အခန်း ( ၆၈ )

ဂိုဏ်းတူ တူလေး.....မပြေးနဲ့

ပိုင်ရှောင်ချန်းသည် မည်သည့်အခြေအနေတွင်မဆို ပျော်ပျော်ရွှင်ရွှင်နှင့် ရွှတ်နောက်နောက်နေတတ်သော သူမျိုးဖြစ်သည်။ ယခုတော့ သူသည် ဂိုဏ်းခေါင်ဆောင်ကြီး၏ ဂိုဏ်းတူညီလေးဖြစ်နေရသည့် ဘဝကို ပျော်ရွှင်ကျေနပ်နေသည်။ တောင်ပေါ်လမ်းများကို ဟန်ပါပါလျှောက်နေရင်း စီမံရေးရာအ​ဆောင်ကိုပင် ခပ်ပြပြလှမ်းမြင်နေရပြီဖြစ်သည်။

လည်ချောင်းကိုရှင်းလိုက်ကာ အဝတ်အစားတွေကို စန့်စန့်ရန့်ရန့်ဖြစ်အောင်ပြင်လိုက်ရင်း ဂိုဏ်း၏ဝါရင့်ဆရာသမားကြီးများဟန် ပြင်လိုက်သည်။ ထို့နောက် မေးကိုမော့ကာ လက်ကိုနောက်ပစ်ရင်း စိမ်ပြေနပြေလျှောက်လာလိုက်သည်။

စီမံရေးရာအဆောင်သည် ဂိုဏ်းထဲတွင် အလုပ်အများဆုံးသောအဆောင်များထဲက အဆောင်တစ်ဆောင်ဖြစ်သည်။ သည်နေ့တွင်လည်း ခါတိုင်းကဲ့သို့ပင် လူများပြည့်ကျပ်နေသည်။ အပြင်ဂိုဏ်းသားများ၏ ကျွက်ကျွက်ညံအောင်ဆူနေသံများကို အဝေးကနေပင် ကြားနေရသည်။

ပိုင်ရှောင်ချန်းရောက်သွားသောအခါ သဘောထားကြီးသောအပြုံးကို မျက်နှာတွင်ဆင်မြန်းလိုက်ရင်း အပြင်စည်းဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။

သူ့ကိုမြင်လိုက်ရသည်နှင့် ဂိုဏ်းသားများက အနားသို့ စုပြုံတိုးလာကြသည်။ ရှောင်ချန်းသည် လူများအကြားသို့ အလိုလိုရောက်သွားကာ ခေါင်းစဥ်အမျိုးမျိုးကို ဒိုင်ခံဆွေးနွေးပေးနေလေသည်။ အချို့ကမူ သူ့ကိုမြင်လိုက်ရသဖြင့် အသက်ရှုပင်မှားသွားကြသည်။

“ဒါက…ဒါက… ဂိုဏ်းတူဦးလေးပိုင်မဟုတ်လား..။ နှုတ်ဆက်ကြစမ်း ဦလေးပိုင်ကို”

လက်များကို ရှောင်ချန်းရှိရာသို့ ပွေ့ဖက်ဟန်ပြုနေရင်း

”ဦးလေးပိုင်ကို နှုတ်ဆက်ကြစမ်း”

ဟု အော်ဟစ်နေကြသည်။

ထိုအသံများကိုကြားသောအခါ လူများက ပိုမိုအုံခဲလာကြသည်။ ထိုနေရာတွင်ရှိသမျှလူအားလုံးသည် ပိုင်ရှောင်ချန်းကို နှုတ်ဆက်ရန် လက်ဟန်ပြင်နေကြသည်ဟုပင် ထင်ရသည်။

လူအများ၏ ဂိုဏ်းတူဦးလေးပိုင်ဟုခေါ်နေကြသံများကို နားဆင်လျက်ပီတိတွေဖြာနေပုံမှာ ဂွမ်းဆီထိသကဲ့သို့ ဖြစ်နေသည်။ သူသည် ခြေလှမ်းကြဲကြဲလှမ်းလိုက်ရင်းမှ ပြုံးရင်း နောက်က လူတွေကို လှမ်းပြောလိုက်သေးသည်။

“အားလုံးပဲ အလုပ်ကိုကောင်းကောင်းဆက်လုပ်ကြပါ။ ”

အပြင်စည်းဂိုဏ်းသားများအားလုံးက သူ့ကို မနာလိုအားကျသောအကြည့်များနှင့်ကြည့်နေကြသည်။

” ဝိုး…ဂိုဏ်းတူဦးလေးပိုင်က ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ဂိုဏ်းတူညီလေးတဲ့လား”

စီမံရေးရာအဆောင်တွင် ဂုဏ်ထူးဆောင်ကိုယ်ရံတော်ရုံးအချို့လည်းရှိရာ ပိုင်ရှောင်ချန်းကိုမြင်သောအခါ ခပ်သွက်သွက်ဦးတည်လျှောက်လာပြီး ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။ စီမံရေးရာအဆောင်က ရှိသမျှလူအားလုံးသည် ပိုင်ရှောင်ချန်းဆီသို့သာ ရှေးရှုလာနေကြသည်ဖြစ်ရာ အဆောင်ကြီးမှာ တခြမ်းစောင်းသွားသလားဟုပင်ထင်ရလေသည်။ ပိုင်ရှောင်ချန်းကမူ စိတ်လှုပ်ရှားလို့ကို မပြီးနိုင်တော့ပေ။

“အားလုံး လာကြ လာကြ” သူကပြောသည်။

“ကျုပ်ကို ကြောက်စရာမလိုပါဘူး။ ကျုပ်က ဂိုဏ်းတူအကိုကြီးကိုယ်စား စိတ်ဝိညာဉ်နတ်ရေစင်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသားတွေကို လာပြီး စစ်ဆေးတာပါ”

ပျော်ရွှင်မှုများက နှလုံးအိမ်နက်နက်ရှိုင်းရှိုင်းဆီမှ အမြစ်တွယ် ဖူးပွင့်လာသည်။ ထိုစကားကိုကြားလိုက်ရသောဂိုဏ်းသားအပေါင်းသည် ပိုင်ရှောင်ချန်းကို နောက်တဖန်ပွေ့ဖက်နှုတ်ဆက်ကြပြန်သည်။ စီမံရေးရာအဆောင်မှ အကြီးအကဲများပင်လျှင် ထွက်လာကြပြီး ပိုင်ရှောင်ချန်းကို ဦးညွှတ်ဂါရဝပြုကြလေသည်။

သို့သော်လည်းပဲ ပိုင်ရှောင်ချန်းသည် သူ့ကိုမည်သို့ပင် ဂရုတစိုက်အရေးတယူလုပ်ခြင်း ပြီးဆုံးသွားသော်လည်း လုံးဝထွက်ခွာမသွားချေ။ လူအုပ်ထဲမှာပင် အေးအေးလူလူလမ်းလျှောက်နေဆဲဖြစ်သည်။ လူအများ၏ ဂိုဏ်းတူဦးလေးပိုင်ဆိုသော အခေါ်အဝေါ်တွင် ယစ်မူးသာယာနေပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ အကျေနပ်ကြီးကျေနပ်နေသည်။ အချို့သော အပြင်ဂိုဏ်းသားများသည်
တစ်ယောက်ကို ဆယ်ခွန်းလောက် ခေါ်​ပေးလိုက်ရသည်။

မကြာမီမှာပင် ဂိုဏ်းသားများ၏မျက်နှာပေါ်တွင် ပိုင်ရှောင်ချန်းက ဂိုဏ်းတူဦးလေးပိုင်ဟု အခေါ်ခံချင်ရုံသက်သက်ကြောင့်ရောက်လာသလားဟု ဇဝေဇဝါဖြစ်လာကြသည်။ နောက်ဆုံးမှာတော့ ပိုင်ရှောင်ချန်းက ချိုမြန်သောအခေါ်အဝေါ်များကို အဝေးသို့ တွန်းထုတ်ပစ်လိုက်သလို မဖြစ်ရန် ဆုံးဖြတ်လိုက်သည်။ လူတိုင်းကို လက်ပြနှုတ်ဆက်ကာ မြောက်ကြွမြောက်ကြွနှင့် ထွက်သွားလေသည်။ ထိုမှသာ စီမံရေးရာအဆောင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

“ဘယ်လိုတောင် အံ့သြစရာကောင်းတဲ့ ဂုဏ်ပုဒ်လဲ”

သူ့ဘာသာပြောပြီး မျက်လုံးများကအရောင်များတောက်ပနေသည်။ အရေးပါအရာရောက်ခြင်းကြောင့် မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်မြူးတူးနေသည်။

“သြဇာတိက္ကမနှင့်ပြည့်စုံသော ဂိုဏ်းသား ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ဂိုဏ်းတူညီလေးတဲ့လား။ ခုဆိုရင် ဂိုဏ်းထဲက ဘယ်သူကမှ ငါ့ကို အနိုင်မကျင့်ရဲကြတော့ဘူး။ ဟုတ်တယ်မလား။”

အတွေးရထားကြီးပေါ်တွင် ပျော်ပျော်ကြီး လိုက်ပါစီးနင်းနေသည်။ ပိုင်ရှောင်ချန်းသည် အူလှိုက်သည်းလှိုက်ရယ်မောနေရင်း ဆေးတစ်သောင်းအဆောင်သို့ အလျင်အမြန်ပင် ဦးတည်လိုက်သည်။

ဆေးတစ်သောင်းအဆောင်မှာလည်း စည်းကားသိုက်မြိုက်လှသော အဆောင်တစ်ဆောင်ဖြစ်သည်။

ရှောင်ချန်းသည် သိပ်အကြာကြီးပင် မသွားလိုက်ရ။ မကြာမီမှာပင် ကျောက်တိုင်ကြီးဆယ်တိုင်ကို လှမ်းမြင်နေရပြီဖြစ်သည်။ ထိုအဆောင်တွင်လည်း လူတိုင်းက ဂိုဏ်းတူဦးလေးပိုင်ဟုခေါ်နေသံများကို ကျေကျေနပ်နပ်ကြီး နားထောင်နေပြန်သည်။ ထိုနေရာတွင်လည်း ခဏတဖြုတ်နေပြီး ဂိုဏ်းသားများ၏မျက်နှာတွင် တမင်အခေါ်ခံချင်နေတာလား ဟူသည့် အရိပ်အယောင်များပေါ်လာသည်နှင့် ပြန်လာခဲ့တော့သည်။ ညနေစောင်းသွားပြီဖြစ်သည်။ သို့သော်လည်း သူသည် အနည်းငယ်မျှ ပင်ပန်းနေသည်ဟု မခံစားရပေ။ အပြင်ဂိုဏ်းသားများ အစုလိုက် အပြုံလိုက်ရှိမည့်နေရာမှန်သမျှ တစ်နေရာပြီး တစ်နေရာသွားလေသည်။

ရွှီပေါက်ချိုင်ထွက်လာသည်နှင့် ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပဲ ပွေ့ဖက်နှုတ်ဆက်လို​က်သည်။

ပိုင်ရှောင်ချန်းသည် ရွှီပေါက်ချိုင်ပုခုံးကို ပုတ်လိုက်ကာ ပညာရှိစကားကို ဟန်ပါပါ အသံနေအသံထားနှင့်ဆိုလေသည်။

“အာ…မင်းကိုး။ ရတနာအိုးလေး။ ငါတို့ မတွေ့ခင်အတောအတွင်းမှာ ကျင့်စဥ်နဲ့ပတ်သက်ပြီးတော့ ရေသာခိုအချောင်လိုက်နေတယ်မဟုတ်လားဟေ့။ ငါတို့အဲ့လိုလုပ်လို့မဖြစ်ဘူးလေ။ မင်းက ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့လိုအပ်တယ်လေ။”

ရွှီပေါက်ချိုင်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ ပိုင်ရှောင်ချန်းက သူ့ကို ရတနာအိုးလေးဟုခေါ်လိုက်သဖြင့် ရင်တုန်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ငယ်ငယ်တုန်းက သူ့အဖေတစ်ယောက်တည်းကသာလျှင် နှစ်ကိုယ်ကြား ရတနာအိုးလေးဟု ခေါ်ဖူးတာဖြစ်သောကြောင့် ဖြစ်သည်။ သူသည် တခုခုကိုခံစားမိသွားပြီး ဘာမှကိုမပြောနိုင်တော့ဘဲ ခေါင်းတညိတ်ညိတ်နှင့်ထိုသို့ခေါ်ခြင်းကို သဘောတူခွင့်ပြုလိုက်လေသည်။

“ငါ…အမ်မ်မ်…ငါဆိုတာက ငါ့လိုအရေးပါအရာရောက်တဲ့ ငါ့လိုလူမျိုးပေါ့ကွာ”

ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ ငါလို့ပဲသုံးနှုန်းခြင်းက မသင့်တော်ဘူးဟု ချက်ချင်းပင်တွေးထင်လိုက်သဖြင့် ယခုကဲ့သို့ ပြောင်းလဲသုံးစွဲလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ကိုယ်သူ အင်မတန်အရေးပါသည့် လီချင်းဟောက်ကဲ့သို့ အထူးပုဂ္ဂိုလ်တစ်ယောက်အသွင် ပြုမူလိုက်ရန်ဆုံးဖြတ်လိုက်သည်။ လည်ချောင်းကိုရှင်းလိုက်ကာ လက်ကို ဟန်ပါပါ နောက်သို့ပစ်လိုက်သည်။ ကျောရိုးကိုပါ မတ်မတ်ဆန့်တန်းလိုက်ရင်း

“ငါ့လို အင်မတန်မှ အရေးပါတဲ့ လူတစ်ယောက်ဟာဆိုရင် ဒီနေရာနဲ့က သိပ်မရင်းနှီးဘူးလေ။ အဲ့တော့ မင်းငါ့ကို နည်းနည်းလောက် လိုက်ပြပေးလို့ရမလား”

ရွှီပေါက်ချိုင်တွင် ရွေးချယ်စရာမရှိသဖြင့် ချက်ချင်းပင် လိုက်လံပြသလိုက်ရသည်။

အိမ်ပြန်ချိန်တွင် ဂိုဏ်းသားများမှာ ပို၍ပို၍များလာရာ ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသောအခါ အနည်းငယ်အံ့သြသွားလေသည်။ ဂိုဏ်းသားအများစုက သူ့ကို စောစောလေးကပင် စီမံရေးရာအဆောင်တွင် တွေ့ပြီးပြီမဟုတ်ပါလော။ ထိုမျှမကသေး ဆေးတစ်သောင်းအဆောင်မှာလည်း တွေ့ခဲ့ရသေးသည်။ သူ့ကိုကြည့်သည့်အကြည့်များက တမဟုတ်ချင်း သရော်ကြည့်များအဖြစ်သို့ပြောင်းလဲသွားသည်။ သို့သော်လည်းပဲ သူတို့မှာ ပွေ့ဖက်နှုတ်ဆက်ကြရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

ပိုင်ရှောင်ချန်းသည် ထိုဂုဏ်ပုဒ်တွင် အကြီးအကျယ် မွေ့လျော်နေသည်။ တစ်ယောက်ပြီးတစ်ယောက် သူ့ကိုလာလာနှုတ်ဆက်သည်ကို ခံစားရင်း အပျော်များက နှလုံးအိမ်တိုင်အောင် ဆို့ဆို့တက်လာသည်။ နောက်ဆုံးတွင် လူခြေတိတ်၍ တစ်ယောက်မျှမကျန်သည့်အချိန်မှ အိမ်ပြန်လာပြီး ကျေနပ်ပီတိတွေဖြစ်နေသည်။

လျှောက်နေရင်းနှင့် ဝိညာဥ်အမြီးကြက်များကိုမြင်လိုက်ရသောအခါ ရပ်လိုက်သည်။ မကြာမီမှာပင် ဂိုဏ်းတူဦးလေးပိုင်ဟု နှုတ်ဆက်သံကို ကြားလိုက်ရချိန်တွင် ဝိညာဥ်အမြီးကြက်များကို ဘယ်တစ်ကောင် ညာတစ်ကောင် ယူလာခဲ့ပြီးဖြစ်သည်။

“အာ…ဒီဂုဏ်ပုဒ်က သောက်ကျိုးနည်းဂေါ်တာပဲ။
အရင် ဂိုဏ်းတူဦးလေးပိုင်လို့ အခေါ်မခံရချိန်တုန်းကများ ကြက်သားစားချင်ရင်တောင် ခိုးစားရတယ်။ ခုတော့ ကြက်တွေကို တံခါးမရှိ ဓားမရှိ ဘွင်းဘွင်းရှင်းရှင်း ပေါ်တင်နှိုက်လို့ရနေပြီ။ ငါ့ကို ဘယ်သူပြောရဲသေးလဲ ဟမ်…ငါ့အကိုကြီးက ဂိုဏ်းခေါင်းဆောင်ကြီးလေ။”

ပိုင်ရှောင်ချန်းသည် ဝင့်ဝင့်ကြွားကြွားပြောနေရင်း သူ့ဂေဟာဆီသို့ စိမ်ပြေနပြေလျှော​က်လာသည်။ ပါးစပ်ကနေလည်း သူ့ဂုဏ်သူဖော်သည့်စကားများကို တတွတ်တွတ်ရွတ်လာသည်။

နောက်တနေ့မနက်အစောတွင် နေမင်းကြီးက ထုံးစံအတိုင်းထွက်လာသည်။ ဘယ်သူမျှပင်သွားသွားလာလာမရှိသေးသော်လည်း ပိုင်ရှောင်ချန်းက အိပ်ရာထဲက အိပ်ချင်မူးတူးနှင့် လေးဖက်ထောက်တွားသွားထွက်လာသည်။ သူ့ကိုယ်ထဲတွင်လည်း စိတ်စွမ်းအားများပြည့်နေသည်ဟု ခံစားမိနေသည်။ အဝတ်တွေကို စန့်ရန့်သွားအောင်လုပ်လိုက်ပြီးနောက် ကြေးမှုံပြင်တွင် သူ့ကိုယ်သူကြည့်လိုက်ရင်း အကောင်းဆုံး ဟန်ပန်များထုတ်နေလေသည်။ ထို့နောက်သူ့အိမ်လေးထဲမှ ထွက်ခဲ့လေတော့သည်။

သူသည် တစ်စုံတစ်ခုကို အရေးတကြီးလုပ်တော့မည့်ဟန်ရှိသည်။ သူ့အလုပ်ကတော့…….

စီမံရေးရာအဆောင်ကိုတော့ မသွားတော့ပေ။ ထိုအစား မွှေးရနံ့တောင်ထိပ်မှာရှိသော နေရာအနှံ့အပြားသို့ လျှောက်သွားလေသည်။ ဖင်တုန်အောင်ကြောက်ခဲ့သောသူက သိုင်းပြိုင်ပွဲများကိုပင်လျှင် သွားရောက်ကြည့်ရှုအားပေးခဲ့သေးသည်။

တစ်နေ့လုံးတွင် မရေမတွက်နိုင်အောင်များပြားလှသောသူများက သူ့ကို ဂိုဏ်းတူဦးလေးပိုင်ဟု ခေါ်ကြသည်။ သူ့ကိုယ်သူ အင်မော်တယ်တစ်​ယောက်ကဲ့သို့
​ပင် ခံစားနေရသည်။ သူ့စွမ်းအားများမှာ ပေါက်ကွဲထွက်လုမတတ်ဖြစ်နေသည်။ တတိယနေ့….ရောက်လာပြန်သည်။ ထိုသို့ဖြင့် စတုတ္ထနေ့…ပဥ္စမနေ့….။

သူသည် ဆယ်ရက်ခန့်ကြာအောင် ဂိုဏ်းထဲမှာ လျှောက်သွားနေသည်။ အမြင်အရတော့ ဂိုဏ်းထဲက ရှိသမျှ ဂိုဏ်းသားများက ဂိုဏ်းတူဦးလေးပိုင်ဟု ခေါ်ပြောနှုတ်ဆက်နေကြရသော်လည်း သူတို့က အင်မတန်စိတ်ညစ်ကာ ရူးချင်စိတ်ပေါက်နေပြီ ဖြစ်သည်။ ကလေးဆန်သော ဂိုဏ်းတူဦးလေးပိုင်ဟု ခေါ်တာကပင်ပိုကောင်းပေလိမ့်ဦးမည်။ သို့သော်လည်း ထိုကဲ့သို့ ခေါ်ခြင်းကိုပင် တစ်ခါလောက်သာ ခေါ်လိုကြတော့သည်။ ယခုမူ ဂိုဏ်းတူဦးလေးပိုင်ဟုခေါ်ရလေလေ ခံစားရခက်လေလေဖြစ်နေသည်။ မချစ်သော်လည်းအောင့်ကာနမ်းနေကြရသည်။

ပိုင်ရှောင်ချန်း၏နေ့ရက်များသည် စိတ်ချမ်းမြေ့စရာများနှင့် ရေရှည်တည်တံ့နေလေသည်။ အထူးသဖြင့် သိပြီးသားသူများက သူ့ကို ထိုကဲ့သို့ခေါ်လျှင် ပိုမိုကျေနပ်နေတတ်သည်။ ထိုကဲ့သို့သောသူများနှင့်တွေ့လျှင် အပြေးတပိုင်းလိုက်နှုတ်ဆက်လေ့ရှိသည်။

တစ်နေ့တွင်သူသည် ကျောက်ရိသော်နှင့်တွေ့လေသည်။ ရှောင်ချန်းမျက်လုံးများ ဝင်းကနဲ လင်းလက်သွားပြီး လက်မောင်းကိုအတင်းဆွဲနှုတ်ဆက်လေသည်။

“ဂိုဏ်းတူ တူလေးရိသော်…မတွေ့တာကြာပြီ…မပြေးနဲ့ ”

ကျိုးရိသော်သည် ဂိုဏ်းတူတူလေးဟူသောအသုံးကို ကြားလိုက်ရသောအခါ မျက်နှာက ရှုံ့တွသွားသည်။

“ဂိုဏ်းတူဦးလေးပိုင်…ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မရေမတွက်နိုင်အောင် တွေ့ထားကြသေးတာလေ”

ပိုင်ရှောင်ချန်းက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း လည်ချောင်းကိုရှင်းလိုက်သည်။ အဘယ့်ကြောင့်ဆီသော် သူ့နားမှာတစ်စုံတစ်ယောက်ကိုတွေ့လိုက်ရ၍ဖြစ်ပြီး ထွက်မသွားခင် သတိပြုမိအောင်လုပ်လိုက်ခြင်းဖြစ်သည်။

“အီးးးး?” သူကပြောသည်။

“ဂိုဏ်းတူတူလေး ကျိအန်း…မတွေ့တာကြာပြီနော်!”

ကျောက်ရိသော်သည် စိတ်သက်သာရာရသွားပြီး မျက်နှာကဝင်းခနဲဖြစ်သွားက ချန်ကျိအန်းနောက်မှာ ကွယ်ရပ်လိုက်သည်။

ချန်ကျိအန်းသည် ဒေါသထွက်သွားပုံရသည်။ သူသည် ပိုင်ရှောင်ချန်းနှင့် တစ်နေ့ကို အနည်းဆုံး သုံးခေါက်လောက်တွေ့နေရသည်။ သူကြားရသလောက် ပိုင်ရှောင်ချန်းနှင့် ယခင်တည်းက သိကျွမ်းဖူးသူများကို ကံမကောင်းသောနောက်လိုက်များအဖြစ်သတ်မှတ်ကြပြီး ပိုင်ရှောင်ချန်းကို ပုလွေဘုရင်ဟုပင် နာမည်ပြောင်များပေးခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများထံသို့ တစ်နေ့ကို ဒါဇင်ပေါင်းမြောက်မြားစွာ လိုက်လိုက်တွေ့နေ၍ဖြစ်သည်။

“အာ…ဂိုဏ်းတူဦးလေးပိုင်။ ကျွန်တော်အရေးတကြီးလုပ်စရာလေးရှိလို့ ပြေးလုပ်လိုက်ဦးမယ်ခင်ဗျ” ချန်းကျိအန်းသည် အသက်လုပြေးရသကဲ့သို့ တချိုးတည်းလစ်လေသည်။

ဆယ်ရက်လောက်ကြာသောအခါ မွှေးရနံ့တိမ်တောင်ပေါ်က ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို မမြင်ဟန်ဆောင်လာကြသည်။ သူတို့ရည်ရွယ်ချက်မှာ ခေါ်သံများကိုကျေနပ်နေခြင်းကိုလျော့ကျအောင်လုပ်ရန်နှင့် အထူးအဆန်းကြီးဖြစ်မနေတော့ရန် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ကျိုးရှင်းချီ၏ ပရိတ်သတ်တစ်ယောက်ကို အတင်းလိုက်ဆွဲကာ
“အားယား… မင်းကိုအရမ်းရင်းနှီးနေတာ.. လာ…လာ…ငါ့လိုအရေးပါတဲ့ပုဂ္ဂိုလ်က တခါတလေ တချို့ဟာတွေကို မေ့နေတတ်တယ်။ ငါတို့အရင်က တွေ့ဖူးကြတယ်မဟုတ်လား ”

ထိုဂိုဏ်းသားသည် ထိုနေ့အဖို့ ကံဆိုးသူမောင်ရှင်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ရှောင်ချန်းက စီကာပတ်ကုံး တပြုံးပြုံးနှင့် စကားပြောရသည်မှာ ရေပက်မဝင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမွှေးတိုင်တစ်တိုင်စာလောက်ကုန်ဆုံးသွားချိန်တွင် ပိုင်ရှောင်ချန်းကို ဂိုဏ်းတူဦးလေးပိုင်ဟု အကြိမ်သုံးဆယ်ထက်မနည်းခေါ်လိုက်ရလေသည်။ နောက်ဆုံးပိုင်ရှောင်ချန်းကျေနပ်သွားသည့်အခါမှပဲ ထိုဂိုဏ်းသားကိုလွှတ်ပေးလိုက်ရာ ထိုသူသည် အင်မတန် စိတ်နှလုံးမချမ်းမြေ့ဟန်နှင့် ထွက်သွားတော့သည်။

သို့သော် ထိုနည်းဗျူဟာမှာလည်း အချိန်အကြာကြီးအကျိုးမသက်ရောက်လိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းက သူ့ကို ရှောင်ကွင်းသွားကြသောကြောင့်ဖြစ်သည်။ သူ့ကိုသတိထားမိအောင် တစ်ခုခုကြံဖန်မှ ဖြစ်တော့မည်ဟု တွေးတောနေသည်။ ပြီးခဲ့သောရက်ပိုင်းတွင် သူရှိသည်ကို သိစေရန် ခဏခဏလည်ချောင်းရှင်းနေခဲ့ရသည်။

သို့သော်လည်း ရလဒ်က သာမန်သာဖြစ်ပြီး ရှောင်ချန်းပင် စိတ်ဓာတ်ကျလာသည်။ ကျေးဇူးတင်ရမည်မှာ သူ့ဘေးတွင် အင်မတန်ချောမောလှပသည့် တုလင်ဖေးရှိနေသေး၍သာ အတော်အတန်ခံသာနေသည်ဖြစ်သည်။

ဟိုရှောင်မေ့ကမူ ပိုင်ရှောင်ချန်း သတိထားမိအောင် နေ့တိုင်း လာတွေ့လေသည်။ သူ့အတွက်မူရှောင်ချန်းက လည်ချောင်းရှင်းရန်မလိုအပ်ဘဲ လိုလိုလားလားတက်တက်ကြွကြွပင် လာတွေ့နေခြင်း ဖြစ်သည်။ သူ့အနားတွင် မျက်နှာလိုမျက်နှာရလုပ်ကာ ဂိုဏ်းတူဦးလေးပိုင်ဟု အဆက်မပြတ်ခေါ်နေလေသည်။

ပိုင်ရှောင်ချန်း သာယာကြည်နူးနေသည်များကို အပြင်စည်းဂိုဏ်းသားများမြင်ရသောအခါ မြင်ပြင်းကပ်လာကြသည်။ လွန်ခဲ့သော အချိန်များက မွေးရနံ့တောင်ထိပ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့သော လိပ်ကလေးအကြောင်းကို ဟိုရှောင်မေ့အား ပိုင်ရှောင်ချန်းကမိတ်ဆက်ပေးခဲ့သည်ဖြစ်ရာ အသည်းစွဲလိပ်ကလေးအကြောင်းကို ပိုင်ရှောင်ချန်းနှင့် နှစ်ကိုယ်ကြားရှိတိုင်းမေးလေ့ရှိသည်။ ဟိုရှောင်မေ့က လိပ်ကလေးဟာ ဘယ်သူလဲ ဘယ်သူလို့ထင်လဲဟုသာ တွင်တွင်မေးလေသည်။

“လိပ်ကလေးလား။ သူက ပဟေဠိဆန်ပြီးတော့ ဉာဏ်မမီလောက်အောင်ကိုပဲတော်တယ်လေ။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ နှစ်တစ်သောင်းမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်မျိုးပေါ့။ သူက တွေ့ရခဲပြီး အင်မတန်လည်းကြီးကျယ်မြင့်မြတ်လွန်းလှပြန်တယ်။ သူက ကြည်လင်နေတဲ့ကောင်းကင်ပေါ်က အဖြူရောင်တိမ်တွေလိုပဲ။ ဘယ်သူကြည့်ကြည့်ထင်းခနဲ
​မြင်သာနေတာလေ။”

အစရှိသာစကားများကို ချောင်းဟန့်ရင်းအဆုံးသတ်လိုက်လေ့ရှိသည်။ စကားကြီးစကားကျယ်များကိုပြောရင်း ကျိုးရှင်းချီကို သူက လိပ်ကလေးဆိုတာ သိလာအောင် ဖွင့်ပြောရန် စိုင်းပြင်းနေသည်။ သို့သော်လည်းပဲ သူသည် လူပုံအလယ်တွင် သူက လိပ်ကလေးပါဟု ကျိုးရှင်းကျီကိုပြောနိုင်မည့် ရှားပါး အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေသည်။

“ကျွန်မလည်း အဲ့လိုပဲခံစားရတယ်။ ” ဟိုရှောင်မေ့ကတုံ့ပြန်သည်။ မျက်ဝန်းများမှာလည်း တလက်လက် အရောင်တောက်လျက်ရှိသည်။

“ကျွန်မကလေ လိပ်ကလေးက ဆုလာဘ်တွေ မမက်ဘူးလို့ လူတိုင်းကိုလိုက်ပြောတာပဲ။ သူက တာအိုဆေးပညာပေါ်မှာပဲ စိတ်ဝင်စားမှုရှိတာ။ လောကီကိစ္စရပ်တွေကိုလည်း စိတ်ဝင်စားပုံမပေါ်ဘူး။ သူကတကယ့်ကို ကြည်လင်နေတဲ့ကောင်းကင်က အဖြူရောင်တိမ်တိုက်ပါပဲ”

ခဏလောက်တော့ ပိုင်ရှောင်ချန်းက လိပ်ကလေးဆိုပြီး ကောလာဟလတွေပျံ့ခဲ့လေသည်။ သို့သော်လည်း ထိုစကားများက ခဏချင်းပျောက်ကွယ်သွားပြန်သည်။ လိပ်ကလေးလိုမျိုးမြင့်မြတ်လှသည့်သူသည် ပိုင်ရှောင်ချန်း မဖြစ်နိုင်ဘူးဟု
အားလုံးက တထစ်ချယုံကြည်ကြသည် မဟုတ်ပါလား။

ထိုအချက်ကြောင့် လိပ်ကလေးက ပိုင်ရှောင်ချန်းဖြစ်နိုင်သည်ဆိုသောအချက်ကို ဟိုရှောင်မေ့က လုံးဝထည့်မတွက်ထားခြင်းဖြစ်သည်။ ရှောင်ချန်းကမူ လောလောဆယ်တွင် တောင်ပိုင်းအချောအလှဆုံးငါးယောက်စာရင်းဝင် ကျိုးရှင်းချီအကြောင်းကိုသာ စိတ်ဝင်စားနေသည်။

“ကျိုးရှင်းချီလို မိန်းမလေးဆီကနေများ ဂိုဏ်းတူဦးလေးပိုင် လို့ အခေါ်ခံလိုက်ရရင် ဘယ်လောက်တောင်များ ပီတိဖြစ်စရာကောင်းလိုက်မလဲ”

သူကတွေးနေသည်။ ထိုအကြံကိုရလိုက်သည်နှင့် ပိုင်ရှောင်ချန်း သည် ကျိုးရှင်းချီကိုသာ ကျားချောင်းချောင်းနေတော့သည်။

စောင့်နေသောသူဆီသို့ အရာရာကရောက်လာသည်ဟူသော ဆိုရိုးစကားအတိုင်း တစ်နေ့တွင် အပြာရောင်ပိုးသားဝတ်ရုံတလွင့်လွင့်နှင့် ပျံသန်းလာသော ကျိုးရှင်းကျီကို လှမ်းမြင်လိုက်ရသည်။

“ဂိုဏ်းတူ တူမလေး ရှင်းချီ” သူက အော်ခေါ်လိုက်သည်။

ကျိုးရှင်းချီ၏မျက်နှာသည် မြင်မကောင်းလောက်အောင်ပင်ရှုံ့မဲ့သွားသည်။ ပြီးခဲ့တဲ့လတည်းက ပိုင်ရှောင်ချန်း၏ကြောက်မက်ဖွယ်သတင်းကို ကြားထားပြီးသားဖြစ်သည်။
”ဂိုဏ်းတူ တူမလေး ရှင်းချီ”ဟူသောခေါ်သံသည် နားထဲတွင် ကန့်လန့်ကြီးဝင်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် ရှောင်ချန်းခေါ်နေသည်ကို မကြားဟန်ဆောင်ကာ သူ့လမ်းသူဆက်သွားနေသည်။ ရှင်းချီတွေးထားသည့်အတိုင်းပဲ ပိုင်ရှောင်ချန်းကအလျှော့မပေးဘဲ ခေါင်းမာစွာ အောက်ကနေပြေးလိုက်လာနေဆဲမှပင် အဆုပ်ထဲကလေအပြည့်နှင့် ဖင်ပြဲအောင် ရှင်းချီဟု လှမ်းခေါ်နေဆဲ ဖြစ်သည်။

“ဂိုဏ်းတူတူမလေးရှင်းချီ…လာပါဦး…မင်းရဲ့ ဂိုဏ်းတူဦးလေးပိုင်နဲ့ ဘဝအကြောင်း ဒဿနလေးတွေ ဆွေးနွေးသွားပါဦး”
သူသည် တကယ်တော့ စိတ်လှုပ်ရှားလွန်းသဖြင့် ပေါက်ကွဲထွက်တော့မလိုဖြစ်နေသည်။ ကောင်းကင်ခရီးကို မြေပြင်ကနေလိုက်နေရသည်ဖြစ်ရာ မည်သို့ပင်ကြိုးစားပါစေ လက်လျှော့လိုက်ရတော့သည်။

ကျိုးရှင်းချီက အံကိုကြိတ်ကာ အရှိန်တင်လိုက်သည်။ မွှေးရနံ့တိမ်တောင်မှထွက်ခွာလာရင်း ပိုင်ရှောင်ချန်းကို ဆွပေးလိုက်သကဲ့သို့ရှိသည်။

ပိုင်ရှောင်ချန်းသည် ပျံသန်းထွက်ပြေးသွားသော ကျိုးရှင်းချီကိုကြည့်ရင်း နောင်တရနေသည်။

“ကိစ္စ မရှိဘူး။ မင်းက ပျံပြီးထွက်ပြေးတယ်ဆိုတော့လည်း ငါလည်းပျံနိုင်အောင်လုပ်ရုံပဲပေါ့။ တစ်နေ့မှာတော့ မင်းငါ့ကို ဂိုဏ်းတူဦးလေးပိုင်လို့ ခေါ်ကိုခေါ်စေရမယ်”

အနည်းငယ်စိတ်ဓာတ်ကျစွာဖြင့် မှောင်နေသောကောင်းကင်ကိုကြည့်လိုက်သည်။ ထို့နောက် တုလင်ဖေးဆီသို့ ပြန်လာလေသည်။

ရှောင်ချန်းပြန်လာသည်ကို တုလင်ဖေးက မြင်လိုက်သည်နှင့် ပါးစပ်ကို လက်နှင့်အုပ်ရယ်ကာ

“ဂိုဏ်းတူဦးလေးပိုင်… ဂိုဏ်းတူဦးလေးပိုင်… ဂိုဏ်းတူဦးလေးပိုင်”

ပိုင်ရှောင်ချန်း ၏ စိတ်ဝိညာဉ်များသည် တုလင်ဖေး၏ လှပတင့်တယ်မှုကြောင့် တရှိန်ထိုးမြင့်တက်သွားသည်။ တုလင်ဖေးသည် စွမ်းဆောင်မှုများကြောင့် ရက်အနည်းငယ်မတိုင်မီက အကြီးအကဲတစ်ချို့ထံတွင် အလုပ်သင်တပည့်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် တုလင်ဖေးက အရှေ့ဘက်သစ်တောမြို့တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ၏ လက်ရွေးစင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုအခွင့်အရေးသည် တုလင်ဖေးအတွက် ​ကြီးမားသောအခွင့်အလမ်းဖြစ်ပြီး နှစ်အနည်းငယ်ခန့် အရှေ့သစ်တောမြို့တွင် တာဝန်ထမ်းဆောင်လိုက်သည်နှင့် အတွေ့အကြုံနှင့်ချီးမြှင့်ထိုက်သော အခြေအနေအရ အတွင်းစည်းဂိုဏ်းသားအဖြစ်တိုက်ရိုက်ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။

ထို့အပြင် တုလင်ဖေးက အရှေ့ဘက်သစ်တောမြို့ကို သြဇာညောင်းသည့်အပြင် ပင်မဂိုဏ်းကြီးမှ ကျင့်ကြံမှုဆိုင်ရာ ပစ္စည်းအများအပြားကိုလည်း အထောက်အပံ့ရဦးမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် တုလင်ဖေးထွက်ခွာသွားသည်ကို နောင်တရနေသည့်မျက်ဝန်းများနှင့်ကြည့်ကာ သက်ပြင်းချနေသည်။ ထို့နောက်မွှေးရနံ့တိမ်တောင်တွင် စိတ်ဝင်စားစရာကောင်းသော ကိစ္စများကို ဆက်လက်ရှာဖွေချင်စိတ်များတဖွားဖွားပေါ်လာသည်။

“ငါ ပိုင်ရှောင်ချန်း…ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ဂိုဏ်းတူညီလေး…တစ်ဂိုဏ်းလုံးရဲ့ ဂိုဏ်းတူဦးလေးပိုင်…မွှေးရနံ့တိမ်တောင်ရဲ့သာမန်ဂိုဏ်းသားလေးမဟုတ်ဘူး။ အဲ့ဒီတော့ တခြားတောင်တွေနဲ့ ဘာတွေကွာခြားမှုရှိလဲဆိုတာကို သွား လေ့လာရမယ်”

ထို့နောက်သူသည် ခရမ်းဒယ်အိုးတောင်သို့ ရှေးရှုထွက်ခွာသွားသည်။

[ရွှီပေါက်ချိုင် နာမည်မှ ပေါက် သောစကားလုံးသည် ရတနာဟူသောစကားလုံးနှင့် အသံထွက်ချင်းတူရာ ရတနာလေးဆိုသည်မှာ ကလေးငယ်လေး၏ အိမ်ခေါ်နာမည်ကဲ့သို့ပင်ဖြစ်သည်]

Comment

Leave a Reply

Options

not work with dark mode
Reset