ဖန်းဟွာ ရင်ပြင်ပေါ်တွင် လူအများ၏မျက်လုံးများက ထိုယုံကြည်မှုများ ပြည့်နှက်နေသော လူငယ်အား ကြည့်ကာ ထိတ်လန့် အံ့အားသင့်ရသည်။
ဝမ်ယူ… ကန်ယီနိုင်ငံ့ဂုဏ်ဆောင် ပါရမီရှင်။ ဓမ္မအဆင့် တန်ခိုးရှင်။
ချင်ကလန် လူငယ်မျိုးဆက်မှ အရည်အချင်း အရှိဆုံး လူငယ် ဘေချူ။ ဓမ္မအဆင့် တန်ခိုးရှင်။
မှော်ဂီတပညာရှင်။ ကောင်းကင်အဆင့် တန်ခိုးရှင် ရီဖူရှင်း။
နှိုင်းယှဉ်လိုက်လျှင် ရီဖူရှင်းက ထိုလူငယ်နှစ်ယောက်အား မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ပေ။ သူ မည်မျှပင် ထက်မြက် ထူးချွန်နေပါစေ တန်ခိုးအဆင့်ကား ကွာခြားလွန်းလှသည်။ သူက တန်ခိုးအဆင့်များစွာ ကျော်လျက် တိုက်ခိုက်ရမည် ဖြစ်သည်။ ဓမ္မအဆင့်မှ တန်ခိုးရှင်များက ဓမ္မများကို သိရှိနားလည်နိုင်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့၏တိုက်ခိုက်ရေး စွမ်းရည်က ကောင်းကင်အဆင့်နှင့် ယှဉ်လျှင် အဆမတန် ထက်မြက်သွား၏။
ထိုစဉ်မှာပင် ဘေချူက ကောင်းကင်မှနေ၍ ဖန်းဟွာစင်မြင့်ပေါ်သို့ ဆင်းသက်လာသည်။ သူ့ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ခုက ခိုတွဲနေသည်… “မင်းကို အနိုင်ယူရတာ သိပ်မကောင်းပေမဲ့ ငါတို့ရဲ့ ပြဿနာတွေကို ရှင်းဖို့တော့ လိုလိမ့်မယ်…” ဘေချူက ရီဖူရှင်းကို ပြောသည်။
“သေချာတာပေါ့…..” ရီဖူရှင်းက ပြုံးလိုက်သည်။ သူလည်း လုံးဝ သဘောတူသည်။
“ဒါဆို စကြရအောင်…” ဘေချူက ကြမ်းပြင်တွင် ထိုင်လိုက်သည်။ ကု့ချင်းဝိညာဉ်က သူ့ရှေ့တွင် ပေါ်လာကာ လေထဲတွင် ရပ်တန့်နေသည်။ သူ့ကု့ချင်း ဝိညာဉ်က ရီဖူရှင်း၏ ကု့ချင်းဝိညာဉ်ထက် ပိုမို အသက်ဝင်လှသည်။ သူ့ကု့ချင်းဝိညာဉ်က တကယ့် ကု့ချင်းအလားပင်။ သက်စောင့်ဝိညာဉ်များက တန်ခိုးရှင်က တန်ခိုးအဆင့် မြင့်လာသည်နှင့်အတူ လိုက်ပါ၍ စွမ်းအားမြင့်လာကြသည်။
ရီဖူရှင်းက ဘေချူ၏မျက်နှာချင်းဆိုင် တစ်ဖက်ခြမ်းတွင် ထိုင်လိုက်သည်။ သူ့ကု့ချင်း ဝိညာဉ်သည်လည်း ထွက်ပေါ်လာသည်။ သူ့ချောမောသော မျက်နှာကား တည်ငြိမ်ကာ လေးနက်သော ပုံဟန်ရှိပြီး ထိုအခိုက်အတန့်တွင်ကား သူ့မျက်လုံးထဲတွင် ကု့ချင်းတစ်ခုသာလျှင် ရှိပုံရသည်။
မိန်းကလေးအချို့က ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့မှာ ရုပ်ရည်အားဖြင့် လိုက်ဘက်ညီလှသည်ကို သူတို့ ဝန်ခံရသည်။ ချောမောကာ ဆွဲဆောင်မှုရှိသော ဘေချူပင်လျှင် ရီဖူရှင်းလောက် ဆွဲဆောင်မှုမရှိလှပေ။
ဒေါင်… သံစဉ်တစ်ခု ထွက်ပေါ်လာသည်။ ဘေချူက စတင် တီးခတ်ခြင်းဖြစ်၏။ သံစဉ်က တစ်ချက်ခန့်မျှသာ ဖြစ်သော်လည်း လူတိုင်းက ဖန်းဟွာရင်ပြင်မှ ကျယ်လောင်သော အသံကြီးအား ကြားရသည်။ သူတို့အားလုံးက မျှော်ကြည့်လိုက်ကြသည်။
ဘေချူ၏လှုပ်ရှားမှုများက သိမ်မွေ့ညင်သာသည်။ သူ့လက်ချောင်းများက ကု့ချင်းကြိုးများကား အသာအယာ ထိတွေ့နေသည်။ ဂီတသံစဉ်က ပရိသတ်များ၏နားထဲကို ဝင်ရောက်သွားလျှင် ပရိသတ်များက ရသအသိထဲကို ရောက်ရှိသွား၏။ ထိုအဖြစ်က ကောင်းကင်ကြီးက ရုတ်တရက် ပြောင်းလဲ သွားသကဲ့သို့ပင်။
ဖန်းဟွာစင်မြင့်အား လေပြင်းများ တိုက်ခတ်နေသည်။
ရီဖူရှင်းကား လေးနက်သော ပုံစံရှိသည်။ သူကလည်း ကု့ချင်းကြိုးအား ထိတွေ့လိုက်လျှင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရသည်။ သူ့ဂီတသံစဉ်က မိုးကြိုးပစ်လိုက်သလို လေထုအား ခွဲခြမ်းလိုက်သလို တုန်ခါစေသည်။ သူက မျက်လုံးများအား ပိတ်လိုက်ကာ နန်ဒူနိုင်ငံမှ အဖြစ်အပျက်အား အမှတ်ရလာသည်။ ထိုစဉ်က သူကား သတ္တဝါဆန်းပေါ်တွင် ဖြစ်ပြီး သူ့ဆရာဘိုးဘိုးက ကု့ချင်းအား တီးခတ်သည်။ သိမ်မွေ့သော ရွေ့လျားမှုနှင့်အတူ လက်ချောင်းများက ကု့ချင်းကြိုးများအား တီးခတ်လိုက်လျှင် သံစဉ်က လူတိုင်း၏ ရင်ဘတ်ကို တုန်ခါစေသည်။
နောက်ထပ် မှော်ဂီတသံစဉ်တစ်ခု ဖန်းဟွာစင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။ ထိုသံစဉ်က ဘေချူ၏ လေရူးတိုးသံများနှင့်အတူ ထွက်ပေါ်လာကာ မိုးကြိုးလျှပ်စီးသံများ ဖြစ်ပေါ်လာသည်။ ထိုစဉ်မှာပင် ကောင်းကင်တွင် လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်လာသည်ကို ပရိသတ်များက ထိတ်လန့်စွာ မြင်တွေ့ရ၏။ နေသာသော ညနေခင်းမှာ မှော်ဂီတသံစဉ်များကြောင့် ဆိုးရွားသော ရာသီဥတုကို ဖြစ်ပေါ်လာစေသည်။
ပရိသတ်များထဲမှ အလွန်ထူးချွန်သော ပါရမီရှင်များပင်လျှင် မုန်တိုင်း၏ အနုပညာရသသိထဲကို ရောက်ရှိသွားသလို ခံစားကြရသည်။ ထိုနေရာတွင်ကား နေရောင် ကွယ်ပျောက်သွားပြီး ဖြစ်ကာ ကောင်းကင်တွင် မိုးတိမ်များ ဖုံးလွှမ်းနေသည်။
“သူက ချင်ကလန်ရဲ့ လူငယ်တွေထဲမှာ အရည်အချင်း အရှိဆုံးလို့ သတ်မှတ်ခံရတာ မထူးဆန်းတော့ဘူး…..” လူတိုင်းက ဖန်းဟွာစင်မြင့်ပေါ်တွင် တီးခတ်နေသော ဘေချူအား ကြည့်ကာ ချီးကျူးကြသည်။ သူ့စွမ်းရည် အစစ်အမှန်အား ယခင်တိုက်ပွဲများတွင် ဘေချူက ထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ပေ။ ယခု ရီဖူရှင်းနှင့် ရင်ဆိုင်ရသောအခါ သူက သာမန်အနေဖြင့် သဘောမထားဘဲ သူ့စွမ်းရည် အားလုံးအား အသုံးချရန် ကြံရွယ်နေသည်ကို တွေ့ရသည်။ ဖြစ်နိုင်သည်က ရီဖူရှင်းအား ချင်ကလန်၏ မှော်ဂီတပညာများအား မည်မျှ စွမ်းအား ထက်မြက်ကြောင်း သိစေလိုပုံရ၏။
ချင်ကလန်မှ လူများအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ အရောင် လက်လာကြသည်။ မည်သည့်နေရာတွင်မဆို ဘေချူသာရှိလျှင် ရီဖူရှင်းအတွက် နေရာ ရှိမည်မ ဟုတ်သည်မှာ သေချာ၏။
ရီဖူရှင်းအပေါ်မှ ကောင်းကင်တွင် အနက်ရောင်တိမ်များ ဖုံးလွှမ်းနေကာ လေရူးတိုက်သံများ။ လျှပ်စီးသံများ ဆူညံနေသည်။
ဒိန်း… စူးရှသော အလင်းတန်း လျှပ်စီးတစ်ခု လက်သွားကာ မိုးကြိုးလျှပ်စီးတစ်ခု ရီဖူရှင်းထံသို့ ဆင်းသက်လာသည်။ လူတိုင်း၏ရင်ဘတ်များ တုန်ခါသွား၏။ မျက်လုံးအား မှိတ်ကာ ကု့ချင်းကို အေးဆေး တည်ငြိမ်စွာ တီးခတ်နေသော ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို ခုခံနိုင်ပါမည်လော။
သူ့လက်ချောင်းများက ကု့ချင်းကြိုးများကို လျင်မြန်စွာ တီးခတ်လိုက်သည်။ ဂီတသံစဉ်က မြင့်တက်လာသည်က ထိန်းချုပ်မှု ဟူသမျှအား ထွင်းဖောက် ထွက်လိုသည့် အလွန်ထက်ရှသော ဓားသွားများ အလားပင်။
ထိုစဉ် ကြောက်မက်ဖွယ် ပန်းရောင် အလင်းတစ်ခု လင်းလက်သွားသည်။ ရီဖူရှင်း ခေါင်းထက်ကို ဆင်းသက်လာသော လျှပ်စီးတန်းက မမြင်ရသော အားလှိုင်းတစ်ခုနှင့် ရင်ဆိုင်မိကာ ပျောက်ကွယ်သွားသည်။ လူအများအပြားက ရီဖူရှင်းအား ကြည့်ကာ အနည်းငယ် လေးစားသွားကြသည်။ ဘေချူ၏ အားကောင်းသော တိုက်ကွက်အား ကောင်းကင် တန်ခိုးအဆင့်မျှဖြင့် ချေဖျက်နိုင်မှုက သူ့အရည်အချင်းအား ဖော်ပြနေသည်။
သို့သော်လည်း သည်မျှလောက်က ရလာဒ်အား ပြောင်းလဲနိုင်ပုံ ရမည်မဟုတ်ပေ။
ရီဖူရှင်းခေါင်းထက်မှ လေလှိုင်းများ ဖရိုဖရဲဖြစ်လာသည်။ သဘာဝစွမ်းအင်များက ထိုနေရာတွင် စုစည်းလာနေပြီး မုန်တိုင်းထန်သည့်အလား ကြောက်မက်ဖွယ် လျှပ်စီးများ အများအပြား ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် သူတို့အားလုံး ခံစားရသည်မှာ ယခု ရီဖူရှင်းကား မုန်တိုင်းလေထန်နေသော ပင်လယ်ပြင်မှ သာမန် လှေငယ်လေး အလားပင်။ မည်သည့်အချိန်တွင်မဆို သူကား အန္တရာယ်ထဲကို ကျရောက်နိုင်ပြီး မုန်တိုင်းအကြား နစ်မြုပ်သွားနိုင်ပေသည်။
သို့သော် ရီဖူရှင်းက ထိုအရာများအား သတိထားမိဟန် မတူပေ။ ပြိုင်ဘက်၏ မှော်တိုက်ကွက်ကိုပင် ခံစားမိဟန်မတူဘဲ သူ့မျက်လုံးများအား ပိတ်ထားဆဲပင်။ သူ့သံစဉ်က ဆက်လက် မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်မှ အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ဘေချူ၏မုန်တိုင်းအား တားဆီးထားသည်။ လျှပ်စီးများ ဆင်းသက်လာလျှင် ထိုအားလှိုင်းက ဆွဲငင်ယူသွားသည်ကို အံ့သြဖွယ်မြင်ရသည်။
