အခန်း ( ၅၆ )

ရှုံးမျိုးနွယ်တည်ရှိရာ ရှုံးရွာကလေး

နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားရန် လီချန်ရှို့သည် ကျေးဇူးတင်စကား ပြောပြီးသောအခါ ထိုကလေးမ အခြားသူများကို သွားခေါ်နေစဉ် ရွှေ၊ ငွေ အပုံတစ်ပုံကို ထားခဲ့ပေးပြီး တိတ်တဆိတ် ထွက်သွားလေသည်။

သူသည် ခေတ္တမျှသွားပြီးနောက် မြေကိုယ်ယောင်ဖျောက်အတတ်ကို ထုတ်သုံး၍ လီ(၁၀၀)ခန့် ဆက်သွားလိုက်ပြီး သမုဒ္ဒရာအနီးရှိ သစ်တောအတွင်းမှ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်အတွင်း ပုန်းကာ နတ်အာရုံကိုသုံး၍ ထိုရွာတစ်ရွာလုံးကို အာရုံခံကြည့်လိုက်သည်။
“ နေရာတိုင်းသည် ၎င်းတို့ပေါ် နေထိုင်သူများကို ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် အထောက်အပံ့ပေးသည် ” ဟူသော ဆိုရိုးရှိလေသည်။

‘ ဒီရွာရဲ့ ရေမြေက အားဖြည့်ဆေးတစ်မျိုးနဲ့ ရောနှောနေလို့လား ’

သူ၏ နတ်အာရုံအရ သာမန်ထက်ပို၍ တုတ်ခိုင်သန်မာသော ယောက်ျား၊ မိန်းမတစ်စုသည် ရွာအနှံ့ အလုပ်များနေကြသည်ကို အာရုံခံမိလိုက်သည်။ သူတို့၏ခွန်အားကို မည်သို့ဖော်ပြရမည်မှန်း သူ မသိပေ။

သူ၏ နတ်အာရုံအရ ထိုယောက်ျား၊ မိန်းမတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျစ်လျစ်တောင့်တင်းသော ကြွက်သားများ ရှိသည်ကို သိရ၏။ သူတို့၏ လက်မောင်းလုံးကြီးများသည် သူ့ဆရာတူညီမလေး၏ ခါးတမျှ ရှိကြသည်။ ကလေးတချို့သည်လည်း ပိဿာပေါင်းများစွာလေးသည့် ကျောက်တုံးကြီးများကို လှိမ့်၍ ကစားနေကြသည်။

လူအနည်းငယ်နှင့် ကလေးများမှလွဲ၍ ရွာရှိကျန်လူများသည် သူတွေ့ခဲ့သော မိန်းမပျိုလေး၏ အရွယ်အစားအတိုင်းပင် ရှိကြသည်။

‘ ငါအတွေးလွန်နေတာနေမှာပါ။ ဒီရွာသားတွေက ကြွက်သားကြီးတာကို လှတယ်လို့ ယူဆကြလို့နေမှာပေါ့ ’
လီချန်ရှို့ စိတ်ထဲမှ ပြုံးလိုက်သည်။ သူသည် ထိုရွာကို အာရုံခံနေရင်း သူ၏ နတ်ခန္ဓာကိုယ်နှင့် မူလဝိညာဉ်သည် အပြည့်အဝ ပြန်မကောင်းသေးကြောင်း သိလိုက်ရသည်။

နတ်အာရုံသည် စိတ်အာရုံထက် အဆပေါင်းများစွာ သာလွန်ပြီး ပို၍ ဝေးကွာသောနေရာများအထိ အာရုံခံနိုင်ပြီး အာရုံခံ၍ရသော ပုံရိပ်များသည်လည်း ပို၍ထင်ရှားပေသည်။

နတ်ဝိဇ္ဇာအဖြစ်သို့ မတက်လှမ်းရခင်က လီချန်ရှို့၏ စိတ်အာရုံသည် လီ(၁၀၀) မှ လီ(၂၀၀) အတွင်းသာ အာရုံခံနိုင်ခဲ့သည်။ ထို့ပြင် သူအာရုံခံ၍ ရသည်မှာ မှုန်ဝါးဝါး ပုံရိပ်များသာ ဖြစ်ပြီး လီ(၃၀)အတွင်းရှိ ပုံရိပ်များကိုသာ ထင်ထင်ရှားရှား အာရုံခံနိုင်ခဲ့၏။

ယခုတွင်မူ ကွဲပြားခဲ့ပေပြီ။ သူသည် နတ်အာရုံကိုသုံး၍ လီရာပေါင်းများစွာအထိ အာရုံခံနိုင်ပြီဖြစ်သည်။

ထိုအချိန်၌ပင် သူသည် လီ(၁၀၀၀)ခန့်အကွာရှိ လူနှစ်ယောက်သည် သစ်တောအတွင်းမှ စားကျက်တစ်ခု၌ နပန်းသတ်နေကြကြောင်းနှင့် သူတို့၏လှုပ်ရှားမှုများကို ဝိုးတဝါးအာရုံခံမိလိုက်သည်။

သူတို့သည် အမှန်တကယ် ရန်ဖြစ်နေကြဟန်တူသည်။

‘ ငါ အဲဒါတွေကို အသေးစိတ်အာရုံစိုက်ဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အာရုံက တိုးတက်လာပြီပဲ ’

လီချန်ရှို့သည် လီ(၁၀၀)ခန့်အကွာရှိ ရွာအပေါ်တွင်သာ ပြန်၍ အာရုံစိုက်လိုက်သည်။

အချိန်တစ်ခုထိ သူ့ကို စောင့်ရှောက်ပေးခဲ့သော မိန်းမပျိုလေးသည် ရွာသားတစ်စုကို ခေါ်ကာ သူ နေထိုင်ခဲ့ရာ အိမ်လေးအတွင်းသို့ အလျင်အမြန်ဝင်သွားလေရာ သူချန်ခဲ့သော ရွှေ၊ ငွေပုံကြီးကိုသာ တွေ့လိုက်ရလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ သူ ထွက်လာခဲ့သည်မှာ ကိုးလကျော်ရှိပေပြီ။ သူသည် အပြင်လောကတွင် နောက်ထပ် သုံးလေးနှစ် ဆက်၍နေနိုင်သေး၏။ ထို့ထက်ပို၍နေလျှင် သူ့ဆရာနှင့် ဂိုဏ်းမှအစောင့်အရှောက်များသည် သူ့ကို လိုက်ရှာပေလိမ့်မည်။

‘ အဲဒီအတောအတွင်း ကျွန်းတစ်ကျွန်းကိုရှာပြီး ကျင့်ကြံရင် ကောင်းမယ် ’

သူ့မှာ လုပ်စရာများစွာရှိသေးသည်။ ယခုသူသည် သေချာတွေးတော၍ လုပ်စရာရှိသည်များအတွက် အချိန်ဇယားဆွဲရပေမည်။

အားပြန်ဖြည့်၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ရန်မှာ ဦးစားပေးဖြစ်သည်။

ထို့ပြင် သူ၏နတ်ခန္ဓာကိုယ်နှင့် နတ်တန်ခိုးများကို ဖုံးကွယ်၍ မူလတာအိုခန္ဓာကိုယ်အတိုင်း ပြန်လည်ဖော်ပြရန်အတွက် နည်းလမ်းရှာရပေဦးမည်။

သူသည် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်၍ ဝှက်ဖဲအဖြစ်ထားရန် အစကတည်းက ဆုံးဖြတ်ခဲ့သဖြင့် အဆုံးအထိ ထိုအတိုင်း ဆက်လုပ်သင့်ပေသည်။ အကယ်၍ ရုတ်တရက်ကြီး သူ့ကျင့်ကြံခြင်းအဆင့် မြင့်မားသွားလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဝါရင့်ပုဂ္ဂိလ်များသည် သူ့ကို သံသယဝင်ပေလိမ့်မည်။

ချီတည်ငြိမ်မန္တန်ကို တတိယအဆင့်ထိ မြှင့်တင်ရန်ကိုလည်း သူ၏အချိန်ဇယားတွင် ထည့်ရမည်ဖြစ်၏။

ထို့ပြင် လီချန်ရှို့သည် ကိုးရိုးကားရား အချက်တစ်ချက်ကို ရင်ဆိုင်ရပေမည်။

အဘယ်ကြောင့်ဆိုသော် သူ ကောင်းကင်ပြစ်ဒဏ်ခံပြီးနောက် သူ၏စွမ်းအားများ အဆမတန်တက်သွားပြီး ‘ ခုန်ကျော်တက်လှမ်းခြင်း ’ ဆိုသော အရာကို ကြုံတွေ့ခဲ့ရခြင်းကြောင့်ဖြစ်သည်။

ယင်းသည် ကောင်းသောအရာဖြစ်သော်လည်း ယခင်က သူ့ကိုယ်သူ ကာကွယ်ရန် သုံးခဲ့သော ပစ္စည်းများ၏ သုံးပုံတစ်ပုံသည် အသုံးမဝင်တော့ဘဲ နောက်သုံးပုံတစ်ပုံ၏ အသုံးဝင်မှုမှာလည်း လျော့ကျသွားပေပြီ။

ဥပမာအားဖြင့် အားအင်မဲ့နတ်ဆေးနှင့် အဆိပ်ဆေးလုံးအများစုသည် သိပ်၍အသုံးမဝင်တော့ချေ။

သူ တန်ခိုးအစွမ်းမကြီးစဉ်က ထို အားအင်မဲ့နတ်ဆေးများနှင့် အဆိပ်ဆေးလုံးများသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အစွမ်းထက်လက်နက်များ ