အခန်း ( ၈ )

ငါတို့အားလုံး အပြင်ထွက်ကြမယ်

ရွှီပေါက်ချိုင်လာနေပြီဆိုတာ သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ လန့်၍ထခုန်မိလေသည်။

“ဒီကောင်လာတာ ထင်ထားတာထက်ကို ပိုစောနေပါရော့လား” ဟု တုံ့ဆိုင်းနေသော အကြည့်များဖြင့် တွေးနေလေသည်။ လွန်ခဲ့သည့်နှစ်ဝက်အတွင်း အတတ်နိုင်ဆုံးအစွမ်းကုန်ကြိုးစားကာ ပြင်ဆင်ခဲ့ပါသော်လည်း အဆင်သင့်ဖြစ်ပြီဟု မခံစားရသေးချေ။ သူ၏စိတ်ထဲတွင် ချီစုစည်းမှုအဆင့်၄လောက်ရောက်မှ တိုက်ပွဲဝင်သည်မှာ အကောင်းဆုံးဟု ထင်မှတ်ထားသည်။ ထိုအဆင့်လောက်ရောက်မှသာ လုံခြုံသည်ဟု သူခံစားရမည်။

ရွှီပေါက်ချိုင်က သူနှင့်အတူ အပေါင်းအပါ ( ၇ ) ယောက်ခေါ်လာခဲ့သည်ကိုမြင်သောအခါ ပုန်းကွယ်နေလို့ရတော့မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။ “ကဲဲကွာ။ ဟုတ်ပြီ။ ဒီလိုမှဆိုတော့လည်း အခုပဲ စာရင်းရှင်းတာပေါ့ကွာ။” ဟု အံကိုကြိတ်ကာ ဆိုလေသည်။

အသက်ပြင်းပြင်းရှူလိုက်ကာ သားရေ အင်္ကျီ ၈ထည်ကိုဝတ်လိုက်ကာ ဒယ်အိုးကို နောက်ကျောဖက်တွင်ချည်လိုက်လေသည်။ ထို့နောက် ကြောက်ကြောက်ရွံ့ရွံ့နှင့် တံခါးကိုဖွင့်ကာ အပြင်ဖက်သို့ထွက်လိုက်လေသည်။

သူပထမဆုံးတွေ့လိုက်ရသည်မှာ ဖက်တီးကျန်းနှင့် အခြားအစ်ကိုများက အသားခုတ်ဓားများနှင့် ယောက်ချိုများကိုကိုင်ကာ အရှေ့တံခါးဝတွင် မတ်တပ်ရပ်၍ရွှီပေါက်ချိုင်နှင့် သူ့မိတ်ဆွေတို့လာရာလမ်းကို ပိတ်ရပ်နေသည့် မြင်ကွင်းပင်ဖြစ်သည်။

” မနက်ခင်းက ကျီးကန်းတွေ ဆူညံပွက်လောရိုက်အောင် အာနေတာ ဘာလို့များလဲလို့အံ့သြနေတာ။ လက်စသတ်တော့ ကြီးကြပ်ရေးဌာနက ငနဲတစ်အုပ်စုက စားဖိုဆောင်လာပြီး သောင်းကျန်းနေတာကိုးကွ။” ဟု အစ်ကိုဖက်တီးကျန်းက တောင်ကြီးတစ်လုံးသဖွယ်မားမားမတ်မတ်ရပ်ကာ မိုးခြိမ်းသံများ ပဲ့တင်ထပ်နေသကဲ့သို့ပင် အော်ပြောလိုက်သည်။

“တစ်ခြားလူတွေကတော့ စားဖိုဆောင်ကိုကြောက်ရင်ကြောက်လိမ့်မယ်။ ဖက်တီးကျန်း.. ကျုပ်တို့ ကြီးကြပ်ရေးဋ္ဌာနကတော့ ခင်ဗျားတို့ကို သောက်ဂရုကိုမစိုက်ဘူးနော်။ ဂိုဏ်းတူညီလေးရွှီ ကျုပ်တို့ကိုလာတိုင်လို့ ဋ္ဌာနရဲဲ့ခွင့်ပြုချက်ယူပြီး ကျုပ်တို့ အခုရောက်လာတာပဲ။ ကျုပ်တို့ကို ခင်ဗျားတို့ လွန်ဆံရဲလား။” ဟု ရွှီပေါက်ချိုင်နားဝန်းရံနေသော မာနတစ်ခွဲသားနှင့် လူ ( ၇ ) ယောက်က ဆိုလေသည်။

သူတို့သည် သာမန် အစေခံဝတ်စုံများဝတ်ဆင်ထားသော်လည်း လက်တွင်ပတ်ထားသော “ကြီးကြပ်သူများ” ဟူသည့် စာသားပါသော လက်ပတ်အရ သူတို့သည် ကြီးကြပ်ရေးဌာနမှ ဖြစ်ကြောင်း၊ အခြားပုံမှန်အစေခံများထက် အခွင့်အာဏာ ပိုရှိကြောင်းသိနိုင်လေသည်။

သူတို့ထဲ ဗလကြီးနှင့် လူတစ်ယောက်သည် ကျားတစ်ကောင်ကဲ့သို့ ခက်ထန်ပြီး ဝက်ဝံတစ်ကောင်ကဲ့သို့ သန်မာသည့်အသွင်အပြင် ရှိလေသည်။ သူ့ထံမှ ချီစုစည်းမှုအဆင့်သုံးရှိသော စိတ်စွမ်းအားများ ထွက်ပေါ်နေပြီး ဖက်တီးကျန်းကို စိုက်ကြည့်နေသည့်မျက်လုံးများမှာ အေးစက်စက်နှင့် တောက်ပနေလေသည်။ သူ့ပုံစံမှာ ဖက်တီးကျန်းနှင့် အခြားလူများကို ကြောက်ရွံ့နေပုံ မပေါ်ပေ။

“ပေါက်ကရတွေ။ မင်းတို့ကောင်က ငါ့ဂိုဏ်းတူညီလေးကိုသတ်ဖို့လုပ်နေတာကွ။ မင်းအဲ့ကိစ္စကိုရော ဘယ်လိုရှင်းပြမလဲ။” ဟု ဖက်တီးကျန်းက ပြန်ပြောလေသည်။ ထို့နောက်သူက အေးစက်စွာရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ နောက်ကျောရှိ အနက်ရောင်ဒယ်အိုးကြီးက လေပေါ်ပျံတက်သွားပြီး ထိုမြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှလေသည်။ ထိုအခါ ခန္ဓာကိုယ်ကြီးကြီးနှင့်လူ၏ အပေါင်းအပါများသည် မှင်သက်သွားပြီး မျက်လုံးများပင်ပြူးသွားလေသည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုပ်လိုက်ပြီး လက်ဖျားထိပ်တွေကိုထိကပ်ကာ မန်းမှုတ်လိုက်ရာ အလံလေးတစ်ခုထွက်ပေါ်လာလေသည်။ ထိုအလံလေးထဲမှ မြူခိုးများထွက်ပေါ်လာပြီး ထိုမြူခိုးများထဲမှ သားရဲတိရစ္ဆာန်တစ်ကောင်၏ ဟိန်းဟောက်သံများကို ကြားလာရသည်။

ဓားကွက်များဖော်ထုတ်နေကြစဥ် သက်ကယ်တဲထဲမှ ပိုင်ရှောင်ချန်းထွက်လာသည်ကို မြင်လိုက်ရသောအခါ ရွှီပေါက်ချိုင်သည် ရင်ဘက်ထဲတွင် အမုန်းမီးများတောက်လောင်နေပြီဖြစ်သည်။

” ပိုင်ရှောင်ချန်း ” ဟု ရွှီပေါက်ချိုင်က အော်လိုက်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏သစ်သားဓားကို ရှေ့သို့လွှတ်လိုက်လေသည်။

ဖက်တီးကျန်းနှင့် အခြားသူများ၏မျက်နှာများပေါ်တွင် တုန်လှုပ်နေသောအကြည့်များ ထွက်ပေါ်လာသည်။ ထိုသစ်သားဓားကိုတားဆီးရန် ခုဟန်ပြင်လိုက်သောအခါ ကြီးကြပ်ရေးဌာနမှ ဗလကြီးက အေးစက်စက်ရယ်လိုက်ကာ သူတို့၏လမ်းကိုပိတ်လိုက်လေသည်။

သို့သော်လည်း ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မျက်ထောင့်များ နီရဲလာပြီး
” ရွှီပေါက်ချိုင်။ မင်းအတော်လေးကို တရားတွေလွန်သွားပြီ။ ဒီတစ်ခေါက်တော့မင်းရယ်ငါရယ် အပြီးစာရင်းရှင်းကြတာပေါ့ကွာ။” ဟု ဟိန်းဟောက်ပြောဆိုလိုက်သည်။

ပိုင်ရှောင်ချန်း၏ နှလုံးသည် တဒုန်းဒုန်း ခုန်နေပြီဖြစ်သည်။ သူ့မှာ သိုင်းပညာရှင်တစ်ယောက်နှင့် မှော်များသုံးကာ သိုင်းချဖို့မဆိုထားနှင့် တစ်ဘဝလုံးတွင်ပင် တစ်ခါမှ ရန်ဖြစ်ဖူးသူမဟုတ်ချေ။

သူတုန်လှုပ်သည်နေသည်မှာ အသားတွေ တဆတ်ဆတ်တုန်နေသည်အထိပင်။ ရဲဆေးတင်သည့်အနေဖြင့် အစွမ်းကုန်အော်လိုက်ကာ သူ၏ အဆင့်၃ချီစုစည်းမှုမှ စိတ်စွမ်းအင်များကို အကုန်ထုတ်သုံးလိုက်လေသည်။ ထို့နောက် စိတ်စွမ်းအင်အားလုံးကို သူ၏သစ်သားဓားထဲသို့ ထည့်သွင်းလိုက်ပြီး လက်ချောင်းများကိုဝှေ့ယမ်းကာ ရွှီပေါက်ချိုင်ရှိရာသို့လှမ်းပစ်လိုက်လေသည်။

ထိုသစ်သားဓားသည် တရွှီရွှီမြည်လျက် လေကိုခွင်းကာ ထွက်ပေါ်လာပြီး ဆေးရောင်တောက်တောက်များဖြင့် ခြယ်သကာ ဖုန်းကွယ်ထားသော အင်းကွက်နှစ်ကွက်မှ အလင်းရောင် အနည်းငယ်လက်လာသည်။ဓားသည် ရွှီပေါက်ချိုင်ဆီသို့သွားနေရင်း ရုတ်တရက် အရွယ်အစားကြီးသွားကာ ပြင်းထန်သောအေးစက်မှုဖြင့် ပေါက်ကွဲသွားလေသည်။

ဓားက လေကိုခွင်းသွားသည့် အရှိန်နှင့် ခမ်းနားမှုကြောင့် ဖက်တီးကျန်း သာမက ကြီးကြပ်ရေးဌာနကအုပ်စုပါ မှင်သက်သွားပြီး တအံ့တသြ ငေးကြည့်နေရလေသည်။ ဓား၏ ကြောက်မက်ဖွယ်အရှိန်အဝါ အငွေ့အသက်ကြောင့် ထိုနေရာမှလူအားလုံးတုန်လှုပ်ကုန်ကြကာ တိုက်ပွဲကိုစိတ်မဝင်စားနိုင်တော့ပဲ ဓားအပေါ်သာအာရုံရောက်ကုန်ကြလေသည်။

ရွှီပေါက်ချိုင်သည် ပိုင်ရှောင်ချန်းနားသို့ မရောက်သေးသော်ငြားလည်း သူ၏စွမ်းအားကြောင့် ကြောက်ရွံ့နေလေသည်။ သူတပ်အပ်ပြောနိုင်သည်မှာ ယခုပိုင်ရှောင်ချန်းသည် လွန်ခဲ့သောလအနည်းငယ်က သူရင်ဆိုင်ခဲ့ဖူးသော ပိုင်ရှောင်ချန်းနှင့်လုံးဝမတူတော့သောအချက်ပင်ဖြစ်သည်။ အံကိုကြိတ်ကာ အသေအကျေချတော့မည့်ပုံစံကြောင့် ရွှီပေါက်ချိုင်၏ နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေပြီ။

ထို့နောက် ပိုင်ရှောင်ချန်း၏သစ်သားဓားကသူ့ဆီသို့ အရှိန်နှင့်ပျံလာသည်ကိုမြင်လိုက်ရသောအခါ မယုံကြည်မှုများနှင့်အတူ မျက်လုံးပြူးသွားရလေသည်။ အပြင်စည်းဂိုဏ်းသားများတိုက်ခိုက်သည့်ပွဲများတွင်သာမြင်ရနိုင်သောစွမ်းအင်မျိုးရှိသည့် ပေါက်ကွဲနေသော အဖြူရောင်အလင်းတန်းတစ်ခုနှင့်ပင် ဆင်တူလေသည်။ သူအံ့အားသင့်သွားကာ ခေါင်းခဲသွားရသည်အထိပင်။

ပိုင်ရှောင်ချန်း၏ဓားနှင့် ရွှီပေါက်ချိုင်၏ဓားတို့ တိုက်မိသွားသောအခါ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာလေသည်။ ရွှီပေါက်ချိုင်၏ဓားမှာတုန်ရီနေကာ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်မရှိချေ။ ထိပ်ဖျားမှစကာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားပြီး မရေမတွက်နိုင်အောင် တလက်လက်ထနေသော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားလေသည်။

ပိုင်ရှောင်ချန်း၏ဓားမှာမူ ရပ်တန့်သွားခြင်း မရှိချေ။ ကြောက်လန့်လွန်း၍ သတိလက်လွတ်ဖြစ်နေသော ရွှီပေါက်ချိုင်ဆီသို့ လေကိုခွင်းကာ တဟုန်ထိုး ဆက်လက်သွားနေလေသည်။ သူလည်းရှိသမျှအားများကိုစုစည်းကာ အစွမ်းကုန်ရှောင်လိုက်လေသည်။ သစ်သားဓားက သူ့၏ပုခုံးကိုဖြတ်မိသွားပြီး အနီးနားရှိသစ်ပင်ကို ဟက်တက်ခွဲလိုက်လေသည်။

ထိုသစ်ပင် ဟက်တက်ကွဲသွားသောအခါ ဝုန်းဟုသော အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ ပြိုလဲကျသွားကာ ဖုန်မှုန့်များ အလိပ်လိုက်ထလာလေသည်။ ရွှီပေါက်ချိုင်သည် သူ၏လက်မောင်းမှ သွေးများပန်းထွက်လာသောအခါ သနားစရာကောင်းသည့်အသွင်နှင့် နာကျင်စွာအော်မြည်လေသည်။ သူ့မျက်နှာသည်လည်း ဖြူဖတ်ဖြူရော်ဖြစ်သွားကာ ချက်ချင်းပင် နောက်ဆုတ်လိုက်လေသည်။

သူ့အတွက်ကံကောင်းသွားသည်မှာ ပိုင်ရှောင်ချန်းသည် ရုပ်ဝတ္ထုများကို ထိန်းချုပ်သည့်နေရာတွင် ကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးခြင်းပင်ဖြစ်သည်။ မဟုတ်ပါက ထိုဓားကြောင့် သူမုချသေရမည်ဖြစ်လေသည်။

“ဒါက ချီစုစည်းမှု အဆင့်သုံးပဲ။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။” ဟု ပိုင်ရှောင်ချန်းကို သရဲတစ္ဆေတစ်ကောင်အလားကြည့်ရင်း ရွှီပေါက်ချိုင်က ပြောသည်။

သစ်သားဓားကိုသုံးပြီး ထိုကဲ့သို့သော စွမ်းအားမျိုး ထုတ်လွှတ်ဖို့ရာ ချီစုစည်းမှု အဆင့်သုံး အထိလိုအပ်သည်မှာ အသေအချာပင်။ လအနည်းငယ်အတွင်း ဤကဲ့သို့ အံအားသင့်ဖွယ်ပြောင်းလဲမှုမျိုးကို ပိုင်ရှောင်ချန်းလုပ်နိုင်လိမ့်မည်ဟု သူတွေးပင်မတွေးမိပေ။ သူလက်မခံနိုင်လောက်အောင် အဖြစ်အပျက်များက ကပြောင်းကပြန်တွေဖြစ်နေပြီဖြစ်လေသည်။ အိပ်မက်ဆိုးကြီးတစ်ခုကို မျက်ဝါးထင်ထင်ကြုံတွေ့နေရသကဲ့သလို့ပင် ဖြစ်နေတော့သည်။

တုန်လှုပ်နေသည်မှာသူတစ်ယောက်ထဲမဟုတ်ဘဲ ကြီးကြပ်ရေး ဌာနမှ ဗလကြီးနှင့် သူ၏အပေါင်းအပါများပါ မှင်သက်နေကြပြီး ပိုင်ရှောင်ချန်းကိို လေးနက်သောအကြည့်များဖြင့် ကြည့်နေကြလေသည်။

“စိတ်စွမ်းအင်သုံးပြီး ချွန်ထက်တဲ့အရာတွေ ဖန်တီးတာနဲ့ ဓားထဲကနေ အလင်းရောင်ထုတ်တာတွေက ခရမ်းရောင်ချီထိန်းချုပ်နည်းပညာရပ်ကို လေးလံခြင်းမှသည်ပေါ့ပါးခြင်းဆီသို့ဆိုတဲ့အဆင့်ထိ ကျင့်ကြံနိုင်မှသာ ဖြစ်မယ်။ တစ်ခြားဘယ်နည်းနဲ့မှ ဒီလိုနတ်ဘုရားစွမ်းအငိကိုထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။” ဟု ကြီးကြပ်ရေးဌာနမှ ဗလကြီးက ပိုင်ရှောင်ချန်းကိုကြောက်ရွံ့သောအကြည့်နှင့်ကြည့်ကာ မှင်သက်ရင်းပြောလေသည်။

သူ၏သူငယ်ချင်းများလည်း သူ့ကဲ့သို့ပင် တထေရာထဲကြောက်ရွံနေကြလေပြီ။ ဖက်တီးကျန်းနှင့် တခြားလူများသည်လည်း ပြောစရာမလိုလောက်အောင်ပင် တုန်လှုပ်နေကြသည်။ ပိုင်ရှောင်ချန်းက ချီစုစည်းမှုအဆင့်သုံးသို့ရောက်သွားသည်ကို အာရုံခံမိသော်လည်း သစ်သားဓားထဲမှ အလင်းရောင်ထုတ်ခြင်းနှင့် ဓားကိုအရွယ်အစားကြီးသွားစေခြင်းတို့ကို ဖြစ်စေသည့် လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့ပညာရပ်ကိုပါ တတ်မြောက်နေသည့်အချက်ကိုမူ သတိမထားမိချေ။

ပိုင်ရှောင်ချန်းကိုယ်တိုင်ပင်လျှင် သစ်သားဓားကို ကြည့်ရင်း အနည်းငယ်တုန်လှုပ်သွားလေသည်။ ထို့နောက် လဲကျနေသောသစ်ပင်နှင့် ဖြူဖတ်ဖြူရော်ဖြစ်နေသော ရွှီပေါက်ချိုင်ကိုကြည့်လိုက်ကာ ခေါင်းကိုနောက်ပစ်၍ ရယ်မောလေတော့သည်။

“ကဲ ရွှီပေါက်ချိုင်ရေ။ ကြည့်ရတာတော့ မင်းက အားနည်းတဲ့ကောင်ပဲကွ။ ငါ့ရဲ့ ဓားအရသာကို မှတ်ပြီလားကွ…ဟေ။” ဟုဆိုကာ ရွှီပေါက်ချိုင်ထက် သူအင်အားကြီးကြောင်းသိလိုက်ရ၍ ကျေနပ်ပီတိဖြစ်ကာ ရယ်မောလျက် ရွှီပေါက်ချိုင်နောက်သို့ လိုက်လေသည်။

ပိုင်ရှောင်ချန်း၏ စူးရှသောအကြည့်ကြောင့် ရွှီပေါက်ချိုင်တုန်လှုပ်သွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက ခွက်ထိုးခွက်လန် ရယ်မောလျက် သူ့ဆီသို့ပြေးလာနေရာ ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းနေသည်။

ရွှီပေါက်ချိုင်သည်လည်း ချက်ချင်းပင် ထွက်ပြေးရန် ကြံလေတော့သည်။

သို့သော် ခြေလှမ်းအနည်းငယ်သာလှမ်းအပြီးတွင် ပိုင်ရှောင်ချန်းက သူ့ကို့မှီသွားလေတော့သည်။ သူတို့နီးကပ်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်း၏ ခေါင်းထဲတွင် သူ့အား ရွှီပေါက်ချိုင် မရပ်မနားလိုက်ဖမ်းခဲ့သည်ကိုတုံ့ပြန်နိုင်ရန်အတွက် မရပ်မနားကျင့်ကြံခဲ့ရသည့် ခါးသီးသောနေ့ရက်များ ခေါင်းထဲတွင် ပြန်ပေါ်လာလေသည်။ ထိုခါးသီးမှုများမှာ ယခုအခါ စွမ်းအားအဖြစ်ပြောင်းလဲသွားပြီး ထိုစွမ်းအားများသုံးကာ ရွှီပေါက်ချိုင်ကို ရက်စက်စွာ ပိတ်ကန်လေတော့သည်။

“ငါ့ကိုသတ်ဖို့ ထပ်ကြိုးစားကြည့်စမ်းပါဦးကွ။” ဟုဆိုကာ ရွှီပေါက်ချိုင်၏ မျက်လုံးကို လက်သီးနှင့်ထိုးချလိုက်လေသည်။ ရွှီပေါက်ချိုင်လည်း သနားဖွယ်အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ပြန်လည်တိုက်ခိုက်ချင်ပါသော်လည်း ချီစုစည်းမှု အဆင့်နှစ်သာရှိသည့် အတွက် ပိုင်ရှောင်ချန်းကိုတုံ့ပြန်နိုင်ရန် အင်အားမဲ့နေရလေသည်။

“မင်းက ငါ့လို သခင်လေးကို လာစိန်ခေါ်တာကိုးကွ။ အခုတော့ အဲ့ဒီသခင်လေးကိုဇယားရှုပ်ရင်မှားမယ်ဆိုတာ မင်းသိပြီလား။” ဟု ဒေါသတကြီးနှင့် ပိုင်ရှောင်ချန်းက ဝေဒနာဒဏ်ရာများကြောင့် ငိုကြွေးနေသော ရွှီပေါက်ချိုင်ကို အဆက်မပြတ် ကန်ကျောက်ထိုးကြိတ်နေလေသည်။

ထိုးကြိတ်နေရာမှ အက်ကွဲသံများထွက်လာသည့်အတွက် ကြီးကြပ်ရေးဌာနမှ ဗလကြီးနှင့်တခြားလူများသာမက ဖက်တီးကျန်းနှင့် တခြားလူများပါ တုန်လှုပ်စွာငေးကြည့်နေကြလေသည်။ စိတ်လိုက်မာန်ပါထိုးကြိတ်နေသော ပိုင်ရှောင်ချန်းနှင့် အထိုးခံနေရသော ရွှီပေါက်ချိုင်ကိုကြည့်နေရင်း သူတို့၏နှလုံးသားထဲ အကြောက်တရားများနှင့် ခိုးလိုးခုလုဖြစ်လာသည်။

ရွှီပေါက်ချိုင်၏ မျက်နှာတစ်လျှောက် မျက်ရည်များ စီးကျလာကာ နှလုံးသားထဲတွင် ပူဆွေးသောကများဖြင့် ပြည့်လျှံနေလေတော့သည်။ လအနည်းငယ်အတွင်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပိုင်ရှောင်ချန်း တိုးတက်ပြောင်းလဲသွားသည်ကို ယခုအထိ သူ မယုံနိုင်သေးပေ။ ပို၍မယုံနိုင်သည်မှာ လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့ပညာရပ်ကို သုံးတတ်နေခြင်းပင်။ ထိုပညာရပ်သည် နှစ်ပေါင်းများစွာ ကြိုးစားမှသာ တတ်မြောက်နိုင်ပြီး ကျွမ်းကျင်မှုများစွာ မရှိပါက မတတ်မြောက်န်ိုင်သောပညာရပ် ဖြစ်သည်။

ပိုင်ရှောင်ချန်းကို အရှိန်အဝါကြီးမားသော လူတစ်ယောက်က နောက်ကွယ်မှ ကူညီပေးနေသောကြောင့်ဟု သူ တွေးမိလိုက်သည်။ ထိို့အပြင် ပိုင်ရှောင်ချန်းသည် အစထဲက သူစွမ်းသလောက်ထုတ်မပြခဲ့ခြင်းဖြစ်မည့်အပြင် အရှက်မရှိ၍ စက်ဆုပ်ဖွယ်ကောင်းသော စရိုက်ကြောင့်သာ အားနည်းဟန်ဆောင်ခဲ့ချင်း ဖြစ်မည်။ပို၍စိတ်တိုစရာကောင်းသည်မှာ ထို့သို့ ဟန်ဆောင် အလိမ်အညာထောင်ချောက်ထဲသို့ သူ ရွှီပေါက်ချိုင်ကိုယ်တိုင် ယုံကြည်မိကာ ဝင်ရောက်ခဲ့ခြင်းပင်။

ယခုအခါ ရွှီပေါက်ချိုင်မှာ ဝမ်းနည်းကြေကွဲရလွန်း၍ သတိမေ့မျောနေလေပြီ။

ရွှီပေါင်ချိုင်သတိမေ့သွားသည်ကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းက အင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်ကာ လက်ကိုဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ သူ၏သစ်သားဓားသည် ပျံဝဲကာ သူ၏ အင်္ကျီလက်ထဲသို့ ပြန်ဝင်သွားလေသည်။ ထို့နောက် အထီးကျန်နေသော သူရဲကောင်းတစ်ယောက် ပုံစံဖမ်းကာ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများကို ဖုန်းကွယ်လိုက်လေသည်။

ကြီးကြပ်ရေးဌာနမှ ဗလကြီးက သူ့ကိုလေးနက်စွာကြည့်ကာ ဇဝေဇဝါဖြစ်နေသည်။ အဆုံးတွင်မူ လက်ဆုပ်လိုက်ကာ ခါးကိုညွှတ်၍ အရိုအသေပေးလိုက်လေသည်။

“ဂိုဏ်းတူညီလေး ပိုင်။ မင်းရဲ့ စွမ်းအင်အစစ်အမှန်ကို ဖုန်းကွယ်တာ အတော်လေး တော်ပါပေတယ်။ မင်းကိုငါတို့လေးစားပါတယ်။” ဟု အသက်မပါသော မျက်နှာဖြင့်ပြောလေသည်။ ထို့နောက် သတိမေ့မျောနေသော ရွှီပေါက်ချိုင်ကိုထမ်းကာ သူ၏မိတ်ဆွေများနှင့်အတူ ထွက်ခွာသွားလေသည်။

သူတို့ထွက်ခွာသွားပြီးနောက် ဖက်တီးကျန်းနှင့် အခြားလူများက ပြုံးကာ ပိုင်ရှောင်ချန်း အနားသို့ စုပြုံလာကြလေသည်။ ကုန်လွန်ခဲ့သော လပေါင်းများစွာက ပိုင်ရှောင်ချန်း အပြင်းအထန်ကြိုးစားခဲ့သည်ကို သူတို့သိလေသည်။ ထို့ပြင် ကြီးကြပ်ရေးဌာနက လူများသည် အပြင်လူများသာမဟုတ်ပါလော။ ထို့ကြောင့် နောက်ဆုံးရလဒ်ကို သူတို့ အကျေနပ်ကြီး ကျေနပ်နေကြလေသည်။

” တော်တော်ကောင်းပါတယ် ညီလေးရေ။ နှစ်ဝက်လောက်သေလုနီးပါး ကြိုးစားခဲ့တာ အလကားမဟုတ်ဘူးပဲကွ။” ဟု ဖက်တီးကျန်းက ပိုင်ရှောင်ချန်း၏ ပုခုံးကိုပုတ်ရင်း ပြောသည်။

“ဟုတ်တာပေါ့ဗျာ။ ကြိုးစားရလွန်းလို့ ကျွန်တော့်ကို ကျွန်တော်တောင် လန့်လာတယ်။” ဟု ပိုင်ရှောင်ချန်းက အစ်ကိုဖက်တီးကျန်းတို့ကို သူ့အား အရင်လို လှောင်ရဲလျှင် လှောင်ကြည့်လေဟူသော အမူအရာနှင့် မာန်တက်နေသော ကြက်ဖကြီးသကဲ့သို့ မေးကိုငေါ့ကာ ဆိုလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset