အခန်း ( ၉ )

မဟာဟင်းလင်းပြင်ချီ ဝါးမျိုခြင်းပညာရပ်

ထိုတည်ကြည်ခံ့ညားမှု အပြည့်ရှိသည့် စကားသံကြီးက ဓမ္မလက်နက်ဌာနတစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။ အဆောက်အဦ အပြင်ဘက်ရှိ ကျောင်းသားအားလုံး ထိုစကားသံကြီးကို ကြားလိုက်ရသောအခါ ဆတ်ခနဲ တုန်ရီသွားကြ၏။ အထူးသဖြင့် ထိုကြေညာချက် ထွက်ပေါ်မလာခင်က ပျော်ရွှင်ကျေနပ်နေခဲ့ကြသည့် လူများဆိုလျှင် အမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့သည် မျက်လုံးများ ပြူးကျယ်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်မသွားစေရန် စိတ်နှင့်ကိုယ် ကပ်ထားရတော့သည်။ ယင်းက လုံးဝ ယုံကြည်ဖွယ်ရာ မရှိပေ။

ချက်ချင်းပင် အဆောက်အဦ အပြင်ဘက်၌ တိတ်ဆိတ်သွား၏။ လူတိုင်း၏ အကြည့်များမှာ အောင်ပွဲခံသည့် အမူအရာဖြင့် အပြင်သို့ထွက်လာသော ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်သွားကြတော့သည်။ သူ၏ အထူးဝင်ခွင့်ရ ကျောင်းသားများအတွက်ဖြစ်သော အနီရောင်ဝတ်ရုံများမှာ ပို၍ ပေါ်လွင်နေသည်။

လူတိုင်း မသိစိတ်မှနေ၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ သူတို့က ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်ကို ငေးကြည့်နေလိုက်ကြပြီးနောက် အချိန်အတော်အတန် ကြာမှသာ ပင့်သက်ရှိုက်သံများ တစ်စတစ်စ ပေါ်ထွက်လာပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

” သူက တကယ်ကို အကောင်းအတိုင်း ပြန်ထွက်လာတာပဲ ”

” ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ။ သူက ကလိမ်ကကျစ်ကျခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူက စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ခဲ့ပါဘူးလို့ ကြေညာရတာလဲ ”

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်နေသည့် လူအုပ်ကြီးကြားတွင် လျှိုတောက်ပင်း ရှိနေ၏။ သူသည်လည်း ဆွံ့အနေရတော့သည်။ စာမေးပွဲတုန်းက ဝမ်ပေါင်လဲ့၏ သူရဲကောင်းဆန်သော ပုံရိပ်များနှင့် စာသင်ခန်းမထဲတွင် အော်လံကြီးတစ်လုံးကို သူ ဆွဲထုတ်ခဲ့သည့် အံ့ဩစရာကောင်းသော ပုံရိပ်များမှာ သူ၏အတွေးထဲတွင် ပြန်၍ပေါ်လာတော့သည်။

” တကယ့်ကို ဉာဏ်မမီနိုင်လောက်အောင် နက်နဲတဲ့ လူတစ်ယောက်ပဲ ”
တစ်ခဏမျှ ကြာပြီးနောက် လျှိုတောက်ပင်းက အသက်ပြင်းပြင်း ရှူလိုက်တော့သည်။ ဝမ်ပေါင်လဲ့ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းမှာ ကံကောင်းခြင်းတစ်ခုတည်းကြောင့် မဖြစ်နိုင်ကြောင်း သူ ရိပ်မိသွားတော့သည်။ ဝမ်ပေါင်လဲ့ထံတွင် တမူထူးခြားသော အရည်အချင်းတစ်ခုရှိနေကြောင်း သူ ခံစားမိလိုက်သည်။

လျှိုတောက်ပင်းတစ်ယောက်သာ ဆွံ့အနေရသည် မဟုတ်ပေ။ သူနှင့်သိပ်မဝေးသည့် နေရာတစ်ခုတွင် ဝမ်ပေါင်လဲ့အား ထိုအဆောက်အဦဆီသို့ လိုက်လံပို့ဆောင်ခဲ့သည့် စည်ကမ်းထိန်းသိမ်းရေးဆောင်မှ ကျောင်းသားကြီးများမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြတော့သည်။

အခြားကျောင်းသားများ ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့သည် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ရောက်သွား၏။ သူသည် မည်သည့်စည်းမျဥ်းစည်းကမ်းကိုမှ ဖောက်ဖျက်ခဲ့ခြင်းမရှိဟူသော တာအိုကျောင်း၏ ရှင်းလင်းချက်က ဝိညာဉ်ကွန်ရက်မှတစ်ဆင့် အဆင့်နိမ့်ကျွန်းတစ်ခွင် ပျံ့နှံ့သွားတော့သည်။ ထိုကိစ္စအပေါ် အာရုံစိုက်နေကြသည့် လူတိုင်း အံ့သြတုန်လှုပ်သွားကြပြီး ဝေခွဲမရ ဖြစ်သွားကြတော့သည်။

ချက်ချင်းပင် ဝမ်ပေါင်လဲ့၏ နာမည်က ဝိညာဉ်ကွန်ရက်ပေါ်တွင် ပြည့်နှက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာမူ နတ်ဝိဇ္ဇာဂူထဲရှိ ဝရန်ဝာာပေါ်တွင်ထိုင်၍ ဝိညာဉ်ကွန်ရက်ကြီးအား ဝမ်းသာအားရ ကြည့်နေတော့သည်။ ယခင်က သူ၏ ဂုဏ်သတင်းကို သူကိုယ်တိုင် နာမည်ဖျက်ခဲ့သည့် အမူအရာနှင့်ပင် မတူတော့ဘဲ ယခုလို နာမည်ကျော်ကြားလာသည့်အတွက် သူ့ကိုယ်သူ အလွန် ကျေနပ်နေတော့သည်။

” ပြည်ထောင်စုအဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်လာဖို့ဆိုရင် လူတွေရဲ့ သဘောထားက တော်တော်လေးကို အရေးပါတယ်။ ကြည့်ရတာ ငါ့မှာ လိုအပ်တဲ့ အခြေခံတွေ ရှိနေတဲ့ပုံပဲ ”
ဝမ်ပေါင်လဲ့သည် သူ၏ ရည်မှန်းချက်ပန်းတိုင်များနှင့် ခြေတစ်လှမ်း ပို၍ နီးကပ်လာသည့်အလား ခံစားလိုက်ရသဖြင့် ရွှင်ပျစွာ ပြုံးနေတော့သည်။

” ဒါပေမဲ့ ငါ ပေါ့ဆလိုက်လို့တော့ မဖြစ်ဘူး ”
ဝမ်ပေါင်လဲ့သည် ထိုအဆောက်အဦထဲရှိ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ စကားကို ပြန်၍ အမှတ်ရသွားတော့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသောစကားများနှင့် လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့အား ကံဆိုးမိုးမှောင်ကျအောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်နေသဖြင့် ဝမ်ပေါင်လဲ့ ရင်တုန်နေရတော့သည်။

” သူက အဆင့်နိမ့်ကျွန်းရဲ့ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်မယ်။ ပြီးတော့ ငါက သူ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ သိထားသေးတာမဟုတ်ဘူး။ အဲဒီတော့ ငါက သူပြုသမျှ နုရမဲ့ အနေအထားကို ရောက်နေပြီ ”
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးကာ ဝိညာဉ်ကွန်ရက်ပေါ်တွင် အလျင်အမြန်ပင် ရှာဖွေလိုက်တော့သည်။ နေဝင်ရီတရော အချိန်သို့ ရောက်သောအခါမှသာ ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း သူ သိရှိသွားတော့သည်။ သို့ဖြစ်၍ သူ၏အသက်ရှူနှုန်းများမှာ အဆမတန် မြန်ဆန်လာတော့သည်။

” ချီးတဲ့မှ … သူ …. သူက ဒုပါမောက္ခပါလား ”
ဝမ်ပေါင်လဲ့မှာ ရင်တဒိန်းဒိန်းခုန်သွားရပြီး သူ၏မျက်လုံးများကိုပင် ပွတ်မိလိုက်တော့သည်။ သူ အမြင်မှားမနေကြောင်း သေချာသွားသောအခါ ချက်ချင်းပင် စိုးထိတ်သွားရတော့သည်။ ထိုလူ၏ ရာထူးအဆင့်အတန်းက အလွန် မြင့်မားနေ၏။ ဝမ်ပေါင်လဲ့၏အမြင်တွင် အဆင့်နိမ့်ကျွန်း၏ ဒုပါမောက္ခဆိုသော ရာထူးမှာ အတော်အသင့် မြင့်မားသော ရာထူးတစ်ခုဖြစ်သည်။

” ငါက သူ့ကိုလည်း မစော်ကားမိခဲ့ပါဘူး။ ငါ့မိသားစုဆီမှာ ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေများ ရှိနေတာလား။ ငါတို့တွေက သူ့ကို အရင်တုန်းကများ စော်ကားမိခဲ့တာလား ”
ဝမ်ပေါင်လဲ့၏ အတွေးများ ယောက်ယက်ခတ်နေပြီး သူ ခေါင်းခဲနေရတော့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူ လေ့လာဖူးခဲ့သည့် အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို ပြန်၍ အမှတ်ရသွားတော့သည်။ ထိုအခါ သူ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ပြတ်သား‌သော အရိပ်အယောင်များ ပေါ်လာတော့သည်။

” အဆင့်မြင့်အရာရှိ အကုန်လုံးနီးပါးက သူတို့ရဲ့ဘဝတစ်လျှောက် နိုင်ငံရေးရန်သူတွေကို အဆက်မပြတ် ကြုံတွေ့ရတာပဲ။ သူတို့ ရာထူးကြီးလာတာနဲ့အမျှ သူတို့ရဲ့ နိုင်ငံရေးရန်သူတွေနဲ့ ထပ်ခါထပ်ခါ ယှဉ်ပြိုင်နေရတာပဲ ”

” ဒီ ဒုပါမောက္ခက ငါ့ရဲ့ ပထမဦးဆုံး နိုင်ငံရေးရန်သူ ဖြစ်ရင် ဖြစ်နေနိုင်တယ် ”

