အခန်း (၉၆) တစ်ချက်တည်းဖြင့်လွင့်ထွက်သွားအောင်ရိုက်
ဆွေးမြေ့နေသည့်လှေမှာပင်လျှင် သံ (၃)ချောင်းလောက် ကျန်ရှိနေနိုင်သေးသည်ဟု အဆိုရှိသည်။
ယခုလည်း ရန်ရှုက ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်အဆင့်မျှသာ ရှိသေးသော ရန်ကျောက်ကဲထက် များစွာသာလွန်နေသေးသည်။
ထိုအချိန် စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခံစားရပြီး ပြင်းထန်သည့်တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရသည်။
ရန်ရှုတွက်ချက်ထားသည့်အတိုင်း အနက်ရောင်အိပ်မက်ဆိုးသံချပ်ကာဝတ်စုံဝတ်ဆင်ထားသည့် အားဟူက ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲထံဝင်ရောက်လာသည့် ဓားချက်ကို အားဟူက ခုခံပေးမည်ဆိုပါက သူတို့ (၂)ယောက်လုံးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ရပေမည်။
ရန်ရှု၏ အနက်ရှိုင်းဆုံး ၊ အမှောင်ဆုံးနေရာမှ လျှို့ဝှက်ချက်လည်းဖြစ်သလို သူ့စိတ်ထတြွင် အကြောက်ရွံ့ဆုံးအရာကို ရန်ကျောက်ကဲက ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်လေရာ ရန်ရှုစိတ်ထဲတွင် အပ်ဖြင့်ထိုးခံရသလို စူးနစ်သွားသည်။
ရန်ကျောက်ကဲနှင့် ခပ်ဆင်ဆင်တူသော ရုပ်ရည်သန့်ပြန့်သူတစ်ယောက်၏ပုံရိပ်က သူ့စိတ်ထဲတွင် မထင်မရှားထွက်ပေါ်လာသည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် အမှန်တရားများနှင့် ထိုလူအကြောင်းတွေးမိလေတိုင်း ရန်ရှုမှာ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ညှစ်ထားသလို ခံစားရမြဲ ဖြစ်၏။
ထိုအကြောင်းစဉ်းစားမိတိုင်း သူ့စိတ်များ အလွန်တုန်လှုပ်ပူပန်လာသလို ဒေါသထွက်သွေးပျက်ခြင်းများနှင့် လူသွားလမ်းမထက်တွင်ပင် အဝတ်များဆွဲချွတ်ပြီး လွှင့်ပစ်ချင်သည်အထိ စိတ်ဖောက်ပြန်မတတ် ခံစားရသည်။
ရန်ရှု၏ဓားဝိညာဉ်က ခေတ္တမျှရပ်တန့်သွားပြီး ချက်ချင်းပင် ရန်ကျောက်ကဲကို ခုတ်ပိုင်းပစ်တော့မည့်အလား ဝင်ရောက်လာသည်။ ဓားချက်က အရင်ကထက်ပင်ပိုမိုပြင်းထန် ကြောက်မက်ဖွယ်ရာဖြစ်ပြီး သူ့ရှေ့မှလူငယ်ကို အပိုင်းပေါင်းတစ်ထောင်မက ပြတ်တောက်သွားစေရန် ရည်ရွယ်သည်။
ရန်ကျောက်ကဲ၏ မျက်ဝန်းများ တောက်ပလာပြီး ရန်ရှုကို စူးစိုက်ကြည့်နေသည့်အကြည့်က အလင်းတန်းတစ်ခုပမာ လင်းလက်လာသည်။
ရန်ရှု၏ဓားဝိညာဉ်က အပြင်းထန်ဆုံး တောက်ပလာသည့်အချန် ရန်ကျောက်ကဲက ရုတ်တရက် ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဘူးသီးခြောက်က အကြီးအကဲ‘ချင်’ ထံမှရရှိထားသည့် ရတနာကိုးပါးရေခဲဘူးသီးခြောက်ဖြစ်ပြီး ထိုဘူးသီးခြောက်ထဲမှ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက အေးစက်စွာပြုံးလိုက်ရင်း ဘူးသီးခြောက်ထဲတွင ်သိုလှောင်ထားသည့် တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး မိုးကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကိုပင် တုန်ခါစေသည်။
အလွန်အေးစက်သည့် ရေခဲခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးမှ အပူချိန်များ သိသိသာသာ လျော့ကျသွားသည်။
ဧရိယာတစ်ခုလုံး အဖြူရောင်မြူခိုးများ ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သည့် ရေခဲမှုံများနှင့် နှင်းများက ရန်ကျောက်ကဲ၏ မျက်လုံးရှေ့တွင် လျှင်မြန်စွာ စုစည်းကာ ကြီးမားသည့် ရေခဲနဂါးကြီးတစ်ကောင် ဖြစ်တည်လာသည်။
ရေခဲနဂါးကြီးက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး တိမ်တိုက်များကြား ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်ကိုးထပ်သို့ ဖြတ်ကျော်ပျံသန်းသွားသည်။
တိမ်နှင့်လေကို စီးနှင်ပြီး နေနှင့်လကို တောင်သဖွယ်နင်းလျှက် နတ်ဘုရားဆန်လှသည့် ရေခဲနဂါးကြီးက သေမျိုးလူသားလောကသို့ ငုံ့ကြည့်လာပြီး ကောင်းကင်ကိုးထပ်မှ မာန်အဟုန်ဖြင့် တစ်ချက်ကြုံးဝါးလိုက်ပြီး နဂါးအစစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ရေခဲနဂါးကြီးက ကောင်းကင်ထက်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားပြီး အစစ်အမှန်နဂါးစွမ်းအားကို ထုတ်ဖော်ကာ ရန်ရှု၏ဓားသွားကို ချိုးဖျက်ပစ်လိုက်သည်။
နှစ်ဖက်စလုံး လေထုအလယ်တွင် တိုက်မိကြပြီး ကြောက်မက်ဖွယ်ရာ ဥက္ကာပျံတစ်ခုအလား ဓားဝိညာဉ်သည် မြေကြီးထက်သို့ပြုတ်ကျသွားပြီး ချက်ချင်းပင် ပျက်စီးသွားသည်။
ရေခဲနဂါးကြီးသည်လည်း လေထုအလယ်တွင် ပြိုကွဲသွားပြီး ကောင်းကင်တစ်ခုလုံး နှင်းခဲများဖြင့်ပြည့်လျှံသွားသည်။ နှင်းခဲများက ပတ်ဝန်းကျင်ဧရိယာအများအပြားကို ဖုံးလွှမ်းသွားပြီး လောကတစ်ခုလုံးကို ရေခဲနှင်းလောကကြီးအဖြစ် ပြောင်းလဲပေးလိုက်သည်။
ရန်ရှုမှာ နှင်းခဲများကြားထဲတွင် အေးခဲနေပြီး ရေခဲများငြဖ့် ပိတ်မိလျှက် ရှိသည်။
ရေခဲနှင့် နှင်းများ ရောယှက်ကျဆင်းလာချိန် ရန်ကျောက်ကဲဆီသို့ ပြေးဝင်လာသည့် ရီကျင်းမှာ အားဟူ၏တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် အရှိန်နှေးကွေးသွားသည်။
သူ့တစ်ကိုယ်လုံး ရေခဲနှင်းအလွှာများဖြင့် ဖုံးအုပ်ခံလိုက်ရသည့်အတွက် နှင်းလူတစ်ယောက်ပမာဖြစ်သွားကာ သူ့ခန္ဓာကိုယ်ထက်မှ ကြက်သွေးရောင်မီးတောက်များ ခဏမျှ ငြိမ်းသတ်သွားခဲ့၏။
စောစောက ရှီတိ စွမ်းအားအသုံးပြုကာ ဖိနှိပ်လိုက်သည့် ရီကျင်း၏လက်ချောင်းထက်မှ အနီရင့်ရောင်လက်စွပ်သည် ယခုတော့ မှိန်ဖျော့နေပြီး အလင်းရောင်ထွက်ပေါ်ခြင်းမရှိတော့ပေ။ သို့သော် ရီကျင်း၏ အသွေးအသားများဖြင့် တစ်ဖန်ပြန်လည်ပေါင်းစပ်သွားသည်။
ရေခဲနဂါးအရိုးဝိညာဉ်မှတစ်ဆင့် ရန်ကျောက်ကဲထုတ်လွှတ်ထားသည့် ရေခဲနဂါးကြုံးဝါးသံကြီးအတွင်းမှ သမုဒ္ဒရာအေးစိမ့်ရေခဲချီစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
၎င်းချီစွမ်းအားများကြောင့် သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူဆိုလျှင်တောင်မှ ခဏမျှ အေးခဲသွားမည် ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းခဲများဖုံးလွှမ်းနေစဉ် ရန်ရှုလက်ထဲမှ နေစင်ဓားဝှက်ဓားက အလင်းရောင်မှိန်ဖျော့ဖျော့လင်းလက်သွားသည်။
ခမ်းနားသည့်ဓားဝိညာဉ်ကို အသုံးပြုကာ ရန်ရှုက သူ၏ကိုယ်လက်အင်္ဂါများကို ဖြည်းဖြည်းချင်းလှုပ်ခါရင်း ရေခဲထုထဲမှ လွတ်မြောက်အောင် ခွဲထုတ်ရန် အကြိမ်ကြိမ် ကြိုးစားနေသည်။
သို့သော် အားဟူက သူ့ရှေ့တွင်ပေါ်လာပြီး သွားဖြဲပြလိုက်သည်။ ထို့နောက်လက်ကိုမြှောက်လိုက်လေရာ လက်ထဲတွင် ဖန်ချောင်းတစ်ခု ပေါ်လာ၏။
ဖန်ချောင်း၏အစွန်းတစ်ဖက်ကို အားဟူက ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကိုတော့ ရန်ရှုရှိရာသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသည်။
ရန်ရှု၏မျက်လုံးများမှာ မျက်အိမ်ထဲမှ ကျွတ်ထွက်မတတ်ဖြစ်သွားပြီး သူ့အမြင်အာရုံတစ်ခုလုံး တောက်လောင်နေသည့် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နက်သွားသည်။
ထိုအလင်းတန်းများ နေရောင်ခြည်မုန်တိုင်းတစ်ခုပမာ ထင်မှတ်ရသည်။
ရေခဲထဲတွင်ပိတ်မိနေပြီး လှုပ်ရှားမရနိုင်သည့် ရန်ရှုမှာ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားပြီး သူ့အပေါ်ကျရောက်လာသည့် နေရောင်ခြည်တန်းများကိုသာ အပြည့်အ၀ ခံနိုင်ရည်ရှိရန် ကြိုးစားနေရသည်။
အက်ရှကျယ်လောင်သည့် အသံနက်ကြီးတစ်သံနှင့်အတူ ကောင်းကင်နေခြည်အပ်များက ရန်ရှု၏ ကြယ်တာရာချီစွမ်းအား၏ ခုခံနိုင်စွမ်းကို ဖြတ်ကျော်ဝင်ရောက်လာသည်။ ချက်ချင်းပင် ရန်ရှုတစ်ကိုယ်လုံး ဇကာပေါက်ဖြစ်သွားသည်။
နေမိုးအပ်အချို့က ရန်ရှုခန္ဓာကိုယ်ထဲ နစ်မြုပ်ဝင်ရောက်သွားပြီး ကျန်ရှိနေသည့်အပ်များကတော့ ခန္ဓာကိုယ်ထဲသို့ တစ်ဝက်ခန့် နစ်မြုပ်ဝင်ရောက်လျှက်ရှိသည်။ ရွှေရောင်အလင်းတန်းများအလယ် တစ်ကိုယ်လုံး အပ်များစိုက်နေသည့် ရန်ရှုပုံစံမှာ ဖြူကောင်တစ်ကောင်နှင့်ပင်ဆင်တူသည်။
နေမိုးအပ်များ ခန္ဓာကိုယ်ထဲဝင်ရောက်လာသည်နှင့် စောစောက စွမ်းအားအသုံးပြုကာ ဖိနှိပ်ထားသည့်ဒဏ်ရာများမှာ လုံးလုံးလျားလျား ပေါက်ထွက်လာသည်။
ရန်ရှု၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးမှုန်စများ ထွက်ကျလာပြီး သူက ကောင်းကင်ထက်သို့မော့ကြည့်ရင်း စူးစူးဝါးဝါး တစ်ချက်အော်ဟစ်လိုက်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံးမှ ထောင်ပေါင်းများစွာသောဒဏ်ရာများှင့် ရာပေါင်းများစွာသော အပ်ပေါက်များမှာ ကွဲအက်သွားပြီး သွေးများဖြင့် ရွှဲရွှဲနစ်နေတော့သည်။
နှင်းများနှင့် သွေးများ ရောယှက်သွားပြီး တစ်ပြိုင်တည်း လေထုထဲတွင် သွေးမိုးများ ရွာသွန်းလာသည်။
“မင်းတို့… လူမဟုတ်တဲ့ တိရစ္ဆန်နှစ်ကောင်…”
ရန်ရှု ကျိန်ဆဲရန် ဟန်ပြင်လိုက်သော်လည်း သူ့လည်ချေင်းတစ်လျှောက် သွေးများပျို့လျှံတက်လာပြီး မရပ်မနားအန်ထွက်နေသဖြင့် စကားမပြောနိုင်တော့ဘဲ ရပ်တန့်သွားသည်။
ထိုအချိန် ရန်ကျောက်ကဲက ရန်ရှုရှေ့သို့ရောက်လာပြီး တည်ငြိမ်သည့်လေသံဖြင့်…
“ကြည့်ရတာ အဲဒီတုန်းကမတော်တဆမှုက ခင်ဗျားနဲ့ တကယ်ပတ်သက်နေပုံပဲ”
“ပင်မ ‘ရန်’ အိမ်တော်ကြီးက ကျွန်တော်တို့ ‘ရန်’ အိမ်အခွဲကို သဘောမကျဘူးလေ ၊ ကျောက်ကျိုးက ကျွန်တော်တို့ဘိုးဘွားတွေကိုလည်း သဘောမကျဘူး ၊ အဲဒီနှစ်က အဖြစ်အပျက်က မတော်တဆမှုလို့ထင်ရပေမယ့် သူတို့နဲ့ နည်းနည်းပါးပါး ဆက်စပ်နေနိုင်တယ်”
”အခု ဒီကိစ္စကို ခင်ဗျားကြောက်နေတာကိုကြည့်ရရင် အဲဒီနှစ်က ခင်ဗျားလုပ်ရမယ့်တာဝန်က အမှတ်မထင် ကျရှုံးခဲ့တာ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ခင်ဗျားက ကျောက်ကျိုးက ‘ရန်’ အိမ်တော်နဲ့ တစ်ခုခု ပတ်သက်နေနိုင်တယ်”
ရန်ကျောက်ကဲက အလင်းတန်းငယ်တစ်ခုနှင့်ဆင်တူသည့် ကျောက်စိမ်းနဂါးဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“တကယ်တော့ အရင်က ခင်ဗျားနဲ့သူတို့နဲ့ ဆက်ဆံရေးကောင်းခဲ့တာမျိုး ဖြစ်နိုင်သလို သူတို့ကလည်း ခင်ဗျားကို အကျိုးအမြတ်တွေ အများကြီးပေးနိုင်ခဲ့တာပဲ မဟုတ်လား ၊ အဲဒါကလည်း အရေးမကြီးပါဘူးလေ…
“ခင်ဗျား သေသင့်လို့ သေရတယ်ဆိုတာ သိသွားရင် လုံလောက်ပါပြီ ၊ ပြီးတော့ ခင်ဗျားက ကျွန်တော့်ကိုလည်း သတ်ဖို့ကြိုးစားခဲ့တယ် မဟုတ်လား”
ရန်ရှုက ရှူးရှူးရှဲရှဲဒေါသဖြစ်နေပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။ သူ့ရှေ့မှ ရန်ကျောက်ကဲကို ကြည့်ရင်း အပြင်းအထန် ရုန်းကန်နေသည်။
ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့စွာပင် သူ့လက်ထဲမှဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
စိမ်းပြာရောင်အလင်းတန်းတစ်ခုက မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းလင်းလက်သွားပြီး ရန်ရှု၏ဦးခေါင်းက ကောင်းကင်ထက် ပျံတက်သွားသည်။
သူ့မျက်လုံးနှစ်လုံးက ရှေ့ဘက်သို့ ပြူးထွက်လျှက် သူ့ထက် ကျင့်ကြံခြင်းအဆမတန် နိမ့်ကျသော ရန်ကျောက်ကဲ၏လက်တွင် အသက်ပျောက်သွားရသည်ကို မယုံကြည်နိုင်ကြောင်း ပြသနေသည်။
ရန်ရှုကို ဓားဖြင့်ခုတ်ပိုင်းပြီးနောက် ရန်ကျောက်ကဲက ရီကျင်းကိုရင်ဆိုင်ရန် လှည့်ကြည့်လိုက်သည်။
ရေခဲနှင့် နှင်းများအတွင်း ရီကျင်း၏ပုံရိပ်က ခက်ခဲစွာဖြင့် လှုပ်ရှားနေပြီး မီးတောက်အလင်းရောင်များလည်း ပြန်လည်တောက်ပလာသည်။
ရီကျင်းက ရေခဲနဂါးဟိန်းသံဖြင့် တိုက်ရိုက်ထိမှန်ခံရသည့် ရန်ရှုကဲ့သို့မဟုတ်ပေ။ သူက လှိုင်းအဖျားဖြင့်သာ ရိုက်ခတ်ခံရခြင်းဖြစ်သဖြင့် လှုပ်ရှားနေနိုင်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲလှမ်းကြည့်လိုက်စဉ် ရီကျင်း၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်ထက်မှ ကြက်သွေးရောင်မီးတောက်များက လှုပ်ရှားနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်တစ်ခုပမာ တဟုန်ထိုးရွေ့လျားနေသည်။
ရီကျင်း၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်မှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များဆီသို့ ရောက်ရှိလာပြီး ရီကျင်းထံမှ ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
သူ၏စွမ်းအားအရင်းအမြစ်သည်ကား သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် မီးတောက်သဏ္ဌန်များသာလျှင် ဖြစ်သည်။
ရီကျင်းထံမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အပူလှိုင်းတစ်ခု မြင့်တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ ရေခဲနှင့်နှင်းများကို တိုက်ခိုက်နေသည်။
ရေခဲအပိုင်းအစများက တိမ်တိုက်များကဲ့သို့ အဖြူရောင်ရေငွေ့များအဖြစ်ပြောင်းလဲသွားပြီး မြေပြင်ထက်သို့ အရည်ပျော်ကျသွားကာ ဖြူစင်သည့်ရေများအဖြစ် စီးဆင်းသွားသည်။
ရီကျင်းကိုကြည့်ပြီး ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“ငါ့အထင်တော့ မင်းရဲ့စွမ်းအားက မီးတောက်မိစ္ဆာတွေနဲ့ အတော်လေး နီးစပ်တာပဲ ၊ မင်း အဲဒီကျင့်စဉ်ကို အလေးအနက်ထား ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ရုပ်ခန္ဓာလည်း ပိုပြီး သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာမယ်ထင်တယ်”
ရီကျင်း၏ အာရုံငါးပါးလုံး မီးတေက်သဏ္ဌန်များဖြင့် အပြည့်အ၀ ဖုံးလွှမ်းနေပြီး သူခန္ဓာကိုယ်မှ ရိုင်းစိုင်းကြမ်းတမ်းသည့် ရောင်ဝါများဖြာထွက်နေကာ အလှတရားတစ်ခုဖြစ်သလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလှသည်။
ကြမ်းတမ်းသည့်မီးတောက်များက လောင်ကျွမ်းပြေးလွှားနေပြီး ထိုမီးတောက်များမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား လောကတစ်ခုလုံးကို ဘာမှမကျန်တော့အောင် အဆုံးမဲ့လောင်ကျွမ်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
ရီကျင်းက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း…
“ရန်… ကျောက်… ကဲ”
သူက ကောင်းကင်ထက်သို့ မျက်နှာမူကာ ရှည်လျားသည့် ကြုံးဝါးသံကြီးတစ်သံ ပြုလုပ်လိုက်သည်။
“မင်း ငါ့ကို သေစေချင်တဲ့စိတ်နဲ့ အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ် ၊ ဒီရန်ငြိုး ဒီအမုန်းတရားတွေနဲ့ မင်းနဲ့ငါ တစ်မိုးအောက်မှာ အတူတူ အသက်မရှင်နိုင်ဘူး”
“ယုရှောင်ကို မင်းက ဘာလို့လုယူသွားရတာလဲ ၊ မင်းက ဘာလို့ ငါ့ထက် အစစအရာရာ သာနေရတာလဲ”
“တခြားသူတွေ ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ ကြိုးစားမှ ပိုင်ဆိုင်ရမယ့်အရာတွေကို မင်းကတော့ ဘာမှမကြိုးစားဘဲ ဘာလို့ပိုင်ဆိုင်နေရတာလဲ”
“နဂါးချုပ်လှောင်ချောက်နက်မှာ မင်း ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဝါဒတောင်တစ်ခုလုံးက ဘာလို့မင်းဘက်မှာ ရပ်တည်ပေးရတာလဲ”
“ဒါတွေအားလုံးက ကံတရားအတိုင်းပဲလား ၊ မိုးကောင်းကင်ရဲ့ အစီအစဉ်လား ၊ ဒါဆိုရင်တော့ ထွီ…”
ရီကျင်း၏မျက်ဝန်းများထဲမှ နာမ်လောကမှတစ္ဆေန်လွန်းသည့်မီးတောက် (၂)ခု တောက်ပလာသည်။
“ကံတရားကို ငါ မယုံကြည်ဘူး ၊ မိုးကောင်းကင်ရဲ့အလိုတော်ဆိုတာကိုလည်း မယုံကြည်ဘူး ၊ ငါ့ကိုယ်ငါပဲ ယုံကြည်တယ် ၊ ငါ စွမ်းအားမြင့်မားချင်တယ် ၊ ငါသာ စွမ်းအားမြင့်မားရင် ယုရှောင်က ငါ့ကိုထားပြီး မင်းနောက် လိုက်သွားမှာ မဟုတ်ဘူး”
“ငါသာ စွမ်းအားမြင့်မားရင် မင်းကို ချီးတွင်းထဲနှစ်ထားနိုင်မှာ ၊ ငါသာ စွမ်းအားမြင့်မားရင် မင်းရဲ့ ခွေးလိုအဖေကြောင့် မင်းကို ဘယ်သူမှ ကပ်ဖားရပ်ဖားလုပ်ကြမှာ မဟုတ်ဘူး”
“ငါသာ စွမ်းအားမြင့်မားရင် နဂါးချုပ်လှောင်ချောက်နက်မှာ မင်းငါ့ကို ဒုက္ခပေးမယ့်အစား မင်းသေတာကို ငါ မြင်ရမှာ”
“မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် ငါလည်း မင်းကို သတ်ပစ်မယ် ၊ ဝါဒတောင်က မင်းကိုကာကွယ်ပေးမယ်ဆိုရင် ဝါဒတောင်တစ်ခုလုံးကို ငါ ဖျက်စီးပစ်မယ် ၊ မင်းနဲ့ငါ တစ်ယောက်တော့ သေရမှာပေါ့”
ရီကျင်းက အမျက်ဒေါသအပြည့်ဖြင့် ကြုံးဝါးလိုက်ပြီး ရန်ကျောက်ကဲထံသို့ အရှိန်ပြင်းပြင်းတောက်လောင်နေသည့် မီးတောက်တစ်ခုပမာ ဝင်ရောက်လာသည်။
မျက်စိတစ်မှိတ်မျှအတွင်း ရန်ကျောက်ကဲ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တုန်ခါသွားပြီး ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာသည်။
ကြယ်တာရာချီစွမ်းအားများက ကြီးမားသည့်လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီကျင်းအား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။
“ဝုန်း”
ကျယ်လောင်သည့်အသံကြီးတစ်သံ ပဲ့တင်ထွက်ပေါ်လာပြီး ရီကျင်း နောက်သို့ လွင့်ထွက်သွား၏။
ရန်ကျောက်ကဲက ခေါင်းကိုအနည်းငယ် စောင်းလိုက်ရင်း…
“လေတွေတိုက်နေလို့ မင်း ဘာတွေပြောနေလဲဆိုတာ မကြားလိုက်ရဘူး”