အခန်း ( ၉၂ )

စိတ်ဓာတ်ကျသွားသော ကုန်းစွန်းဝမ်အာ

အချိန်ကြာမြင့်စွာ အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်တွင် တောင်ပိုင်းသာမက မြောက်ပိုင်းမှ ပရိတ်သတ်များဆီကပါ တီးတိုးဆွေးနွေးသံများ ပေါ်ထွက်လာသည်။

“သန် …သန်…သန်မာလိုက်တာ”

” ဝိညာဥ်စွယ်က အတွင်းစည်းဂိုဏ်းသားတွေကိုတောင် အသာကလေးရိုက်ပစ်နိုင်စွမ်းရှိတယ်နော်။ အခြေခိုင်မာခြင်းအဆင့်အောက်မှာ သူက အသန်မာဆုံးဂိုဏ်းသားတစ်ယောက်လေ”

“ဒါက ချီစုစည်းမှုရဲ့ အဆုံးစွန်ရောက်နေတဲ့ အတိုက်အခိုက်စွမ်းအားတွေပဲ။ သူက စိတ်စွမ်းအင်နယ်ပယ်ကို ရောက်နေတာ သေချာတယ်။ ပဟေဠိဆန်ပြီး ဉာဏ်မမီနိုင်အောင်နက်နဲတဲ့ စိတ်ဓာတ်နဲ့သာ ဒီလောက် ကြောက်စရာကောင်းတဲ့ အားမျိုးထွက်လာနိုင်တာ”

စကားသံကျယ်ကျယ်ဖြင့် ဘယ်သူမှမပြောရဲအောင်ပင် ဖြစ်နေသည်။ မြောက်ပိုင်းဂိုဏ်းသားလက်ရွေးစင်များသည် စိတ်ခံစားမှုများ ရောယှက်စွာ ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြချေ။ သူတို့မျိုးဆက်မှ ထိုမျှ အင်အားကြီးမားသောသူ ပေါ်ထွက်လာသဖြင့် မပျော်နိုင်ဖြစ်နေသူ ရှိနိုင်ပါအံ့နည်း။ တောင်ဘက်ခြမ်းတွင် ရှမ်ကွမ်းထျန်ယုံသည် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့ရင်ထဲတွင် ဗလာဟင်းလင်းဖြစ်နေသော်လည်း တည်ငြိမ်မှုအပြည့်ရှိနေသည်။ ဝိညာဥ်စွယ်အား
ရှုံးနိမ့်သွားခြင်းကို အခြားသာမန်လက်ရွေးစင်ဂိုဏ်းသားများရှုံးနိမ့်သွားသကဲ့သို့ပင် ကြည့်နေလိုက်သည်။

သိသာထင်ရှားသည်ကတော့ ဝိညာဥ်စွယ်သည် အခြားလက်ရွေးစင်ဂိုဏ်းသားများထက် ကွာခြားသောအဆင့်တစ်ခုတွင် ရှိနေခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းသည် တုန်လှုပ်စွာကျန်ခဲ့လေသည်။ ဝိညာဥ်စွယ် တိုက်ခိုက်သည်ကို နှစ်ကြိမ်မျှသာမြင်လိုက်ရပြီး အကြိမ်တိုင်းက အံ့အားသင့်လောက်အောင် ပြီးပြည့်စုံသော တိုက်ကွက်များဖြစ်သည်။

ထိုအချိန်တွင် အကောင်းဆုံးခြောက်ယောက်ကိုရွေးခြယ်ပြီးပြီဖြစ်သည်။ မြောက်ပိုင်းမှ လေးယောက်ပါဝင်ပြီး တောင်ပိုင်းမှ နှစ်ယောက်ပါဝင်လေသည်။ သူတို့သည် ရှမ်ကွမ်းထျန်ယုံ၊ ပိုင်ရှောင်ချန်း၊ ဝိညာဥ်စွယ်၊ ကုန်းစွန်းမောင်နှမ နှင့် ရွှီဆုန် တို့ဖြစ်ကြသည်။

ထိုဂိုဏ်းသားများသည် လက်ရွေးစင်တိုက်ပွဲများနှင့် ပိုမိုရင်းနှီးစပြုလာပြီဖြစ်ပြီး နောက်ထပ် သုံးပွဲမြောက်က နောက်ဆုံးပွဲ ဖြစ်မှန်းလည်းသိထားပြီးဖြစ်သည်။ ကျန်ပြိုင်ပွဲ၏ နိုင်ခြင်း၊ ရှုံးခြင်း ရလဒ်သည် ထိပ်ဆုံးခြောက်ယောက်၏ နောက်ဆုံးအဆုံးအဖြတ်ဖြစ်လေသည်။

ငါးပွဲဆက်တိုက်နိုင်သည့် မည်သူမဆို ပထမနေရာကို ရမည်ဖြစ်သည်။

ပြီးခဲ့သော နှစ်ထောင်ပေါင်းများစွာတည်းက မြောက်ဘက်ဂိုဏ်းသားများသည် တောင်ဘက်ဂိုဏ်းသားများကို အပြတ်ရှင်းထုတ်ပြီး ထိပ်ဆုံးနေရာများကို အပိုင်သိမ်းထားခြင်းဖြစ်သည်။ ထို့ပြင် ဝိညာစွယ် သည် တောင်ဘက်ဂိုဏ်းသားများ မသိသူမရှိသောသူဖြစ်သည်။ သူနှင့်ယှဥ်တိုက်သမျှ မည်သူမဆို ရှုံးနိမ့်မည်မှာ သေချာသည်။

တောင်ပိုင်းမှ ပရိတ်သတ်များ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အကယ်၍ ဝိညာဥ်စွယ်သာ ပုံရိပ်ရှိသောသူမျိုးမဟုတ်ခဲ့လျှင် ရှမ်ကွမ်းထျန်ယုံ ပထမနေရာရလိမ့်ဦးမည်ဟု အားလုံးကမျှော်လင့်ချက်ထားနိုင်သေးသည်။

“ဒုတိယနေရာဆိုရင်လည်းမဆိုးသေးပါဘူး”

များစွာသော တောင်ပိုင်းဂိုဏ်းသားများသည် ပြိုင်ပွဲကို ကြည့်ရင်းတွေးတောနေကြသည်။ အချို့သော တောင်ပိုင်းဂိုဏ်းသားများကမူ ပိုင်ရှောင်ချန်းကို လှမ်းအကဲခတ်နေကြသည်။ ပရိတ်သတ်များသည် ပိုင်ရှောင်ချန်းကို ထင်ကြေးပေးရန်ခက်ခဲနေကြသည်။ သူတို့သည် ပိုင်ရှောင်ချန်း၏
ပြိုင်ပွဲရလဒ်များနှင့် ပတ်သက်၍ နောင်တရခြင်းမရှိသော်လည်း သူ့ကို သိုင်းသမားတစ်ယောက်ဟူ၍ မည်သို့မှ မြင်ပေးလို့မရဖြစ်နေသည်။ တကယ်တော့ ရှောင်ချန်းသည် ဂိုဏ်းကိုစရောက်တည်းက မည်သူနှင့်မျှ မတိုက်ခိုက်ရသေးပေ။

တစ်ခုတည်းသော သူတို့သိထားသည့်အရာမှာ ပိုင်ရှောင်ချန်းသည် လောချိန်မျိုးနွယ်စုများက လိုက်ဖမ်းပြီး အပျောက်ရှင်းရန်ကြံရာမှ လွတ်မြောက်လာခြင်းဖြစ်သည်။

များစွာသော တောင်ပိုင်းဂိုဏ်းသားများသည် အကောင်းဆုံးသော ဆယ်ယောက်နေရာနှင့် ထိပ်တန်းပထမနေရာအတွက် အစတည်းက လက်လျှော့လိုက်ပြီးသားဖြစ်သည်။

လက်တွေ့မှာတော့ မြောက်ပိုင်းဂိုဏ်းသားများသည် အင်မတန် စိတ်လှုပ်ရှားနေကြသည်။ သူတို့မျက်ဝန်းများသည် ကြိုတင် မျှော်လင့်ချက်များနှင့် ရက်စက်ကြမ်းကြုတ်မှုများပေါင်းကာ ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြသည်။

“ထိပ်ဆုံး​ခြောက်ယောက်အတွက် စည်းမျဥ်းကိုသာ ပြောင်းမပစ်ဘူးဆိုရင် ပိုင်ရှောင်ချန်းတော့အမဲဖျက်ခံရတော့မယ်”

“အမှန်ပဲ။ စည်းမျဥ်းအရဆိုရင် တစ်ယောက်ချင်းစီက ကျန်ဂိုဏ်းသားတွေနဲ့ တစ်ကြိမ်တော့အနည်းဆုံးတိုက်ရမှာလေ။ ဆိုလိုတာက မြောက်ပိုင်းက ဒေါသပေါက်ကွဲနေတဲ့ ဂိုဏ်းသားလေးယောက်က သူ့ကို ဆက်တိုက်ထိုးနှက်ခွင့်ရသွားတော့မှာ။ မြောက်ပိုင်းရဲ့ အရှက်ရမှုတွေအတွက် ပြန်ပြီးလက်စားချေမှုကို ကြံ့ကြံ့ခံရင်ဆိုင်လိုက်ဦးပေါ့ကွာ”

သာမန်မြောက်ပိုင်းဂိုဏ်းသားများကတော့ ပိုင်ရှောင်ချန်းကို ဤကဲ့သို့ အားရပါးရ မှတ်ချက်ပြုကြသည်။ ရွှီဆုန်နှင့် ကုန်းစွန်းမောင်နှမတို့သည် ပိုင်ရှောင်ချန်းကို စူးစူးဝါးဝါးကြည့်နေကြပြီး အေးစက်စွာ ရယ်မောရင်း သေချာပေါက်အနိုင်ယူမည်ဟု ဆုံးဖြတ်ချက်ချထားပုံရသည်။

ပိုင်ရှောင်ချန်းသည် အနောက်သို့ပင် အနည်းငယ် ကျုံ့သွားလေသည်။ အမျက်ခြောင်းခြောင်းထွက်နေသော မြောက်ပိုင်းဂိုဏ်းသားများကို အကဲခတ်ရင်း ရှောင်ချန်းက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်သည်။

“အင်မော်တယ် ကျင့်စဉ်က ထာ၀ရရှင်သန်အောင် ကျင့်ကြံဖို့ကို ဦးတည်တာမဟုတ်ဘူးလား၊၊ အဲ့တာဆိုရင် ဘာဖြစ်လို့များ တိုက်ခိုက်သတ်ဖြတ်နေကြရတာလဲကွာ”

နောက်ဆုံးတွင် အူယန်ကျဲ အသံက ထွက်ပေါ်လာလေသည်။

“လက်ရွေးစင်တိုက်ပွဲရဲ့ တတိယမြောက် ပြိုင်ပွဲစည်းမျဉ်းတွေက အရင်အတိုင်းပဲ ဖြစ်တယ်။ အောင်မြင်မှုကိုတော့ အနိုင်အများဆုံးရသူက ဆွတ်ခူးခွင့်ရမှာပဲ ဖြစ်တယ်။ ပထမပွဲကတော့ ရှမ်ကွမ်းထျန်ယုံနဲ့ ရွှီဆုန်၊ ဝိညာဥ်စွယ် နဲ့ ကုန်းစွန်းယွမ်၊ ပိုင်ရှောင်ချန်းနဲ့ ကုန်းစွန်းဝမ်အာ တို့ပဲ ဖြစ်တယ်။ ပြိုင်ပွဲတွေကို တစ်ပြိုင်တည်းကျင်းပသွားမှာ ဖြစ်တယ်”

စကားသံနှင့်အတူ ပွဲ​ကြည့်စင်မှ အလင်းတန်းသည် ပြိုင်ကွင်းထဲသို့ အပိုင်းသုံးပိုင်းဖြစ်အောင် စည်းအဖြစ် ထိုးကျလာသည်။ တားဆီးထားသည့် အကာအရံများ ရုတ်တရက်ပေါ်ထွက်လာပြီး ပိုင်းခြားပေးထားသည်။

ရှန်ကွမ်းထျန်ယုံ၏ မျက်၀န်းများသည် တလက်လက်တောက်ပနေပြီး ပထမတိုက်ပွဲဧရိယာအတွင်းသို့ တဟုန်ထိုးပြေး၀င်သွားလေသည်။ တချိန်တည်းမှာပင် ရွှီဆုန်လည်း ပျံသန်း၀င်သွားလေသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်တောင်မခတ်တမ်း တည်ကြည်လေးနက်စွာ စိုက်ကြည့်နေကြသည်။

သူတို့သည် အပိုစကားများပြောရင်း အချိန်ဖြုန်းမနေကြတော့ပေ။ ရွှီဆုန်က လက်ကိုဝှေ့ယမ်းလိုက်ရာ အင်မတန်ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးသုံးကောင် ဘွားခနဲ ပေါ်ထွက်လာသည်။ တစ်ကောင်နှင့်တစ်ကောင်က ပုံစံမတူသော်လည်း သူတို့အားလုံး၏ ရက်စက်ကြမ်းကြုတ်ဟန်က အတိုင်းသားပေါ်လွင်နေသည်။ ထိုသတ္တဝါများသည် တာ၀န်ကို စတင်ထမ်းဆောင်သည့် အနေနှင့် ရှန်ကွမ်းထျန်ယုံအပေါ်သို့ မိချောင်းပါးစပ်ကြီးကဲ့သို့ ဖြဲကာ စားသောက်ရန်ပြင်ဆင်လေသည်။

ထိုအရာများအပြင် သူ့ခြေဖဝါးအောက်က မြေပြင်သည် များစွာသော စက်ကွင်းတိုင်အောင် အက်ကွဲထွက်ကုန်သည်။ ထိုစဉ်တွင် ဝိညာဥ်စွယ် သည် ဒုတိယတိုက်ကွင်းထဲသို့ ခြေလှမ်းကြဲကြီးများနှင့် ၀င်သွားလေသည်။ တစ်ဖက်တွင် ကုန်းစွန်းယွင်က တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ ပိုးကောင်များသည် သူ့မျက်၀န်းများနားတွင် အားကောင်းစွာ လူးလာခေါက်တွန့် ပျံသန်းနေသော်လည်း သူသည် ဝိညာဥ်စွယ်အား မယှဉ်နိုင်သည်ကို သိသည်။ သို့သော်ငြားလည်း သူသည် လွယ်လွယ်ကူကူအရှူံးပေးလိုစိတ်မရှိပေ။

“အစတည်းက မင်းကပိုသန်မာပြီးသားဆိုပေမယ့် ငါကတော့ ဆက်တိုက်ခိုက်ချင်နေသေးတယ် ”
အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ဝိညာဥ်စွယ်နှင့်တိုက်ခိုက်ရန် ဒုတိယတိုက်ပွဲကွင်းထဲသို့၀င်သွားသည်။

ကုန်းစွန်း၀မ်အာသည် ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ရင်း ရှေ့သို့လျှောက်သွားရင်း ပိုင်ရှောင်ချန်းကိုလည်း စိုက်ကြည့်နေသေးသည်။
လက်ရှိလက်ရွေးစင်များထဲတွင် ပိုင်ရှောင်ချန်းသည် ကုန်းစွန်း၀မ်အာကို မကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့်သူက တတိယ မြောက်တိုက်ပွဲကွင်းပြင်သို့ လမ်းလျှောက်၍သာ၀င်သွားပြီး သူ့မူပိုင် စိန်းစိန်းဝါးဝါးအကြည့်နှင့်ပြန်ကြည့်ပေးလိုက်လေသည်။

ပိုင်ရှောင်ချန်းထွက်သွားသောအခါ မြောက်ပိုင်းဂိုဏ်းသားများက စကားလုံးများနှင့် ဒေါသတကြီးထိုးနှက်ကြလေသည်။ ရှေ့ကပြိုင်ပွဲများကိုပင် အာရုံမစိုက်နိုင်တော့ဘဲ သူတို့၏အာရုံနှင့်ဒေါသသည် ပိုင်ရှောင်ချန်းတစ်ဦးတည်းပေါ်သို့သာ ကျရောက်လျက်ရှိသည်။

“ဂိုဏ်းတူအမ ကုန်းစွန်း…ပိုင်ရှောင်ချန်းကို အမြစ်​
ပြတ်သုတ်သင်ပစ်”

“သတ်ပစ်”

ကုန်းစွန်း၀မ်အာ၏မျက်၀န်းများသည် သွေးအေးစွာ ရက်စက်လွန်းသည့် အရိပ်အယောင်များနှင့် တလက်လက် တောက်ပနေသည်။ သူမသည် ခုနစ်ရောင်ခြယ် ဖီးနစ်ငှက်ကို ဆင့်ခေါ်ရမည့်အစား နဖူးတွင်ထိကာ လက်ကွက်တစ်ခုကို ဖော်လိုက်ရာ သူ့ကိုယ်ထဲမှ ခုနှစ်ရောင်ခြယ်အလင်းတန်းများပေါ်ထွက်လာလေသည်။ အေးစက်သော လေများက မြေပြင်ပေါ်တွင် လွှမ်းခြုံသွားရာ နှင်းခဲများအဖြစ် ပေါ်ပေါက်လာသည်။

“ဘာလို့များအရှုံးမပေးတာလဲ ” ပိုင်ရှောင်ချန်းက မျက်တောင်လေးတခတ်ခတ်နှင့် ဆိုသည်။
“ငါ တိုက်ခိုက်လိုက်ရင် ကိုယ့်ကိုယ်တောင်ကြောက်တယ် ”

ချက်ချင်းပင် ကုန်းစွန်း၀မ်အာ၏စိတ်ထဲတွင် ပေဟန်လဲ့၏ သနားစရာ ပုံရိပ်များကို ပြန်လည်မြင်ယောင်လာသဖြင့် မျက်နှာပေါ်၌ ဖြန်းကနဲ သွေးရောင်လွှမ်းသွားသည်။ တချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အယောင်များကိုပါ တွေ့လိုက်ရလေသည်။

“ပါးစပ်ကိုပိတ်စမ်း တဏှာရူး။ နင်လုပ်ခဲ့တာတွေအတွက် တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမယ်”

လက်ကို ​ဝှေ့ရမ်းလိုက်ရာ ရေခဲဓားသွားက ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးပြေး၀င်လာသည်။ ပိုင်ရှောင်ချန်းက အကူအညီကင်းမဲ့စွာ ပုခုံးတွန့်လိုက်သည်။ သူသည် အမှန်တရားကိုပြောပြရုံသာလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့်တဏှာရူးဟု ခေါ်ခံလိုက်ရသည်ကို မစဉ်းစားတတ်အောင်ဖြစ်နေသည်။ ကြည့်နေရင်းမှာပင် သူသည် အိတ်ကိုကိုင်ကာ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များကို ဆွဲထုတ်ပြီးသူ့ကိုယ်အနှံ့တွင် ကပ်လိုက်လေသည်။

တဂျုန်းဂျုန်းမြည်သံများပေါ်ထွက်လာပြီးနောက်တွင် များစွာသော အကာအကွယ်များ ပေါ်ပေါက်လာလေသည်။ မကြာမီမှာပင် အကာအကွယ်များက အရောင်ပေါင်းစုံတောက်ပကာ သုံးမီတာခန့်အထူဖြစ်လာသည်။ ထိုအရာသည် လုံးဝအံ့​​သြတုန်လှုပ်သွားစေမည့် မြင်ကွင်းမျိုးဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းသည် ခုချိန်ထိ အကာအကွယ်များကို ထုတ်၍မပြီးသေးပေ။ နောက်ထပ် သူထုတ်နေသည်က နတ်ကြိုးကြာဒိုင်းကာဖြစ်သည်။ နောက်ထပ်အကာအကွယ်တစ်ထပ် တောက်ပစွာပေါ်ထွက်လာသည်။
ထို့နောက် လီချင်းဟောက်ပေးထားသော လည်ဆွဲအလှည့်ဖြစ်သည်။ သူသည် ထိုအရာကို နိုးထလိုက်စေသည်နှင့် သူ့ပတ်ပတ်လည်တွင် အနက်ရောင်ကွင်းကြီးက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည်။

ထို့အပြင် သူ့နောက်တွင်လည်း အနက်ရောင်ဒယ်အိုးကြီးကို လွယ်ထားသေးသည်ဖြစ်ရာ စဉ်းစားကြည့်ရုံမျှနှင့်ပင် ပိုင်ရှောင်ချန်းကို ကြည့်ရသည်မှာ… …
လုံး၀ကို ထင်းခနဲ မြင်သာနေပြီး မျက်စိကိုဖမ်းစားထားနိုင်လေသည်။

နောက်ထပ် ပြေးဖို့ပါ ထပ်ပြီး အသင့်ပြင်လိုက်သောအခါ သူ၏ ခုခံခြင်းမှာ အလုံးစုံပြည့်၀သွားပြီဖြစ်သဖြင့် နေသာထိုင်သာရှိသွားလေသည်။ ထိုသို့အထပ်ထပ်ရစ်ပတ်ကာကွယ်နေခြင်းမှာလည်း လုပ်နေကြကဲ့သို့ဖြစ်မှန်း သိသာပေါ်လွင်နေသည်။

မြောက်ဘက် ဂိုဏ်းသားများ၏ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။ ရေခဲဓားသွားသည် ပိုင်ရှောင်ချန်း၏ အကာအကွယ်များကို ဒုန်းခနဲမြည်အောင် ထိုးခွဲပစ်လိုက်သည်။ သို့သော်လည်း အစိတ်အပိုင်းအချို့ကိုသာ ဖျက်စီးလိုက်နိုင်လေသည်။ ထိုပျက်စီးသွားသည့် အလွှာများမှာမူ အစိပ်စိပ်အမွှာမွှာကြေကုန်သည်။

ပိုင်ရှောင်ချန်းသည် အထဲတွင် လုံး၀ဘေးကင်းနေဆဲ ဖြစ်၏။ အကယ်၍သာ ထိုမျှလောက်နှင့်ပြီးသွားမည်ဆိုလျှင် သိပ်ကိစ္စမရှိပေ။ ပိုပြီးစိတ်တိုစရာကောင်းသည်က ပိုင်ရှောင်ချန်းသည် ထိုနေရာတွင် ရပ်နေရုံသာ ရပ်နေခြင်းဖြစ်သည့်အပြင် လက်ကို နောက်သို့ပစ်ကာ မေးကိုလည်း မော့ထားရင်း တိမ်တွေကို ငေးကြည့်နေသည်မှာ ရဲရင့်တည်ကြည်လှသည့် သူရဲကောင်းကြီးကဲ့သို့ပင်။

“ပျော့လိုက်တာ” ရှောင်ချန်းက ပြောသည်။ ၀တ်ရုံကိုနောက်သို့ခါထုတ်လို်က်ပြီးနောက်တွင် လက်များကို နောက်သို့ ပစ်လိုက်ပြန်သည်။
“ခုတစ်ခါလည်း ကျုပ်ရဲ့အကာအကွယ်တွေကို ဖောက်နိုင်တဲ့သူမပေါ်သေးပြန်ဘူး။ ရှိမယ်လည်းမထင်ပါဘူး။”

ကုန်းစွန်း၀မ်အာ၏ ဦးခေါင်းခွံသည် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေသည်။ သူ့ဘ၀တွင် လူပေါင်းများစွာဖြင့် တိုက်ခိုက်ဖူးသော်လည်း ထိုမျှအကာအကွယ်များကို သုံးသူမျိုး မတွေ့ဖူးသေးပေ။ ပိုင်ရှောင်ချန်းက ပထမဆုံးဖြစ်သည်။

ရှောင်ချန်းသည် သူ့ကိုယ်သူကာကွယ်ရန် သာမန်အကာအကွယ်များကို ဒါဇင်ပေါင်းများစွာ သုံးထားသည်။ ထပ်ပေါင်းကာ နတ်ကြိုးကြာဒိုင်းကာ သုံးထားသဖြင့် အနက်ရောင်အရာတစ်ခုက သူ့အရေပြားကို ကာကွယ်ထားပြန်သည်။ နောက်တွင်လွယ်ထားသော ကြီးမားသောဒယ်အိုးကြီးနှင့် သားရေအင်္ကျီအထပ်ထပ်များကလည်းပါသေးသည်။ ကုန်းစွန်း၀မ်အာသည် အင်မတန်စိတ်တိုနေပြီဖြစ်ပြီး ထင်သလောက်မလွယ်သဖြင့် နောက်သို့ပင် တစ်လှမ်း ဆုတ်လိုက်မိလေသည်။

မြောက်ဘက်ဂိုဏ်းသားများမှာလည်း မပျော်နိုင် မရွှင်နိုင် ဖြစ်ကုန်သည်။
“တကယ်ကို အရှက်မရှိတာပဲ။ ယုံတောင်မှ မယုံနိုင်ဘူး။ ဒီလောက်တောင် အကာအကွယ်အဆောင်လက်ဖွဲ့တွေနဲ့ မှော်ပစ္စည်းတွေကိုသုံးပြီး ပုန်းနေလိမ့်မယ်လို့။ သေလိုက်ပါလား။ ဒါက လက်ရွေးစင်တွေတိုက်ပွဲကွ။ ရတနာပစ္စည််းတွေအပြိုင်ထုတ်ကြွားတဲ့ ပြိုင်ပွဲ မဟုတ်ဘူး။”

“အမကုန်းစွန်း အပြတ်ရှင်းပစ်လိုက်စမ်းပါဗျာ။ ငါတော့ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မယ်။ သူ့နားလျှောက်သွားပြီး သောက်ခွက်ကို ဖြတ်ရိုက်ချင်နေပြီ”

တိတ်တိတ်လေးကြိတ်ပြီး သက်ပြင်းခိုးချနေရသည်။ ပရိတ်သတ်ထဲက တစ်ယောက်ကမူ ကြောက်မက်ဖွယ် တုတ်ခိုင်သန်မာသောသူဖြစ်သည်။ သူသည် ဖြစ်ပျက်နေသည်များကို မြင်တွေ့လိုက်ရသောအခါ မျက်ရည်များ၀ိုင်းလာလေသည်။ သူသည် မြောက်ပိုင်းဂိုဏ်းသားများမည်သို့ခံစားနေရသည်ဆိုသည်ကို ကောင်းကောင်းနားလည်လေသည်။ လွန်ခဲ့သောနှစ်များက ပြိုင်ပွဲအသေးစား​ လေးတစ်ခုတွင် ယခုနည်းလမ်းအတိုင်းတသွေမတိမ်း ရှောင်ချန်းနှိပ်စက်သည်ကို ခံထားဖူးသည့်သူ ဖြစ်လေသည်။

ပွဲကြည့်စင်ပေါ်တွင် ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများသည် သူတို့မျက်လုံးကို သူတို့ မယုံနိုင်အောင်ဖြစ်နေကြပြီး ရယ်ရအခက်၊ငိုရအခက် ဖြစ်နေသည်။

ကုန်းစွန်း၀မ်အာသည် အံကိုတင်းနေအောင်ကြိတ်ကာ လက်နှစ်ဖက်လုံးကို သုံးပြီး လက်ကွက်ပုံဖော်လိုက်သည်။ ချက်ချင်းပင် အလွန်ကြီးမားလှသော ရေခဲဓားသွားများပေါ်လာပြီး ဝဲကတော့တစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားလေသည်။ ၀ုန်းခနဲ ပေါက်ကွဲသံများက ထပ်ကာထပ်ကာမြည်ဟည်းနေပြီး ပိုင်ရှောင်ချန်း၏ အကာအကွယ်ဒိုင်းကာများကို ခဲတံချွန်စက်ကဲ့သို့ တစ်ရစ်ချင်း ဖျက်စီးပစ်နေသည်။ များစွာသောအကာအကွယ်များက ပျက်စီးသွားပြီဖြစ်သော်လည်း နတ်ကြိုးကြာဒိုင်းကာသည် အလုပ်လုပ်နေဆဲဖြစ်သည်။

“ပျော့နေတုန်းပဲ”

ပိုင်ရှောင်ချန်းက ဟိတ်ကြီးဟန်ကြီးနှင့် ပြောသည်။ သူ့ရင်ထဲတွင် ပန်းများပွင့်နေပြီး သူ့ကိုယ်သူ အင်မတန်စွမ်းအင်ကြီးမားသော တန်ခိုးရှင်တစ်​ယောက် ဟုထင်နေပြီး ကြိတ်ကျေနပ်နေသည်။

မြောက်ဘက်ဂိုဏ်းသားများသည် သွေးရူးသွေးတန်းနှင့် ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်သည်။ အကယ်၍ ဂိုဏ်းစည်းကမ်းများသာ မရှိပါလျှင် သို့မဟုတ် သူတို့သည် ဂိုဏ်းစည်းကမ်းများကို ချိုးဖောက်ရဲခဲ့မည် ဆိုပါလျှင် ပိုင်ရှောင်ချန်းကို အားလုံးက အမဲဖျက်သလို ၀ိုင်းဖျက်ကာ လူသတ်ပွဲများ ဖြစ်ပွားတော့မည်ဖြစ်သည်။

ကုန်းစွန်း၀မ်အာ၏ မျက်၀န်းများသည် နီရဲလျက်ရှိသည်။ အံကိုတင်းတင်းကြိတ်ရင်း အရင်ကထက် ပိုမိုများပြားသော ရေခဲသွားများကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။ များပြားလှသည့် ရေခဲသွားများကြောင့် ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့လွန်းသဖြင့် ရင်တုန်လာတော့သည်။ အချိန်တစ်ခုကြာသောအခါ ပိုင်ရှောင်ချန်း၏ အကာအကွယ်များအားလုံး ပျက်စီးသွားသည့်နောက်တွင် နတ်ကြိုးကြာ ဒိုင်းကာကိုသာ အပြည့်အ၀အသုံးချနေရတော့သည်။ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်နေရင်း သူ့အကာအကွယ်က အလုပ်လုပ်နေသေးမှန်း သိသောအခါမှ စိတ်သက်သာရာရသွားတော့သည်။ သူသည်မေးကိုမော့ကာ တစ်စုံတစ်ရာကို ပြောလိုက်ရုံမျှနှင့် ကုန်းစွမ်း၀မ်အာသည် စူးစူးဝါးဝါးငယ်သံပါအောင် အော်လိုက်ရာ ၀တ်ရုံတစ်ခုလုံးချွေးများနှင့် ရွှဲရွှဲစိုနေလေတော့သည်။

တအုန်းအုန်းနှင့်အသံများက ပဲ့တင်ထပ်သွားပြီး ကုန်းစွန်း၀မ်အာ၏ နှုတ်ခမ်းထောင့်နားမှ သွေးများယိုစီးကျလာလေသည်။ အံ့အားသင့်ဖွယ်ပင် ကုန်းစွန်း၀မ်အာ၏ နှဖူးတည့်တည့်တွင် သွေးရောင်တောက်နေသော နှင်းပွင့်လေးပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေသည့်ဟန်မှာ သွေးပျက်ဖွယ်လိလိဖြစ်လေသည်။
ထိုအရာဖြစ်ပွားပြီးနောက်တွင် မြောက်ပိုင်းဂိုဏ်းသားများက ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ အားပေးကြသည်။

“အဲ့တာက အမကုန်းစွန်းရဲ့ သွေးနှင်းခဲ သစ်ခွမဟုတ်လား”

“သွေးနှင်းခဲသစ်ခွက အမကုန်းစွန်းရဲ့ အနိုင်ဝှက်ဖဲပဲ။ ချီစုစည်းမှု အဆင့်ကိုးရှိတဲ့သူတွေတောင်မှ ကြံ့ကြံ့ခံမနေနိုင်ဘူး။ ပိုင်ရှောင်ချန်းရဲ့ အကာအကွယ်တွေကတော့ ဒီတစ်ခါ သေချာပေါက်ပျက်စီးကုန်တော့မှာ!”

နှင်းခဲပန်းသည် ပျံသန်းလာပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အရောင်အဝါများပေါ်ထွက်လာသည်။ ၎င်းသည် ပတ်၀န်းကျင် အပူချိန်ကို ချက်ချင်းလျော့ကျသွားစေပြီး ပိုင်ရှောင်ချန်းဆီသို့ အမြန်ဆုံးနှုန်းနှင့် သွားနေသည်။ သည်တစ်ခေါက်တွင်မူ ဓားနှင့် ထောပတ်ကို လှီးလိုက်သကဲ့သို့ အကာအကွယ်များ အားလုံးပျက်စီးသွားလေသည်။ သွေးနှင်းခဲသစ်ခွသည် ချက်ချင်းပင် နှစ်ပိုင်းကွဲသွားရာ ပိုင်ရှောင်ချန်းက နတ်ကြိုးကြာဒိုင်းကို လျင်မြန်စွာ သုံးလိုက်သော်လည်း တစ်ပိုင်းကိုသာ အောင်မြင်စွာတားဆီးနိုင်လိုက်သည်။ လိမ်ပြီး၀င်လာသည့် ကျန်တစ်ပိုင်းမှာ ဂျိုင်းခနဲ အသံမြည်ဟည်းကာ ပိုင်ရှောင်ချန်းရင်ဘတ်သို့ ပြင်းထန်စွာ ၀င်ဆောင့်လေသည်။

ဒုန်းခနဲအသံကို ကြားရပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်းသည် အံ့သြစွာကြည့်လိုက်သည်။
သူ့အတွက်မူ ခပ်ပွပွနှင်းခဲကြီး တစ်ခဲနှင့် ပစ်ပေါက်လိုက်သလိုသာ ခံစားရလေသည်။ ခိုက်ခိုက်တုန်အောင်ချမ်းနေသော ရှောင်ချန်းသည် ကုန်းစွန်း၀မ်အာကို ကြည့်လိုက်ရာ သူမမှာ ဆံနွယ်များပင် ဖရိုဖရဲ ဖြစ်နေလေပြီ။

“အချိန်ယူလိုက်ပါဦး”

ရှောင်ချန်းကပြောသည်။

“ကျုပ်တခြားပွဲတွေကို လိုက်ပြီးကြည့်လိုက်ဦးမယ်နော်” ပြောပြီးသည်နှင့် ပထမပွဲစဉ်နှင့်နှင့်ဒုတိယပွဲစဉ်ရှိရာသို့ လှည့်လိုက်ကာ စတင်ကြည့်ရှုနေတော့သည်။ တစ်ခါတရံတွင် တစ်ဖက်ကိုပင် အားပေးနေလိုက်သေးသည်။ ဘယ်သူက ဘယ်လိုပင်မြင်ပါစေ။ ပိုင်ရှောင်ချန်းကတော့ သူ့ထုံးစံအတိုင်း အဆဲတောင်းလျက်ရှိသည်။

Comment

Leave a Reply

Options

not work with dark mode
Reset