ဝမ်ပေါင်လဲ့သည် ထိုလူကြီးအား သူ၏ နိုင်ငံရေးရန်သူအဖြစ် သတ်မှတ်လိုက်ပြီးသောအခါ သူ၏ ထိတ်လန့်ကြောက်ရွံ့မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ထို့အပြင် သူ၏ တိုက်ခိုက်လိုစိတ်များပင် တက်ကြွလာရတော့သည်။ သူသည် အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်အနေနှင့် ရရှိပိုင်ဆိုင်ထားနိုင်မည့် အားသာချက်များကို စတင်တွေးတောသုံးသပ်လိုက်တော့သည်။

သူသည် ထိုရက်အနည်းငယ် အတောအတွင်း သူ၏ နေအိမ်မှ ထွက်ခွာခြင်းမရှိခဲ့ပါသော်လည်း ဝိညာဉ်ကွန်ရက်ပေါ်မှတစ်ဆင့် အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်၏ အထူးအခွင့်အရေးများကို လေ့လာသိရှိသွားတော့သည်။ ထိုအခွင့်အရေးများထဲမှ တစ်ခုမှာ နှစ်သက်ရာအဆောင်မှ ရတနာသိုလှောင်ရုံများဆီသို့ သွားကာ ဓမ္မအဆောင်များကို အခမဲ့ ငှားရမ်းယူနိုင်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ငါးနှစ်တိတိ ငှားယူထားနိုင်သည်။

ဝမ်ပေါင်လဲ့သည် ထိုသို့တွေး၍ ချက်ချင်းပင် မတ်တတ်ထကာ နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာသွားပြီး ရတနာသိုလှောင်ရုံအား ရှာဖွေလိုက်တော့သည်။ သူသည် အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း အထောက်အထားများကို ပြသပြီးနောက် ရတနာသိုလှောင်ရုံထဲသို့ ဝင်သွားလိုက်တော့သည်။ ထိုနေရာတွင် ကျောင်းသားများရှိနေကြပြီး သူတို့က သူ့အား မြင်လိုက်ရသောအခါ ချက်ချင်းပင် မှတ်မိသွားကြတော့သည်။ တချို့ကျောင်းသားများက သူ့ကိုလျစ်လျူရှု၍ သူတို့၏ နှစ်သက်ရာပစ္စည်းများကို ဆက်လက်ရွေးချယ်နေကြပါသော်လည်း ကျောင်းသားအများစုမှာမူ စိတ်လှုပ်တရှားဖြင့် တီးတိုးပြောဆိုနေကြတော့သည်။

ရတနာသိုလှောင်ရုံ၏ အသွင်အပြင်မှာ ရှေးဆန်၏။ ၎င်းမှာ အပြင်ဘက်မှ ကြည့်လျှင် အထပ် ငါးထပ်ပါသော စေတီတစ်ဆူနှင့် တူပါသော်လည်း အတွင်းပိုင်းထဲတွင်မူ စင်များကို အတန်းလိုက် ထားရှိထားသည်။ ထိုစင်များပေါ်တွင် ဓမ္မလက်နက်ဌာနက စာရင်းသွင်းကာ ထားရှိထားသည့် ဓမ္မအဆောင်များ ရှိနေ၏။

တချို့ပစ္စည်းများမှာ သိသာပေါ်လွင်ခြင်း မရှိပါသော်လည်း တချို့ပစ္စည်းများကမူ အများနှင့်မတူဘဲ ထူးခြားနေ၏။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထောင်ပေါင်းများစွာသော ဓမ္မအဆောင်များကို မြင်နိုင်ပေသည်။ ၎င်းတို့မှာ ဓမ္မလက်နက်ဌာန၏ ကြွယ်ဝသောအမွေအနှစ်များကို ခင်းကျင်းပြသထားသကဲ့သို့လည်း ဖြစ်နေ၏။ ထိုပစ္စည်း တစ်ခုချင်းစီတိုင်းက ကျောင်းသားများ ငှားရမ်းနိုင်ရန်အတွက် အရည်အသွေး အထူးကောင်းမွန်အောင် ပြုလုပ်ထားသည့် ပစ္စည်းများ မဟုတ်ပါလော။

ငှားရမ်းခများမှာ ဓမ္မအဆောင်များပေါ်တွင် မူတည်ပါသော်လည်း ဝမ်ပေါင်လဲ့ကမူ ထိုအချက်ကို ထည့်သွင်းစဉ်းစားနေစရာ မလိုပေ။

” အလကားဆိုမှတော့ ဈေးကြီးတဲ့ ပစ္စည်းတစ်ခုခုကို ငှားရမ်းရမယ် ”
သူသည် ပထမဆုံးအထပ်ကို စစ်ဆေးလိုက်ပြီးနောက် ပဉ္စမမြောက်အထပ်ကို တန်း၍ တက်သွားလိုက်သဖြင့် ပထမဆုံးအထပ်မှ ကျောင်းသားများက သူ့အား အားကျသောမျက်လုံးများဖြင့် ကြည့်နေကြတော့သည်။ ဝမ်ပေါင်လဲ့သည် လူရှင်းနေသည့် ပဉ္စမမြောက်အထပ်တွင်ရပ်ရင်း အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက် ဖြစ်ရသည့် အကျိုးကျေးဇူးများကို ပို၍ပင် သိရှိနားလည်လာ၏။ ထို့နောက် သူသည် စတင်ရွေးချယ်နေလိုက်တော့သည်။

” ဒီဓားက မဆိုးဘူးပဲ ”

” ဒီခေါင်းလောင်းလေးကလည်း လှတယ်ဟ ”

” ဒီ လက်အိပ်ကလည်း ကောင်းတယ်ကွ။ တစ်ခုလုံး ငွေရောင်ဖြစ်နေတာဆိုတော့ အံ့ဩဖို့ကောင်းတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာ သေချာပေါက်ပဲ ”
ဝမ်ပေါင်လဲ့မှာ ဟိုဟိုသည်သည် ကြည့်ရှုလိုက်ပြီးနောက် ဝေခွဲမရ ဖြစ်သွားရတော့သည်။ သူသည် ပြသထားသည့် ဓမ္မအဆောင်အားလုံးကို ကြိုက်နှစ်သက်နေသောကြောင့် ခေတ္တမျှ မဆုံးဖြတ်နိုင်ဘဲ ဖြစ်သွားရသည်။ သူသည် ထိုကဲ့သို့ တွေဝေနေရင်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အဖြူရောင် ခေါင်းအုံးတစ်လုံးကို မြင်လိုက်ရသောအခါ ၎င်းကို ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

ထိုခေါင်းအုံး၏ အမည်မှာ ပုံရိပ်ယောင်ဓမ္မခေါင်းအုံး ဖြစ်သည်။ ၎င်း၏ အစွမ်းများမှာ စစ်ဆေးပွဲတုန်းက အသုံးပြုခဲ့သည့် ပုံရိပ်ယောင်နယ်မြေနှင့် ဆင်တူ၏။ ၎င်းမှာ ပုံရိပ်ယောင်မြင်ကွင်းများကို ဖန်တီးနိုင်ပါသော်လည်း ၎င်း၏ နိမ့်ပါးသော အရည်အသွေးကြောင့် ထိုပုံရိပ်ယောင်များထဲတွင် အလွန်အမင်း ရှုပ်ထွေးသောအရာများကို ဖန်တီး၍တော့ မရပေ။ ထို့ကြောင့် ထိုခေါင်းအုံးကို ငှားရမ်းသူမှာ မရှိသလောက် နည်းနေရခြင်းဖြစ်သည်။ ယင်းအပြင် ၎င်း၏ ငှားရမ်းခမှာလည်း ဈေးကြီးနေ၏။

ဝမ်ပေါင်လဲ့မှာ အနက်ရောင်မျက်နှာဖုံးအကြောင်းကိုသာ သိမထားခဲ့ပါက ထိုခေါင်းအုံးကို သတိထားမိမည် မဟုတ်ပေ။ သူသည် အနည်းငယ် တွေးတောလိုက်ပြီးနောက် ထိုဓမ္မအဆောင်ကို ငှားရမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့သည် ထိုငှားရမ်းမှုကို စာရင်းသွင်းပြီးနောက် ဓမ္မခေါင်းအုံးနှင့်အတူ ထွက်ခွာလာတော့သည်။ သူသည် လမ်းတစ်လျှောက်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် လှုပ်ရှားကာ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ အပြေးပြန်သွားလိုက်တော့သည်။ ထို့နောက် သူသည် အနက်ရောင်မျက်နှာဖုံး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြံစည်လိုက်တော့သည်။

မှောင်ရိပ်သန်းနေသည့် ကောင်းကင်ယံတွင် ညနေခင်း၏ အလင်းရောင် ဖျော့ဖျော့လေး ကျန်ရှိနေသောကြောင့် ဓမ္မလက်နက်တောင်ထိပ်မှာ အနီရောင် ပဝါပါးလေးတစ်ထည်ဖြင့် လွှမ်းခြုံခံထားရသည့်အလား ဖြစ်နေ၏။ ထိုနှစ်လိုဖွယ်ကောင်းသော အရောင်များမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်သော အလှအပတစ်မျိုးကို ထုတ်လွှတ်ပေးထားသကဲ့သို့ ဖြစ်နေ၏။ ညအချိန် လေပြည်လေညင်းကလေးမှာ အပူဓာတ်များအားလုံးကို ဖယ်ရှားပစ်ပြီး ထိုနေရာတစ်ခုလုံးကို အေးမြသွားစေသောကြောင့် ပို၍ပင် ကောင်းမွန်နေတော့သည်။ ထို့ကြောင့် ကျောင်းသားများစွာ သူတို့၏ အိပ်ဆောင်များထဲမှ ထွက်လာကြပြီး တောင်ထိပ်ပေါ်တွင် ပျော်ရွှင်စွာ စကားစမြည် ပြောနေကြတော့သည်။

ဝမ်ပေါင်လဲ့၏ အထူးဝင်ခွင့်ရ ကျောင်းသားဝတ်ရုံကို ဖုံးလွှမ်းပေးထားသော ညနေခင်း အချိန်၏ အနီရောင်ဖျော့ဖျော့ရှိနေသည့် အလင်းရောင်ကြောင့်လားတော့ မသိပေ။ သူသည် ထိုတောင်လမ်းများကို ကျော်ဖြတ်သွားလိုက်ပါသော်လည်း သူ့အား လူအများစုက သတိမထားမိခဲ့ကြချေ။ သူတို့က အဝေးတစ်နေရာသို့ ငေးကြည့်ရင်း တအံ့တဩ ရေရွတ်သံများ ပေါ်ထွက်လာကြတော့သည်။

သူသည် ထိုဘက်သို့ လှမ်းကြည့်လိုက်သောအခါ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်၏ ဝတ်ရုံနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည့် ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် ကျက်သရေ အပေါင်းနှင့် တင့်တယ်နေသည့် ဖြူစွတ်နေသော တာအိုဝတ်ရုံကို ဆင်မြန်းထား၏။ သို့သော် သူ၏ ရုပ်ရည်မှာ သာမန်မျှသာ ရှိပြီး မှဲ့ခြောက်များလည်း ပေါက်နေသေးသည်။

သို့သော်လည်း သူ၏ဘေး၌ ကျောင်းသူအနည်းငယ်ခန့် ရှိနေဆဲပင်ဖြစ်ပြီး သူတို့၏ မျက်လုံးများက ဝင်းလက်တောက်ပနေကြသည်။

ထိုကျောင်းသူများအပြင် သူ၏နောက်တွင် ကျောင်းသားဆယ်ယောက်ကျော်လည်း ရှိနေသေးသည်။ သူတို့က သူ၏ပတ်ပတ်လည်တွင် ရပ်ကာ တချို့က သူ၏အထုပ်အပိုးများကို ကူသယ်ပေးနေကြသည်ဖြစ်ပြီး တချို့ သူ့အတွက် ဝိညာဉ်ရေခဲရေများကို သယ်ဆောင်လာကြ၏။ ထိုအခြွေအရံများဖြင့် အဖွဲ့ကြီးမှာ ခပ်လှမ်းလှမ်းမှနေ၍ သူတို့ဘက်သို့ လျှောက်လှမ်းလာနေကြသည်။

” ကျောင်းသားခေါင်းဆောင်ပါလား ”

” ဒါ ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ကျန်းလင်ပဲ ”

ဘေးနားတစ်ဝိုက်ရှိ ကျား၊မ မရွေး ကျောင်းသားများအားလုံး ထို အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးကို မြင်လိုက်ရသောအခါ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ကို ဆက်ဆံသည့် ပုံစံနှင့်ပင် လုံးဝမတူဘဲ ရှေ့ကို ချက်ချင်းပင် ပြေးထွက်သွားကြပြီး သူ့အား သွား၍ နှုတ်ဆက်လိုက်ကြတော့သည်။ သူတို့သည် ဆရာတစ်ယောက်နှင့် ဆုံလိုက်ရသည့်အလား ရိုရိုသေသေ လေးလေးစားစား ဖြစ်နေကြ၏။ သို့ဖြစ်၍ ထိုအဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မြင့်မြတ်သော အရှိန်အဝါတစ်ခုကိုပင် ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သွားတော့သည်။ သူသည် ထိုကျောင်းသားများကို အသိအမှတ်ပြုသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အခြွေအရံများနှင့်အတူ ထွက်ခွာသွားတော့သည်။

သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရပါသော်လည်း သူ့အတွက်မူ သာမန်ကျောင်းသားများနှင့် အထူးဝင်ခွင့်ရ ကျောင်းသားများ၏ကြားတွင် မည်သည့်ခြားနားချက်မှ ရှိမနေသည့်ပုံပင်။ ကျောင်းသားခေါင်းဆောင်တစ်ယောက် မဟုတ်သော လူတစ်ယောက်မှာ သူ့ထက်ဝါနုသော တပည့်တစ်ယောက်သာဖြစ်ပြီး သူနှင့် အဆင့်အတန်း လုံးဝမတူပေ။

ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ထွက်ခွာသွားသည့် အဖြူရောင်ဝတ်ရုံနှင့် မောင်မှဲ့ခြောက်ကိုကြည့်၍ မျက်လုံးများ ပြူးသွားတော့သည်။ သူသည် အတန်ငယ် မနာလိုဝန်တိုဖြစ်သွားပြီး ထို မောင်မှဲ့ခြောက်မှာ သူ၏ ရေပန်းစားမှုများကို ခိုးယူသွားခဲ့သည်ဟု သတ်မှတ်လိုက်တော့သည်။

” ကျောင်းသားခေါင်းဆောင်ဆိုတာ ဘာမလို့လဲ ”
ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ခေါင်းငုံ့၍ ဝိညာဉ်ကွန်ရက်ကို ဖွင့်ကြည့်လိုက်တော့သည်။ သူသည် နတ်ဝိဇ္ဇာဂူဆီသို့ လမ်းလျှောက်ပြန်သွားရင်း ထိုသတင်းအချက်လက်ကို ရှာဖွေလိုက်၏။ သို့သော် သူသည် ထိုကဲ့သို့ ရှာဖွေရင်း သူ၏ အသက်ရှူသံများမှာ ပုံမှန်မဟုတ်တော့ဘဲ တဖြည်းဖြည်း မြန်ဆန်လာရတော့သည်။ သူသည် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ရောက်သွားသည့် အချိန်တွင်မူ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေရတော့သည်။

” ကျောင်းသားခေါင်းဆောင်ဆိုတာ … ဒါ…. ဒါလား ”

ကျောင်းသားခေါင်းဆောင်များမှာ ဌာနတစ်ခုချင်းစီ၏ ခန်းမအဆင့်သတ်မှတ်ချက်စာရင်းထဲတွင် အဆင့်တစ် ရရှိထားသည့် ကျောင်းသားများ ဖြစ်ကြသည်။ ခန်းမအရေအတွက်ရှိသလောက် ကျောင်းသားခေါင်းဆောင်များ ရှိကြမည် ဖြစ်သည်။ ဥပမာပြရလျှင် ဓမ္မလက်နက်ဌာနတွင် ခန်းမသုံးခုရှိသောကြောင့် ကျောင်းသားခေါင်းဆောင်လည်း သုံးယောက်ရှိရပေမည်။

ကျောင်းသားခေါင်းဆောင်များမှာ သူတို့၏ သက်ဆိုင်ရာ ခန်းမများတွင် သူတို့၏ ထူးချွန်ထက်မြက်မှုများကို သက်သေပြရုံသာမက နောက်ထပ် ဘွဲ့ထူးတစ်ခုကိုပါ ပိုင်ဆိုင်ထားသေးသည်။ ၎င်းမှာ ပါမောက္ခ၏ တပည့်ဆိုသော ဘွဲ့ထူးပင်ဖြစ်သည်။

ဌာနတိုင်း၏ ကျောင်းသားခေါင်းဆောင်များကို ပါမောက္ခ၏ တပည့်များအဖြစ် သတ်မှတ်ထားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ဆရာတူအစ်ကို၊ ဆရာတူညီများအဖြစ် ခေါ်ဝေါ်ကြ၏။ သူတို့သည် သူတို့၏ ပညာသင်ဖက်များနှင့် မတူညီဘဲ ကွဲပြားခြားနားကြသည်။ ယင်းအပြင် ကျောင်းသားခေါင်းဆောင်တစ်ယောက်မှာ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ပင် မပိုင်ဆိုင်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာတစ်ခုကို ပိုင်ဆိုင်ထားသေးသည်။

အထူးဝင်ခွင့်ရ ကျောင်းသားများမှာ သာမန်ကျောင်းသားများထက် အနည်းငယ်မျှသာပိုသည့် အခွင့်ထူးများကို ခံစားခွင့်ရကြသည်ဖြစ်ပြီး ကျောင်းသားခေါင်းဆောင်များကမူ တာအိုကျောင်းထဲတွင် သြဇာအာဏာကြီးမားကြသူများ ဖြစ်သည်။ သူတို့က သက်ဆိုင်ရာဌာနများမှ ကျောင်းသားများအတွက် ကျောင်းစည်းမျဉ်းစည်းကမ်းများကို အတည်ပြုသတ်မှတ်ပေးရာတွင် တာဝန်ယူထားကြခြင်း ဖြစ်သည်။ ထိုလုပ်ပိုင်ခွင့် တစ်ခုတည်းပင် မရေမတွက်နိုင်သော ကျောင်းသားများစွာကို ကြောက်ရွံ့စိုးထိတ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

တာအိုကျောင်းထဲတွင် ထိုလုပ်ပိုင်ခွင့်အာဏာမှာ အလွန် ကြီးမားသည်ဟု မှတ်ယူထားကြသည်။ အရေးကြီးဆုံးအချက်မှာ ဌာနမှူးသည် ကျောင်းသားခေါင်းဆောင်ကို ရာထူးမှ ထုတ်ပယ်ခွင့် မရှိသည့် အချက်ပင်ဖြစ်သည်။ ထိုကဲ့သို့ မထုတ်ပယ်နိုင်ရသည့် အကြောင်းအရင်းမှာ ကျောင်းသားခေါင်းဆောင်များကို မည်သူကမှ ခန့်အပ်ထားခြင်း မဟုတ်ဘဲ သူတို့၏ ရလဒ်များအလိုက် ရာထူးတိုးထားပေးသောကြောင့်သာ ဖြစ်သည်။

၎င်းမှာ ကောင်းကင်တာအိုကျောင်း၏ စည်းမျဉ်းဖြစ်သည်။ ပါမောက္ခသာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ကို ရာထူးမှ ထုတ်ပယ်ခွင့်ရှိသည်။ သို့သော် အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြောင်းအရင်းတစ်ခုကြောင့်သာ မဟုတ်ပါက ပါမောက္ခတစ်ယောက်ပင် ထိုစည်းမျဉ်းများကို ပြောင်းလဲရန် ဆန္ဒရှိမည် မဟုတ်ပေ။

