မကြာမီ ချင်ယွန်၏ခန္ဓာကိုယ်က လှုပ်ရှားမှု ကင်းမဲ့သွားသည်။ သူ၏အနီးတွင်လည်း သွေးများ ချင်းချင်းနီနေလေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲနေသည်။ နန်းတော် တစ်ခုလုံးကလည်း တိတ်ဆိတ်နေ၏။
ချင်ဘုရင်၏ အငယ်ဆုံးသား ချင်ယွန်က လျိုနိုင်ငံကို လက်ထပ်ခွင့်ပန်ရန် ရောက်လာခဲ့သည်။ ယခုသူက လျိုနိုင်ငံ နန်းတော်တွင် သေဆုံးသွားလေပြီ။ သူ၏သေခြင်းက ဘာကြောင့်ပဲဖြစ်ဖြစ် သူကား သေဆုံးသွားလေပြီ။ အကျိုးဆက်က မည်သို့ဖြစ်မည်နည်း။
အရှင်များနှင့် ဝန်မင်းများက ရီဝူချင်းအား ဝါးစားမတတ် အေးစက်စွာ ကြည့်ကြ၏။
လျိုဘုရင်ကလည်း ရီဝူချင်းကို ကြည့်သည်။ ထိုအခိုက်တွင် သူ၏ စိတ်က လွန်စွာ ရှုပ်ထွေးနေကာ စိတ်တည်ငြိမ်နိုင်ခြင်း မရှိပေ။ သူက ရီဝူချင်းကို အပြစ်တင် နိုင်မည်လော။ ရီဝူချင်းက သူ၏ သမီးအတွက် လုပ်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဓားချက်က ချန်ယွန်၏ လည်ပင်းကို ဖြတ်ကျော် သွားပြီးသည်နှင့် သူတို့ ရင်ဆိုင်ရမည့် အကျိုးဆက်က သတ်မှတ်ပြီးသား ဖြစ်သွားသည်။ သူက ဖူယွန်ဓားကလန်၏ ဓားဝိဇ္ဇာဖြစ်သည် မဖြစ်သည်က ပြဿနာ မဟုတ်တော့ပေ။ သူသတ်လိုက်သော သူကား ချင်ဘုရင်၏ သားအငယ်ဆုံး ဖြစ်သည်။ ဖူယွန်ဓားကလန်၏ သားကိုယ်တိုင်က ထိုသို့လုပ်ခဲ့လျှင်ပင် ရလဒ်က အတူတူ ဖြစ်သည်။ သို့သော်လည်း ရီဝူချင်းက တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။ သူက ဆုံးဖြတ်ချက် ပြတ်သားစွာ လုပ်ခဲ့သည်။ ထိုအခိုက်တွင်ပင် သူကား တည်ငြိမ်ကာ ပြတ်သားပေသည်။
သူမ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ လျိုချန်းယွီ၏ မျက်နှာက မျက်ရည်များဖြင့် ပြည့်လျှံနေသည်။ ထိုဓားချက်က ပေးသော နွေးထွေးမှုက သူမရင်ဆိုင်ခဲ့ရသော နာကျင်မှုများကို ဖုံးလွှမ်းသွားသည်။ ချင်ယွန်က သူမအား လူမဆန်သော လုပ်ရပ်လုပ်ခဲ့စဉ်က လျိုနိုင်ငံ၏ အရှင်များ၊ ဝန်မင်းများနှင့် အရာရှိများက သူမ၏ ခံစားချက်ကို ထည့်တွက်ခဲ့ကြခြင်း မရှိပေ။ သူတို့က ချန်ယွန်ကို အပြစ်တင်မယ့်အစား သူမနှင့် ချန်ယွန်အား လက်ထပ်ပေးရန်ပင် ကြံစည်ကြသည်။ သူမ မည်သို့ ခံစားရမည်နည်း။ ထို့ကြောင့်ပင်လျှင်သူမက ဓားဖြင့် မိမိ၏ နှလုံးသားနေရာကို ထိုးခဲ့သည်။ သူမက သေလျှင်ပင် ချန်ယွန်အား လက်မခံနိုင်ကြောင်းကို မိမိကိုယ်ကို ဓားဖြင့်ထိုး၍ ထိုလူများအား သူမ၏ သဘောထားအား ပြသခဲ့သည်။ လျိုနိုင်ငံ၏ ဘုရင်ဖြစ်သော သူမ၏ အဖေပင်လျှင် တွန့်ဆုတ်နေခဲ့သည်။ သို့သော် တခြားတစ်ဖက်တွင် ရီဝူချင်းကား သူမအား အရှက်ရစေသော နာကျင်စေသော သူအား တိုက်ရိုက်သတ်ခဲ့သည်။
သူမက ရီဝူချင်းအား ကြည့်ကာ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချသည်။ သူမ၏ ဘဝတွင် သူမက သူ့အား ဘာဖြစ်ဖြစ် အဖော်လုပ်သွားမည်။ သူရှင်လျှင် သူမအသက်ရှင်မည်။ သူသေလျှင် သူမ သေမည်။
အဝေးမှ တခြားအင်အားစုများမှ လူများက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့၏စိတ်ထဲတွင် ကွဲပြားခြားနားသော အတွေးများ ရှိနေကြသည်။
နောက်ဆုံး သူသေပြီ… ။ ချင်လီက တွေးသည်။ ချင်ယွန်က သူမသေခင် သူ့အား အဘယ်ကြောင့် မုန်းတီးစွာ ကြည့်သည်ကို သူသိသည်။ ချင်ယွန်က တုံးအသောသူ မဟုတ်ပေ။ ထိုအစား သူက လွန်စွာ ဉာဏ်ကောင်းသောသူဖြစ်သည်။ ချင်ယွန်အား ထိုသို့လုပ်ရန် စေခိုင်းသူက ချင်လီဖြစ်သည်။ ခုနက ချင်လီက ချင်ယွန်အား ကယ်တင်နိုင်စွမ်း ရှိခဲ့သော်လည်း သူမလုပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်က အစီအစဉ် အစစ်ဖြစ်သောကြောင့်ပင်။
အစီအစဉ်က သည်မျှ လွယ်ကူစွာ အလုပ်ဖြစ်လိမ့်မည်ဟု ချင်လီ မထင်ထားပေ။ ချင်ယွန်ပင်လျှင် သတို့သမီး တောင်းရမ်းရန် လာခြင်း၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို မသိသွားခဲ့ပေ။ ချင်လီတစ်ယောက်သာ အားလုံးကို သိသည်။
လက်ထပ်ပြီး မဟာမိတ် ပြုခြင်းလား။ သူတို့ မလိုအပ်ပေ။ ချင်ပြည်ထောင်က လျိုနိုင်ငံနှင့် မဟာမိတ်ပြုရန် မူလကတည်းက စိတ်မဝင်စားပေ။ လျိုဘုရင်ကား လွန်စွာ ဉာဏ်ကောင်း လွန်းသည်။ အများဆုံး သူက လျိုချန်းယွီကို စတေးကာ ချင်ပြည်ထောင်၏ အမိန့်များကို နာခံမည် မဟုတ်ပေ။
ယခု ချင်ပြည်ထောင်အတွက် တကယ်တမ်း လိုအပ်နေသည်ကား တိုက်ပွဲဖြစ်သည်။ အရှေ့မြေရိုင်းဒေသ တစ်ခုလုံးကို တုန်ခါသွားစေနိုင်မည့် တိုက်ပွဲဖြစ်သည်။ သူတို့က အရှိန်အဝါကြီးစွာ အနိုင်ရနိုင်မည့် တိုက်ပွဲတစ်ပွဲကို အရေးတကြီး လိုအပ်နေသည်။
လျိုဘုရင်တွေးသလိုပင် ကော့တေး၏ တပည့်များက ယခုအဆင့်အထိ သို့ပင်လျှင် ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ချင်ပြည်ထောင်က သူတို့ထပ်မံ၍ အားကောင်းလာမည့် အချိန်ကို မစောင့်နိုင်တော့ပေ။ သူတို့က အများအပြား အစီအစဉ် ချထားပြီးဖြစ်သည်။ ယခု သူတို့က အခြေအနေ တစ်ခုလုံးကို အလှည့်အပြောင်း ဖြစ်စေမည့် တိုက်ပွဲတစ်ပွဲ လိုအပ်သည်။ ထို့ကြောင့် သူတို့၏ ရှေ့မှ မြင်ကွင်း ဖြစ်ပေါ်လာသည်။ လျိုဘုရင်ကသာ တားခဲ့မည်ဆိုလျှင် ချင်ယွန်အား မည်သူမှ ထိနိုင်မည် မဟုတ်ပေ။ သို့သော် လျိုဘုရင်ကိုယ်တိုင်က ချင်ယွန်သေမည်ကို လိုလားခဲ့သည်။ သူသာ တားခဲ့လျှင် ရီဝူချင်းက မည်သို့ ချင်ယွန်ကို သတ်နိုင်မည်နည်း။
ချင်လီက လွန်စွာ စိတ်လှုပ်ရှား သွားသည်။ ထိုအသုံးမကျသော ခွေးကောင်ကား သေသွားပြီ ဖြစ်သည်။ အစီအစဉ်ကလည်း အောင်မြင်ခဲ့သည်။ သို့သော် ပျော်ရွှင်သော အမူအရာများကိုတော့ ထုတ်မပြပေ။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်က လွန်စွာ အေးစက်သော လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ချင်ပြည်ထောင်မှ လူများက ချင်ယွန်၏ ဘေးနားကို တစ်ယောက်ပြီး တစ်ယောက် တိုးကပ်သွားကြသည်။ သူတို့၏ အေးစက်သော အရှိန်အဝါများက ပတ်ဝန်းကျင်ကို အားကောင်းစွာ ရိုက်ခတ်နေသည်။
“သူ့ကို ဖမ်းစမ်း…” တစ်ယောက်က အေးစက်စွာ အော်သည်။ အမိန့်ပေးလိုက်သူကား လျိုနိုင်ငံ၏ ဝန်မင်းတစ်ပါး ဖြစ်သည်။ အရှင်များနှင့် ဝန်ကြီးများက ရီဝူချင်းအား အေးစက်စွာ ကြည့်နေကြသည်။ ချင်ယွန်က ရီဝူချင်းကြောင့် သေသွားရသော်လည်း သူက လျိုနန်းတော်တွင် သေခဲ့ခြင်းဖြစ်သည်။
ဓားစွမ်းအင်များက လေထုထဲ ပျံ့နှံ့သွားကာ ဖူယွန်ဓားကလန် သတ္တမတောင်ကုန်းမှ ဓားသမားများက ရီဝူချင်း၏ဘေးကို ကာကွယ်ရန် ရောက်သွားကြသည်။
“သူ့ကို ဘယ်သူ ထိရဲလဲ… ” လျိုဖေးယွန်က ဒေါသတကြီး အော်သည်။ သူက လျိုချန်းယွီအား ထိန်းကိုင်ထားဆဲဖြစ်သည်။ ရုတ်တရက် လျိုချန်းယွီက ရှေ့ကို တက်သွားသည်။ သူမ၏ ဒဏ်ရာရ ခန္ဓာကိုယ်အား တရွတ်တိုက် ဆွဲကာ ရီဝူချင်းအနီးသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်သွားသည်။
ရီဖူရှင်းကလည်း ပတ်ဝန်းကျင်မှ လူများအား အေးစက်စွာ ကြည့်သည်။ ရီဝူချင်းက ချင်ယွန်အား သတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သူသိသည်။ သို့သော် သူက ရီဝူချင်းအား မတားပေ။ လျိုချန်းယွီကား ရီဝူချင်း၏ ချစ်သူဖြစ်သည်။ ထိုသို့သော ကိစ္စက ဟွာဂျီယူအားလည်း ဖြစ်ပျက်ခဲ့ပါက သူကလည်း တရားခံကို သတ်မည်ဖြစ်သည်။ ရီဝူချင်းက ချင်ယွန်ကို မသတ်လျှင် သူက ရီဝူချင်း မဟုတ်တော့ပေ။ သူ၏ ဓားကလည်း ယခင်ကလို ထက်ရှတော့မည် မဟုတ်တော့ပေ။
“သတ္တမတောင်ကုန်းက လူတွေ… ဘေးဖယ်နေ…” ရုတ်တရက် နောက်ထပ် ဓားသမား အုပ်စုတစ်စု ရောက်ရှိလာကြသည်။ သူတို့ကား ဖူယွန်ဓားကလန် ပထမတောင်ကုန်းမှ ဖြစ်ကြသည်။ သူတို့အထဲမှ ကျဲဆွန်က ရီဝူချင်းအား လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် စိုက်ကြည့်သည်။
ရီဝူချင်းကား ဖူယွန်ဓားကလန်မှ ဖြစ်သည်။ သူက ချင်ယွန်အား သတ်ခဲ့သောကြောင့် သူတို့က ရီဝူချင်းအား ဖမ်းပေးရန် လိုသည်။ သတ္တမတောင်ကုန်းမှ လူများက ရီဝူချင်းကို ကာကွယ်လိုပါက ထိုကိစ္စက ဖူယွန်ဓားကလန် တစ်ခုလုံးကို ဆိုးကျိုးဖြစ်စေတော့မည်။
သတ္တမတောင်ကုန်းမှ ဓားသများများတွင် ဓားအသိများ စီးဆင်းနေသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်က သူတို့အနီး တစ်ဝိုက်တွင် လှည့်ပတ်နေကြကာ သူတို့ကလည်း နောက်မဆုတ်ကြပေ။
သတ္တမတောင်ကုန်းမှ လူများက သူတို့၏ လူအား မည်သည့် အခါကမှ မစွန့်ခွာပေ။ ချင်ယွန်က သေသင့်သောသူ ဖြစ်သည်။
နန်းတော်ထဲမှ အခြေအနေက လွန်စွာ တင်းမာလာနေသည်။ မြေပြင်တွင်ကား ချင်ယွန်၏ အလောင်းက ထိုနေရာတွင် လဲလျောင်းနေဆဲ ဖြစ်သော်လည်း မည်သူကမှ သူ့အား ဂရုမစိုက်ကြပေ။ လက်ရှိတွင် လူတိုင်းက သူ၏သေခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်များကိုသာ ဂရုစိုက်ကြသည်။ လူတိုင်းက သူတို့၏ အရှုံးအမြတ်ကို တွက်နေကြသည်။
လျိုချန်းယွီက ရီဝူချင်းအနီးကို တိုးကပ်သွားကာသူ့အား စိုက်ကြည့်သည်။ ဤအဖြစ်အပျက်က သူတို့နှစ်ယောက်အကြား ခံစားချက်များကို ပိုမိုခိုင်မာစေခဲ့သည်။ သူမက ရီဝူချင်း၏ဘေးကို လျှောက်သွားကာ သူ၏ ရင်ဘတ်တွင် မှီလိုက်သည်။ ရီဝူချင်းကလည်း သူမအား ညင်သာစွာ ကြည့်သည်။ သူကလက်အား ဆန့်တန်းကာ သူမအား အသာအယာ ဖက်လိုက်၏။ ထို့နောက် သူက ခေါင်းမော့ကာ သူ့အနီးမှလူများကို ကြည့်သည်။ သူ၏ မျက်လုံးတွင် အကြောက်တရားများ မရှိပေ။ သူက သေမည်ကို မကြောက်ပေ။ မဟုတ်လျှင် သူက ချင်ယွန်အား သတ်မည် မဟုတ်ပေ။
လျိုဖေးယွန်က တန်ခိုးရှင်များစွာ ဝန်းရံထားခြင်း ခံရသော ရီဝူချင်းတို့ နှစ်ယောက်ကို ကြည့်သည်။ သူ၏မျက်လုံးများက လွန်စွာနီရဲလာကာ လျိုဘုရင်အားသူက လှမ်းအော်သည်… “အဖေ…”
လျိုဘုရင်၏ ရင်ဘတ်က တုန်ခါသွားသည်။ သူကလည်း သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ လွန်စွာ ထိခိုက်နာကျင် ရသည်။ သူမကား သူ၏ သမီးဖြစ်သည်။ သူမက ထိုသို့ အရှက်ခွဲ ခံရသော်လည်း သူက ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။ တခြားတစ်ဖက်တွင် ရီဝူချင်းက ချင်ယွန်အား သတ်ရန် ဝန်လေးခြင်း မရှိခဲ့ပေ။ လျိုနိုင်ငံ၏ ဝန်မင်းများနှင့် အရှင်များက ဘာလုပ်ခဲ့ကြသနည်း။ သူတို့က သူ၏ သမီးအား လူမဆန်စွာ ပြုမူသူအား လက်ထပ်ခိုင်းနေသည်။
ထိုသို့တွေးလျှင် လျိုဘုရင်၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းအောင် အေးစက်သွားသည်။
“ဦးလေး…” ရုတ်တရက် ချင်လီက ချင်ယွန်၏ အလောင်းအနီးကို လျှောက်လာကာ အသာအယာ ပြောသည်… “ဦးလေးက လျိုနိုင်ငံကို သတို့သမီး တောင်းဖို့ ရောက်လာတယ်… ပထမက ခင်ဗျားက မင်းသမီးကို ကောင်းကောင်းမွန်မွန် လက်ထပ်ချင်ခဲ့တယ်… ဒါပေမဲ့ ခင်ဗျားက ဒီလို အဆုံးသတ်ရတယ်…” ထို့နောက် သူက ခေါင်းမော့လိုက်သည်။ဘုရင်အား အေးစက်စွာ ကြည့်ကာ သူက ပြောသည်… “အရှင်မင်းကြီး… ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးမှာလဲ…”
“မင်းဘာလိုချင်လဲ… ” ဘုရင်က ချင်လီအား စိုက်ကြည့်ကာ မေးသည်။
“သူတို့သုံးယောက်ကို ကျုပ်ကို ပေးပါ… ပြီးတော့ ဖူယွန်ဓားကလန် သတ္တမတောင်ကုန်းက လူတွေကိုလည်း သတ်ပေးပါ…” ချင်လီက ပြောသည်။ သူက ရီဝူချင်း၊ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့အား ခေါ်သွားလိုသည်။ ထို့အပြင် သူက ဖူယွန်ဓားကလန် သတ္တမတောင်ကုန်းမှ လူများကိုလည်း သတ်လိုသည်။
“ကျုပ်က သဘောမတူခဲ့ရင်ရော…” ဘုရင် ပြောသည်။
“ကျုပ်ဦးလေးက အလကား မသေရဘူး…” ချင်လီ၏ လေသံက ခံစားချက် ကင်းမဲ့ကာ လွန်စွာ အရှိန်အဝါ ကြီးမားသော ဟန်ပန်ရှိသည်။
“အရှင်မင်းကြီး… ယေဘုယျ အခြေအနေကို သုံးသပ်ပါဦး…” အရှင်ခန်က ဘုရင်အား ဦးညွှတ်လျက် ပြောသည်။ လူအများအပြားက ဘုရင်အား စတင်တိုက်တွန်း ကြသည်။
