အခန်း ( ၉၉ )

ဒေါက် ဒေါက် ဒေါက်

ကျိုးရှင်းချီမှာ မျက်နှာအနည်းငယ် ပျက်သွားတော့သည်။ သူမ၏ အင်မော်တယ်ဂူမှာ ပိုင်ရှောင်ချန်းနှင့် မျက်နာချင်းဆိုင် တည့်တည့်တွင် ရှိနေလိမ့်မည်ဟု မတွေးခဲ့မိဖူးပေ။ အပြင်စည်းဂိုဏ်းသားဘဝတွင် ပိုင်ရှောင်ချန်းက လူတိုင်းကို သူ့အား ဂိုဏ်းတူဦးလေးပိုင်ဟု လိုက်၍ခေါ်ခိုင်းရသည်ကို နှစ်ခြိုက်ကြောင်း သူမ ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူမက သူ့ကို အမြဲရှောင်ရှားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူက သူမ၏ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူမက တည်ကြည်စွာ နှုတ်ဆက်လိုက်လေသည်။
” မ….မင်္ဂလာပါ ဂိုဏ်းတူဦးလေပိုင်။” ထို့နောက် သူမက သူ့ကိုပင်မကြည့်တော့ပဲ သူမ၏ မိုးပြာရောင်အဝတ်စပေါ်သို့တက်ကာ လေပေါ်သို့ ပျံတက်သွားတော့သည်။ သူမ၏အလှတရားကြောင့် သူမသည် အင်မော်တယ် အမျိုးသမီးတစ်ယောက်အလားပင် ဖြစ်နေတော့သည်။ ထို့ကြောင့်လည်း သူမက ကပ်ဖားယပ်ဖားလုပ်သူများကို ရှောင်ရှားရန် အမြဲလိုလို ထိုသို့ပျံသန်းခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူမကို ချဥ်းကပ်ရသည်မှာ အနည်းငယ်ခက်ခဲနေရခြင်းပင်။

ပိုင်ရှောင်ချန်းကမူ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်အလား ပျော်ရွှင်စွာ လက်ကိုနောက်ပစ်ကာ ကျိုးရှင်းချီ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။ သူမ၏ အပြုမူကို သူက စိတ်ထဲထားမနေတော့ပေ။ သူလိုချင်သည့်အရာမှာ ဂိုဏ်းတူဦးလေးပိုင်ဟု အခေါ်ခံရခြင်းသာ ဖြစ်သည်။

သူမထွက်ခွာပြီးသွားသောအခါ သူက သူ၏ အင်မော်တယ်ဂူသို့ပြန်သွားပြီး ယနေ့အတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်လိုက်ပြီဟု တွေးနေတော့သည်။ ဂူအတွင်းတွင် သူက နဂါးလိုဆင်လိုအဏ္ဏဝါ ကျမ်းစာကိုထုတ်လိုက်ပြီး အနီးကပ် လေ့လာကြည့်ရှုလိုက်လေသည်။ ထိုသို့ကြည့်ရင်း ပြီးခဲ့သောတိုက်ပွဲတုံးက ဝိညာဥ်စွယ်၏ စွမ်းအားကြီးမားပုံများကို ပြန်တွေးမိသွားသဖြင့် သူ၏အမူအရာမှာ အလွန်တည်ကြည်သွားတော့သည်။

” ဝိညာဥ်စွယ်က ဘယ်လိုများ လေ့ကျင့်လဲ မသိဘူး။ တော်တော်အံ့သြဖို့ ကောင်းတဲ့ကောင်ပဲ။ သူ့ရဲ့ သရဲတွေက ပိုတောင်မိုက်သေးတယ်။ ငါလည်း ကိုယ်ပိုင် သားရဲတစ်ကောင်လောက်ရှိရင် တော်တော်ကောင်းမှာပဲ။” သူက တိုက်ပွဲအကြောင်းကို ပြန်တွေးရင်း ရင်ဘတ်ထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေတော့သည်။ သူက ရုတ်တရက် တစ်ခုခုကို မှတ်မိသွားပြီး သူ၏ ထည့်စရာအိတ်ကိုပုတ်ကာ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်လိုက်လေသည်။

” ငါ့ဆီမှာ သားရဲသန္ဓေတည်သစ်စေ့ ရှိတာပဲကွ…. ငါသာ မြောက်ခြမ်းကိုရောက်သွားရင် ငါ့ကိုယ်ပိုင် သားရဲတစ်ကောင် ရရင်ရလောက်တယ်။ ပြီးတော့ ငါတစ်ယောက်ထဲ ဖန်တီးနိုင်တဲ့သားရဲ ဖြစ်ရမယ် ” သူက ထိုသို့ဆန်းကြယ်လှသော သားရဲသန္ဓေတည်သစ်စေ့ အကြောင်းကို တွေးမိသွားသောအခါ စိတ်လှုပ်ရှားမှုများနှင့်အတူ ရင်ခုန်သံမြန်လာတော့သည်။ အချိန်အတော်ကြာမှ သူက ခေါင်းခါလိုက်လေတော့သည်။ သူ၏ စိတ်လှုပ်ရှားမှုများကို ဖယ်ရှားကာ သေတ္တာလေးကို ပြန်သိမ်းလိုက်တော့သည်။

” သတ်ရဖြတ်ရ တိုက်ခိုက်ရတာတွေကို ငါ အမုန်းဆုံးပဲ။ ချီစုစည်းမှုရဲ့ အထွတ်အထိပ်ကို မြန်မြန် ရောက်အောင်လုပ်ဖို့ အာရုံစိုက်မှရမယ်။ အဲ့တာမှ အခြေခိုင်မာခြင်းအဆင့်ထဲကို ဝင်နိုင်မှာ။” ထိုသို့တွေးရင်း ပိုင်ရှောင်ချန်းက နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို စတင်လေ့ကျင့်ရန် ပြင်လိုက်တော့သည်။

နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကိုသုံး၍ ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်း ပညာရပ်ကို ပြီးပြည့်စုံအောင်လုပ်နိုင်ပါသော်လည်း ကျင့်စဥ်နည်းလမ်းများကမူ လုံးလုံးမတူညီပေ။ ထိုကျမ်းတွင် ကျင့်သုံးရမည့် ကိုယ်နေဟန်ထားများကို ဖော်ပြမထားပဲ ရုပ်ပုံသုံးပုံသာ ပါရှိလေသည်။ ပထမရုပ်ပုံက ဒဏ္ဍာရီလာ အစွယ်တစ်ဖက်နှင့်ဆင်ကြီးပုံ ဖြစ်သည်။ ထိုဆင်ကြီးမှာ တောင်တစ်လုံးကိုပင် ဖျက်စီးနိုင်လောက်အောင် အင်မတန် အင်အားကြီးမားပုံပေါ်သည်။ ထိုကဲ့သို့ အံ့သြဖွယ်ကောင်းလှသော အပြင်အားကြောင့် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်နေတော့သည်။ ထိုရုပ်ပုံတစ်ခုထဲဖြင့် သူ၏ အသားစိုင်များနှင့် သွေးသားများမှာ ထူးဆန်းသောစွမ်းအားများ၏ ထိန်းချုပ်ခြင်းကိုခံလိုက်ရသည့်အလား တုန်ရီလာတော့သည်။

ဒုတိယပုံမှာ တိမ်တိုက်များအကြား တွန့်လိမ်ကာ လှည့်ပတ်နေပြီး ထိုတိမ်တိုက်များ၏ တစ်စိတ်တစ်ပိုင်းကို ဖုံးလွှမ်းထားသည့် မိုးပြာရောင် နဂါးကြီးတစ်ကောင်ပင်ဖြစ်သည်။ ထိုရုပ်ပုံကို ပိုင်ရှောင်ချန်းကကြည့်လိုက်သောအခါ သူ၏စိတ်ထဲတွင် အရိုးစွဲသလို စွဲသွားတော့သည်။ ချက်ချင်းပင် သူက ထိုပုံရိပ်ကို စိတ်ထဲတွင် ပြန်လည် ပုံဖော်နိုင်သွားတော့သည်။ သို့သော်လည်း ထိုပုံရိပ်ပျောက်ကွယ်သွားသောအခါ သူ၏စိတ်ထဲတွင် ထစ်ချုန်းသံများကိုသာ ကြားနေရတော့သည်။ တချိန်ထဲမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်များက အထိန်းအချုပ်ကင်းမဲ့သည့်အလား ဖြစ်သွားပြီး သူ့ပတ်လည်တွင် ဝဲဂယက်ထသလိုဖြစ်နေတော့သည်။ သူကနာကျင်လွန်းလှသဖြင့် မနည်းပြန်ထိန်းချုပ်လိုက်ရ၏။ သူ့ တစ်ကိုယ်လုံးမှ ချွေးများပင်ထွက်လာတော့သည်။

” ဒါက ဘာကျင့်စဥ်လဲ ” သူက အသက်ပြင်းပြင်းရှူရင်း တတိယမြောက်ပုံကို မကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက နဂါးလိုဆင်လို အဏ္ဏဝါကျမ်း၏ ကဗျာကိုသာ ပြန်လည် ဆန်းစစ်လိုက်သည်။

အနည်းငယ်ကြာသွားသောအခါ သူ့ မျက်လုံးများမှာ ဥာဏ်အလင်းပွင့်သွားဟန်တူပြီး တောက်ပနေကာ မော့ကြည့်လိုက်လေသည်။

” ပုံရိပ်ဖော်ကာ ကျင့်ကြံခြင်း ” သူက ထိုစာကြောင်းကို တတွတ်တွတ်ရွတ်ဆိုနေတော့သည်။

ထိုကျင့်စဥ်မှာ အလွန်ဆန်းကြယ်သော ကျင့်ကြံခြင်းနည်း ပုံစံတစ်ခုဖြစ်သည်။ မိမိရောက်ရှိသည့် အဆင့်အလိုက် ပုံရိပ်အမျိုးမျိုးကို ကြည့်ရှုကာ မိမိတစ်ကိုယ်တည်းသာ ကျင့်ကြံရမည်ဖြစ်သည်။ ယခု ပုံသုံးပုံတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ ပါဝင်ပြီး ၎င်းတို့ကို ကြည့်လိုက်ရုံမျှဖြင့် ခန္ဓာကိုယ်ပေါ်တွင် အကျိုးသက်ရောက်မှုများ ရှိနိုင်လေသည်။

ဂိုဏ်းသို့စစဝင်သည့် လူတစ်ယောက်အတွက်မူ ထိုနည်းလမ်းမှာ ကျင့်ကြံခြင်းအတွက် သင့်တော်မည်မဟုတ်ချေ။ ထို့အပြင် ထိုလမ်းစဥ်အတိုင်းကျင့်ကြံပါက ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်။ သို့သော်လည်း ချီစုစည်းမှုအဆင့်ရှစ်သို့ရောက်ရှိပြီး စိတ်စွမ်းအင် ပမာဏများစွာ ရှိနေပါက ထိုလမ်းစဥ်ကို ကျင့်ကြံန်ိုင်မည် ဖြစ်သည်။

ပိုင်ရှောင်ချန်းက အနည်းငယ်တွေးတောလိုက်ပြီး အများကြီး မမျှော်လင့်ထားရန် ဆုံးဖြတ်လိုက်သည်။ ပထမပုံကို စတင်ကြည့်ရှုလိုက်ရာ သူ၏တစ်ကိုယ်လုံးတုန်ခါလာပြီး သူ၏ချီနှင့်သွေးများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသည်။ ထိုအခါ သူ၏ ထာဝရအရေပြားကြောင့် သူ၏ အသားအရည်မှာ ငွေရောင်များ တောက်ပလာသည်။ သူ၏ထာဝရအရေပြားနှင့် နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို ပေါင်းစပ်လိုက်ပါက သူ၏ အစွမ်းမှာ သိသိသာသာတိုးလာကြောင်း ပိုင်ရှောင်ချန်း ခံစားမိလိုက်လေသည်။

အချိန်များ ကုန်လွန်သွားသည်။ ပထမလဝက်အတွင်းတွင် ပိုင်ရှောင်ချန်းက ဆေးဖော်စပ်လိုက် နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို ကျင့်လိုက်လုပ်နေတော့သည်။ သူ၏ကျင့်ကြံခြင်းမှာ ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာတော့သည်။ ထို့အပြင် သူ၏ထာဝရအရေပြားမှ ငွေရောင်မှာ ပို၍ ရင့်လာတော့သည်။ နှစ်ဖက်စလုံးတွင် သူတ်ိုးတက်လာသည်မှာ အသိအသာပင်။

မကြာမီတွင် နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကြောင့် ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းကိုတိုးတက်စေရန် ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်း ပညာရပ်အား ကျင့်စရာမလိုကြောင်း သူ သဘောပေါက်သွားသည်။ ထိုဆင့်ခေါ်ခြင်းမှာ သူ့အလိုလို အလျင်အမြန် တိုးတက်နေခြင်းဖြစ်သည်။

ထိုအချက်ကြောင့် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားသည်။ သို့သော် ခဏမျှ တွေးတောလိုက်ပြီးသောအခါ သူကဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်းသိသွားတော့သည်။

” နဂါးလိုဆင်လို အဏ္ဏဝါကျမ်းက တော်တော်အသုံးဝင်တာပဲဟ။ သူ့အကူအညီနဲ့ဆို အခြားနတ်ဘုရား စွမ်းရည်နဲ့ မှော်ပညာရပ်တွေက ပိုပြီး ကြောက်စရာကောင်းလာတာပဲ။ နိဒါန်းမှာပြောထားတဲ့ အချုပ်အနှောင်ကြိုးတွေဆိုတာက…..” သူက ထိုသို့တွေးတောရင်း လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ ခရမ်းရောင်ချီဒယ်စောက်အိုး ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထို ပုံရိပ်မှာ အလွန်အသက်ဝင်လှပြီး ယခင်က ဒယ်စောက်အိုးများထက် ပို၍ကြီးကာ ပို၍ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။ သူသာဆန္ဒရှိပါက ထိုဒယ်စောက်အိုးကို ပြန်လည်ဖျောက်ဖျက်ပြီး ကျန်ရှိသော စိတ်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူနိုင်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။

ထိုသို့တွေးမိသည့်အတိုင်း သူ လိုက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စိတ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန်ပြန်ဝင်သွားပြီး သူ ထိုနတ်ဘုရားအစွမ်းကိုသုံးခဲ့ရသည့်အတွက် ကုန်သွားသော စွမ်းအင်အများစုမှာ ပြန်လည် ဖြည့်တင်းပြီးသွား ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းက အကြီးကြီး ကျေနပ်နေတော့သည်။ ဒယ်စောက်အိုးတစ်ခုကို ထုတ်ကာ ပြန်လည်စုပ်ယူနိုင်ခြင်းမှာ ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်ခြင်းတွင် အများအပြားတိုးတက်လာသည့် အမှတ်အသားတစ်ခုဖြစ်သည်။

” နဂါးလိုဆင်လို အဏ္ဏဝါကျမ်းရဲ့ အကူအညီနဲ့ဆို ငါအရင်ကတွေးထားတဲ့ လူထိန်းချုပ်နည်း မှော်အတတ်ကိုတောင်မှ တိုးတက်အောင်လုပ်လို့ ရရင် ရလောက်တယ်။ ” သူက ထိုသို့ ပျော်မြူးနေရင်း သူ့ အမူအရာမှာ ချက်ချင်းပြောင်းသွားသည်။ အင်မော်တယ်ဂူ၏ ပင်မတံခါးဝကိုလှမ်းကြည့်ရင်း မန္တန်လက်ကွက်တစ်ခုဖော်ပြီး လက်ညိုးထိုးလိုက်သည်။ ထိုအခါ တံခါးမှာမှေးမှိန်သွားပြီး သူ့ဘက်ကကြည့်လျှင် အပြင်ကိုလှမ်းမြင်ရသော အရာတစ်ခုအဖြစ် ပြောင်းသွားသည်။

အပြင်ဘက်တွင် ညနေခင်းအချိန်ရောက်နေပြီဖြစ်ပြီး သူ့ဘက်သို့ ခပ်လှမ်းလှမ်းမှ လူအယောက်တစ်ရာကျော် ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ လူဒါဇင်အနည်းငယ်လောက်က အခြားလူများထက် ပိုမြန်ပြီး သူ၏ အင်မော်တယ်ဂူသို့ ပထမဆုံးရောက်ရှိလာတော့သည်။

ထိုလူအုပ်ထဲတွင် ခန့်ညားသောရုပ်ရည်သွင်ပြင်ရှိသည့် လူငယ်တစ်ယောက်ပါသည်။ သို့သော်လည်း သူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး သူ၏မျက်လုံးများမှာ ရူးသွပ်နေသည့်အလား နီမြန်းနေသည်။ သူ့ပုံစံမှာ ကျပ်မပြည့်သောပုံစံပေါက်နေပြီး အနည်းငယ်ရန်စခံရပါက ရူးသွပ်စွာ ပြန်လည် တုံ့ပြန်မည့် အနေအထားတွင် ရှိလေသည်။

ပိုင်ရှောင်ချန်းကမူ ထိုလူငယ်ကို ချက်ချင်းပင် မှတ်မိလိုက်သည်။ သူသည် မြောက်ဘက်ခြမ်းမှ ပေဟန်လဲ့ပင် ဖြစ်တော့သည်။

သူ၏ဘေးနားက လူဒါဇင်အနည်းငယ်မှာ ပုံမှန်ချီစုစည်းမှုအဆင့်ကိုးထက် ကျော်လွန်နေသည့် လူများဖြစ်ကြသည်။ ချီစုစည်းမှု၏အထွတ်အထိပ်သို့ ရောက်နေသော လူက ဆယ်ယောက်လောက်ပင်ရှိလေသည်။ ထို့အပြင် နောက်မှလိုက်လာနေသော လူအုပ်ကြီးမှာလည်း ချီစုစည်းမှုအဆင့်ကိုးတွင်ရှိကြသော လူများဖြစ်လေသည်။

ပေဟန်လဲ့၏ဘေးတွင် တောင်အသေးစားလေးတစ်လုံးနှင့်တူသော အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် လူတစ်ယောက်ပါသည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ ပေဟန်လဲ့နှင့် အလွန်တူပေသည်။ ထို့အပြင် သူ၏ ဆံပင်များမှာ ရှည်လျားပြီး လေထဲတွင် လွင့်နေတော့သည်။ သူက ပေဟန်လဲ့၏ဘေးတွင် မလှုပ်မယှက်ရပ်ကာ ပိုင်ရှောင်ချန်းကိုပင်ထိတ်လန့်သွားစေသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

သူ၏ အငွေ့အသက်များမှာ ချီစုစည်းမှုအဆင့်ထက်ပင် ကျော်လွန်နေသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်များက လေပွေတစ်ခုအလား သူ့ကို ဝန်းရံထားသည်။

” ချီစုစည်းမှုအဆင့်ကိုးနဲ့ တစ်ဆယ်မှာရှိတဲ့ အတွင်းစည်းဂိုဏ်းသား တစ်ရာကျော်တောင်ပါလား…..” ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးနေပြီး ခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ဖြစ်နေတော့သည်။ သူက တွန့်ဆုတ်မနေဘဲ မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညိုးထိုးလိုက်ပြီး ဂူ၏ အကာအကွယ် မန္တန်ဝင်္ကပါကို အပြည့်အဝ ဖွင့်လိုက်တော့သည်။

လူအယောက် တစ်ရာကျော်ပါသော ဤအုပ်စုထဲရှိ လူတိုင်းမှာ အတွင်းစည်းဂိုဏ်းသားများ ဖြစ်ကြသည်။ ပို၍အတိအကျဆိုရမည်ဆိုလျှင် သူတို့သည် ဆည်းဆာတောင်မှ ဖြစ်ကြပြီး သူတို့၏ဂိုဏ်းတူညီလေး ပေဟန်လဲ့အတွက် လက်စားချေရန် ရောက်လာကြခြင်းဖြစ်သည်။

ဤ လူအုပ်ကြီး၏ လုပ်ရပ်များကို မွှေးရနံ့တိမ်တောင်မှ အတွင်းစည်းဂိုဏ်းသားများပင်လျှင် သတိထားမိသွားကြတော့သည်။ ကျိုးရှင်းချီမှာ သူမ၏ အင်မော်တယ်ဂူထဲမှ ထွက်လာသော ပထမဆုံးလူဖြစ်သည်။ မကြာမီတွင် နေရာပေါင်းစုံမှ အတွင်းစည်းဂိုဏ်းသားများစွာ ပျံဝဲလာသည်ကို မြင်လိုက်ရသည်။ ထိုဂိုဏ်းသားများက လူအယောက်တစ်ရာပါသော အုပ်စုကို ဝန်းရံလိုက်မိသောအခါ အများစုက ပေဟန်လဲ့၏ဘေးနားရပ်နေသော လူကို မှတ်မိသွားကြတော့သည်။

” စိတ်စွမ်းအင်တွေက လေပွေ တစ်ခုအသွင် ပြောင်းနေတာပဲ။ အဲ့…အဲ့အစွမ်းက ချီစုစည်းမှုအဆင့်ကို ကျော်လွန်နေပြီလေ။ အခြေခိုင်မာခြင်းအဆင့်နဲ့တောင် နီးစပ်နေပြီ။ သူက အခြေခိုင်မာခြင်းအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်လောက်ပဲ လိုတော့တာပဲ။”

” သူက ဆည်းဆာတောင်ရဲ့ နံပါတ်တစ်အတွင်းစည်းဂိုဏ်းသား ပေဟန်ဖိန်း ပဲကွ။”

လူတိုင်းက တအံ့တသြ ထအော်နေကြသောအခါ ပိုင်ရှောင်ချန်းက သူ၏အင်မော်တယ်ဂူထဲမှာထိုင်ကာ မန္တန်ဝင်္ကပါ၏ အကူအညီဖြင့် အပြင်ဘက်မှစကားသံများကို နားထောင်နေသည်။ မကြာမီတွင် သူ၏မျက်လုံးများက ပို၍ပင် ပြူးသွားတော့သည်။

” ရောင်းရင်းဂိုဏ်းသားတို့။ တောင်ဘက်ခြမ်းက လက်ရွေးစင်ပွဲကိုနိုင်သွားတာ ကျုပ် အပြစ်မပြောလိုပါဘူး။ အမှန်ဆို ကျုပ် ဂုဏ်တောင်ယူပါသေးတယ်။ ဒီနေ့ ဒီကို ကျုပ် လာရတဲ့ အကြောင်းအရင်းက တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကြားက ကိစ္စတွေကြောင့်မဟုတ်ပါဘူး။ ပေဟန်မျိုးနွယ်စုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့်ပါ။ အရှက်မရှိ ရွံစရာကောင်းတဲ့ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်က ကျုပ်မျိုးနွယ်စုထဲက ဂိုဏ်းတူညီလေးကို ကုမရတဲ့ စိတ် ဒဏ်ရာတစ်ခုပေးခဲ့တာဗျ။ သူ့ရဲ ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေနဲ့ ကျုပ်က ထိုင်ပြီး ဘာမှ မလုပ်ပေးရင် သင့်တော်ပါ့မလားဗျာ”

” ဒီနေ့ ဒီကိုလာရတာ ကျုပ်ရဲ့ ဂိုဏ်းတူညီလေးအတွက် နစ်နာကြေး ပြန်တောင်းဖို့ပဲ။” ပေဟန်ဖိန်းက အသံခပ်မာမာနှင့် ပြောဆိုနေရာ အကုန်လုံးက ဆွံ့အနေတော့သည်။ မွှေးရနံ့တိမ်တောင်၏ အတွင်းစည်းဂိုဏ်းသားများ မတုန့်ပြန်န်ိုင်သေးသည့်အချိန်တွင်ပင် သူက ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို လှမ်းကြည့်လိုက်သည်။

” ပိုင်ရှောင်ချန်း။ မင်းအခုချက်ချင်း ငါ့ရှေ့ထွက်ခဲ့စမ်းကွာ။” ပေဟန်လဲ့က ကြောက်မက်ဖွယ်အသံကြီးဖြင်် အမိန့်ပေးသည့်အလား အော်ဟစ်လိုက်သည်။

ဘေးနားတွင်မူ ပေဟန်လဲ့၏ နီရဲနေသာ မျက်လုံးများထဲတွင် မျက်ရည်များ စို့လာတော့သည်။ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို စိုက်ကြည့်ရင်း သူက ကယောင်ချောက်ချားနှင့် လှမ်းအော်လိုက်သည်။ “ပိုင်ရှောင်ချန်း။ မင်းဇရှိရင် ထွက်ခဲ့စမ်း။”

ပေဟန် ညီအစ်ကို နှစ်ယောက်၏ အသံများပျောက်ကွယ်သွားသောအခါ ပိုင်ရှောင်ချန်းက မတရားခံနေရသည့် လေသံဖြင့် ဂူထဲမှ လှမ်းအော်လိုက်သည်။
” မင်းတို့ကောင်တွေက တော်တော် မတရားတာပဲကွ။ ငါမင်းတို့ကို အရှုံးပေးပါလို့ မပြောခဲ့ဘူးလား ဟမ်။ အဲ့ခွေးကြီး မင်းပေါ်ခုန်အုပ်နေတုံးက ငါက မင်းတို့နှစ်ကောင်ကို ခွာပေးရင် ကောင်းမလားလို့တောင် တွေးပေးနေတာကွ….”

” မင်းပါးစပ် ပိတ်ထားစမ်း ပိုင်ရှောင်ချန်း။ အခုချက်ချင်း ထွက်ခဲ့စမ်း။ မင်းနဲ့ငါ့ကြားက ရန်ငြိုးတွေကို လွယ်လွယ် မကျေအေးပေးနိုင်ဘူး။” ပေဟန်လဲ့က စိတ်တိုတိုနှင့် ပြောလိုက်သည်။ သူ့အတွက်မူ ပိုင်ရှောင်ချန်း၏ စကားများက အနာဟောင်းကို ဆွပေးလိုက်သည့်အလားဖြစ်နေသည်။ ပေဟန်လဲ့က ရူးသွပ်နေသောလူတစ်ယောက်အလား ရှေ့သို့ပြေးထွက်ကာ အင်မော်တယ်ဂူ၏ မန္တန်ဝင်္ကပါအပေါ် သူ၏ဒေါသများကို အကုန်ပုံချထားသည့်အလား ဝင်တိုက်လိုက်သည်။

ပိုင်ရှောင်ချန်းကမူ ကြောက်ကြောက်နှင့် ရင်တဒုန်းဒုန်းခုံနေသည်။ သို့သော်လည်း မန္တန်ဝင်္ကပါ၏ မျက်နှာပြင်မှာ အနည်းငယ်မျှသာ တုန်ခါပြီးလှိုင်းဂယက်သာထသွားကာ ပျက်စီးဖို့အဝေးကြီးလိုသေးကြောင်းသိလိုက်ရသောအခါ သူ အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ အပြင်သို့မထွက်ရန် ဆုံးဖြတ်လိုက်ပြီး သူက စိတ်တိုနေသော ပေဟန်လဲ့ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

” ပေဟန်လဲ့ရာ။ ငါပြောတာနားထောင်စမ်းပါ။ အဲ့ကိစ္စက ဘာမှ ကြီးကြီးမားမားလည်းမဟုတ်ပဲ။ သေချာစဥ်းစားကြည့်ကွာ။ အခုဆို မင်းနဲ့ အဲ့ခွေးကြီးက အရင်ကထက်ပိုရင်းနှီးသွားပြီဆိုတော့ အဆိုးထဲက အကောင်းလို့ တွေးလို့ရတာပေါ့ကွ။ မင်းရဲ့ သားရဲတွေထိန်းချုပ်တဲ့မှော်အတတ်က အခုကစပြီး ပိုကောင်းလာဖို့ပဲရှိ…ရှိ….” ပိုင်ရှောင်ချန်းက တကယ်စိတ်ရင်းအမှန်နှင့် ပေဟန်လဲ့ကို နှစ်သိမ့်ပေးချင်ပါသော်လည်း သူ့စကားပင်မဆုံးသေး ပေဟန်လဲ့က ဒေါသတကြီး ထ၍ ပေါက်ကွဲနေတော့သည်။

ပေဟန်ဖိန်း၏ မျက်နှာမှာ တင်းမာသွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ မန္တန်ဝင်္ကပါကို သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ မန္တန်ဝင်္ကပါမှာ တုန်ခါသွားသဖြင့်် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်မြန်လာတော့သည်။

ထိုအချိန်တွင် မွှေးရနံ့တိမ်တောင်မှ အတွင်းစည်းဂိုဏ်းသားများမှာ ဘေးနားတွင် ရပ်ကြည့်မနေရက်တော့ပေ။ သူတို့က ပိုင်ရှောင်ချန်းနှင့် သိပ်မခင်ပါသော်လည်း ဆည်းဆာတောင်မှ ဂိုဏ်းသားများ လာ၍ထင်ရာစိုင်းနေသည်ကို သူတို့က ထိုင်ကြည့်နေပါက မွှေးရနံ့တိမ်တောင်၏ ဂုဏ်သတင်းက အောက်ဆုံးသို့ ကျသွားမည်မှာ အမှန်ပင်။

” မင်းတို့ ငြိမ်ငြိမ်နေကြစမ်း။” လူအများစုက စ၍ အော်ဟစ်နေကြတော့သည်။

မွှေးရနံ့တိမ်တောင်၏ အတွင်းစည်းဂိုဏ်းသားများက ရှေ့သို့ ပျံဝဲကာ တားဆီးရန်ပြင်လိုက်ပါသော်လည်း အင်မော်တယ်ဂူနားသို့ပင် မရောက်သေး ဆည်းဆာတောင်ဂိုဏ်းသားများက သူတို့လမ်းကို ပိတ်လိုက်လေသည်။ အသက်အန္တရာယ်ရှိစေသော တိုက်ခိုက်မှုများတော့ မဖြစ်ပွားပေ။ ဆည်းဆာတောင်ဂိုဏ်းသားများ လုပ်ရန်မှာ မွှေးရနံ့တိမ်တောင် ဂိုဏ်းသားများ၏ လမ်းကိုပိတ်ကာ ပေဟန်ဖိန်းအတွက် အချိန်ဆွဲပေးရန် ဖြစ်သည်။

အခြေအနေမှာ တင်းမာလွန်း၍ တောင်နှစ်တောင်မှ ဂိုဏ်းသားများအကြား ခိုက်ရန်ပွားမှုများပင် ဖြစ်ကုန်ကြသည်။ ထိုအချက်မှာ ဂိုဏ်းစည်းကမ်းဖောက်ဖျက်ခြင်းပင်။
သို့သော်လည်း ပေဟန်ဖိန်းက ထိုအချက်ကို ဂရုပင်မစိုက်။ ပေဟန်မျိုးနွယ်သည်လည်း ဂုဏ်ထူးဆောင်မျ်ိုးနွယ်စုတစ်ခု ဖြစ်ရာ တစ်စုံတစ်ယောက်ကို မသတ်မိသ၍ ပြစ်ဒဏ်ကြီးကြီးမားမား ပေးခံရမည်မဟုတ်ချေ။

မန္တန်ဝင်္ကပါကြီးမှာ တွန့်လိန်ကာ ပုံပျက်နေပြီး ထစ်ချုန်းသံများ ထွက်လာသည်။ လှိုင်းဂယက်များမှာလည်း ပို၍ ပြင်းထန်လာသည်။ သို့သော်လည်း ထိူဂူသည် ပုံမှန် အင်မော်တယ်ဂူမဟုတ်ပေ။ ပထမဆုံးတွင် ပိုင်ရှောင်ချန်းကစိုးရိမ်နေပါသော်လည်း ဘာမှဆက်မဖြစ်သည်ကို သိသွား၍ စိတ်အေးသွားသည်။

သို့သော်လည်း သူက လူကောင်းတစ်ယောက်ဖြစ်သဖြင့် စိတ်မကောင်းဖြစ်နေ၏။ သို့ဖြစ်ရာ ဤပြဿနာကို ဖြေရှင်းရန် အကြံပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

” မင်းငါ့ကိုပဲ အပြစ်မတင်နဲ့လေကွာ။ မင်းရဲ့ ခွေးရူးကြီးကို စွပ်ပြုတ်လုပ်သောက်ပစ်ပါလား။ အဲ့တာဆို လူတိုင်းက ပေဟန်လဲ့က ခိုင်မာပြတ်သားတဲ့သူ၊ သူ့ကိုတက်ခုန်အုပ်သူမှန်သမျှကို ဝါးစားပစ်တတ်တဲ့လူမှန်း သိသွားကြမှာပေါ့။ ”

ထိုအချိန်မှ သူစကားပြောတာလွန်သွားကြောင်းသိလိုက်၍ စကားပြန်ဖာရန် ပြင်လိုက်စဥ်မှာပဲ ပေဟန်လဲ့က သွေးတစ်ပွက်အန်လိုက်တော့သည်။ သူ၏ဆံပင်များမှာ ရှုပ်ပွနေပြီး သူသည် လုံးဝကို စိတ်ဆိုးမာန်ဆိုးနှင့် မန္တန်ဝင်္ကပါကို ဦးခေါင်းဖြင့် ဝင်တိုက်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့ နှလုံးခုန်သံများမှာ ပို၍ မြန်ဆန်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset