ကျိန်းယွမ်သုန်တစ်ယောက်ထဲ ပိုင်ရှောင်ချန်း ကို သတိထားမိသည်မဟုတ်ပေ။ အခြားလူတိုင်းမှာ အုပ်အော်သောင်းနင်းဖြစ်နေကြသော်လည်း ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် ဝါရင့်ဂိုဏ်းသားတစ်ယောက်အလား မိန့်မိန့်ကြီး မတ်တတ်ရပ်နေခြင်းဖြစ်သည်။ သူ၏ပုံစံမှာ လူတိုင်းထက် ထင်ပေါ်နေတော့သည်။ ပွဲကြည့်စင် ပေါ်ရှိ အကြီးအကဲတစ်ယောက်က ပြုံးကာဆ်ိုလိုက်သည်။
” ပိုင်ရှောင်ချန်းက ချီစုစည်းမှုအဆင့်ရှစ်ကို ရောက်နေပြီ။ ပြီးတော့ လောချိန်မျိုးနွယ်စုရဲ့လက်ထဲကနေ သေခြင်းတရားကို အံတုပြီး လွတ်အောင်တိုက်ခိုက်လာတာ။ သူသေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲဝင်မှာပဲ။ ထိပ်ဆုံး ငါးယောက်ထဲတောင် ပါရင်ပါသွားနိုင်တယ်။”
ထိုအခါ နောက်ထပ်အကြီးအကဲတစ်ယောက်ကလည်း ထောက်ခံသောလေသံဖြင့် ဝင်ပြောသည်။
” ဟုတ်တယ်။ သူ့မှာ အပင်နဲ့အသီးအရွက်တွေနဲ့ပတ်သတ်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုပဲရှိတာမဟုတ်ဘူး။ သူက တုန်လှုပ်ဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့ အပြင်အားကျင့်ကြံနည်းပညာရပ်ကို ကျင့်ထားတာ။ ဒီနေ့ပွဲမှာ သူက မထင်မှတ်ပဲ နံပါတ်တစ်နေရာတောင် ရရင် ရသွားနိုင်တယ်။”
ထိုမှတ်ချက်များကို ကြားလိုက်ရသောအခါ ကျိန်းယွမ်သုန်နှင့် လီချင်းဟောက် တို့၏မျက်နှာများမှာ ဝင်းပသွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ အားပါးတရ ရယ်မောနေတော့သည်။
” အဲ့ကောင်လေးက အခြားလူတွေနဲ့ မတူဘူး။ သူ့ခံယူချက်က သူ့ရွယ်တူတွေထက် ပိုထက်သန်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုံးက သူ့ကို ကျုပ်ဂိုဏ်းထဲခေါ်လာပြီး မင်းဘာလို့ကျင့်ကြံခြင်းကျင့်စဥ်တွေကို လေ့ကျင့်ချင်တာလဲ လို့မေးလိုက်တော့ သူဘာဖြေတယ်မှတ်လဲ… ထာဝရအသက်ရှင်ချင်လို့တဲ့ဗျာ။” သူက ရယ်ရယ်မောမောပြောဆိုရင်း ပိုင်ရှောင်ချန်းကို နွေးထွေးသော မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းကို ပေးရန်သူပြင်ဆင်နေသော အကာအကွယ်မှော်ပစ္စည်းမှာ အရည်အချင်းစစ်ပွဲများပြီးလျှင်အပြီးသတ်ပြီးသားဖြစ်သွားမည်ဖြစ်သည်။
” ဟုတ်ပါပြီ။ ချီးကျူးတာတွေ တော်လောက်ပြီ။ အဲ့ကောင်လေးက ငါ့ဂိုဏ်းတူညီလေးဖြစ်ပေမဲ့ ချင်ဟောက်သိတဲ့အတိုင်းပဲ သူကခေါင်းမာပြီး ရွှတ်နောက်နောက်နဲ့။ သူ့အကျင့်တွေကို တော်တော်ပြင်ယူရဦးမှာ။ ဒါပေမဲ့ သူက ဖြူစင်ပြီး စစ်မှန်တဲ့လူတစ်ယောက်ပါ။ အောင်မြင်ကျော်ကြားမှုနောက်ကို လိုက်နေတဲ့လူမျိုးမဟုတ်တာ ချီးကျူးစရာပဲ။” ကျိန်းယွမ်သုန်က ဝင်ပြောသည်။ သူကထိုစကားများသာပြောနေသော်လည်း လူတိုင်းက သူ၏မျက်လုံးထဲရှိ တောက်ပနေသော မျှော်လင့်ခြင်းအရိပ်အယောင်များကို မြင်နေရသည်။
ပွဲကြည့်စင်ထက်ရှိ အကြီးအကဲအုပ်စုက စကားပြောဆိုနေကြစဥ် ပိုင်ရှောင်ချန်းက ရုပ်တုဘေးနားတွင် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာဖြင့်ရပ်ကာ လုထျန်းလဲ့နှင့် ပရိတ်သတ်ကြီး၏အသဲကျော် ရှမ်ကွမ်းထျန်ယုံ တို့ကိုလှမ်းကြည့်နေသည်။ အတွင်းစိတ်ထဲတွင်မူ ပိုင်ရှောင်ချန်းက အနည်းငယ် စိုးရိမ်နေတော့သည်။
လုထျန်းလဲ့၏ဘေးပတ်ပတ်လည်တွင် တလက်လက်ထနေသော လျှပ်စီးများကိုကြည့်၍ ပိုင်ရှောင်ချန်းက ဓားပျံစီးပြီး မိုးကြိုးမုန်တိုင်းထဲဖြတ်၍ပျံသန်းခဲ့သည့်အချိန်ကိုသွားသတိရသွားသဖြင့် ခေါင်းကြိမ်းနေတော့သည်။ ထို့နောက် ရှေးပဝေသဏီရာဇဝင်ထဲက ဓားတစ်ချောင်းကို ပိုင်ဆိုင်ထားသော မောင်ကံကောင်း ရှမ်ကွမ်းထျန်ယုံ လည်းရှိသေးသည်။ သူ၏စွမ်းအင်မှာလည်း ကြောက်မက်ဖွယ်ကောင်းလွန်း၍ ပိုင်ရှောင်ချန်းမှာ အသက်ရှူရန်ပင် မေ့နေတော့သည်။
သူ့အမြင်အရဆိုလျှင် ထိုနှစ်ယောက်စလုံးမှာ အင်မတန်အင်အားကြီးမားမည်မှာ အသေအချာပင်။
သို့သော်လည်း သူ၏အဆင့်အတန်းကို ပြန်လည်တွေးမိလိုက်သောအခါ သူကခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး တပည့်များအား ကျေနပ်နေသော ဆရာတစ်ယောက်၏အပြုံးတစ်ခုကို သူ၏မျက်နှာထက်တွင် ဆင်မြန်းလိုက်သည်။
” ပတ်လည်မှာ လက်ရွေးစင်ဖြစ်ဖို့အရည်အချင်းရှိတဲ့လူတွေမှ အများကြီးပဲ။ ဒါဟာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဘယ်လောက်အင်အားကြီးမားလဲဆိုတာ ပြသနေတယ်။ ဒါပေမဲ့ငါက ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်၊ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးပဲ။ ညီငယ်၊ညီမငယ်လေးတွေနဲ့ ငါ့ကိုယ်ငါ နှိုင်းယှဥ်လို့ မသင့်တော်ဘူး။ သူတို့က ဂိုဏ်းရဲ့အနာဂတ်လေးတွေ။ သွားအနိုင်ကျင့်ရင် မှားရာကျသွားမှာပေါ့။ သူတို့အတွင်းစည်းဂိုဏ်းထဲရောက်မှပဲ နှိုင်းယှဥ်သင့်တယ် ” သူက ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်အလား တွေးတောကာ ဆုံးဖြတ်ချက်ချပြီး ဘေးဘီဝဲယာရှိလူများကို ကျေနပ်အားရသော အကြည့်ဖြင့် လိုက်ကြည့်လိုက်သည်။
တောင်ကြားလေးထဲသို့ လူများက ပိုမို ဝင်လာတော့သည်။ ချီစုစည်းမှုအဆင့်ရှစ်ရှိသော ဂိုဏ်းသားအားလုံးမှာ လက်ကြောများဆန့်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ ကျင့်ကြံခြင်းအခြေခံနိမ့်သောလူများကမူ အားပေးရန် ရောက်လာကြခြင်းဖြစ်သည်။
တောင်ဘက်ခြမ်းရှိ တောင်သုံးတောင်တွင် ချီစုစည်းမှုအဆင့်ရှစ်ရှိသောဂိုဏ်းသားများမှာ အကြမ်းဖျင်းအားဖြင့် အယောက်တစ်ထောင်ရှိသည်။ ယနေ့ သူတို့အားလုံး တောင်ကြားထဲသို့ရောက်နေကြပြီဖြစ်၏။ ထိုထဲမှ လူအချို့နှင့် ပိုင်ရှောင်ချန်း ရင်းနှီးသည်။ သို့သော်လည်း လူတိုင်းက လူအုပ်ကြီးနှင့် စိတ်လှုပ်ရှားဖွယ်ရာများကို နှစ်သက်သူများတော့ မဟုတ်ပေ။ အများစုက လျှို့ဝှက်စွာ ကျင့်ကြံကြပြီး ယခုလိုပွဲမျိုးရှိသောအခါမှ အစွမ်းပြရန် ထွက်လာကြခြင်းဖြစ်သည်။
ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိိသော အခြား အပြင်စည်းဂိုဏ်းသားများကမူ အရည်အချင်းစစ်ပွဲ၏အဖြေကို သိချင်ဇောနှင့် စောင့်ကြည့်နေကြသည်။ မည်သူများက ထိပ်ဆုံး အယောက်တစ်ရာနှင့် ထိပ်ဆုံးဆယ်ယောက်ထဲသို့ဝင်သွားမည်ကို သိချင်နေကြတော့သည်။
ထိပ်ဆုံးသုံးယောက်နေရာအတွက်မူ မည်သူမှ ကြီးကြီးကျယ်ကျယ် စိတ်မလှုပ်ရှားနေကြပေ။ ထိုနေရာသုံးခုမှာ ရှမ်ကွမ်းထျန်ယုံ၊ လုထျန်းလဲ့နှင့် ကျိုးရှင်းချီတို့ ၃ယောက် သေချာပေါက်ရလိမ့်မည်ဟု တွက်ထားကြသည်။
တဖြည်းဖြည်းနှင့် ချီစုစည်းမှုအဆင့်ရှစ်ရှိသော ဂိုဏ်းသားပေါင်းတစ်ထောက်ခန့်နှင့် ဘေးနားရှိပရိတ်သတ်ဂိုဏ်းသားများ ငြိမ်သက်သွားကြသည်။ လေထုထဲသို့ဝင်လာသော မမြင်ရသည့် ဖိအားက မကြာမီ ကြုံတွေ့ရတော့မည့် ပြင်းထန်သောပြိုင်ဆိုင်မှုများကို နိမိတ်ပြနေသည့် အလားပင်။
လူတိုင်းမှာ အသက်ရှူကြပ်လာကြပြီး စတင်စိုးရိမ်ပူပန်လာကြသည်။
ပိုင်ရှောင်ချန်းလည်း အကြောင်းအရင်းမရှိပဲ သူလည်း စိတ်ပူနေရသည်ကိုသိသောအခါ အံ့အားသင့်နေတော့သည်။ ပြိုင်ပွဲသို့ဝင်မည်မဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ပြီး သူကဘေးဘီဝဲယာကိုကြည့်ကာ စိတ်အေးအေးထားရန် ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ပွဲကြည့်စင်ပေါ်မှ လီချင်းဟောက်၏အသံ ပေါ်ထွက်လာတော့သည်။
” တောင်ဘက်နဲ့မြောက်ဘက်ကြားက ခမ်းနားတဲပြိုင်ပွဲကြီး မကြာခင်စတော့မှာ။ မင်းတို့ထဲက တချိို့က ကျင့်စဥ်တွေကို လျှို့ဝှက်လေ့ကျင့်ထားလို့ အပြင်လူတွေက မင်းတို့ရဲ့ စွမ်းအားအဆင့်ကို သိကြမှာမဟုတ်ဘူး။ ဒီအချိန်က မင်းတို့ထွန်းလင်းတောက်ပဖို့ အချိန်ပဲ။ ဝါရင့်ဂိုဏ်းသားတွေက မင်းတို့ရဲ့တိုးတက်မှုတွေ၊ကံကောင်းမှုတွေကို မနာလိုဖြစ်နေမှာ မင်းတို့ကြောက်စရာမလိုဘူး။ ကျင့်ကြံခြင်းဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုပဲ။ လူတိုင်းမှာ လျှို့ဝှက်ချက်ထားပိုင်ခွင့်ရှိတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆိုတာ နှစ်ပေါင်း တစ်သောင်းလောက် သမိုင်းရာဇဝင်ရှိတဲ့ဂိုဏ်းတစ်ဂိုဏ်း။ ဂိုဏ်းပေါက်စလေးကနေ ဒီလိုဂုဏ်ယူရလောက်အောင် ကြီးမားတဲ့အဆင့်ထိရောက်လာတာက မျက်စိလည် လမ်းမှားပြီးရောက်လာတာမဟုတ်ဘူး။ ဒီလိုရောက်ရလာရတာ ဂိုဏ်းသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကံတရားတွေကြောင့်ပဲ။ မင်းတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာပေါ်မူတည်ပြီး အောင်မြင်ကြမှာပဲ။”
” မင်းတို့ထဲက တချို့ကို လူတွေက လက်ရွေးစင်တွေလို့ ခေါ်ကြတယ်မလား။ ဒါပေမဲ့ အဲ့တာမင်းတို့ရဲ့ မွေးရာပါ ပါရမီတွေကြောင့်ပဲ။ ကျရှုံးနေတဲ့လူတွေဆီမှာတောင် ကိုယ်ပိုင်ပါရမီ ရှိပြီးသားပါ။ ဒီနေ့က မင်းတို့ကိုယ်မင်းတို့ သက်သေပြရမဲ့နေ့ပဲ။ အခြားလူတွေ မင်းတို့ကိုပေးအပ်ထားတဲ့ ဘွဲ့နာမည်တွေက မင်းတို့နဲ့ ထိုက်တန်လား မတန်လားဆိုတာ ဒီနေ့မှာ သက်သေပြရမှာ။ ဒီနေ့က မင်းတို့တကယ် လက်ရွေးစင်ဖြစ်ထိုက်လား မဖြစ်ထိုက်လားဆိုတာကို ဆန်းစစ်တာပဲ ” လီချင်းဟောက်၏အသံမှာ သြဇာတိက္ကမအပြည့်ဖြင့် အဓိပ္ပါယ်များစွာပါသည်ဖြစ်ရာ ထိုနေရာတစ်ဝိုက်တွင် ကျောချမ်းစရာကောင်းနေတော့သည်။ သူ့စကားကို နားထောင်နေသော လူများမှာလည်း စိတ်လှုပ်ရှားနေကြပြီး အသက်ရှူမြန်လာတော့သည်။
လျှို့ဝှက်ချက်ကိုယ်စီရှိကြသော ဂိုဏ်းသားများမှာ တောက်ပနေသောမျက်လုံးများဖြင့် လက်ပိုက်ကြည့်နေကြတော့သည်။
လုထျန်းလဲ့အပါအဝင် အခြားကျော်ကြားသောဂိုဏ်းသားများ၏ အမူအရာများတွင် သူတို့မှာ တိုက်ခိုက်လိုက်လိုစိတ်များ ပြင်းပြနေကြောင်း ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
” အရည်အချင်းစစ်ပွဲက ထိပ်ဆုံးအယောက်တစ်ရာကို အတွင်းစည်းဂိုဏ်းထဲရောက်အောင် အဆင့်တိုးပေးမယ်။ ထိပ်ဆုံးဆယ်ယောက်ကတော့ နှစ်သုံးဆယ်မှတစ်ခါကျင်းပတဲ့ ပြိုင်ပွဲဲကြီးထဲမှာ တောင်ဘက်ခြမ်းရဲ့ ကိုယ်စားပြုတွေအဖြစ် သွားရောက် ယှဥ်ပြိုင်ရမယ်။ ဒီအခေါက်တော့ မြောက်ဘက်က ငါတို့တစ်ဂိုဏ်းထဲသားတွေကို ငါ့တို့ကဘာလဲဆိုတာ သိအောင်ပြသရမယ် ”
လီချင်းဟောက်က မာန်အပြည့်ဆိုကာ အင်္ကျီလက်ကိုခါရမ်းလိုက်သောအခါ ထစ်ချုန်းသံများပေါ်ထွက်လာပြီး တောင်ဘက်ခြမ်းရှိတောင်များမှ အလင်းတန်းများ ပေါ်ထွက်လာတော့သည်။
အရာအာလုံးမှာ ကြမ်းတမ်းစွာ တုန်ခါနေပြီး တောင်ကြားပေါ်ရှိလေထုကြီးကို မမြင်ရသောလက်များက ဆွဲဖြဲနေသည့်အလား ကြီးမားသောတံတားကြီးတစ်ခု ထိုးထွက်လာသည်။
ထိုတံတားမှာ ရှေးပဝေသဏီ ကမ္ဘာ့အစထဲက တည်ရှိနေဟန်တူသည့် ရှေးဟောင်း တံတားတစ်စင်းပင်ဖြစ်သည်။ ကျောက်သားများဖြင့် ဆောက်လုပ်ထားပြီး တလက်လက်တောက်ပနေသော ရှေးဟောင်းမှော် သေင်္ကတများဖြင့် ဖုံးအုပ်ထား၏။
တံတား၏အကျယ်မှာ မီတာသုံးရာအပြည့်ရှိပြီး ရှည်လျားလွန်းသည့်အတွက် မျက်စိထဲတွင် အဆုံးထိမမြင်ရပေ။ ထိုခမ်းနားကြီးကျယ် နန်းဆန်လှသောတံတားကြီးနှင့် နှိုင်းယှဥ်လိုက်သောအခါ တောင်ကြားလေးမှာ ခြေနင်းကျောက်သာသာ ရှိတော့သည်။
နောက်ထပ်စကားပြောလိုက်သေလူမှာ လီချင်းဟောက်မဟုတ်ပဲ ရွှီမေ့ရှန်းဖြစ်လေသည်။
” ဒီတံတားက စိတ်စွမ်းအင်နတ်ရေစင်တံတားပဲ။ ငါတို့ဂိုဏ်းရဲ့ အဖိုးတန်ရတနာတစ်ခုပေါ့။ အဲ့တံတားကို မင်းတို့ရဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ လမ်းတစ်လမ်းအဖြစ် သုံးရမယ်။ အချက်ပေးခေါင်းလောင်း ကိုးချက်မြောက်မှာ ချီစုစည်းမှုအဆင့်ရှစ်ရှိတဲ့ ဂိုဏ်းသားတွေအားလုံး တံတားပေါ်စတက်ရမယ်။” ရွှီမေ့ရှန်း၏ဝတ်ရုံနှင့် ဆံနွယ်များမှာ လေထဲတွင် လွင့်နေသဖြင့် သူမသည် လှပကျော့ရှင်းနေတော့သည်။ သူမသည် အမျိုးသမီးတစ်ယောက်အစား အင်မော်တယ်တစ်ယောက်နှင့်ပင် ပိုတူနေတော့သည်။
” တံတားရဲ့အဆုံးကို အရင်ဆုံးရောက်တဲ့လူက နံပါတ်တစ်နေရာကို ရမယ်။ ထိပ်ဆုံးအယောက်တစ်ရာနဲ့ ဆယ်ယောက်ကိုလည်း ဒီနည်းပဲသုံးပြီး ဆုံးဖြတ်မယ်။” ရွှီမေ့ရှန်း၏ အသံမှာ တောင်ကြားထဲတွင်ပဲ့တင်ထပ်နေချိန်တွင် ဂိုဏ်းသားများက အပေါ်ရှိတံတားကို စိတ်အားထက်သန်စွာ မော့ကြည့်နေကြတော့သည်။
ဤပြိုင်ပွဲပုံစံမှာ ဂိုဏ်းသားများကိုစစ်ဆေးရန် ပြီးပြည့်စုံသော နည်းလမ်းတစ်ခုဖြစ်သည်။ စည်းမျဥ်းများတွင် တိုက်ခိုက်ခြင်းကို မတားမြစ်ထားပေ။ အသက်သေစေနိုင်သော တိုက်ကွက်များကလွဲ၍ ကျန်တာအကုန် လုပ်နိုင်သည်။ အဆုံးသို့ပထမဆုံးရောက်ရှိသူသည် အနိုင်ရမည်ဖြစ်သည်။
လမ်းစဥ်တွင် အတားအဆီးများရှိမည်မှာ အသေအချာပင်ဖြစ်၍ ကံကောင်းရန်လည်း လိုအပ်သည်။
လူအုပ်ကြီးမှာ စောင့်နေရင်းနှင့် အသက်ရှူသံများပြင်းလာပြီး မျက်လုံးများမှာအရောင်တောက်လာကာ ကျင့်ကြံခြင်းအခြေခံများကို လည်ပတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းသည်ကား ခေါင်းလောင်းများစတင် တီးခတ်ချိန်တွင် သန်းပင်သန်းနေတော့သည်။
တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်…. လေးကြိမ်..ငါးကြိမ်…ခြောက်ကြိမ်….
ခေါင်းလောင်းသံများမှာ ဂိုဏ်းသားများ၏ဦးနှောက်ထဲအထိ ရိုက်ခတ်နေသဖြင့် သူတို့မှာ နှလုံးခုန် မြန်လာတော့၏။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ပို၍မြန်ဆန်အောင် လည်ပတ်စေလိုက်ကာ စွမ်းအားများကို စုစည်းလိုက်ကြသည်။
မကြာမီ ခေါင်းလောင်းကို ခုနစ်ကြိမ်…ထို့နောက် ရှစ်ကြိမ်… အဆုံးတွင် ကိုးကြိမ်မြောက် ခေါင်းလောင်းသံကို ကြားလိုက်ရသည့်အချ်ိန်တွင် အဆင့်ရှစ်ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းအခြေခံများက အားအင်အပြည့်ဖြင့် ပေါ်ထွက်လာကာ လေထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ဂိုဏ်းသားအားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။
လူပေါင်းတစ်ထောင်ကျော်က ရှေးဟောင်းတံတားကြီးဆီသို့ ဦးတည်သွားနေကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင် လူတိုင်းက တံတားပေါ်သို့ရောက်ရှိသွားကြတော့သည်။ ရှမ်ကွမ်းထျန်ယုံမှာ အမြန်ဆုံးဖြစ်ပြီး သူ၏ဓားပျံပေါ်တွင် မတ်တတ်ရပ်ကာ အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ထိပ်ဆုံးနေရာသို့ ရောက်သွားလေသည်။
သူ၏နောက်တွင် ကပ်ရပ်လိုက်ပါလာသူမှာ တဖျစ်ဖျစ်မြည်နေသော လျှပ်စီးများဝန်းရံထားသည့် လုထျန်းလဲ့ဖြစ်သည်။ သူ၏စွမ်းအင်များမှာ ကြီးမားလာပြီး သူ့မျက်လုံးတွေမှာ နီရဲနေကာ သူနှင့် ရှမ်ကွမ်းထျန်ယုံကြားရှိ အကွာအဝေးကို လျှော့ချရန် ကြိုးစားနေတော့သည်။
နံပါတ်သုံးနေရာတွင်ကား တဖျပ်ဖျပ် ခါယမ်းနေသော မိုးပြာရောင်ချည်မျှင်ပေါ်ရှိ အရှိန်ကုန်ပျံသန်းနေသည့် ကျိုးရှင်းချီပင်ဖြစ်သည်။
သူတို့၏နောက်တွင် လူအနည်းငယ်က ထပ်ကြပ်မကွာ လိုက်လာလေသည်။ ထိုလူများမှာ နာမည်သိပ်မကြီးကြပေ။ လီချင်းဟောက်ပြောခဲ့သည့်အတိုင်း ကျင့်ကြံခြင်းအခြေခံအစစ်အမှန်ကို ဖုံးကွယ်ကာ ဤအချိန်ရောက်မှ အားအင်အပြည့်ဖြင့် ထွက်လာကြသူများ ဖြစ်သည်။ ထိုအုပ်စုမှာ အခြားသောသူများ၏ရှေ့သို့ ချက်ချင်းရောက်သွားပြီး ဆက်၍ပြေးရန် ခွန်အားများလည်း ကျန်နေသေးပုံပေါ်လေသည်။
ဘေးနားရှိ ပရိတ်သတ်များက သူတို့ရှေ့ကမြင်ကွင်းများကိုကြည့်ရင်း မျက်လုံးများပြူးကာ ရင်ဘတ်မှာ တဒုန်းဒုန်းခုန်နေတော့သည်။
သို့သော်လည်း အဆင့်ရှစ်ဂိုဏ်းသားများ၏ ရုတ်တရက်လှုပ်ရှားလိုက်မှုကြောင့် လေများ တဟူးဟူး တိုက်ခတ်နေချိန်တွင် ပိုင်ရှောင်ချန်းက ရင်ပြင်ကြီးပေါ်တွင်တစ်ယောက်ထဲ ရပ်၍ကျန်နေတော့သည်။
ကိုးချက်မြောက် ခေါင်းလောင်းသံအပြီးတွင် လေမှာ သူ့မျက်နှာကို လာရိုက်ခတ်သဖြင့် သူက မျက်တောင်ခတ်လိုက်သည်။ သူက တစ်ယောက်ထဲမတ်တတ်ရပ်ကာ ပြေးလွှားနေသော ဂိုဏ်သားတစ်ထောင်လောက်ကိုကြည့်ရင်း လေးစားအားကျမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
” လုပ်ထားကြဟေ့ ကိုယ့်ကောင်တို့ရေ။” သူက လှမ်းအော်လိုက်သည်။ တစ်ခဏကြာသော် သူက ခုန်ပျံကျော်လွှားကာ တံတားပေါ်သို့တက်ပြီး ပြေးနေတော့သည်။ အဆုံးတွင် သူလည်း အရည်ချင်းစစ်ပြိုင်ပွဲတွင်ဝင်ပြိုင်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိပ်ဆုံးအယောက်တစ်ရာနှင့်ဆယ်ယောက် အဆင့်ထိရောက်အောင်တော့ သူ ကြိုးစားမည်မဟုတ်ပေ။
” မြောက်ဘက်ခြမ်းက ကောင်တွေက မိစ္ဆာတွေကြည့်ပဲလို့ ငါကြားထားတယ်။ သူတို့နဲ့ ယှဥ်ချရင် ငါရူးရာကျမှာပေါ့ကွ။” သူက ပျင်းရိပျင်းတွဲနှင့် အတွင်းစည်းဂိုဏ်းထဲသို့ အဆင့်မတက်ချင်သည့်အလား ခပ်နှေးနှေးပြေးနေတော့သည်။ သူ၏အမြင်တွင် သူက ဂုဏ်ထူးဆောင်ဂိုဏ်းသားနှင့် ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေး ဖြစ်နေပြီးဖြစ်သဖြင့် အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်ရန် မလိုအပ်ဟု တွေးထားသည်။
ထို့ကြောင့် သူက အခြားသူများပြေးနေသည်ကို ကြည့်ရှုခံစားကာ လက်ခုပ်တီးကာပင် အားပေးနေလေသည်။ အခြားပြိုင်ပွဲဝင်များနှင့်ယှဥ်လိုက်လျှင် သူ့ပုံစံက ကွဲထွက်နေတော့သည်။
ပရိတ်သတ်ကြီးက သူ့ကို အထူးတဆန်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။
ထိုအချိန်တွင် ပွဲကြည့်စင်ပေါ်ရှိ လီချင်းဟောက်ကမူ အကြောများထောင်နေသော မျက်နှာကြီးဖြင့်် ပိုင်ရှောင်ချန်းကို ဒေါသထွက်စွာ စိုက်ကြည့်နေကာ သူ၏ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရသည်။
မြစိမ်းတောင်မှ ဂိုဏ်းချုပ်နှင့် ရွှီမေ့ရှန်းတို့ကလည်း တစ်ယောက်ကိုယ်တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပြီး ခြောက်ကပ်ကပ် ပြုံးလိုက်လေသည်။ အခြားအကြီးအကဲများ၏ မျက်လုံးများမှာလည်း ပြူးနေတော့သည်။ အရည်ချင်းစစ်ပွဲများတွင် ယခုလိုမျိုးဖြစ်ရပ်တစ်ခု ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မတွေးမိထားချေ။
အခြားဂိုဏ်းသားတစ်ယောက်သာဖြစ်ပါက သူတို့အားလုံး သင်ခန်းစာသွားပေးမည်မှာ အမှန်ပင်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ဘွဲ့မှာ ထူးခြားသဖြင့် အကြီးအကဲအားလုံးက လီချင်းဟောက်နှင့် ကျိန်းယွမ်သုန်တို့ကိုသာ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။
ကျိန်းယွမ်သုန်မှာမူ မျက်နှာပျက်အရှက်ရနေရပြီဖြစ်၍ ခေါင်းခဲနေတော့သည်။ သူက ချောင်းဟန့်ကာ အကြီးအကဲကျိုးကိုလှမ်းကြည့်လိုက်သည်။
” အကြီးအကဲကျိုး။ အခုဘာဖြစ်ဖြစ် ကျုပ်မမြင်သလို ဟန်ဆောင်ပေးထားမယ်ဗျာ။ ခင်ဗျားရဲ့ ဖီးနစ်ငှက် ဘယ်လောက်နာကျည်းခဲ့ရလဲဆိုတာ ခင်ဗျားအသိပဲ ”
ထိုစကားကို အကြီးအကဲကျိုးက ချက်ချင်း သဘောပေါက်လိုက်သည်။ သူ၏မျက်နှာကြီးမှာ မည်းမှောင်သွားပြီး လေပေါ်သို့ပျံတက်ကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
” ပိုင်ရှောင်ချန်း။ မင်းကိုဒီနေ့ ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ငါမင်းကိုမိတာနဲ့ ငါ့ဖီးနစ်ငှက်လေး ဘယ်လိုနာကျည်းခဲ့ရလဲ နားလည်သွားစေရမယ် ” ထိုသို့အော်ကာ သူက စွန်ရဲတစ်ကောင်အလား တံတားဆီသို့ ပျံသန်းသွားတော့သည်။