အခန်း (၈၄) ဘဝဆိုတာ ဇာတ်စင်မြင့်တစ်ခုလိုပဲ၊ သရုပ်ဆောင်မှုစွမ်းရည်အပေါ် မူတည်တယ်
လျှာကိုက်မိသည့်အလား ဖြစ်နေသော အားဟူကို ကြည့်၍ ရန်ကျောက်ကဲသည် ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။ “ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ”
“ငါတို့လက်ထဲမှာ ရှိတဲ့ သတင်းအချက်အလက်နဲ့ ငါ့ထင်မြင်ချက်ကို မင်းက ပြန်တင်ပြပေးရုံပဲ၊ နောက်ဆုံးဆုံးဖြတ်ချက်ကို သူတို့ပြန်အသိပေးတာကို ငါတို့ စောင့်နေရုံပဲ”
“သူတို့က ပွဲကြီးကြီးစမယ်ဆို ငါတို့ကလည်း သူတို့နောက် လိုက်ရတာပေါ့”
“တကယ်လို့ သူတို့က ထိပ်တိုက်ရင်မဆိုင်ရဲလို့ အရင်တုန်းကအတိုင်း လိပ်ခွံထဲ ခေါင်းဝင်နေမယ်ဆိုရင်လည်း ငါတို့ကလည်း ဘေးကင်းတဲ့နေရာ ရှာပုန်းနေတာပေါ့၊ ဒါက မီးနယ်မြေမဟုတ်ဘူးလေ၊ နေသူတော်စင်ဂိုဏ်းက မြေလှန်ရှာရင်တောင် ငါတို့ကို တွေ့ဖို့ လွယ်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲ၏စကားများကို ကြားပြီး အားဟူက သွားဖြီးပြလိုက်သည်။ “မင်းသား၊ ဒီတစ်ခါ ကျွန်တော်တို့က အကြီးကြီး ကစားနေတာပဲ၊ သာမာန်အခြေအနေအတိုင်းဆို ဒီလိုဟာမျိုးက ကျွန်တော်တို့လိုအဆင့်နဲ့ လက်လျှိုဝင်ဖို့ ရလောက်တဲ့ဟာမျိုး မဟုတ်ဘူး”
“ကျွန်တော်တို့ နည်းနည်းလောက် သတိလက်လွတ်ဖြစ်သွားရင် တကယ်လို့ ဝါဒတောင်ဂိုဏ်း အနိုင်ရရင်တောင် မင်းသားက စတေးခံရလောက်တယ်”
သူ့စကားများကို ကြားသောအခါ ရန်ကျောက်ကဲက ရယ်မောလိုက်သည်။ “အားထုတ်မှုက တန် မတန်ဆိုတာ ရနိုင်တဲ့အကျိုးအမြတ် ဘယ်လောက်ကြီးမားတယ်ဆိုတဲ့အပေါ်ပဲ မူတည်တယ်”
သူ ပြုံးနေသည်ကို ရပ်လိုက်ပြီး ရန်ကျောက်ကဲက ခပ်ဖြည်းဖြည်း ပြောသည်။ “ဘယ်နှကြိမ်ပဲ အဲ့လိုအခြေအနေကို ပြန်ရောက် ပြန်ရောက်၊ ငါက ရှောင်ရှန်းကို သတ်ဦးမှာပဲ၊ အလွတ်ပေးဖို့ မစဉ်းစားထားဘူး”
“ဒါပေမယ့် ငါတို့ဂိုဏ်းရဲ့ စုစုပေါင်းအင်အားအရ နေသူတော်စင်ဂိုဏ်းနောက် ခြေတစ်လှမ်း နောက်ကျနေတယ်၊ ဒီကွာဟမှုကို ပြင်ဆင်ဖို့ နည်းလမ်းကို မတွေးဘဲ ဒီအတိုင်းဆက်သွားရင် ငါတို့ ခြေလှမ်းတိုင်းမှာ နောက်ကျသွားနိုင်တယ်”
“ဘယ်လိုပဲဖြစ်ဖြစ် နေသူတော်စင်ဂိုဏ်းက တိုးတက်နေမှာပဲလေ၊ ငါတို့ကို ရပ်စောင့်နေမှာ မဟုတ်ဘူး၊ အပြန်အလှန်အနေနဲ့ သူတို့က သူတို့ရဲ့အသာရမှုကို အသုံးချပြီး ငါတို့ကို တတ်နိုင်သမျှ အားနည်းသွားအောင် လုပ်နိုင်တယ်”
ရန်ကျောက်ကဲက အားဟူအား ကြည့်လိုက်သည်။ “တကယ်တော့ မင်းက ငါနဲ့အတူ အရဲစွန့်ပြီး မလိုက်သင့်ဘူး၊ မင်းပါ မတော်တဆ ထိခိုက်လာနိုင်တယ်”
အားဟူက ရိုးသားသော အပြုံးကို ဆင်မြန်းလိုက်သည်။ “ကျွန်တော် သေချာပေါက် မင်းသားနောက်က လိုက်မှာပါ”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းသားဘေးမှ တစ်ယောက်မှ မရှိဘူးဆို ဒါက ပုံမှန်မဟုတ်ဘူးလေ”
“ကျွန်တော်တို့ လေဝိဉာဉ်တောင်ကြားက ထွက်လာတယ်ဆိုတာ အရှေ့တန်ရဲ့အခြေအနေကို စိုးရိမ်တာကြောင့်လဲ ဖြစ်နိုင်တယ်လေ၊ ရန်သူက ဒါကို သံသယဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းသားသာ တစ်ယောက်ထဲ လှုပ်ရှားရင် ရန်သူက သူတို့အစီအစဉ်ပေါ်ပေါက်သွားပြီဆိုတာ ရိပ်မိသွားလိမ့်မယ်”
ရန်ကျောက်ကဲက သူ့ပုခုံးကို ပုတ်လိုက်သည်။ “သွား အရင် သတင်းသွားပို့၊ ပြီးမှ ငါတို့ ဘာဆက်လုပ်ကြမလဲ စီစဉ်ကြမယ်”
အားဟူက ခေါင်းငြိမ့်၏။ “ဟုတ်ကဲ့၊ မင်းသား”
ဝါဒတောင်အုပ်စုသည် နေသူတော်စင်ဂိုဏ်း၏မြင်ကွင်းမှ ရှောင်ရှားရန် ဟိုကွေ့၊ ဒီပတ်နှင့် တိတ်တဆိတ် ခရီးဆက်လာကြသည်။
ယခင်က နေသူတော်စင်ဂိုဏ်းအင်အားစုများမှာ အရှေ့တန်နိုင်ငံထဲရှိ သူတို့ပိုင်ဆိုင်သော နေရာများတွင်သာ ရှိနေခဲ့သည်။ ယခုအခါ သူတို့သည် နေရာတိုင်းကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကာ အထူးသဖြင့် ကျင်းယန်မြို့သို့ သွားသည့် လမ်းပေါ်တွင် ဖြစ်သည်။
သို့သော်လည်း ဝါဒတောင်က ဤနေရာတွင် အခြေချလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို အရှေ့တန်ဘုရင်ကျောက်ရှီချန်း၏ ထောက်ခံမှုကိုလည်း ရရှိထားလေရာ အရှေ့တန်နိုင်ငံထဲမှ ဝါဒတောင်ဂိုဏ်း၏လျှို့ဝှက်စုရပ်အနည်းငယ်ကိုတော့ နေသူတော်စင်ဂိုဏ်း မသိနိုင်ခဲ့ပေ။
ရန်ကျောက်ကဲ တွေးထားသည့်အတိုင်းပင် သူတို့သည် ကောင်းကင်ဒေသထဲ၌ ပုန်းအောင်းဖို့ကိုသာ အာရုံစိုက်ထားပါက နေသူတော်စင်ဂိုဏ်းသည် အချိန်တိုလေးအတွင်း ရှာတွေ့လိမ့်မည်မဟုတ်ပေ။
အရှေ့တန်တစ်ခုလုံးက သူတို့ထိန်းချုပ်မှုအောက်ကို လုံးဝ မရောက်သရွေ့ သူတို့အနေဖြင့် စိတ်ရှည်ရှည်ဖြင့် မြေလှန်ရှာရန် မဖြစ်နိုင်ပေ။
ရက်အနည်းငယ် ကြာပြီးနောက် ရှု့ချွမ်က ရန်ကျောက်ကဲကို လာရှာသည်။ “သခင်လေးရန်၊ ကျောက်မင်းကြီးနဲ့ အခြားသူတွေ ကျင်မင်းသားကျောက်ရှီလီ အပိုင်စားရထားတဲ့ နယ်မြေကို သွားပါတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်သည်။ “အကွက်ကောင်းပဲ”
“ငါတို့ ပုန်းလျှိုးကွယ်လျှိုးနေပြီး ကျင်းယန်မြို့ကို မပြန်တာက နားလည်လို့ ရသေးတယ်၊ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ ဦးရီးတော်ကျောက်သာ သူ့မြို့တော်ကို မပြန်ရင် သေချာပေါက် သံသယဖြစ်လာလိမ့်မယ်”
“ဒါပေမယ့် ဦးရီးတော်ကျောက်က ကျောက်ရှီလီရဲ့ပိုင်နက်ကို သွားလိုက်တော့ သူအချိန်လဲ ပိုရမယ့်အပြင် သူ့အပေါ်ရှိနေတဲ့ သံသယတွေကိုလည်း ရှင်းလင်းပြီးသားဖြစ်သွားမယ်”
“ကျောက်ရှီလီက ဦးရီးတော်ကျောက်ကြောင့် အပြင်းအထန်ဒဏ်ရာရနေတာပဲ၊ သူနဲ့ မဟာအစီအရင်ကြား ဆက်သွယ်မှုက လုံးဝ ပြတ်တောက်နေတယ်”
“မဟာအစီအရင်ရဲ့စွမ်းအားကို ယူသုံးလို့မရဘဲ ကျင်းယန်မြို့ထဲမှာ ဆက်နေတာက ဦးရီးတော် ပြန်လာပြီး ရိုက်နှက်တာကို စောင့်နေတာနဲ့ အတူတူပဲ၊ သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက သူ အပိုင်စားရတဲ့နယ်မြေကို ပြန်ဆုတ်ပြီး အရှေ့တက်နေဝန်းဘုရင်နဲ့ အကြီးအကဲချင်ကြား တိုက်ပွဲက အဖြေထွက်လာတာကို စောင့်နေဖို့ပဲ”
ရန်ကျောက်ကဲက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ကျောက်ရှီလီဆီမှာ နေသူတော်စင်ဂိုဏ်းက ထောက်ပံ့ထားတဲ့ အရင်းအမြစ်တော်တော်များများ ရှိမှာပဲ”
“ကျောက်ရှီလီရဲ့အသိုက်ကို လုယက်၊ ရသမျှယူပြီး အဲ့တာတွေနဲ့ ဦးရီးတော်ကျောက်က ကျင်းယန်မြို့က ထိခိုက်ပျက်စီးတဲ့နေရာတွေကို ပြင်ဆင်ဖို့ အသုံးပြုနိုင်တယ်”
သူ့စကားများကို ကြားပြီးနောက် ရန်ရှု့က ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ “ကျင်းယန်မြို့ရဲ့မဟာအစီအရင်ကို ရဖို့ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် ဒီစစ်ပွဲမှာ ကျောက်ရှီလီရဲ့ အခန်းကဏ္ဌက သိပ်အရေးမပါနိုင်တော့ဘူး”
“နေသူတော်စင်ဂိုဏ်းရဲ့ ထိပ်သီးကျင့်ကြံသူတွေမှာလဲ သူတို့ပြဿနာနဲ့ သူတို့ပဲ၊ သူတို့မှာ သူ့ကို ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး၊ အရာအားလုံး အခြေတကျ ဖြစ်တဲ့အချိန်အထိ ကျောက်ရှီလီက တွင်းအောင်းနေရမှာပဲ၊ ပြီးတော့မှပဲ သူ ထွက်လာရဲမယ်”
“အရှေ့တက်နေဝန်းဘုရင်နဲ့ နေသူတော်စင်ဂိုဏ်းက အခြားထိပ်တန်းကျင့်ကြံသူတွေ အနိုင်ရခဲ့ရင် ကျင်းယန်မြို့က ခုခံဖို့ ခက်ခဲလိမ့်မယ်၊ အဲ့အချိန်ကျရင် ကျောက်ရှီလီက အရှေ့တက်နေဝန်းဘုရင်နဲ့ အခြားသူတွေ နောက်က လိုက်လာမှာပဲ”
“အရှေ့တက်နေဝန်းဘုရင် ရှုံးနိမ့်သွားရင် ကျောက်ရှီလီက မီးနယ်မြေထဲကို ထွက်ပြေးပြီး နေသူတော်စင်ဂိုဏ်းရဲ့လက်အောက်မှာ ခိုလှုံလောက်တယ်”
ရှု့ချွမ်သည် ရန်ကျောက်ကဲအား ကြည့်လျက် အနည်းငယ် တုံ့တိတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။ “ဒါပေမယ့် နေသူတော်စင်ဂိုဏ်းရဲ့ထိပ်တန်းကျင့်ကြံသူတွေက စောနက ကျွန်တော်တို့ကို ချုံခိုစောင့်နေသလို ကျောက်ရှီလီရဲ့နယ်မြေနားမှာလဲ အကြံအစည်တစ်မျိုးနဲ့ စောင့်နေရင်….”
ရန်ကျောက်ကဲက ခေါင်းခါလိုက်သည်။ “သူတို့က ကျောက်ရှီလီကို မျက်လုံးထဲ ထည့်မထားဘူး”
“ပြီးတော့…” ရန်ကျောက်ကဲ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “ပြီးတော့ ငါက ရှောင်ရှန်းကို သတ်ခဲ့တော့ သူတို့ရဲ့အဓိကပစ်မှတ်က ငါပဲဖြစ်လောက်တယ်”
ထိုသို့ပြောပြီး ရန်ကျောက်ကဲသည် ရှု့ချွမ်အား လှည့်ကြည့်လိုက်သည်။ “ကျွန်တော်နဲ့အတူ ဒီအန္တရာယ်ကြားကို ဆွဲခေါ်မိတဲ့အတွက် အကြီးအကဲရှု့ချင်နဲ့ ဝါဒတောင်ဂိုဏ်းတူညီအကိုတွေကို ဒုက္ခပေးမိပါပြီ”
ရှု့ချွမ် ပြုံးလိုက်သည်။ “သခင်လေးရန် အလေးထားမနေပါနဲ့၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပေမယ့် သခင်လေးရန်ကပဲ အောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
ရန်ကျောက်ကဲသည် ရှု့ချွမ်အား ကြည့်လိုက်သည်။ “အကြီးအကဲရှု့က ဘာလို့ အဲ့လိုပြောတာလဲ”
ရှု့ချွမ်က အသံပေးပို့လိုက်သည်။ “လက်ရှိမှာ နေသူတော်စင်ဂိုဏ်းရဲ့ ထိပ်တန်းကျင့်ကြံသူတွေ ရောက်နေပေမယ့် သခင်လေးရန်မှာလဲ အားကိုးစရာတစ်ခုခုတော့ ရှိတယ်မလား”
“သခင်လေးရန် ရှောင်ရှန်းကို သတ်တာက မတော်တဆသက်သက်ပဲ ဖြစ်လောက်တယ်၊ သခင်လေးရဲ့ နဂိုပစ်မှတ်က နေသူတော်စင်ဂိုဏ်း မဟုတ်လောက်ဘူး၊ အဲ့တာက… “
ရှု့ချွမ်သည် လက်ချောင်းဖြင့် လေထဲတွင် ရန်ရှု့ဟူသော စာလုံးနှစ်လုံး ဆွဲပြလိုက်သည်။
ရန်ကျောက်ကဲက ဖြည်းညှင်းစွာ ခေါင်းခါလိုက်သည်။ “ဒီကိစ္စက လျှို့ဝှက်ချက်ပဲ၊ ကျွန်တော်တောင် အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး”
“ဒါပေမယ့် အကြီးအကဲရှု့ အကောင်းမမြင်ထားတာ ပိုကောင်းတယ်၊ ကျွန်တော့်နဲ့အတူတူသွားရင် အကြီးအကဲရှု့ စိတ်ကူးထားတာထက်တောင် ပိုဆိုးတဲ့ အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်”
သူ့စကားများကို ကြားသောအခါ ရန်ရှု့ အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော်လည်း သူသည် ရန်ကျောက်ကဲကို ထပ်မမေးတော့ဘဲ တည်ကြည်သော မျက်နှာဖြင့် ဖြေကြားလိုက်သည်။ “ဝါဒတောင်ဂိုဏ်းရဲ့ အဆင့်နိမ့်အကြီးအကဲတစ်ယောက်အနေနဲ့ ရန်သူတွေ ကျူးကျော်လာတဲ့အခါ ရှေ့တန်းကနေ ရပ်တည်ဖို့ တာဝန်ရှိပြီးသားပါ၊ ငါ သေသွားမယ်ဆိုရင်တောင် အဲ့တာက ငါ့ရဲ့ကံကြမ္မာကြောင့်ပါပဲ”
ရန်ကျောက်ကဲက လက်ရမ်းလိုက်သည်။ “ခဏလောက် လက်လွှတ်လိုက်တာ ပိုကောင်းတဲ့ ရွေးချယ်မှု ဆိုတဲ့ စကားလိုပေါ့၊ အကြီးအကဲရှု့ စစ်ပွဲထဲမလိုက်လို့လဲ ဘယ်သူမှ အပြစ်မပေးလောက်ပါဘူး”
“ကျွန်တော့်အနေနဲ့ကျတော့ ဝါဒတောင်မှာ မွေးဖွားလာသူဖြစ်သလို ကျွန်တော့်အဖေကလည်း ဝါဒတောင်ရဲ့အရေးအပါဆုံး အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တယ်၊ ဂိုဏ်းက ကျွန်တော့်ကို လေဒဏ်၊ မိုးဒဏ်တွေကနေ ကာကွယ်ပေးထားသလို ဂိုဏ်းက အထူးခံစားခွင့်တွေ အရင်းအမြစ်တွေကိုလည်း ရရှိထားတယ်”
“အဲ့တာကြောင့် ကျွန်တော် ဂိုဏ်းအတွက် လုပ်ပေးနိုင်တာ တစ်ခုခု ရှိရင် ကျွန်တော် နောက်တွန့်မှာ မဟုတ်ဘူး”
“အချည်းနှီးသေတယ်ဆိုတာ အဓိပ္ပာယ်မရှိလို့ ကျွန်တော် သေချာပေါက် လုပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် စွန့်စားရမယ့် တန်ဖိုး တစ်ခုခုရှိရင်တော့…”
ရန်ကျောက်ကဲက ရှု့ချွမ်အား ကြည့်လိုက်သည်။ “ဒါပေမယ့် အကြီးအကဲရှု့လူတွေထဲက အများစုက ကျွန်တော်နဲ့ လိုက်စရာမလိုပါဘူး”
ရှု့ချွမ်က တည်ကြည်စွာ ဖြေကြားလိုက်သည်။ “သခင်လေးရန် စိတ်မပူပါနဲ့၊ ကျွန်တော် စည်းမျဉ်းတွေကို သိပါတယ်၊ မမေးသင့်တာကို မမေးပါဘူး”
“အခြားသူတွေကတော့ သူတို့ မလိုက်ချင်ရင် ကျွန်တော် ဖိအားမပေးပါဘူး၊ တစ်ဆက်တည်းမှာပဲ သံသယမဖြစ်စေဖို့ ကျွန်တော် သင့်တော်တဲ့ ပြင်ဆင်မှုတွေ လုပ်လိုက်ပါမယ်”
“ကျွန်တော် ဝန်ထုတ်ဝန်ပိုးမဖြစ်သရွေ့ အန္တရာယ်ကြားကို သခင်လေးရန်နဲ့အတူ လိုက်ချင်ပါတယ်”
ရန်ကျောက်ကဲ ပြုံးလိုက်၏။ “အကြီးအကဲရှု့က ဝန်ထုတ်ဝန်ပိုးမဟုတ်ပါဘူး၊ ရှန်ထျန်းသိုင်းပညာရှင်တစ်ယောက်အနေနဲ့ အကြီးအကဲရှု့ရဲ့ကျင့်ကြံမှုက ကျွန်တော့ထက်တောင် မြင့်သေးတယ်”
“ဒါပေမယ့် ဒီကိစ္စရဲ့ သော့ချက်က ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုတွေအပေါ် မမူတည်ဘူး” ရန်ကျောက်ကဲသည် အဝေးကို ငေးလျက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “ဒီတစ်ခါ ကိစ္စရဲ့သော့ချက်က သတင်းအချက်အလက်တွေကို တိတိကျကျ စုစည်းနိုင်ပြီး ကျွန်တော်တို့ရဲ့ တကယ့် ရည်မှန်းချက်ကို ဖုံးကွယ်နိုင်မလားအပေါ် မူတည်တယ်”
“ဘဝဆိုတာ ဇာတ်စင်မြင့်တစ်ခုလိုပဲ၊ လူတစ်ယောက်ရဲ့သရုပ်ဆောင်စွမ်းရည်အပေါ်ပဲ အပြည့်အဝ မူတည်တယ်”
ရန်ကျောက်ကဲသည် နောက်ဆုံးစကားနှစ်ခွန်းကို ခပ်တိုးတိုးနှင့် မသဲမကွဲပြောလိုက်လေ၏။ ရှု့ချွမ်မှာ ရှင်းရှင်းလင်းလင်း မကြားရလေရာ ရန်ကျောက်ကဲအား စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်နေ၏။