အခန်း ( ၅ )

အထူးဝင်ခွင့်ရကျောင်းသား

ကောင်းကင်တာအိုကျောင်းက အလွန် ကြီးမား၏။ အထူးသဖြင့် အဆင့်နိမ့်ကျွန်းက အမှန်တကယ် ကြီးကျယ်ခမ်းနား၏။ ထိုကျွန်းက ကျောင်းသားအရေအတွက် တစ်သိန်းခန့်ကို ပညာသင်ကြားနေသည့် ကာလတစ်လျှောက် နေရာချထားပေးနိုင်သည်။ အဆင့်နိမ့်ကျွန်း၏ အရှေ့တောင်ဘက်အခြမ်း၌ ဝေဟင်ပြင်ရှိ ဆိပ်ကမ်းတခုတွင် ဧရာမ မီးပုံးပျံသင်္ဘော ဒါဇင်ပေါင်းများစွာကို ဆိုက်ကပ်ထားကြသည်။

စူးစမ်းချင်စိတ်များနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေကြသည့် ကျောင်းသားများ မရေမတွက်နိုင်လောက်အောင် ရှိနေ၏။ သူတို့သည် အထုပ်အပိုးများကိုပိုက်၍ သင်္ဘောများပေါ်မှ ဆင်းလာကြသည်။ ဆူညံနေပါသော်လည်း အသံအများစုက ပျော်ရွှင်ဖွယ်ရာ ရယ်မောသံများသာ ဖြစ်ကြ၏။

သူတို့သည် ပြည်ထောင်စု၏ မတူညီသောဒေသများဆီမှ ရောက်လာကြခြင်း ဖြစ်ပြီး တာအိုကျောင်းများထဲသို့ ဝင်ခွင့်ရရှိခဲ့ကြသည့် ကျောင်းသားအသစ်များ ဖြစ်ကြသည်။

သင်္ဘောတစ်စင်း၏ ကုန်းပတ်ပေါ်တွင် ဇာမဏီမြို့မှ လာကြသည့် ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့မှာ အထုပ်အပိုးများကိုယ်စီ သယ်ဆောင်လာကြသည်။ ကောင်းကင်ပြာကြီးထဲရှိ အဖြူရောင်တိမ်တိုက်များနှင့် ခပ်လှမ်းလှမ်းရှိ ဌာနအမျိုးမျိုးရှိရာ တောင်ထိပ်များကို စိတ်လှုပ်ရှားစွာ သူတို့အားလုံး ကြည့်လိုက်ကြသည်။ သူတို့ လန်းဆန်းသွားသလို ခံစားလိုက်ရပြီး သူတို့ရင်ထဲ မဖော်ပြနိုင်သော မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာတော့သည်။

သို့သော် သူတို့၏ ငယ်ရွယ်နုပျိုသော စိတ်ဓာတ်များနှင့် ယှဉ်လိုက်မည်ဆိုပါက ပင်မခန်းမထဲမှ ထွက်လာကြသည့် သမားတော်အိုကြီးနှင့် အခြားဆရာများ၏ အမူအရာများမှာ ထူးဆန်းနေကြသည်။ သူတို့က ဇာမဏီမြို့တော်မှလာသော ကျောင်းသားများကို အလွန် ရင်းနှီးနေပြီဖြစ်သည်။

အထူးသဖြင့် သူတို့က ဝမ်ပေါင်လဲ့အား တရင်းတနှီး သိနေကြသည်ဖြစ်၍ သူ့အား အကြိမ်အနည်းငယ်ခန့် ဖျတ်ခနဲ လှမ်းကြည့်မိလိုက်ကြသည်။

လူများ၏ စကားများနှင့် မျက်နှာရိပ်မျက်နှာကဲများအား အကဲခတ်ရသည်ကို ကျင့်သားရနေသည့် ဝမ်ပေါင်လဲ့သည် ထိုအကြည့်များကို အလိုလို သတိထားမိလိုက်သည်။ သူသည် လူအုပ်ထဲတွင် ရှိနေသည် ဖြစ်သော်လည်း စစ်ဆေးပွဲ၏ ရလဒ်များနှင့် ပတ်သတ်၍ စိုးရိမ်နေဆဲပင်။ ယင်းအတွက်ကြောင့် သူသည် ဆရာများ ရှိနေသည့်နေရာကို မျက်ခြေမပြတ် စောင့်ကြည့်နေ၏။ ထိုအခါ သူသည် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။

” ဘာလို့ သူတို့က ငါ့ကို ဒီလိုကြည့်နေကြတာလဲ။ ငါ့ရလဒ်တွေက မိုးကောင်းကင်ကြီးကို ဖီဆန်နိုင်လောက်တဲ့အထိ အံ့အားသင့်ဖို့ကောင်းနေတာလား။ ဟားဟား … အဲဒီလိုပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။ သို့သော် ထိုစိတ်လှုပ်ရှားမှုထဲတွင် စူးစမ်းလိုစိတ်တစ်ခုပါ ကိန်းအောင်းနေ၏။ အကြောင်းမှာ ထိုဆရာများထဲတွင် မုတ်ဆိတ်မွေးနှင့် ဆရာတစ်ယောက်မှာ ဒေါသများ၊ ဝမ်းနည်းမှုများ ရောယှက်နေသော မျက်ဝန်းတစ်စုံဖြင့် သူ့အားကြည့်နေသောကြောင့် ဖြစ်သည်။