ဘုရင်က ထိုလူများအား ကြည့်ကာ တစ်ခွန်းတည်း ပြောသည်… “ထွက်သွားကြ…” အရှင်များနှင့် ဝန်မင်းများက အတန်ကြာ မှင်တက်သွားပြီးမှ ဦးညွှတ်လျက် ထွက်သွားကြသည်။
ချင်လီက ထိုမြင်ကွင်းကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်သည်။ သူကလည်း ဤရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သည်… “အရှင်မင်းကြီးရဲ့ သဘောကို ကျွန်တော်သိပါပြီ… ” သူက ကျဲဆွန်အား ကြည့်ကာမေးသည်… “ဖူယွန်ဓားကလန်ကရော…”
“မင်းသားချင် သေတာက ကျုပ်တို့ ဖူယွန်ဓားကလန်ရဲ့ သဘောမဟုတ်တာ သေချာတယ်… ရီဝူချင်းကတော့ ခင်ဗျားတို့က သူ့ကို အသေလိုချင်လား အရှင်လိုချင်လား… .. ” ကျဲဆွန်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။
“နှစ်ခုလုံး အဆင်ပြေတယ်… ” ချင်လီက ပြုံးသည်။
“ကောင်းပြီ… ” ကျဲဆွန်က ခေါင်းညိတ်သည်။ ထို့နောက် သူက ရှေ့ကို တက်လိုက်လျှင် လွန်စွာအားကောင်းသော ဓားစွမ်းအင်က ရီဝူချင်းနှင့် လျိုချန်းယွီတို့ထံ သွားရောက် ရစ်ပတ်သည်။ သူ့နောက်မှ တန်ခိုးရှင်များကလည်း ရှေ့ကိုတစ်ယောက်ပြီး တစ်ယောက် တက်သွားကြသည်။
“ထွက်သွား…” ဘုရင်က ကျဲဆွန်အား ကြည့်ကာပြောသည်။
ကျဲဆွန်၏ အမူအရာက အေးစက်သွားသည်။ သူက ခေါင်းမော့လျက် ဘုရင်အားကြည့်ကာ ပြောသည်… “ဒါက ဖူယွန်ဓားကလန်ရဲ့ အတွင်းရေးကိစ္စပဲ… အရှင်မင်းကြီးက ဝင်စွက်ဖက် လိုနေတာပါလား…”
“ဒါက ကျုပ်နန်းတော်ပဲ… ” ဘုရင်က အေးစက်စွာ ပြောသည်။
ကျဲဆွန်က လျိုဘုရင်အား ကြည့်သည်။ ထို့နောက် သူက ချင်လီအား ပြောသည်… “ကြည့်ရတာ ကျုပ်က ဒီကိစ္စကို ကလန်ကို ပြန်တင်ပြလို့ပဲ ရတော့မယ်… အခုစပြီးတော့ ရီဝူချင်းက ဖူယွန်ဓားကလန်ရဲ့တပည့်မဟုတ်တော့ဘူး… .သူ့ကို ကာကွယ်တဲ့ လူတွေကိုလည်း ကျုပ်တို့က အပြစ်ပေးမယ်… ”
“ကောင်းပြီ… ကျုပ်က ဖူယွန်ဓားကလန်ကို ယုံကြည်တယ်… ” ချင်လီက ခေါင်းညိတ်သည်။ ကျဲဆွန်က နောက်လှည့်ကာ ပထမတောင်ကုန်းမှ လူများနှင့်အတူ ထွက်သွားသည်။
ချင်လီက လျိုဘုရင်အား ကြည့်သည်။ ထို့နောက် သူက ဦးညွှတ်ကာပြောသည်… “နှုတ်ဆက်ပါတယ်… အရှင်မင်းကြီး…”
ထို့နောက် ချင်ပြည်ထောင်မှ လူများက ချင်ယွန်၏ အလောင်းအား သယ်ယူကာ ထွက်သွားရန် ဟန်ပြင်လိုက်ကြသည်။
“နေဦး… ” တစ်ယောက်က လှမ်းတားလိုက်သည်။ ချင်လီက နောက်လှည့်ကြည့်လျှင် ရီဖူရှင်းက သူ့ကို ဆက်ပြောသည်… “ချင်ယွန်လုပ်ခဲ့တာက မင်းအမိန့်ပေးတာ… ဟုတ်တယ်မလား…” ရီဖူရှင်းက မေးသည်။
ချင်လီ၏ အကြည့်ကား အေးခဲသွားကာ ပြန်ပြောသည်… “မင်းဘာပြောနေတာလဲ… ”
“အစကတည်းက မင်းရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ မဟုတ်ဘူး… မင်းက ချန်ယွန်သေတာကို ဝမ်းနည်းတာ ဒေါသထွက်တာကို ငါမတွေ့ဘူး…” ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ရာ သူက လူများ၏ ခံစားချက်ကို အာရုံခံအား ကောင်းသည်။ ချင်လီက အမှန်တကယ် ဝမ်းနည်းခြင်း မရှိပေ။ သူက ပျော်ရွှင်နေသည်ကို ပင်လျှင် ရီဖူရှင်းက ခံစားရသည်။ သူက ချင်ယွန်အား သေရန်လိုလားနေသည့် အလားပင်။
အဖြစ်အပျက် တစ်ခုလုံးကို ပြန်လည် သုံးသပ်လျှင် ချင်ပြည်ထောင်က မူလကတည်းက လျိုနိုင်ငံနှင့် မဟာမိတ် ဖွဲ့လိုသည် မဟုတ်ကြောင်း သူရိပ်မိလိုက်သည်။ ချင်ပြည်ထောင်က လောကအား အုပ်စိုးလိုသည်။ သူတို့၏ အကြီးမားဆုံး ပြိုင်ဖက်ကား ကော့တေးဖြစ်သည်။ သူတို့က တခြား အင်အားစုများနှင့် မဟာမိတ်ပြုပြီး ဖြစ်သည်။ လျိုနိုင်ငံမှ လျိုချန်းယွီနှင့် ဖူယွန်ဓားကလန်မှ ရီဝူချင်းတို့က ရီဖူရှင်းနှင့်လွန်စွာ နီးကပ်သည်။ ယနေ့ အဖြစ်အပျက် နောက်ပိုင်းတွင် လျိုချန်းယွီနှင့် ရီဝူချင်းတို့က ကြီးစွာသော အန္တရာယ်ကို ရင်ဆိုင်ရတော့မည်။
“ချင်ယွန်က ကျုပ်ဦးလေးပဲ… မင်းကဘာတွေကို တွေးနေတာလဲ…” ချင်လီက ရီဖူရှင်းအား ကြည့်ကာ အေးစက်စွာ ပြောသည်… “ကျုပ်ဦးလေးသေတာက ကျုပ်အပြစ်လို့ မင်းက ဆိုလိုချင်တာလား… ဘယ်လို အဓိပ္ပာယ်မရှိတာလဲ…”
“မင်းသာ ချင်ယွန် နေရာမှာ သေခဲ့မယ်ဆိုရင် ချင်ယွန်ကလည်း ဒီလို အမူအရာမျိုး ရှိနေမလား… ငါသိချင်တယ်… ” ရီဖူရှင်းက ချင်လီအား ကြည့်ကာ ထပ်မံ၍ မငြင်းတော့ပေ။ ချင်ယွန်က သေသွားပြီးဖြစ်ကာ ငြင်းခုန်နေခြင်းက အဓိပ္ပာယ် ကင်းမဲ့ပေသည်။ သူတို့က အကြောင်းပြချက် ရသည်နှင့် အရှေ့မြေရိုင်း ဒေသအား သွေးလွှမ်း စေတော့မည်။ သို့သော်လည်း မုန်တိုင်းက မည်သို့သော အခြေအနေအထိ ကြီးထွားလာပါစေ သူနှင့်ချင်လီအကြား တစ်ယောက်သာ အသက်ရှင်မည်ကို ရီဖူရှင်းသိသည်။
***