ဝိဉာဉ်ကျောက်တုံးခန်းမထဲတွင် ကျိုးယွမ်ဟိုင်၏ အသံမှာ ပုံမှန်အတိုင်း တည်ငြိမ်ပြတ်သားနေဆဲပင်။ ကျောင်းသားများကို စာသင်ပေးနေသည်နှင့် မတူဘဲ သူ နားလည်ထားသော ဓမ္မလက်နက်များအကြောင်းကို ရိုးစင်းစွာ ရှင်းပြနေသည်နှင့်ပင် တူနေတော့၏။
သူ သာမန်သဘောဖြင့် ပြောလိုက်သော မှတ်ချက်စကားတစ်ခွန်းက ကျောင်းသားများ၏ ဦးနှောက်ကို လှုပ်နှိုးကာ ဉာဏ်အလင်းပွင့်သွားစေနိုင်၏။ သို့သော် ယခုမှ ဝင်ခွင့်ရသော ကျောင်းသားသစ်များမှာမူ လွန်စွာအာရုံစိုက်ကာ နားထောင်နေရပေသည်။ သူတို့က ပြောသမျှကိုသာ ရေးချပြီးလိုက်မှတ်နေရသည်။
ဤသို့ဖြင့် ပြောသမျှကို မှတ်စုလိုက်ရေးခြင်းမှာ တဖြည်းဖြည်းနှင့် လိုက်၍မမီနိုင်အောင် ဖြစ်လာကြသည်။ ကျောင်းသားအများစုသည် စိတ်ပြေလက်ပျောက်အနေဖြင့် စကားစမြည် ပြောလာကြသည်။ နောက်ဆုံး၌ ဓမ္မလက်နက်ဌာနတွင် အဓိကခန်းမကြီး သုံးခုသာရှိရခြင်းအကြောင်းကို ဝမ်ပေါင်လဲ့ နားလည်သွားသည်။ ကျောက်တုံးသန့်စင်ခြင်းနည်းစနစ်ကို သင်ကြားပေးသော ဤခန်းမ၌ပင် အတန်းအနည်းငယ်တက်ရုံမျှဖြင့် အရာအားလုံးကို ကောင်းစွာနားလည်နိုင်မည် မဟုတ်သော အကြောင်းအရာများဖြင့် ပြည့်နေသည် မဟုတ်လော။
သူ ပင်ပန်းလာပြီ ဖြစ်သည်။ လျှိုတောက်ပင်းသည်လည်း စိတ်အာရုံပျံ့လွင့်နေရာမှ သတိဝင်လာသည်။ ဝမ်ပေါင်လဲ့ကို ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
” ဝမ်ပေါင်လဲ့ … မင်းတော့ ဒုက္ခရောက်ပြီ။ ဆရာတွေအများကြီးက မင်းကို ကျောင်းကနေထုတ်ဖို့ အဆိုပြုထားတယ်လို့ ငါကြားထားတယ် ”
သူ့အကြည့်တွင် သနားသည့်အငွေ့အသက်များ ပါနေသည်။ သို့သော် ဝမ်ပေါင်လဲ့၏ အိပ်ကလေးကို မြင်သောအခါ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
” ဘယ်ဆရာ ပြောတာလဲကွ ”
ဝမ်ပေါင်လဲ့ စိတ်တိုသွားသည်။ သူ့စိတ်ကို ဒုန်းဒုန်းချကာ ပြင်ဆင်ထားပါသော်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရဆဲပင်။
လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့၏ ပခုံးကို ခပ်ဖွဖွပုတ်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဝမ်ပေါင်လဲ့ကို သတိထားစရာ ဥပမာတစ်ခုအနေဖြင့် မှတ်ထားရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူ ဝမ်ပေါင်လဲ့ကို အားပေးရန်ပြင်နေစဉ် ခန်းမ၏ အဓိကဝင်ပေါက်မှ လူနှစ်ယောက် ရုတ်တရက် ဝင်လာကြသည်။
သူတို့နှစ်ယောက်က စီနီယာကျောင်းသားများဖြစ်သည်မှာ သိသာလှသည်။ အခြားကျောင်းသားများနှင့်မတူဘဲ အနက်ရောင်ဝာာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး တင်းမာခက်ထန်သောအသွင်အပြင် ရှိကြသည်။ သူတို့ဝင်လာသည်နှင့် စီနီယာကျောင်းသားများအားလုံး အထိတ်တလန့်ဖြစ်ကာ စူးစိုက်ကြည့်နေကြသည်။
” ဘာဖြစ်တာပါလိမ့်။ စည်းကမ်းထိန်းသိမ်းရေး ဆောင်က လူတွေတောင် ရောက်လာကြတယ် ”
” သူတို့ကိုး။ သူတို့ပေါ်လာတိုင်း သွေးထွက်သံယို ဖြစ်ရတာချည်းပဲ… ”
ကျောင်းသားသစ်များသည် ဤနှစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း စီနီယာကျောင်းသားများ၏ အပြန်အလှန်ပြောစကားများနှင့် သူတို့နှစ်ဦး၏ ခပ်ထန်သောအသွင်အပြင်များကို ကြည့်ကာ အနည်းငယ် ရိပ်စားမိလာကြသည်။
ဝမ်ပေါင်လဲ့ အသက်ရှူမှားသွားသည်။
ကျိုးယွမ်ဟိုင်သည် အနက်ရောင် ဝတ်ရုံနှင့် ကျောင်းသားနှစ်ယောက်ကို တွေ့သောအခါ မျက်မှောင်ကြုတ်သွားသည်။
ထိုကျောင်းသားနှစ်ယောက်သည် သူ့ကို လက်နှစ်ဖက်ဆုပ်ကာ ဂါဝရပြုနှုတ်ဆတ်ပြီးနောက် ကျောက်စိမ်းပြားလေးတစ်ခု ပေးလိုက်သည်။
ကျိုးယွမ်ဟိုင်သည် မျက်မှောင်ကြုတ်ကာ စာကိုဖတ်ပြီးနောက် ခေါင်းကိုမော့၍ ကျောင်းသားများကို စေ့စေ့စပ်စပ် လိုက်ကြည့်သည်။ နောက်ဆုံး၌ သူ၏အကြည့်သည် ဝမ်ပေါင်လဲ့ထံသို့ ရောက်သွားသည်။
ချက်ချင်းပင် ကျောင်းသားအားလုံးက မျက်နှာအမူအရာအမျိုးမျိုးဖြင့် သူ ကြည့်ရာနောက်သို့ လိုက်ကြည့်ကြရာ သိချင်နေကြသော အဖြေကို ရှာတွေ့သွားကြသည်။ ဝမ်ပေါင်လဲ့၏ အခြေအနေကို သူတို့ သိထားသည် မဟုတ်ပါလော။ အဆင့်နိမ့်ကျောင်း၏ စည်းကမ်းထိန်းသိမ်းရေးဆောင်က သူ့ကို သတိထားမိသွားကာ အပြစ်ပေးရန် ရောက်လာခြင်း ဖြစ်လိမ့်မည်။
ဝမ်ပေါင်လဲ့သည် အခြေအနေကို တန်ပြန်ဖြေရှင်းရမည့်နည်းလမ်းအား တွေးထားပြီး ဖြစ်သော်လည်း သူ ရောက်နေသည့် ပတ်ဝန်းကျင်အနေအထားအရ အတန်ငယ် စိုးရိမ်နေသေးသည်။ အထူးသဖြင့် အနက်ရောင်ဝတ်ရုံနှင့် ကျောင်းသားနှစ်ဦးက သူ့ကို စူးစိုက်စွာ ကြည့်နေပြီး သူနှင့် ရင်းရင်းနှီးနှီး မိတ်ဖွဲ့စကားပြောချင်၍ ရောက်လာခြင်းမျိုး မဖြစ်နိုင်မှန်း သိသာသည်။
” ဝမ်ပေါင်လဲ့… ငါတို့နဲ့လိုက်ခဲ့ ”
စည်းကမ်းထိန်းသိမ်းရေးဆောင်မှ အဖွဲ့ဝင်နှစ်ဦးထဲမှ တစ်ဦးက အေးစက်စွာပြောသည်။
သို့သော် ဝမ်ပေါင်လဲ့ မတ်တတ်ထမရပ်ခင် ကျိုးယွမ်ဟိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
” တော်လောက်ပြီ။ အတန်းပြီးတဲ့အထိစောင့်နေ၊ အခုတော့ ထွက်သွားကြ ”
ထိုစကားကို ကြားသောအခါ စည်းကမ်းထိန်းသိမ်းရေးဆောင်မှ ကျောင်းသားနှစ်ဦး ရပ်သွားကြသည်။ ဆရာတစ်ယောက်ကို သူတို့ အပြစ်မပြုရဲကြသည်ဖြစ်၍ ခေါင်းညိတ်ရုံမှလွဲ၍ တခြားမလုပ်နိုင်ပေ။ သူတို့က အဓိက ဝင်ပေါက်ကြီးဘေး၌ သွားစောင့်နေကြသည်။ ကျိုးယွမ်ဟိုင်က သူတို့ကို လျစ်လျူရှုကာ စာဆက်သင်လေသည်။
ဝမ်ပေါင်လဲ့သည် စိတ်သက်သာရာရသွားကာ ကျိုးယွမ်ဟိုင်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ သူ တန်ပြန်ရင်ဆိုင်ရမည့်နည်းလမ်းအား စဉ်းစားထားပြီး ဖြစ်ပါသော်လည်း အချိန်များများရလေ ကောင်းလေပင်။ ယင်းက သူ၏အကြံအစည်အား ပို၍ ပြီးပြည့်စုံစေသည်။ သူက မျက်လုံးများကို မှိတ်ကာ စိတ်အေးအေးထားလိုက်သည်။
တချို့ကျောင်းသားများက သင်ခန်းစာ လက်ကျန်အချိန် တစ်လျှောက်လုံး လွန်စွာ နှစ်ထောင်းအားရဖြစ်နေတော့သည်။ သို့သော် ကျောင်းသားအများစုက သူတို့နှင့် မသက်ဆိုင်သော ကိစ္စဟူ၍တွေးကာ မှတ်စုသာ လိုက်ရေးနေကြသည်။
လျှိုတောက်ပင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဝမ်ပေါင်လဲ့အား မည်ကဲ့သို့ နှစ်သိမ့်ရမည်ကို သူ မသိပေ။ ဝမ်ပေါင်လဲ့တစ်ယောက် ကျောင်းထုတ်ခံလိုက်ရသည်နှင့် တစ်ပြိင်နက် သူတို့နှစ်ဦးသည် မတူညီသောကမ္ဘာနှစ်ခုမှ လူနှစ်ယောက် ဖြစ်သွားတော့မည်ဖြစ်သည်။ အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် မတော်တဆ ဆုံမိလျှင်တောင်မှ အလွန်ဝမ်းနည်းစရာ ကောင်းနေပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးကာ လေးနာရီကြာသောအခါ ကျိုးယွမ်ဟိုင်က သင်ခန်းစာကို အဆုံးသတ်ကာ ထွက်သွားသည်။ ကျောင်းသားအားလုံး ဝမ်ပေါင်လဲ့ကို ရုတ်တရက် ကြည့်လိုက်ကြသည်။ စည်းကမ်းထိန်းသိမ်းရေး ဆောင်မှ ကျောင်းသားနှစ်ဦးသည်လည်း ဝမ်ပေါင်လဲ့ကို အေးစက်စက်ကြည့်လိုက်သည်။
” မင်းကို ငါတို့ ဖိတ်နေရဦးမှာလား ”
ဝမ်ပေါင်လဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ပုံမှန်နှင့်မတူဘဲ ကွဲပြားစွာ ခံစားနေရသည်။ သူက စကားတစ်ခွန်း မဆိုဘဲ စီနီယာကျောင်းသားနှစ်ယောက်နောက်သို့ လိုက်သွားကာ ခန်းမကြီးထဲမှ ထွက်သွားသည်။
” ဒီကောင် ဝမ်ပေါင်လဲ့ တကယ် ကျောင်းထုတ်ခံရတော့မှာလား ”
” တခြား ဘာဖြစ်နိုင်သေးလို့လဲ။ စည်းကမ်းထိန်းသိမ်းရေး ဆောင်ကို မမြင်ဘူးလား။ သူတို့ခေါ်သွားတဲ့လူတွေ ကောင်းကောင်းမွန်မွန် ဖြစ်သွားတာကို ငါ တော့ တစ်ခါမှ မမြင်ဖူးဘူး ”
ကျောင်းသားအများစုသည် ဆွေးနွေးငြင်းခုန်ရင်းဖြင့် ပြေးထွက်ကာ နောက်မှ လိုက်လာကြသည်။ ဖြစ်စဉ်တစ်ခုလုံးကို သူတို့ အစအဆုံး မြင်လိုကြသည်။ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများသာမက အခြားဌာနမှ ကျောင်းသားများသည်လည်း ဝမ်ပေါင်လဲ့ လာရောက်ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီကို သိရှိသွားကြသောအခါ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။
ဝမ်ပေါင်လဲ့က နောက်မှ လိုက်ပါလာသော လူအုပ်ကြီးကို လျစ်လျူရှုထားသည်။ စည်းကမ်းထိန်းသိမ်းရေး ဆောင်မှ စီနီယာကျောင်းသားနှစ်ဦးနောက်ကို လိုက်နေရင်း သူ့စိတ်ထဲတွင် ပကတိ တည်ငြိမ်နေသည်။ သူတို့သည် ဓမ္မလက်နက်ဌာန၏ တောင်ထိပ်သို့ တန်းသွားလိုက်ကြသည်။
ရှေ့မှလျှောက်နေသော စီနီယာကျောင်းသားနှစ်ယောက်က စိတ်ထဲတွင် ကြိတ်၍ ပြုံးနေကြ၏။ ဤကာလများအတွင်း မြောက်မြားလှစွာသော ကျောင်းသားများကို သူတို့ ခေါ်ဆောင်ခဲ့ပြီးဖြစ်ကာ ဝမ်ပေါင်လဲ့ကဲ့သို့ အလွန်စိတ်ဓာတ်မာကျောဟန်ဆောင်ခဲ့သော ကျောင်းသားများလည်း မနည်းလှပေ။ စည်းကမ်းထိန်းသိမ်းရေး ဆောင်မှ ပြန်ထွက်လာချိန်အထိ ယခုကဲ့သို့ တည်ငြိမ်မှုမျိုးကို ထိန်းသိမ်းနိုင်ခဲ့ပါက ဝမ်ပေါင်လဲ့ကို သူတို့ အထင်ကြီးမိမည် ဖြစ်သည်။
ခရီးစဉ်တစ်လျှောက် တိတ်ဆိတ်ငြိမ်သက်လှသည်။ နောက်မှလိုက်လာသော လူများလည်း တဖြည်းဖြည်းများလာ၏။ တောင်ထိပ်ပေါ်ရှိ အဆောက်အဦတစ်ခုရှေ့သို့ ရောက်သောအခါမှသာ စီနီယာကျောင်းသားနှစ်ယောက် ရပ်သွားကြသည်။ ဝမ်ပေါင်လဲ့ကို တစ်ယောက်ထဲဝင်သွားရန် လက်ဟန်ခြေဟန်ဖြင့် ပြပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ဝမ်ပေါင်လဲ့သည် သူ့ရှေ့တွင်ရှိနေသော အဆောက်အဦ၏ ပိတ်ထားသော တံခါးချပ်ကိုကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ စိုးရိမ်စိတ်ကို ထိန်းသိန်းရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ပါသော်လည်း ယခုကဲ့သို့ ခက်ခဲသော စမ်းသပ်ချက်ကို သူ အောင်မြင်ရန် လိုအပ်သည်။ သူက အံကို တင်းတင်းကြိတ်ကာ တံခါးကို တွန်းဖွင့်ပြီး အထဲသို့ တိုးဝင်လိုက်သည်။
အဆောက်အဦထဲသို့ သူ ရောက်သွားသည်နှင့် မျက်လုံးပေါင်းများစွာက သူ့အား စိုက်ကြည့်နေကြသည့်အလား ခံစားလိုက်ရသည်။ သူ၏ရှေ့တွင် ဆရာများစွာ ထိုင်နေကြသည်။ တချို့ဆရာများက သက်လက်ပိုင်းအရွယ်ဖြစ်ပြီး ကျန်ဆရာများမှာ အသက်ကြီးရင့်နေပြီ ဖြစ်သည်။ ဆရာအားလုံး မျက်နှာထားတင်းမာနေကြပြီး ဆရာအနည်းငယ်က စိတ်ပျက်နေဟန်ရှိပေသည်။
ထိုဆရာများထဲတွင် သမားတော်ကြီးနှင့် ဆရာမုတ်ဆိတ်တို့လည်း ပါသည်။ သမားတော်ကြီးက တည်ငြိမ်နေဟန်ပေါက်သော်လည်း ဆရာမုတ်ဆိတ်ကမူ ဝေခွဲမရဖြစ်နေဟန်တူပြီး ရှေ့ဆက်ရမည်ကို စဉ်းစားကာ အားအင်ကုန်ခမ်းနေဟန်တူ၏။
သူတို့အထဲတွင် ဤစစ်ဆေးမှု၏ သဘာပတိဖြစ်ဟန်တူသော လူတစ်ယောက်ရှိ၏။ ထိုလူက ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ကာ အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးများ တဖျပ်ဖျပ်လတ်နေ၏။ နှုတ်ခမ်းပါးပါးလေးများရှိပြီး သူ၏ခန္ဓာကိုယ်မှ လေအေးများ ထွက်နေ၏။ သို့ဖြစ်၍ အဆောက်အဦ၏ အပူချိန်က အပြင်ကထက် များစွာအေးနေ၏။
ဤလူများအားလုံးက ဓမ္မလက်နက်ဌာနမှ ဆရာများမဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ဌာန၏ အထူးဝင်ခွင့်ရ ကျောင်းသားဖြစ်သဖြင့် ဝမ်ပေါင်လဲ့၏ လိမ်ညာသောအမှုကို ဓမ္မလက်နက်ဌာန၏ တောင်ထိပ်တွင် ကျင်းပခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့ ဝင်လာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံနှင့် သဘာပတိက အေးစက်စက်လေသံဖြင့် ခပ်ဖြည်းဖြည်းပြောလိုက်သည်။
” ဝမ်ပေါင်လဲ့… ”
ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ရှေ့တိုးကာ လက်နှစ်ဖက်ကို ဆုပ်၍ လေးနက်သော အသံဖြင့်ပြောလိုက်သည်။
” ဟုတ်ကဲ့… ဆရာ… ”
” ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ နတ်မီးလျှံစမ်းသပ်ပွဲထဲမှာ မင်းက ကိုယ်ကျင့်တရားမဲ့တဲ့ လုပ်ရပ်တွေနဲ့ အရှက်မရှိ ကလိမ်ကျခဲ့တယ်။ ကျောင်းစည်းကမ်းတွေအရတော့ ပြစ်ဒဏ်အနေနဲ့ ကျောင်းကနေ ချက်ချင်း ထုတ်ပစ်သင့်တာ။ မင်းက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ဦးဖြစ်နေတော့ ဒီကိစ္စကို ကြားနာဖို့ မင်းကို ဆင့်ခေါ်လိုက်တာပဲ ”
အနက်ရောင်ဝတ်ရုံနှင့် သက်လက်ပိုင်း ပုဂ္ဂိုလ်က သူ့စကားဆုံးသွားသောအခါ ဝမ်ပေါင်လဲ့ကို ရှင်းပြခွင့်မပေးဘဲ ဘေးဘီလှည့်ကာ အဖော်များကို ကြည့်လိုက်သည်။
” မိတ်ဆွေတို့…စလို့ရပြီ။ ကျုပ်ကတော့ ပြစ်ဒဏ်အနေနဲ့ ဝမ်ပေါင်လဲ့ဆီက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ဦးရဲ့ ခံစားခွင့်တွေအားလုံးကို ရုတ်သိမ်းပြီး ကျောင်းထုတ်ပစ်ဖို့ အကြံပြုတယ်။ သူ ဘယ်တော့မှ ဝင်ခွင့်မရအောင် တာအိုကျောင်းကြီး လေးကျောင်းကိုလည်း သတင်းပို့ထားရမယ် “
သူ၏စကားလုံးများက တိကျပြတ်သားကာ သွေးအေးလွန်းလှပြီး အခန်းထဲ ပဲ့တင်ထပ်သွားသည်။ ဝမ်ပေါင်လဲ့၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ယခုမှ သူနှင့် ပထမဆုံးအကြိမ် တွေ့ဖူးသောသူသည် ရန်ငြှိုးတစ်စုံတစ်ရာ မရှိပါဘဲ အဘယ်ကြောင့် သူ့အား ဒုက္ခရောက်လိုသည့် ဆန္ဒများဖြင့် ပြည့်နေရသည်ကို သူ သိချင်နေမိတော့သည်။ ယင်းအကြံပြုချက်က ဝမ်ပေါင်လဲ့၏ အနာဂတ်အား လုံးဝဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
တဒင်္ဂကြာတိတ်ဆိတ်ငြိမ်သက်သွားပြီး အခြားဆရာတစ်ယောက်က အေးစက်စက်ဆိုလိုက်သည်။
” သူ့ကို ကျောင်းထုတ်သင့်တယ်။ ဒီလိုမျိုး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ကောင်မျိုး တာအိုကျောင်းကိုဝင်ဖို့ ဘာအကြောင်းပြချက် ဘာအခွင့်အရေးမှ မရှိဘူး ”
” ဟုတ်တယ်။ ကျုပ်လည်း သူ့ကို ကျောင်းထုတ်ပစ်ဖို့ အကြံပြုချင်တယ် ”
” ပြစ်ဒဏ်က ရက်စက်သလို ဖြစ်နေပေမယ့် ဒီလိုကိစ္စမျိုးကို ဒီအတိုင်း ထားလိုက်ရင်လည်း ငါတို့အနေနဲ့ ပြည်ထောင်စုအပေါ်မှာ တာဝန်မကျေသလို ဖြစ်သွားမယ် ”
ဆရာများသည် သူတို့၏ အမြင်များကို တစ်ဦးပြီး တစ်ဦး တင်ပြကြသည်။ ဝမ်ပေါင်လဲ့သည် သူတို့အတွက် ဘာမှ အရေးမကြီးပေ။ အနက်ရောင်ဝတ်ရုံနှင့်လူက သူ့သဘောထားကို စပြောလိုက်ကတည်းက သူတို့အနေဖြင့် သူ့ကို ငြင်းခုန်ချေပနေရန် အကြောင်းမရှိတော့ပေ။
ဝမ်ပေါင်လဲ့သည် ဆရာများပြောနေသည်ကို နားထောင်ရင်း အသက်မျှင်းမျှင်းသာ ရှူနေသည်။ သူက ငေးမောနေသည့်အလား နေရာမှ တစ်ချက် မရွေ့ပေ။ သို့သော် လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဆရာမုတ်ဆိတ်ကတော့ ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်သည်။
” အထူးဝင်ခွင့်ရကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်ရုပ်သိမ်းတာလောက်နဲ့တင် လုံလောက်ပါပြီ။ ဘယ်သူမှ ပြီးပြည့်စုံနေတာမဟုတ်ဘူးလေ။ ဒီလောက်ကြမ်းတမ်းတဲ့ ပြစ်ဒက်မျိုးပေးဖို့ မလိုပါဘူး…”
သို့သော် အခြားဆရာများ၏ ထောက်ခံမှုကိုတော့ မရလိုက်ပေ။ မကြာမီ အခြားဆရာများ၏ စကားသံများ ထွက်ပေါ်လာပြီး အခန်းထဲတွင်အဓိက ဆွေးနွေးကြသည့် အကြောင်းမှာ ကျောင်းထုတ်ရန်ပင် ဖြစ်လာသည်။
သမားတော်ကြီးတစ်ယောက်သာ တိတ်ဆိတ်နေသည်။ အနက်ရောင်ဝတ်ရုံနှင့်လူကလည်း သမားတော်ကြီး၏ထက်မြင်ချက်ကို စိတ်ဝင်စားဟန်မတူပေ။ သူက မတ်တတ်ထပ်ရပ်ကာ ရလာဒ်ကိုကြေငြာရန်ပြင်နေစဉ် ဝမ်ပေါင်လဲ့က ရုတ်တရက် ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်လုံးများထဲတွင် အမျက်ဒေါသများနှင့်အတူ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။
” ဆရာတို့ ကျနော့်ကို စကားပြောခွင့်ပေးပါ ”
အနက်ရောင်ဝတ်ရုံနှင့်လူ မျက်မှောင်ကြုတ်သွားသည်။ ဝမ်ပေါင်လဲ့အပေါ်တွင် သူ ကြမ်းတမ်းနေရခြင်းမှာ ဓမ္မလက်နက်ဌာန၏ အထူးဝင်ခွင့်ရ ကျောင်းသားအဖြစ် အခြားကျောင်းသားတစ်ယောက်ကို ထောက်ခံအကြံပြုရန် စီစဉ်ထား၍ ဖြစ်သည်။ သို့သော် ဤဘွဲ့ထူးမှာ ဝမ်ပေါင်လဲ့၏ ခိုးယူခြင်းကို ခံလိုက်ရသည်။ သူက အေးစက်စက်ဖြင့် အကြည့်လွှဲကာ ဝမ်ပေါင်လဲ့ကို လျစ်လျူရှုရန် ကြံလိုက်စဉ် သမားတော်အိုကြီးထံမှ စကားသံထွက်လာ၏။
” ပြော … ”
ဤစကားကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ်ရုံနှင့်လူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ အသာတကြည် လိုက်လျောလိုက်ရသည်။
ဝမ်ပေါင်လဲ့သည် အသက်ဝဝတစ်ချက် ရှူလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာမူ တုန်ရီနေသည်။
” ဆရာတို့ … စမ်းသပ်ပွဲမှာ အရာအားလုံးက အတုအယောင်တွေဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ဆရာတို့က ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်ခဲ့တာလဲ ”
” ကျောင်းသားတွေအကုန်လုံးကို ဒီစမ်းသပ်ပွဲဆိုတာကြီးက တကယ်တော့ အတုကြီးပါဆိုတာ လိုက်ပြောရမှာလား၊ လိုက်ပြောသင့်တာလား ”
သူ၏ နောက်ဆုံးစကားက ပေါက်ကွဲပြောဆိုလိုက်သည့်အလားပင်။
ဝမ်ပေါင်လဲ့သည် ဆရာများ၏ တုံ့ပြန်ချက်ကို စောင့်မနေဘဲ ခံစားချက်များထဲတွင် နစ်မြောနေသည့်အလား စိတ်အားထက်သန်စွာ စကားဆက်လိုက်သည်။
” ကျနော် သူတို့ကို အမှန်အတိုင်း ဖွင့်ပြောလိုက်တာနဲ့ ဒီစမ်းသပ်ပွဲကို စီစဉ်ထားတဲ့ ကျောင်းရဲ့ အားထုတ်မှုတွေအကုန် ရေစုန်မျောပြီး အလဟဿဖြစ်ကုန်မှာပေါ့။ အဲဒီလိုဖြစ်သွားရင်လည်း ကျနော်က ကျောင်းအပေါ်မှာ စည်းကျော်လိုက်သလို ဖြစ်သွားဦးမယ်။ ပြောပါဦး…ကျနော် ဘယ်လိုလုပ်ခဲ့သင့်တာလဲ ”
” အန္တရာယ်တွေနဲ့ ကြုံရတဲ့အချိန်မှာ ကျနော်ရဲ့ ပညာသင်ဖက်တွေ ထိခိုက်ဒဏ်ရာ ရကုန်ကြတယ်။ တချို့ဆို သွေးထွက်သံယိုတွေဖြစ်လို့။ ဒါတွေကို မြင်နေပါလျက်နဲ့ အရာအားလုံးက အတုအယောင်ကြီးပါဆိုတာ ကျနော် ပြောလို့မရဘူး။ ဒီတော့ သူတို့ကို ကယ်ဖို့ပဲ ကျနော် တတ်နိုင်တယ်။ သူတို့ကို ကယ်ခဲ့တာ ကျနော်မှားလား။ ပြောပါဦး … ကျနော် ဘာလုပ်ခဲ့သင့်တာလဲ ”
ဝမ်ပေါင်လဲ့၏ နဖူးကြောကြီးများ ထောင်ထလာသည်။ သူ ဒေါသအိုးပေါက်ကွဲတော့မည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူ့မျက်လုံးများက အမျက်ဒေါသကြောင့် ဝင်းပြောင်နေသည့်အလားပင်။
” လူတွေကို ကယ်တာ မှားနေတာလား။ သူတို့ကို မကယ်ခဲ့သင့်ဘူးလား။ အရာအားလုံးက အတုအယောင်တွေပါဆိုတာကို သိနေတာတောင် လိမ်သလိုဖြစ်သွားခဲ့ရင် ကိုယ့်လုပ်ရပ်တွေအတွက် ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားနေရဦးမှာလား။ ကျနော့် ပညာသင်ဖက်တွေ ငိုကြွေးနေကြ၊ ဒဏ်ရာတွေရနေကြ၊ သေကြေနေကြတာတွေကို ကျနော်က လျစ်လျူရှုထားရမှာလား။ အဲဒီလိုသာ လုပ်ခဲ့ရင် ကျွန်တော့်ကို လူတစ်ယောက်လို့တောင် သတ်မှတ်လို့ရပါဦးမလား ”
ဆရာများအားလုံး ဆွံ့အသွားကြသည်။
” ဆရာတို့က ကျနော်သရုပ်ဆောင်နေတာကိုပဲ မြင်ခဲ့ကြတာ။ ဒါပေမဲ့ ဆရာတို့ တစ်ယောက်ချင်းစီတိုင်းကို ကျနော်မေးပါရစေ…ဆရာတို့သာ ကျွန်တော့်နေရာမှာဆို ဘယ်လိုလုပ်ခဲ့ကြမလဲ။ လူတွေသေနေတာကို မျက်နှာလွှဲထားမလား ဒါမှမဟုတ် ကျနော်လုပ်ခဲ့သလို သူတို့ကို ကယ်မှာလား ”
” ကျနော်က ကောင်းကင်တာအိုကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ကမ္ဘာကြီးကို ပြောင်းလဲတာမျိုး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းတာမျိုးကို လုပ်နိုင်တယ်လို့ ကျနော် မပြောဘူး။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က ဖြောင့်မတ်တည်ကြည်တဲ့ လူတစ်ယောက်ပဲ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးအိမ်များသည် မျက်ရည်များဖြင့် စိုစွတ်လာသည်။ သူက ညာလက်ကို မြှောက်ကာ ရင်ဘက်ကို တဘုန်းဘုန်းထုနေရာ ကျယ်လောက်သော အသံများ ထွက်ပေါ်လာနေသည်။ သူ ပြောသော စကားအားလုံးက လွန်စွာ လေးနက်သည်ဖြစ်၍ ဆရာများ သိသိသာသာ စိတ်ထဲခံစားလာရသည်။
ယင်းအပြင် ဝမ်ပေါင်လဲ့က မချိတင်ကဲ ရယ်မောကာ ပြောလိုက်သည့် နောက်ဆုံးစကားများက အခြေအနေအပေါ် များစွာ သက်ရောက်သွားလေသည်။
“ တခြားလူတွေကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးတာက ပြစ်မှုမြောက်တယ်ဆိုရင် အဲဒီအပြစ်ကို ကျနော် ခံယူပါ့မယ် ”
” ထူးချွန်ထက်မြက်တာကို အပြစ်တစ်ခုလို့ သတ်မှတ်ရင် အဲဒီအပြစ်ကို ကျနော် ခံယူပါမယ် ”
” အဲဒီလိုဆိုရင် ဝမ်ပေါင်လဲ့ဆိုတဲ့ ဆရာတို့ရဲ့ တပည့်လေး ကျနော့်ကို ပေးလာသမျှ ပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူပါ့မယ်”
ဝမ်ပေါင်လဲ့သည် ကြည်လင်ပြတ်သားသောလေသံဖြင့် ကျယ်လောင်စွာဆိုလိုက်ပြီး ရုတ်ချည်း ဆရာများကို ဦးညွှတ်၍ အရိုအသေပေးလိုက်ရာ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဆရာများအားလုံးက ပင့်သက်ရှိုက်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများ တဖြည်းဖြည်းပြောင်းလဲလာကြကာ ဝမ်ပေါင်လဲ့ကို နှုတ်ဆိတ်လျက် ကြည့်နေကြသည်။ သူပြောသွားသော စကားအားလုံးက တရားမျှတပြီး ယုတ္တိရှိလှကာ သူတို့အားလုံး၏ အသည်းစိုင်ကို ကိုင်လှုပ်သွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့၏ သရုပ်ဆောင်မှုများကို မြင်ခဲ့ရသော ဆရာမုတ်ဆိတ်ကဲ့သို့ ဆရာများပင် အလွန် စိတ်ထိခိုက်သွားရသည်။ သို့သော် သူတို့ စိတ်ထဲတွင် တစ်ခုခု မှားနေသည်ကို ခံစားနေရသေးသည်။
အနက်ရောင်ဝတ်ရုံနှင့်လူကမူ ဝမ်ပေါင်လဲ့ကို စူးရှပြတ်သားစွာ ကြည့်လိုက်သည်။ တစ်ခုခုကိုပြောချင်သော်လည်း သူ စကားလုံးရှာမတွေ့ပေ။ ဝမ်ပေါင်လဲ့၏ တင်ပြချက်မှာ အပြစ်အနာအဆာများပါဝင်နေသည်ဟု ခံစားနေရသော်လည်း အမှန်တရားများလည်း ပါဝင်နေသေးသည်။ အဆင့်မြင့်အရာရှိကြီးများ အသုံးပြုသော ဤနည်းလမ်းမျိုးကို သူ ရင်းရင်းနှီးနှီး ကျွမ်းဝင်နေပါသော်လည်း ကျောင်းသားများအကြားတွင် မြင်ရခဲပေသည်။
ဝမ်ပေါင်လဲ့၏ စကားများကို လက်ခံရန်ငြင်းဆန်ခြင်းက အမှန်တရားကို ငြင်းဆန်ခြင်းဖြစ်သည်ဟူသော ခံစားချက်က သူ့ကို ပြောစရာစကား ရှာမရေအာင် ဖြစ်သွားစေသည်။ သူ့အဖော်များကို ကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့တစ်ယောက် အသက်ရှူချောင်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။ သူသက်ပြင်းချလိုက်သည်။ သူအလွယ်တကူ နင်းခြေဖျက်ဆီးနိုင်မည်ဟု ယုံကြည်ခဲ့သော သနားစရာကောင်လေးက ဆူးတောင်များစွာရှိသည့် ဖြူကောင်လေးသဖွယ် အန္တရာယ်ကောင်လေး ဖြစ်နေသည်။
သမားတော်အိုကြီးက မျက်လုံးများကိုမှိတ်ကာ လေးနက်ပြီး အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။
မကြာမီပင် ဝမ်ပေါင်လဲ့တစ်ယောက် အဆောက်အဦထဲမှ ထွက်လာသည်။ ဘေးပတ်လည်တွင် ထောင်ပေါင်းများစွာသော ကျောင်းသားများ ရှိနေသည်။ ကျောင်းသားအများစုက အထူးဝင်ခွင့်ရကျောင်းသားဟူသော သူ၏ဂုဏ်ပုဒ်ကို မနာလို ဖြစ်နေကြပြီး ကျန်ကျောင်းသားများကမူ သူ၏ကံဆိုးမိုးမှောင်ကျမှုကို ကြည့်ကာ ပီတိဖြစ်နေကြသည်။ ထိုစဉ် အဆောက်အဦထဲမှ အဆင့်နိမ့်ကျွန်းတစ်လျှောက် ပဲ့တင်ထပ်ကာ လွင့်ပျံလာသော အသံကြီးတစ်သံ ဟိန်းထွက်လာသည်။
” ကျောင်းတော်၏ စုံစမ်းစစ်ဆေးမှုများအရ ကျောင်းသားဝမ်ပေါင်လဲ့သည် ကျောင်းသားသစ်များအား စမ်းသပ်သည့် နတ်မီးလျှံစမ်းသပ်ပွဲတွင် မည်သည့်စည်းကမ်းကိုမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ အထူးဝင်ခွင့်ရကျောင်းသားဟူသည့် သူ၏နေရာကို ဆက်လက်ထိန်းသိမ်းထားပိုင်ခွင့် ရှိသည် “