” ဘာကိစ္စ‌ကြောင့်များလဲ ”
ဝမ်ပေါင်လဲ့ ဇဝေဇဝါဖြစ်သွားရတော့သည်။ သူသည် ဆရာမုတ်ဆိတ်အား သံသယဝင်သွားတော့သည်။ သို့သော် သူ သေသေချာချာ မတွေးတောနိုင်စဉ်မှာပင် ဆရာမုတ်ဆိတ်အပါအဝင် ဆရာအားလုံးက သူတို့ထံ လျှောက်လှမ်းလာကြတော့သည်။

သူတို့ ထိုသို့ချဉ်းကပ်လာစဉ် ဆရာများထဲမှ လူတစ်ယောက်က ပြေးထွက်လာပြီး အနီရောင်အဝတ်အစားနှင့် လူငယ်လေးအား လှမ်းခေါ်လိုက်သည်။
” ချန်းကျစ်ဟန် … ဒီကိုလာခဲ့၊ ငါမင်းကို စာရင်းသွင်းရမဲ့ အခန်းဆီ လိုက်ပို့ပေးမယ် ”

ချန်းကျစ်ဟန်ကလည်း ခေတ္တမျှ တွေးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ထိုဆရာ၏နောက်သို့ လိုက်သွားတော့သည်။ သူတို့က လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။ ထိုဆရာက သူ့အား စိတ်အားထက်သန်စွာ အကြံပြုချက်များပေးနေဟန်တူသည်။

ထိုအခြင်းအရာကို ဝမ်ပေါင်လဲ့ မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ဝင်းလက်သွား၏။ ပြီးနောက် ချက်ချင်းပင် သူ၏အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူက ခန့်မှန်းလိုက်၏။ စာမေးပွဲရလဒ်များမှာ ယခုမှစ၍ အကျိုးပြုတော့မည်လော။

သူသည် မျှော်လင့်ချက်အပြည့်ဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ ပြီးနောက် ဆရာများက သူ့အား မမြင်မည်စိုးသဖြင့် သူ၏ရင်ကို ကော့လိုက်၏။

” ရွှီလျှိုရှန်း၊ ငါ့နောက်ကို လိုက်ခဲ့ ”

” လျှိုတောက်ပင်း၊ လာခဲ့ ”

မကြာမီ ဆရာများမှာ တစ်ယောက်ပြီးတစ်ယောက် နာမည်များကို အော်ခေါ်‌နေကြတော့သည်။ ထို့နောက် ထိုလူများကို အဝေးသို့ခေါ်သွားကြသည်။

ထိုအခြင်းအရာကြောင့် လူများမှာ ရင်ခုန်နှုန်းများ မြန်နေကြတော့သည်။ ထိုကဲ့သို့ နာမည်ခေါ်ခံခဲ့ရသည့် လူများမှာ စစ်ဆေးပွဲတွင် အခြေအနေကောင်းခဲ့သည့် လူများဖြစ်ကြောင်း သူတို့ သိကြသည်။ သူတို့က ဆရာများ၏ ထောက်ခံမှုများကို ရရှိသွားခဲ့ကြသည်ဖြစ်ပြီး တခြားသူများထက် အရင်စော၍ ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ သူတို့ကို သက်ဆိုင်ရာဌာနများက ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ကြခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ ကျေနပ်အားရနေ၏။ သူ၏ နာမည်ကို ဆရာတစ်ယောက်ကမှ အော်မခေါ်သေးပါသော်လည်း စာမေးပွဲထဲရှိ သူ၏ရလဒ်ကို ယုံကြည်မှုအပြည့်ရှိနေသည်။ သူသည် နောက်ကျမှ အခေါ်ခံရလေ ထိုကျောင်းသားများမှာ ပို၍ထူးချွန်လေ ဖြစ်မည်ဟု မှတ်ယူထား၏။ သူ့ကိုယ်သူ အထင်ကြီးခဲ့သည့် ဆရာကိုပင် သူက တွေ့ချင်နေတော့သည်။

” ငါ ဆရာတွေအကုန်လုံးရဲ့ အာရုံကို ဖမ်းစားမိခဲ့ရင် ဘယ်လိုလုပ်ရပါ့။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ ငါ ဘယ်လို ရွေးချယ်ရပါ့မလဲကွာ ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကျိတ်ပျော်နေပြီး ခေါင်းကိုမော့ကာ ရင်ကိုကော့ထားတော့သည်။ သို့သော် တစ်ရက်လုံး စောင့်ပြီးသွားသည့်အပြင် တုမင်ပါ ရွေးချယ်ခံလိုက်ရပြီဖြစ်ပြီး သူ့အပြင် ရာနှင့်ချီသော ကျောင်းသားများထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျန်ရစ်တော့သည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ အတန်ငယ် ဆွံ့အသွားရတော့သည်။

မဖြစ်နိုင်တာ..
ဝမ်ပေါင်လဲ့သည် နဖူးမှ ချွေးများကိုသုတ်ရင်း စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရန် အခက်တွေ့နေရတော့သည်။

ဆရာများသည် ကျောင်းသားများကို လုံးဝနီးပါးမကျန်တော့သည်အထိ အဆက်မပြတ် ခေါ်ဆောင်သွားကြသည်။ ဆရာအများစုက ထွက်ခွာသွားကြပြီဖြစ်ပြီး သမားတော်အိုကြီးကလည်း ဝမ်ပေါင်လဲ့အား ဖျတ်ခနဲလှမ်းကြည့်ကာ ထွက်ခွာသွားတော့သည်။ အကြွေးတောင်းသမားတစ်ယောက်အသွင် ဖြစ်နေသော ဆရာမုတ်ဆိတ်တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ထိုမြင်ကွင်းကို ဝမ်ပေါင်လဲ့ မြင်လိုက်ရသောအခါ အတန်ငယ် မူးဝေသွားတော့သည်။

ထိုအချိန်တွင် ထိုဒေါပွနေသည့်ပုံ ပေါက်နေသည့် ဆရာမုတ်ဆိတ်၏ ရင်ဘတ်မှာ ဖားဖိုကြီးပမာ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတော့သည်။ သူသည် မလုပ်ချင်ပါသော်လည်း အတင်းအကျပ် ဖိအားပေးခံရသောကြောင့် ရွေးချယ်စရာမရှိတော့သည့် ပုံစံ ပေါက်နေ၏။ သူရွေးချယ်ခဲ့သည့်လမ်းကို ပြီးဆုံးအောင်လျှောက်ရမည့်ပုံစံ ပေါက်နေသည့် အလားပင်။ ထိုအခါမှသာ သူသည် အော်ဟစ်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့ … ဘာလို့ ငါ့ဆီကို အခုထိ မလာသေးတာလဲ ”

ဆရာမုတ်ဆိတ်သည် အံကြိတ်ကာ အော်ဟစ်လိုက်သည့်အလားပင်။ ပြီးသည်နှင့် နောက်သို့လှည့်၍ သင်္ဘောပေါ်မှ ဆင်းသွားတော့သည်။

ဝမ်ပေါင်လဲ့ကမူ ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ သူ၏နားထဲတွင် ထိုစကားသံက ဘီလုံးငှက်သံကဲ့သို့ ချိုသာနေ၏။ သို့ဖြစ်၍ သူသည် ဆရာမုတ်ဆိတ်၏ အမူအရာကို တွေးတောသုံးသပ်နေရန် အချိန်မရှိတော့ပေ။ သူသည် အလျင်အမြန်ပင် ပြေးသွားလိုက်ပြီး ဆရာမုတ်ဆိတ်၏နောက်သို့ အလိုက်တသိ လိုက်သွားတော့သည်။ ဆရာမုတ်ဆိတ်တွင် အထုပ်အပိုးများရှိနေပါက တွေဝေမနေဘဲ ကူသယ်ပေးမည့်ပုံပင် ပေါက်နေ၏။

သူတို့ထွက်ခွာသွားသောအခါ ကျန်ရှိနေသည့်အဖွဲ့ဝင်များမှာလည်း သင်္ဘောပေါ်မှ ဆင်းလိုက်ရသည်။ ထူးခြားသောစွမ်းရည်များ မပိုင်ဆိုင်ထားသည့် ကျောင်းသားများက သူတို့၏ ကိုယ်ပိုင်ဌာနများကို နောက်ရက်များတွင် ရွေးချယ်ရမည် ဖြစ်သည်။

ဆရာမုတ်ဆိတ်ကမူ မျက်နှာထားတင်းမာနေပြီး ခြေလှမ်းကျဲကြီးများဖြင့် အဆင့်နိမ့်ကျွန်း၏ လေဆိပ်ကမ်းအဝေးကို သွားနေ၏။ သူ၏ရှေ့တွင် အသေစား သင်္ဘောတစ်စင်း ရပ်နေပြီး ၎င်း၏ဘေးတွင် စီနီယာကျောင်းသားများ ရပ်နေကြသည်။ သူတို့က အပြာရောင်ကျောင်းဝတ်စုံများကို ဆင်မြန်းထားကြပြီး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ ချောမောလှပသော မိန်းကလေးများ ဘေးမှ ဖြတ်လျှောက်သွားသည်ကို သူတို့ မြင်လိုက်ရသည့်အခါတိုင်း ချက်ချင်းပင် အပြေးလိုက်သွားကြပြီး သူတို့ကိုယ်သူတို့ နွေးထွေးစွာမိတ်ဆက်ကာ စိတ်ဝင်စားသည့်အမူအရာများ ပြနေကြသည်။ ဆရာမုတ်ဆိတ် ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင်မူ သူတို့သည် ချက်ချင်းပင် ချစ်ကြောက်ရိုသေသည့်ပုံ ပေါက်သွားကြသည်။

” ဆရာ။ ဖြည်းဖြည်းလျှောက်ပါဗျ။ ကျနော်တို့က ဘယ်ဌာနကလဲ ”
ဆရာမုတ်ဆိတ်၏နောက်တွင် ဝမ်ပေါင်လဲ့၏ မောဟိုက်နေသော စကားသံ ထွက်ပေါ်လာသည်။ ဆရာမုတ်ဆိတ်မှာ ဝါရင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်၍ မြန်ဆန်စွာ လမ်းလျှောက်နိုင်၏။ ရှေးဟောင်းသိုင်းပညာများကို မကျင့်ကြံရသေးသည့် ဝမ်ပေါင်လဲ့မှာမူ သူ့အား အမှီလိုက်နိုင်ရန် အခက်တွေ့နေရသည်။

ဆရာမုတ်ဆိတ်မှာ စိတ်ချုံးချုံးကျနေတော့သည်။ သူသည် ခရမ်းရောင်ကျောက်စိမ်းလည်ဆွဲတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသည့် ဝမ်ပေါင်လဲ့ဆီသို့ ပစ်ပေးကာ နှာမှုတ်၍ ဆိုလိုက်သည်။
” မင်းဘာသာမင်းပဲဓမ္မလက်နက်ဌာနကို အစီအရင်ခံလိုက်တော့။ ငါ လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ် ”

သူသည် ထိုသို့ဆိုကာ ထိုအသေးစားသင်္ဘောလေးထဲသို့ ဝင်သွားကာ အလျင်အမြန်ပင် ပျံထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုကျောက်စိမ်းလည်ဆွဲကို လှမ်းဖမ်းလိုက်ပြီးနောက် ဆရာမုတ်ဆိတ်ကဲ့သို့ပင် စိတ်ဓာတ်ကျသွားရတော့သည်။ ထိုဆရာ၏ သူ့အပေါ် ဆက်ဆံပုံမှာ တစ်ခုခု မှားယွင်းနေကြောင်း သူက သတိထားမိလိုက်သည်။

” ငါ့ရဲ့ စွမ်းဆောင်မှုကကောင်းလွန်းလို့ သူတို့တွေ အမှန်အတိုင်း သိသွားတာများလား။ ဓမ္မလက်နက်ဌာနက ဘယ်လိုဌာနမျိုးပါလိမ့် ”
ဝမ်ပေါင်လဲ့သည် သူခေါင်းသူပြန်ရိုက်၍ လက်ထဲတွင် ကျောက်စိမ်းဆွဲပြားကိုကိုင်ကာ မတ်တတ်ရပ်လျက်သားဖြင့် ကျန်ရစ်ခဲ့တော့သည်။ သူ ကသိကအောက်ဖြစ်နေရပြီး မုန့်ထုပ် တစ်ထုပ်ကို အလိုလို ဆွဲထုတ်ကာ အသံမြည်အောင် ဝါးစားနေမိတော့သည်။

ဆရာမုတ်ဆိတ်က အားကိုး၍မရကြောင်း သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ကူရာကယ်ရာမဲ့စွာဖြင့် သူကိုယ်တိုင် အဖြေရှာရတော့မည် ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲရက် ဖြစ်သောကြောင့် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းတွင် လူများစွာရှိနေကြသည်။ လေဆိပ်ကမ်းတွင် လူပင်လယ်ကြီးတစ်စင်း ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်အပူချိန်များကြောင့် ပူအိုက်နေသည့် ရာသီဥတုကြီးက ပို၍ပင် သိသာပေါ်လွင်နေတော့သည်။

ကန်ရေပြင်ကိုဖြတ်၍ တိုက်ခိုက်လာသည့် လေပြည်လေညင်းလေး ရှိသော်လည်း လေပူများသာပါလာ၏။ ဝမ်ပေါင်လဲ့သည် ချွေးများကိုသုတ်ရင်း ရပ်နေ‌တော့သည်။ သူသည် ခပ်လှမ်းလှမ်းတွင် ရေခဲရေရောင်းနေသည့် ဈေးသည်တစ်ဦးကို မြင်လိုက်ရသည်။ ၎င်းအား ဝိညာဉ်ရေခဲရေအဖြစ် ကြော်ငြာကာ ရောင်းချနေခြင်းဖြစ်သည်။ ၎င်းမှာ ဈေးကြီးပါသော်လည်း ဝမ်ပေါင်လဲ့သည် အလိုဆန္ဒများကို ငြင်းဆန်တတ်သည့် လူစားမျိုးမဟုတ်ပေ။ ၎င်းမှာ ဈေးကြီးပါ‌သော်လည်း သူသည် ပြေးသွားလိုက်ပြီး ဘူးအနည်းငယ်ခန့်ဝယ်ကာ သူ၏အထုပ်အပိုးထဲတွင် ထည့်ထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့သည် ထိုအေးစက်နေသော ဝိညာဉ်ရေခဲရေများကို သောက်ရင်း ဘေးဘီဝဲယာကို အကဲလိုက်၏။ သူသည် ပျားပန်းခတ်စည်ကားနေသော လေဆိပ်ကမ်းကို လှမ်းကြည့်လိုက်တော့အခါ ကျောင်းသားသစ်များ၏ ဝင်ခွင့်စစ်ဆေးပွဲအား တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် လူတချို့ကိုပင် မြင်လိုက်ရသည်။ သူတို့၏ လေလှိုင်းပေါ်မှ လက်ဆောင်များကို တောင်းခံနေသည့် အသံများကိုလည်း သူ ခပ်သဲ့သဲ့ ကြားလိုက်ရသေးသည်။

ဝမ်ပေါင်လဲ့က လိုက်လံမေးမြန်းပြီးနောက် အချိန်အများကြီး ဖြုန်းမနေတော့ပေ။ သူသည် ဓမ္မလက်နက်ဌာနနှင့် ပက်သက်သည့်အကြောင်းအရာအချို့ကို နားလည်သွားသဖြင့် ချက်ချင်းပင် စိတ်ဓာတ်တက်ကြွသွားတော့သည်။ ထို့နောက် သူသည် ဓမ္မလက်နက်ဌာနသို့သွားမည့် အသေစားသင်္ဘောတစ်စင်းပေါ်တွင် ထိုင်နေလိုက်တော့သည်။

ဓမ္မလက်နက်တောင်ထိပ်တွင်လည်း လူများစွာ ရှိနေကြ၏။ တချို့က သူတို့ရွေးချယ်မည့်ဌာန၏ အကြောင်းကို သိချင်သောကြောင့် ရောက်လာကြခြင်းဖြစ်ပြီး တချို့မှာမူ ဆုံးဖြတ်ထားပြီးပြီ ဖြစ်သောကြောင့် ဝင်ခွင့်လျှောက်ရန် ရောက်လာကြခြင်းဖြစ်သည်။

လုပ်အားပေးကူညီနေကြသည့် ဓမ္မလက်နက်ဌာန၏ စီနီယာကျောင်းသားများလည်း ရှိနေ၏။ သူတို့က ကျောင်းသားသစ်များကို ကြိုဆိုရန် တာဝန်ယူထားကြခြင်း ဖြစ်သည်။ သူတို့သည် တစ်အုပ်ပြီးတစ်အုပ် ရောက်လာကြသော ကျောင်းသားသစ်များကို ဌာနထဲရှိ နေရာများအား လိုက်လံပြသနေ၏။ မျက်စိတစ်ဆုံး ရှည်လျားသော လူပေါင်းများစွာက ခေါင်းများကို မော့လိုက် ငုံ့လိုက် လုပ်နေကြသဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။

လူအုပ်ကြီးက ရှေ့သို့ တိုးနေစဉ် ဝမ်ပေါင်လဲ့သည် မျက်နှာရှည်ရှည်နှင့် စီနီယာကျောင်းသူတစ်ယောက်၏ စိတ်လှုပ်ရှားမှုနှင့် တည်ကြည်လေးနက်မှုအပြည့်ဖြင့် မိတ်ဆက်ပေးနေသည့်အသံကို ကြားလိုက်ရသည်။ သူမ၏ စကားများမှာ ဓမ္မလက်နက်ဌာနအကြောင်း သူ ကြားဖူးထားသည့် အချက်အလက်များနှင့် ကိုက်ညီနေ၏။ ထို့ကြောင့် ၎င်းမှာ အံ့ဩဖွယ်ကောင်းသော ဌာနတစ်ခုဖြစ်ကြောင်း သူ ခံစားနေရတော့သည်။

” ဓမ္မလက်နက်ဌာနက ဌာနတွေကို သန့်စင်ပေးတာလို့ပဲ ထင်ရပေမဲ့ ကွဲပြားခြားနားချက် တချို့တော့ရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးကို ရတနာတွေဖြစ်သွားအောင် ပြောင်းလဲပေးတာ ”

” ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနက ပြည်ထောင်စုတစ်ခုလုံးရဲ့ ထိပ်ဆုံးအဖြစ် သတ်မှတ်ခံထားရတာ။ ငါတို့က ဓမ္မအဆောင်တွေနဲ့ တိုက်ခိုက်ရေးအဆောင်တွေကစလို့ သာမန်လူတွေအသုံးပြုတဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်တယ်။ ပြီးတော့ ဒီကနေ အောင်မြင်သွားတဲ့ကျောင်းသားအကုန်လုံးကို လူတွေအများကြီးက လိုချင်ကြတာချည်းပဲ ”
ထိုစီနီယာကျောင်းသူ၏ စကားသံထဲမှ စိတ်လှုပ်ရှားမှုကိုကြည့်၍ သူမ၏ဌာနအပေါ် မည်မျှ ဂုဏ်ယူမှုရှိကြောင်း အထင်အရှား မြင်နိုင်ပေသည်။

” မင်းတို့ ဝေဟင်မှာ ရှိနေခဲ့တုန်းက ဓမ္မလက်နက်တောင်ထိပ်ရဲ့ ဧရာမ စင်မြင့်ကြီးသုံးခုကို တွေ့ခဲ့မှာပေါ့။ အဲဒီ စင်မြင့်တွေက ပင်မခန်းမကြီးသုံးခုကို ကိုယ်စားပြုတယ်။ အဲဒီခန်းမကြီးတွေမှာ ဝိညာဉ်ကျောက်တုံးတွေ၊ ကမ္ပည်းစာတွေနဲ့ ဝိညာဉ်အနှစ်သာရတွေကို လေ့လာကြတယ် ”

” ငါတို့ မွေးရပ်မြေတွေမှာရှိတဲ့ အခြေခံကျောင်းတွေနဲ့ မတူတာက တာအိုကျောင်းမှာက ပိုပြီးတော့ လွတ်လပ်တယ်။ ဌာနတစ်ခုချင်းစီအတွက် ပုံသေ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေ မရှိဘူး။ ကျောင်းသားအသစ်တွေကနေစလို့ စီနီယာကျောင်းသားတွေအထိ ဘယ်အတန်းကိုမဆို တက်ရောက်လေ့လာနိုင်တယ်။ ပိုနေတဲ့အချိန်တွေမှာတော့ လူအများစုက ကိုယ့်ကိုယ်ကိုယ်ကျင့်ကြံတာနဲ့ပဲ ကုန်ဆုံးကြတာများတယ် ။ နှစ်စဉ်နှစ်တိုင်း စာမေးပွဲတွေရှိပေမယ့် အရမ်းကြီး တင်းကြပ်မနေဘူး။ အဆင့်မြင့်ကျောင်းအတွက် နေရာချပေးတဲ့ စာမေးပွဲကပဲ အရေးကြီးတာ ”

” ငါးနှစ်အတွင်း အဆင့်မြင့်ကျောင်းကို မတက်လှမ်းနိုင်ဘူးဆိုရင် တာအိုကျောင်းကနေ ထွက်ခွာရမယ် ”

ထိုကျောင်းသူဟောင်းက နေရာချပေးသည့် စာမေးပွဲအကြောင်း ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့က သေသေချာချာ မှတ်သားထားလိုက်တော့သည်။ သူ၏ဘေးမှ လူများမှာလည်း ထိုနည်းတူပင်။

” ဒါပေမဲ့ အရမ်းကြီးစိတ်ပူစရာမလိုပါဘူး။ အဆင့်မြင့်ကျောင်းကို တက်လှမ်းနိုင်ဖို့ဆိုတာ မင်းတို့အတွက်တော့ အဝေးကြီးမှာပဲ ရှိပါသေးတယ်။ ကောင်းပြီလေ။ ဒီဌာနနဲ့ ပူးပေါင်းဖို့အတွက် ကျောင်းသားသစ်တွေက ဒီနေရာမှာ ဝင်ခွင့်တင်ရမှာ ”
လူတိုင်းက သူမအား ကြည့်နေကြသည်ကို သတိထားမိလိုက်သောအခါ ထိုစီနီယာကျောင်းသူက ပြုံးကာဆိုလိုက်၏။ ယင်းနောက် သူမသည် တောင်နံရံ၏ ဘေးတွင်ရှိသည့် ပေတစ်ရာခန့်မြင့်သော ကျောက်သားကြေးမုံကြီး၏ဘေးတွင် ရပ်တန့်သွား၏။

ထိုကျောက်သားကြေးမုံကြီးမှာ ရှေးဟောင်းဆန်ပြီး အချိန်နှစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရဟန်တူ၏။ ၎င်းပေါ်တွင် မှော်ကျောက်စာ ပုံစံကွက်နှင့်တူသော အရာများ ရှိနေသဖြင့် အလွန် ထိတ်လန့်စရာ ကောင်းနေ၏။

” မင်းတို့ရဲ့ ဝင်ခွင့်ကျောက်စိမ်းပြားတွေကို ဒီ‌ပေါ်မှာတင်လိုက်။ ပြီးရင် တောင်အောက်ကို ဆင်းလို့ရပြီ။ အဆင့်နိမ့်ကျောင်းက သုံးရက်အတွင်း မင်းတို့ရဲ့ ဝင်ခွင့်ကိစ္စနဲ့ပတ်သတ်ပြီး အကြောင်းပြန်လိမ့်မယ်။ ဌာနတစ်ခုချင်းစီကလည်း သူတို့ရဲ့ ဝင်ခွင့်ရကျောင်းသားစာရင်းတွေကို ထုတ်ပြန်လိမ့်မယ် ”
ထိုစီနီယာကျောင်းသူက ထိုသို့ရှင်းပြလိုက်ပြီး ချွေးများကိုသုတ်လိုက်သည်။ သူမက အဆက်မပြတ်စကားပြောနေရသည့်အပြင် ရာသီဥတုကလည်းပူပြင်းနေသောကြောင့် သူမ၏ ပါးစပ်မှာ အနည်းငယ် ခြောက်သွေ့နေ၏။ သူမသည် ဘေးဘက်တွင်ရပ်လိုက်ပြီး ကျောင်းသားများကိုကြည့်နေတော့သည်။ ယမန်နှစ်က သူမ၏ပုံရိပ်များကို ပြန်လည်မြင်ယောင်နေသည့်အလား တသသ ဖြစ်နေတော့သည်။

” လူဘယ်နှယောက်များ ဝင်ခွင့်ရမလဲမသိဘူး။ သိပ်တော့လည်း မများလောက်ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းသားတစ်သုတ်မှာ အယောက်လေးထောင်ထက် ပိုပြီးတော့ လက်မခံဘူးလေ ”
သူမက သက်ပြင်းချရင်း တွေးတောနေစဉ် ဝမ်ပေါင်လဲ့က သူမ ချွေးသုတ်နေသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် သုတ်သီးသုတ်ပျာ ပြေးသွားပြီး အထုပ်အပိုးများထဲမှ အေးစက်နေသည့် ဝိညာဉ်ရေခဲရေတစ်ဘူးကို ထုတ်ယူကာ သူမအား လှမ်း၍ပေးလိုက်သည်။

” အစ်မ … အစ်မလည်း ပင်ပန်းနေလောက်ပြီ။ ကျနော်တို့ကို အများကြီးရှင်းပြတဲ့အတွက် ကျောင်းသားသစ်တွေအားလုံးရဲ့ကိုယ်စား အစ်မကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒီလောက် ခြစ်ခြစ်တောက်ပူနေတာ ရေလေးသောက်ပါဦး ”
ဝမ်ပေါင်လဲ့၏ အမူအရာမှာ ရိုးသားမှုအပြည့်ရှိနေပြီး သူ၏လေသံမှာလည်း ဟန်ဆောင်မှု ကင်းမဲ့နေ၏။ ထို့ကြောင့် သူမသည် သူမ၏ ရှေ့ရှိ ဖက်တီးလေးကို အကဲခတ်မိလိုက်ပြီး သူ့အား ချက်ချင်းပင် သဘောကျသွားတော့သည်။ သူမ လမ်းပြပေးခဲ့သည့် ကျောင်းသားသစ်အားလုံး၏ ကြားတွင် ထိုသို့ ကိုယ်ချင်းစာတရားမျိုး အလွန် ရှားပါးလှပေသည်။

အခြားကျောင်းသားများကလည်း သူ့အား လှမ်း၍ကြည့်လိုက်ကြသည်။ ဝမ်ပေါင်လဲ့သည် သူ့တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူတို့အားလုံးအတွက် ကိုယ်စားပြုသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့သည်လည်း သူ့အား သဘောကျနှစ်သက်သွားရတော့သည်။

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ရေခဲရေတစ်ဘူးကြောင့် လူများစွာ၏ သဘောကျနှစ်သက်မှုများကို ရရှိလိုက်ကြောင်း သိရှိလိုက်သောအခါ သူ့ကိုယ်သူ ကျေနပ်အားရသွားတော့သည်။ သူ၏ အရာရှိတစ်ယောက် ဖြစ်လာနိုင်မည့် အလားအလာမှာ နောက်တစ်ကြိမ်ထပ်မံ မြင့်တက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

မကြာမီ ကျောင်းသားများမှာ မျှော်လင့်ချက်များဖြင့် ထိုကျောက်သားကြေးမုံကြီးဆီသို့ ချဉ်းကပ်လာကြတော့သည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ကျောက်စိမ်းပြားအလွတ်တစ်ပြားစီကို ထုတ်ကာ ကျောက်သားကြေးမုံကြီးပေါ်သို့ တင်လိုက်ကြသည်။ ထိုအခါ မှတ်သားမှုပြီးစီးကြောင်း ပြသသည့်အနေဖြင့် ထိုကျောက်စိမ်းပြားထဲမှ အလင်းတန်းများထိုးထွက်လာတော့သည်။

လူတိုင်းတွင် ကျောက်စိမ်းပြား တစ်ပြားစီရှိကြ၏။ သူတို့နှင့်အတူ လိုက်ပါလာသည့်ဆရာများမှာ အဆင့်နိမ့်ကျွန်းဆီသို့ သူတို့ ရောက်ရှိခဲ့ပြီးနောက် ထိုကျောက်စိမ်းပြားများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့သည် သူတို့၏ လက်များထဲမှ ကျောက်စိမ်းပြားများကို မြင်လိုက်ရသောအခါ အတန်ငယ် ဆွံ့အသွားရတော့သည်။

” ဘာလဲဟ။ ဘာလို့ ငါ့ဆီမှာကျ အဲဒီလို ကျောက်စိမ်းပြားမျိုး မရှိရတာလဲ… ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် လိုက်လံမေးမြန်းလိုက်ပြီး သူ၏အခြေအနေကို နားလည်သွားသောအခါ ဆရာမုတ်ဆိတ်မှာ အားကိုး၍မရကြောင်း တစ်ဖန်ထပ်၍ သဘောပေါက်သွားတော့သည်။

လူတိုင်း သူတို့၏ ကျောက်စိမ်းပြားများပေါ်တွင် အမှတ်အသားများ ရိုက်နှိပ်ပြီးနောက်ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျန်တော့သည်။ ထိုအခါ လမ်းပြစီနီယာကျောင်းသူက မနေနိုင်တော့ဘဲ သူ့အားကြည့်ကာ စိုးရိမ်သည့်အမူအရာဖြင့် မေးလိုက်၏။
” မောင်လေး … မေးစရာမေးခွန်းရှိလို့လား ”

” ကျနော့်ကျောက်စိမ်းပြားက တခြားလူတွေနဲ့ သိပ်မတူဘူး ”
ဝမ်ပေါင်လဲ့သည် ခရမ်းရောင် ကျောက်စိမ်းလည်ဆွဲလေးကို သူ၏ရင်ဘတ်နားတွင် ကိုင်ထားကာ ပွတ်သပ်ရင်း တစ်ခဏမျှ တွေဝေတွန့်ဆုတ်သွား၏။ ပြီးနောက် သူသည် ၎င်းအား ကျောက်သားကြေးမုံကြီးပေါ်သို့ ဂရုတစိုက် တင်လိုက်၏။

ထိုကျောက်စိမ်းလည်ဆွဲကလေးမှာ ကျောက်သားကြေးမုံကြီးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်တော့သည်။ ကျောက်သားကြေးမုံကြီး တစ်ခုလုံးပင် ဝင်းလက်သွားပြီး ထစ်ချုံးသံကြီးတစ်သံ ဓမ္မလက်နက်တောင်ထိပ်တစ်ခုလုံးပေါ်တွင် ပဲ့တင်ထပ်သွားတော့သည်။

ထိုနောက် တုန်ခါမှုလှိုင်းတစ်လှိုင်း အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံ့ထွက်လာ၏။ ဘေးပတ်ပတ်လည်မှ ကျောင်းသားအားလုံးသည်လည်း နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားကြပြီး အထိတ်တလန့် နောက်သို့ဆုတ်သွားကြတော့သည်။

” ဘာလဲဟ ”

” ဘာဖြစ်လို့လဲ ”

ဝမ်ပေါင်လဲ့ပင် ကြောက်ရွံ့တုန်လှုပ်သွားရ၏။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဓမ္မလက်နက်တောင်ထိပ်ပေါ်ရှိ ခေါင်းလောင်းကြီးများက ထိုကောင်းကင်ပေါ်သို့ ထိုးတက်နေသည့် အလင်းတန်းကြီးနှင့်အတူ စည်းချက်ညီစွာ မြည်ဟည်းနေခြင်းပင် ဖြစ်သည်။ ပြီးနောက် ဓမ္မလက်နက်ဌာနတစ်ခုလုံးက တစ်စုံတစ်ခုကို ကြေညာတော့မည့်အလား ထိုအသံများမှာ တစ်စတစ်စ ကျယ်လောင်လာတော့သည်။

ဒေါင်။ ဒေါင်။ ဒေါင်။

ချက်ချင်းပင် ဓမ္မလက်နက်တောင်ထိပ်ပေါ်ရှိ ကျောင်းသားအားလုံး ခေါင်းမော့ကြည့်လိုက်ကြတော့သည်။ တောင်ပေါ်သို့တက်နေသည့် ကျောင်းသားများဖြစ်စေ၊ စာသင်ခန်းမများထဲမှ ကျောင်းသားများဖြစ်စေ၊ အမျိုးမျိုးသော အဆောက်အဦများထဲတွင် ကျင့်ကြံနေကြသည့် ကျောင်းသားများဖြစ်စေ သူတို့အားလုံး တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြတော့သည်။

ကျောက်သားကြေးမုံကြီး၏ဘေးတွင် ရပ်နေသည့် မျက်နှာရှည်ရှည်နှင့် စီနီယာကျောင်းသူမှာ အတွေးများ ယောက်ယက်ခတ်သွားရတော့သည်။ သူမသည် မျက်လုံးများပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။ ထို့နောက် သူမက အလန့်တကြား အော်ပြောလိုက်တော့သည်။
” အထူးဝင်ခွင့်ရ ကျောင်းသားပဲ ”

” ဘာပြောလိုက်တယ် ”
ဝမ်ပေါင်လဲ့မှာမူ ပို၍ ဇဝေဇဝါ ဖြစ်သွားရတော့သည်။

တချိန်တည်းမှာပင် မောင်းသံတစ်သံလည်း ပဲ့တင်ထပ်သွားတော့သည်။ ဓမ္မလက်နက်တောင်ထိပ်ပေါ်ရှိ ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခန်းထဲတွင် ဆရာမုတ်ဆိတ်သည် ရှေးဟောင်းစာပိုဒ်တစ်ပိုဒ်ကို ထိုင်ဖတ်နေ၏။ သူ၏ တည်ငြိမ်နေသောနှလုံးသားမှာ တစ်ဖန်ပြန်၍ ယောက်ယက်ခတ်သွားရတော့သည်။

” ဘာကိစ္စနဲ့ အဲဒီ မျိုးမစစ်လေးက ဒီလောက်မြန်မြန်ကြီး ရောက်လာရတာတုန်း ”
သူသည် စိတ်ကသိကအောက်ဖြစ်သွား၏။ ငါးနှစ်မှ တစ်ကြိမ်သာ အသုံးပြုခွင့်ရှိသော လုပ်ပိုင်ခွင့်အာဏာကို ဆုံးရှုံးလိုက်ရသည့်အဖြစ်အား တွေးမိလိုက်တိုင်း နောင်တကြီးစွာ ရနေရတော့သည်။

သူ့အား နှောင့်ယှက်မည့်လူ ရှိမနေလျှင် ခံသာဦးမည် ဖြစ်သော်လည်း ခေါင်းလောင်းသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ထိုအချိန်တွင် ချက်ချင်းပင် လူရိပ်တချို့ ထိုမဟာခန်းမကြီးထဲသို့ ပျံသန်းဝင်ရောက်လာကြသည်။ သူတို့က ဓမ္မလက်နက်ဌာနမှ အခြားဆရာများဖြစ်ကြသည်။

” တာအိုရောင်းရင် ကျန်းရိုဒဲ။ ကျုပ်တို့ရဲ့ ဓမ္မလက်နက်ဌာနအတွက် အလားအလာအရမ်းရှိတဲ့ ကျောင်းသားတစ်ယောက်ကို အထူးကျောင်းသားတစ်ယောက်အဖြစ်နဲ့ ခင်ဗျား ခေါ်လာခဲ့တယ်လို့ ကျုပ်ကြားထားတယ် ”

” ဟားဟား။ အဘိုးကြီးကျန်း … ခင်ဗျား လူရွေးတော်မှန်း ကျုပ်သိပြီးသားပါ။ အဲဒီ လူတော်လေးက ဘယ်မှာလဲ။ သူ့ကို မြန်မြန်ဆင့်ခေါ်လိုက်ပြီးတော့ ကျုပ်တို့နဲ့ပေးတွေ့ဦးလေ ”

ထိုဆရာများမှာ စိတ်လှုပ်ရှားနေသည့် အမူအရာများဖြင့် ဝင်လာကြသောအခါ ဆရာမုတ်ဆိတ်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားရတော့သည်။ သူဝယ်လာမိသည့် မစင်ထုတ်ကြီးကို မျက်ရည်စက်လက်နှင့် ပြီးအောင်စားရသည့် ခံစားချက်နှင့်ပင် ဆင်တူနေတော့သည်။ သို့ဖြစ်၍ သူသည် ဟန်ဆောင်၍သာ ပြုံးလိုက်ရတော့သည်။

” ဟုတ်တယ်။ သူက… လူတော်လေးတစ်ယောက်ပါ။ ကျုပ် အဆောင်တစ်ခုကို သန့်စင်ဖို့ ရှိသေးလို့ အရင်သွားနှင့်မယ်နော်… ”
သူသည် ထိုသို့ဆိုက ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။ ထိုနေရာတွင် ဆက်ရှိနေပါက သူ့ကိုယ်သူ တားဆီးနိုင်တော့မည်မဟုတ်ဘဲ ထိုလူတော်ကလေးကို အသက်သေသည်အထိ သူ ရိုက်နှက်မိတော့မည်သာ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset