အခန်း (၆)

သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ဘူး၊ ဒါတောင်မှ မင်းလက်မခံသေးရင် ငါတို့ တိုက်ခိုက်ကြမယ်

အခန်း (၆) သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ဘူး၊ ဒါတောင်မှ မင်းလက်မခံသေးရင် ငါတို့ တိုက်ခိုက်ကြမယ်

အကြီးအကဲခွိုင်က စိတ်ထဲမထားသည့် ပုံစံဖြင့် ခေါင်းတယမ်းယမ်းနှင့် ပြုံးနေ၏။ “ဒီလူအိုကြီးက လူငယ်မျိုးဆက်တပည့် တစ်ယောက်ကို ချီးကျူးတာပါ၊ ဘာများ မှားတာ ပါလို့လဲ”

သူက ရန်ကျောက်ကဲကို ကြည့်ရင်း “ဒါပေမယ့် မင်းက နောက်ခံအင်အား တောင့်တင်းပေမယ့်… အခုအချိန်ထိ မင်းက လူငယ်မျိုးဆက်ရဲ့ တပည့်တစ်ယောက်ပဲ ရှိသေးတယ်ဆိုတာတော့ သတိရသင့်တယ်၊ မင်းရဲ့ ကမူးရူးထိုးစကားကို ကြည့်ခြင်းအားဖြင့် မင်းဟာ ဝါစဉ်ကြီးပုဂ္ဂိုလ်တွေအပေါ် လေးစားမှုမရှိဘူးလို့ ဒီလူအိုကြီး ပြောနိုင်တယ်၊ အကြီးအကဲရန်တောင် မင်းရဲ့ အကြီးအကဲအပေါ် စော်ကားပြောဆိုမှုနဲ့ ဂါဝရတရားကင်းမဲ့မှုကို ငြင်းဆိုနိုင်မှာမဟုတ်ဘူး”

“ကောင်လေး၊ မင်းရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ်၊ မင်းက ပထမဆုံးတွေ့တဲ့သူ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မင်းရဲ့ဂိုဏ်းအပေါ်စွမ်းဆောင်မှုက ဘယ်လောက်ပဲ ရှိရှိ မင်း စကားပြောရင် သတိထားပြီး ပြောသင့်တယ်၊ နိမ့်နိမ့်ချချနေ၊ ဒါမှ ဖြစ်သင့်တဲ့ ပုံစံပဲ”

အကြီးအကဲခွိုင်က ကြင်နာစွာပြုံးရင်း ပြောလိုက်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်ခြားဖွယ် အေးစက်နေ၏။ လူငယ်တပည့်များအားလုံး အသက်ပင် ရဲရဲ မရှုရဲလောက်အောင် ကြောက်ရွံ့နေကြသည်။ သူတို့အားလုံးသည် အကြီးအကဲခွိုင်အား ကြောက်လန့်မှုကြောင့် တုန်ရီစွာ ကြည့်နေကြသည်။

အခြေအနေတစ်ခုလုံးက သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်လာခဲ့လေသည်။

အခြားတစ်ဖက်တွင် ရန်ကျောက်ကဲသည် ယခင်ကထက် ပိုမို တည်ငြိမ်အေးချမ်းသော အပြုံးကို ဆင်မြန်းရင်း “ခင်ဗျား… ကျွန်တော့ရဲ့စီနီယာလား…၊ ဂိုဏ်းထဲမှာ တကယ်ပဲ စီနီယာ၊ဝါစဉ်နဲ့ အဆင့် အနိမ့်အမြင့်ကိုလိုက်ပြီး လေးလေးစားစားဆက်ဆံရမယ့် ထုံးစံရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း လေးစားဖို့ ထိုက်တန်တဲ့လူတွေကို လေးစားပြီးသားပါ”

“ဒါပေမယ့် ကျွန်တော့အဖေရဲ့အကူအညီမပါဘဲနဲ့တောင် ခင်ဗျားကို စီနီယာအဖြစ် မသတ်မှတ်တဲ့လူတွေ လိုက်ရှာဖို့ လွယ်လွယ်လေးပဲ”

“တကယ်တော့ ဒီနေ့ဖြစ်ရပ်မှာ ခင်ဗျားရဲ့အပိုင်းကို ကျွန်တော် အပြစ်မတင်နိုင်ပါဘူး၊ ဒါပေမယ့် အတိတ်တုန်းကကော ခင်ဗျား နောက်ကြောင်းရှင်းရဲ့လား၊ ခင်ဗျားကိုယ် ခင်ဗျားသာ အသိဆုံးပါ”

“ကျွန်တော်က အခြားသူက ဘယ်အသက်ရွယ်ပဲဖြစ်ဖြစ် လေးစားဖို့ထိုက်တန်တဲ့သူပဲ လေးစားပါတယ်”

အကြီးအကဲခွိုင်က ရန်ကျောက်ကဲကို ခက်ထန်စွာ မျက်လုံးနှစ်လုံးပေါက်ထွက်မတတ် စိုက်ကြည့်နေ၏။ သူသည် တုန်ရီစွာ လက်ညိုးထိုးလိုက်ရင်း “မင်း… မင်း…”

ရန်ကျောက်ကဲက ဘေးသို့ စောင်းကြည့်လိုက်သည်။ “ကျွန်တော်၊ ဘာလဲ”

အကြီးအကဲခွိုင် ပြောစရာစကားမဲ့သွားသည်။ ထိုအချိန်ရောက်မှ သူ့ရှေ့မှ လူငယ်လေးသည် သူထင်ထားသည်ထက် ပိုမို အထက်စီးဆန်ကြောင်း သဘောပေါက်သွားသည်။ ကံဆိုးစွာဖြင့် ထိုလူငယ်လေးသည် သူ ထင်ထားသည်ထက်ပင် ပို၍ မျက်နှာပြောင်တိုက်နိုင်သေးသည်။

ထိုခဏ၌ သူ၏ ထိန်းထားသော စိတ်ကို လွတ်ချကာ ရန်ကျောက်ကဲအား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးလိုက်ချင်သည်။ သို့သော် ရန်ကျောက်ကဲအပေါ် အခြားအပြစ်ရှာနိုင်သည့် အကြောင်းရင်း မတွေ့ခဲ့ပေ။

သူ တိုက်ရိုက် တိုက်ခိုက်လိုက်ချင်သော်လည်း အားဟူက ရန်ကျောက်ကဲ၏ဘေးတွင် သွားအဖြီးသားဖြင့် ကြောက်မက်ဖွယ်ရာကောင်းစွာ ပြုံးလျက် သူ့အား ကြည့်နေ၏။ အကြီးအကဲခွိုင်သည် ကြက်သီးမွှေးညှင်းများ ထလာပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူသည် နောက်လည်းမဆုတ်ချင်၊ ရှေ့တိုးဖို့ကလည်း ခက် ဖြစ်နေသည်။

ရန်ကျောက်ကဲသည် တည်ငြိမ်အေးချမ်းစွာ  ပြောလိုက်၏။ “ခင်ဗျားကိုယ် ခင်ဗျား နုံအတဲ့ ကလေးတစ်ယောက်ကို အသုံးချလို့ရမယ်လို့ ထင်နေလား၊ တကယ်တော့ ခင်ဗျားကိုယ်တိုင်က တစ်စုံတစ်ယောက်ရဲ့လက်ထဲက လက်ကိုင်တုတ်တစ်ချောင်းထက် မပိုဘူး”

“တကယ်လို့ ခင်ဗျားက ကျွန်တော့ကို အောင်အောင်မြင်မြင် အကွက်ဆင်နိုင်ခဲ့ရင် ခင်ဗျားနောက်က လူတွေက ခင်ဗျားကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အကာအကွယ် ပေးမှာပဲ၊ ဘာလို့လဲဆိုတော့ သူတို့က ရွှေတုံးတစ်ထောင်နဲ့ မြင်းရိုးကို ဝယ်ချင်လို့ပဲ*

“အခု ခင်ဗျား ကျရှုံးသွားပြီ၊ ကျွန်တော့နောက်က လူတွေက ခင်ဗျားကို ဖြုတ်ချဖို့ ကြိုးစားရင် ခင်ဗျားနောက်က အင်အားစုက ခင်ဗျားကို ကာကွယ်ပေးမယ်များ ထင်နေလား၊ သူတို့ဘယ်လောက်ထိ အားထုတ်ပြီး ခင်ဗျားကို ကာကွယ်ပေးမှာလဲ”

သူပြောစရာရှိတာ ပြောပြီးသည်နှင့် ရန်ကျောက်ကဲသည် အကြီးအကဲခွိုင်အား လုံးဝလျစ်လျူရှု့လျက် လှည့်ထွက်သွားလေ၏။

သူသည် ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူများကို ကြည့်လိုက်ပြီး တာဝန်ခန်းမမှ ထွက်ခွာလာလေ၏။ “မင်းတို့ရဲ့ ဝိဉာဉ်လက်နက်တွေပါ ယူခဲ့၊ ငါတို့သွားကြမယ်၊ တည်နေရာ: နဂါးချုပ်လှောင်ခြင်း ချောက်နက်ကိုပဲ”

အားဟူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို သယ်ဆောင်ရင်း အပြေးအလွှား လိုက်လာလေ၏။ သူက မင်းသားထံသို့ အသံပေးပို့သည့်နည်းဖြင့် ဆက်သွယ်လိုက်၏။ “မင်းသား၊ ဒါက မျောက်တွေကို ခြောက်ဖို့ ကြက်ကို သတ်ပြတာလား**၊ ဒီတစ်ကြိမ်မှာ ကြက်က ကြီးလွန်းပြီး မျောက်က သေးလွန်းနေတာပဲ”

“မင်း နားမလည်ပါဘူး” ရန်ကျောက်ကဲ ခေါင်းခါလိုက်ပြီး သူ့နောက်က လိုက်လာသည့် ရီကျင်းအား လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးသည် ဒေါသထွက်နေခြင်း မရှိတော့ပေ။ ထို့အစား အတော် အတွေးနက်နေပုံရသည်။

ရန်ကျောက်ကဲ၏စိတ်မှာ အတော် အေးချမ်းနေ၏။ သူသည် ဤခန္ဓာကိုယ်မူလပိုင်ရှင်၏ အရှုပ်ထုတ်ကို ဆက်ခံရသော်လည်း လက်ရှိ ရန်ကျောက်ကဲနှင့် ရီကျင်းတို့အကြား ရန်ငြိုးမရှိပေ။ ထို့ကြောင့် သူက အရင် စ၍ ရီကျင်းအား ဖိနှိပ်လိမ့်မည် မဟုတ်ပေ။

လမ်းမကြီးက အကျယ်ကြီးပါ။ တစ်ယောက် တစ်ဖက်စီမှာ လျှောက်၍ သဟဇာတဖြစ်စွာ နေထိုင်ကြလျှင် အကောင်းဆုံးမဟုတ်ပါလော။

“ဒါပေမယ့် မင်းက ငါ့ကို ရန်စဖို့ ဆုံးဖြတ်ခဲ့လျှင် ငါကလည်း ထိပ်တိုက်တွေ့ဖို့ ရှောင်လွှဲနေမှာ မဟုတ်ဘူး၊ ငါတို့တစ်ယောက်ရဲ့ ခွန်အား တစ်ယောက်က စမ်းသပ်ရင်းနဲ့ ဘယ်သူက သာလွန်လဲ ကြည့်ကြတာပေါ့၊ မင်း၊ မိုးကောင်ကင်ရဲ့အလိုအရ ဇာတ်လိုက်ဖြစ်ဖို့ ကံပါလာတဲ့ သူလား၊ ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတဲ့ ငါလား၊ ဒါမှ လက်မခံသေးရင် မင်းနဲ့ ငါ တိုက်မယ်၊ မင်းဘာကောင်ပဲဖြစ်ဖြစ် မင်းဘယ်လိုလူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး”

ရန်ကျောက်ကဲ၏နောက်ကျောသို့ ကြည့်နေသော ရီကျင်း၏အကြည့်များတွင် ရှုပ်ထွေးသော ခံစားမှုများနှင့် ပြည့်နှက်နေ၏။

စစ်ခုန်ချင်းက ရန်ကျောက်ကဲအား ကြည့်နေ၏။ သူမ၏မျက်လုံးများသည် ယခင်ကကဲ့သို့ အေးစက်၊ကြည်လင်လျက်ရှိသည်။ သို့သော် ယခု ကြည့်သောအကြည့်များတွင် စိတ်ဝင်စားမှုက အနည်းငယ် စွက်လျက် ရှိသည်။

လူတိုင်းက ရန်ကျောက်ကဲအား သူ၏အရည်အသွေးကို လုံးဝ ယုံကြည်စိတ်ချလျက်ရှိသည့် ပုံစံဖြင့် ကြည့်နေကြသည်။

အကယ်၍ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြစ်ရပ်ကြောင့် သူတို့သည် ရန်ကျောက်ကဲ၏စွမ်းရည်ကို သိရှိခဲ့သည်ဆိုလျှင် ရန်ကျောက်ကဲနှင့် အကြီးအကဲရန်တို့အကြား ထိပ်တိုက်ယှဉ်ဆိုင်မှုက ဂိုဏ်းအတွင်းရှိ ရန်ကျောက်ကဲ၏ အရေးပါမှူကို သဘောပေါက်နားလည်နိုင်သည်။

အကြီးအကဲခွိုင်သည် သာမာန်အားဖြင့် လူငယ်တပည့်များက ကြောက်ရွံ့သဖြင့် အသက်ကျယ်ကျယ် မရှုရဲသော အထက်ပိုင်းက ပုဂ္ဂိုလ်ဖြစ်သည်။ ရန်ကျောက်ကဲသည် ဤပုဂ္ဂိုလ်နှင့် ထိပ်တိုက်ရင်ဆိုင်၍ ခြေလှမ်းတိုင်းတွင် အသာစီးရကာ လုံးဝ လွှမ်းမိုးထားနိုင်ခဲ့သည်။

အစောပိုင်းက ဝိဉာဉ်လက်နက်များ၊ အကြီးအကဲခွိုင်နှင့် ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူတို့နှင့် ရန်ကျောက်ကဲသည် အဆင့်တစ်ဆင့်ထဲတွင် မရှိကြောင်း သူတို့အား ကောင်းကောင်း သဘောပေါက်စေသည်။

ရန်ကျောက်ကဲသည် လူငယ်တပည့်များအား အာရုံစိုက်ခြင်း မရှိတော့။ သူ့လမ်းသူသာ လျှောက်နေ၏။ အားဟူက သူ့နောက်မှ ကပ်လိုက်လာ၏။ ရန်ကျောက်ကဲက အားဟူအား စောင်းကြည့်လိုက်သည်။

အားဟူသည် ရှက်ကို့ရှက်ကန်း မျက်နှာဖြင့် ခိုးရယ်လိုက်၏။ သူ၏ချီအား အသုံးပြု၍ အသံကို ထိန်းချုပ်ပြီး ရန်ကျောက်ကဲထံသို့ အသံပေးပို့လိုက်သည်။ “မင်းသား၊ ဒီတစ်ခါမှာ ဒီက အန်းရဲ့ အမှားပါ၊ အဲ့ရီကျင်းက ခဏလေးအတွင်း အဆင့်တစ်ဆင့်လုံး ခုန်တက်ပြီး ဒန်တျန်မှာ ချီပင်လယ် တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး”

ရန်ကျောက်ကဲ မျက်လုံးလှန်၍   ကြည့်လိုက်သည်။ ဤကိစ္စနှင့် ပတ်သတ်ပြီး သူ မမျှော်လင့်ထားသည်တော့ မဟုတ်ပေ။

မိုးကောင်ကင်၏သားတော်နှင့် သူ၏ ဇာတ်လိုက်ဟူသော အရောင်အဝါအရ သူသည် ကမ္ဘာကြီးကို တစ်ကြိမ်တည်းနှင့် အံ့အားသင့်သွားအောင် လုပ်ရသည်ကို နှစ်သက်၍ သူ့ကို အထင်သေးသော ခွေးမျက်လုံးများကို အမြင်ကျယ်စေပြီး ထိုခွေးမျက်နှာများကို ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ရိုက်နှက်လေသည်။

ဤကဲ့သို့ အရာမျိုးကို ရန်ကျောက်ကဲလည်း နှစ်သက်၏။ သိသာစွာပင် သူသည် ရိုက်နှက်သူသာ ဖြစ်ချင်ပြီး အရိုက်ခံရမည့် မျက်နှာ မဖြစ်ချင်ပေ။ “လက်အောက်ငယ်သားတွေကို စုံစမ်းစစ်ဆေးပြီး မြန်မြန်သတင်းပို့ဖို့ စေခိုင်းလိုက်”

ရန်ကျောက်ကဲက အသံပေးပို့၍ အမိန့်ပေးလိုက်သည်။ “အဲ့ဒီ့အဖိုးကြီးခွိုင်က ငါနဲ့ ရီကျင်းကြားကို ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်၊ အဲ့ကိစ္စက မရိုးရှင်းလောက်ဘူး”

“အဆိုးဆုံးကို တွေးကြည့်တာပေါ့၊ တကယ်လို့ ငါက ရီကျင်းကို သတ်ပြီး ငါ အပြစ်ရှိကြောင်း ထင်ရှားတဲ့ သက်သေ ချန်ခဲ့မယ်၊ ကိုယ့်ဂိုဏ်သားကို သတ်လို့ ငါက စွဲချက်တင်ခံရရင်တောင် ငါ့အဖေရှိနေသရွေ့ ငါပြန်လာနိုင်ဦးမှာပဲ”

“ပြီးတော့ ငါ တကယ် သတ်ဖို့ ဆုံးဖြတ်ခဲ့ရင် ခြေရာလက်ရာကို ရှာဖို့ လွယ်ကူမှာ မဟုတ်ဘူး”

“ဒီအခြေအနေက ဒုတိယသိုင်းဦးလေးနဲ့ ငါ့အဖေကြား ယှဥ်ပြိုင်မှုကို အများကြီး မထိခိုက်နိုင်ဘူး၊ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိရမယ်၊ ရီကျင်းနဲ့ ဘယ်သူတွေနဲ့ ဆက်နွယ်နေသလဲဆိုတာ သေသေချာချာ စုံစမ်း၊ အထူးသဖြင့် ဂိုဏ်းထဲက သူနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံသလဲဆိုတာရော”

ပုံမှန်ပြုံးနေကြ ဖော်လန်ဖားအပြုံးပင် မပြုံးတော့ဘဲ အားဟူ၏ အမူအရာက လေးနက်သွားသည်။ “အမိန့်တော်အတိုင်းပါ၊ မင်းသား”

ရန်ကျောက်ကဲက ခေါင်းငြိမ့်ပြီး ဆက်လျှောက်သွားလိုက်သည်။ တခဏကြာပြီးနောက် သူ ရုတ်တရက် ရပ်တန့်လိုက်သည်။ “ကျွတ်…… နဂို ပြောမယ့်အကြောင်းတောင် မေ့တော့မလို့
အားဟူ တာဝန်ခန်းမကို တစ်ခေါက် ပြန်သွားလိုက်ဦး”

အားဟူက သူ့လက်သီးများကို ပွတ်သပ်နေ၏။ “တကယ်လို့ မင်းသား စိတ်မပြေသေးရင် အန်းကိုဟာ ခိုင်းလိုက်ပါ၊ အန်း ချက်ချင်းပြန်ပြီး အဲ့ဒီ သေခါနီးအဖိုးကြီးကို ခုနစ်ရက်လောက် မထနိုင်အောင် ရိုက်နက်ပစ်မယ်”

ရန်ကျောက်ကဲက လက်ကာပြလိုက်သည်။ “အဲ့လို မဟုတ်ဘူး၊ နဂါးချုပ်လှောင်ခြင်းချောက်နက်က မူမမှန်တာတွေစုံစမ်းဆိုတဲ့ ဂိုဏ်းက တာဝန်ကို သတင်းပို့ဖို့ မေ့လာလို့၊ မင်း သွားပြန်သတင်းပို့ချေ”

အားဟူ “…”

နောက်ကျသော အချိန်တစ်ခုတွင် တာဝန်ခန်းမမှ လက်ထောက်အကြီးအကဲ ခွိုင်ရှင်းသည် လာဘ်စား၍ ဂျူနီယာတပည့်များကို ဖိနှိပ်သည့် အတွက် ရာထူးမှ ချခံရသည်။ သူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများ ခံယူရမည်ဖြစ်သည်။

……………………

ဝါဒတောင်ပေါ်တွင် မှောင်မည်းနေသော အခန်းတစ်ခု၌

“ကောလဟာလတွေက မှန်နေတာပဲ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုမှာ မယုံနိုင်စရာအစွမ်းတွေ ရှိတာပဲ”

“မြန်မြန် ဒီသတင်းကို ဖြန့်ကြ”

“အခုလက်ရှိ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက မပြည့်စုံသေးဘူး၊ အဲ့တာက အဆင့်နိမ့် ဝိဉာဉ်လက်နက်တွေကိုပဲ သန့်စင်နိုင်သေးတယ်၊ မီးပြင်းဖိုရဲ့ တန်ဖိုးက ကြီးမားပေမယ့် အများကြီးတော့မဟုတ်သေးဘူး၊ ငါတို့ မီးပြင်းဖိုကို ပိုပြည့်စုံတာ စောင့်ပြီးမှ လှုပ်ရှားသင့်လား၊ အဲ့တာဆို ဝါဒတောင်ဂိုဏ်းရဲ့ အာရုံစိုက်မှုတွေကို ငါတို့ ခံရမှာ မဟုတ်ဘူး”
“ငါတို့ ဒီအတိုင်းပဲ ဆက်ပုန်းနေမယ်၊ ဒါပေမယ့် ဒါက အရေးကြီးသတင်းပဲ၊ ချက်ချင်း ပြန်တင်ပြသင့်တယ်၊ ဘာဆက်လုပ်သင့်လဲ ဆိုတာတော့ ဟိုဘက်ခြမ်းက ညွှန်ကြားတဲ့အတိုင်း လုပ်ကြတာပေါ့”

“ကောင်းပြီ”
…………………..

အခြားတစ်နေရာတွင်

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုရဲ့ သုသေသနရလဒ်တွေကို ဂိုဏ်းကအထက်ပိုင်းတွေဆီ လွှဲပြောင်းပြီးပါပြီ၊ ဒါပေမယ့် အခြေခံက အဲ့ကလေး…ရန်ကျောက်ကဲ တည်ဆောက်ထားတာပဲ”

“ငါတို့မှာ ဒီအခြေခံတည်ဆောက်ပုံသာ ရှိရင် ဆင့်ကဲ စမ်းသပ်လို့ ရပြီ”

“ဒီတစ်ခါ သူက  နဂါးချုပ်လှောင်ခြင်းချောက်နက်ကို ထွက်သွားပြီ၊ သူ့နားမှာ အစောင့်တွေ ရှိပေမယ့် အရင်ကနဲ့စာရင်တော့ နည်းပါးတာပဲ၊ ငါတို့ သူ့ဆီက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအခြေခံနည်းစနစ်ကို  လုယူဖို့အတွက် အခွင့်ကောင်းပဲ”

“ဝိဉာဉ်အလံငါးပါးဂိုဏ်းက အကြွင်းအကျန်တွေကို ဆက်သွယ်လိုက်၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းက ရန်ကျောက်ကဲရဲ့အဖေ လက်မှာ ပျက်စီးသွားတာပဲ၊ အဖေရဲ့အကြွေးကို သားက ပြန်ဆပ်ရမှာပေါ့၊ တကယ်လို့ သူတို့လုပ်ရှားရင် ဘယ်သူမှ သံသယဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အဲ့ရန်ကျောက်ကဲကို မသေစေနဲ့… အနည်းဆုံးတော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ ဆက်စပ်တာမှန်သမျှကို ငါတို့မရမချင်းအထိ၊ ပြီးရင် ရန်ကျောက်ကဲကို သူတို့လက်ထဲ အပ်လိုက်လို့ ရပြီ”

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အကြောင်းကိုတော့ ဝိဉာဉ်အလံငါးပါးဂိုဏ်းက လူတွေ မသိစေနဲ့ဦး၊ သူတို့ကို ပစ်မှတ်ကိုသာ ဖမ်းဆီးထားခိုင်းလိုက်”
……………..

အရှေ့ကောင်းကင်ဒေသ၊ အရှေ့တန်နိုင်ငံအတွင်း ကြီးမားရှည်လျားသော အက်ကြောင်းကြီး တည်ရှိရာနေရာသည် ရန်ကျောက်ကဲတို့အဖွဲ့ ဦးတည်ရာနေရာ နဂါးပိတ်လှောင်ခြင်းချောက်နက်ဖြစ်သည်။

“ဂျူနီယာညီလေးရီ၊ မင်းက အရှေ့တန်နိုင်ငံမှာ မွေးတာမလား” လူစုထဲမှ လူငယ်တပည့်တစ်ယောက်က ရီကျင်းအား မေးလိုက်သည်။

ရီကျင်းက အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်”

လက်ရှိကမ္ဘာတွင် အင်အားအကြီးဆုံးဂိုဏ်းများ၊ထိပ်သီးနယ်မြေများက တစ်ကမ္ဘာလုံးကို အုပ်ချုပ်ကြသည်။

တစ်ခုချင်းစီတိုင်းတွင် သူတို့၏ မထိုးဖောက်နိုင်သည့် ဘိုးဘေးခန်းမနှင့် သူတို့၏တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် နယ်မြေအများအပြားရှိသည်။ ဌာနချုပ်ကို ဗဟိုပြု၍ သူတို့၏လွှမ်းမိုးမှုက ပတ်ပတ်လည်နယ်မြေများသို့ ဖြန့်ကျက်ထားကာ ကုန်းမြေတစ်ခုလုံးကိုပင် ဖြစ်သည်။

ဥပမာအားဖြင့် ဝါဒတောင်ဂိုဏ်းသည် ဒေသကြီးငါးခု၏ နှလုံးသည်းပွတ်နေရာဖြစ်သော အလယ်ပိုင်းကောင်းကင်ဒေသကို တိုက်ရိုက်အုပ်ချုပ်ပြီး ထိုမှတဆင့် ကောင်းကင်နယ်မြေကြီး တစ်ခုလုံးသို့ သူတို့၏ဩဇာကို ဖြန့်ကျက်ထားသည်။

အလယ်ပိုင်းကောင်းကင်ဒေသမှလွဲ၍ အခြားဒေသကြီးလေးခုတွင်လည်း အမျိုးမျိုးသော ဂိုဏ်းငယ်များ၊ နိုင်ငံများ၊ မျိုးနွယ်စုများ အသီးသီး နေရာယူနေကြပြီး သူတို့တစ်ခုချင်းစီတိုင်းသည် ဝါဒတောင်၏ လွှမ်းမိုးမှု အောက်တွင် ရှိသည်။

ထိုအင်အားစုငယ်များသည်လည်း သူတို့၏နယ်မြေများကို သူတို့ဘာသာ ချဲ့ထွင်ကြသည်။ သို့သော် သူတို့အားလုံးက ဝါဒတောင်ကို သူတို့၏ အန္တိမ အုပ်ချုပ်သူအဖြစ် အသိအမှတ်ထားကြသည်။

အရှေ့တန်နိုင်ငံသည် အရှေ့ကောင်ကင်ဒေသ၏ အင်အားစုကြီး သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းသည် ဝါဒတောင် ပိုင်နက်၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အရှေ့တန်နိုင်ငံကဲ့သို့ နေရာမျိုးတွင် ပထမအဆင့်ထက်နိမ့်သော အင်အားစုငယ်များမှာ ဂိုဏ်းများ၊ မျိုးနွယ်စုများ သဏ္ဌာန်ဖြင့် ရှိကြသည်။

အရှေ့တန်နိုင်ငံ၏ မြို့တော်ကို ကြည့်ရင်း ရီကျင်း၏အတွေးများက သူ့ငယ်ဘဝသို့ ပြန်ခေါ်သွားလေ၏။

ရီကျင်းသည် အရှေ့တန်နိုင်ငံအတွင်း မြို့လေးတစ်မြို့ရှိ သေးငယ်သော ကလန်လေးဖြစ်သော ရီမိသားစုမှ မွေးဖွားလာ၏။ သူ၏အားထုတ်မှုကြောင့် ရီကလန်သည် ထိုမြို့တွင် အင်အားအကြီးဆုံး ကလန်ဖြစ်လာသည်။ သို့သော် အရှေ့တန်နိုင်ငံအတွင်းရှိ အင်အားစုများနှင့် နှိုင်းယှဉ်လျှင် သူ့ကလန်မှာ အသေးအမွှားမျှသာ ဖြစ်သည်။

သူ၏မွေးရပ်မြို့လေးမှ ထွက်လာပြီးနောက် အရှေ့တန်နိုင်ငံမြို့တော်သို့ ဦးတည်ခဲ့သည်။ ထိုနေရာတွင် သူသည် တကယ်ပင် အမြင်ကျယ်ဖွယ် အတွေ့အကြုံများကို မြင်တွေခဲ့ရသည်။ သူ အရှေ့တန်နိုင်ငံမှ ထွက်လာ၍ ဝါဒတောင်ဂိုဏ်း၏တပည့်ဖြစ်လာသောအခါ ရေတွင်းထဲက ဖားသူငယ်က ရေတွင်းအပြင်သို့ ခုန်ထွက်လာသကဲ့သို့ ပိုမို အမြင်ကျယ်ဖွယ် အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရကာ နောက်ဆုံးတွင် တကယ့် ကောင်းကင်နှင့် မြေကြီးကို မြင်တွေ့ခဲ့ရပြီဟု ဆိုနိုင်လေသည်။

အရှေ့တန်နိုင်ငံတွင် နေခဲ့စဉ်က အရှေ့တန်နိုင်ငံ၏ အစွမ်းထက်ကျင့်ကြံသူများကို သူ အားကျစွာ ကြည့်ခဲ့ရသည်။ သို့သော် ဒီတစ်ကြိမ် သူ့အတွက် အရှေ့တန်သို့ ပြန်လာခြင်းက အိမ်မှ ထွက်သွားသော လူငယ်လေး၏ ဂုဏ်ယူဖွယ် အပြန်ခရီးဟု ဆိုနိုင်ပေသည်။

“မြို့တော်ကို ရောက်ရင် ဘုရင်နဲ့ ငါ သွားတွေ့ရဦးမယ်၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ နောက်ဆုံးရသတင်းတွေ သိရဖို့ အရှေ့တန်နိုင်ငံကို ကြီးကြပ်တဲ့ ဝါဒတောင်ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲကိုလည်း သွားတွေ့ရဦးမယ်”

လူအုပ်စု၏ ရှေ့ဆုံးမှ လျှောက်နေသည့် ရန်ကျောက်ကဲ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏မျက်လုံးများက အရှေ့တန် နိုင်ငံ၏မြို့တော်ကို ကြည့်လိုက်၏။ လူတိုင်း၏ရှေ့၌ပင် သူ ပြောလိုက်သည်။ “သွား…နားမယ့်နေရာရှာပြီး ခဏနားချင်နားကြ၊ ဒါမှမဟုတ် သွားချင်တဲ့နေရာသွားကြ၊ ဒါပေမယ့် နောက်နှစ်နာရီကြာပြီးတာနဲ့ ငါတို့လူပြန်စုပြီး ခရီးဆက်မယ်၊ နားလည်လား”

လူငယ်တပည့်များက တစုတစည်းထဲ ပြန်ဖြေလိုက်ကြသည်။ “ဟုတ်ကဲ့၊ စီနီယာအကိုကြီး”

ရီကျင်း၏မျက်နှာက ခံစားချက်မဲ့နေ၏။

Note : ရွှေတုံးတစ်ထောင်နဲ့ မြင်းအရိုးကို ဝယ်တယ် – ဒီအဓိပ္ပာယ်က အရည်အချင်းရှိတဲ့ နောက်လိုက်တွေရဖို့ လူတစ်ယောက်ရဲ့ ဆွဲဆောင်နိုင်မှုကို ပြတယ်။ အဲ့တာက ဇာတ်လမ်းနှစ်ပုဒ်နဲ့လာတယ်။ ပထမဇာတ်လမ်းကတော့ ဘုရင်တစ်ပါးက အပြေးမြန်တဲ့ မြင်းတစ်ကောင် ဝယ်ချင်နေတယ်။ သူ ပထမတုန်းက ဝယ်လို့ မရခဲ့ဘူး။ လူအချို့က အပြေးသန်တဲ့ မြင်းရဲ့အရိုးတွေ ယူလာချိန်အထိပဲ။ ဘုရင်က အဲ့မြင်းရိုးတွေကို ဝယ်လိုက်တဲ့အချိန်မှာ ဘုရင်က မြင်းအရိုးတောင် ဒီလောက်ပေးဝယ်ရင် တကယ့် မြင်းတစ်ကောင်ကိုရော အများကြီး ပေးဝယ်မှာပဲ ဆိုပြီး လူတွေက တွေးကြတယ်။ အဲ့လိုနဲ့ ဘုရင်က သူလိုချင်တဲ့ အပြေးသန်တဲ့ မြင်းကို ခဏလေးနဲ့ ရသွားတယ်။ နောက်ဇာတ်လမ်းတစ်ပုဒ်က ရန်နိုင်ငံက ကျောက်ဘုရင်မှာ ကောဝေလို့ ခေါ်တဲ့ အကြံပေးတစ်ယောက်ရှိတယ်။ အကြံပေးကောဝေက ဘုရင်ကို အဲ့မြင်းပုံပြင်အကြောင်း ပြောပြပြီး ရွှေခန်းမကြီးတစ်ခု တည်ဆောက်ခိုင်းတယ်။ နောက်တော့ ဘုရင်က အရည်အချင်းရှိတဲ့ လူတွေ အများကြီးကို ဆွဲဆောင်နိုင်ပြီး ရန်နိုင်ငံက အများကြီး စည်ကားတိုးတက်လာတယ်။ ဒီကျောက်ဘုရင်နဲ့ ရန်နိုင်ငံက စာစဉ်ထဲက ရန်ကျောက်ကဲနဲ့ မဆိုင်ပါ။

မျောက်တွေကို ခြောက်ဖို့ ကြက်ကို သတ်တယ်** – ဒါက အခြားသူတွေကို သတိပေးဖို့ တစ်ယောက်ကို သတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

Comment

Leave a Reply

Options

not work with dark mode
Reset