နဂါးအားမာန်သိုင်းကျမ်းထဲက သိုင်းပညာရသကို အခြေခံပြီး သုံးထားတဲ့ နဂါးလက်သိုင်း…” လူအုပ်ထဲက တစ်ယောက်က ပြောလိုက်သည်။ ကျောင်းအုပ်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သိုင်းပညာရသရှိခြင်း ဆိုပါက ထိုသူ၏မှော်ပညာမှာ သူ၏ကိုယ်ပြင်ပသို့အထိ ပျံ့နှံ့နေပြီဟုဆိုလိုခြင်း ဖြစ်သည်။ နိုးထခြင်းအဆင့်ကိုး သိုင်းသမားများက ထိုသို့လုပ်နိုင်သော်လည်း ရီဖူရှင်းမှာကား နိုးထခြင်းအဆင့်ခုနစ်ဖြင့် ထိုသို့လုပ်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။ ပိုအံ့သြထိတ်လန့်စရာ ကောင်းသည်မှာကား ရီဖူရှင်းက နဂါးလက်သိုင်းအား သုံးလိုက်ခြင်းဖြစ်သည်။
ထိုအခိုက်တွင် လူအတော်များများက ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲတွင် ရီဖူရှင်းက ယန်ဇူနှင့် လင်းရှာအား အလွယ်တကူ အနိုင်ယူသွားသည်ကို သတိရမိကြသည်။ ပုံစံကြည့်ရသည်မှာ ရီဖူရှင်းက သူ၏အစွမ်းကို အားလုံး ထုတ်သုံးခဲ့ပုံမရပေ။ သူက ပြိုင်ပွဲနေရာမှ ဖယ်၍ ယူချင်းအား တိုက်ခိုက်စေခဲ့သည်။ ထိုအရှက်မရှိသော လုပ်ရပ်က အမှန်တကယ် သူက ကြောက်၍ မဟုတ်ဘဲ ယူချင်းအား အစွမ်းပြခွင့် ရစေချင်သောကြောင့် ဆိုသည်ကို နားလည်လာကြသည်။ ထို့ကြောင့်လည်း ကျောင်းတော်က မူရွန်ချူအား ပထမနေရာ ပေးခဲ့သောကြောင့် ရီဖူရှင်းက လက်မခံခဲ့ခြင်း ဖြစ်သည်။
လူတိုင်းနီးပါးက ရီဖူရှင်းအား လျှော့တွက်ခဲ့ကြလေသည်။
ရီဖူရှင်းက သူ၏နဂါးလက်သိုင်းတွင် ထိန်းချုပ်ခံနေရသော ဓားသမားအား တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်… “ဟိုင်ရန်ကျောင်းတော်က အဝေးကြီးက လာပြီး စိန်ခေါ်ပြီးတော့ ဒီလောက်ပဲ တတ်နိုင်တာလား…”
ချင်းကျူ ကျောင်းတော်မှ ကျောင်းသားများ အားလုံးက ရီဖူရှင်းအား ကြည့်နေကြသည်။ သူက အမြဲတမ်း ဟန်ဆောင်နေခဲ့သောလည်း ထိုအရာက သူတို့အတွက် အရေးတကြီး ကိစ္စတစ်ရပ် မဟုတ်ပေ။ ယခုသူတို့၏ ကျောင်းတော်မှာ အရှက်ခွဲခံရမည့် အခြေအနေမှ လွတ်မြောက်နိုင်သည့် အခြေအနေဖြစ်ရာ လူတိုင်းက ဝမ်းသာ စိတ်လှုပ်ရှားနေကြသည်။
သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရခြင်းက ချင်းကျူ ကျောင်းတော်အား အရှက်တကွဲ ဖြစ်စေသည်။ ယခုမူကား ယူချင်းနှင့် ရီဖူရှင်းတို့၏အကူအညီဖြင့် သူတို့၏ဂုဏ်သိက္ခာအား ပြန်လည် ဆယ်ယူနိုင်တော့မည် ဖြစ်ပေသည်။
ဓားသမားလူငယ်ကား နဂါးလက်သိုင်း၏ထိန်းချုပ်မှုဖြင့် လေပေါ်တွင် ရုန်းကန်နေသော်လည်း လွတ်မြောက်မည့်ပုံစံ မရှိပေ။ သူကား ရီဖူရှင်းက မျက်လုံးမှိတ်ထားလျက်ပင် သူ၏ဓားအားမည်သို့ ရှောင်တိမ်းသွားသည်ကို အခုထိ နားမလည်သေးပေ။
“နောက်တစ်ယောက်…” ရီဖူရှင်းက အော်လိုက်သည်။ ထို့နောက် နဂါးတစ်ကောင်၏ ဟိန်းသံနှင့်အတူ လူ၏လက်တွင်ရစ်ပတ်နေသော လျှပ်စီးနဂါးအား ထိန်းချုပ်လျက် ရီဖူရှင်းက ထိုလူငယ်အား ဟိုင်ရန်ကျောင်းတော်အုပ်စု ရှိရာသို့ ပစ်ပေါက်လိုက်၏။
ထိုအုပ်စုမှ လူများ၏မျက်နှာများ မည်းမှောင်နေကြသည်။ သူတို့ဘက်မှ လူသုံးယောက်ထွက်ကာ ယှဉ်ပြိုင်ခဲ့ကာ ယခု မျက်လုံးတစ်မှိတ်အတွင်းမှာ နှစ်ယောက်က အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ရီဖူရှင်းပြောသလိုပင် အလွန်ဝေးကွာသော နေရာမှလာပြီး တကူးတက လာရောက် ယှဉ်ပြိုင်ခြင်းက သည်မျှလောက်သော စွမ်းဆောင်ရည် ရှိခြင်းသည် အလွန်ရှက်ဖွယ် ကောင်းလွန်းလှသည်။
ယွန်ရှင်းဟွာက ရှေ့သို့လှမ်းတက်လိုက်၏။ သူကား မူလကထက်ပင် အခြေအနေအား ပို၍ အလေးထားလာပုံရသည်။ သူက ရီဖူရှင်းအား ကြည့်လျက် ပြောလိုက်သည်… “မင်းက ငါကိုယ်တိုင် ထွက်လာဖို့ ထိုက်တန်တယ်…”
လုံလုံလောက်လောက် ထိုက်တန်တယ်…။ ရီဖူရှင်းက မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ယွန်ရှင်းဟွာကား ရီဖူရှင်းထက်ပင် မောက်မာနေပေသေးသည်။
“မင်း… စလို့ရပြီ…” ယွန်ရှင်းဟွာက ပြောလိုက်သည်။
“မင်းကပဲ အရင်စပါ… တကယ်လို့ ငါအရင် စပြီး တိုက်ခိုက်ရင် မင်းဘာမှ မလုပ်လိုက်ရပဲနေမယ်…”
ရီဖူရှင်းပြောသည်ကို ကြားပြီး ယွန်ရှင်းဟွာ၏မျက်နှာ မည်းမှောင်သွားသည်။ သူက ရှေ့သို့တစ်လှမ်းတက်ကာ သူ၏သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်နှင့် သူ၏ကိုယ်အောက်မှ အင်းကွက်နှင့်အတူ မျဉ်းကြောင်းများ ပေါ်လာသည်။ ထိုအရာကား မီးဓာတ်စွမ်းအင် အင်းကွက်ဖြစ်ရကား မီးဓာတ်အား အဆက်မပြတ် စုဆောင်းနိုင်ကာ ရန်သူအား တိုက်ခိုက်နိုင်သည်။ ကြောက်မက်ဖွယ် မီးလျှံများက အင်းကွက်တစ်ခုလုံး လွှမ်းခြုံထားသည်။ ယွန်ရှင်းဟွာကား ထိုအင်းကွက်၏အလယ်တွင်ပင် ရပ်နေ၏။
“မှော်ထိန်းချုပ်သူရဲ့ရှေ့မှာ မင်းက ဘယ်လိုလုပ် အတင့်ရဲနိုင်ရသလဲ…” ယွန်ရှင်းဟွာက မေးလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် သူ၏မီးဓာတ်အင်းကွက်မှ မြွေနဂါးတစ်ကောင် ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ တဝူးဝူးမြည်ကာ တိုးဝင်သွား၏။
ချင်းကျူကျောင်းတော်မှ လူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။ ယွန်ရှင်းဟွာကား နိုးထခြင်းအဆင့်မျှသာ ရှိသေးသော်လည်း သူကား သူ၏ကိုယ်ပြင်ပမှ မှော်စွမ်းအင်ကိုပင် ထိန်းချုပ်နိုင်လေပြီ။ ပိုပြောရလျှင် သူ၏မှော်သိုင်းကွက်များမှာ အင်းပြင်းလှသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ နိုးထခြင်းအဆင့် အတွင်းတွင် အင်အား အပြင်းဆုံး ဖြစ်နိုင်သည်။
လူတိုင်းက ယွန်ရှင်းဟွာ၏ စွမ်းအင်များအား တွေးတောနေကြစဉ်မှာပင် ရီဖူရှင်းက မီးမြွေနဂါးအား ဂရုစိုက်ဟန်မရှိဘဲ ရှေ့သို့ တိုးသွားလိုက်သည်။ မည်မျှပင် ရီဖူရှင်းက စွမ်းအားကောင်းနေပါစေ ထိုမီးမြွေနဂါးအား အလေးမထားပဲ လျှောက်သွားလိုက်ခြင်းကား အလွန် ရူးမိုက်ရာကျသည်ဟု လူတိုင်းက တွေးလိုက်ကြသည်။
မီးမြွေနဂါးကား ရီဖူရှင်းအား တကယ် ဝါးမျိုတော့မည့်ဟန်ဖြင့် လျင်မြန်စွာ ချဉ်းကပ်လာနေသည်။ ထိုမီးမြွေနဂါးက ရီဖူရှင်းနှင့် ထိတွေ့မည်ပြုသောအခါ ရီဖူရှင်းက သူ၏အင်္ကျီအိတ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်ကို လူတိုင်းက တွေ့လိုက်ကြရသည်။ ရီဖူရှင်းက ထိုအရာအား ဖြန့်လိုက်လျှင် မိုးကြိုးလျှပ်စီး အင်အားတစ်ခု ရုတ်တရက် ပေါက်ဖွားလာကာ ထိုမီးမြွေနဂါးထံသို့ တိုးထင်သွားပြီး အင်အားနှစ်ခု ရင်ဆိုင်မိကာ မီးမြွေနဂါးမှာ လုံးဝပျောက်ကွယ် သွားလေသည်။
“အဲဒါ မှော်စာလိပ်ပဲ…” တစ်စုံတစ်ယောက်က အော်လိုက်သည်။
“အရှက်မရှိဘူးလား… စိန်ခေါ်ပွဲမှာ သူက ဘယ်လိုလုပ် မှော်စာလိပ်သုံးရတာလဲ…” ဟိုင်ရန်ကျောင်းတော်မှ လူများက စောဒကတက်ကြ၏။ ယွန်ရှင်းဟွာက သူ၏အင်းကွက်အား ဆက်လက်၍ ထိန်းချုပ်ကာ ရီဖူရှင်းအား ထပ်မံ၍ မြွေနဂါးများဖြင့် တိုက်ခိုက်လိုက်သည်။
ရီဖူရှင်းက မှော်စာလိပ်အချို့ကိုင်ကာ ထိုမြွေကြီးများအား တိုက်ရိုက်ပင် ရင်ဆိုင်လိုက်သည်။ သူက ပြောင်ချော်ချော် ပြုံးလျက် မှော်စာလိပ်များအား လေထဲသို့ ပစ်လိုက်လျက် ထိုမိုးကြိုး လျှပ်စီးများကြားတွင် မီးမြွေနဂါးများမှာ ပျောက်ကွယ် သွားပြန်သည်။
ယွန်ရှင်းဟွာက ပို၍ ဒေါသထွက်လာကာ အင်းကွက်အား ပို၍ ထိန်းချုပ်ကာ အင်းကုန်သုံးလျက် တိုက်ခိုက်လိုက်သည်။ သူက သင်္ကေတများအား အဆက်မပြတ် ပြုလုပ်လိုက်လျှင် မီးမြွေနဂါး အများအပြား အင်းကွက်မှ ထွက်လာကြ၏။ ရုတ်တရက် ရီဖူရှင်းက သူ၏အင်္ကျီအိတ်အား လက်နှိုက်လိုက်လျှင် လက်တစ်ဖက်လျှင် စာလိပ်တစ်ဆုပ်စီ ထွက်ပေါ်လာ၏။ ကျောင်းတော်နှစ်ဖက်မှ လူများအားလုံး လန့်ဖျပ်သွားကြသည်။ နောက်ဆုံးတွင် မည်သို့မျှ မတတ်သာတော့…။
“ရပ်လိုက်…” ယွန်ရှင်းဟွာကား ဒေါသထွက်လျက် မျက်နှာများပင် နီရဲနေလေပြီ။
ရီဖူရှင်းကလည်း မှော်စာလိပ်များအား အသုံးပြုရန် အဆင်သင့် လုပ်ထားရာမှ မသုံးသေးဘဲ ရပ်ထားလိုက်ကာ ယွန်ရှင်းဟွာအား ကြည့်လိုက်သည်။ ယွန်ရှင်းဟွာကား အင်းကွက်အလယ်တွင် ရပ်နေဆဲဖြစ်သည်…
“မင်းက နောက်ဆုံးတော့ ငါ့ကို မနိုင်တော့ဘူးဆိုတာ သိသွားပြီးတော့ အရှုံးပေးတော့မလို့လား…”
ယွန်ရှင်းဟွာကား ရီဖူရှင်းအတွက် စကား မရှိတော့ပေ။ သူက ရီဖူရှင်း၏လက်ထဲမှ မှော်စာလိပ်များအား ကြည့်ကာ ပက်ပက်စက်စက် ဆဲရေးလိုက်ချင်သည်။ သို့သော် သူက ထိုစိတ်အား အတင်း ချိုးနှိမ်လိုက်သည်။ ဤသည်ကား စိန်ခေါ်ပွဲဟုပင် ခေါ်သလော။ ဘယ်လိုလုပ် ရီဖူရှင်းက သည်မျှ အရှက်မဲ့ရသနည်း။ သူ့တွင် ထိုမျှ အရည်အသွေးမြင့် စာလိပ် တစ်ပြုံတမ ရှိနေလျှင် သူတို့က မည်ကဲ့သို့ မျှမျှတတ တိုက်ခိုက်နိုင်တော့မည်နည်း။
ဘယ်လိုလုပ် ရီဖူရှင်းက သူ့အား အရှုံးပေးတော့မည်လောဟု ကပြက်ကချော် ပြောနိုင်ရသနည်း။ သို့မဟုတ် သည်ကောင်က အရှက်မရှိစွာ တကယ် ပြောခြင်းလည်း ဖြစ်နိုင်သည်။
“ချင်းကျူ ကျောင်းတော်သား တစ်ယောက်အနေနဲ့ မှော်စာလိပ်ကို စိန်ခေါ်ပွဲမှာ အသုံးပြုတာက သိက္ခာကျစေတယ်ဆိုတာ မင်းမသိဘူးလား…” ဟိုင်ရန်ကျောင်းတော်ဘက်မှ ခေါင်းဆောင် သိမ်းငှက်မျက်လုံးနှင့်လူက ပြောလိုက်သည်။ သူကား ရီဖူရှင်း လုပ်နေသည်များကို သည်းမခံနိုင်တော့ပေ။
ချင်းကျူ ကျောင်းတော်မှ တခြားလူများကလည်း ရီဖူရှင်းကြောင့် ရှက်ရွံ့သလို ခံစားလိုက်ကြရသည်။ ရီဖူရှင်းအပေါ် သူတို့၏ သဘောထားကား သိပ်မကြာခင်ကပင် ပြောင်းလဲခဲ့သော်လည်း ရီဖူရှင်းမှာ အရှက်မရှိသည့် ကပြက်ကချော်ကောင် ဖြစ်သည်ကို အခု ပြန်သတိရလာကြပြန်သည်။
သို့သော်လည်း ရီဖူရှင်းမှာ မည်သည့်မှားယွင်းမှုကိုမှ သတိထားမိဟန်မတူပေ။ သူက သိမ်းငှက်မျက်လုံးနှင့်လူအား မောက်မာစွာ ကြည့်လိုက်သည်… “တကယ်လို့ သူက စိန်ခေါ်ပွဲမှာ အင်းကွက်ကို သုံးနိုင်မှတော့ ငါက ဘာလို့ မှော်စာလိပ် သုံးလို့ မရတာလဲ… မင်းတို့ကောင်တွေ မနိုင်တော့ဘူးထင်ရင်… ထွက်သွားကြ… ဟိုဟိုဒီဒီ… အရာမရောက်တာတွေ… လျှောက်ပြောမနေကြနဲ့…”
“သူက အင်းကွက်ကို သူ့ဘာသာဖန်တီးတာ… ဒါက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ပဲ… ဒါကြောင့် သူက စိန်ခေါ်ပွဲမှာ သုံးလို့ရတယ်…” သိမ်းငှက်မျက်လုံးနှင့်လူက အကြောင်းပြချက် ပေးသည်။
“ကောင်းပြီ… ဒီစာလိပ်တွေကိုလည်း ငါကိုယ်တိုင် ဖန်တီးထားတာ… ဒါကလည်း ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်ပဲ… တကယ်လို့ သူက အင်းကွက်ကို သုံးနိုင်တယ်ဆိုရင် ငါကလည်း မှော်စာလိပ်ကို သုံးနိုင်တယ်…” ရီဖူရှင်းက နှာခေါင်းရှုံ့လျက် ပြောသည်။ သိမ်းငှက်မျက်လုံးနှင့် လူ၏မျက်နှာ မည်းမှောင်သွားသည်။ သူကား ဘာပြန်ပြောရမည်မှန်း မသိတော့။ ရီဖူရှင်း၏ အရှက်မဲ့ပုံမှာကား ကွဲပြားခြားနားသော အဆင့်တစ်ခုကို ရောက်နေပြီဟု သူတွေးလိုက်သည်။
ချင်းကျူ ကျောင်းတော်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ သူက ထိုမှော်စာလိပ်များအား သူကိုယ်တိုင် ဖန်တီးခဲ့သည်ဟု ယခုပင် ပြောလိုက်၏။ ဘယ်လိုလုပ် နိုးထခြင်းအဆင့် ခုနစ်က ထိုမျှ အရည်သွေးကောင်းသော မှော်စာလိပ်များအား ဖန်တီးနိုင်စွမ်း ရှိရသနည်း။ ရီဖူရှင်းက ကြွားဝါသည်မှာ အနည်းငယ် မများလွန်းဘူးလားဟု လူတိုင်းက တွေးတောနေကြသည်။ ယွန်ရှင်းဟွာကလည်း အဆင့်မြင့်သော အင်းကွက်အား ဖန်တီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကား မှော်ထိန်းချုပ်သူ ဖြစ်သည်။ သူ့တွင် အင်းကွက် အသုံးပြုနိုင်သော သက်စောင့်ဝိညာဉ်ရှိသည်။
“ဒီစာလိပ်တွေကို မင်းဖန်တီးတာ မဖန်တီးတာ အရေးမကြီးဘူး… ငါက ငါ့အင်းကွက်ကို တိုက်ပွဲအတွင်းမှာ ဖန်တီးတာ… မင်းက ဒီစာလိပ်တွေကို ကြိုပြီး ဖန်တီးလာတာ… ဒါက ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမလဲ…” ယွန်ရှင်းဟွာက ပြောလိုက်သည်။ သူက ရီဖူရှင်းမှာ ကတ်သီးကတ်သတ် ပြောနေသည်ဟု ထင်နေသည်။
“မင်းက အရှုံးကို လက်မခံမှတော့ ငါကလည်း မင်းအရှုံးကို လက်ခံတဲ့အထိ တိုက်ခိုက်ပေးရတာပေါ့…” ရီဖူရှင်းက အေးဆေးစွာ ပြောလိုက်သည်။ ထို့နောက် သူက ချင်းကျူ ကျောင်းတော်မှ ဆရာများဘက်သို့ လှည့်ကာ မေးလိုက်သည်… “ကျွန်တော့်ကို စုတ်တံနဲ့ စာရွက်တချို့ ပြင်ပေးလို့ရမလား…”
လူတိုင်းက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက တိုက်ပွဲအတွင်းတွင် မှော်စာလိပ်ရေးရန် စီစဉ်နေသည်လား။
“ငါသွားယူပေးမယ်…” ဆရာတစ်ယောက်က ပြောပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။ ပရိသတ်များက ရီဖူရှင်းအားကြည့်ကာ တိုးတိုးတိုးတိုးဖြင့် ဆွေးနွေး ဝေဖန်နေကြသည်။ သူ အမှန်တကယ်ပင် မှော်စာလိပ်ရေးသူလား…။ သူမကြာခင်က အသုံးပြုခဲ့သော မှော်စာလိပ်များမှာ သူကိုယ်တိုင် ဖန်တီးထားသည်လော…။ အကယ်၍ သူပြောခဲ့သည်မှာ အမှန်ဆိုလျှင် ရီဖူရှင်းမှာ သူတို့ လုံးဝ မထင်မှတ်ထားသည့် မှော်စာလိပ်ရေးနိုင်သည့် ရှားပါး ပါရမီရှင်ပင် ဖြစ်သည်။
အတန်ကြာသောအခါ ထိုဆရာ ပြန်ရောက်လာပြီး သူက စုတ်တံနှင့် စာရွက်တစ်ထပ်အား ရီဖူရှင်းကို ကမ်းပေးလိုက်သည်။
“ကျေးဇူးပါ… ဆရာ…” ရီဖူရှင်းက သူ့အား ကျေးဇူးတင်လိုက်ပြီး စုတ်တံနှင့် စာရွက်များအား သူ၏ရှေ့တွင် ချလိုက်သည်။
“သူ ဘာလုပ်နေတာလဲ…” လူတိုင်းက သိလိုစိတ်လွန်စွာ ပြင်းပြနေကြသည်။ စာလိပ်ရေးခြင်းကား အင်းကွက်ဖန်တီးခြင်းနှင့် ဆင်တူကာ အချိန်အလွန်ပေးရ၏။ ယွန်ရှင်းဟွာကား မှော်ထိန်းချုပ်သူဖြစ်ကာ သူ့တွင် အင်းကွက် ဖန်တီးနိုင်သော သက်စောင့်ဝိညာဉ် ရှိသည်။ ထို့ကြောင့် တိုက်ပွဲတွင် အင်းကွက်ကို လျင်မြန်စွာ ဖန်တီးပြီး ချက်ချင်း တိုက်ခိုက်နိုင်သည်။ ရီဖူရှင်းက တကယ်ပင် မှော်စာလိပ်ရေးသူဆိုလျှင်ပင် ယွန်ရှင်းဟွာကဲ့သို့ လျင်မြန်စွာ ဖန်တီးနိုင်ပါ့မလား။ တိတိကျကျ လုပ်နိုင်ပါ့မလား။ အမှားအယွင်း အနည်းငယ်ဖြစ်လျှင်ပင် မှော်စာလိပ်မှာ ရေးသားနေစဉ် ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။ မည်ကဲ့သို့ တိုက်ပွဲတွင် အသုံးပြုနိုင်ပါမည်နည်း။
အကယ်၍ သူ၏ရန်သူက သူမှော်စာလိပ်ရေး၍ မပြီးသေးမီ တိုက်ခိုက်ခဲ့ပါက သူကား အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။ သို့သော်လည်း ထိုမဖြစ်နိုင်သည်ကို ရီဖူရှင်းက လုပ်တော့မည်ဖြစ်သည်။
လူတိုင်းက ဂရုတစိုက် ကြည့်နေကြသည်။ ရီဖူရှင်းက မည်မျှပင် အရှက်မဲ့သည် ဆိုပါစေ သူ၏စွမ်းဆောင်ရည်မှာ လူတိုင်းက မသေချာသော အနေအထားတွင် ရှိနေ၏။
“သူငါ့ကို သရော်နေတာလား…” ယွန်ရှင်းဟွာကား ရီဖူရှင်းက စာရွက်များအား မြေပြင်ပေါ်တွင် ချလိုက်သည်နှင့် အလွန် ဒေါသထွက်သွားသည်။ သူက မှော်စာလိပ်ရေးသူဆိုလျှင်ပင် အင်းကွက်အသုံးပြုသည့် မှော်ထိန်းချုပ်သူနှင့် တိုက်ပွဲတွင် ယှဉ်ပြိုင်မည် ဆိုသည်က သူ့အား သရော်နေသည်နှင့်ပင် တူလှသည်။
“မင်း စလို့ရပြီ…” ရီဖူရှင်းက ပြောလိုက်သည်။ သူက စုတ်တံအား အေးဆေးစွာပင် ကိုင်ထားသည်။ ရုတ်တရက် ကိုယ်ရောင်ကိုယ်ဝါများ ရီဖူရှင်းထံမှ တဖြည်းဖြည်း တောက်ပလာသည်ကို တွေ့ရ၏။ သူကား အမှန်တကယ်ပင် မှော်စာလိပ်ကို တိုက်ပွဲအတွင်းတွင် ရေးတော့မည် ဖြစ်သည်။ ထိုမြင်ကွင်းက လူတိုင်းအား သူ့ကို တဖြည်းဖြည်း ယုံကြည်လာကြစေသည်။
ယွန်ရှင်းဟွာက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ သို့သော် သည်တစ်ခေါက်ကား မီးဓာတ်အင်းကွက် မဟုတ်ပေ။ ရေခဲဓာတ် အင်းကွက်ဖြစ်နေသည်။ ရေဓာတ်သဘာဝစွမ်းအင်များက မှော်အင်းကွက်၏ပတ်ဝန်းကျင် တစ်ခုလုံးတွင် လေဆင်နှာမောင်းကဲ့သို့ တဖြည်းဖြည်း လှည့်ပတ် စုဝေးလာနေကြ၏။ ထိုနေရာတွင်ကား ရေခဲကဲ့သို့ အေးစက်နေပုံရသည်။ သူကား ရေခဲကမ္ဘာတစ်ခုထဲတွင်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းက ထိုနေရာမှ စိမ့်ထွက်လာသော အေးစက်သော ဒဏ်အား အရိုးထဲစိမ့်အောင် ခံစားလိုက်ကြရ၏။
“ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သက်စောင့်ဝိညာဉ်က အင်းကွက်ဖြစ်လို့ပဲ။ သူက ဓာတ်စွမ်းအင်မျိုးစုံကို ထိန်းချုပ်နိုင်တယ်…။ သူက အရမ်း စွမ်းအားကြီးတယ်…” ချင်းကျူ ကျောင်းတော်မှ ဆရာတစ်ယောက်က မှတ်ချက်ချလိုက်သည်။ သူတို့ ကျောင်းနှစ်ကျောင်းက ပြိုင်ဘက်ဖြစ်သော်လည်း သူတို့အားလုံးက ယွန်ရှင်းဟွာ၏ပါရမီအား အထင်တကြီး ရှိကြ၏။ သူကား အမှန်တကယ်ပင် ပါရမီရှင် အစစ်အမှန်ဖြစ်သည်။ ဟိုင်ရန်ကျောင်းတော်က သူ့အား သည်နေရာသို့ ခေါ်ဆောင်လာသည်မှာ ထူးဆန်းမှု မရှိတော့ပေ။
မည်သို့ပင်ဆိုစေ အပြစ်ပေးခံထားရသော ချင်းကျူ ကျောင်းတော်မှ လူငယ်ကလည်း ယွန်ရှင်းဟွာအား မကြောက်မရွံ့ ရင်ဆိုင်နေပြီ ဖြစ်ပေသည်။
ရီဖူရှင်းက မြေကြီးတွင် ထိုင်ချလိုက်သည်။ သူ၏ကိုယ်အား နှင့်ပွင့်နှင်းဖတ်များက တဖွဲဖွဲကျရောက်နေ၏။ သူက စုတ်တံအား ကိုင်ကာ သဘာဝစွမ်းအင်အား ထိန်းချုပ်လျက် စာရွက်များတွင် လျင်မြန်စွာ ရေးချလိုက်သည်။ သူ၏ စုတ်ချက်များကား အံ့အားသင့်စွာပင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။ စုတ်တံက စာရွက်ပေါ်တွင် နဂါးတစ်ကောင် ကနေသကဲ့သို့ပင်။ လျှပ်စစ်မိုးကြိုး သဘာဝစွမ်းအင်များက သူ၏စုတ်တံတစ်လျှောက် စီးဆင်းနေကြ၏။
အလွန်တောက်ပသော လျှပ်စီးတစ်ချက် စုတ်တံမှ မျက်စိကျိန်းလောက်အောင် တောက်ပသွားသည်။ ထိုစဉ် ရုတ်တရက် ယွန်ရှင်းဟွာက တိုက်ခိုက်လိုက်၏။ အင်းကွက်မှ ရှည်လျားသော ရေခဲတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
“သတိထား…” သူ့အား တချို့က စိုးရိမ်တကြီး အော်လိုက်ကြ၏။ သူတို့၏ သတိပေးသံ ကြားရသော်လည်း ရီဖူရှင်းကား ခေါင်းငုံ့လျက် စာလိပ်အား ဆက်လက် ရေးသားနေဆဲဖြစ်သည်။ သူ၏ စုတ်ချက်တိုင်းတွင် လျှပ်စီးတစ်ချက် တစ်ချက်စီ လက်နေ၏။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ ဘယ်လက်အား ဝှေ့ယမ်းလိုက်လျှင် ရေးလက်စ စာလိပ်က လေပေါ်သို့ ခုန်တက်သွားကာ လျှပ်စီးတံတိုင်းတစ်ခု ပေါ်လာပြီး ရေခဲတန်းမှာ ထိုတံတိုင်းနှင့် တိုက်မိကာ အပိုင်းအစများအဖြစ် ကြေမွ သွားလေသည်။
“ခံစစ်သိုင်းကွက်… လျှပ်စစ်တံတိုင်း…”လူအုပ်ထဲမှ တစ်ယောက်က အော်လိုက်သည်။ ရီဖူရှင်း သုံးလိုက်သော မှော်သိုင်းကွက်အား လူတိုင်းလိုလို သိကြသည်။ သူကား ထိုမှော်သိုင်းကွက်ဖြင့် ရန်သူ၏တိုက်ခိုက်မှုအား အေးအေးဆေးဆေးပင် ခုခံနိုင်သည်။
မြေကြီးပေါ်မှ ရေခဲပြင်မှ အက်ကွဲသံတစ်ချက် မြည်လာကာ သဘာဝစွမ်းအင်များက အင်းကွက်တွင် တစ်ဖန် အတိုင်းအဆမဲ့ စီးဆင်းလာကြပြန်သည်။ ယွန်ရှင်းဟွာက သူ၏လက်နှစ်ဖက်အား မြှောက်ကာ သူ၏ပတ်ဝန်းကျင်ရှိ ရေခဲကမ္ဘာအား ထိန်းချုပ်လိုက်သည်။
“သွားစမ်း…” ယွန်ရှင်းဟွာက အော်လိုက်သည်…။ သူက အမိန့်ပေးလိုက်သည်နှင့် ရေခဲတန်းများစွာက ရီဖူရှင်းထံသို့ နေရာမျိုးစုံမှ ကြောက်မက်ဖွယ် တိုးဝင်လာနေကြ၏။
“ပြီးပြီ…” ရီဖူရှင်းက တစ်ချက် ရေရွတ်လိုက်ပြီး သူ၏ နောက်ဆုံး စုတ်ချက်အား အဆုံးသတ်လိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်လျက် လေထဲသို့ ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ကြိမ် စာလိပ်က လေထဲသို့ ဝဲတက်သွားပြီး ခံစစ်တံတိုင်း ဖြစ်သွားကာ များစွာသော ရေခဲတန်းများအား ချက်ချင်း ကြေမွသွားစေသည်။
ရီဖူရှင်းကား လုံးဝ ခေါင်းမမော့သေးပေ။ သူကား နောက်စာလိပ် တစ်လိပ်အား ရေးနေသည်။ သူ၏လှုပ်ရှားမှုများကား အလွန်လျင်မြန်ပြီး သိမ်မွေ့လှသည်။ သူ၏ကြည့်ကောင်းသော ရုပ်ရည်နှင့် သူ၏ဟန်ပန်ကြောင့် မိန်းကလေးအများစုက ရီဖူရှင်းအား လေးစား အထင်ကြီးစွာဖြင့် မျက်လုံးများ ဝိုင်းစက်ကာ ကြည့်နေကြလေသည်။ သူသည်မျှ စွမ်းအားမြင့်သည်ကို မည်သူသိခဲ့ပါသနည်း။
ဖန်းရှင်းဇွီကလည်း ထိုရေခဲပြင်တွင် ထိုင်နေသော လူငယ်အား စိုက်ကြည့်နေသည်။ သူမ၏ရင်ထဲတွင် တစ်ခုခု ဆုံးရှုံးသလို ခံစားနေရ၏။ ထိုကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း သူမ နားမလည်ပေ။ ရီဖူရှင်းကား သူ၏ပါရမီများအား ယခုမှပင် စတင်ပြသခြင်း ဖြစ်သည်။ သို့သော် သူ၏ပါရမီ စွမ်းရည်များမှာကား တခြားလူများနှင့်ပင် နှိုင်းယှဉ်မရလောက်အောင် မြင့်မားလွန်း လှပေသည်။
**
အပိုင်း(၂၅)
ပြိုင်ဘက်ကင်းပါရမီ
? Views, on September 22, 2022