သို့သော်လည်း ရီဖူရှင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်နှင့် ဘေချူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ ကွာဟချက် အလွန်ကြီးမားသည်ကို သိသည်။ သူ့သက်စောင့် ဟော်နန်းထဲတွင် စိတ်ဝိညာဉ် မျက်လုံးမုန်တိုင်းများက ကြောက်မက်ဖွယ် အားကောင်းသော စိတ်ဝိညာဉ် အားလှိုင်းများအား ထုတ်လွှတ်ပေးသည်။ ထိုစိတ်ဝိညာဉ် စွမ်းအင်များက ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင်ပင် သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင်များအဖြစ် ပြောင်းလဲလာသည်။ ထိုဖြစ်စဉ်က သူ့အား ကြောက်မက်ဖွယ် အနုပညာရသအား ထုတ်ဖော်နိုင်စွမ်းကို ပေးသည်။
မုန်တိုင်း၏မျက်လုံးများ အမည်ရ သက်စောင့်ဝိညာဉ်မှာ ဧကရာဇ်ရီချင်၏ ပညာအမွေများထဲမှ တစ်ခုဖြစ်သည်။ ထိုသက်စောင့်ဝိညာဉ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ် စွမ်းအားများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသော်လည်း ယခု သူ့တန်ခိုးအဆင့်ဖြင့် ထိရောက်စွာ အသုံးချနိုင်စွမ်း မရှိသေးပေ။
ထိုအခိုက်တွင် ဖျက်ဆီးနိုင်စွမ်းမြင့်သော လေမုန်တိုင်းတစ်ခုက ဟင်းလင်းပြင်ထဲမှ ကွဲထွက်လာကာ ရီဖူရှင်းအား အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်ရန် ကြိုးစားလာနေသည်။ သူ့လက်များ ပိုမိုလျင်မြန်စွာ လှုပ်ရှားလာနေသည်။ ဂီတသံစဉ် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ စိတ်ဝိညာဉ် စွမ်းအားများ အဆက်မပြတ် ကွဲထွက်လာသည်။ သံစဉ်၏တောင်းဆိုချက်အရ သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားများအားလုံး ဂီတသံစဉ်ထဲကို အလုံးအရင်းဖြင့် လောင်းထည့်နေရသည်။
ထို့ကြောင့်ပင်လျှင် ရီဖူရှင်း၏အပေါ်မှ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာနေသည်။ ထိုနေရာတွင် ကမ္ဘာကြီးအား ဖျက်ဆီးရန် အလို့ငှာ အဆင်သင့် ဖြစ်နေဟန်ရသော သံစဉ် မုန်တိုင်းတစ်ခု ရှိနေပြီး ထိုသံစဉ်နှင့် အားပြိုင်နေသည်က မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသော ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်း တစ်ခုပင်။ ထိုအားလှိုင်းနှစ်ခုက ရင်ဆိုင်မိကာ ဖျက်ဆီးအားမြင့်သော မုန်တိုင်းက ဖန်းဟွာစင်မြင့် တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။
လူအများအပြားက မျက်မှောင်ကြုတ်မိကြသည်။ သူတို့က စင်မြင့်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော ရီဖူရှင်းအား ကြည့်ကာ အံ့အားသင့်ရသည်။ သည်မျှအင်အားကို ရီဖူရှင်းက အဘယ်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း။
ဂီတသံစဉ်က တစ်ဖန် မြင့်တက်လာပြန်သည်။ သည်တစ်ခါ ထိုသံစဉ်က ကြောက်မက်ဖွယ် မုန်တိုင်းအား ထွင်းဖောက်ထွက်လိုဟန် တူသည်။
“ဒီသံစဉ်…..”လူအများအပြားက ရီဖူရှင်း၏ဂီတသံကို နားထောင်ပြီး ထိတ်လန့် တုန်လှုပ်ရသည်။ သူကား ဘေချူ၏ တန်ခိုးအဆင့်နှင့်ယှဉ်လျှင် အလွန်နိမ့်ကျလှသည်။ သို့သော် သူ့ဂီတစွမ်းရည်ကား နိမ့်ကျခြင်း မရှိပေ။ သူ့ဂီတသံစဉ်တွင် သူ၏ ကျောက်ဆောင် ကျောက်သားကဲ့သို့ စိတ်ဓာတ်ခိုင်မာမှုအား ခံစားမိကြရသည်။
ဘေချူက မျက်မှောင်ကုတ်လိုက်သည်။ သူ၏အထက်မြက်ဆုံးသော တိုက်ကွက်များဖြင့် ရီဖူရှင်းအား ဆိုးရွားစွာ ရှုံးနိမ့်စေမည်ဟု သူတွေးထားသော်လည်း ယခု အလုပ်ဖြစ်ဟန် မတူပေ။ ရီဖူရှင်းကား တည်ငြိမ်စွာ ခုခံနေဆဲဖြစ်သည်။ ဘေချူ၏ လက်ချောင်းများ ပိုမို လျင်မြန်လာကာ မိုးကြိုးမုန်တိုင်းက ပိုမို ပြင်းထန်လာနေသည်။ ထိုမုန်တိုင်းက ကမ္ဘာကြီးမှ ရှိသမျှ အရာတိုင်းအား တိုက်စား သွားတော့မည်ကဲ့သို့ အလားပင်။ လေပြင်းများက ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခတ်လာပြီး ရီဖူရှင်းအား တစ်ဆပြီး တစ်ဆ ဖိအားပေးလာကြသည်။
သည်အချိန်တွင်ကား ရီဖူရှင်းက သူ့ဂီတသံစဉ်ထဲတွင် လုံးဝ နစ်မျောနေပြီ ဖြစ်သည်။ သည်အဖြစ်က နန်ဒူနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များအား ရီဖူရှင်းကို အမှတ်ရစေသည်။ သူ့အတွေးများက သူ့ဆရာဘိုးဘိုး၏ ကံဆိုးမိုးမှောင်ကျမှုနှင့်အတူ သူ၏ အားကောင်းလှသော စွမ်းဆောင်ရည်ကို ပြန်အမှတ်ရစေသည်။
သူ၏ သက်စောင့်ဝိညာဉ်ထဲတွင် မုန်တိုင်း၏မျက်လုံးများ သက်စောင့်ဝိညာဉ်က ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို စိတ်ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ထောက်ပံ့ပေးနေသည်။ သို့တိုင်အောင် သူတီးခတ်နေသော သံစဉ်က သူ့စိတ်ဝိညာဉ် စွမ်းအင်များအား လောဘတကြီး ဆွဲငင်ယူနေကြဆဲပင်။ သံစဉ်ကလည်း ပိုမို၍ မြင့်တက်လာသည်။ တစ်ဟုန်ထိုး မြင့်တက်လာသော သံစဉ်လှိုင်းက အရာအားလုံးကို ဖျက်ဆီးရန် အားယူလာနေသည်။ ပရိသတ်များက ထိတ်လန့်ရသည်မှာ သည်မျှကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးမုန်တိုင်းအား ရီဖူရှင်းက မည်ကဲ့သို့ ခုခံနေနိုင်သနည်း ဟူသော မေးခွန်းကိုပင်။ ယခု ပိုမိုထိတ်လန့်ရသည်မှာ ထိုကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းက ရီဖူရှင်းကို ပြိုလဲစေမည့်အစား စတင် အားနည်းလာသော သင်္ကေတကို ခံစားလိုက်ကြရသည်။
ရီဖူရှင်း၏အထက်တွင် ကြောက်မက်ဖွယ် မုန်တိုင်းက စတင်ပြန့်ကျဲလာကာ နေမင်း၏ ရောင်ခြည် ရောင်ဝါများကဲ့သို့ အလင်းရောင် တချို့တစ်ဝက်အား စတင် မြင်လာကြရသည်။
“ဒီအတွက်ကြောင့် သူက ယုံကြည်မှု ရှိနေတာလား…..” ပရိသတ်များကား ပြောစရာစကား မရှိတော့ပေ။ သည်မတိုင်မီက ရီဖူရှင်းအား ဘုရင်မင်းမြတ်က ရွေးချယ်ရန်မှာ မည်သို့မှ မဖြစ်နိုင်ဟု သူတို့တွေးခဲ့ကြသည်။ ယခု သူတို့ မသေချာတော့ပေ။ ဘုရင်မင်းမြတ်က သည်သံစဉ် တစ်ခုတည်းဖြင့် သတိပြုမိကာ သူ့အား ဖန်းဟွာအဆင့် အတွင်းကို ထည့်ပေးနိုင်ပေသည်။
သို့သော်လည်း သည်အဖြစ်က ဘေချူအား သည်းခံစေနိုင်သည် မဟုတ်ပေ။
သူ့အနီးတွင် ကု့ချင်းပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ ထိုကု့ချင်းများက အတူတူ တီးခတ်နေဟန်ရကာ သံစဉ်မှ ဖြာထွက်လာသော အလင်းရောင်များက ဘေချူ၏ ကု့ချင်းဝိညာဉ်ကို အဆက်မပြတ် ကျရောက်လာကြ၏။ ချက်ချင်းပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသော သံစဉ်မုန်တိုင်းတစ်ခုက ရီဖူရှင်းအား စတင် ဖိအားပေးလာနေသည်။ တစ်ချိန်တည်းမှာပင် ဘေချူက ကောင်းကင်သို့ စတင်မျောလွင့်လာနေပြီး ရီဖူရှင်း၏အပေါ်သို့ ရောက်ရှိလာသည်။ သူက လေထဲတွင် အလွန် ကြီးမြတ်သည့်ဟန်ဖြင့် ထိုင်နေသည်။
ဘေချူ၏လက်ချောင်းများက ကု့ချင်းကြိုးများအား ကြမ်းတမ်းစွာ လှုပ်ခတ်သွားသည်။ မုန်တိုင်းက တစ်ဖန် အလင်းရောင်များအား ဖုံးလွှမ်းသွားပြီး မဆုံးနိုင်သော လျှပ်စီးများက ရီဖူရှင်းထံ ဆင်းသက်လာသည်။
ရီဖူရှင်း၏ လက်ချောင်းများက သူ မြန်နိုင်စွမ်းသလောက်အထိ မြန်လာကာ သူ့အကန့်အသတ် အထိကိုပင်လျှင် ရောက်ရှိလာတော့သည်။ စူးရှသော သံစဉ်တစ်ခုက အရာအားလုံးကို ထွင်းဖောက်သွားကာ လေထဲတွင် ထိုင်နေသော ဘေချူထံသို့ အလွန် လျင်မြန်စွာ တိုးဝင်သွားသည်။ အားလှိုင်းနှစ်ခုက အဆက်မပြတ် ရင်ဆိုင်မိကြသည်။
ပရိသတ်က ခံစားမိသည်မှာ ထိုလူငယ် နှစ်ယောက်လုံးမှာ ထိုကြောက်မက်ဖွယ် မုန်တိုင်းထဲတွင် နစ်မြုပ်သွားသည့် အလားပင်။ ရပ်တန့်မရသော စွမ်းအင်များက ရီဖူရှင်၏ ခန္ဓာကိုယ်အား ရစ်ပတ်လာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ရီဖူရှင်း၏ သံစဉ် ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ထံရိုက်ခတ်လာသော အားလှိုင်းတချို့က သူ့ခန္ဓာကိုယ်အား အဆက်မပြတ် နောက်ကို ဆုတ်ခွာသွားစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် တခြားသော အားလှိုင်းတစ်ခုက ဘေချူ၏ စိတ်ဝိညာဉ်နယ်ပယ်ကို လာရောက် တိုက်ခိုက်ရာ ဘေချူ၏ ဂီတသံစဉ်မှာလည်း ရပ်တန့်သွားသည်။