ထိုကဲ့သို့ ရာထူးအဆင့်အတန်းမျိုးနှင့် လုပ်ပိုင်ခွင့်အာဏာမျိုးကို ရရှိထားသောကြောင့် ကျောင်းသားခေါင်းဆောင်တစ်ယောက်သည်လည်း ပျင်းရိပျင်းတွဲဖြစ်ကာ သူ့ကိုယ်သူ ကျေနပ်ရောင့်ရဲနေတော့မည် မဟုတ်ပေ။ အခြားသူများက သူတို့ကို ကျော်တက်သွားမည်ဆိုပါက ပထမအဆင့်တွင် သူတို့ ရှိနေမည်မဟုတ်တော့ပေ။ ထိုအခါ သူတို့က ကျောင်းသားခေါင်းဆောင်ဆိုသောရာထူးနှင့်အတူ ထိုရာထူး၏ အကျိုးခံစားခွင့်အားလုံးကို ချက်ချင်းပင် လက်လွှတ်ဆုံးရှုံးလိုက်ရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကွန်ရက်ပေါ်မှ အသေးစိတ်အချက်အလက်များကို ဖတ်ရင်း သူ၏ မျက်လုံးများထဲတွင် လောဘမီးများဖြင့် တောက်လောင်လာတော့သည်။ သို့သော် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ရန်မှာ အလွန် ခက်ခဲ၏။ ဝိညာဉ်ကျောက်တုံးခန်းမ၏ အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ကျောင်းသားခေါင်းဆောင်၏ ဘေးမှနံပါတ်မှာ ကိုးဆယ်ဖြစ်ကြောင်း သူ မှတ်မိသွားသည်။ ၎င်းမှာ သူ သန့်စင်သည့် ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုအဆင့်မှာ ကိုးဆယ်ရာခိုင်နှုန်းရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

“ ငါ သူ့ထက်ပိုပြီးတော့ သန့်စင်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို မသန့်စင်နိုင်သရွေ့ လုံးဝမဖြစ်နိုင်ဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရတော့သည်။ ထို့နောက် သူ၏ မနာလိုစိတ်များကို ဖျောက်ဖျက်လိုက်၏။ သူသည် အခြားသူများအပေါ် မနာလိုစိတ် ထားလိုသော လူမျိုး မဟုတ်ပေ။ ကျောင်းသားခေါင်းဆောင်တစ်ယောက် ထိုမျှလောက် အံ့ဩစရာကောင်းနေရသည့် အကြောင်းရင်းမှာ သာမန်လူတစ်ယောက် လက်လှမ်းမမှီနိုင်လောက်သည့် အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်လိမ့်မည်ဟု သူက ယူဆလိုက်သည်။

ဝမ်ပေါင်လဲ့မှာ နောင်တရကာ စိတ်ဆန္ဒများ ပြင်းပြနေပါသော်လည်း ထိုအကြောင်းကို ဆက်တွေးမနေတော့ပေ။ သူသည် ပုံရိပ်ယောင် ဓမ္မခေါင်းအုံးနှင့် အနက်ရောင်မျက်နှာဖုံးတို့ကို ထုတ်ယူလိုက်သည်။ အတန်ငယ် တွေးတော့ပြီးနောက် ဓမ္မခေါင်းအုံးကို အသုံးပြုလိုက်သောအခါ သူ၏မျက်လုံးရှေ့မှ မြင်ကွင်းမှာ ဝိုးတိုးဝါးတား ဖြစ်သွားတော့သည်။ ထို့နောက် သူ၏ပတ်ဝန်းကျင် ပြောင်းလဲသွားပြီး သူသည် ရေခဲနေသည့် မြစ်တစ်စင်း၏ဘေးသို့ ရောက်သွားတော့သည်။

အရိုးခိုက်လောက်အောင် အေးစက်သော လေအေးများက ဝမ်ပေါင်လဲ့အား ဖြတ်၍ တိုက်ခတ်သွားသဖြင့် သူ ဆတ်ခနဲ တုန်ရီသွား၏။

” တကယ်ကို အစစ်ကျနေတာပဲ ”
ဝမ်ပေါင်လဲ့က သူ၏ ပတ်ဝန်းကျင်ကို အလျင်အမြန်ပင် အကဲခတ်လိုက်၏။ ကောင်းကင်ယံတွင် ဆီးနှင်းပွင့်များဖြင့် ပြည့်နှက်နေပြီး မြေပြင်ကြီးမှာလည်း ရေခဲများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် ခပ်လှမ်းလှမ်းတွင် ဝန်ရိုးစွန်းတိရစ္ဆာန်တချို့ကိုပင် လှမ်းမြင်လိုက်ရသည်။ အရာအားလုံး ပကတိ အစစ်နှင့် တူနေ၏။

ဝမ်ပေါင်လဲ့သည် ချက်ချင်းပင် သူ၏ညာလက်ကို အာရုံစိုက်ကာ သူကြုံခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်တွေးတောလိုက်သည်။ သူသည် ထိုအနက်ရောင်မျက်နှာဖုံးကို လက်ထဲတွင်ကိုင်၍ ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်သောကြောင့် ခေါင်းငုံ့ကြည့်လိုက်သောအခါ ချက်ချင်းပင် သူ၏လက်ထဲတွင် ထို အနက်ရောင်မျက်နှာဖုံးကို မြင်လိုက်ရသည်။ ၎င်းမှာ မှုန်ဝါးဝါး ဖြစ်နေ၏။ ၎င်း၏ မျက်နှာပြင်မှာ တချို့အစိတ်အပိုင်းများတွင် ကြည်လင်ပြတ်သားနေပြီး အခြားအစိတ်အပိုင်းများတွင်မူ မှုန်ဝါးနေသည်။ ထိုပုံရိပ်ယောင်နယ်မြေမှာ ၎င်း၏ သွင်ပြင်လက္ခဏာများကို အပြီးတိုင် မဖြိုခွင်းနိုင်သည့်အလား ထို အစိတ်အပိုင်းများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြ၏။

” အလုပ်ဖြစ်သားပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီ သေသေချာချာ ဂရုတစိုက် ကြည့်ရှုစစ်ဆေးလိုက်တော့သည်။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ထိုမျက်နှာဖုံးမှာ ငြိမ်သက်သွားပါသော်လည်း ရုပ်လုံးအပြည့် ပေါ်မလာသေးပေ။ သို့သော် ယခင်က ပေါ်လာခဲ့သည့် စာကြောင်းမှာ တစ်ဖန်ပြန်၍ ပေါ်လာတော့သည်။

သူသည် ထိုမျက်နှာဖုံးကို သူ၏ရှေ့တွင် မြှောက်နိုင်သောကြောင့်လား၊ အခြားအကြောင်းပြချက် တစ်ခုခုကြောင့်လားတော့ မသိပေ။ ထိုစာကြောင်းမှာ ပို၍ပင် ကြည်လင်ပြတ်သားလာ၏။ သူသည် ထိုစာကြောင်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် ၎င်းအား ဖတ်နိုင်သွားတော့သည်။

” မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ် ဆိုပါလား ”

ဝမ်ပေါင်လဲ့က မျက်တောင်တဖျတ်ဖျတ် ခပ်ကာ ထိုစာကြောင်းကို အဆုံးထိ ဆက်၍ ဖတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး စတင်တုန်ရီလာတော့သည်။ သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အရောင်တစ်ခု စူးရှပြတ်သားစွာ ပေါ်ပေါက်လာတော့သည်။

မဟာဟင်းလင်းပြင်ဆိုသည်မှာ ဗလာနတ္ထိအခြေအနေမှ တစ်စုံတစ်ခုအား ဖန်တီးခြင်းကို ဆိုလိုသည်။ ချီဝါးမျိုခြင်းဆိုသည်မှာ ချီမွေးမြူခြင်းထက် ပို၍အာနိသင်ရှိသည်။ အတိအကျ ဆိုရမည်ဆိုလျှင် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်သည် ဝိညာဉ်ကျောက်တုံးများကို သန့်စင်ရာတွင် အသုံးပြုသည့် နည်းလမ်းတစ်ခုနှင့်ပင် ဆင်တူသည်။ သို့သော် ထိုပညာရပ်မှာ ကျောက်တုံးအလွတ်များကို အသုံးပြုစရာ မလိုပေ။ ထိုပညာရပ်ဖြင့်သာဆိုလျှင် လူတစ်ယောက်၏ ခန္ဓာကိုယ်က်ု အသုံးပြု၍ ဝိညာဉ်ချီများကို စုပ်ယူကာ ဗလာနတ္ထိအခြေအနေမှ ဝိညာဉ်ကျောက်တုံးများကို ဖန်တီးထုတ်လုပ်နိုင်ပေသည်။

ကျောက်တုံးအလွတ်များကို သုံးစရာမလိုခြင်းနှင့် မတူညီသော နည်းလမ်းကို အသုံးပြုခြင်းတို့ကြောင့် ထိုပညာရပ်ဖြင့် ဖန်တီးထားသည့် ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုမှာ ချီအားဖြည့်ပညာရပ်ဖြင့် ဖန်တီးထားသည့် ဝိညာဉ်ကျောက်တုံးများထက်ပင် အများကြီးပို၍ သာလွန်၏။ ထိုပညာရပ်မှာ အဆင့်အမြင့်ဆုံး ဓမ္မလက်နက်ပညာရှင်များသာ သန့်စင်နိုင်စွမ်းရှိသည့် ဒဏ္ဍာရီလာ ဝိညာဉ်ကျောက်တုံးများကိုပင် ဖန်တီးထုတ်လုပ်နိုင်စွမ်း ရှိသည့်အပြင် ထိုကျောက်တုံးများ၏ သန့်စင်မှုမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိသည်။ ထို့ကြောင့် ၎င်းမှာ လက်လှမ်းမမှီနိုင်သော အိပ်မက်တစ်ခု မဟုတ်တော့ပေ။

ဒါ… ဒါ…

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်း၏ ကျင့်ကြံခြင်း ပညာရပ်ကို ချက်ချင်းပင် စွန့်ပယ်လိုက်တော့သည်။ သူ၏ စိတ်လှုပ်ရှားနေသော အတွေးများထဲတွင် ကျောင်းသားခေါင်းဆောင်ဆိုသောရာထူးဖြင့် ပြည့်နှက်သွားပြီး သူ၏ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ချင်သော စိတ်ဆန္ဒမှာ သူ့အား လှုံ့ဆော်နေတော့သည်။ သူသည် ထိုအခိုက်တန့်တွင် သူသည် လုံးဝကို အရူးအမူး ဖြစ်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset