“ ဟား… ”
“ ကောင်းလိုက်တာ… ”
ကျိုးကျိုးသည် အရက်ကိုမော့လိုက်ပြီး စားပွဲပုလေးဘေးတွင်လှဲလိုက်သည်။ သူမ၏ မျက်နှာသည်နီရဲလာပြီး လက်ထဲတွင် အရက်အိုးအလွတ်ကို ကိုင်ထားလေသည်။ သူမသည် ကျေနပ်သွားဟန်ဖြင့် သက်ပြင်းနှစ်ချက်မှုတ်ထုတ်လိုက်သည်။ သူမ၏ ဘေးတွင် လင်းအယ်သည် အူကြောင်ကြောင်ဖြစ်နေပြီး ရယ်ရမလို ငိုရမလိုဖြစ်နေ၏။
သူမက ပြောလိုက်သည်။
“ ဆရာဒေါ်လေး… ဆရာဒေါ်လေးက အရက်စွဲနေပြီပဲ ”
“ ဟေး…ဟေး..ဟေး… ”
ကျိုးကျိုး ကသက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။
“ အဲဒါက ငါ့ဝါသနာ… ငါကြိုက်တဲ့အရာပဲ။ ငါ ဖြတ်မပစ်နိုင်ဘူး။ အဲဒီလိုဆို ငါသေသွားလိမ့်မယ် ”
“ လင်းအယ်လေး… ငါမင်းကို နှစ်နည်းနည်းလောက်မတွေ့လိုက်တာ မင်းက ပိုချောလာပါလား။ လာဦး..မင်းကို ငါ သေချာကြည့်ပါရစေဦး… ”
“ ဆရာဒေါ်လေး… မန္တန်အစီအရင်က ပျက်သွားပြီနော်… ပေါက်ကရတွေလုပ်မနေနဲ့… ”
လင်းအယ်သည် ခါးသက်သက်ပြုံး၍ သိမ်သိမ်မွေ့မွေ့ရှောင်လိုက်သည်။ အတန်ငယ်ရေချိန်ကိုက်နေသော ကျိုးကျိုးသည် သူမကို အတင်းလိုက်မဆွဲချေ။ သူမသည် လင်းအယ်၏ ပါးလေးကိုသာ အသာအယာဖျစ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။
သူမအတွက် ထိုင်ရမှာပင် ပင်ပန်းနေ၍ သက်တောင့်သက်သာ ပြန်လှဲလိုက်၏။
“ လင်းအယ်…မင်းရဲ့ အစ်ကိုကြီးက ကောင်းကင်ခွင်းတောင်ကို ဘာလို့သွားတာလဲ ”
“ သူ တာအိုပစ္စည်းသိုလှောင်ခန်းကို သွားတာထင်တယ်။ မကြာခင် ပြန်လာတော့မှာပါ… ”
“ ဟယ် … တာအိုပစ္စည်းသိုလှောင်ခန်းလား… ”
လင်းအယ်သည် ဂါဝန်လေးကို ပင့်၍ ဘေးတွင် ကြော့ကြော့ရှင်းရှင်း ဝင်ထိုင်လိုက်သည်။ သူမသည် ကျိုးကျိုးကို ‘ အရက်မူးနတ်ဝိဇ္ဇာ ’ အိုးအသစ်ထပ်ပေးလိုက်၏။
‘ တော်သေးတယ်… အစ်ကိုကြီးက ငါ့ကို အားအင်မဲ့ဆေး နည်းနည်းပေးထားခဲ့လို့…အဟမ်း… အရက်ကိုပြောတာပါ။ မဟုတ်ရင် အခုအခြေအနေအတိုင်းဆို ဆရာဒေါ်လေး ရူးသွားလောက်တယ် ’
“ ကျေးဇူးပဲ လင်းအယ်… ”
“ ဟီးဟီး… ချုံတောင်လေးက လူတွေက တော်တော်သဘောကောင်းတာပဲ။ သူတို့က စကားပြောလည်းကောင်းပြီး အရက်လည်းတိုက်တယ်။ ငါ ဒီနေရာကို တော်တော်ကြိုက်တယ်ဟေ့ ”
ကျိုးကျိုး ပလုံးပထွေးဆက်ပြောလိုက်သည်။
“ ကျင့်ကြံခြင်းနည်းတွေပြောရမယ်ဆို တစ်ယောက်နဲ့တစ်ယောက်ရဲ့ တာအိုက မတူကြဘူး။ ငါတို့ရဲ့ တာအိုက အရက်ပဲ။ အဆင်ပြေလား… ”
လင်းအယ် ရယ်လိုက်သည်။
“ ဟုတ်…ပြေပါတယ် ”
ကျိုးကျိုးသည် အရက်အိုးကိုမြှောက်ကာ လက်ကျန်အရက်များကို ပါးစပ်အတွင်းသို့ နှစ်ကြိမ်လောင်းထည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။
သူမသည် အလောတကြီးသောက်လိုက်၍ ချက်ချင်းပင် ရီဝေဝေဖြစ်လာတော့သည်။
“ လင်းအယ်လေး… ငါ့ကို မင်းရဲ့ အိပ်ရာငှားဦး… ”
ကျိုးကျိုးသည် စကားမဆုံးမီမှာပင် အရက်အိုးကိုသယ်ကာ အိပ်ရာဆီသို့ သွားနေပြီဖြစ်သည်။ သူမသည် ကျောခင်း၍ လှဲလိုက်သည်။ မကြာခင် တခေါခေါနှင့် အိပ်ပျော်သွားလေ၏။
လင်းအယ်သည် ခါးသက်သက်ပြုံးလိုက်၏။ သူမသည် စားပွဲပုလေးပေါ်ရှိ ခွက်များ၊ ပန်းကန်များကို သပ်သပ်ရပ်ရပ် ပြန်စီလိုက်ပြီး ထပ်ထိုင်လိုက်သည်။ သူမသည် ကျိုးကျိုးကြောင့် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရ၏။
နောက်ဆုံးတွင် သူမသည် သက်ပြင်းဖွဖွချလိုက်ပြီး တရားထိုင်ဖျာလေးကိုယူကာ တရားထိုင်လိုက်လေသည်။
‘ တဲအပြင်က မန္တန်အစီအရင်က ဆရာဒေါ်လေးကျိုးကျိုးကြောင့် ပျက်ဆီးသွားပြီ ’
‘ သူက အရက်မူးပြီး အိပ်ပျော်သွားရင် အပြင်အဝတ်တွေရော။ အတွင်းအဝတ်တွေရော ချွတ်ပစ်တတ်တဲ့ အကျင့်ရှိတယ်… ’
‘ ငါတခြားသူတွေ ရောက်လာပြီး သူ့ကိုမမြင်သွားအောင် ဒီနေရာမှာ စောင့်ကြည့်နေမှရမယ်… ’
ထို့နောက် လင်းအယ်သည်တရားထိုင်ကာ တာအိုဉာဏ်အလင်းပွင့်မှုရအောင် ကြိုးစားနေလိုက်သည်။
သို့ရာတွင် သူမသည် အစ်ကိုကြီး လီချန်ရှို့အကြောင်းကိုသာ တွေးမိနေ၏။
လင်းအယ်သည် စိတ်ပျံ့လွင့်သွားပြီး သူမ၏ အစ်ကိုကြီး ကြိုက်တတ်သည့် မိန်းကလေးမျိုးစသည့် ထွေရာလေးပါးများကိုသာ တွေးတောနေလေတော့သည်။ သို့သော် ဤအကြိမ်တွင် လင်းအယ်မှားခဲ့၏။ လဝက်ကြာသွားသော်လည်း လီချန်ရှို့သည် တာအိုပစ္စည်းသိုလှောင်ခန်းမှ ပြန်မလာသေးပေ။
ကျိုးကျိုးနိုးလာသောအခါ နတ်ဝိဇ္ဇာမိုနိုပိုလီဆော့ကြ၏။ ထို့နောက် လင်းအယ်နှင့်အတူ အရုပ်မများကို အဝတ်များဝတ်ပေးပြီးနောက် အပြင်တွင်လည်း အဝတ်များဝတ်ကြည့်ကြသည်။
နောက်ဆုံး၌ ကျိုးကျိုးသည် လင်းအယ်တွင်ရှိသော အရက်များအားလုံးကို သောက်ပြီးသွားသောအခါ ပျင်းလာပြန်၏။
လဝက်မျှစောင့်ပြီးသောအခါ သူမသည် လီချန်ရှို့ကိုရှာ၍ သူမ၏ ကျင့်ကြံခြင်းအဆင့်အကြောင်းကို ကြွားကာ အရက်လည်းတောင်းချင်၏။ ထို့ကြောင့် သူမ ထရပ်လိုက်လေသည်။
“ ဒီကောင်လေးက တာအိုပစ္စည်းသိုလှောင်ခန်းကိုသွားပြီး အချိန်ဖြုန်းနေတာပဲ ”
“ ငါ တာအိုပစ္စည်းသိုလှောင်ခန်းကို လိုက်သွားပြီး သူ့ကိုသွားရှာမယ် ”
“ ဆရာဒေါ်လေး… ”
လင်းအယ် မည်သည့်စကားမှ မပြောရသေးခင် ကျိုးကျိုးသည် လေပေါ်သို့ ဒေါသတကြီး ပျံသွားလေပြီ။ သူမသည် အရက်အိုးကြီး၏ ထပ်တွင်ထိုင်၍ ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွား၏။
သို့သော် ကျိုးကျိုးသည် တာအိုပစ္စည်းသိုလှောင်ခန်းသို့ရောက်သောအခါ အပြင်ဆောင်တွင် နှစ်ကြိမ်ခန့် လှည့်ပတ်ရှာဖွေသော်လည်း လီချန်ရှို့ကို မတွေ့သေးချေ။
သူမသည် နတ်အာရုံသုံး၍ ထိုနေရာကို အာရုံခံကြည့်သော်လည်း လီချန်ရှို့၏ ကိုယ်ရောင်ကိုယ်ဝါကို အာရုံမခံမိပေ။
‘ သူတခြားနေရာကိုများ သွားတာလား ’
ကျိုးကျိုးသည် အရက်အိုးကြီးကို ကျောတွင်လွယ်၍ အတွင်းဆောင်ဘက်သို့ ခိုးကြောင်ခိုးဝှက်သွားလိုက်သည်။ သူမသည် အကြီးအကဲချီလင်းအနီးသို့ တိတ်တဆိတ်ကပ်သွားပြီး အနားသို့ရောက်မှ အော်လိုက်၏။
“ အကြီးအကဲ… ”
အကြီးအကဲချီလင်းသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူသည် ကျိုးကျိုးကို မြင်သောအခါ ပို၍ အားအင်ရှိလာပြီး ပြုံးလိုက်သည်။
“ ကျိုးအာ… ဘာလာရှာတာလဲ။ ငါသွားယူပေးမယ်လေ… ”
“ အကြီးအကဲ… ဗလာနတ္ထိအဆင့်ရှိတဲ့ တပည့်တစ်ယောက် ဒီကိုလာတာတွေ့သေးလား။ သူ့နာမည်က လီချန်ရှို့တဲ့…ချုံတောင်လေးက တပည့်.. သူ့အရပ်က ဒီလောက်လောက် ရှည်တယ် ”
ကျိုးကျိုးသည် ခြေဖျားထောက်၍ လက်မြောက်ကာ လီချန်ရှို့၏ အရပ်ကို ပြလိုက်သည်။
“ သူက သပ်သပ်ရပ်ရပ်ရှိတယ်… အကျင့်တော့ သိပ်မကောင်းဘူး။ သူက မကြာမကြာဆိုသလို အရက်ကိုဘန်းပြပြီး ဒီချစ်စရာကောင်းတဲ့ ဆရာဒေါ်လေးကို သူ့အလုပ်တွေ လုပ်ခိုင်းတတ်တယ် ”
အကြီးအကဲချီလင်းသည် သေချာတွေးတောပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“ သူက အတွင်းဆောင်ထဲမှာ ”
ကျိုးကျိုးကြောင်သွား၏။
“ အကြီးအကဲက သူ့ကိုဘာလို့ အတွင်းဆောင်ထဲ ဝင်ခွင့်ပြုလိုက်တာလဲ ”
“ သူ့မှာ ဝင်ခွင့်ဓားလေး ရှိတယ်လေ… ”
အကြီးအကဲချီလင်းသည် တီးတိုးရေရွတ်၍ ဆက်ပြောရန်ပြင်လိုက်စဉ် ကျိုးကျိုးတစ်ယောက် သူ့ဘေးတွင် မရှိတော့သည်ကို တွေ့လိုက်ရ၏။
ကျိုးကျိုးသည် တံခါးကိုဖွင့်၍ အတွင်းဆောင်သို့ ဝင်ရန်ပြင်နေပေပြီ။ သူမသည် ကိုယ်လေးကို ကိုင်း၍ အတွင်းဆောင်ထဲသို့ ချောင်းကြည့်လိုက်သည်။ သို့သော် လီချန်ရှို့ကိုမူ မတွေ့ပေ။
“ ဟမ်… သူဒီထဲမှာ မရှိတော့ဘူးလား ”
ကျိုးကျိုးသည် နတ်အာရုံကိုသုံး၍ အတွင်းဆောင်ထဲသို့ အကြိမ်ကြိမ် အာရုံခံလိုက်သည်။ နောက်ဆုံးတွင် ချောင်ကျသော ထောင့်တစ်ထောင့်တွင် နံရံကိုမီ၍ ကျောက်စိမ်းပေလိပ်တစ်ခုကို ဖတ်နေသော လီချန်ရှို့ကို တွေ့လိုက်ရ၏။
‘ ဒီကောင်လေးက လုံလုံခြုံခြုံ ပုန်းနေတာပဲ။ ညစ်ညမ်းစာတွေများ ဖတ်နေလို့လား ’
ကျိုးကျိုးက မျက်လုံးကျဉ်း၍ ပြုံးလိုက်သည်။ သူမထံတွင် အကြံဆိုးတစ်ခုပေါ်လာ၏။
“ အကြီးအကဲ… ကျမ ဝင်သွားလိုက်မယ်နော် ”
“ သွား သွား… ”
အကြီးအကဲချီလင်းသည် လှည့်၍ပင်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် မျက်လုံးမှိတ်၍ ဆက်တရားထိုင်နေလိုက်၏။ သူ၏ နှုတ်ခမ်းများမှာမူ ပြုံးနေဆဲပင်။
ကျိုးကျိုးသည် အတွင်းဆောင်အတွင်းသို့ ခြေဖျားထောက်၍ ဝင်သွား၏။ စာအုပ်စင်များနှင့် အခြားစင်များကို အကာအကွယ်ယူကာ ထောင့်ရှိ လီချန်ရှို့ထံသို့ တဖြည်းဖြည်း ချည်းကပ်သွား၏။
အတွင်းဆောင်အတွင်း၌ လူအနည်းငယ်သာရှိသည်။ သူတို့သည် ဂိုဏ်းမှ အတုမဲ့နတ်ဝိဇ္ဇာများဖြစ်ကြ၏။ သူတို့ထဲမှ အချို့သည် ရှေးဟောင်းကျမ်းစာများကို ဖတ်နေကြပြီး အချို့သည် အခန်းထောင့်တွင် တရားထိုင်နေကြ၏။
အတွင်းဆောင်သည် အပြင်ဆောင်ထက် ကျဉ်း၏။
သို့သော် အတွင်းဆောင်ထဲရှိ ရှေးဟောင်းကျမ်းစာ တစ်အုပ်စီတိုင်းကို မြို့ထဲတွင် အဖိုးတန်ပစ္စည်းအမြောက်အမြား၊ ဝိညာဉ်ဆေးပင် အမြောက်အမြားနှင့် လဲလှယ်နိုင်၏။ စိတ်ငြိမ်သုတ္တန်မှလွဲ၍ တောင်ထိပ်သခင်များနှင့် အကြီးအကဲများ၏ ကိုယ်ပိုင်ရတနာများကိုလည်း အတွင်းဆောင်အတွင်း၌ တွေ့နိုင်၏။
ဥပမာအားဖြင့် လီချန်ရှို့သည် တျန်ဖန်းကျင်းလျှိုကို ဖတ်ရှုနေခြင်းပင်။ ထိုကျမ်းစာတွင် အဆင့်မြင့်တံဆိပ်တော်များ ပြုလုပ်နည်းများကို မှတ်တမ်းတင်ထား၏။ အဆင့်မြင့်နတ်ရတနာ ပြုလုပ်နည်းများလည်း ပါ၏။ သို့သော် ထိုနည်းများကို သုံးမည့်သူသည် ကျင့်ကြံခြင်းအဆင့်မြင့်၍ အဆင့်မြင့် ကုန်ကြမ်းများ ရှိရပေမည်။
ထိုကျောက်စိမ်းပေလိပ်သည်ပင် ရတနာတစ်ခုဖြစ်၏။ ထိုကျောက်စိမ်းပေလိပ်သည် အလင်းများတောက်နေပြီး ထိုအတွင်း၌ ရေးသားထားသော စာများကို အချိန်ကြာသော်လည်း ပျောက်ကွယ်မသွားစေရန် အာမခံနိုင်လေသည်။
ကျိုးကျိုးသည် စာအုပ်စင်အနောက်တွင် ပုန်းကာ နှုတ်ခမ်းသပ်လိုက်သည်။ သူမ၏စိတ်ထဲတွင် လီချန်ရှို့လိပ်ပြာလွင့်မတတ် လန့်သွားသည့် ပုံရိပ်ကို မြင်ယောင်နေပြီဖြစ်သည်။
အချိန်ကျပေပြီ။
ကျိုးကျိုးသည် ပြောင်မြောက်သော ခြေကွက်ကို သုံး၍ ကျင်လည်စွာ စာအုပ်စင်အရှေ့သို့ ထွက်လိုက်သည်။ သူမသည် လက်မြှောက်၍ ကြောက်စရာမျက်နှာထားလုပ်လိုက်ပြီး သူမ၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်၏။
“ အာ… ”
သို့သော်ငြား…
လီချန်ရှို့သည် လက်ဝဲလက်ကိုမြှောက်၍ လက်ချောင်းလေးကို တောက်လိုက်သည်။ အပြာနုရောင်ဆေးလုံးလေးသည် ကျိုးကျိုး၏ ပါးစပ်အတွင်းဝင်သွား၏။
“ ဟမ်… ”
ကျိုးကျိုးသည် လီချန်ရှို့၏ အရှေ့တွင် ရပ်လိုက်ပြီး ခေါင်းစောင်းကာ ဆေးလုံးကို တဂျွတ်ဂျွတ်ဝါးလိုက်၏။ နှာခေါင်းထဲတွင် သင်းပျံ့သော အရက်နံ့ကိုရလိုက်ပြီး ချိုမြိန်သော အရည်များသည် သူမ၏ လည်ချောင်းအတွင်းသို့ ကျဆင်းသွားလေသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း စိတ်တန်ခိုးတန်းတစ်ခု စီးဆင်းသွား၏။
အတန်ငယ်ရီဝေဝေဖြစ်ကာ သက်တောင့်သက်သာခံစားချက်ကို ခံစားလိုက်ရ၍ ကျိုးကျိုးသည် အသက်ဖွဖွ ရှူထုတ်လိုက်သည်။ သူမ၏ မျက်နှာလေးသည် အတန်ငယ်သွေးရောင်သန်းလာ၏။
“ ဟယ် … အရသာရှိလိုက်တာ။ ဒါက ဘာလဲ ”
“ ရှူး… ”
လီချန်ရှို့သည် မျက်နှာရှေ့တွင် လက်ညှိုးလေးထောင်ပြ၍ သူမကို စကားတိုးတိုးပြောရန် ဟန့်လိုက်သည်။ သူသည် ကျောက်စိမ်းပေလိပ်ကို ချ၍ သူ့ရှေ့တွင်ရပ်နေသော နုပျိုသည့် ဆရာဒေါ်လေးကို ကြည့်လိုက်သည်။ သူသည် သူမ၏ ခေါင်းကို အမှန်ပင် ပွတ်ပေးလို၏။
‘ အဟမ်း… သူက ငါ့ဆရာဒေါ်လေးဆိုတော့ အဲဒီလိုသွားလုပ်လို့မရဘူး ’
‘ ဆရာဒေါ်လေးက နောက်ဆုံးတော့ အခန်းအောင်းကျင့်ကြံတာက ထွက်လာပြီပေါ့ ’
လီချန်ရှို့ က ပြုံး၍ ပြောလိုက်သည်။
“ အဲဒါက အရသာဆယ့်နှစ်မျိုး ဝိညာဉ်ဆေးပင်တွေနဲ့ အရက်နဲ့ရောပြီး ဖော်စပ်ထားတဲ့ ဝိညာဉ်သေရည်ဆေးလုံးပဲ။ ဆေးအာနိသင်ကတော့ လူတစ်ယောက်မှာရှိတဲ့ မူလစွမ်းအားကို တိုးပွားစေဖို့ပါပဲ။ ဒါပေမဲ့ အရသာကတော့ တော်တော်ကောင်းတယ် ”
ကျိုးကျိုးသည် ချက်ချင်းပင် လက်ကလေးကို ရှေ့ထုတ်၍ အတွင်းဆောင်ထဲရှိ အခြားထောင့်များကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ သူမကို မည်သူမှ မကြည့်နေကြောင်း သိရှိသွားရသောအခါ သူမ တီးတိုးပြောလိုက်သည်။
“ ငါ့ကို နည်းနည်းလောက် ထပ်ပေးဦး ”
သူမသည် သူမ၏ ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်ပေသေး၏။
သူမသည် ဂိုဏ်းတူ တူလေး ပေးသည်အား စားရခြင်းကို အနည်းငယ် ရှက်ရွံ့သကဲ့သို့ ရှိ၏။
လီချန်ရှို့သည် ပုံမှန်အတိုင်းပင် ရတနာအိတ်လေးကို ထုတ်၍ ပြောလိုက်သည်။
“ ဒီထဲမှာ အဲဒီဆေးလုံး အလုံးခြောက်ဆယ်ရှိတယ်။ ဒါက ဆရာဒေါ်လေး အခန်းအောင်းကျင့်ကြံတာက ထွက်လာခြင်းအထိမ်းအမှတ် လက်ဆောင်ပဲ ”
“ အင်း… မင်းက လုပ်သင့်လုပ်ထိုက်တာတော့ သိသေးသားပဲ ”
ကျိုးကျိုးသည် ကျေနပ်ဟန်ဖြင့် လီချန်ရှို့၏ လက်မောင်းကို ပုတ်လိုက်သည်။ သူမသည် ရတနာအိတ်ကိုယူ၍ အထဲမှကြွေပုလင်းလေးကို ထုတ်လိုက်သည်။
သူမသည် ကျောတွင်လွယ်ထားသော အရက်အိုးကြီးကို ဘေးသို့ချလိုက်ပြီး လီချန်ရှို့ကဲ့သို့ပင် ချောမွေ့သော ကျောက်နံရံတွင် မှီ၍ ကြည့်လိုက်သည်။
“ မင်း ဘာတွေဖတ်နေတာလဲ ”
“ ပစ္စည်းပြုလုပ်ဖို့အတွက်လိုတဲ့ တံဆိပ်တော်အမျိုးမျိုး ပြုလုပ်နည်းတွေပါ ” လီချန်ရှို့ပြောလိုက်သည်။
“ မန္တန်အစီအရင်တွေရဲ့ အောက်ခြေအတွက် သုံးလို့ရတဲ့ တံဆိပ်တော်ရှိလားဆိုတာ ရှာနေတာပါ ”
“ ဒါနဲ့ ဆရာဒေါ်လေး… ဆရာဒေါ်လေးဆီမှာ ဆေးဖော်ဆောင် ပတ်ဝန်းကျင်နဲ့ ချုံတောင်လေးရဲ့ မန္တန်အစီအရင်တွေကို အဆင့်မြှင့်ချင်တဲ့ ဆန္ဒရှိရဲ့လား ”
ကျိုးကျိုး မျက်တောင်ခတ်လိုက်သည်။
“ မင်းရဲ့ ဆေးဖော်ဆောင် တစ်ဝိုက်မှာ မန္တန်အစီအရင်တွေ ဆင်ပြီးပြီမဟုတ်ဘူးလား ”
“ ဆင်ပြီးတာ နှစ်တစ်ရာတောင်မရှိသေးဘူး…ဘာလို့ အဆင့်မြှင့်ချင်နေရတာလဲ။ ငါက အရင်ကလိုပဲ မန္တန်အစီအရင်ဆင်တဲ့အချိန် ရုန်းကြွလာတဲ့စိတ်တန်ခိုးတွေကို ဖိနှိပ်ပေးထားဖို့ပဲ မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ ကောင်းပြီလေ… ငါလုပ်မယ် ”
ကျိုးကျိုးသည် မျက်လုံးပင့်၍ လက်နှစ်ချောင်းထောင်လိုက်၏။
“ ငါ နှစ်နှစ်သက်တမ်းရှိတဲ့ နတ်အရက်၊ မိန်းမလှညှို့ဓာတ်နဲ့၊ ဂင်္ဂါမြစ်ခမ်းအရက်တွေ လိုချင်တယ်။ ပြီးတော့ ဝိညာဉ်သေရည်ဆေးလုံး အလုံးသုံးရာ လိုချင်တယ် ”
လီချန်ရှို့သည် လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ အပေးအယူဖြစ်ပြီ ”
ကျိုးကျိုးသည် ဂိုဏ်းတူ တူလေးကို အကြပ်ကိုင်သည့်ပုံစံဖြစ်သွား၍ အနည်းငယ် ရှက်ရွံ့သွား၏။ သူမသည် မူလတွင် အရက်အနည်းငယ် လိုချင်ခြင်းပင်။ သူမသည် လက်နောက်ပစ်၍ ကျောက်နံရံကိုမှီကာ အတန်ငယ်ရီဝေဝေဖြစ်နေ၏။
လီချန်ရှို့သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး စာဆက်ဖတ်နေလိုက်သည်။
“ ကျွန်တော်က ဒီမှာ နောက်တစ်လလောက် ဆက်နေချင်နေဦးမှာ။ ဆရာဒေါ်လေး အရင်ကျင့်ကြံနေပြီး ကျွန်တော့်ကို ခဏလောက်စောင့်နေပါ ”
ကျိုးကျိုးသည် မျက်တောင်ခတ်၍ ညင်ညင်သာသာ ပြောလိုက်သည်။
“ ကောင်းပြီလေ… ငါဒီမှာပဲ စောင့်နေမယ်။ တစ်လဆိုတာ ခဏလေးနဲ့ ကုန်သွားမှာပါ ”
လီချန်ရှို့သည် ကျောင်းတော်သုံးကျောင်းမှ ဂိုဏ်းများတွေ့ဆုံပွဲအတွက် အလယ်ကျွန်းသို့ သွားရောက်ဆွေးနွေးသော သူ၏ ဆရာဦးလေးကျိုးဝူတစ်ယောက် ပြန်မရောက်သေးသည်ကို ရုတ်တရက် သတိရသွား၏။
‘ ဆရာဒေါ်လေးက အခုမှ အခန်းအောင်းကျင့်ကြံတာက ထွက်လာတာဆိုတော့ သောက်စရာ အရက်ရှိမှာ မဟုတ်ဘူး ’
သူသည် အခြားရတနာအိတ်တစ်အိတ်ကို ထုတ်၍ ကျိုးကျိုးကို ပေးလိုက်သည်။
“ ဒါက ဆရာဒေါ်လေးရဲ့ လုပ်အားခပဲ။ ကျွန်တော်ကြိုပေးထားတာ။ ဒါပေမဲ့ အခုတော့ မိန်းမလှညှို့ဓာတ်ပဲ ပါလာတယ် ”
ကျိုးကျိုးသည် နဖူးကို ကုတ်၍ ပြောလိုက်သည်။
“ ကြိုယူထားလို့ ကောင်းပါ့မလား ”
“ အဲဒါဆိုလည်း နေပေါ့… ”
လီချန်ရှို့သည် လက်ပြန်ရုတ်လိုက်သော်လည်း ကျိုးကျိုးသည် ရတနာအိတ်ကို လှမ်းဆွဲလိုက်သည်။
“ မင်းက အပြင်တောင် ထုတ်ထားပြီးနေပြီပဲ။ ဘာလို့ ပြန်သိမ်းမှာလဲ။ ဟဲဟဲ ငါကပဲ သဘောထားကြီးကြီးနဲ့ လက်ခံပေးလိုက်ပါမယ် ”
လီချန်ရှို့သည် ပြုံး၍ ခေါင်းငုံ့ကာ တံဆိပ်တော် ပြုလုပ်နည်းများကို ဆက်၍ အလွတ်မှတ်နေလိုက်သည်။
ဘေးတွင် ကျိုးကျိုးသည် သမ်းဝေ၍ ကျောက်စိမ်းပြားလေးကို ယူလိုက်သည်။ ထိုကျောက်စိမ်းပြားပေါ်တွင် မန္တန်အချို့ကို ရေးသားထား၏။ သူမသည် လီချန်ရှို့ဘေးတွင်ထိုင်၍ ဝိညာဉ်သေရည်ဆေးလုံးနှစ်လုံးကို ပါးစပ်ထဲသို့ပစ်ထည့်လိုက်ပြီး ကျောက်စိမ်းပြားကို ဖြည်းဖြည်းချင်းဖတ်နေ၏။
လီချန်ရှို့ပြောလိုက်သည်။
“ အများကြီးမစားနဲ့။ အဲဒါကလည်း ဆရာဒေါ်လေးကို အရက်မူးသလိုဖြစ်သွားစေနိုင်တယ်နော် ”
ခေတ္တမျှကြာသောအခါ လီချန်ရှို့သည် ဘေးမှနေ၍ ဟောက်နေသောအသံကို ကြားလိုက်ရသည်။
လီချန်ရှို့ သက်ပြင်းချလိုက်သည်။ ဆရာဒေါ်လေး၏ အပြုအမူများသည် သူမ၏ အသက်အရွယ်နှင့်မလိုက်ဟု တွေးလိုက်၏။
ထိုအရာသည် ကောင်းပေသည်။
လီချန်ရှို့သည် ဝိညာဉ်သေရည်ဆေးလုံးများနှင့် ဆင်တူသော အခြားဆေးလုံးများလည်း ရှိသေး၏။ သို့သော် ထိုအရာများကို ဖြည်းဖြည်းချင်းသာ ပေးရပေမည်။ သူမကို တစ်ပြိုင်တည်း အကုန်ပေးလိုက်လျှင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်လေသည်။
သူသည် အာရုံစူးစိုက်၍ ဆက်လက် မှတ်သားနေလိုက်သည်။
သူသည် ဗလာနတ္ထိသတ္တမအဆင့်သာရှိသော တပည့်ငယ်တစ်ဦးဖြစ်သဖြင့် တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်သို့ မကြာခဏ ဝင်လိုက်ထွက်လိုက် လုပ်နေရန် မသင့်တော်ပေ။ သူ လိုအပ်သည်များကို အလွတ်မှတ်သွားသည်က ပိုကောင်း၏။
‘ အခုအချိန်မှာ ငါက ခံစားချက်မရှိတဲ့ စာမှတ်စက်လို့ ကိုယ့်ကိုယ်ကို သဘောထားပြီး မှတ်သွားရမယ် ’
******
အလယ်ကျွန်း၏ အရှေ့မြောက်အရပ်ရှိ လျှို့ဝှက်နေရာတစ်ခု၌ တောင်များအပေါ်တွင် မျောလွင့်နေသော နတ်ကျွန်းကြီးတစ်ကျွန်းရှိ၏။ ထိုကျွန်းကြီးပေါ်တွင် မရေမတွက်နိုင်သော အဆောက်အအုံများနှင့် နန်းတော်များရှိ၏။ ထိုကျွန်းကြီးကို တိမ်ဖြူများက လွှမ်းခြုံနေပြီး ကျွန်းပေါ်မှနေ၍ နတ်တေးသံများ ထွက်ပေါ်လာသည်ကို ကြားရ၏။ မန္တန်အစီအရင်အလွှာများသည်လည်း ထိုကျွန်းကြီးကို ဝန်းရံထား၏။
ကြီးကျယ်ခမ်းနားသော ဂိုဏ်းတစ်ဂိုဏ်းသည် ဤပုံစံသာ ဖြစ်ရပေမည်။
ထိုကျွန်းကြီးသည် ချန်ကျောင်းတော်မှ ချီကျင့်ကြံသူ ချီကျင့်ကျီတည်ထောင်ထားသော ရွှေနန်းတော်ဂိုဏ်းတည်ရှိရာဖြစ်သည်။
ချီကျင့်ကျီသည် ထိုက်ဟွာတောင်ပေါ်ရှိ ကောင်ကင်တိမ်တိုက်ဂူတွင် ကျင့်ကြံနေခြင်းဖြစ်၏။ သူသည် တစ်ခါတလေ ရွှေနန်းတော်ဂိုဏ်းသို့ လာရောက်ကြည့်၏။
ထိုဂိုဏ်းသည် ချန်ကျောင်းတော်၏ ထိပ်တန်းနတ်ဝိဇ္ဇာဂိုဏ်းဆယ်ဂိုဏ်းအတွင်း ပါဝင်၍ တန်ခိုးကြီးလေသည်။
ရွှေနန်းတော်ဂိုဏ်းသည် ကျောင်းတော်သုံးကျောင်းမှ ဂိုဏ်းများတွေ့ဆုံပွဲကို ဦးဆောင်ကျင်းပမည့် ဂိုဏ်းဖြစ်သည်။ ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဂိုဏ်းများအကြား တင်းမာနေမှုများကို လျှော့ချ၍ လိုက်လျောညီထွေ ပြန်ဖြစ်ရန်ဖြစ်သည်။
တန်ခိုးရှင်သုံးပါးသည် မူလတွင် တစ်ဦးတည်းဖြစ်၏။ ကြီးမြတ်သော ပန်ကူးနတ်ဘုရားသည် ကောင်းကင်နှင့် မြေကြီးကို ခွဲခြား၍ ကံတော်ကုန်သွားသောအခါ သူ၏ မူလဝိညာဉ်သည် အရှင်ထိုက်စန့်လောင်ကျွင်း၊ အရှင်ယွမ့်ရှစ်ထျန်းကျွမ်းနှင့် အရှင်လင်းပေါင်ထျန်းကျွင်းတို့အဖြစ် ပြောင်းလဲသွားခြင်းပင်။ ထိုသုံးဦးကို မိတ်ဆွေသုံးဦးဟု ခေါ်ကြ၏။ ထိုသုံးဦး တန်ခိုးရှင်ဖြစ်လာသောအခါ တာအိုကျောင်းတော် သုံးကျောင်းကို တည်ထောင်ခဲ့ခြင်းပင်။
ထိုသုံးဦးသည် မူလတွင် ခွန်းလွန်တောင်ရှိ ခြံဝင်းတစ်ခုထဲတွင် အတူတကွနေထိုင်ခဲ့ကြ၏။ ထို့နောက် သူတို့သည် ဟုန်ကျွင်း၏ တပည့်များဖြစ်လာကြပြီး ရွှမ်းဂိုဏ်းများကို တာအိုဂိုဏ်းအဖြစ် ပြောင်းလဲခဲ့ကြသည်။ ဟုန်ကျွင်းသည် တာအိုဘိုးဘေးဖြစ်လာ၏။
သို့သော် တပည့်လက်ခံခြင်းနှင့် သင်ကြားနည်းစနစ်များ ကွဲပြားမှုကြောင့် အရှင်ယွမ့်ရှစ်ထျန်းကျွမ်းနှင့် အရှင်လင်းပေါင်ထျန်းကျွမ်းတို့သည် တဖြည်းဖြည်း စိတ်ဝမ်းကွဲလာကြလေသည်။
ထို့နောက် အရှင်ယွမ့်ရှစ်ထျန်းကျွမ်းသည် အရှင်လင်းပေါင်ထျန်းကျွမ်း၏ အကြီးဆုံးတပည့်ဖြစ်သော တုပေါင်ကို အပြစ်ပေးခဲ့၏။ ထိုအချိန်မှစ၍ အရှင်လင်းပေါင်ထျန်းကျွမ်းသည် တောင်သမုဒ္ဒရာသို့ ပြောင်းရွှေ့နေထိုက်ခဲ့လေသည်။
ထိုသုံးဦးသည် တန်ခိုးရှင်ဖြစ်လာသောအခါ အရှင်ယွမ့်ရှစ်ထျန်းကျွမ်းသည် သူ၏ သင်ကြားမှုနည်းစနစ်များကို ဖြန့်ဝေခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ကြီးမြတ်သောတာအိုကို ဖြန့်ဝေ၍ သက်ရှိများအားလုံးကို သင်ကြားစေလိုခြင်းပင်။ သူသည် ပညာရပ်များကို အလွယ်တကူ သင်ကြားပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။ အကျင့်စာရိတ္တကောင်းမွန်၍ ကံကြမ္မာကောင်းများရှိကာ ကံကောင်းမှုများလည်းရှိသူများကိုသာ တပည့်အဖြစ်လက်ခံခဲ့၏။
အရှင်လင်းပေါင်ထျန်းကျွမ်းသည် ကျဲကျောင်းတော်ကိုတည်ထောင်ခဲ့၏။ အရှင်လင်းပေါင်ထျန်းကျွင်းကို နတ်ရတနာကောင်းကင်ဘိုးဘိုးဟုလည်း ခေါ်ကြပြီး၊ ကောင်းကင်ဘုံဘိုးဘေးဟုလည်း ခေါ်ကြ၏။ သူ၏ ရည်ရွယ်ချက်မှာ သက်ရှိအားလုံး ရှင်သန်နိုင်မည့် အခွင့်အရေးကို ရစေရန်ဖြစ်သည်။ သူသည် သက်ရှိတိုင်း တာအိုတရားကို သင်ယူနိုင်ရမည် ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထား၏။ သူ မျက်စိကျသူတိုင်းကို တပည့်အဖြစ်လက်ခံခဲ့၏။
အရှင်ထိုက်စန့်လောင်ကျွင်းမှာမူ ရန်ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ကောင်းကင်ဘုံ နဝမအထပ်တွင် နေထိုင်နေ၏။ အရှင်ထိုက်စန့်လောင်ကျွင်းသည် ကောင်းကင်နှင့်မြေကြီး၏ ကြီးမြတ်သော တာအိုတရားကို လက်ကိုင်ထား၍ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဖြန့်ဝေခဲ့၏။ သူသည် ကိုယ်ပိုင်တပည့်ဟူ၍ အရှင်ရွှမ်းဒူတစ်ယောက်ကိုသာ လက်ခံခဲ့သည်။
ထိုတန်ခိုးရှင်သုံးပါး၏ တပည့်လက်ခံသည့် စံနှုန်းများကွဲပြားမှုကြောင့် ဂိုဏ်းများအကြားတွင် ပဋိပက္ခများ ဖြစ်လာရခြင်းပင်။ သို့သော် တန်ခိုးရှင်သုံးပါးသည် တစ်ပါးနှင့်တစ်ပါး နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေကြ၏။ ကျောင်းတော်သုံးကျောင်းသည် အရင်းအမြစ်တစ်ခုထဲမှ ထွက်ပေါ်လာခြင်းပင်။ ကျဲကျောင်းတော်နှင့် ချန်ကျောင်းတော်သည် တာအိုတရားအခြေခံများ တူညီကြ၏။
ထို့ကြောင့် ရွှေနန်းတော်ဂိုဏ်းကဲ့သို့ နတ်ဝိဇ္ဇာဂိုဏ်းကြီးတစ်ဂိုဏ်းသည် ဝင်ရောက်ပါဝင်၍ ကျောင်းတော်သုံးကျောင်းမှ ဂိုဏ်းများတွေ့ဆုံပွဲကို စီစဉ်ခဲ့ရခြင်းပင်။ သူတို့သည် ကျောင်းတော်သုံးကျောင်းကို ပြန်လည်သင့်မြတ်စေလို၏။
ထိုတွေ့ဆုံပွဲအတွက် ဆွေးနွေးရန်လာသော ချန်ကျောင်းတော်နှင့် ကျဲကျောင်းတော်မှ ဂိုဏ်းများသည် အာဒိကပ္ပလောကတွင် အင်အားကြီးသော ဂိုဏ်းများဖြစ်ကြသည်။ ရန်ကျောင်းတော်မှာမူ ဆွေးနွေးပွဲတက်မည့်သူမှာ လူငါးယောက်၊ ခြောက်ယောက်ခန့်သာရှိ၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို တက်ရောက်ပေးရန် စေခိုင်းခဲ့ခြင်းပင်။
သို့သော် သူတို့ ဆွေးနွေးနေကြသည်မှာ တစ်နှစ်ကျော်မျှရှိပြီဖြစ်သော်လည်း အဓိကအချက်ကို မရောက်သေးချေ။ ကျိုးဝူနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အခြားတာဝန်ရှိသူနှစ်ဦးသည် အကြီးအကဲနှစ်ယောက်၏ အနောက်မှ လိုက်လာခြင်းပင်။ သူတို့သည် အခြားကျောင်းတော်များ၏ ဂိုဏ်းများမှ ကျင့်ကြံသူများကို နှုတ်ဆက်လိုက်၊ မိတ်ဆွေများနှင့်တွေ့ဆုံလိုက်၊ တာအိုတရားပို့ချမှုများကို နေ့စဉ်နားထောင်လိုက်နှင့် အချိန်ကုန်နေ၏။
ထိုအရာသည် ဆွေးနွေးပွဲမစမီ အကြို တာအိုတရားဆွေးနွေးခြင်းပင်။ ထိုဆွေးနွေးပွဲသည် သုံးနှစ်မှ ငါးနှစ်အထိ ကြာနိုင်လေသည်။
တွေ့ဆုံရန် ဆွေးနွေးပွဲပင်ထိုမျှကြာလေရာ တွေ့ဆုံပွဲအတွက် နှစ်တစ်ရာကြို၍ ဆွေးနွေးမှုသည် ဉာဏ်ရှိသော လုပ်ရပ်ဟုပင် ဆိုရပေမည်။
ထိုညတွင် ကျိုးဝူသည် အရက်မူးနေ၍ သူ၏တည်ခိုဆောင်သို့ ရွှေနန်းတော်ဂိုဏ်းမှ တပည့်နှစ်ဦးက တွဲပို့ပေးရ၏။
ကျိုးဝူသည် ရီဝေဝေဖြစ်နေရင်း ခြင်သံများကို ကြားလိုက်၏။
‘ ဘာလို့ ဒီမှာ ခြင်တွေရှိနေရတာလဲ ’
သူသည် လေထဲကို လက်ဖြင့် လိုက်ရိုက်လိုက်ရာ ခြင်သံများ ပျောက်သွားလေ၏။ သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းမှလူများ နေထိုင်ရာ တည်းခိုဆောင်သည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ နေထိုင်ရာ တည်ခိုဆောင်နှင့် ခပ်လှမ်းလှမ်းတွင်သာဖြစ်သည်။
သွေးရောင်အလင်းတန်းတစ်ခုသည် ကျိုးဝူနေထိုင်ရာနေရာမှ ထွက်ခွာသွား၏။ ထိုအရာသည် ရွှေနတ်လိပ်ကျွန်းမှသူများ နေထိုင်ရာ တည်ခိုဆောင်အပြင်တွင် ကာထားသော မန္တန်အစီအရင်ကို တိတ်တဆိတ်ဖောက်ဝင်သွားပြီး တရားထိုင်နေသော တာအိုရသေ့အိုကြီးထံသွားလိုက်လေသည်။
ထိုသူကား ရွှေနတ်လိပ်ကျွန်းမှ ယွမ်ကျဲပင်။
ဝီ…
“ အာ… ”
ယွမ်ကျဲသည် ခေါင်းလှည့်၍ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ အတန်ငယ် သံသယဝင်နေသည်။ သူသည် နတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံရန် ပြင်လိုက်စဉ်မှာပင် လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရ၏။
ရုတ်တရက် တာအိုရသေ့အိုကြီး ယွမ်ကျဲ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွား၏။ သူသည် ဆက်၍ ကျင့်ကြံနေသည့်ပုံစံ ခေါင်းငုံ့၍ ထိုင်နေလေသည်။
သွေးရောင်အလင်းတန်းတစ်ခုသည် တာအိုရသေ့အိုကြီး ယွမ်ကျဲ၏ မူလဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်ကာ သူ၏ ဝိညာဉ်နှင့် အသိစိတ်ကို ထိန်းချုပ်လိုက်၏။
ခေတ္တမျှကြာသောအခါ တာအိုရသေ့အိုကြီး ယွမ်ကျဲသည် ခပ်ဖွဖွ အသက်ရှူထုတ်လိုက်သည်။ သူ၏ အသက်ကင်းမဲ့နေသော မျက်လုံးများသည် တဖြည်းဖြည်း ကောက်ကျစ်မှုများနှင့် ပြည့်နှက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ မပူပါနဲ့ အရှင်မ… ”
“ ကျွန်တော် အောင်မြင်ရမယ်ဆိုတာ ကျွန်တော့်အသက်နဲ့ ကျိန်ဆိုပါတယ် ”
လီတစ်သောင်းအကွာရှိ လူသူကင်းမဲ့သော တောအုပ်အတွင်း၌…
အရှင်မဝမ်ကျင်းသည် ကြီးမားသော ကျောက်ပြားကြီးတစ်ချပ်ပေါ်တွင် တိတ်တဆိတ် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏ ညှို့ဓာတ်ပြင်းသော မျက်နှာလေးတွင် နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာလေသည်။
‘ ဒီကောင်းကင်နတ်မင်းတွေကို လှည့်ဖျားရတာ သိပ်လွယ်တာပဲ ’