ဝူလင်းယူအိပ်ရာပေါ်တွင် လဲကာ သဲလွန်စများကို ဆက်စပ်ကြည့်နေစဉ် သွားရည်ကျလောက်သော အသားကင်အနံ့သည် လေနှင့်အတူပါလာသည်။
အတိုချုံးပြောရလျှင် ကြက်သားကင်နေသော ရှီမာယူယူဆီသို့ လျှောက်သွားလိုက်ပြီး ဝူလင်းယူ ပုလဲအလင်းရောင်ကို ယူဆောင်လာပြီး ဂူတစ်ခုလုံးသည် နေ့ကဲ့သို့ လင်းသွားတော့သည်။
သူမ မှော်ဝင်လက်စွပ်မှ စားပွဲနှင့်ပန်းကန်ပြားကို ထုတ်ယူလိုက်ကာ ပန်းကန်ပေါ်တွင် ကြက်ကင်ကိုတင်၍ အပိုင်းများဖြစ်အောင် ပိုင်းဖြတ်လိုက်ရင်းမေးလိုက်သည် “နည်းနည်းလောက်စားမလား”
သူမကျင့်ကြံနိုင်သည်ကို ဖုံးကွယ်၍မရနိုင်ကြောင်းကို သူမ တွေးမိ၍ ဖုံးကွယ်မထားရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မှော်ဝင်လက်စွပ်အား သက်တောင့်သက်သာပင် ဖွင့်၍ အသုံးပြုလိုက်သည်။ သူမ ဖုံးကွယ်ဖို့လိုသည်မှာ အထဲတွင် သက်ရှိတိရိစ္ဆာန်များနှင့်အတူနေနိုင်သော ကိုယ်ပိုင်နေရာတစ်ခုရှိသည်ကိုပင် ဝိညာဉ်ပုလဲ၏ တည်ရှိမှုကို လျှို့ဝှက်ချက်အဖြစ်ထားရှိရန်လိုသည်။
“မင်း မှော်ဝင်လက်စွပ်ကို သုံးနိုင်တာပဲ” ဝူလင်းယူ အံ့သြမှုတစ်စုံတစ်ရာမရှိပဲ အတိအကျပြောလိုက်သည်။
“ဝိညာဉ်သခင်ဖြစ်နေမှတော့ သုံးနိုင်တာပေါ့” သူမပြန်ပြောလိုက်သည်။
“မင်း ဝိညာဉ်ချီကို အာရုံမခံနိုင်ပဲ မကျင့်ကြံနိုင်ဘူးလို့ကောလဟလရှိတယ်လေ” သူ ချက်ထိအောင်ပြောလိုက်သည်။
“ခင်ဗျားပြောတဲ့အတိုင်းပဲကောလဟလလေ” သူမ ထိုအကြောင်းအရာကို ဘေးချိတ်ထားလိုက်ကာ စကားလမ်းကြောင်းလွဲလိုက်သည် “ဒါနဲ့ ခင်ဗျားနာမည်ကဘာလဲ ဘာအစားအစာကြိုက်တတ်လဲ အစားမစားပေမယ့်ပေါ့”
“ဝူလင်းယူ”
“ကောင်းပြီ ဝူလင်းယူ ခင်ဗျားစားချင်လား” သူမထပ်မေးလိုက်သည်။
ပုံမှန်အားဖြင့် သူသာမာန်အစားအစာများကို မစားပါ။ သို့သော် သူ့အားကြည့်နေသော သူမ၏တောက်ပသော မျက်လုံးများကို မြင်သည်နှင့်ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သူထိုင်ပြီးစာနိုင်ရန် ရှီမာယူယူ စားပွဲအား အိပ်ရာဆီသို့ တွန်းလိုက်သည်။ ထို့နောက် ပန်းကန်အလွတ်ထဲသို့ သူ့အတွက် ထည့်ပေးလိုက်ပြီး ကျန်သော အသားများကို ဖြေးဖြေးချင်းရွေးကာ အရသာခံစားတော့သည်။ သူမ စားသော ပုံစံမှာ အနုပညာဆန်၍ သပ်ရပ်ကြော့မော့လှသည်။
ဝူလင်းယူ ကြက်တောင်ပံအားယူလိုက်ကာ မစဉ်းစားတော့ပဲ တစ်ကိုက် ကိုက်လိုက်သည်။ သို့သော် အရသာရှိလှသည်ကို ခံစားမိပြီး အံ့သြသွားကာ မသိစိတ်ကပင် နောက်တစ်ကြိမ် အကြီးကြီးကိုက်မိတော့သည်။
“မင်း အစားအစာကို ဒီလောက်အရသာရှိအောင်ချက်နိုင်လိမ့်မယ်လို့ ငါထင်တောင်မထင်ထားဘူး” ဒီလိုအရသာရှိသည့်အရာကို မစားရသည်မှာ ကြာပြီဖြစ်သည်။ ထို့အပြင် ဒီလိုလူသူကင်းမဲ့သည့်နေရာတွင် သူမရက်ရောမှုကို သူချီးကျူးမိသည်။
“ခင်ဗျားမထင်ထားတာတွေ နောက်ထပ်အများကြီးရှိသေးတယ်”
ဟိန်းသံလေးဝင်လာသည်ကို သူမမြင်သည်နှင့် သူ့အတွက်ချန်ထားသော ကြက်ကင်အား မှော်ဝင်လက်စွပ်မှ သူမ ထုတ်လိုက်သည်။
“ယူယူ မင်းအရမ်းလွန်တာပဲ ဒီလိုကောင်းတဲ့အရာရှိတာကို ဘာလို့မခေါ်တာလဲ” ဟိန်းသံလေးသည် အသံထွက်မပြောပဲ သူမအား စိတ်ချင်းဆက်သွယ်ကာပြောလိုက်သည်။
“ငါမခေါ်လည်း မင်းရောက်လာတာပဲမလား” သူမ ကြင်နာစွာဖြင့် သူ့ခေါင်းအားပုတ်လိုက်သည်။ “မင်းအခု တခြားဝိညာဉ်သားရဲနဲ့ပျော်ပျော်ရွှင်ရွှင် စကားပြောနေတယ်ဆိုတာ ငါကြားတယ် ဟင် မင်းရဲ့ ဖောက်ပြန်တတ်တဲ့ အကျင့်ကို ငါဘယ်လိုလုပ်မသိပဲနေမလဲ”
“မဟုတ်ပါဘူး” ဟိန်းသံလေး အားလျော့စွာ ကန့်ကွက်လိုက်သည်။ သို့သော် ထိုအကြောင်းအရာကို သက်သေပြလိုက်သောအခါ သူ့ကိုယ်သူပင် မယုံနိုင်ပေ။
“မင်းရဲ့ စာချုပ်သားရဲလား” ဟိန်းသံလေးအားကြည့်၍ စပ်စုစွာ ဝူလင်းယူမေးလိုက်သည်။
သူမ သူ့အားကြည့်ကာ ပြန်ပြောလိုက်သည် “ဟုတ်တယ် အသုံးမဝင်ပဲ နှာဗူးတဲ့ တစ်ယောက်ပဲ”
“ဟေး ဘယ်သူက အသုံးမဝင်တာလဲ” ဟိန်းသံလေး ပြန်ပြောလိုက်သည်။
“ချစ်စရာကောင်းတာပဲ” ဝူလင်းယူပြောလိုက်သည်။
“မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်” ထိုအချိန်တွင် ရှီမာယူယူသည် နောက်ဆုံး ကြက်သားတုံးကို ကိုက်ဖြတ်နေချိန်ဖြစ်သည်။ သူမ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ဒီမှာ လုံခြုံတယ် ဝိညာဉ်သားရဲတွေက ဒီနေရာကို မကျူးကျော်နိုင်ဘူး အဲတော့ အေးအေးဆေးဆေးအနားယူပြီး ကောင်းကောင်းအားဖြည့်လိုက်”
ထိုသို့ပြောပြီးနောက် သူမဂူမှ ထွက်ခွာသွားလေသည်။
ဟိန်းသံလေးသည် ကြက်ကင်ကိုကိုင်ကာ ဂူအဝင်ပေါက်ကိုကြည့်ပြီး သူ့ခေါင်းလေးကို လှည့်ကာ ဝူလင်းယူကို ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ အကျပ်ရိုက်သွားပုံရသည်။ နောက်ဆုံးတွင် ဝူလင်းယူအကြည့်အား ရှောင်ရှားကာ ကြက်သားတုံးနှင့် ဂူမှထွက်သွားလေသည်။
သူသည် အလှအပကို သဘောကျသော်လည်း သူ့အတွက်အရေးကြီးသည်မှာ ရှီမာယူယူသည် သူ့သခင်ဖြစ်နေဆဲပင်။
ဟိန်းသံလေး အင်တင်တင်ဖြစ်နေပုံကို ကြည့်၍ ဝူလင်းယူ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
ရှီမာယူယူနှင့် ဟိန်းသံလေးတို့ အဝေးကိုရောက်သွားပြီဖြစ်ကြောင်းအာရုံခံပြီးနောက် မီးတောက် ချီလင်းသည် အနီရောင်မီးတောက် ဝတ်ရုံကိုဝတ်ဆင်ကာ လူပုံစံဖြင့် ပေါ်လာပြီး သူ့သခင်ဆီသို့ လျှောက်သွားလေသည်။
သူစားပွဲဆီသို့လာကာ ထိုင်ပြီးနောက် ကြက်ပေါင်ကိုယူကာ အားရပါးရကိုက်စားလိုက်သည်။ “ဟမ် သခင် ဒီမိန်းကလေးက ဟင်းချက်တော်တာပဲ” သူ့လက်ချောင်းကိုပင် စားတော့မည့်ပုံစံဖြင့် သူ အားပါးတရစားလိုက်သည်။
“ငါ့ ကြက်ပေါင်ကို ဘာလို့စားပစ်တာလဲ” ဝူလင်းယူသည် မျက်နှာထားတင်းတင်းဖြင့် မီးတောက် ချီလင်းအား စိုက်ကြည့်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအစားအစာကို မင်းမှမစားတာ” မီးတောက်ချီလင်းသည် ကြက်ပေါင်ကို လက်ဖြင့်ကိုင်ကာ အားရပါးရစားကာ အချိန်တိုအတွင်းတွင် ပြောင်သွားတော့သည်။ နောက်ကြက်သားတစ်တုံးကို ယူရန်ကြံရွယ်သော်လည်း ဝူလင်းယူသည် သူ့လက်အားပုတ်ထုတ်လိုက်ကာ ကြက်ခေါင်းကိုသာ ပေးလိုက်သည်။
“သူမဘေးမှာရှိတာက ဘာဝိညာဉ်သားရဲလဲဆိုတာ ဖော်ထုတ်နိုင်လား” ဝူလင်းယူမေးလိုက်သည်။
သူ့အာရုံသည် ကြက်သားပေါ်တွင်မရှိတော့သည်ကို မီးတောက်ချီလင်းမြင်သည်နှင့် နောက်ကြက်သားတစ်တုံးကို မြန်မြန်ကောက်ယူလိုက်ကာ စားလိုက်သည်။ “မင်းပြောတာ အဲကောင်လား၊ သူက အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းသားရဲ ဟူပဲ”
“ဒီလိုလူသူမရှိတဲ့နေရာ အဆင့်နိမ့်တဲ့လောကမှာ ဘယ်လိုလုပ် အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းသားရဲက ပေါ်လာတာလဲ” ဟိန်းသံလေး၏ သရုပ်မှန်ကို သိသည်နှင့် ဝူလင်းယူအံ့သြသွားကာ မေးလိုက်သည်။
“မသိဘူးလေ” မီးတောက်ချီလင်းသည် ဝါးနေရင်းနှင့်ပင် ပြောလိုက်သည်။ “ပြီးတော့ ကြည့်ရတာ သူ့ ပြင်းပြင်းထန်ထန်ထိခိုက်ထားတာကြောင့် သူ့စွမ်းအားတွေကို ချွေတာနေတာဖြစ်မယ်။ တကယ်လို့ သာမာန်အားနဲ့သာ အဆင့်မြင့်လောကကို ဝင်ရင် အချိန်တိုအတွင်း တခြားဝိညာဉ်သားရဲတွေရဲ့ ကိုက်ဖြတ်တာကိုခံရမှာပဲ ပြီးတော့ သူ့သခင်ကလည်း အားနည်းနေသေးတယ်”
ပြန်တွေးကြည့်လျှင် သူ ဟိန်းသံလေးကို မြင်သည်နှင့် သူကိုယ်တိုင်ပင်အံ့သြသွားရသည်။ အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းဟူသည် အဆင့်မြင့်လောက တွင်ပင်အလွန်ရှားပါးသည်။ ဒီလို လူသူမရှိတဲ့နေရာ အဆင့်နိမ့်လောကတွင် တွေ့ရသည်မှာ အံ့ဖွယ်တစ်ရပ်ပင်ဖြစ်သည်။
“တခြားသူတွေရဲ့ မျက်လုံးထဲမှာ သူမက ဘာမှမဟုတ်တဲ့ အမှိုက်ပဲ။ ဒါပေမယ့် သူမ ကျင့်ကြံနိုင်ရုံသာမဟုတ်ပဲ အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းသားရဲဟူနှင့် စာချုပ်ချုပ်ထားတယ် သူမက တကယ်ကိုပဲ ငါ့ကို သိချင်အောင်လုပ်တာပဲ” ဝူလင်းယူ နှုတ်ခမ်းများကွေးလိုက်ကာ ဆွဲဆောင်မှုရှိသော ဆိုးယုတ်သော အပြုံးနှင့် ပြုံးလိုက်သည်။
ဝူလင်းယူအပြုံးကို မီးတောက်ချီလင်းမြင်သည်နှင့် ရှီမာယူယူအတွက် သူ့စိတ်ထဲတွင် တစ်ခဏမျှတိတ်ဆိတ်နေလိုက်သည်။
သူ့သခင် ထိုကဲ့သို့ အပြုံးပြုံးလိုက်တိုင်းတွင် သူ့သခင်အတွင်းမှ မကောင်းဆိုးဝါးသည် ကြီးထွားနေသည့် အဓိပ္ပာယ်ဖြစ်သည်။ ထိုအပြုံးကို ရင်ဆိုင်ရသော ပစ်မှတ်သည် ကောင်းသောအဆုံးသတ်ကို မည်သည့်အခါမှ မကြုံရပေ။
“ငါ့ ကြက်ကင်ရော” ဝူလင်းယူ အတွေးများကို ပြန်စုစည်းလိုက်သောအခါတွင်တော့ သူ့လက်ထဲတွင် စားပြီးသား ကြက်တောင်ကိုတွေ့ရပြီး ရှေ့တွင် ကြက်ရိုးများကို အပုံလိုက်တွေ့ရတော့သည်။
မီးတောက်ချီလင်းသည် ကြက်သားကိုစားနေဆဲဖြစ်ပြီး လေးနက်သော အသွင်ဖြင့် ပြောလိုက်သည်။ “သခင် အဲကိစ္စကို သိချင်ရင် ငါသွားပြီး စုံစမ်းလိုက်မယ်။ ငါတို့က ဝိညာဉ်စာချုပ်ကို ချုပ်ထားတာဆိုတော့ ငါအနီးမှာရှိရင် ငါအာရုံခံဖို့ဖြစ်နိုင်မယ်။ အဲအခါကျရင် ဒုတိယတစ်ခုအနေနဲ့ မင်းကိုကာကွယ်ပေးမယ်”
ဝူလင်းယူ စားပြီးသော ကြက်တောင်ပံကို စားပွဲပေါ်သို့ပစ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ “အဲလို ကိစ္စကို စိတ်ပူဖို့မလိုပါဘူး”
“ဒါဆို ငါသွားတော့မယ်” မီးတောက်ချီလင်းသည် ဂူမှထွက်ခွါသွားပြီး တောင်များဆီသို့ပျံသန်းသွားတော့သည်။
ရှီမာယူယူ တောင်များကိုကြည့်လိုက်ပြီး ထိုဝိညာဉ်သားရဲအားမြင်လိုက်သည်။ ဟိန်းသံလေးသည် သူတော်စင်အဆင့်ရှိသော သတ္တုလက်သည်းကျားနှင့် ပျော်ရွှင်စွာစကားပြောနေကြသည်။
ထို သတ္ဆုလက်သည်းကျားဆီမှ မျိုးစုံသော စွမ်းအင်ရှိသောဝိညာဉ်သားရဲများ ဒီတောင်တန်းတွင်နေထိုင်ခြင်းနှင့် များစွာသော နယ်မြေများအပါအဝင် ပူလွောင်တောင်တန်းအကြောင်းကို သူမသင်ယူသည်။ သူမ သိချင်သည်များကို မေးမြန်းပြီးနောက် သွားရသည်မှာ လွတ်လပ်သည်ဟုပြောလိုက်သည်။
သို့သော် သတ္တုလက်သည်းကျားသည် သူမအား ဝန်လေးစွာကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“အင်း…ငါဟိန်းသံလေးလိုပဲ ကြင်နာတတ်ပါတယ် ပြီးတော့ ငါဒီမှာတစ်ကောင်တည်းလေ ငါ့ကို ခေါ်သွားပါလား” သတ္တုလက်သည်းကျားသည် ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြောသည်။
“အဟွတ် အဟွတ်” ရှီမာယူူယ တံတွေးသီး၍ အသက်ရှုပင်ကျပ်သွားသည်။ ရှီမာယူယူ သတ္တုလက်သည်းကျားအား မယုံကြည်နိုင်စွာကြည့်၍ တံတွေးမျိုချလိုက်သည်။ “မင်းလိုဝိညာဉ်သားရဲလူတွေကို အထင်သေးတယ်လို့ ငါထင်နေတာ ပြီးတော့ မင်းက သူတော်စင်အဆင့် ဝိညာဉ်သားရဲပဲ အခုမှ စပြီး ကျင့်ကြံတဲ့ဝိညာဉ်သခင် ငါ့ကို သခင်အဖြစ်သတ်မှတ်နိုင်လို့လား”
သတ္တုလက်သည်းကျားသည် ဟိန်းသံလေးအားကြည့်ကာ ပြောလိုက်သည် “တကယ်တော့ ငါက ငါ့မိသားစု မျိုးနွယ်တွေက လိုက်ဖမ်းတာခံနေရတာ ပြီးတော့ ဒီတောင်တွေကြားမှာ ခြေဦးတည့်ရာလျှောက်သွားနေတာ ကြာလှပြီ ဆရာကြီးက မင်းနောက်ကိုလိုက်မှတော့ မင်းက အနာဂတ်မှာ မယုံကြည်နိုင်လောက်အောင် တိုးတက်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ငါဆရာကြီးကို ယုံတယ်”
လေထဲတွင် မြှောက်၍ ဘဝင်ခိုက်နေသော ဟိန်းသံလေးအား ရှီမာယူယူကြည့်လိုက်သည်။ ထိုကဲ့သို့ အရည်အချင်းရှိသော ဝိညာဉ်သားရဲကို လိမ်လည်လှည့်ဖျားလိုက်သော သူ့အား သူမအံ့သြမိသည်။
သူမ သူ့အားကြည့်ကာ ရှင်းပြလိုက်သည်။ “ဒီမှာကြည့် ငါမင်းကို စာချုပ်သားရဲအဖြစ် ချုပ်ချင်ပါတယ် ဒါပေမယ့် ငါက ဝိညာဉ်ထိန်းတဲ့သူမဟုတ်ဘူး ငါ့မှာ မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို ထိန်းဖို့ ဝိညာဉ်ထိန်းတဲ့အရည်အချင်းမရှိဘူး။ နောက်ဖြစ်လာမယ့် တုန့်ပြန်မှုကို ထိန်းဖို့မဖြစ်နိုင်တဲ့အတွက် ငါမင်းနဲ့ စာချုပ် မချုပ်နိုင်ဘူး”
ဟိန်းသံလေးသည် ဝမ်းနည်းစွာဖြင့် ညှိုးငယ်သွားသည်။ “အာ….. ငါဘယ်လိုလုပ် အဲလောက်အရေးကြီးတဲ့ဟာကိုမေ့ရတာလဲ” အခုလေးတင် သူ့ကိုယ်သူဂုဏ်ယူနေခဲ့ပြီး တကယ်တော့ ဒီအချက်ကို မေ့နေခဲ့သည်။
“ငါ ဆရာကြီးနောက်ကိုမလိုက်ရတော့ဘူးလို့ ပြောတာလား” သတ္တုလက်သည်းကျားသည် စိတ်ဓာတ်ကျစွာမေးလိုက်သည်။
ဟိန်းသံလေးသည် သတ္တုလက်သည်းကျားပေါ်သို့ ပျံသန်းသွားကာ နောက်ကျောပေါ်သို့ တက်လိုက်ပြီးပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ မင်းရဲ့ တော်တဲ့ဆရာကြီးမှာ နောက်ဆုံးစွမ်းဆောင်မှုရှိပါသေးတယ်”