စနစ်ရဲ့ လုပ်ဆောင်ပုံတွေက သူ့အကြိုက်နဲ့ အလွန်ကိုက်သည်။
‘မင်းကဘာရယ် တာလည်း’ ဝေ့ကျီဖန်က အနည်းငယ်ကြောင်သွားသည်။ ဒီအချိန်မှာတောင် ရယ်နေနိုင်တာ ဒီကောင်က အရူးလား။
‘ငါမင်းကို ဆွဲထုတ်လိုက်လျှင် ပုလဲမြို့မှာ နေစရာမရှိဖြစ်သွားမယ်လို့ ပြောလိုက်တာလား’ လီဖန်းက စနစ်က ထွက်ပြီး ရွှတ်နောက်နောက် မေးလိုက်သည်။
စနစ်က တာဝန်မပေးလျှင်တောင်မှ သူကဒီကောင့်ကို ဆွဲထုတ်တော့မှာပါ။
စနစ်လက်ထဲမှာ ရှိပြီး၊ သူကလည်း လူငယ်တစ်ယောက်ပါ ဘာကိုမှ ကြောက်နေမှာမဟုတ်ပါဘူး။ မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုလာစတာတော့ မင်းမှားတာပဲ။
‘မင်းသတ္တိရှိလျှင် လုပ်ရဲလား စမ်းကြည့်လိုက်’ ဝေ့ကျီဖန် ကဲ့ရဲ့စွာပြောလိုက်သည်။
လီဖန်း က သတ္တိတွေတအားကောင်းနေလျှင်တောင် သူ့ကိုပစ်မှားရဲမယ်လို့ မထင်ပါဘူး။
စုတုံက ဝေ့ပင်ချင်းကို ထိတ်လန့်တကြားကြည့် လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီက ဝေ့မိသားစုရဲ့ ပိုင်ဆိုင်မှုပါ။ လီဖန်းကို ဝေ့ကျီဖန် နဲ့ထိပ်တိုက် ရင်ဆိုင်ခိုင်းတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ဒီအချိန်မှာတော့ မစ်ဝေ့က သူတို့နှစ်ယောက် ရန်ဖြစ်မှာကို တားသင့်သည် မဟုတ်လား။
ဒါပေမယ့် စုတုံကို စိတ်ပျက်သွားစေတာက ဝေ့ပင်ချင်းက ခုံပေါ်မှာ ထိုင်နေရင်း ပင် ထူးမခြားနားစွာ ကြည့်နေသည်။
ဘာလို့လဲဆိုတော့ သူမလီဖန်းရဲ့ သန်မာမှုကိုသိသည်။ ရန်ဖြစ်လျှင်တောင် ခံရမှာက ဝေ့ကျီဖန်ပါ။ ပြီးတော့ ဒီအဖြစ်အပျက်ကနေ ဝေ့ကျီဖန်ကိုလည်း တစ်ခါတည်း ပညာပေးချင်တာပါ။ ဒါမှသာနောင် ပြဿနာလာမရှာတော့မှာ။
‘အိုကေ ငါ့ကိုဘယ်လို နေစရာမရှိအောင်လုပ် မလည်း စောင့်နေမယ်’ လီဖန်းကလှောင်ပြောလိုက်ပြီး ဝေ့ကျီဖန်ဆီ သွားကာ လည်ပင်းကို ချုပ်လိုက်သည်။
ဝေ့ကျီဖန်ရဲ့ အပြုံးဟာ ချက်ချင်းအေးခဲသွားသည်။ သူ ဘာမှန်းမသိခင်လေးမှာပဲ လီဖန်းကသူ့ကို တံခါးသို့ဆွဲခေါ်သွားခဲ့ပြီ။
‘မင်းငါ့ကို အခုလွှတ်စမ်း၊ အခုလွှတ်’ ဝေ့ကျီဖန်က လီဖန်းလက်ကို ဖြည်ဖို့ကြိုးစားပေမယ့် လီဖန်းကသန်မာလှရာ အကျိုးမထူးပါဘူး။
အခုအချိန်မှာ ဝေ့ကျီဖန်က အသတ်ခံရတော့မယ့် သိုးတစ်ကောင်လိုပါပဲ။
သူရုန်းနေတဲ့ ကြားက လီဖန်းက ဆွဲသွားကာ တံခါးဖွင့်ပြီး လွှင့်ပစ်လိုက်တော့သည်။
‘ဘန်း’ မြည်သံနဲ့အတူ ဝေ့ကျီဖန်က ကြမ်းပေါ်သို့ ပြုတ်ကျပြီး နာကျင်မှုကြောင့် အော်နေသည်။
လီဖန်းက သူ့ကိုကြည့်တောင်မကြည့်ဘဲ တံခါးပိတ်ပြီး ပြန်ဝင်သွားကာ ခုံ၌ထိုင်နေလိုက်သည်။
‘ပြီးပါပြီ’ ထို့နောက်ဆက်ပြောလိုက်သည်။ ထိုစဉ် အစ်မကျီလင်ရဲ့ အသံကပေါ်လာသည်။
‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးဆုံးပါပြီ။ ဆုကြေးများကို ထုတ်လွှင့်လိုက်သည်’
‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၅၀နှင့် ၅၀၀စနစ်အမှတ်ကို ရရှိသည်။
ဝေ့ပင်ချင်း ‘…’
မဟုတ်သေးဘူး။ သူမဆိုလိုတာက ဒီတိုင်းပဲ မောင်းကာ ထွက်သွားခိုင်းဖို့ပါ။ လွှင့်ပစ်လိုက်ဆိုတာက ဒေါသထွက်နေလို့သာ စကားအဖြစ်ပြောလိုက်တာ။ လီဖန်းက တကယ်လုပ်မယ်လို့ ဘယ်သူကထင်မှာလဲ။
သောက်ရမ်းတွေ ရိုးသားနေတယ်ပေါ့။
စုတုံကလည်း ကြောင်အသွားသည်။ ဒီလူက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ။ ဟိုက ပုလဲမြို့မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပါ။ သူက လွှင့်ပစ်ရဲတယ်ပေါ့။
ထိုအချိန်မှာ တံခါးမှ ရိုက်ခတ်သံကြားရပြီး ဝေ့ကျီဖန်ရဲ့ ဒေါသထွက်သံကြီးပေါ်လာသည် ‘ဖာ့ခ် ဝေ့ပင်ချင်း နင်အပြင်လူကို နင့်မောင်ကို အနိုင်ကျင့်ခိုင်းတယ်ပေါ့။ ငါ့မိဘတွေကို သွားပြောမယ်။ ပြီးတော့လီဖန်း မင်းစောင့်နေ မင်းကိုငါသတ်မှာ’။
လီဖန်းရဲ့ နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားသည်။ ဝေ့ကျီဖန် အပေါ်လည်း သူ့ရဲ့အကဲဖြတ်မှုက အောက်ဆုံးရောက်သွားသည်။
အသက်ကသေခါ နီးနေပြီတစ်ခုခုဆို မိဘတွေပဲ ပြန်တိုင်သေးတာလား။ ဒီကောင်နို့မဖြတ် ရသေးတာတော့ သေချာပါတယ်နော်။
ဝေ့ပင်ချင်းလို ထက်မြတ်တဲ့ သူမှာ ဒီလိုမောင်နှမ ရှိတာဟာ အံ့ဩစရာပါပဲ။
ဝေ့မိသားစုရဲ့ ကောင်းကွက်တွေအကုန် သူမကအမွေယူလိုက်လို့လား။
ဝေ့ကျီဖန်ရဲ့ ချိန်းခြောက်မှုကိုတော့ လီဖန်းက စိတ်ထဲတောင်မရှိပါဘူး။
‘လီဖန်း ရှင်လုပ်တာတော်တယ်။ ဒါကစာချုပ်။ ပြဿနာမရှိဘူးဆို လက်မှတ်ထိုးလိုက်။ စုတုံက လိုအပ်တဲ့ဟာတွေကို ပြောပြလိမ့်မယ်’ ဝေ့ပင်ချင်းက သူ့နဖူးကိုနှိပ်ရင်း အကူအညီမဲ့စွာ ပြောလိုက်သည်။
လွှင့်ပစ်ခိုင်းတာက သူမပဲလေ။ လီဖန်းကို ဘယ်လိုအပြစ်သွားတင်ရမှာတုန်း။
‘မစ်ဝေ့ ဒါဆိုလျှင် ကျွန်မ…’စုတုံက တွန့်ဆုတ်နေသည်။ သူမက အလုပ်ပြုတ်တာလား။ မပြုတ်တာလား။
‘ကျီဖန် နင့်ကြောင့်ပြဿနာ လာရှာတာမဟုတ်လား’ ဝေ့ပင်ချင်း သက်ပြင်းချရင်း ပြောလိုက်သည်။
ဝေ့ကျီဖန် စုတုံကို လိုက်နေတာသူမ သိသည်။ ဝေ့ကျီဖန်ကို လူကောင်းသူကောင်း အဖြစ်ပြောင်းလဲလာအောင် စုတုံပြုလုပ်နိုင်ဖို့ သူမမျှော်လင့်သည်။ ဒါကြောင့် ဝေ့ကျီဖန်ကို မသိမသာကူညီပေးလေ့ရှိသည်။
ဒါတွေက ဝေ့ကျီဖန်ကစုတုံကို ရိုးရိုးသားသား လိုက်ဖို့သာဆိုလိုတာပါ။ လှည့်ကွက်တွေသုံးလာပါက ပထမဆုံး တားဆီးမည်မှာ သူမပင်ဖြစ်သည်။
ဝေ့ကျီဖန် စိတ်သဘောအရ လီဖန်းကို ဘာလို့ထုတ်ခိုင်းတယ်ဆိုတာ သူမသဘောပေါက်လိုက်သည်။
‘ကျွန်မသူ့ကို တားပါသေးတယ်၊ ဒါပေမယ့်သူ…’ စုတုံက ငိုတော့မှာပါ။
မစ်ဝေ့က သူမကိုအပစ်တင်လျှင် ပြဿနာတက်ပြီ။
‘နင်နဲ့မဆိုင်တာကို ငါသိပါတယ်။ ငါသေသေချာချာ မပြောခဲ့ရတာ။ ဒီနေ့ကစပြီး နင်ကငါ့ရဲ့ ပထမလက်ထောက်၊ လီဖန်းက ဒုတိယလက်ထောက်ဖြစ်တယ်။ နင်တို့နှစ်ယောက် အတူတူပူးပေါင်းလုပ်ကြ နားလည်လား’ ဝေ့ပင်ချင်း က အကူအညီမဲ့ နေသလိုခံစားရသည်။
ဒီလိုဖြစ်မယ်သာ သိလျှင် သူမစုတုံ ကိုကိစ္စအား အရင်ပြောထားမှာပါ။
‘ဟုတ်ကဲ့ ဥက္ကဌဝေ့’ စုတုံက ပျော်ရွှင်စွာပဲ လက်ခံလိုက်သည်။
လီဖန်းလည်းစိတ်သက်သာရာ ရသွားသည်။ ထို့နောက် စာချုပ်ကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။ ဘာပြဿနာမှမရှိပါဘူး။
အထူးသဖြင့် သူ့ရဲ့လစာ၁၀၀၀၀၀နဲ့ အခြားထောက်ပံ့မှုတွေ၊ ပြီးတော့နှစ်ကုန် ဆုကြေးရော။
လီဖန်းနောင်တရတဲ့ အကြောင်းတစ်ချက်ပဲ ရှိသည်။ ဒါကတော့ ဘော်ဒီဂတ်နဲ့ အလုပ်ရတာမဟုတ်လို့ပါ။ တာဝန်ကမပြီးမြောက်သေးဘူး။
‘ပြဿနာရှိလို့လား’ ဝေ့ပင်ချင်းက လီဖန်းမျက်မှောင် ကြုတ်တာမြင်တော့မေးလိုက်သည်။
လီဖန်းက ပြန်လည်ပြုံးပြလိုက်ပြီး ‘မရှိပါဘူး’ ။ ထို့နောက် ဘောပင်ယူကာ လက်မှတ်ထိုးလိုက်သည်။
စိတ်မရှည်လျှင် တို့ဟူးပူပူမစားရဘူးတဲ့။ အခုဝေ့ပင်ချင်းကို ဘော်ဒီဂတ်ပြောင်းပေးလို့ ပြောလို့ရမှာမဟုတ်သေးဘူး။
ဘာပဲဖြစ်ဖြစ် တာဝန်က အချိန်အကန့်အသတ်မှ မရှိတာ သူစိတ်ရှည်ဖို့ပဲ လိုသည်။
ဝေ့ပင်ချင်းက တိတ်တစိတ်သက်ပြင်းချလိုက်သည်။ သူမရဲ့ တုံ့ပြန်ချက်က အနည်းငယ် ထူးဆန်းနေတယ်လို့ နားလည်သွားသည်။ ဘာလို့စိတ်လှုပ်ရှား သွားရတာလဲ။ သူလက်မှတ်မထိုး တော့ရော ဘာဖြစ်လဲ။
‘လီဖန်းက အသက်ကယ်ထားလို့သာ ငါသူ့ကိုအလုပ်ကောင်းကောင်း ပေးလိုက်တာ၊ ဘာမှမပိုဘူး’ ဝေ့ပင်ချင်းက သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
အချိန်ခဏကြာတော့ လီဖန်းက အချက်အလက်တွေကို စုတုံရဲ့အကူအညီနဲ့ လုပ်ပြီးသွားသည်။
အနာဂတ် လုပ်ငန်းစုရဲ့ အကြီးတန်း အမှုဆောင်အချို့နှင့် တွေ့ဆုံပြီးနောက် လက်ထောက်ရုံးသို့ ပြန်လာသည်။
လက်ထောက်ရုံးခန်းက ဥက္ကဌရုံးခန်းရဲ့ ဘေးမှာရှိသည်။ ဥက္ကဌရုံးခန်းလောက် မခမ်းနားပေမယ့် သူ့ဟာနှင့်သူ စနစ်တကျရှိကာ အဆင်ပြေသည်။
စုတုံရဲ့တောင်းဆိုချက်အရ ထောက်ပံ့ရေးဌာနက စားပွဲခုံ၊ ကုလားထိုင်နဲ့ ကွန်ပျူတာ၊ ရုံးဖုန်း၊ ဖိုင်တွဲများကိုပေးပို့ထားပြီးဖြစ်သည်။
စားပွဲနှစ်ခုကို လူသွားလမ်း မီတာဝက်လောက်ခြားပြီး ထားထားသည်။
‘ကူညီပေးလို့ ကျေးဇူးပါ။ ကျွန်တော် ညစာလိုက်ကျွေးပါရစေ’ လီဖန်းက ခုံပေါ်ဝင်ထိုင်ရင်း စုတုံကိုပြောလိုက်သည်။
စုတုံ လည်းခဏလောက်စဉ်းစားပြီး လက်ခံလိုက်သည်။ သူမတို့နှစ်ယောက်က သိတာမကြာသေးပေမယ့် သူမက လီဖန်းအပေါ် အကောင်းမြင်ပြီးရင်းနှီးနေပါပြီ။
နောက်ပိုင်း အတူတူလုပ်ကမည်ဖြစ်ရာ တစ်ယောက်အကြောင်း တစ်ယောက်သိထားတော့ ကောင်းပါသည်။
‘ဒါနဲ့ စကားမဆက် ဝေ့ကျီဖန်က မစ်ဝေ့နဲ့ မတည့်ကြဘူးလား။ တစ်ခုခုများ ဖြစ်ထားလို့လား’ လီဖန်းက မေးလိုက်သည်။
သူကဝေ့ပင်ချင်း ဘော်ဒီဂတ်လုပ်ရမှာဆိုတော့ သူမမိသားစုအကြောင်းကို နားလည်ဖို့ လိုသည်။
‘ဒါက…’ စုတုံ တွန့်ဆုတ်ရင်း ရပ်သွားသည်။
‘ပြောဖို့မသင့်လည်း ထားလိုက်ပါ။ကျွန်တော်က သိချင်ယုံပဲ’ သူမရဲ့ပုံစံ ကိုမြင်ပြီး သူပြုံးကာပြောလိုက်သည်။
လက်အောက်ငယ်သားတစ်ယောက် အနေနဲ့ အကြီးအကဲရဲ့ အကြောင်းကိုလျှောက်ပြောလို့ မရဘူးဆိုတာသူနားလည်သည်။
‘တကယ်တော့ အဲ့ဒါဘာမှမဟုတ်ပါဘူး။ ကုမ္ပဏီက လူအများစုသိကြတယ်။ မစ်ဝေ့က သနားဖို့အရမ်းကောင်းတာ ..’ စုတုံက အကြာကြီးတွေးပြီးမှ ပြောဖို့ဆုံးဖြတ်လိုက်သည်။
စုတုံရဲ့ စကားကိုနားထောင်ပြီး ဝေ့ပင်ချင်းရဲ့ အခြေအနေက တအားဆိုးတယ်ဆိုတာ သူသိသွားသည်။