ကျိုးရှင်းချီ ထိတ်လန့်နေဆဲမှာပင် နောက်ထပ်လေပြင်းတစ်ချက် သူမကို ဖျတ်ခနဲတိုက်ခတ်သွားပြီး အကြီးအကဲကျိုး ထွက်ပေါ်လာသည်။ သူက ဖြတ်ကျော်သွားရင်း ကြည့်၍ ပြုံးပြသွားသည့်အတွက် သူမသည်လည်း ပြန်လည် ခေါင်းညိတ် ပြလိုက်လေသည်။
အကြီးအကဲကျိုး၏မျက်နှာတွင် အပြုံးတစ်စရှိနေသည့်တိုင် စကားပြောလိုက်သည့်အခါ သူ့ပါးစပ်မှ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်၏အသံ ဟိန်းထွက်လာသည်။
“ငါ စိတ်ပြန်ပြောင်းသွားပြီ ပိုင်ရှောင်ချန်း။ ငါမင်းကို ဖမ်းမိပြီးသွားခဲ့ရင် မင်းကို တစ်လလုံးလုံး အငတ်ထားမယ်။ ပြီးရင် မင်းကို ဖီးနစ်ငှက်အုပ်အပြင် သားရဲကောင်တွေနဲ့ပါ ထားပစ်မယ်”
ကျိုးရှင်းချီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းဆီမှ သနားစရာကောင်းစွာ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။
“ကူညီပါဦး ဦးလေးလီ။ ကယ်ပေးပါဦး ဂိုဏ်းတူ အစ်ကိုကြီးရဲ့။ ကျုပ် အငတ်မခံချင်ဘူး။ ဖီးနစ်ငှက်တွေ သားရဲကောင်ကြီးတွေနဲ့ အတူမနေနိုင်ဘူး…. ”
ပိုင်ရှောင်ချန်းသည် ကြောက်လွန်း၍ တုန်လှုပ်နေပြီး အကြီးအကဲကျိုးကိုလည်း အတင်းအကြပ် တောင်းပန်နေတော့သည်။ သူက အော်ဟစ်နေရင်း အရိပ်တစ်ခုကဲ့သို့ မယုံနိုင်လောက်သော အရှိန်ဖြင့် ပြေးနေခဲ့သည်။
အရှေ့တွင် လုထျန်းလဲ့သည် လျှပ်စီး အသွင်ဖြင့် လျင်မြန်စွာ ပြေးနေသည်။ လမ်းကြောင်း၏ အစောပိုင်းအခြေအနေများသည် သူ့အတွက် လွယ်ကူနေသော်လည်း ယခုအခါ အရာရာတိုင်းက ပိုမို ခက်ခဲလာခဲ့သည်။ ယခုလက်ရှိ သူရင်ဆိုင်နေရသော နေရာတွင် ချွန်ထက်နေသော လေသင်တုန်းဓားများ ပြည့်နှက်နေသည်။ သူအကယ်၍ လျင်မြန်စွာရှေ့ဆက်ခဲ့လျှင် ထိုအရာများသည် သူ့ထံသို့ တည့်တည့်ပျံသန်းလာပေလိမ့်မည်။
စောစောက စမ်းသပ်ရန်အတွက် ရုပ်သေးရုပ်တစ်ရုပ်ကို ဆင့်ခေါ်ကာ သူစေလွှတ်ခဲ့သည်။ ထိုရုပ်သေးရုပ်က လျင်မြန်စွာ လှုပ်ရှားနိုင်သော်လည်း လေသင်တုန်းဓားများ၏ တစ်စစီ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ထိုအခြင်းအရာကြောင့် လုထျန်းလဲ့သည် အရှိန်လျော့ရုံမှလွဲ၍ ရွေးချယ်စရာမရှိကြောင်း သိရှိလိုက်သည်။ သူနှင့်သင့်တော်သည့် ဟန်ချက်တစ်ခုကို ရှာဖွေနိုင်မှသာ ရှေ့သို့ဆက်လက် ရွေ့လျားနိုင်လိမ့်မည်။
ရှန်ကွမ်းထျန်ယုံသည် သူ မမြင်နိုင်သော အကွာအဝေးသို့ပင် ရောက်နေပြီ ဖြစ်သည်။ သူ၏ပြီးပြည့်စုံသော ပင်ကိုယ်စွမ်းရည်အရ သူက ကိုယ်ယောင်ဖျောက်လိုက်ပြီး စွေ့ကနဲ့ ဖြတ်ကျော်သွားခဲ့ လေသည်။ လေသင်တုန်းဓားများသည် သူ့ကို ထိခိုက်သွားခြင်းမရှိပေ။ လုထျန်းလဲ့သည် ယခင်ကတည်းက သူ့ကိုယ်သူ ရှန်ကွမ်ထျန်းယုံနှင့် အဆင့်ချင်းတူညီသည်ဟု ယုံကြည်ထားသူဖြစ်ရာ သူ၏နှလုံးသားထဲတွင် အမုန်းတရားများပေါက်ကွဲမတတ် ဖြစ်လာတော့သည်။ ထို့နောက် သူတွေးမိလိုက်သည်။
“မင်းမှာ ဟင်းလင်းပြင်မှော်အတတ်ရှိနေခဲ့ရင်လဲ ဘာဖြစ်လဲ..။ အဲ့အရာက ဘယ်လောက်တောင် အံ့သြဖို့ကောင်းနေလို့လဲ။ ငါအခု ဒီနေရာကို ဖြတ်ပြီးတာကိုစောင့်နေလိုက်။ ငါသေချာပေါက် မင်းကို အမီလိုက်ပြီး ပထမနေရာကိုယူပြမယ် ”
ထိုအချက်ကိုကြည့်ခြင်းအားဖြင့် လုထျန်းလဲ့သည် ကျိုးရှင်းချီကို အံ့မခန်းပြိုင်ဘက်တစ်ယောက်အဖြစ် ယူဆခြင်းပင်မပြုချေ။ သူဂရုစိုက်သည့် တစ်ခုတည်းသောအရာက ရှန်ကွမ်းထျန်ယုံ ကိုအမီလိုက်ကာ ပထမနေရာကို အနိုင်ရရှိရန်ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေသင်တုန်းဓားများရှိသည့် အပိုင်းသို့ အရှိန်နှုန်းကိုတင်၍ သွားရန်ပြင်ဆင်လိုက်သည်။ ထိုအခါ သူ၏နောက်မှ လေပြင်းများ တိုက်ခတ်လာသံကို ကြားလိက်ရသည်။ နားအူမတတ်ဆူညံသောအသံက ပျံသန်းနေသော လေသင်တုန်းဓားများကိုလည်း ခါယမ်းသွားစေသည်။ ထိုအရာကို လုထျန်းလဲ့ မြင်သွားသည့်အခါ သူကျေနပ်ဝမ်းမြောက်စွာ ပြုံးလိုက်မိသည်။
” ဒါ သေချာပေါက် ကျိုးရှင်းချီပဲဖြစ်မယ်။ ဘယ်လိုတောင်မိုက်မဲလိုက်လဲ။ တကယ်လို့ ဒီနေရာကို အဲ့လို မြန်မြန်သွားခဲ့ရင် လေသင်တုန်းဓားတွေက သူမဆီကိုဘဲ ဦးတည်လာလိမ့်မယ်။ အဲဒီအချိန် ငါအရှေ့ကို မြန်မြန်ပြေးရမယ် ”
အနောက်ဘက်ကိုလှည့်ကြည့်လိုက်သည့်အခါ ပိန်ပါးသောလူငယ်တစ်ယောက်သည် သူ့ဆီသို့လျှပ်စီးလက်သည့်အလား ပြေးလာသည်ကို တွေ့လိုက်ရသည်။ လေသင်တုန်းဓားများပြည့်နေသည့် နေရာသို့ ထိုလူဝင်သွားပြီးပြီးချင်းတွင် ထိုလူသည် လမ်းကြောင်း၏ သုံးပုံတစ်ပုံကိုဖြတ်သွားပြီးဖြစ်နေကာ လုထျန်းလဲ့နှင့် မီတာ သုံးထောင်ခန့် ကွာဝေးသွားခဲ့ပြီးဖြစ်နေသည်။ သူ၏ မယုံကြည်နိုင်လောက်သော အမြန်နှုန်းကြောင့် မရေမတွက်နိုင်အောင်များပြားလှသော လေသင်တုန်းဓားများသည် မျက်စိတစ်မှိတ်အတွင်း ကြီးမားသောလေမုန်တိုင်းကဲ့သို့ ပတ်ချာလည်၍ စုစည်းသွားကြသည်။
ပထမဦးစွာ သူပင့်သက်ရှိုက်မိပြီး ပိုင်ရှောင်ချန်း၏ အမြန်နှုန်းကို တုန်လှုပ်မိသွားသည်။ ထို့နောက်တွင်မူ စိတ်ထဲ၌ရယ်လိုက်မိသည်။
“သူက ကျိုးရှင်းချီမဟုတ်ဘူးပေါ့။ ကောင်းပြီ..ဒါကအရေးမကြီးပါဘူး။ သူက အရမ်းမြန်တာဘဲ။ သူအသတ်ခံချင်နေတာများလား။ ကျင့်ကြံခြင်းကို လေ့ကျင့်တဲ့အခါမှာ တစ်ယောက်က တစ်ယောက်ကို အားကိုးသင့်တယ်။”
ရယ်မောလိုက်ပြီးနောက် လုထျန်းလဲ့သည် လေသင်တုန်းဓားများစုစည်းသွားသည်ကို ကြည့်နေလိုက်သည်။ တစ်ချိန်တည်မှာပင် သူ၏ပတ်ဝန်းကျင်ရှိလျှပ်စီးများကို စုစည်းလိုက်ပြီး ထွက်ပေါက်ဖန်တီးရင် ပြင်ဆင်လိုက်သည်။ သူမည်သည့် အမြန်နှုန်းမျှ မထည့်နိုင်ခင်အတွင်း ပိုင်ရှောင်ချန်းသည်အော်သံစူးစူးဖြင့် ပြေးနေပြီး အရှိန်လျော့လိုက်ခြင်းလည်း မရှိပေ။ သူအရှိန်တင်လိုက်သည့်အခါ တဂျုံးဂျုံးမြည်ဟည်းသံများ ပဲ့တင်ထပ်၍ထွက်ပေါ်လာသည်။
လေသင်တုန်းဓားများ အများအပြားရှိနေပြီး အရည်အတွက်မည်မျှရှိကြောင်း ပြောရန်မဖြစ်နိုင်ပေ။ ထိုအရာများသည် ပိုင်ရှောင်ချန်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသောအခါ အားလုံးကွဲကြေပျက်စီးသွားရာ လုထျန်းလဲ့ကို ထိတ်လန့်သွားစေသည်။
မရေမတွက်နိုင်သော လေသင်တုန်းဓားများသည် အပိုင်းအစများအဖြစ်ပြုတ်ကျကုန်ကြသည်။ ထို့နောက် တချိန်ထဲမှာပင် အသစ် ပြန်လည်ဖြစ်ပေါ်လာကြပြန်သည်။ ပိုင်ရှောင်ချန်းက လုထျန်းလဲ့ကို ဖြတ်ကျော်သွားခဲ့သည်။ လေသင်တုန်းဓားများသည် သူ့ကို လွယ်လွယ်ဖြင့် အလွတ်မပေးကြဘဲ ဝိုင်းရံလာသည်။
လုထျန်းလဲ့ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏မျက်လုံးများသည်လည်း ပြူးကျယ်သွားသည်။ ထို့နောက် သူ၏ခေါင်းကြိမ်းသွားပြီး သူ၏စိတ်သည်လည်း စတင်ရှုပ်ထွေးလာသည်။
“ဒါ မဖြစ်နိုင်ဘူး…” သူသည် ကွဲအက်နေသောအသံဖြင့်ပြောလိုက်သည်။ မရေမတွက်နိုင်အောင်များပြားလှသော လေသင်တုန်းဓားများသည် ပိုင်ရှောင်ချန်းကို မတားဆီးနိုင်မီ ပိုင်ရှောင်ချန်းက ဖြတ်ကျော်သွားခဲ့လေပြီ။
လေသင်တုန်းဓားများသည် ဒေါသတကြီး တုန်ခါကာ ရပ်တန့်သွားကြပြီးနောက် လုထျန်းလဲ့ဆီသို့ ဖြည်းညင်းစွာလှည့်လာသည်။
လုထျန်းလဲ့၏ရင်ဘတ်မှာ တဒိန်းဒိန်းခုန်လာပြီး ချက်ချင်းလက်ငင်း အရှိန်လျော့လိုက်သည်။ မည်မျှပင်ဖြစ်စေ ပိုင်ရှောင်ချန်းကြောင့် လုံးဝမချင့်မရဲဖြစ်နေကြပြီဖြစ်၍ လေသင်တုန်းဓားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ထံသို့ ခုန်အုပ်ကြလေသည်။
“မဖြစ်ဘူး…မဖြစ်ဘူး”
တစ်ခဏလောက်ကြာပြီးနောက် နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ပိုင်ရှောင်ချန်းသည်ရှေ့သို့ ပြေးနေစဉ် သူ၏နောက်မှ သွေးပျက်ခမန်းကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည့်အတွက် အနည်းငယ်အံ့သြသွားသည်။ သို့သော်လည်း သူ့အတွက်နောက်သို့လှည့်ကြည့်ရန် အချိန်မရှိပေ။ အကြီးအကဲကျိုးသည် သူ၏နောက်တွင်ရှိနေသေးပုံပေါ်ပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုနေကာ ပိုင်ရှောင်ချန်းကို ရွေးချယ်ခွင့်မပေးဘဲ အံကိုကြိတ်လျက် နာကျင်နေသော မျက်နှာအမူအယာဖြင့် ရှေ့ဆက်ဖမ်းမည့်ပုံပေါ်သည်။
အကြီးအကဲကျိုးသည် လည်ပတ်လှုပ်ရှားနေသည့် မရေမတွက်နိုင်သောလေသင်တုန်းဓားများဆီမှ လုထျန်းလဲ့ကို ကယ်တင်လိုက်သည်။ အကယ်၍သူသာ နောက်ကျခဲ့သည်ရှိသော် လုထျန်းလဲ့၏ ဝတ်စုံသည် နုပ်နုပ်စဉ်းထားသည့်အတိုင်း ဆိုးရွားစွာစုတ်ပြဲနေမည်ဖြစ်ပြီး သူ့တွင်လည်း ရွေးချယ်စရာမရှိဘဲအရှုံးပေးလိုက်ရလိမ့်မည်။
နီရဲနေသောမျက်လုံးများဖြင့် နောက်ဆုံးတွင်လုထျန်းလဲ့သည် ပိုင်ရှောင်ချန်းက မည်သူမည်ဝါဖြစ်သည်ကို နားလည်သဘောပေါက်သွားသည်။ ဒေါသများပြည့်နေသောအသံဖြင့် သူ ဟိန်းဟောက်အော်ဟစ်လိုက်သည်။
“ပိုင်ရှောင်ချန်း…”
ပိုင်ရှောင်ချန်းသည် သူ၏လုပ်ရပ်ကြောင့် တခြားလူတစ်ယောက် မုန်းသွားသည်ကို သတိမထားမိဘဲ အရှိန်ကိုမြှင့်၍သာ ဆက်ပြေးနေလေသည်။ များပြားလှစွာသော နေရာလွတ်များကိုလည်း ဖြတ်၍ပြေးနေသည်။ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးလောက်သည့်အချိန်တွင် တံတား၏အစွန်းကို မြင်လိုက်ရသည်။
“ငါနောက်ဆုံးတော့ အဆုံးနား ရောက်လာပြီဘဲ” သူသည်စိတ်လှုပ်ရှားစွာတွေးမိလိုက်သည်။
သူသတိမထားမိသည့်အရာက တံတားအဆုံးနားတွင် တစ်စုံတစ်ယောက်က တစ်လှမ်းခြင်းရှေ့သို့သွားနေခြင်းဖြစ်သည်။
ရှန်ကွမ်းထျန်ယုံသည် မောဟိုက်ပင်ပန်းစွာ သွားနေသည်။ လမ်းကြောင်း၏နေရာအများစုက သူ့အတွက် အလွန်လွယ်ကူခဲ့သည်။ တံတားအဆုံးနားသို့ရောက်သည့်အခါမှ အခက်အခဲများ တိုး၍လာခဲ့သည်။
“ဒီနေရာက စိတ်စွမ်းအားကိုလျော့နည်းစေပြီးတော့ ဒီလောက်များတဲ့ဖိအားတွေရှိတာ ငါမယုံနိုင်ဘူး”
အရှေ့သို့ဆက်လက်သွားနေရင်း သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောအရောင်များလက်နေသည်။ ဤနေရာတွင် စိတ်စွမ်းအားများကို တင်းကြပ်စွာပိတ်ဆို့ထားပြီး ကြီးမားလှသော ဖိအားတစ်ခုလည်း ရှိနေသေးသည်။ သူ၏ပခုံးပေါ်တွင်တောင်ကြီးတစ်လုံး ထမ်းနေရသကဲ့သို့ ခံစားနေရသည်။ ပို၍ထိတ်လန့်သွားစေသည်က ခြေတစ်လှမ်းလှမ်းသည့်အခါတိုင်း အခြားတောင်တစ်လုံးက ထပ်ပြီးတိုးလာသကဲ့သို့ ခံစားလာရခြင်းပင်။ စုစုပေါင်းခြေလှမ်း တစ်ရာသာလှမ်းရန်လိုသော်ငြားလည်း ခက်ခဲမှုကပို၍ကြီးမားလာပြီး ခန္ဓာကိုယ်မှာလည်း တုန်လှုပ်လာသည်။ သူ၏ခန္ဓာကိုယ်သည် သူ၏ကန့်သတ်ချက်အဆုံးစွန်ထိ ရောက်နေပြီဖြစ်သည်။
အဆုံးနားသို့နီးလာသည်နှင့်အမျှ ဖိအားသည်လည်း ကြီးမားလာသည်။ ထို့နောက် သူ၏ပခုံးထက်သို့ တောင်များပို၍ရှိလာသကဲ့သို့ ခံစားရသည်။ နောက်ဆုံးတွင် သူသည် ခြေလှမ်းဆယ်လှမ်းလောက်သာ လှမ်းရန်ကျန်သည့်နေရာသို့ ရောက်လာသည်။ သို့သော်လည်း ထိုခြေဆယ်လှမ်းလေးသည်ပင် ကျော်လွှား၍မရနိုင်မည့်ပုံပေါ်သည်။
ရှန်ကွမ်းထျန်ယုံသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ဆုံးဖြတ်ချက်ခိုင်မာပြန်သားဟန်များ ပေါ်လာသည်။
“အရည်အချင်းစစ်ပွဲရဲ့ ပထမနေရာကို ငါပဲပိုင်တယ်။ ငါလက်ရွေးစင်ပြိုင်ပွဲမှာ အနိုင်ရရမယ်။ပြီးတော့ ငါပထမနေရာကိုယူပြမယ်။ ငါအတွင်းစည်းထဲ ရောက်သွားလို့ရှိရင် အနာဂတ်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေဆက်ခံသူ ဖြစ်လာမှာဘဲ။” အံကိုကြိတ်လိုက်ပြီး နောက်ခြေတစ်လှမ်းလှမ်းရန် ပြင်နေစဥ် သူ၏နောက်တွင် လူတစ်ယောက် ရောက်လာနေသည်ဟုခံစားမိပြီး လှည့်ကြည့်လိုက်ရာ ပိုင်ရှောင်ချန်းကို မြင်လိုက်ရသည်။
“ဒါ.. သူပေါ့” တောင်ဘက်ခြမ်းတွင် ပိုင်ရှောင်ချန်းကိုမသိသည့် လူအနည်းငယ်သာရှိသည်။ ရှန်ကွမ်းထျန်ယုံသည် သူ့ကို လူကိုယ်တိုင်မတွေ့ဖူးသော်လည်း သူ၏စျာပနပွဲသို့တက်ခဲ့ပြီး ပုံတူပန်းချီကိုမြင်ဖူးထားလေသည်။ ပိုင်ရှောင်ချန်းက သူ၏နောက်တွင်ရောက်နေသည်မှာ အတန်ငယ်အံ့သြစရာဖြစ်နေသည်။ သူက လုထျန်းလဲ့ဖြစ်မည်ဟုသာ ယူဆခဲ့သည်။
” ငါလုထျန်းလဲ့နဲ့ ပတ်သတ်ပြီး အတွေးလွန်သွားတာပါ။ ဘယ်လောက်တောင် အသုံးမကျတဲ့အရူးလဲ ”
အဝေးကိုကြည့်လိုက်ပြီး ရှန်ကွမ်းထျန်ယုံသည် ပိုင်ရှောင်ချန်းကို လုံးဝလျစ်လျူရှူလိုက်လေသည်။ သူသည် စိုးရိမ်ပူပန်နေဟန်ရှိသော်လည်း ပိုင်ရှောင်ချန်းနှင့်ယှဥ်လျှင် လုံးဝကွဲပြားခြားနားသော အဆင့်တွင်ရှိနေသည်။ သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့လှမ်းလိုက်သည့်အခါ သူ၏အရိုးများကြားမှထွက်ပေါ်လာသော မြည်သံများကို ကြားလိုက်ရသည်။
သို့သော် သူသည် ထိုခြေလှမ်း တစ်လှမ်းသာ လှမ်းသကဲ့သို့…. ပိုင်ရှောင်ချန်းသည်လည်း ရှေ့တစ်လှမ်းလှမ်းနေသည်။ သူဘာမျှမခံစားမိသည့်အခါ ဒုတိယတစ်လှမ်းကို လှမ်းပြန်သည်။ ထို့နောက် တတိယတစ်လှမ်း….စတုတ္ထတစ်လှမ်း…
မကြာမှီတွင် သူသည်ခြေလှမ်းပေါင်း ငါးဆယ်လှမ်းပြီးသွားပြီး ရပ်လိုက်ကာ လေထဲကို ကြည့်ရှူလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။ ငါဘာကြောင့်လေးလံသလို ခံစားနေရတာလဲ”
ယခုအခါ ရှန်ကွမ်ထျန်းယုံသည် တုန်ခါနေပြီး သူ၏ခြေထောက်ကို ခြေတစ်လှမ်းပြီးအောင် ချလိုက်ရသည်။ ခြေလှမ်းကိုးဆယ်ကျော်လှမ်းပြီးနောက်တွင် သူသည် ပြိုလဲလုနီးပါးခံစားနေရပြီဖြစ်သည်။ သူ အသက်ရှူမရဖြစ်နေပါသော်လည်း ကျေနပ်အားရနေသည်။ ထို့နောက် အနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ပိုင်ရှောင်ချန်းသည် ခြေလှမ်းငါးဆယ် လှမ်းပြီး ရပ်နေသည်ကိုမြင်လိုက်ရသည်။
သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“သူ.. ဘယ်…ဘယ်လောက်… မြန်မြန်သွားနေလို့လဲ”
အံ့အားသင့်စွာကြည့်လိုက်ပြီးနောက် အံကို ခပ်တင်းတင်းကြိတ်လိုက်မိသည်။
“သူက အပြင်အားပညာရပ်ကို ကျင့်ကြံထားတဲ့သူ ဖြစ်ရမယ်။ အဲ့ကျင့်စဥ်က သူ့ကိုအစပိုင်းမှာ အကူအညီပေးတာဘဲ ဖြစ်မယ်။ ဒါပေမဲ့အဆုံးနားရောက်ရင်တော့ သူ့အတွက်ခက်ခဲသွားမှာဘဲ။သူ….”
ရှန်ကွမ်ထျန်းယုံ၏အတွေးရထားမပြီးဆုံးမီ ပိုင်ရှောင်ချန်းက ရုတ်တရက်ပြေးလာသောကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ကြောက်စိတ်များဝင်ရောက်လာသည်။
“ပြေး…သူ…သူ..ပြေးနေတာလား” ရှန်ကွမ်ထျန်းယုံသည် မျက်လုံးပြူးကြီးဖြင့် သူ့ဆီသို့ ပိုင်ရှောင်ချန်း သွက်သွက်ပြေးလာနေသည်ကို ကြည့်နေလေသည်။
“ဟေး…မင်းဘာလို့ဒီလောက်နှေးနှေးလေး သွားနေတာလဲ” ဟု ပိုင်ရှောင်ချန်းကမေးလိုက်သည်။ သူ၏ပခုံးကိုကျော်ကြည့်လိုက်သည့်အခါ အကြီးအကဲကျိုး၏ အရိပ်အယောင်ကိုမမြင်ရသဖြင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
“မင်း.. ပခုံးမှာတောင်တွေထမ်းထားရသလို မခံစားရဘူးလား” ရှန်ကွမ်ထျန်းယုံ၏မျက်ခုံးမွှေးလေး တွန့်ကွေးသွားပြီး ထိုအကြောင်းမတွေးဘဲ မေးလိုက်သည်။
“တောင်တွေလား” ပိုင်ရှောင်ချန်းက အကြိမ်အနည်းငယ် ခုန်လိုက်ဆင်းလိုက်လုပ်နေရင်းဖြင့်
“အ..အမ်..ဟုတ်တယ်..နည်းနည်းလေးလေ။ ဒါပေမဲ့ ငါတော်တော်နဲ့ မခံစားရပါဘူး” ရှန်ကွမ်းထျန်ယုံသည် မယုံနိုင်စွာဖြင့် ပင့်သက်ရှိုက်လိုက်လေသည်။
ပိုင်ရှောင်ချန်းသည် အကြိမ်အနည်းငယ် ခုန်လိုက်ဆင်းလိုက်ဆက်၍လုပ်နေသည်။ သို့သော်ရုတ်တရက် အဝေးမှအကြီးအကဲကျိုးကိုလှမ်းမြင်လိုက်ရလေသည်။ သူသည် စူးစူးဝါးဝါးအော်ဟစ်လျက် နောက်ဆုံးခြေလှမ်းကိုးလှမ်းကို တံတားပေါ်တွင် လျှောက်လှမ်းလိုက်သည်။ ထို့နောက် အမြန်နှုန်းသိသိသာသာတိုးလာပြီး မြင်ကွင်းမှပျောက်သွားတော့သည်။
ထိုကဲ့သို့ဖြစ်ပျက်သွားချိန်တွင် အကြီးအကဲကျိုးသည် နောက်ဆုံးအရှိန်ကိုလျော့ချလိုက်ပြီးနောက် စတင်၍ စိတ်ပျက်လက်ပျက်နှင့် တိုးတိတ်စွာ ရယ်မောလိုက်သည်။
“ပိုင်ရှောင်ချန်း တကယ်ကို ပထမရသွားတာလား..”
တစ်ချိန်တည်းမှာပင် ပွဲကြည့်စင်ပေါ်ရှိ ကျိန်းယွမ်သုန်၊ လီချင်းဟောက်နှင့် လူအားလုံးက လှမ်းကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာအမူအယာသည်လည်း အံ့သြနေကြပုံပေါ်သည်။ အကြီးအကဲတိုင်းသည် သူတို့မြင်နေရသည်ကို မယုံနိုင်ကြပေ။ ပိုင်ရှောင်ချန်းသည် ကျိုးရှင်းချီနှင့် လုထျန်းလဲ့ကိုကျော်တက်စဥ်တည်းက အံ့အားသင့်ဖွယ်ရလဒ် ထွက်လာမည်ကို ကြိုတင်သိရှိပြင်ဆင်ထားကြသော်လည်း ပိုင်ရှောင်ချန်းကနောက်ဆုံးအပိုင်းကို အံ့ဩစရာသက်သက်သာသာဖြင့် ဖြတ်သန်းသွားခဲ့သည်။
“သူ…ပထမရသွားတယ်ပေါ့..” လီချင်းဟောက် တီးတိုးရေရွတ်မိလိုက်သည်။
ခဏကြာပြီးနောက်တွင် အရည်အချင်းစစ်ပွဲကို ကြည့်ရှူရန်လာရောက်ကြသော ဂိုဏ်းသားများဆီမှ ကျွတ်ကျွတ်ညံဆူနေသောအသံများကို ကြားလာရသည်။
“ပိုင်ရှောင်ချန်းက… ကျိုးရှင်းချီ၊ လုထျန်းလဲ့နဲ့ ရှန်ကွမ်းထျန်ယုံ ကိုကျော်တက်ပြီး ပထမနေရာယူသွားတာပေါ့”
“ဘုရားရေ…ပိုင်ရှောင်ချန်းက ပထမနေရာကို တကယ်ရသွားတာပဲ”
“သူ ဒီလိုပထမရသွားတာက အကြီးအကဲကျိုးကြောင့်ဘဲ။ ဘယ်သူမဆို ကိုယ့်နောက်ကို လိုက်နေရင် အဖမ်းမခံရအောင်ပြေးမှာဘဲလေ”
ရှန်ကွမ်းထျန်ယုံ၏ မျက်နှာသည် ဖြူလျော်နေပြီး စိတ်သည်လည်းရှုပ်ထွေးနေသည်။ သူ၏ အမြင်အာရုံများ ဝေဝါးလာပြီး သူ၏စိတ်ထဲတွင်လည်း လျှပ်စီးများ လက်နေသည့်အလား ဖြစ်နေသည်။ ပိုင်ရှောင်ချန်းသည် သူ၏အရှေ့တွင် တံတားကိုရိုးရှင်းစွာ ဖြတ်လျှောက်သွားသည်ကို မြင်ခဲ့ရသည်။ သူပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။
“ပိုင်ရှောင်ချန်းးး..”
ရှန်ကွမ်းထျန်ယုံ၏ မျက်လုံးများက လုံးဝ နီရဲနေသည်။ သူ၏မာန၊ မိမိကိုယ်ကို လေးစားမှု ၊ သူနှင့်ပတ်သက်သော အရာအားလုံးကို ပိုင်ရှောင်ချန်းက တက်နင်းသွားခဲ့လေပြီ။ အားလုံးထဲမှ အဆိုးရွားဆုံးက ပိုင်ရှောင်ချန်းမှ သူ့ကို ဘာကြောင့်နှေးကွေးစွာသွားနေတာလဲ ဟုမေးခဲ့ခြင်းဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှသွေးများအားလုံးသည် ဦးခေါင်း ဆီသို့အလျင်အမြန်ရောက်ရှိလာပြီး သူ၏အတွင်းရှိ ချီသည်လည်း ပေါက်ကွဲလုနီးပါးဆူဝေနေသည်။ သူ့ မျက်လုံးတွေနီရဲလာပြီး လေတိုက်ခတ်သည့်အလား ရှေ့သို့ပြေးဝင်သွားရာ ခြေကိုးလှမ်းမျှလှမ်းပြီးနောက်တွင် သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
“ပိုင်ရှောင်ချန်း..ငါ..ရှန်ကွမ်းထျန်ယုံ ဒီနေ့ရှုံးခဲ့တယ်။ ငါ…အရှုံးကိုဝန်ခံဖို့ ငြင်းဆန်တယ်။
လက်ရွေးစင်ရွေးချယ်ပွဲမှာ အပြင်စည်းဂိုဏ်းသားတွေထဲက ဘယ်သူမှငါ့ကိုမနိုင်ဘူးဆိုတာ မင်းသဘောပေါက်သွားအောင် ငါသေချာလုပ်ပြမယ် ” သူက အံကြိတ်လိုက်ပြီး ပိုင်ရှောင်ချန်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများဖြင့် ကြည့်နေတော့သည်။