အခန်း (၉)

အနီရောင်ဘူးသီးခြောက်

အခန်း (၉) အနီရောင်ဘူးသီးခြောက်

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေသည်။

ရောက်ရောက်ချင်းပင် ဆရာဖြစ်သူ မော့ကျန်းသုန့်ကို ချက်ချင်း သွားရောက်တွေ့ဆုံလိုက်သည်။

ကျန်းလန်က သူရရှိလာသည့် မှော်ဝင်ပစ္စည်း (၅)မျိုးကို ထုတ်ယူကာ ဆရာဖြစ်သူကို ပြသလိုက်ရင်း…

“ဆရာ… တပည့် မှော်ဝင်ပစ္စည်းတွေ ယူခဲ့ပါပြီ…”

သူ့ရှေ့မှ မှော်ဝင်ပစ္စည်းများကိုကြည့်ပြီး မော့ကျန်းသုန့် များစွာ အံ့အားသင့်သွားလေသည်။

သူ့တပည့်လေးက မှော်ဝင်ပစ္စည်း (၅)မျိုး တောင်ယူလာနိုင်သည်တဲ့လား…။

သူ… မနေနိုင်တော့ဘဲ ကျန်းလန်ကို မေးလိုက်သည်။

“မင်း … မှော်ဝင်ပစ္စည်း (၅) ခုတောင် ယူလာနိုင်ခဲ့တယ်… ၊ ဟုတ်လား….”

တပည့်ဖြစ်သူ၏ အရည်အချင်းကို မော့ကျန်းသုန့် မယုံကြည်နိုင် ဖြစ်နေလေသည်။

ကျန်းလန်ကဲ့သို့ ချီစွမ်းအားသန့်စင်ခြင်း ၊ အဆင့် (၂) ရှိသည့် တပည့်တစ်ယောက်အနေဖြင့် မှော်ဝင်ပစ္စည်း (၃)မျိုး ယူလာနိုင်လျှင်ပင် အတော်လေး အခြေအနေကောင်းသည် ဆိုနိုင်သည်။

သို့သော်… ယခုကဲ့သို့ မှော်ဝင်ပစ္စည်း (၅)မျိုး ယူလာနိုင်ခြင်းကတော့…။

ကျန်းလန်နှင့်အဆင့်တူသည့် အခြားတပည့်များထဲတွင် စိတ်စွမ်းအားမကောင်းသူ တစ်ယောက်မှ မရှိပေ။ ယခုတော့… ကျန်းလန်က အဘယ့်ကြောင့် ထိုသူများထက် သာလွန်နေရပါသနည်း။

ကျန်းလန်က တိုးလျသည့် လေသံဖြင့်…

“ဟုတ်တယ်… ဆရာ… တပည့် မှော်ဝင်ပစ္စည်း(၅)ခုလုံး ယူလာခဲ့တယ်…”

မော့ကျန်းသုန့်က သတိလက်လွတ်ဖြင့်…

“ဒါဖြင့် အဲဒီမှာ မှော်ဝင်ပစ္စည်း (၆) ခု ရှိနေရင်လည်း… မင်း ယူလာနိုင်မှာပဲလား…”

ဟု ရေရွတ်လိုက်၏။

ကျန်းလန်က မှော်ဝင်ပစ္စည်း (၅)ခုသာ ဝေစုရသောကြောင့် (၅)ခု ယူလာခဲ့ခြင်း ဖြစ်လေသည်။ မှော်ဝင်ပစ္စည်း (၆)ခု ဝေစုရလျှင်ရော (၆)ခုလုံး ယူလာနိုင်မည်လားဟု မော့ကျန်းသုန့် သိချင်နေမိသည်။

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…

“မှော်ဝင်ပစ္စည်းတွေ ယူဖို့ဆိုတာက သိပ်တော့ မလွယ်ဘူးလေ … ဆရာ…”

မှော်ဝင်ပစ္စည်း (၆)ခုဆိုပါက အားလုံးကို ရယူနိုင်ပါမည်လား ကျန်းလန် သိပ်မသေချာလှပေ။ ပစ္စည်း (၁)မျိုးသာ ပိုလာသည်ဆိုသော်လည်း သူ့အတွက် ခက်ခဲကောင်း ခက်ခဲနိုင်သည်။

စိတ်စွမ်းအားမည်မျှကောင်းမွန်ပါစေ ရုပ်ခန္ဓာစွမ်းအားက စိတ်စွမ်းအားနှင့် ဟန်ချက်မညီလျှင် ကျန်းလန် မှော်ဝင်ပစ္စည်းများကို ရယူနိုင်မည် မဟုတ်ပေ။

စိတ်စွမ်းအားနှင့် ရုပ်ခန္ဓာစွမ်းအား  ဟန်ချက်ညီရန် လိုအပ်လေသည်။ ထို့ကြောင့်လည်း မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကို ကျန်းလန် ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။

မော့ကျန်းသုန့်က မှော်ဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ရင်း…

“အဲဒီ မှော်ဝင်ပစ္စည်းတွေကို မင်းပဲ သိမ်းထားလိုက်ပါ…”

ထို့နောက် မော့ကျန်းသုန့်က စာအုပ်တစ်အုပ် ထုတ်ယူလိုက်ပြီး ကျန်းလန်ကို ပေးလိုက်သည်။

“ဒါကတော့ မှော်ဝင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး မှတ်တမ်းစာအုပ်ပဲ ၊ မင်း ကိုယ့်ဘာသာ လေ့လာကြည့်လိုက် ၊ နောက်ထပ်  မှော်ဝင်ပစ္စည်းတွေရလာရင်လည်း ဘယ်လိုအသုံးပြုရမယ်ဆိုတာ လွယ်လွယ်နဲ့ နားလည်သွားလိမ့်မယ် …”

မော့ကျန်းသုန့်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“ပြီးတော့ နဝမတောင်ထွတ်ရဲ့ စာကြည့်တိုက်ထဲမှာ စာအုပ်တွေ အများကြီးရှိတယ် ၊ စိတ်ဝင်စားရင် မင်းစိတ်ကြိုက်လေ့လာလို့ရတယ်…”

မော့ကျန်းသုန့်က ကျန်းလန်အပေါ်တွင် အတော်လေး စေတနာထားသူ ဖြစ်လေသည်။

ကျန်းလန် နဝမတောင်ထွတ်တွင် အချိန်အကြာကြီး နေထိုင်ရန်လည်း သူက မျှော်လင့်ထားမိသည်။

နဝမတောင်ထွတ်တစ်ခုလုံးကို ကျန်းလန်တာဝန်ယူနိုင်လျှင်တော့ သူ့အတွက် အတိုင်းထက်အလွန် ဖြစ်လေသည်။ သို့သော်… ထိုအခြေအနေသို့ ရောက်လာရန်က အတော်လေး ခက်ခဲပေဦးမည်။

အင်မော်တယ်တစ်ပါးမဟုတ်ဘဲ နဝမတောင်ထွတ်ကို တာဝန်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နဝမတောင်ထွတ်ကို တာဝန်ယူရန်မှာ ကျန်းလန် အင်မော်တယ်တစ်ပါးဖြစ်လာမှသာ ဖြစ်နိုင်ပေလိမ့်မည်။

လက်ရှိတွင်တော့ ကျန်းလန်က ငရဲတံခါးကိုပင် တွေ့မြင်နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့်… ငရဲတံခါးကို စောင့်ရှောက်ရန်မှာ အဝေလာဝေး ဖြစ်၏။

“ကျေးဇူးတင်ပါတယ် ဆရာ…”

ကျန်းလန် ဆရာဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်သည်။

ပြီးနောက်… မော့ကျန်းသုန့်ပေးသည့် စာအုပ်နှင့် မှော်ဝင်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး တောင်အနောက်ဘက် မရဏဂူသို့ ထွက်ခွာလာခဲ့လေတော့သည်။

ယခုနောက်ပိုင်း ကျန်းလန်က မရဏဂူထဲတွင်ပင် နေထိုင်လေသည်။ သူနေထိုင်ရာ အဆောက်အဦသို့ပင် သိပ်မပြန်ဖြစ်တော့ပေ။

ကျန်းလန် မရဏဂူထဲသို့ ရောက်ရှိလာလေသည်။

ရောက်ရောက်ချင်းပင် ရရှိလာသည့် မှော်ဝင်ပစ္စည်းများကို အသာချကာ ဆရာဖြစ်သူပေးလိုက်သည့် မှော်ဝင်ပစ္စည်းမှတ်တမ်းစာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။

သိပ်မကြာမီ… သူရရှိလာသည့် မှော်ဝင်ပစ္စည်းများတွင် ပါဝင်သည့် တန်ခိုးစွမ်းအားများနှင့် အသုံးပြုပုံများကို ကျန်လန် သိရှိနားလည်သွားတော့သည်။

ဝိညာဉ်ဓားကတော့ သိပ်ပြီး အသုံးမဝင်လှပေ။ သာမန်ကျင့်ကြံသူများအသုံးပြုသည့် ဓားထက် အနည်းငယ်မျှသာ သာလွန်သည်။

ဖိနပ်များကတော့ တောင်ပံဖိနပ်ဟု ခေါ်ဆိုသည့် မှော်ဝင်ဖိနပ်များ ဖြစ်၏။ ဖိနပ်များကို စီးလိုက်သည်နှင့် လေအလျှင်ဖြင့် လျှင်မြန်စွာ သွားလာနိုင်မည် ဖြစ်သည်။

တောင်ပံဖိနပ်ကတော့ ကျန်းလန်အတွက် အသုံးဝင်သည့်ပစ္စည်း ဖြစ်သည်။

ကျန်းလန် ဖိနပ်များကို စမ်းသပ်ပြီးစီးကြည့်လိုက်သည်။ သူ၏ ခြေထောက်နှင့် အံဝင်ခွင်ကျဖြစ်ပြီး အလွန်မှ သက်သောင့်သက်သာရှိကြောင်း တွေ့လိုက်ရသည်။

သေတ္တာငယ်ကတော့ အလုံပိတ်သေတ္တာတစ်လုံးဖြစ်ပြီး သိပ်အသုံးမဝင်လှပေ။ ဝိညာဉ်သားရဲများ သို့မဟုတ် အခြား ထူးခြားသည့် ပစ္စည်းများကို ထည့်သွင်းသိမ်းဆည်းထားနိုင်ဟန် ရှိသည်။

အချိန်တန်လျှင်တော့ တစ်စုံတရာ အသုံးဝင်လာနိုင်ကောင်းသည်။

ပုံစံပြောင်းလွယ်သည့်ဝတ်စုံကတော့ မှော်ဝင်ပစ္စည်းများဖြင့် တိုက်ခိုက်ခံရပါက ကာကွယ်ပေးနိုင်စွမ်းရှိသည့် မှော်ဝင်ဝတ်စုံ ဖြစ်သည်။

နောက်ဆုံးမှော်ဝင်ပစ္စည်းဖြစ်သည့် အနီရောင်ဘူးသီးခြောက်ကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းလေသည်။

ထို အနီရောင်ဘူးသီးခြောက်က တိုက်ခိုက်သည့်ပစ္စည်းလည်းမဟုတ်သလို ခုခံကာကွယ်သည့် ပစ္စည်းလည်း မဟုတ်ပေ။ ပစ္စည်းသိုလှောင်သည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။

အရိုင်းအစိုင်းလောကကြီးတွင် ပစ္စည်းသိုလှောင်သည့် မှော်ဝင်ပစ္စည်းများက ရှားပါးပစ္စည်းများထဲတွင် ပါဝင်သည်။

သာမန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပစ္စည်းသိုလှောင်သည့် မှော်ဝင်ပစ္စည်း တစ်ခုတစ်လေ ပိုင်ဆိုင်ထားရန် မလွယ်ကူလှပေ။ ထိုသို့သော မှော်ဝင်ပစ္စည်းမျိုး ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူမှာလည်း အနည်းငယ်မျှသာ ရှိနိုင်လေသည်။

ကျန်းလန် စနစ်တွင် မှတ်ပုံတင်ခြင်းကပင် ထိုသို့သော မှော်ဝင်ပစ္စည်းမျိုး ရရှိခဲ့ခြင်း မရှိပေ။

“မဆိုးဘူး… ဒါလေးက အသုံးဝင်တယ် ၊ ငါရထားတဲ့ မှော်ဝင်ပစ္စည်းတွေအားလုံး ဒီ အနီရောင်ဘူးသီးခြောက်ထဲ ထည့်ထားရမယ်…”

ထိုဘူးသီးခြောက်က ကျန်းလန်မျှော်လင့်ထားသလို တိုက်ခိုက်ရေးပစ္စည်းတစ်ခုဖြစ်သည့် မရဏဘူးသီးခြောက်မဟုတ်သော်လည်း အလွန်အသုံးဝင်လှသောကြောင့် ကျန်းလန် သဘောကျနေမိသည်။

ထို့နောက်… ကျန်းလန် မှော်ဝင်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ကျင့်ကြံမှု စတင် ပြုလုပ်လေသည်။

ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်ရန်အတွက် ကျန်းလန် ကျင့်ကြံရမည် ဖြစ်သည်။ ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်ခြင်းက မဟာတာအိုသို့ဝင်ရောက်ရန် ကနဦးခြေလှမ်းဖြစ်သည်။

ကျင့်စဉ်လမ်းလျှောက်လှမ်းရာတွင် ကျင့်ကြံသူတစ်ယောက်သည် အခြေခံပြောင်းလဲမှု (၂)ခုနှင့် ကြုံတွေ့ရလေ့ရှိသည်။

ပထမတစ်ခုမှာ…

လူတစ်ယောက် အင်မော်တယ်ဖြစ်သည့်အချိန်တွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုဖြစ်သည်။ ထိုအချိန်တွင်… ဝိညာဉ်စွမ်းအားများအားလုံး အင်မော်တယ်စွမ်းအားများအဖြစ် ပြောင်းလဲသွားလေသည်။

ထိုသို့သော ပြောင်းလဲမှုမျိုးကို လူတိုင်းလိုချင်ကြသည်။ လူတိုင်း အရူးအမူ အိပ်မက်မက်ကြသည်။

ဒုတိယတစ်ခုမှာ…

ရွှေပြဒါးစွမ်းအားက ငွေ့ရည်အဖြစ်မှ ပုံဆောင်ခဲအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ထိုအဆင့်ကို ရွှေပြဒါးအမြုတေ စတင်ဖြစ်သည်ခြင်းအဆင့်တွင် ကြုံတွေ့ရမည် ဖြစ်လေသည်။

လက်ရှိ ကျန်းလန် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့်… အမြုတေဖြစ်တည်စေသည့် ဆေးလုံးသာ ရရှိမည်ဆိုလျှင် ကျန်းလန်အတွက် အတော်လေး အသုံးဝင်ပေလိမ့်မည်။

“ဒီတစ်ခေါက် စနစ်မှာ မှတ်ပုံတင်ရင်တော့ ရွှေပြဒါးအမြုတေဖြစ်တည်အောင် ကူညီပေးမယ့် ဆေးဝါးပစ္စည်းလေး ဘာလေး တစ်ခုခုရရင် အရမ်းကောင်းမှာပဲ…”

ကျန်းလန်ဆုတောင်းလိုက်မိသည်။

ထို့နောက် ကျန်းလန် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်သည်။

သို့သော်… ပုံမှန်အတိုင်း ကျင့်ကြံခြင်း မပြုလုပ်မီ ယနေ့ ရရှိခဲ့သည့် သစ်ရွက်အမြင်စွမ်းအားကို ခဏမျှ လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အမှန်တော့… ယနေ့ ကျန်းလန် ကံကောင်းသည်ဟု ဆိုနိုင်သည်။

မထင်မှတ်စွာ တိုက်ပွဲတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော်လည်း ညအမှောင်ချိန်ဖြစ်သောကြောင့် ကျန်းလန် မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသူ မရှိခဲ့ကြပေ။

ကျန်ရစ်ခဲ့သည့် မိန်းမပျိုအနေဖြင့် ကျန်းလန်ကို လုံး၀ မှတ်မိနိုင်မည် မဟုတ်ေ။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုနိုင်လျှင်တော့ သူ့ကို အခြားသူများ တွေ့မြင်နိုင်ခြင်း မရှိစေရန် ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။

ကျန်းလန် ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေသည်ကို အခြားသူများ သိရှိနိုင်မည် မဟုတ်သလို သူကလည်း အခြားသူများကို လျစ်လျူရှုထားနိုင်ပေလိမ့်မည်။

ထို့ပြင်… ရန်သူများသည်လည်း သူ့ကို တွေ့မြင်နိုင်မည် မဟုတ်လေရာ တိုက်ခိုက်ရာတွင် လက်ဦးမှု ရယူနိုင်မည် ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် ကျင့်ကြံသူညီနောင်ကို ကျန်းလန်က သတ်ဖြတ်ပစ်လိုက်သည်။ ထို့ကြောင့် ထိုကျင့်ကြံသူညီနောင်နှင့် နောက်ကွယ်မှ ပတ်သက်နေသူများက တရားခံကို ကျိန်းသေ ရှာဖွေကြပေလိမ့်မည်။

ပျက်သုန်းနေသည့်တစပြင်လောကကြီးတွင် မရေမတွက်နိုင်သည့် အင်မော်တယ်များ ၊ နတ်မိစ္ဆာများ များစွာ ရှိကြသည်။

ထို့ကြောင့်… လူတစ်ယောက်ကို ရှာဖွေရန်မှာ ခက်ခဲသည့် ကိစ္စမဟုတ်ပေ။ ထို့ကြောင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက ကျန်းလန်အတွက် အလွန်အရေးကြီးသည့် တန်ခိုးစွမ်းအားတစ်ခုဖြစ်သည်။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် သူ၏တည်ရှိမှုကို ကောင်းကင်ဘုံကပင် မသိရှိအောင်ပင် ဖုံးကွယ်ထားနိုင်မည် ဖြစ်လေသည်။

……………

တတိယတောင်ထွတ်…

တတိယတောင်ထွတ်တွင် လိုဏ်ဂူတစ်ခု ရှိနေလေသည်။

ထိုလိုဏ်ဂူထဲတွင် အဖြူရောင်နှင့်အပြာရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် တင်ပျဉ်ခွေထိုင်လျှက် ရှိနေသည်။

မိန်းမပျိုက နတ်မိမယ်လေးတမျှ ချောမောလှပလွန်းလေသည်။ မြင်ရသူတိုင်း မျက်စိမခွာနိုင်အောင် ငေးမောကြည့်ရှုမိကြမည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထို့ပြင် သူမ၏ သေးသွယ်ပါးလျသည့် ခန္ဓာကိုယ်လေးကလည်း အပြစ်ဆိုစရာ မရှိအောင် လှပလွန်းလေသည်။

သူမတစ်ကိုယ်လုံး ခြုံငုံကြည့်မည်ဆိုလျှင် အပြစ်ဆိုစရာ တစ်စက်မရှိလေသည့် ကြွေရုပ်လေးအလား လှရက်နိုင်လွန်းသည်ဟု တင်စားရလောက်ပေသည်။

သူမသည်ကား… ကျင့်ကြံသူညီနောင်နှင့် တိုက်ခိုက်ခဲ့သည့် မိန်းမပျိုပင် ဖြစ်လေသည်။

သူမ၏ အမည်က “လုန်ယွိ” ဖြစ်လေ၏။

ကျင့်ကြံသူညီနောင်နှင့် တိုက်ခိုက်ပြီးနောက် သူမ ဒဏ်ရာအနည်းငယ် ရသွားခဲ့သည်။

သို့သော်… သူမ၏ ဒဏ်ရာက သိပ်ပြီး အရေးမကြီးလှပေ။ အရေးကြီးသည်က သူမ၏ တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားသည့် မှော်ဝင်ပစ္စည်းဖြစ်သည်။

ထိုမှော်ဝင်ပစ္စည်းကို ဖယ်ရှားပစ်ရန် အချိန်အတိုင်းအတာတစ်ခုအထိ တစ်ယောက်တည်းသီးသန့် ကျင့်ကြံရန် လိုအပ်သည်။

တစ်ယောက်တည်းကျင့်ကြံရန်ဆိုသည်က သူမအတွက် အကျိုးရှိသည့်အလုပ်တစ်ခု ဖြစ်လေသည်။ ထို့ကြောင့်… သူမက ဆရာဖြစ်သူကိုပင် အကူအညီမတောင်းတော့ဘဲ တစ်ယောက်တည်း ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ လုပ်ရပ်တွေကို မကြာခင် ဖော်ထုတ်နိုင်တော့မှာပါ… ၊ ဒါပေမဲ့…”

အဖြစ်အပျက်များကို ပြန်စဉ်းစားရင်း… တိုက်ပွဲတွင် အမှတ်မထင် ဆုံတွေ့ခဲ့ရသည့် အမှောင်ရိပ်ထဲမှ လူငယ်ကို လုန်ယွိ သတိရသွားမိသည်။

ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း ထိုသူ၏ ပုံရိပ်က လုန်ယွိ၏ စိတ်အာရုံထဲတွင် လျှပ်ပြက်သလို လက်ခနဲ ထွက်ပေါ်လာသည်။

ထိုသူ၏ တည်ရှိမှုက အလွန်မှ ထူးဆန်းလှလေသည်။

သူမ ထိုသူကို ရှာဖွေရန် အချိန်အတန်ကြာ ကြိုးစားခဲ့သော်လည်း ထိုသူနှင့်ပတ်သက်သည့် အကြောင်းအရာများကို လုံး၀ စုံစမ်း၍မရခဲ့ပေ။

“ဆရာနဲ့တွေ့မှပဲ အဲဒီလူငယ်က ဘယ်သူဖြစ်တယ်ဆိုတာ သိရမယ်ထင်တယ် ၊ သူ့ရဲ့ စွမ်းအားက နွားရိုင်းတစ်ကောင်လိုပဲ ကြီးမားလွန်းတယ် ၊ သိပ်ပြီးကြောက်စရာ ကောင်းတာပဲ…”

ထိုလူငယ် ထိုးနှက်လိုက်သည့် လက်သီးချက်ကို လုန်ယွိ ယခုတိုင် တိရနေမိသေးသည်။ ထိုလက်သီးချက်က မည်သည့်အရာကိုမဆို တစ်စစီခြေမွဖျက်စီးပစ်နိုင်စွမ်းရှိလေသည်။

ထိုလက်သီးချက်ကြောင့် ကျင့်ကြံသူညီနောင် ကိုယ်တစ်ပိုင်း အမှုန့်ဖြစ်ကာ သေဆုံးသွားရသည်ကို စဉ်းစားလိုက်မိသည့်အခါ သူမ ကျောရိုးထဲစိမ့်သည်အထိ ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

ထို့နောက် လုန်ယွိ ကျင့်ကြံမှု စတင်ပြုလုပ်ရန်အတွက် မျက်လုံးကို အသာမှိတ်လိုက်လေသည်။ သူမ၏ တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားသည့် မှော်ဝင်ပစ္စည်းကို အရင်ဆုံး ဖယ်ရှားရမည် ဖြစ်သည်။

ပြီးမှ… ကျန်သည့်ကိစ္စများကို ဆက်လက်စုံစမ်းရန် သူမ ဆုံးဖြတ်လိုက်သည်။

ထိုလူငယ်က သူ့ကိုယ်သူ မည်သူဖြစ်ကြောင်း လျှို့ဝှက်ထားချင်ဟန် ရှိသည်။ သို့သော်… သူမက ထိုလူငယ်မည်သူ ဖြစ်သည်ကို သိရှိချင်မိသည်။

ထို့ကြောင့်… သူမအနေဖြင့် ထိုလူငယ် ထွက်ပေါ်လာအောင် အစီအစဉ်များ ပြုလုပ်ရမည် ဖြစ်သည်။

တိုက်ပွဲအတွင်း သူမတို့ ဆုံတွေ့ခဲ့ကြသည်က တိုက်ဆိုင်မှုတစ်ခုဆိုသော်ငြား… ထိုလူငယ်သည် သူမ၏ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်နေသည် မဟုတ်ပါလား။

Comment

Leave a Reply

Options

not work with dark mode
Reset