဲ့တာက ယန်းယန် ကျောင်းဆောင် တစ်ခုလုံးကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ… ကျွန်မ ထင်တာကတော့… ရှင်တို့ဒီက အမြန် ထွက်သွားတာ အကောင်းဆုံးပဲ…”
ရီဖူရှင်းက ပြုံးလိုက်သည်… သို့သော် မည်သို့မျှ မပြော။ တန်ဝမ်က ဆက်ပြောလိုက်သည်… “ပြီးတော့ ဟွာဂျီယူက ကျောင်းတော်ကို ဝင်တာနဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက အလေးထားတာ ခံရတယ်… ဒါကြောင့် သူမက သာမန် ကျောင်းသားတွေနဲ့ အတူရှိမနေဘူး… သူမက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရဲ့ အပေါ်ဆုံးထပ်မှာ တန်ခိုးကျင့်တယ်… သူမက ရှင့်ရည်းစား ဆိုရင်တောင် ရှင်က သူမနဲ့တွေ့လို့မရဘူး…”
“သူမက တကယ်ကို ထူးချွန်တယ်…” ရီဖူရှင်းက မိမိကိုယ်ကို ရေရွတ်လိုက်သည်။ သူက နောက်ကို လှည့်လိုက်လျှင် သူတို့၏နောက်မနီးမဝေးမှ လိုက်ပါလာသော လူအုပ်ကြီးအား တွေ့လိုက်ရသည်။ လူတိုင်းက ရီဖူရှင်းတို့အုပ်စုနှင့် ယန်းယန်ကျောင်းဆောင်မှ လူများ၏ အဖြစ်အပျက်အား တွေ့လိုက်ကြသည်။ ထို့ကြောင့် ယန်းယန်ကျောင်းဆောင်မှ ရီဖူရှင်းတို့အား အလွယ်တကူ လွှတ်ပေးမည် မဟုတ်သည်ကို သူတို့ သိကြသည်။ သူတို့က ရီဖူရှင်းတို့အဖွဲ့ မည်သို့ ဆက်လက် ဖြစ်ပျက်မည်ကို သိလိုနေကြသည်
“တကယ်လို့ အခု ငါထွက်သွားရင် မျက်နှာပျက်ရမလား…” ရီဖူရှင်းက တန်ဝမ်၏ အမြင်အား မေးလိုက်သည်။
သူမက ရီဖူရှင်းအား ထူးဆန်းသလို ကြည့်လိုက်သည်။ ရီဖူရှင်းက မည်သို့ ဟာသလုပ် ပြောနေနိုင်သနည်း။ သူ မည်သို့ တွေးနေသည် သူမ မစဉ်းစားတတ်တော့။
သူတို့ ထိုသို့ ပြောနေစဉ်မှာပင် စွမ်းအားမြင့်ဟန်ရှိသော ကျောင်းသားအုပ်စု တစ်စု သူတို့ထံ လျှောက်လာနေသည်ကို တွေ့လိုက်ရကြ၏။ ထိုအထဲတွင် မူယွန်နီနှင့် မူယွန်ချိန်တို့လည်း ပါဝင်သည်။
ရီဖူရှင်းက သူတို့ပြန်လာရဲမည်ဟု မထင်ထားချေ။ သူတို့အား အရိုက်ခံရသည်ကို မှတ်ဟန် မရှိသေးပေ။
ရီဖူရှင်းက သူတို့ အဝိုင်းခံလိုက်ရသည်ကို သတိထားမိလိုက်သည်။ သူက မူယွန်နီအား ကြည့်ကာ ပြောလိုက်သည်… “ကျုပ်ဒီမှာ… မင်းတို့ကောင်တွေ ဘယ်လိုလောက် ဒီလောက် မောက်မာ ရိုင်းစိုင်းရတာလဲ တွေးနေတယ်… မင်းတို့ လုပ်နိုင်တာ ဒါအကုန်လား…”
မူယွန်နီက မည်သို့မျှ မပြောပေ။ မည်သို့ပင်ဖြစ်စေ သူတို့က လက်စားချေရမည် ဖြစ်သည်။
သူတို့အုပ်စုက ရီဖူရှင်းတို့ထံ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ရီဖူရှင်းက တန်ဝမ်အား မေးလိုက်သည်… “ကျုပ်က သူတို့ စိန်ခေါ်တာကို ငြင်းလို့ မရဘူးလား…”
တန်ဝမ် မျက်လုံးပြူးသွားသည်။ သူမက သတိပေးသော အချိန်တွင် ထွက်မသွားဘဲ ထိုလူများ ရောက်ရှိလာမှ သူတို့စိန်ခေါ်မှုအား ငြင်းပယ်လိုသည်…။ သူတို့က ရီဖူရှင်းတို့အား လွှတ်ပေးရန် မဖြစ်နိုင်ပေ။
“ကိုယ့်ဘာသာ ဂရုစိုက်တော့…” တန်ဝမ်က သက်ပြင်းချလျက် ပြောလိုက်သည်။ ထို့နောက် သူမက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။ ရီဖူရှင်းက မျက်လုံးပြူးကာ ပါးစပ်ဟလျက် ကျန်ရစ်သည်။ ထိုအရာအား သစ္စာရှိသည်ဟု ခေါ်သလား သူ တွေးလိုက်သည်။
ကွဲပြားခြားနားသော သဘာဝစွမ်းအင်များ အားကောင်းစွာ စီးဆင်းနေကြသည်။ ထိုအုပ်စုက ရီဖူရှင်းတို့ထံ သတိထားလျက် ချဉ်းကပ်လာကြသည်။
“ယူချင်း…” ရီဖူရှင်းက ပြောလိုက်သည်နှင့် ယူချင်းက ရှေ့သို့ ပြင်းထန်စွာ တိုးသွားလိုက်သည်။
ပို၍ အားကောင်းသော တန်ခိုးရှင်များက ယူချင်းကို ဝန်းရံလိုက်ကြသည်။ သူတို့၏ မှော်ပညာများအား ထုတ်လွှတ်ကြသည်။
သူ၏လက်များထက် သန်မာပုံရသော နွယ်ကြိုးများက ယူချင်း၏ကိုယ်။ ခြေထောက်နှင့် လက်များအား လာရောက် ရစ်ပတ် ချည်နှောင်ကြသည်။ သူ၏ တစ်ကိုယ်လုံးမှာ နွယ်ပင်များကြားထဲ နှစ်မြှုပ်တော့မည် ကဲ့သို့ပင်။
“ရေခဲပိတ်လှောင် မှော်သိုင်းကွက်…” အေးစက်သော လေပွေတစ်ခုက ယူချင်းအား ရစ်ပတ်လာကာ နွယ်ပင်၏အပေါ်မှ ရေခဲလွှာတစ်ထပ် ဖုံးလွှမ်းသွားပြန်သည်။
ဘုန်း… ယူချင်း၏မြေကြီးအား ဆောင့်ကန်လိုက်သော အသံကို ကြားလိုက်ရကာ ရေခဲများ ဖုံးလွှမ်းနေသော ခြေထောက်က ရှေ့သို့တစ်လှမ်း လေးပင်စွာ လှမ်းလိုက်သည်။ ထို့နောက် အက်ကွဲသံများမြည်ကာ နွယ်ပင်များနှင့် ရေခဲလွှာများက အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားသည်။ သူ၏ကြီးမားသော ကိုယ်ခန္ဓာအား ရွှေဝါရောင် ချပ်ဝတ်များ ကာကွယ်ထားပြီးဖြစ်သည်။ သူက ထိုလူများထံသို့ ဆက်လက်၍ လှမ်းသွားလိုက်သည်။
“လူစုခွဲစမ်း…” အုပ်စုခေါင်းဆောင် ဖြစ်ဟန်တူသူက အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် တစ်ယောက်က လေဓာတ်မှော်သိုင်းကွက်ဖြင့် သူတို့အုပ်စု တစ်ခုလုံးအား အသုံးပြုလိုက်လျှင် သူတို့အားလုံး လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။ ထို့နောက် စွမ်းအားကောင်းဟန် တူသူများက မှော်သိုင်းကွက် တချို့သုံးကာ အချင်းချင်း အကူအညီယူလျက် ယူချင်းထံစနစ်တကျ ချဉ်းကပ်သွားကြသည်။
ရီဖူရှင်းက ထိုမြင်ကွင်းအား မျက်မှောင်ကုတ်လျက် ကြည့်လိုက်သည်။ ထိုလူများက ကွဲပြားသော မှော်ဆရာများ အတူတူ ပူးပေါင်းခြင်းဖြင့် ပိုမို၍ ထိရောက်ဟန်တူသည်။
မူမိသားစု မောင်နှမကလည်း လူတချို့အား ဦးဆောင်လျက် ရီဖူရှင်းရှိရာသို့ ချဉ်းကပ်လာကြသည်။ ရီဖူရှင်းအပေါ် သူတို့၏မုန်းတီးမှုက သူတို့အား အမှန်တကယ် အနိုင်ယူခဲ့သော ယူချင်းထက်ပင် ပိုသည်။
လူနှစ်ယောက်က သဘာဝစွမ်းအင်များဖြင့် ကာကွယ်ကာ ရီဖူရှင်းထံသို့ ခုန်ဝင်လာကြသည်။
ထိုအထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်က သဘာဝစွမ်းအင်များက ကျားတစ်ကောင်၏ ပုံရိပ်ဖြစ်ပေါ်လာကာ ကျားဟိန်းသံတစ်ချက် ကြားလိုက်ရသည်။ ထိုလူငယ်၏ အမြန်နှုန်းကလည်း ကျားတစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။ သူက ကျားတစ်ကောင်၏ အားပြင်းသော လက်ပုတ်ဟန်ဖြင့် ရီဖူရှင်းအား ပုတ်လိုက်ည်။ တကယ့်ကျား၏ လက်ပုံစံအတိုင်း သူ၏ လက်ချောင်းများက အနည်းငယ် ကွေးသွားသည်။ ထိုလူငယ်ကား သိုင်းပညာနှင့် မှော်ပညာ နှစ်မျိုးလုံးကျင့်သော သတ္တုစွမ်းအင်အခြေပြု တန်ခိုးရှင်ဖြစ်သည်။ သူက သတ္တုစွမ်းအင်ကို အသုံးပြုလျက် အနီးကပ် တိုက်ခိုက်ရန် ကြံရွယ်ထားပုံရ၏။
“ကောင်းကင်ကြယ်သုံးပွင့် အဆင့်…” ရီဖူရှင်းက ပြောလိုက်သည်… ပြိုင်ဘက်၏ ကိုယ်ရောင်ကိုယ်ဝါအား သူခံစားမိသည်။ သူ၏ကိုယ်မှ အားပြင်းသော မြေဓာတ်သဘာဝများအား စုစည်းလျက် ရီဖူရှင်းက တည်ငြိမ်စွာပင် ရပ်နေသည်။ ရုတ်တရက် မြေဓာတ်သဘာဝ စွမ်းအင်များက ရူးသွပ်စွာ စီးဆင်းလာပြီး လူဝံကြီး၏ပုံရိပ်တစ်ခု ရီဖူရှင်း၏ကိုယ်အား လွှမ်းခြုံထားသည်။ ထိုသတ္တဝါများက သဘာဝစွမ်းအင်များကြောင့် မွေးဖွားလာသောလည်း ထိုလူဝံကြီး၏ပုံဟန်က ကျားမိစ္ဆာထက် ပိုမို၍ အလွန်အမင်း အားကောင်းပုံရသည်။
သူ၏ရန်သူ နီးကပ်လာသည်နှင့် ရီဖူရှင်းက လက်ဆန့်ထုတ်လိုက်လျှင် လူဝံကြီး၏ ဟိန်းသံတစ်ချက်နှင့်အတူ ကျားမိစ္ဆာ၏ပုံရိပ်မှာ ပေါက်ကွဲသွားသည်။ ဆက်တိုက်ပင် လူဝံကြီး၏ ကြီးမားသော လက်ကြီးက ပြိုင်ဘက်၏လည်မျိုအား ဆုပ်ကိုင်ကာ မြေကြီးကို ပစ်ပေါက်လိုက်သည်။
ထိုမြေကြီးနှင့် ထိရိုက်သံက မူမိသားစု မောင်နှမတို့၏ နှလုံးသားအား အေးခဲစေသည်။ ရီဖူရှင်းက သူတို့နှစ်ယောက်အား ပြုံးလျက်ကြည့်ကာ ခုန်ဝင်လိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် တစ်ယောက်ကလည်း ရီဖူရှင်းထံ လျင်မြန်စွာ ပြေးဝင်လာသည်။
မူယွန်ချိန်နှင့် မူယွန်နီတို့ကလည်း သူတို့၏ မူလဝိညာဉ်အား ထုတ်လွှတ်လိုက်ပြီး လေထဲသို့ မြောက်တက်သွားသည်။ သူတို့က ယခင်တိုက်ပွဲတွင် ဒဏ်ရာ အနည်းငယ် ရခဲ့သော်လည်း သူတို့အား ဆက်လက် တိုက်ခိုက်ရန် တတ်နိုင်သေးသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ပြေးနေရင်း သူ၏ကျောမှ တောက်ပသော အလင်းရောင်တစ်ခု ကွဲထွက်လာပြီး နတ်ငှက်၏ အတောင်ပံတစ်စုံ ထွက်ပေါ်လာကာ လေထဲသို့ ဝဲပျံသွားသည်။ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူက မူမိသားစု မောင်နှမတို့၏ ရှေ့သို့ရောက်လာ၏။ နဂါးတစ်ကောင်၏ခန္ဓာ။ လူဝံ၏သန်မာမှု။ နတ်ငှက်၏အမြန်နှုန်း…။
“နတ်ငှက်ဝိညာဉ်နဲ့ မှော်ထိန်းချုပ်သူ…” ထိုမြင်ကွင်းအား ကြည့်ကာ လူတိုင်းက အံ့အားသင့် သွားကြသည်။ မှော်ထိန်းချုပ်သူများကား ရှားပါးလှသည်။ သို့သော် နတ်ငှက်ဝိညာဉ်ဖြင့် မှော်ထိန်းချုပ်သူကား ပိုမို၍ပင် ရှားပါးလွန်းလှသည်။ ကွဲပြားခြားနားသော သက်စောင့်ဝိညာဉ်က မှော်ထိန်းချုပ်သူများအား ကွဲပြားခြားနားသော စွမ်းအင်အဆင့်ကို ခေါ်ဆောင်နိုင်သည်။ ဥပမာ ရွှေဝါရောင် သိမ်းငှက်ကြီးနှင့် နတ်ငှက်တို့မှာ လေနှင့်သတ္တုဓာတ်အား အထူးပြုသော်လည်း နတ်ငှက်၏ စွမ်းအင်များက ရီဖူရှင်းအား ထိုရွှေရောင် သိမ်းငှက်အား အနိုင်ယူရန် အလွန် လွယ်ကူလွန်းလှသည်။ ထိုဝိညာဉ်နှစ်ခု၏ စွမ်းအင်များကား ကွာခြားလွန်းလှသည်။
တန်ဝမ်ကား ထိတ်လန့်သွားသည်။ ရီဖူရှင်းက သည်မျှ မာနကြီးနေသည်မှာ မထူးဆန်းတော့ပေ။
“သတိထား…” မူယွန်နီက သတိပေးလိုက်သည်။ သူမက သတိပေးပြီးသည်နှင့် ရီဖူရှင်းအား မူယွန်ချိန်၏ရှေ့ကို ရောက်ရှိပြီး ဖြစ်သည်။
မူယွန်ချိန်ကလည်း သူ၏သက်စောင့်ဝိညာဉ်မှာ ရီဖူရှင်းအား မယှဉ်နိုင်သည်ကို သိသော်လည်း ရှေ့သို့ ဆက်တိုးသွားလိုက်သည်။ သူက ရီဖူရှင်းအား ရှုံးနိမ့်မည်ဟု မယုံပေ။ သူကား ရီဖူရှင်းထက် တန်ခိုး အဆင့်ပိုမြင့်ပေသည်။
ရွှေရောင်အလင်းတန်း နှစ်ခုက လေထဲတွင် ရင်ဆိုင်မိကြသည်။ မြေပြင်မှ လူတိုင်းက ထိုအနီးကပ် တိုက်ပွဲအား ရှင်းလင်းစွာ ကြည့်ခွင့်ရကြသည်။
“ဒီကောင် ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ…” လူတိုင်းက ရီဖူရှင်းမှာ သူ့ထက် တန်ခိုးအဆင့်မြင့်သော သူနှင့် တိုက်ခိုက်နေသည်ကို သိကြသည်။ သို့တိုင်အောင် ရီဖူရှင်းကား အထက်စီးမှ တိုက်ခိုက်နိုင်သည်။ မကြာမီ ရီဖူရှင်း၏ လက်ဝါးရိုက်ချက် တစ်ချက်ထိကာ မူယွန်ချိန် ဟန်ချက်ပျက် သွားသည်။ ဆက်တိုက်ပင် ရီဖူရှင်း၏ ခြေကန်ချက်တစ်ချက် မူယွန်ချိန်အား ထိကာ မူယွန်ချိန်မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ မူယွန်ချိန်ကား မထနိုင်တော့။
ရီဖူရှင်းက သူမအား ကြည့်လိုက်သည်ကို မြင်လျှင် မူယွန်နီက တစ်ဖန် ပြေးရန် ကြိုးပမ်းလိုက်သည်။ သည်တစ်ကြိမ်လည်း ယူချင်းနှင့်တိုက်ပွဲကဲ့သို့ ကွာခြားသွားခြင်း မရှိပေ။ သည်တစ်ကြိမ်ကား ပို၍ပင် တိုက်ရိုက်ကျသည်ဟု ဆိုနိုင်သည်။ ရီဖူရှင်းက လျှပ်စီး အလျင်နှုန်းဖြင့် သူမ၏ရှေ့သို့ ရောက်လာကာ လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် သူမမှာ လွင့်စဉ်သွားသည်။ ယနေ့ကား မူမိသားစု မောင်နှမမှာ နှစ်ကြိမ်ဆက်တိုက် အရှုံးနှင့် ရဆိုင်ခဲ့ရ၏။ သည်အဖြစ်က သူတို့၏ဘဝ သက်တမ်းတစ်လျှောက်တွင် အမာရွတ်အနေဖြင့် ထင်ကျန်ရစ်နေတော့မည်။
လူအတော်များများက မူယွန်နီအား ကြည့်ရသည်မှာ စိတ်မသက်သာ။ သူမကား လှပသော မိန်းကလေး ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းက သူမအား ညှာတာသင့်သည်ဟု တွေးလိုက်ကြသည်။
တစ်ဖက်တွင် ယူချင်း၏ တိုက်ပွဲတွင်ကား လူအတော်များများမှာ မြေကြီးပေါ်တွင် လဲလျောင်းနေရပြီ ဖြစ်သည်။ ယူချင်းကား နတ်စစ်သည်ကဲ့သို့ ကြမ်းတမ်းလွန်းလှသည်။ ထိုကွဲပြားသော သဘာဝစွမ်းအင်များ၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် မဟုတ်လျှင် သူတို့အားလုံးမှာ မြေပြင်တွင် လှဲသိပ်ခံရပြီး ဖြစ်လိမ့်မည်။ မည်သူမျှ ယူချင်းအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်အဆင့် ကြယ်နှစ်ပွင့် တန်ခိုးရှင်ပင်လျှင် ယူချင်းအား နိုင်မည် မဟုတ်ပေ။
လျှပ်တစ်ပြက်ပင် ရီဖူရှင်းက လေထဲမှ လေဓာတ်စွမ်းအင် မှော်ဆရာအား တိုက်ခိုက်လိုက်လျှင် ထိုမှော်ဆရာမှာ အဝေးသို့ လွင့်စဉ်သွားပြန်သည်။ သူ၏အခြေအနေလည်း ကောင်းမွန်ခြင်း မရှိပေ။
ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများအားလုံး စိတ်ဓာတ်များ ကျဆင်းနေကြပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့၏ စွမ်းအင်များအား လျှော့တွက်မိခဲ့ကြ၏။ ယခု မတ်တတ်ရပ်နိုင်သော သူမှာ ကောင်းကင် ကြယ်ငါးပွင့်အဆင့် တန်ခိုးရှင်နှစ်ဦးသာ ကျန်ရစ်ပြီ။ သို့သော်လည်း ရီဖူရှင်းက ယူချင်းနှင့် ပူးပေါင်းလိုက်လျှင် ယူချင်းအား လှောင်အိမ်ထဲမှ လွတ်ထွက်သွားသော တောရိုင်းကောင်လိုပင် သူ၏ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် ထိုနှစ်ယောက်မှာလည်း မြေပြင်ပေါ်သို့ ရောက်ရှိသွားကာ သနားစဖွယ် အော်ဟစ် ညည်းညူနေရသည်။ သူတို့အားလုံး၏ အခြေအနေအား စကားလုံးဖြင့် ဖော်ပြရလျှင် သနားဖွယ် ကောင်းသည်ဟု ပြောရန်မှတစ်ပါး အခြားမရှိတော့။ လူတိုင်းက ယန်းယန် ကျောင်းဆောင် ကျောင်းသားများအား ကြည့်ကာ သက်ပြင်းချကြသည်။ သည်အရာကား သူတို့အတွက် လုံးဝ အရှက်ရဖွယ်ဖြစ်သည်။
သည်ကောင်လေး နှစ်ယောက်မှာ မည်သူနည်း။ သူတို့ကား ကြမ်းတမ်းလွန်းလှသည်။
ထိုစဉ် သိမ်းငှက်နက်ကြီးက ကောင်းကင်မှ ဆင်းသက်လာကာ ရီဖူရှင်း၏ဘေးနားသို့ ရောက်လာသည်… “ယူချင်း… သွားစို့…”
သူတို့နှစ်ယောက်က သိမ်းငှက်ကြီးထံ လျှောက်သွားလိုက်သည်။ တန်ဝမ်ကား မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်ဟလျက် ကြည့်နေဆဲပင်။ ရီဖူရှင်းကား မည်သည့်အချိန်တွင် ထွက်ပြေးရမည်ကို သိသူပင်။ သူမက သူ့အား လျှော့တွက်မိပြီ။
“ကျုပ်ချစ်သူက မင်းကို လာရှာလိမ့်မယ်… သူမ လာရှာရင် ကု့ချင်းဥယျာဉ်ကို ခေါ်လာခဲ့ပေးပါ…” ရီဖူရှင်းက တန်ဝမ်၏နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ထို့နောက် သူတို့က သိမ်းငှက်ကြီးအပေါ်သို့ တက်ကာ လေထဲသို့ ပျံဝဲတက်သွားကြ၏။ သူကား သူ့ချစ်သူ၏နာမည်အား အော်ဟစ်ကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် အတွင်းသို့ ဝင်ရန် မတတ်နိုင်ပေ။
***