အခန်း (၆၄)

ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ခြင်း

အခန်း (၆၄) ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ခြင်း

“အင်မော်တယ်တွေ ဖြစ်နေကြပြီလား…”

ကျန်းလန် အံ့သြတုန်လှုပ်သွားသည်။

ခွန်လွန်တောင်တွင် အင်မော်တယ်တပည့်များ ရှိနေလိမ့်မည်ဟု ကျန်းလန် မျှော်လင့်မထားမိပေ။

သို့သော်… သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် သူသည်ပင် နှစ်ပေါင်း (၅၀)အတွင်း ရွှေပြဒါးအမြုတေအဆင့်သို့ ရောက်ရှိခဲ့သည် မဟုတ်ပါလား။

ခွန်လွန်တောင်ဆိုသည်က နှစ်ပေါင်းအသေင်္ချ တည်ရှိနေသည့် ကျင့်ကြံသူဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။

ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခုတွင် မရေမတွက်နိုင်သည့် တပည့်ပေါင်းများစွာရှိသည်။

ထို့ကြောင့် အင်မော်တယ်တပည့်များ ရှိနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အံ့သြစရာကိစ္စတစ်ခုမဟုတ်ပေ။

နှစ်ပေါင်းအသင်္ချေ တည်ရှိခဲ့သည့် ကျင့်ကြံသူဂိုဏ်းကြီးတစ်ဂိုဏ်းတွင် အင်မော်တယ်တပည့် တစ်ယောက်မှ မရှိလျှင်သာ အခြေအနေက ထူးဆန်းနေမည် ဖြစ်သည်။

ကျန်းလန်က သူသတိထားလိုက်မိသည့် အင်မော်တယ်တပည့်ကို လှမ်းကြည့်လိုက်သည်။

အားလုံးထဲတွင် အင်မော်တယ်ဆို၍ ထိုတပည့်တစ်ယောက်ကိုသာ ကျန်းလန် တွေ့ရသေးသည်။ သို့သော်… ကျန်းလန်မသိသည့် အခြားအင်မော်တယ်တပည့်များလည်း ရှိနိုင်သေးသည်။

ထိုအင်မော်တယ်ကိုကြည့်ပြီး ကျန်းလန် စိတ်ဓာတ်ကျခြင်း မဖြစ်မိပေ။

ကျန်းလန်က ထိုသူကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက် သူ့ဓားကိုသာ စီးနှင်ပြီး ဆက်လက်ထွက်ခွာလာခဲ့သည်။

သို့သော်… ကျန်းလန်က ထိုအင်မော်တယ်ကို အရေးမစိုက်သော်လည်း ထိုအင်မော်တယ်ကတော့ သူ့ကို အရေးစိုက်ဟန် ရှိသည်။

ထိုအင်မော်တယ်တပည့်က ကျန်းလန်ရှိရာသို့ ဦးတည်လာနေလေသည်။

ထိုသူက ကျန်းလန်အနားသို့ ရောက်ရှိလာသည်နှင့်…

“ဂိုဏ်းတူညီလေး… ၊ မင်းက နဝမတောင်ထွတ်ကလား…”

ဟု မေးလိုက်၏။

ထိုသူက သူစီးလာသည့် ဓားကို အရှိန်လျှော့လိုက်ပြီး ကျန်းလန်နှင့် ဘေးချင်းယှဉ်ကာ ဓားကို စီးနှင်ရင်း နှုတ်ဆက်စကားဆိုလိုက်ခြင်း ဖြစ်သည်။

ကျန်းလန်က ထိုသူကိုကြည့်လိုက်ပြီး ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

“နဝမတောင်ထွတ်က ကျန်းလန် ဂိုဏ်းတူအစ်ကိုကို နှုတ်ဆက်ပါတယ်…”

ထိုသူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

“ကျုပ်က အဋ္ဌမတောင်ထွတ်က လုကျန်းပါ… ဂိုဏ်းတူညီလေး…”

လုကျန်းက သူ့ကိုယ်သူ မိတ်ဆက်ပြီးမှ စကားဆက်ပြောလိုက်သည်။

“နဝမတောင်ထွတ်ကတပည့်တွေ ကျောက်စိမ်းရေကန်ကိုလာတာ အခု ပထမဆုံးမြင်ဖူးတာပဲ… ၊ ဒါကြောင့် သိချင်စိတ်ဖြစ်မိတာနဲ့ လာနှုတ်ဆက်တာပါ… ၊ မင်းအတွက် အနှောက်အယှက်များ ဖြစ်သွားသလား…”

ကျန်းလန်က…

“မဖြစ်ပါဘူးဗျာ…”

လုကျန်း၏ စကားထဲတွင် ရန်လိုသည့်အငွေ့အသက်များ မပါရှိပေ။

ထို့ပြင် ကျန်းလန်အပေါ် စမ်းသပ်သည့်အနေဖြင့် တန်ခိုးစွမ်းအားအသုံးပြုထားခြင်းလည်း မရှိပေ။

လုကျန်းက ကျန်းလန်ကို ပေါ့ပေါ့ပါးပါးပင် စကားလာရောက်ပြောဆို ခြင်း ဖြစ်သည်။

ခွန်လွန်တောင်တွင် သူ့အပေါ် ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသည့် တပည့်ဆို၍ ခပ်ရှားရှား ဖြစ်လေရာ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

လုကျန်းက မည်သည့်ရည်ရွယ်ချက်ဖြင့် သူ့ကို လာရောက်နှုတ်ဆက်ရသည်ကို ကျန်းလန် နားမလည်ပေ။

မည်သို့ပင်ဖြစ်စေ… သတိဆိုသည်ကတော့ ပိုသည်မရှိပေ။

ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် လုကျန်းက…

“ကဲ… ဒါဖြင့်လည်း ဂိုဏ်းတူညီလေးကို မနှောက်ယှက်တော့ဘူး… ၊ ကျုပ်ကို ခွင့်ပြုပါဦးဗျာ…”

ဟု နှုတ်ဆက်စကားဆိုလိုက်၏။

ထို့နောက် လုကျန်းက ကျန်းလန်အနားမှ ထွက်ခွာသွားပြီး အဋ္ဌမတောင်ထွတ်မှ သူ့လူများရှိရာသို့ ပျံသန်းသွားလေသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ အခြားတောင်ထွတ်များမှ တပည့်များစွာ လာရောက်ကြသည်။

ကျန်းလန်သာ တစ်ယောက်တည်းဖြစ်နေခြင်း ဖြစ်၏။

ထို့ပြင်… ယနေ့ ကျောက်စိမ်းရေကန်သို့ လာရောက်ကြသည့် တပည့်များအားလုံးက ဆက်ခံသူတပည့်များ မဖြစ်နိုင်ပေ။

ဆက်ခံသူတပည့်မဟုတ်သည့်တိုင် အရည်အချင်းရှိသည့် အခြားတပည့်များကိုလည်း ပွဲတက်ရန် ဖိတ်ကြားထားဟန် ရှိသည်။

သို့သော်… လူဦးရေ အကန့်အသတ်တော့ ရှိပေလိမ့်မည်။

အထူးသဖြင့်… ရွှေပြဒါးအမြုတေအဆင့်အောက် တပည့်များကတော့ ကျောက်စိမ်းရေကန်သို့ လာရောက်ခွင့်ရှိဟန် မတူပေ။

အဘယ်ကြောင့်ဆိုသော်… ယခု လာရောက်ကြသည့် တပည့်များထဲတွင် ရွှေပြဒါးအမြုတေအဆင့်အောက် တပည့်များကို တစ်ယောက်မှ မတွေ့ရသောကြောင့် ဖြစ်သည်။

……………

မကြာခင်မှာပင်…

အလွန်မြင့်မားသည့် တောင်မြင့်ကြီးတစ်ခုရှိရာသို့ ကျန်းလန် ရောက်ရှိလာသည်။

တောင်မြင့်ကြီး၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နတ်ဘုရားတိမ်တိုက်များ ရစ်သိုင်းလျှက်ရှိသည်။

ထို့ပြင်… တောင်မြင့်ကြီး၏ ပတ်ပတ်လည်တွင် အရွယ်အစားမျိုးစုံရှိသည့် ကျောက်ဆောင်ကျောက်တုံးများ လေထဲတွင် လွင့်မျောလျှက်ရှိသည်။

ဓားများကိုစီးနှင်ကာ ပျံသန်းလာသည့် တပည့်များက လွင့်မျောနေသည့် ကျောက်ဆောင်ကျောက်တုံးများထက်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လိုက်ကြသည်။

မည်သည့်တပည့်မှ တောင်မြင့်ကြီးဆီသို့ တန်းပြီး သွားရောက်နိုင်ခြင်း မရှိပေ။

ကျန်းလန်က အခြေအနေတစ်ချက် လေ့လာလိုက်သည်။

ထို့နောက် ထောင့်တစ်နေရာတွင်ရှိသည့် လွင့်မျောနေသည့် ကျောက်တုံးတစ်တုံးထက်သို့ ဆင်းသက်လိုက်သည်။

သို့သော်… ဤနေရာက ကျောက်စိမ်းရေကန် မဟုတ်ပေ။ ကျောက်စိမ်းရေကန် မည်သည့်နေရာတွင်ရှိကြောင်း ကျန်းလန်လည်း မသိရှိပေ။

ထို့ပြင်… စနစ်မှ သတိပေးစကားသံ ထွက်ပေါ်မလာသဖြင့် ဤနေရာက မဟာတာအိုလမ်းကြောင်းနှင့်လည်း ဆက်စပ်မှု မရှိကြောင်း ကျန်းလန် သိရှိလိုက်သည်။

ကျန်းလန် အလျှင်လိုခြင်း မရှိပေ။ သူက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။

သူက ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသူဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သေသေချာချာ မသိရှိပေ။

ဆရာဖြစ်သူကလည်း သူ့ကို ဘာမှ ပြောပြမထားပေ။

သူ ဤနေရာသို့ ရောက်ရှိလာသည့်အချိန်က စောနေခြင်းလည်းမရှိသလို နောက်ကျခြင်းလည်း မရှိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

လွင့်မျောနေသည့် ကျောက်တုံးများထက်သို့ ဆင်းသက်လာကြသည့် ကျင့်ကြံသူများကို ကျန်းလန် အကဲခတ်လေ့လာနေမိသည်။

တပည့်များအားလုံးထဲတွင် ကျန်းလန်က ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်လေသည်။

ထိုစဉ်မှာပင်…

ကျန်းလန်၏ ရှေ့ဘက်နားရှိ ကျောက်တုံးတစ်တုံးထက်သို့ မိန်းမပျိုတစ်ယောက် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

သူမက အဖြူရောင်နှင့်အပြာရောင်ရောစပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်တရာ ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။

“လုန်ယွိ…”

ဟုတ်ပေ၏…။

ထိုမိန်းမပျိုမှာ လုန်ယွိပင် ဖြစ်လေသည်။

လုန်ယွိ၏ ဘေးနားရှိ ကျောက်တုံးထက်သို့ နောက်ထပ်မိန်းမပျိုတစ်ယောက် ဆင်းသက်လာသည်။

သူမကတော့ လုန်ယွိ၏ ဂိုဏ်းတူညီမ လင်စီးယာ ဖြစ်၏။

လုန်ယွိကို တွေ့ရသည့်အတွက် ကျန်းလန်က အံ့အားသင့်သွားခြင်း မရှိပေ။ သူက လုန်ယွိနှင့် လင်စီးယာကို တစ်ချက်မျှ အကဲခတ်ပြီးနောက် အာရုံမစိုက်တော့ပေ။

ကျန်းလန်ရပ်နေသည့် ထောင့်ကျသည့်နေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူအများစုက ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်း မရှိကြပေ။

လုန်ယွိကတော့ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားပြီ ဖြစ်သည်။ သူမသည်လည်း ကျင့်ကြံခြင်းအဆင့်တက်သည်မှာ အလွန်လျှင်မြန်သည်ဟု ဆိုနိုင်သည်။

လင်စီးယာကတော့ ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်သို့ ရောက်ခါနီးနေပြီ ဖြစ်သည်။

မကြာမီ… ကျင်းထင်နှင့် မုရှိုးတို့ရောက်ရှိလာကြပြီး လုန်ယွိ၏ အနီးအနားရှိ ကျောက်တုံးများထက်တွင် ဆင်းသက်လိုက်ကြသည်။

သူတို့ (၂)ယောက်လုံးသည်လည်း ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်သို့ ရောက်နေကြပြီ ဖြစ်သည်။

ထိုအချိန်…

“ဝှစ်…”

အလင်းရောင်တစ်ချက် လင်းလက်သွားပြီး သူတို့အားလုံး၏ ရှေ့တွင်လွင့်မျောနေသည့် ကျောက်တုံးတစ်တုံးထက်သို့ လူငယ်တစ်ယောက် ဆင်းသက်လာသည်။

ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တိုက်ခိုက်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

ထိုလူငယ်သည်ကား ပထမတောင်ထွတ်မှ ကုချီပင် ဖြစ်၏။

ကျန်းလန် ကုချီကို ကောင်းကောင်းမှတ်မိလေသည်။

“သူက မူလဝိညာဉ်အဆင့်ကိုတောင် ရောက်နေပြီပဲ… ၊ ဒီလူက တကယ့်ကို ပါရမီရှင်ပဲ…”

ကျန်းလန် စိတ်ထဲမှ တွေးလိုက်သည်။

နောက်ထပ်ရောက်လာကြသူများကိုတော့ မည်သူများဖြစ်ကြောင်း ကျန်းလန် မသိရှိတော့ပေ။

ထိုသူများ မည်သူမည်ဝါဖြစ်သည်ကိုလည်းကျန်းလန်က အရေးစိုက်မနေပေ။ နောက်ထပ်ဖြစ်ပျက်လာမည့် အဖြစ်အပျက်များကိုသာ ကျန်းလန်က စိတ်ဝင်စားနေမိသည်။

သူ့ပတ်ဝန်းကျင်မှ တပည့်များကလည်း စကားပြောဆိုကြခြင်း မရှိပေ။ သူတို့အားလုံးက ကျောက်စိမ်းရေကန်ဖွင့်ပွဲကို စောင့်မျှော်နေကြဟန် ရှိသည်။

သိပ်မကြာမီ တောင်မြင့်ကြီးဆီမှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျောက်စိမ်းရေကန် ဖွင့်လှစ်ပါတော့မယ်… ၊ ကျောက်စိမ်းရေကန်ကို ဖိတ်ကြားခံထားရတဲ့ တပည့်တွေ… ကျောက်စိမ်းရေကန်ဆီကို ဝင်ရောက်ခွင့်ရချင်တဲ့ တပည့်တွေနဲ့ အဝေးကနေ ကျောက်စိမ်းရေကန်ဖွင့်ပွဲကို လေ့လာချင်တဲ့ တပည့်တွေအားလုံးကို ပြောချင်ပါတယ်… လုံလောက်တဲ့စွမ်းအားရှိသူသာလျှင် ကျောက်စိမ်းရေကန်ကို ဝင်ခွင့်ရပါလိမ့်မယ်…”

စကာသံ ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဝေလာလေသည်။

ကျန်းလန် ပတ်ဝန်းကျင်တစ်ခုလုံးကို တွေ့မြင်ရခြင်း မရှိတော့ပေ။ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ရန်ပင် မဖြစ်နိုင်တော့လောက်အောင် မြူခိုးများက ထူထပ်လျှက် ရှိသည်။

ထို့နောက်တွင်တော့…

သူ့ခြေထောက်အောက်ရှိ ကျောက်တုံးက အထက်သို့ လျှင်မြန်သည့်အရှိန်ဖြင့် မြင့်တက်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည်။

အမြင့်တစ်နေရာသို့ ရောက်ရှိသွားသည့်အခါ ကျောက်တုံးက ခေတ္တမျှ ရပ်တန့်သွားပြီး အရှေ့ဆီသို့ ထပ်မံ ရွေ့လျားသွားပြန်သည်။

ကျောက်တုံးက ကျန်းလန်ကို တစ်နေရာသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန် စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲက လွယ်လွယ်နှင့်တက်ရောက်နိုင်မည့် ပွဲတစ်ခုမဟုတ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

ထို့ပြင်… ဤနေရာက ကျောက်စိမ်းရေကန်၏ ပိုင်နက်ဖြစ်သော်လည်း မဟာတာအိုလမ်းကြောင်းနှင့်တော့ နီးကပ်မှု မရှိပေ။ ထို့ကြောင့်… ဤနေရာတွင် စနစ်တွင် မှတ်ပုံတင်ရန်မဖြစ်နိုင်ပေ။

ကျန်းလန် စနစ်တွင် မှတ်ပုံတင်ရန်အတွက် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။

ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ကျင့်ကြံခြင်းအဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားခြင်း မရှိသည်မှာ တော်သေးသည်ဟု ဆိုရမည်။

မဟုတ်ပါက ကျန်းလန် ဝင်ခွင့်ရနိုင်မည် မဟုတ်တော့ပေ။

အများအမြင်တွင် ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့်ဖြစ်လေရာ လာရောက်ကြသည့် တပည့်များအားလုံးထဲတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်နေသည် မဟုတ်ပါလား။

ခဏအကြာတွင်တော့ … ကျန်းလန်၏ ခြေထောက်အောက်မှကျောက်တုံး ရပ်တန့်သွားလေသည်။

လေပြင်းတစ်ချက်က ကျန်းလန်၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွား၏။

ထို့နောက်… ကျန်းလန်၏ ရှေ့တည့်တည့်ရှိ မြူခိုးများထဲတွင် အလွန်တရာ လှပသည့်ပန်းများ ပွင့်လန်းနေသော ပန်းခင်းလမ်းတစ်လမ်း ပေါ်လာလေသည်။

ထိုလမ်းက ကောင်းကင်ဘုံသို့သွားရာလမ်းအလား ထင်မှတ်ရအောင် ခမ်းနားလှပလွန်းသည်။

“ကျောက်စိမ်းရေကန်ကို ဝင်ဖို့ ဒီလမ်းကို လျှောက်ရမှာလား…”

ကျန်းလန် စဉ်းစားနေစဉ်မှာပင် တောင်မြင့်ကြီးထက်မှ အသံက ထပ်မံထွက်ပေါ်လာသည်။

“ကျောက်စိမ်းရေကန်ကို မင်းတို့ ဝင်နိုင်မလား ၊ မဝင်နိုင်ဘူးလားဆိုတာကတော့ မင်းတို့ရဲ့ အရည်အချင်းအပေါ် မူတည်တယ်… ၊ မင်းတို့ ရှေ့ကလမ်းအတိုင်း လျှောက်လာကြပါ… ၊ အတားအဆီးတွေကို ကျော်ဖြတ်ပြီး မင်းတို့ လျှောက်နိုင်သလောက် လျှောက်ခဲ့ကြပါ… ၊ နောက်ဆုံးအချိန်ထိ လျှောက်လာနိုင်တဲ့ နေရာကနေပဲ ကျောက်စိမ်းရေကန်ဖွင့်ပွဲကို လေ့လာကြည့်ရှုခွင့် ရပါလိမ့်မယ်…”

ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် စမ်းသပ်ခြင်း စတင်ပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

တောင်မြင့်ကြီးထက်မှ အသံက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်လျှင် မည်သို့ ဖြစ်မည်ကို ပြောမပြခဲ့ပေ။ လမ်းကိုသာ အစွမ်းရှိသလောက်ဖြတ်ကျော်ပြီး မိမိဖြတ်ကျော်နိုင်သလောက်နေရာကပင် ကျောက်စိမ်းရေကန်ဖွင့်ပွဲကို ကြည့်ရှုခွင့်ရမည်ဟု ပြောသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျန်းလန်ကတော့ ကျောက်စိမ်းရေကန်ကို ဝင်ရောက်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

စနစ်တွင်သာ မှတ်ပုံတင်လိုခြင်းမရှိလျှင် ကျန်းလန် ထိုမျှ အပြင်းအထန် ကြိုးစားမိမည် မဟုတ်ပေ။

“တတ်နိုင်သမျှတော့ ကြိုးစားကြည့်ရမှာပဲ…”

ကျန်းလန် ရေရွတ်လိုက်သည်။

ထို့နောက် သူ့ရှေ့မှ ပန်းခင်းလမ်းထက်သို့ ခြေတစ်လှမ်း လှမ်းလိုက်လေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset