အပိုင်း(၄၆၂)

ရှီအဆင့်သိုင်းပညာကံစွမ်းအား

ချိန်ယုံက ရီဖူရှင်းအား သတိထားမိသည်။ ထို့အတူ သူ့ဘေးမှ လျှောက်လာသော ကုယွန်ချီကိုလည်း မြင်သည်။

ထို့ကြောင့် ရီဖူရှင်းက မိန်းမလှများကို သဘောကျသည်ဟု သူမက သတ်မှတ် လိုက်သည်။ ကုယွန်ချီက သူမထက် လှသည်ဟု ချိန်ယုံက ဝန်ခံရသည်။ သို့သော်လည်း သိုင်းပညာတွင်မူကား သူမက ကုယွန်ချီထက် သာသည်။ ယခု ရီဖူရှင်းက သူမနှင့် အတူတူ သွားနေကာ ချိန်ယုံ၏ ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့၏။ ထို့ကြောင့်လည်း ရီဖူရှင်းက မိန်းမလှများကို သဘောကျသည်ဟု သူမက တွေးခြင်း ဖြစ်၏။ ဘယ်သူကမှ အလှမကြိုက်သောသူ မရှိပေ။

ထိုနေရာတွင် ရှိနေသော လူငယ် အများစုကလည်း ကုယွန်ချီကို ကြိုက်နှစ်သက် ကြသည်။ သူမကား မည်သို့ဆိုစေ မိုးမြေကောင်းကင်မြို့၏ နာမည်ကျော် အလှပဂေး တစ်ယောက် မဟုတ်ပါလား။ သည်နေရာသို့ ရောက်လာသူ အများစုမှာလည်း ထိပ်သီးကျောင်း သုံးကျောင်းမှ အတော်ဆုံးလူများ ဖြစ်သလို အဓိက ကလန်များ၏ တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြရာ အချင်းချင်း သိကြပေသည်။

ရုတ်တရက် တစ်စုံတစ်ယောက်က ပြောသည်… “ကျုပ်မှာ အကြံတစ်ခု ရှိတယ်…”

လူအများအပြားက စကားပြောလိုက်သော လူငယ်ကို ကြည့်ကြသည်။ သူကား ချန်းကလန်မှ ချန်းဝမ်ဖြစ်သည်။ သူက အကာနာ အမြင့်ဆုံးကို ရောက်နေပြီး ဖြစ်ကာ အလွန် အားကောင်းသည်။ မှန်သည်… သူကား ရီဖူရှင်း သည်မတိုင်မီက မြင်ခဲ့သော ချန်းလျူ၏အစ်ကို ဖြစ်သည်။ ယခု ချန်းလျူကလည်း သူ့ဘေးတွင် ရှိသည်။

“ပြော…” ကျင်းယွန်လင်က ချန်းဝမ်ကို ကြည့်ကာ ပြောသည်။

“အရင်တုန်းက လျှို့ဝှက်ဘုံ ဖွင့်တဲ့ အချိန်တုန်းက ထိပ်သီးကျောင်း သုံးကျောင်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ပြီး ဘယ်သူက သိုင်းပညာ ကံစွမ်းအား ပိုပြီးရလဲ ပြိုင်ဆိုင်ခဲ့ကြတယ်… ဒါပေမဲ့ လောင်ရီထျန်းကလွဲရင် အများစုက အဋ္ဌမဘုံအထိပဲ တက်လှမ်း နိုင်ခဲ့ကြတယ် မလား…” ချန်းဝမ်က ပြောသည်။ “ဒီတစ်ခါ ငါတို့ တခြားနည်းတွေနဲ့ စမ်းကြည့်တာ မကောင်းဘူးလား… ဒီတစ်ခေါက် ဘယ်ကျောင်းကပဲ ဖြစ်ဖြစ် ငါတို့ အတူပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်….”

“အရင်တုန်းကလည်း ဒီလို ကြိုးစားဖူးတဲ့လူတွေ ရှိတယ်… အဆုံးသတ်မှာ ဘာဖြစ်သွားကြလဲ…” တစ်ယောက်က အေးစက်စွာ ပြောသည်။ နှစ်ပေါင်းများစွာ ကြာအောင် မရေမတွက်နိုင်သော လူများက နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ကြသည်။ ချန်းဝမ် အကြံပေးသလို ကြိုးစားခဲ့ဖူးသူများလည်း ရှိကြ၏။ သို့သော် နောက်ဆုံးတွင် သိုင်းပညာ ကံစွမ်းအားကို အဝေမတည့်ဘဲ ပြဿနာ တက်ခဲ့ကြသည်သာ…။ လျှို့ဝှက်ဘုံနှင့် ရင်းနှီးနေသော သူတို့အတွက် နောက်ဆုံး သုံးဆင့်တွင် ဘာရှိသည်ကို သူတို့ သိနားလည်ကြ၏။ ဘယ်သူက နောက်ဆုံး ရိုက်ချက်ကို သုံးကာ သိုင်းပညာ ကံစွမ်းအားကို လက်ခံရယူမည်နည်း။

အတိတ်တွင် နောက်ဆုံးအချိန်မှ နောက်ကျော ဓားနှင့်ထိုးကာ လုပ်ကြံသောကြောင့် အဓိက ကလန်များ၏ မျိုးဆက်များ သေဆုံးဖူးသော သာဓကများလည်း ရှိသည်။ ထိုအမှုက အဓိက ကလန်များအကြား အချင်းများစေကာ ပြဿနာများစွာ တက်စေခဲ့၏။ ထိုစဉ်မှစ၍ ထိုသို့ စုပေါင်း၍ သွားမည်ကို သိပ်မပြောကြတော့ပေ။ မည်သူကမှလည်း လျှို့ဝှက်ဘုံအတွင်း တခြား တစ်ယောက်ကို ယုံကြည်မှု မရှိကြတော့ပေ။

“မင်းတို့က ဒီလိုထင်ရင် ကျုပ်ပြောတာကို မေ့လိုက်ပါ… ကျုပ်တို့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးကြတာပေါ့… ဒါပေမဲ့ အရင်နှစ်တွေတုန်းက အတွေ့အကြုံအရ ကျုပ်တို့က မပူးပေါင်းရင် ငါတို့က သတ္တမဘုံကို ဖြတ်ကျော် နိုင်ရင်တောင် အဋ္ဌမဘုံက အဆုံးသတ် ဖြစ်မှာပဲ…” ချန်းဝမ်က ခံစားချက် ကင်းမဲ့သော ပုံစံဖြင့် ပြောသည်။ ချန်းဝမ်က အမှန်ကို ပြောခြင်း ဖြစ်ကြောင်း အားလုံးက သိကြ၏။ သူတို့အားလုံးက မိမိကိုယ်ကို ယုံကြည်မှု ရှိသည့်တိုင် လောင်ရီထျန်းကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်သည်ကို သိကြသည်။

ရာစုနှစ်ပေါင်း များစွာအတွင်း လောင်ရီထျန်း တစ်ယောက်သာ နဝမဘုံကို ရောက်ဖူးခဲ့သည်။ သူတို့က ဖြစ်နိုင်ပါ့မလား…။

“သူ့အကြံလည်း မဆိုးဘူးမလား…” မိန်းမပျို တစ်ယောက်က တိတ်ဆိတ် နေရာမှ ပြောသည်။ သူမကား ချောမောလှပကာ ကုယွန်ချီနှင့်ပင် အလှချင်း မတိမ်းမယိမ်း ရှိသည် ပြောရမည်။ သူမ၏အသားအရေက ပုလဲလုံးများလို ဖြူဥနေကာ သူမ၏ခန္ဓာကိုယ်မှ သစ်ခွရနံ့များ သင်းပျံ့နေသည်။ ကျောက်စိမ်းရောင် ဝတ်စုံက သူမနှင့် လွန်စွာ လိုက်ဖက်ရကား နတ်မိမယ် တစ်ပါးအလား ထင်မှတ်ရ၏။ သူမကား သူရိယနေမင်း၏အလှပဂေး ဖြစ်သော လျူစုရှင်း ဖြစ်သည်။

သူမက ဝင်ပြောသည်တွင် အားလုံးက တွေဝေသွားကြဟန် ရ၏။ ထို့နောက် တစ်ယောက်က ပြောသည်… “ဘယ်လို လုပ်ကြမလဲ…”

“လျှို့ဝှက်ဘုံထဲမှာ သိုင်းပညာ ကံစွမ်းအား အမျိုးအစား ဘယ်လောက် ရှိတယ် ဆိုတာ ကျုပ် တိတိကျကျ မပြောတတ်ဘူး… နောက်ဆုံး ဘုံသုံးခုမှာ ရှီကံစွမ်းအား ရှိတယ် ဆိုတာတော့ သေချာတယ်… တကယ်လို့ တစ်ယောက်ယောက်က အဲဒါကို ရသွားရင် နောက်တစ်ယောက်က လုမယူဖို့ သဘောတူကြရမယ်… ပြီးတော့ ကျုပ်တို့က ကျန်လူတွေကို ထားခဲ့ပြီး ကိုယ့်သဘောနဲ့ နောက်တစ်ဆင့်ကို မတက်သွားဖို့ လိုတယ်… ကျုပ်တို့က ရှီကံစွမ်းအားကို ဆက်ပြီး ရှာဖွေကြမယ်… ဒီနည်းနဲ့ ကျုပ်တို့ထဲ ပါတဲ့လူတွေ တစ်ယောက်ချင်းစီ အတွက် သိုင်းပညာ ကံစွမ်းအား တစ်မျိုး အနည်းဆုံး ရအောင် အကုန်လုံး အတူတူ ကြိုးစားကြရမယ်… ဒါဆို ကျုပ်တို့က နဝမဘုံကို တက်လှမ်းဖို့ အခွင့်အရေး ရှိတယ်…” ချန်းဝမ်က အကြံပေးသည်။

လူအများအပြား သူ၏သဘောကို စိတ်ဝင်စားကြသည်။ သူတို့က ချန်းဝမ်ပြောသလို လုပ်ပါက အမှန်တကယ်လည်း အလုပ်ဖြစ်နိုင်သည်။ သို့သော်လည်း အတိတ်ကကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်မလာဟု မည်သူကမှ တထစ်ချ မပြောနိုင်ပေ။

“ကျွန်မ သဘောတူတယ်…” ချန်ယုံက ပြောသည်… “တကယ်လို့ တစ်ယောက်ယောက်က လုံလောက်တဲ့ ကံစွမ်းအားကို စုဆောင်းပြီး အဋ္ဌမဘုံကို တစ်ယောက်တည်း ဝင်သွားမယ်ဆိုရင် ကျွန်မတို့က သူ့ကို ဝိုင်းသတ်မယ်…”

“ဘယ်သူမှ မငြင်းရင် ကျုပ်လည်း ပါမယ်…” ကြယ်မင်းကျောင်း၏ ထိပ်သီးပါရမီရှင် ပိုင်ချွန်ကလည်း ပြောသည်။ ထို့နောက်တွင် လူတိုင်းက ချန်းဝမ်၏အကြံကို လက်ခံလိုက်ကြသည်။ သူတို့၏စိတ်ထဲမှ တကယ့်အတွေးများကိုမူကား ဘယ်သူမှ မသိနိုင်ပေ။

“ကောင်းပြီ… ဆက်သွားကြမယ်…” ချန်းဝမ်က ပြောသည်။ ချက်ချင်းပင် အားလုံးက နောက်လှည့်ကာ တံခါးကို ဖြတ်ကျော်လျက် သတ္တမဘုံထဲသို့ ဝင်လာကြသည်။

“ဆရာရီ… အတူတူ သွားကြရအောင်…” ကုယွန်ချီက ရီဖူရှင်း၏ဘေးမှ နေ၍ မေးသည်။

ကုမိန်ကလည်း ပြောသည်… “အတူသွားရအောင်…”

ခုနက ရီဖူရှင်းက ကုယွန်ချီအား ကူညီကာ အားကောင်းသော စစ်သည်များကို သတ်ဖြတ်ခဲ့သည်ကို သူမြင်သည်။ မှော်ဂီတပညာအပြင် ရီဖူရှင်းက သိုင်းပညာတွင်လည်း အလွန် အားကောင်းသည်ကို သူရိပ်မိ၏။

“ကောင်းပြီ…” ရီဖူရှင်းကလည်း လက်ခံသည်။

***

လျှို့ဝှက်ဘုံ၏ သတ္တမဘုံသည်လည်း ကျယ်ပြော နက်ရှိုင်းလှသည်။ သူတို့အုပ်စုက ရှေ့ကို လျှောက်သွား လိုက်သည်နှင့် ချက်ချင်းပင် များစွာသော စစ်သည်များ ရောက်ရှိ လာကြပြန်သည်။

သည်တစ်ကြိမ်ကား စစ်တပ်ကြီး မဟုတ်တော့ပေ။ လက်ရှိ သူတို့၏ ရှေ့တွင် စစ်သည် တစ်ရာလောက် ရှိကာ တစ်ဦးချင်းစီက အလွန်အမင်း အားကောင်းသည်ဟု ခံစားကြရသည်။ စစ်သည် တစ်ဦးစီက ဆဋ္ဌမဘုံမှ စွမ်းအား အမြင့်ဆုံးများထက်ပင် အားကောင်းပုံ ရသည်။ သူတို့ထံတွင် ပမာဏ များပြားသော ကံစွမ်းအားများ ပါရှိ၏။

ထိုစစ်သည် တစ်ရာခန့်၏ နောက်ဆုံး တောင်ကုန်းလေး တစ်ခုတွင်ကား ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် လူတစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ ရီဖူရှင်းက သူ့ထံမှ အန္တရာယ်၏ အငွေ့အသက်ကို ရနေသည်။

“သတ္တမဘုံက အရင်ဘုံဌာနတွေနဲ့ မတူဘူး… ကျွန်မက ဒီဘုံကို အရင်တုန်းက မရောက်ဖူးပေမဲ့ ဒီနေရာမှ ရှီကံစွမ်းအားတွေက ထိန်းချုပ်ထားတဲ့ ရှီအဆင့်သိုင်းပညာ ကံစွမ်းအားတွေ ရှိတယ်လို့ ငါကြားတယ်… ဒါကြောင့် သူတို့က အရမ်း အားကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းရည် ရှိကြတယ်…” ကုယွန်ချီက ပြောသည်။

သည်မတိုင်မီ ဘုံဌာနများမှ စစ်သည်များ၏ တန်ခိုးအဆင့်က အကာနာတွင်သာ ရှိသော်လည်း သူတို့ ပိုင်ဆိုင်ထားသော ကံစွမ်းအားများက နိုဘယ်အဆင့် ဖြစ်သည်ကို ရီဖူရှင်းက သိသည်။ ထိုအရာက သူက ယခင် ရှေးဟောင်းမြေရိုင်း ဒေသမှ ကံစွမ်းအားနှင့် ဆင်ဆင်ရသည်။

ဘုန်း…

ကုယွန်ချီ စကားပြောနေစဉ်မှာပင် တိုက်ပွဲ စတင်ဖြစ်ပွားသည်။ လူတိုင်းက သူတို့၏ စွမ်းအင်များကို ထုတ်လိုက်ကြသည်။ ထိပ်သီးကလန်များမှ လူများက ရှီအဆင့် လက်နက်များကိုပင် ထုတ်သုံးကြ၏။ သူတို့အားလုံး အထူး သတိထားရန်လိုသည်။

သတ္တမဘုံထဲတွင် သတိတစ်ချက် လစ်သွားသည်နှင့် သေသွားနိုင်၏။ သူတို့အားလုံးက လက်ရှိမျိုးဆက်၏ အတော်ဆုံးများ ဖြစ်ကြသော်လည်း သည်ဘုံအဆင့်တွင် ဘယ်သူကမှ သတိလစ်ဟင်းမည် မဟုတ်ပေ။

စစ်သည် တစ်ရာတို့ကလည်း ညာသံပေးကာ ပြေးဝင် လာကြသည်။ သူတို့အားလုံး ဝင်လာသော ပုံစံက ဝင်္ကပါတစ်ခု ပုံစံဖြစ်ကာ ပူးပေါင်း တိုက်ကွက်တစ်ခု ဖြစ်ဟန်ရသည်။ သူတို့အားလုံးက လက်ဝါးနှစ်ဖက်ကို ပြိုင်တူ ပူးကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ကောင်းသော မြေဆွဲအားတစ်ခု စက်ကွင်းအလား ဖြစ်ပေါ်လာသည်။ ထိုစက်ကွင်းထဲတွင် သူတို့အားလုံး၏ ခန္ဓာကိုယ်များက သံမဏိတုံးများအလား လေးလံ သွားကြ၏။

“သူတို့ အားလုံးကို သတ်…” ချန်းဝမ်က အော်သည်။ နေသူရိန် ဓားတစ်လက် သူ၏လက်တွင် ပေါ်လာကာ သူ၏ရှေ့မှ စစ်သည်များကို သဲသဲမဲမဲ တိုက်ခိုက်သည်။

ကျင်းယွန်လင်က သူ၏လက်ဝါးကို ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် ရွှေရောင် လှံသွားတစ်ခုက သူ၏ရှေ့မှ စစ်သည် တစ်ယောက်အား ထွင်းဖောက်သွားသည်။ လောင်မူ၏နဂါးမူကား မာန်ဟုန်ပြင်းစွာဖြင့် ရန်သူများကို ကြမ်းရမ်းနေသည်။

အားလုံးက သူတို့က တစ်ပြိုင်နက်တည်း ပြေးဝင် တိုက်ခိုက်ကြသည်။ ထိုနေရာ တစ်ခုလုံး မာန်သွင်းသံများ၊ လေထုပေါက်ကွဲသံများ၊ စွမ်းအင် ထုတ်လွှတ်သံများ ဆူညံသွား၏။ တဖြည်းဖြည်းဖြင့် စစ်သည်များ အရေးနိမ့်လာကာ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံကြရသည်။ ထိုစဉ်က တောင်ကုန်းနားမှ တိတ်ဆိတ်စွာ ရပ်နေသောလူက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံး လေးလံထိုင်းမှိုင်း သွားကာ စွမ်းအင်လှိုင်းတစ်ခု သူတို့ထံ ရိုက်ခတ်သွားသည်။ ခဏအတွင်းတွင် စွမ်းအင်လှိုင်း ရစ်ပတ်ခံရသူများက ကျောက်တုံး ကျောက်ဆောင်များ အကြားထဲသို့ မြှုပ်နှံခံရသလို ခံစားလိုက်ကြရသည်။ စွမ်းအင်လှိုင်းများက ကျောက်ဆောင်များ အဖြစ် ပြောင်းလဲ သွားခြင်းပင်။

မြေပြင်ပေါ်မှ​ စစ်သည်များက လေထဲကို ခုန်လွှားကာ ထိပ်သီးကျောင်း သုံးကျောင်းမှ​လူငယ်များအား တိုက်ခိုက်ကြသည်။ တဝုန်းဝုန်း မြည်သံများနှင့်အတူ လူအချို့က အရိုက်ခံရကာ မြေပြင်ပေါ်သို့ လွင့်စဉ်ကျသည်။ သူတို့၏ပါးစပ်မှ သွေးများ စီးကျလာကြ၏။

ရီဖူရှင်းတို့က နောက်ဆုံးတွင် ရပ်နေကြသော်လည်း သူတို့ကလည်း ကျောက်ဆောင်များ အကြား နှစ်မြှုပ်ခံရသည်။ ထိုအခိုက်တွင် သူ့အနီးတစ်ဝိုက် အားလှိုင်းများကို ခံစားရ၏။ ထိုအရာက ရှီတန်ခိုးရှင် တစ်ယောက် ချန်ထားခဲ့သော ကံစွမ်းအားများ ဖြစ်ကြသည်။

ဘန်း…

ရီဖူရှင်းအား ရစ်ပတ်ထားသော ကျောက်ဆောင်များ ပြိုကျသွားသည်။ ရီဖူရှင်းကလည်း ရှေ့ကို ခုန်လွှားကာ အော်လိုက်သည်… “တိုက်ကြ…”

ထိုစဉ် တောင်ကုန်းလေးပေါ်မှ တန်ခိုးရှင်၏ ခန္ဓာကိုယ်က ရုတ်တရက် ဧရာမ ကျောက်ဘီလူးသဏ္ဌာန် ပြောင်းသွားသည်။ ထို့နောက် ကျောက်ဘီလူးကြီးက လေထဲမှ ပျံသန်းလာကာ သူ၏ကြီးမား ကျယ်ပြန့်သော ခြေဖဝါးကြီးဖြင့် သူတို့အား နင်းခြေရန် ကြိုးစားသည်။

သစ်ကိုင်းတိုးသံများ ထွက်လာကာ ရီဖူရှင်း၏ များပြားသော သိုင်းပညာ ကံစွမ်းအားများက နွယ်ပင်များအဖြစ် ပြောင်းလဲသွားပြီး စစ်သည် တစ်ဦးထံသို့ တိုးဝင်သွားသည်။ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း လေထဲကို ခုန်တက် လိုက်ကြသည်။ ယူချင်းက သူ၏သန်မာသော လက်သီးများဖြင့် ပြင်းထန်စွာ တိုက်ခိုက်သလို ရီဝူချင်းကလည်း သူ၏မြန်ဆန်သော ဓားချက်များကို ထုတ်သည်။ ချက်ချင်း စစ်သည်အချို့ တဝုန်းဝုန်း ပြိုလဲသွားကြ၏။

ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါတစ်ခု သူတို့ထံ ဆင်းသက် လာသည်။ သူတို့၏ခန္ဓာကိုယ်က ပိုမိုလေးလံ သွားသည်။ ထို့နောက်တွင် ရှီအဆင့် ကျောက်ဘီလူးက သူတို့ထံ ခုန်ဝင်လာ၏။ ချက်ချင်း သူတို့အားလုံးက ကြီးမားသော ဖိအားအောက်ကို ရောက်သွားသည်။

သူက အားလုံး၏အပေါ် ကောင်းကင်ထက်တွင် ရပ်လိုက်ကာ ရုတ်တရက် အပေါ်မှ ဆောင့်နင်း ချလိုက်သည်။ ချက်ချင်းပင် ကမ္ဘာမြေက တုန်ခါသွားသလို အသံကြီးနှင့်အတူ လူအနည်းငယ်က သွေးများအန်ကာ နောက်ကို လွင့်စဉ်သွားကြပြီး သူတို့၏မျက်နှာများ ပြာနှမ်း သွားကြသည်။ ရီဖူရှင်းကလည်း မမြင်ရသော ခြေဖဝါးပုံရိပ်တစ်ခု သူ့ထံ ဆင်းသက်လာသလို ခံစားရကာ သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။

ကျောက်ဘီလူးက ကောင်းကင်မှ ဆင်းသက်လာသည်။ လူအများအပြားက ကြီးမား ပြင်းထန်သော ဖိအားကို ခံစားရကာ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကျဆင်းသည်။

“တိုက်ကြ…” ချန်းဝမ်က သူ၏ဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကာ ဝှေ့ယမ်းလျှင် နေရောင်ခြည် စွမ်းအားက သူ့ရှေ့မှ အားအဟုန်များကို ပျက်စီးသွားစေသည်။ ထို့အတူ သူ၏ခန္ဓာကိုယ် အတွင်းမှ သိုင်းပညာ ကံစွမ်းအားများကလည်း တူညီစွာဖြင့် အသက်ဝင်လာသည်။ နေသူရိန်ဓားမှ အလင်းတန်းက ကောင်းကင်ကိုပင် ထက်ခြမ်း ကွဲသွားစေပုံရ၏။ တစ်ချိန်တည်းမှာပင် ကျင်းယွန်လင်က သူ၏လက်မှ ရှေးဟောင်း ခေါင်းလောင်း တစ်ခုကို ထုတ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်စွမ်းအင် မုန်တိုင်းက ထောင်ပေါင်း များစွာသော မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ကျောက်ဘီလူးကြီးအား ရစ်ပတ်လာသည်။

များစွာသော တန်ခိုးရှင်များက တစ်ချိန်တည်းမှာ တိုက်ခိုက်ကြခြင်းက ရန်သူအား သတ်ဖြတ်ရန် တစ်ခုတည်း မဟုတ်ဘဲ ကံစွမ်းအားများကို ရရှိရန်လည်း ဖြစ်သည်။ သူတို့အားလုံးက အစီအစဉ်အတိုင်း မျှတသော ပမာဏတစ်ခုကို ခွဲဝေရရှိမည် ဖြစ်သော်လည်း ဦးဆုံး ရရှိသူက ပိုမို၍ စိတ်ချရပေသည်။

သည်နေရာမှ လူအများအပြားက သတ္တမဘုံအား ဖြတ်ကျော်သွားရန် အရည်အချင်း ရှိသည်ကို သိကြသည်။ မည်သို့ဆိုစေ သူတို့အားလုံးတွင် ရှီအဆင့်လက်နက် ရှိကြ၏။ သို့သော်လည်း သူတို့က အဋ္ဌမဘုံကို ဘယ်သောအခါမှ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သည်ကဲ့သို့ လူများအားလုံး ပူးပေါင်းခြင်းကို သတ္တမဘုံက တားဆီးနိုင်မည် မဟုတ်သည်မှာ သေချာ၏။

ဘန်း… ဘန်း… ဘန်း…

တိုက်ကွက် များစွာက ကျောက်ဘီလူးထံကို ကျဆင်းလာကာ သူ၏ ခန္ဓာကိုယ်ကလည်း အက်ကွဲလာ၏။ ချက်ချင်းပင် ရီဖူရှင်းတို့ အပါအဝင် လူအများအပြားက မြန်ဆန်စွာ ကျောက်ဘီလူးထံသို့ ပြေးဝင် သွားကြသည်။

ရုတ်တရက် ဓားအလင်းတစ်ချက် လေဟာနယ်ကို ခွင်းလျက် ရောက်လာသည်။ ရီဖူရှင်းက သူ့ထံသို့ ရောက်ရှိလာသော ဓားအလင်းအား သူ၏လက်ထဲမှ နှင်တံဖြင့် ရိုက်ချလိုက်သည်။ လင်းလက် တောက်ပသော ဓားအလင်းက ပျက်စီး ပျောက်ကွယ် သွားသော်လည်း ရီဖူရှင်းတို့က နောက်ကို ဆုတ်ပေးလိုက်ရ၏။ ထို့နောက် သူတို့၏ရှေ့တွင် လူတစ်ယောက်က ရပ်နေသည်ကို တွေ့ရသည်။ သူကား ယူချင်းနှင့် တိုက်ခိုက်ဖူးသော ကျင်းယွန်ရှောင်း ဖြစ်သည်။

“ရှင် ဘာလုပ်တာလဲ…” ကုယွန်ချီက ဒေါသတကြီး မေးကာ လှမ်းလာသည်။ ထိုအခိုက်တွင် ကျင်းယွန်ရှောင်းက ရှီအဆင့် ဓားတစ်လက်ကို ကိုင်ဆောင် ထားသည်။ အကယ်၍ ရီဖူရှင်းကသာ သတိမထားလျှင် ထိုဓားချက် အောက်တွင် သေဆုံး သွားနိုင်သည်။

ကျင်းယွန်ရှောင်းက အတောင်ပံများကို ခတ်ကာ လေထဲတွင် ရပ်နေသည်။ သူက ရီဖူရှင်းတို့အဖွဲ့အား အထင်အမြင်သေးစွာ ကြည့်နေ၏။ ထို့နောက် သူက ကုယွန်ချီအား ပြုံးလျက်ကြည့်ကာ ပြောသည်… “ကုယွန်ချီ… သူတို့က ရှီအဆင့်သိုင်းပညာ ကံစွမ်းအားကို ထိခွင့်မရှိဘူး… ငါတို့အဖွဲ့ထဲမှာ သူတို့ မပါဘူး… ဒါပေမဲ့ သူတို့က တကယ်ပဲ ကြားဖြတ် လုချင်တယ်… ဘယ်လောက် အဓိပ္ပာယ် မရှိလိုက်သလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset