အခန်း (၆၆) ငါ ရှိနေရင် မင်းဘာမှ စိတ်ပူစရာ မလိုဘူး
လုန်ယွိ မေးသည့်မေးခွန်းနှင့်ပတ်သက်ပြီး ကျန်းလန် အများကြီး စဉ်းစားနေစရာ မလိုပေ။
အများအမြင်တွက် လုန်ယွိက သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသလို စွမ်းအားလည်း ကြီးမားသူ ဖြစ်သည်။
ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန်အတွက် ကျင့်ကြံသူတစ်ယောက်နှင့် လက်တွဲလုပ်ဆောင်ရမည်ဆိုလျှင် လုန်ယွိထက်ပိုတော်သည့်သူကို ရှာဖွေရန်မှာမဖြစ်နိုင်ပေ။
ကျန်းလန်က နူးညံ့သည့်လေသံဖြင့်…
“ဒါဖြင့် ဂိုဏ်းတူအစ်မကိုပဲ ဒုက္ခပေးရတော့မယ်… ၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…”
လုန်ယွိက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျန်းလန်က ဝိညာဉ်ဓားကို သိမ်းဆည်းလိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ့အနေဖြင့် မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံစရာ မလိုတော့သောကြောင့် ဓားကို အသုံးပြုရန် မလိုအပ်တော့ပေ။
သို့သော်… ခြေထောက်ကို လာရောက်ချုပ်နှောင်သည့် အစီအရင်ကို ဖယ်ရှားရမည်ဖြစ်သောကြောင့် ရှေ့မှဦးဆောင်ကာ လျှောက်လှမ်းရမည် ဖြစ်သည်။
ကျန်းလန် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် ခြေထောက်များကို ချုပ်နှောင်သည့် အစီအရင် ထွက်ပေါ်လာသည်။
ပန်းခင်းလမ်း၏ အပေါ်မှလည်း ပျံသန်းသွားရန် မဖြစ်နိုင်လေရာ ကျန်းလန်မှာ အစီအရင်ကိုသာ ဖယ်ရှားရန် ကြိုးစားရတော့သည်။
စောစောက ပန်းခင်းလမ်းအပေါ်မှ ပျံသန်းကြည့်ရန် ကျန်းလန် ကြိုးစားကြည့်ပြီးပြီ ဖြစ်သည်။ သို့သော်… အလုပ်မဖြစ်ပေ။
အစီအရင်ထွက်ပေါ်လာပြီး သိပ်မကြာမီ မြူခိုးများအတွင်းမှ တိုက်ခိုက်မှုလည်း ထွက်ပေါ်လာသည်။
ကျန်းလန်က မြူခိုးများ၏ တိုက်ခိုက်မှုကိုလျစ်လျူရှုပြီး ခေါင်းကိုငုံ့ကာ သူ့ခြေထောက်အောက်မှ အစီအရင်ကိုသာ အာရုံစိုက်ပြီး ဖယ်ရှားနေသည်။
တိုက်ခိုက်မှုက သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
သို့သော် … ကျန်းလန်က ခုခံကာကွယ်ခြင်း မရှိပေ။
လုန်ယွိက သူ့အတွက် ခုခံကာကွယ်ပေးမည် ဖြစ်သည်။
မြူခိုးများ၏ တိုက်ခိုက်မှုထွက်ပေါ်လာသည်နှင့် လုန်ယွိက ဓားတစ်ချက်ဝှေ့ရမ်းလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဓားရောင်များ လင်းလက်သွားပြီး မြူခိုးများ၏ တိုက်ခိုက်မှုက တစ်စစီလွင့်ပြယ်သွားသည်။
တစ်ချိန်တည်းမှာပင် ကျန်းလန်၏ ခြေထောက်ကို ချုပ်နှောင်ထားသည့် အစီအရင်လည်း ပျက်စီးသွားပြီး ချုပ်နှောင်ခံထားရသည့် ခြေထောက်များ လွတ်မြောက်သွားသည်။
“တစ်ယောက်တည်းသွားတာထက် နှစ်ယောက်ကပိုပြီး လျှင်မြန်တာပဲ…”
ကျန်းလန် ရေရွတ်လိုက်သည်။
သို့သော်… လက်တွဲလုပ်ဆောင်သူက စွမ်းအားနည်းပါးခြင်းမရှိသောကြောင့်သာ ဤသို့ တက်ညီလက်ညီ အောင်မြင်မှုရရခြင်း ဖြစ်၏။
လက်တွဲလုပ်ဆောင်သူက စွမ်းအားနည်းပါးသူဖြစ်ပါက ပိုပြီး အချိန်ကုန်လူပန်း ဖြစ်ရပလိမ့်မည်။
ခြေထောက်ကို ချုပ်နှောင်ထားသည့် အစီအရင်ပျက်စီးသါားသည်နှင့် ကျန်းလန်က ရှေ့ဆက်လျှောက်သွား၏။
ကျန်းလန်ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ လုန်ယွိက ကျန်းလန်နောက်သို့ လိုက်လာခဲ့သည်။
သူမ၏ မျက်လုံးအကြည့်များက အလွန်တည်ငြိမ်ပြီး ထိုမျက်ဝန်းများထဲတွင် ဘာမထီစိတ်ထားက ထင်ရှားလျှက် ရှိသည်။
သို့သော်… သူတို့ (၂)ယောက် အတူတူပူးပေါင်းပြီး ခရီးလမ်းကို ဖြတ်သန်းခြင်းက အခြေအနေများစွာ တိုးတက်မှုရှိကြောင်း သူမ ဝန်ခံရမည် ဖြစ်သည်။
ပန်းခင်းလမ်းကို တစ်ယောက်တည်းလျှောက်လှမ်းခြင်းထက် ကျန်းလန်နှင့်အတူ လျှောက်လှမ်းရသည်က ချောချောမွေ့မွေ့နှင့် လျှင်မြန်မှုရှိကြောင်း သူမ နားလည်လိုက်သည်။
ကျန်းလန်က ရှေ့သို့ဆက်လျှောက်သွားပြီး ခြေထောက်ကို လာရောက်ချုပ်နှောင်သည့် အစီအရင်ကို ဖျက်စီးပစ်နေသည်။
သူက မြူခိုးများ၏ တိုက်ခိုက်မှုကို သတိထားမိသော်လည်း မည်သည့်ခုခံမှုကိုမှ မပြုလုပ်ခဲ့ပေ။
တိုက်ခိုက်မှုများအားလုံးကို လုန်ယွိက ခုခံကာကွယ်ပေးထားလေသည်။
အချိန်အတန်ကြာသည့်အခါမှာတော့… သူတို့ (၂)ယောက် အတော်လေး ခရီးပေါက်လာကြသည်။
တစ်ယောက်တည်းထက်ဆာလျှင် ယခုကဲ့သို့ တက်ညီလက်ညီဖြင့် (၂)ယောက်ရင်ဆိုင်ဖြေရှင်းပြီး သွားလာရခြင်းက ပိုမိုခရီးတွင်ကြောင်း သူတို့ (၂)ယောက်လုံး ရိပ်မိလိုက်ကြသည်။
ထိုသို့ဖွငျ့ အတောျဝေဝေးသို့ ရောကျရှိလာကွပွီးနောကျ…
အစီအရင်က ကျန်းလန်၏ ခြေထောက်ကို လာရောက်ချုပ်နှောင်လေသည်။
သို့သော်… ယခု လာရောက်ချုပ်နှောင်သည့် အစီအရင်က အရင်ကထက် ဖျက်စီးရန် ပိုမိုခက်ခဲကြောင်း ကျန်းလန် သိလိုက်ရသည်။
သူ ချက်ချင်းပင် မြူခိုးများ၏ တိုက်ခိုက်မှုကို စစ်ဆေးကြည့်လိုက်သည်။
အစီအရင် ပြောင်းလဲသွားသလို တိုက်ခိုက်မှုကလည်း ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။
ကျန်းလန်က မည်သည့်တိုက်ခိုက်မှုကိုမှ လျှော့တွက်တတ်သူ မဟုတ်ပေ။ သူက အမြဲတမ်း သတိအနေအထား ရှိနေသူ ဖြစ်သည်။
သို့သော်… လုန်ယွိက စွမ်းအားကြီးမားသည့် ပါရမီရှင်တစ်ယောက်ဖြစ်လေရာ အများအမြင်တွင် ကျန်းလန်ထက် တန်ခိုးစွမ်းအားသာလွန်သူ ဖြစ်လေသည်။
ထို့ကြောင့် ကျန်းလန်အနေဖြင့် စိတ်ချလက်ချ ယုံကြည်နိုင်လေသည်။
“ဂိုဏ်းတူအစ်မ’လုန်’ … အစီအရင်က ပြောင်းလဲသွားပြီ…”
ကျန်းလန်က လုန်ယွိကို သတိပေးစကားဆိုလိုက်သည်။
အချိန်က အရေးကြီးသည့်အတွက် အပိုစကားများမပြောဘဲ လိုရင်းကိုသာ ပြောလိုက်၏။
သို့သော်… ကျန်းလန်၏ သတိပေးချက်က နောက်ကျသွားပြီး မြူခိုးများ၏ တိုက်ခိုက်မှုက ခြေတစ်လှမ်းသာသွားခဲ့လေသည်။
ကျန်းလန် သတိပေးသံကို ကြားလိုက်ရသည့်တိုင် လုန်ယွိက သူမ၏ ဓားကွက်ကို ချက်ချင်း ပြောင်းလဲ မပစ်နိုင်ခဲ့ပေ။
လုန်ယွိ၏ ဓားက မြူခိုးများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခြင်း မရှိတော့ကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။
ကျန်းလန်က ကိုယ်ကိုဝပ်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် စဉ်းစားလိုက်သည်။
သို့သော်… သူ ရှောင်တိမ်းရန် စဉ်းစားလိုက်စဉ်မှာပင် နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး နဂါးအရိပ်တစ်ခုက သူ့ကို ရစ်ပတ်ပြီး ကာကွယ်ပေးထားလိုက်သည်။
“ဘုန်း…”
ထို့နောက် နဂါးအမြီးတစ်ခုက မြူခိုးများ၏ တိုက်ခိုက်မှုကို ရိုက်ချလိုက်၏။
မြူခိုးများ၏ တိုက်ခိုက်မှု တစ်စစီပြိုကွဲသွားသည်။
ထို့နောက် လုန်ယွိက တည်ငြိမ်သည့်လေသံဖြင့်…
“ငါ ရှိနေရင်… မင်းဘာမှ စိတ်ပူစရာ မလိုဘူး…”
ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ထို့နောက် ကျန်းလန် ရှေ့ဆက်လျှောက်သွားပြီး အစီအရင်များကိုသာ ဆက်လက်ဖျက်စီးနေလိုက်သည်။
လုန်ယွိက အမှန်တကယ်ပင် စွမ်းအားမြင့်မားသူ ဖြစ်သည်။
သို့သော်… ကျန်းလန်က တစ်ချက်လေးပင် မပေါ့ဆဝံ့ဘဲ သတိရှိနေခဲ့သည်။ ဤသည်က သူ့အတွက် အလေ့အကျင့်တစ်ခုပမာ ဖြစ်နေခဲ့လေပြီ…။
ရှေ့သို့ရောက်လာလေ အစီအရင်များက ဖျက်စီးရန် ခက်ခဲလာပြီး မြူခိုးများ၏ တိုက်ခိုက်မှုကလည်း ပိုမိုပြင်းထန်လာသည်။
ကျန်းလန်၏ နောက်မှ လုန်ယွိ၏ တည်ငြိမ်သည့်စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“နောက်ပိုင်း တိုက်ခိုက်မှုတွေကို ငါ မခုခံနိုင်တော့ဘူးဆိုရင် မင်းကို သတိပေးမယ်… ၊ ငါ့သတိပေးသံကြားတာနဲ့ ဂိုဏ်းတူမောင်လေးက တွန့်ဆုတ်မနေဘဲ ချက်ချင်း ရှောင်တိမ်းပါ…”
လုန်ယွိက သူ၏ စွမ်းအားအကန့်အသတ်ကို နားလည်သူဖြစ်သည်။
ရှေ့သို့ရောက်လေ တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာလေ ဖြစ်ရာ သူမအနေဖြင့် တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘူးဆိုလျှင် ကျန်းလန်ကို သတိပေးရန် လိုအပ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ကောင်းပါပြီ…ဂိုဏ်းတူအစ်မ…”
ဟု ပြောလိုက်၏။
ထို့နောက် သူတို့ (၂)ယောက် အပိုစကားများ ထပ်မပြောကြတော့ဘဲ ရှေ့ဆက်လျှောက်လာခဲ့ကြသည်။
ကျန်းလန်၏ အစီအရင်များကို ဖျက်စီးနိုင်စွမ်းက တဖြည်းဖြည်း နှေးကွေးလာပြီး မြူခိုးများ၏ တိုက်ခိုက်မှုများကလည်း ပိုမိုပြင်းထန်လာသည်။
ထို့ကြောင့် သူတို့ (၂)ယောက် တဖြည်းဖြည်း ခရီးမတွင် ဖြစ်လာရပြန်သည်။
သို့သော်… သူတို့ စကားတစ်ခွန်းမှ မပြောကြဘဲ လုပ်စရာအလုပ်များကိုသာ တက်ညီလက်ညီ လုပ်ဆောင်နေခဲ့ကြသည်။
ကျန်းလန်က ခေါင်းကိုတွင်တွင်ငုံ့ပြီး အစီအရင်များကို ဖျက်စီးပစ်နေသလို လုန်ယွိက ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများကို ခုခံကာကွယ်လျှက် ရှိသည်။
တစ်ယောက်လုပ်နေသည့်အလုပ်ကို နောက်တစ်ယောက်က ကြားဝင်နှောက်ယှက်ခြင်း လုံး၀ မပြုကြပေ။
……………
“ဒီတစ်ခေါက် စမ်းသပ်ခံပန်းခင်းလမ်းက အတော်လေး ခက်ခဲပုံရတယ်…”
ကျောက်စိမ်းရေကန် အနီးပတ်ဝန်းကျင်တွင် အင်မော်တယ်အချို့ ရှိနေကြလေသည်။
စကားဆိုလိုက်သူက အင်မော်တယ်လူရွယ်တစ်ယောက် ဖြစ်၏။
ထိုအင်မော်တယ်များထဲမှ တစ်ယောက်ကတော့ အလွန်ချောမောလှပသည့် မိန်းမပျို တစ်ယောက် ဖြစ်၏။ သူမက တတိယတောင်ထွတ်၏ တောင်သခင် ကျူးချင် ဖြစ်လေသည်။
လူရွယ်က…
“ကျောက်စိမ်းရေကန်က တန်ခိုးစွမ်းအားတွေ ပြင်းထန်လေ တပည့်တွေအတွက် အနားကပ်နိုင်ဖို့ ခက်ခဲလေပဲ…”
ကျူးချင်က ခေါင်းညိတ်လိုက်ပြီး…
“ဒီတစ်ခေါက် ကျောက်စိမ်းရေကန်ကို ဝင်နိုင်တဲ့သူတောင် ရှိပါ့မလား…”
နောက်ထပ်လူရွယ်တစ်ယောက်က…
“ရှိခဲ့ရင်တော့ ခွန်လွန်တောင်အတွက် ကောင်းတဲ့လက္ခဏာလို့ ပြောရမှာပဲ… ၊ ဒါနဲ့… ဂိုဏ်းတူညီမလေးကျူးချင်ကရော ဘယ်လိုထင်လဲ… တတိယတောင်ထွတ်က တပည့်တွေ ကျောက်စိမ်းရေကန်ကို ဝင်ရောက်လာနိုင်ကြပါ့မလား…”
ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သူ ရှိခဲ့မည်ဆိုလျှင် တတိယတောင်ထွတ်မှ ဖြစ်နိုင်ချေများလေသည်။
အဘယ်ကြောင့်ဆိုသော်… တတိယတောင်ထွတ်မှ မိန်းကလေးတပည့်များစွာ ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ လာရောက်ကြသောကြောင့် ဖြစ်၏။
ထို့ပြင်… ထိုမိန်းကလေးတပည့်များအားလုံးမှ တတိယတောင်ထွတ်မှ လက်ရွေးစင်တပည့်များ ဖြစ်ကြလေသည်။
ကျူးချင်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်…
“ဒါတော့ ဘယ်သိနိုင်မလဲ…”
ဟု ပြန်ပြောလိုက်၏။
ထို့နောက် အင်မော်တယ်များကြား စကားပြောသံများတိတ်ဆိတ်သွားသည်။
အင်မော်တယ်များက ကျောက်စိမ်းရေကန်၏ အခြေအနေကို တစ်ချက်အကဲခတ်လိုက်ကြသည်။ ထိုအခါ ရေကန်အနားပတ်ဝန်းကျင်သို့ တပည့်အချို့ ချဉ်းကပ်လာကြပြီကို သိရှိလိုက်သည်။
“ကဲ… နောက်ဆုတ်နေကြရအောင်… တပည့်တွေ ရေကန်နားကို ချဉ်းကပ်လာကြပြီ… ၊ ရေကန်အတွင်းပိုင်းနယ်မြေအထိ ဘယ်သူတွေ ဝင်လာနိုင်မလဲဆိုတာကတော့ ကံတရားပဲပေါ့…”
…………
နောက်တစ်နေ့နံနက်…
ကျန်းလန်က တစ်ညလုံး အနားယူခြင်း မရှိခဲ့ပေ။
သူသိသမျှ အစီအရင်ပညာများကို အသုံးချပြီး လမ်းတစ်လျှောက်ရှိ အစီအရင်များကို ဖျက်စီးနေခဲ့သည်။
အစီအရင်များကလည်း စွမ်းအားပိုမိုမြင့်မားလာပြီး ဖျက်စီးရခက်ခဲလာသည်။
အစီအရင်များကသာ ခက်ခဲလာခြင်း မဟုတ်ပေ။ မြူခိုးများ၏ တိုက်ခိုက်မှုများကလည်း ပြင်းထန်လာလေရာ လုန်ယွိ၏ တိုက်ခိုက်မှုများသည်လည်း တဖြည်းဖြည်း အားပျော့လာ၏။
လုန်ယွိက သူ့ကိုုယ်သူ နဂါးတစ်ဝက်အသွင်သို့ ကူးပြောင်းထားသည်။
သူမ၏ သေးသွယ်လှပသည့် လက်ချောင်းလေးများက နဂါးလက်သည်းများအဖြစ် ပြောင်းလဲနေ၏။ သူမ၏ လက်များထက်တွင်လည်း နဂါးအကြေးခွံများ ဖုံးအုပ်လျှက် ရှိသည်။
သိသာထင်ရှားသည့်အပြောင်းအလဲမှာ သူမ၏ မျက်နှာညာဘက်ခြမ်းနှင့် လည်ပင်းတစ်လျှောက်တွင် ကြီးမားသည့် အနာရွတ်ကြီးတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲမှ ရရှိခဲ့သည့် ဒဏ်ရာကြီး ဖြစ်သည်။
သူမက ထိုအနာရွတ်ကို တန်ခိုးစွမ်းအားအသုံးပြုကာ ဖုံးကွယ်ထားခဲ့သည်။
သို့သော်… သူမ နဂါးအသွင်ပြောင်းလိုက်လျှင် သို့မဟုတ် စွမ်းအားအပြည့် ထုတ်သုံးလိုက်သည့်အချိန်မျိုးတွင် ထိုအနာရွတ်ကြီးက ပြန်ပေါ်လာစမြဲဖြစ်သည်။
အချိန် (၁)ညအတွင်း ကျန်းလန်နှင့် လုန်ယွိတို့ ပန်းခင်းလမ်းတစ်လျှောက် အတော်လေး ခရီးပေါက်ခဲ့သည်။
သို့သော်… အရှေ့ဆီတွင် မြူခိုးများက ဖုံးလွှမ်းလျှက် ရှိပြီး လမ်းက အဆုံးမသတ်သေးပေ။
သူတို့ မည်သည့်နေရာသို့ ရောက်ရှိနေကြသည်လဲ ကျန်းလန် မသိရှိပေ။ သို့သော်… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ရန် နီးကပ်နေပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။
သို့သော်… ယခုအချိန်ထိ စနစ်က မဟာတာအိုနှင့်ပတ်သက်သည့် သတိပေးချက်ကို ပြောကြားခြင်း မရှိသေးပေ။
“ဒီလမ်းက ဘယ်လောက်ထိ ဆက်လျှောက်ရဦးမလဲ မသိဘူး…”
ကျန်းလန် ရှေ့သို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူ ရှေ့ဆက်လျှောက်သွားလိုက်သည်။
သူ့အတွက် လက်လျှော့အရှုံးပေးရန် အချိန်မတန်သေးပေ။
လုန်ယွိကလည်း ကျန်းလန်နောက်မှ ကပ်လိုက်လာသည်။ သူမ၏ တန်ခိုးစွမ်းအားများ အနည်းငယ် မတည်မငြိမ် ဖြစ်လျှက် ရှိသည်။
သို့သော်… သူမ အနားယူရန် ရည်ရွယ်ချက် မရှိပေ။ သူမ တတ်နိုင်သမျှ ရှေ့ဆက်မည်ဖြစ်သည်။
ထိုအချိန်…
ကျန်းလန်၏ ခြေထောက်ကို အစီအရင်တစ်ခုက လာရောက်ချုပ်နှောင်သည်။
ကျန်းလန်က အစီအရင်ကို ဖယ်ရှားပစ်ရန် ခေါင်းကို ငုံ့လိုက်စဉ်မှာပင်… ရှင်းလင်းသည့်အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
[ ဒင် ! ]