ဖန်းဟွာစင်မြင့်ပေါ်မှ မုန်တိုင်းကား တဖြည်းဖြည်း ပြန့်ကျဲ ပျောက်ကွယ် သွားပြီဖြစ်သည်။ နေရောင်များ ပြန်လည် ကျဆင်းလာပြီး အရာအားလုံးက ပုံမှန်အခြေအနေသို့ ပြန်ရောက် လာသော်လည်း ရလဒ်ကား ရှင်းရှင်းလင်းလင်း မြင်ရသည်။ ရီဖူရှင်းအား မည်သူမှ အပြစ်မတင်နိုင်သော်လည်း သူရှုံးနိမ့်ခဲ့သည်။ သို့သော် သူ့စွမ်းဆောင်ရည်ကား အလွန်ကောင်းမွန်၏။
အကြည့်များစွာက ဘေချူအစား ရီဖူရှင်းထံသို့ ရောက်နေကြသည်။ ရီဖူရှင်း၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာ၏။ သူ၏မျက်လုံးနက်များက စိတ်ပျက်သော အရိပ်အယောင်မရှိဘဲ ကြည်လင်နေသည်။ သူ၏အပြုံးက နေရောင်ကဲ့သို့ပင် တောက်ပသည်။ သည်မတိုင်မီက တိုက်ပွဲ၏ ရုန့်ရင်းကြမ်းတမ်းမှု။ ပရမ်းပတာ ဆန်မှုများနှင့်ကား ကွာခြားလွန်းလှသည်။
ယခု ရီဖူရှင်းကား သည်မတိုင်မီက ရီဖူရှင်းနှင့် ကွာခြားလွန်းလှသည်။
သူက သူ့ဆရာဘိုးဘိုး၏ သံစဉ်ဖြင့် ကြိုးစားကြည့်သော်လည်း တန်ခိုးအဆင့် ကွာခြားမှုကား များပြားလွန်းလှသည်။ သူတို့နှစ်ယောက်လုံးမှာ မှော်ဂီတပညာရှင်ဖြစ်ရာ အဆင့်တက် တိုက်ခိုက်ရန် အလွန်ခက်ခဲလှသည်။ သို့သော်လည်း သူ စိတ်မပျက်ပေ။ နောက်ဆုံးအကြိမ်က ကျောက်မူနှင့် တိုက်ပွဲတွင် သူ့မှော်ဂီတပညာက ကျောက်မူအား အနိုင်ယူနိုင်စွမ်း မရှိခဲ့ပေ။ ယခု သူ့ဂီတပညာအား အသုံးပြုလျှင် တန်ခိုးအဆင့် သုံးဆင့်ကျော်ကာ ထိပ်သီးပါရမီရှင်နှင့် နောက်ဆုံး အချိန်အထိ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလာသည်။ သူ အများအပြား တိုးတက်လာသည်ဟု သူခံစားရ၏။
“မင်းကို သာညှာပေးတဲ့အတွက် ဂုဏ်ယူသင့်တယ်…” ဘေချူက ထူးမခြားနားစွာ ပြောသော်လည်း သူ့ရင်ထဲတွင်ကား လှုပ်ရှားနေသည်။
ရီဖူရှင်းက ဘေချူကို အသာအယာ ပြုံးပြသည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ကာ ဘုရင်မင်းမြတ် ထိုင်နေရာသို့ လှည့်ကြည့်လိုက်သည်။ ရီဖူရှင်းက ဦးညွှတ်လျက် ပြောသည်…“ အရှင်မင်းကြီး… ကျွန်တော်က ကန်ယီကျောင်းတော်မှာ စာရင်းပေးတုန်းက ကျွန်တော် အထူးပြုလေ့လာတဲ့ ပညာကို မှော်ဂီတပညာလို့ မှတ်သားစေခဲ့ပါတယ်… အမှန်တကယ်က ကျွန်တော်က မှော်ဂီတပညာကို ကိုယ့်ကိုယ်ကိုယ် ဒီထက် တိုးတက်စေဖို့ အတွက်ပဲ လေ့လာတာပါ… မှော်ဂီတပညာက ကျွန်တော့်ရဲ့ အထက်မြက်ဆုံး ပညာရပ် မဟုတ်ပါဘူး… ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ…..”
***