အခန်း (၉၉)

စွမ်းအင်ဗဟိုချက်အတွင်းမှမီးမျိုးစေ့

အခန်း (၉၉) စွမ်းအင်ဗဟိုချက်အတွင်းမှမီးမျိုးစေ့

ရန်ကျောက်ကဲက အက်ကွဲကြောင်းများဖြင့် ပြည့်နေသည့် လက်စွပ်ကို ပွတ်သပ်နေသည်။

စောစောကတော့ ဤလက်စွပ်က ရီကျင်း၏ခန္ဓာကိုယ်ဖြင့် ‌ပေါင်းစပ်ထားသဖြင့် လင်းလက်နေသည်။ ယခုတော့ ထိုလက်စွပ်က သူ၏ မူလအစစ်အမှန်ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

မျက်စိစူးရှလောက်အောင် တောက်ပနေသည့်လက်စွပ်က ယခုတော့မှေးမှိန်သွားပြီး အလင်းရောင်လုံး၀မရှိတော့ဘဲ မွဲ‌ခြောက်သွားသည်။

အချိန်မရွေးကွဲကြေသွားတော့မည့်အလား ပင်းကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများစွာဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။

သို့ပေသိ ရန်ကျောက်ကဲ လက်စွပ်ကို ထိကိုင်လိုက်သည်နှင့် လက်စွပ်ထဲတွင်တောက်လောင်နေသည့် အပူဒဏ်ကို ‌ယောင်၀ါး၀ါး ခံစားနေရဆဲ ဖြစ်သည်။

ရန်ကျောက်ကဲမျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ၏စိတ်အာရုံကို တဖြည်းဖြည်း လက်စွပ်အတွင်းသို့ နစ်မြုသွားအောင် စူးစိုက်လိုက်သည်။

ထိုအခါ သူ့မျက်ဝန်းရှေ့မှ မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွား၏။

အရင်ဆုံး မြင်တွေ့ရသည်မှာ ဆန့်တန်းထားသည့်လက်ကိုပင် မမြင်ရလောက်အောင် နက်မှောင်နေသည့် အမှောင်ထုတစ်ခု ဖြစ်သည်။ ထို့နောက် အမှောင်ထုထဲမှ အလင်းရောင်တစ်ခု ရုတ်တရက်တောက်ပလာသည်။

အလင်းရောင်က အတော်လေး အားနည်းပြီး မှိန်ဖျော့ဖျော့လေးမျှသာ ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးက လုံး၀နက်မှောင်နေသည့်အတွက် အလင်းတန်းငယ်က အလွန်တောက်ပပြီး မျက်လုံးများကို ဖမ်းစားနိုင်စွမ်း ရှိသည်။

သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုအလင်းရောင်က ကြက်သွေးရောင်တောက်နေသည့် မီးတောက်တစ်ခု ဖြစ်သည်။

မီးတောက်က တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး အလင်းရောင်ကလည်း ပိုမိုကျယ်ပြန့်လာကာ တောက်ပလင်းလက်လာသည်။

ထို့နောက် မီးတောက်က အရှိန်အဟုန်ပြင်းထန်လာပြီး မီးတောက်ကြီးတစ်ခုပမာ ကောင်းကင်ယံထိတိုင်မြင့်တက်လာသည့် ကြီးများသော မီးလျှံကြီးတစ်ခုဖြစ်ပြောင်းလဲသွားသည်။ နောက်ဆုံးတွင်တော့ အဆုံးမရှိ‌သော မီးတောက်ပင်လယ်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

အမှောင်ထု လုံး၀ပျောက်ကွယ်သွားပြီး မီးအလင်းရောင်က မိုးမြေတစ်ခွင် ထွန်းလင်းတောက်ပလာကာ မီးတောက်ကမ္ဘာတစ်ခု ဖြစ်တည်လာသည်။

အခြားသောမည်သည့်အရာမှ မရှိတော့ဘဲ ကောင်းကင်ယံတွင်တောက်လောင်နေသည့် မီးလျှံတစ်ခုကိုသာ တွေ့မြင်ရသည်။

ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက် မီးတောက်ပင်လယ်ကြီးကို ဖြတ်သန်းအာရုံခံကြည့်ရင်း မီးတောက်များအတွင်းစီးဆင်းနေသည့် တန်ခိုးစွမ်းအားကို ခံစားကြည့်လိုက်သည်။

သူ့ပတ်ပတ်လည်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး ရန်ကျောက်ကဲက ပတ်၀န်းကျင်တစ်ခုလုံးကို သေသေချာချာ လေ့လာနေသည်။ မီးတောက်များက ပတ်လည်၀ိုင်းနေသော်လည်း ၄င်းမီးတောက်များသည် စည်းမဲ့ကမ်းမဲ့ ဖရိုဖရဲတောက်လောင်နေခြင်း မဟုတ်ပေ။

ပင်လယ်ဒီရေလှိုင်းများကဲ့သို့ပင် မီးတောက်များက သူတို့ကိုယ်ပိုင်သွေးခုန်နှုန်းဖြင့် သဘာဝစီးဆင်းမှုကိုယ်ပိုင်ဦးတည်ချက်ကို ပိုင်ဆိုင်ထားသည်။

သေသေချာချာ စေ့စေ့တွေးတောကြည့်သည့်အခါ မီးတောက်များအ‌ကြောင်းကို ရန်ကျောက်ကဲ တဖြည်းဖြည်းနားလည်လာသည်။

ပတ်၀န်းကျင်မှမီးတောက်များကိုကြည့်ရင်း ရန်ကျောက်ကဲမျက်လုံးရှေ့တွင် မူလပရမ်းပတာလောကြီး ထွက်ပေါ်လာသည်။

မီးတောက်များ သိပ်သည်းသွားပြီး ထူးဆန်းသည့်စာလုံးများအဖြစ်ပြောင်းလဲသွားသည်။ စာလုံးများက အစီအစဉ်တကျ သူတို့ဘာသာ စီစဉ်သွားပြီး တစ်ခုနှင့်တစ်ခု ဖြတ်သန်းကာ စာကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုစာကြောင်းများက လေထုထဲတွင် အဆက်မပြတ်စီးဆင်းနေပြီး အလွှာလိုက် အလွှာလိုက် တစ်ခုပြီးတစ်ခု ဆင့်စီထားသည်။

ထိုစာလုံးများကို ကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်က မီးတောက်မိစ္ဆာဧကရာဇ် ဖန်တီးခဲ့တဲ့ စာလုံးတွေပဲ”

“ငါ အရင်က ဒါမျိုးတွေကို အတိအကျ သုတေသနမလုပ်ဖူးပေမယ့် ယေဘူယျတော့ ရင်းနှီးနေဆဲပဲ ၊ တစ်ဝက်လောက်ကတော့ ခန့်မှန်းကြည့်ပြီး ကျန်တဲ့တစ်ဝက်ကတော့ မျက်စိစုံမှိတ်ပြီး ကြိုးစားရမှာပဲ ၊ ဒါဆို ဒီစာတွေကို ငါ နားလည်နိုင်မှာပါ”

“မျှော်လင့်ထားတဲ့အတိုင်းပဲ ၊ ဒါက မီးတောက်မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ပဲ”

ရန်ကျောက်ကဲ ငိုရမည်လား ၊ ရယ်ရမည်လား မသိ ဖြစ်သွားသည်။

“အစွန်းရောက်ရှစ်ပါးကမ္ဘာက လူတစ်ယောက်အနေနဲ့ ဒီလို အမွေအနှစ်မျိုးကို ပိုင်ဆိုင်ထားတာ ရီကျင်းအတွက် ကံကောင်းတာလား ၊ ကံဆိုးတာလားတောင် မသိတော့ဘူး”

ထူးဆန်းသည့်စာလုံးများကို သေသေချာချာဖတ်ရှုပြီးနောက် ထိုစာလုံးများနောက်ကွယ်တွင်ရှိသည့် စွမ်းအားသဘောတရားများကို ရန်ကျောက်ကဲ နားလည်သွားသည်။ သူ့စိတ်ထဲတွင် ဖြည်းဖြည်းချင်း အချို့သောကိစ္စများကို နားလည်လာသည်။

“ထင်တဲ့အတိုင်းပဲ ၊ အဲဒါက လက်ရှိ မီးတောက်မိစ္ဆာမျိုးနွယ်တွေရဲ့ ကျင့်ကြံခြင်းနဲ့ အရမ်းကွာခြားတယ် ၊  မဟာကပ်ဘေးကြီးမတိုင်ခင်မှာ တန်ခိုးစွမ်းအားရှင်တစ်ယောက်က မီးတောက်မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ထဲမှာ တာအိုတစ်ခုမှအရာများစွာမွေးဖွားခြင်းကျင့်စဉ်ကို ထည့်သွင်းအသုံးပြုထားတာပဲ”

“မီးတောက်တစ်ခုမှာပါ၀င်တဲ့ တာအိုတစ်ခုကို လေ့လာလိုက်တာနဲ့ အဲဒီကနေ သဘောတရားတွေအများကြီး မွေးဖွားလာတာပဲ”

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ရီကျင်းရဲ့ စိတ်အခြေအနေ ပြောင်းလဲသွားတာက သူ့ရဲ့ ကျင့်ကြံမှုက လက်ရှိမီးတောက်မိစ္ဆာမျိုးနွယ်တွေဘက်ကို တိမ်းသွားလို့ပဲ”

မီးတောက်များ လျှံတက်လာပြီး ချိတ်ပိတ်ထားသည့် ကြီးမားသော တံခါးကြီးတစ်ချပ် မီးတောက်များထဲတွင် ပေါ်လာသည်။

ရန်ကျောက်ကဲက အစစ်အမှန်လီမီးတောက်မှ ၀ိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နက်နေသည့် လက်စွပ်ကို အားဖြည့်ပေးလိုက်သည်။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခု အနည်းငယ်မှေးမှိန်စွာ တောက်ပလာသည်။

ရန်ကျောက်ကဲက သူ၏ စိတ်အာရုံကို လက်စွပ်အတွင်းသို့ နောက်တစ်ကြိမ်ပို့လွှတ်လိုက်သည်။ ထိုအခါ စောစောက ချိတ်ပိတ်ထားသည့် အလုံပိတ်တံခါးကြီး ပွင့်နေသည်ကို တွေ့လိုက်ရသည်။

တံခါးအတွင်း၌ ကောင်းကင်သည် နီရဲနေလျှက်ရှိပြီး မြေကြီးအတွင်းမှ ထွက်လာသည့် ချော်ရည်များက အရပ်ရပ်သို့ ပြန့်နှံ့လျှက် ရှိသည်။

ယခင်က သူတွေ့မြင်ခဲ့ဖူးသော ကမ္ဘာကြီး၏ အဆုံးသတ်မြင်ကွင်းသည် ရန်ကျောက်ကဲ၏ မျက်လုံးများရှေ့တွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာသည်။

အရာအားလုံးသို့ လွှမ်းခြုံထားသည့် မီးတောက်များသည် လေထုထဲတွင် ဖြည်းဖြည်းချင်း အစိုင်အခဲပမာ ဖြစ်သွားပြီး ပုံရိပ်‌‌ယောင်နတ်ဘုရားမီးတောက်များ ထွက်ပေါ်လာစေသည်။ ရှေးကျပြီး စွမ်းအားမြင့်မားလှသည်။

မဟာကပ်ဘေးကြီး၏ အငွေ့အသက်များ ၊ ကြီးမားသည့် ပျက်စီးမှုနှင့် ဘေးဒုက္ခတရားများသည် ၄င်းမီးတောက်များထံမှ ထွက်ပေါ်လာပြီး ပျက်သုဉ်းခြင်းနှင့် ရှေးကျခြင်းက ယနေ့ခေတ် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် လုံးလုံးလျားလျား ခြားနားသည်။

အစောပိုင်းက ရှီတိ၏တိုက်ခိုက်မှုကို ခံခဲ့ရသည့်အပြင် ရန်ကျောက်ကဲ၏ ထပ်မံတိုက်ခိုက်ခံရမှုကြောင့် ကျိုးကြေသွားသည့် လက်စွပ်မှာ ပုံမှန်မဟုတ်ဘဲ အလွန်အားနည်းနေသည်။

ထို့ကြောင့် နက်မှောင်သည့် ကောင်းကင်ပြင် ၊ ချော်ရည်များဖြင့်ပြည့်နေသည့် ကမ္ဘာမြေပြင်တို့တွင် အနက်ရောင်အက်ကွဲကြောင်းများဖြင့်ပြည့်နက်နေပြီး အချိန်မရွေးပြိုကျနိုင်သည်ဟု ထင်မှတ်ရသည်။

ကြီးမားလှသော နတ်ဘုရားမီးတောက်များ၏ ရောင်၀ါက ၄င်း၏ မူလဇာစ်မြစ်နှင့် နောက်ခံအင်အားအစွမ်းသတ္တိတို့ကို ပြဆိုနေဆဲ ဖြစ်သည့်တိုင် အရင်ကနှင့်ဆာလျှင် အနည်းငယ်လွဲမှားနေပြီး ပုံရိပ်ယောင်တစ်ခုပမာ ထင်မှတ်ရသည်။

ထိုကြီးမားလှသည့် နတ်ဘုရားမီးတောက်ကြီး၏ အကြည့်ကို ရန်ကျောက်ကဲ တွေ့လိုက်ရသည်။ ထိုအကြည့်ထဲမှ အစစ်အမှန်ခံစားချက်များ ထွက်ပေါ်လာသကဲ့သို့ပင်။

ထိုအရာက စွမ်းအားပြင်းထန်လှသည့် သက်ရှိပုံစံတစ်ခုအလား ဖြစ်လေရာ ဤလောကမှ အစစ်အမှန်တည်ရှိမှုတစ်ခုအလား ဖြစ်သည်။ သို့ပေသိ ထိုအရာက ယခင်ကဖြစ်တည်မှုတစ်ခု၏ ပုံရိပ်မျှသာ ဖြစ်သည်။

နတ်ဘုရားမီးတောက်ကြီးမှအကြည့်ဖြင့် ဆုံမိသည်နှင့် ရန်ကျောက်ကဲ၏ စိတ်ခံစားချက်များ အနည်းငယ် ကမောက်ကမဖြစ်သွားရသည်။

ရုတ်တရက် အလွန်အမင်း‌‌ဒေါသထွက်လာပြီး မတည်မငြိမ်ဖြစ်လာကာ အရာအားလုံးကို ဖျက်စီးပစ်ချင်သည်အထိ စိတ်တိုလာသည်။

ရန်ကျောက်ကဲ၏ မျက်ဝန်းများ ဖျတ်ခနဲ တုန်ခါသွားပြီး သူ့စိတ်များ ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်စေရန်ကြိုးစားလိုက်ကာ ပြင်းထန်သည့် အဆိုးမြင်စိတ်များကို ချက်ချင်းဖြေဖျောက်ပစ်လိုက်သည်။

ထိုအချိန် တစ်လောကလုံးကို လွှမ်းခြုံထားသည့် မီးတောက်များက များပြားလှစွာသော ပုံသဏ္ဌန်များအဖြစ် ပြောင်းလဲသွားကာ ထူးဆန်းရှေးကျသည့် စာလုံးများအဖြစ် ရန်ကျောက်ကဲ မျက်လုံးရှေ့တွင် အစီအရီပေါ်လာသည်။

ထိုစာလုုံးများကို ရန်ကျောက်ကဲက ဖြည်းဖြည်းချင်း ပုံဖော်ကြည့်လိုက်သည်။

“ကောင်းကင်မီးတောက်ကျမ်းစာ… ဟုတ်တယ်မလား”

သူက စာလုံးများကို ဆက်လက်ပုံဖော်နေစဉ်မှာပင် ထိုစာလုံးများက ရန်‌ကျောက်ကဲခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားပြီး စီးဆင်းနေသော မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများအားလုံး ပူပြင်းလာသည်ကို ခံစားရသည်။ သူ၏ သွေးကြောဆုံချက်များတွင် ကျန်ရှိနေသည့် အစစ်အမှန်လီမီးတောက်အကြွင်းအကျန်များက ပို၍ မငြိမ်မသက်ဖြစ်လာသည်။

များပြားလှစွာသော ထင်းအစုအပုံကြီးအတွင်း မီးပွားတစ်ခုကျဆင်းသွားပြီး တစ်ပြိုင်နက်တည်းဟုန်းဟုန်းတောက်လောင်တော့မည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲ၏ အမူအရာက တည်ငြိမ်နေပြီး သူ၏စွမ်းအင်ဗဟိုချက်ချီပင်လယ်ထဲတွင် ရှုတ်ထွေးသောပရမ်းပတာ ချီစွမ်းအားများသည် အလွှာလိုက်အလွှာလိုက် ကြည်လင်လာပြီး ပြောင်းပြန်လှည့်ပတ်နေသည်။

ပူလောင်သည့်ခံစားချက်က သူ့ခန္ဓာကိုယ်အနှံ့ဖြတ်သန်းသွားပြီး ရုတ်ချည်းပင် ဦးတည်ချက်တစ်ခုကို တွေ့ရှိသည့်အလား သုမဒ္ဒရာအတွင်းစီးဆင်းဝင်ရောက်သွားသည့် မြစ်အစင်းတစ်ရာပမာ တစ်ခါတည်းဖြင့် ဦးတည်ချက်တစ်ခုဆီသို့ စုဆုံသွားသည်။

နောက်ဆုံးတွင် အပူစီးကြောင်းများက မီးမျိုးစေ့တစ်ခုအသွင် သိပ်သည်းသွားပြီး ပရမ်းပတာချီစွမ်းအားများက မီးမျိုစေ့ထဲတွင် ခပ်မှိန်မှိန်တောက်ပနေသည်။

နက်ရှိုင်းချီစွမ်းအားကျင့်စဥ်ဖြင့် သန့်စင်သည့်ချီစွမ်းအားများ ဖြည်းဖြည်းချင်း ပေါင်းစည်းသွားပြီး ပရမ်းပတာချီစွမ်းအားများကို နောက်တစ်ကြိမ် ဖုံးကွယ်သွားသည်။

ရန်ကျောက်ကဲ ပြုံးလိုက်၏။

ကောင်းကင်ဘုံနန်းတော်တွင် သိမ်းဆည်းထားသည့် ထိပ်တန်းလျှို့ဝှက်ကျမ်းစာများထဲတွင် သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ ထိုကျမ်းစာ မည်မျှအစွမ်းထက်သည်ကိုအသာထား ထိုကျမ်းစာထဲတွင်ပါ၀င်သည့် ထူးခြားသည့်အင်္ဂါရပ်များက ၄င်းကိုထူးခြားစေသည့် အဓိအကြောင်းရင်း ဖြစ်သည်။

ပရမ်းပတာဖြစ်ခြင်းက ပြိုင်ဘက်ကင်းသည်။ ထိုအရာက အစလည်းမရှိသလို အဆုံးလည်မရှိပေ။ အရာအားလုံးကို လက်ခံနိုင်စွမ်းရှိသည့်အပြင် အရာအားလုံးကို မွေးဖွားပေးနိုင်စွမ်းရှိသလို ဖျက်စီးပစ်နိုင်စွမ်းလည်း ရှိသည်။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ စွမ်းအားအကြီးမားဆုံးအချက်မှာ အခြားသော သိုင်းပညာရပ်များအားလုံးကို သဲလွန်စမကျန် စုပေါင်းသိမ်းဆည်းထားနိုင်ပြီး ပိုင်ဆိုင်ထားသည့် ကျင့်စဉ်များကြားတွင် ပိုမိုသာလွန်အောင် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။

၀ါဒတောင်မှ တိုက်ရိုက်ကျင့်စဥ်တစ်ခုဖြစ်သော နက်ရှိုင်းချီစွမ်းအားကျင့်စဥ် ၊ ယခု ကောင်းကင်မီးတောက်ကျမ်းစာကဲ့သို့သော ကျင့်စဥ်များကို သိမ်းဆည်းကျင့်ကြံရာတွင် အသုံး၀င်သည်။

ကောင်းကင်မီးတောက်ကျမ်းစာကို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာထဲတွင် ကျင့်ကြံလျှင် သူက ရီကျင်းကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။

ရန်ကျောက်ကဲ မသိမသာ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်မီးတောက်ကျမ်းစာက အမှန်တကယ်ပင် တစ်ခေတ်တစ်ခါက ထူးခြားခဲ့သည့် ကျမ်းစာ ဖြစ်သည်။

နောက်ပိုင်း သူလုပ်ရမည့် စမ်းသပ်ချက်များအတွက်လည်း အသုံး၀င်မည် ဖြစ်သည်။

ရန်ကျောက်ကဲ သတိပြန်၀င်လာပြီး လက်တွေ့ဘ၀သို့ ပြန်ရောက်လာသည့်အခါ အားဟူက သူ့နံဘေးတွင်း မတ်တတ်ရပ်ရင်း အ‌ဝေးသို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲသည်လည်း လက်စွပ်ကို သိမ်းဆည်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာတွင် မှောင်မိုက်သည့်စက်၀န်းတစ်ခုက အကန့်အသတ်မဲ့စွာ မိုးနှင့်မြေအား လွှမ်းခြုံထားသည်။

ထိုနေရာက နေသူတော်စင်ဂိုဏ်းမှ ဆည်းဆာအရှင် ဖန်ဆင်းထားသည့် မဟူရာဆည်းဆာနယ်မြေ ဖြစ်သည်။

ယခုတော့ ထိုစက်၀န်းထဲတွင် တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခု မှိတ်တုပ်မှိတ်တုပ်လင်းလက်လာသည်ကို တွေ့မြင်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုရွှေရောင်အလင်းတန်က ပိုမိုတောက်ပလာပြီး မဟူရာဆည်းဆာနယ်မြေစက်၀န်းကို စတင်ထိုးဖောက်စပြုလာသည်။

အဆုံးသတ်မတော့ ကောင်းကင်တစ်ခွင် ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး မဟူရာဆည်းဆာနယ်မြေထိပ်ပိုင်းတွင် အက်ကြောင်းများထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများ၏ အလယ်ဗဟိုတွင် လူရိပ်တစ်ခုတွေ့မြင်ရပြီး ထိုလူရိပ်က လေထုထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

 “ပထမဆရာဦးလေးကတာ့ တကယ့်ကို ပထမဆရာဦးလေးပါပဲ”

ရန်ကျောက်ကဲက ချီးကျူးစကားဆိုတော့ ဘေးနားက အားဟူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။

သို့ပေသိ အ‌ဝေးတစ်နေရာသို့ လှမ်းကြည့်မိသည့်အခါ အားဟူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

ထိုနေရာမှ စွမ်းအားမြင့်မားသည့် အ၀ါရောင်စက်၀န်းတစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲဖြစ်ပွားရာသို့ ချဥ်းကပ်လာသည်။ ထိုစက်၀န်းက မိုးကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မြေပြင်ကိုလည်း သိမ်းပိုက်သွားသည်။

ထိုအရာထဲတွင် လက်သီးဝိညာဉ်တစ်ခု ပါ၀င်နေသည်ကို ကြည့်ခြင်းအားဖြင့် နေသူတော်စင်ဂိုဏ်းမှ လူတစ်‌ယောက်ဖြစ်ကြောင်း သိရှိနိုင်သည်။

အသစ်ရောက်ရှိလာသူ၏ ကျင့်ကြံခြင်းအဆင့်က ဆည်းဆာအရှင်ထက် အဆင့်မြင့်မားသည်။

အားဟူက အသံတိုးတိုးဖြင့်…

“ကျွန်တော်ထင်တာ… အဲဒါ ရှောင်ရှန်းရဲ့ အဘိုးမဟုတ်လား”

ရန်ကျောက်ကဲကလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး ထိုသို့ပင်တွေးလိုက်မိလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset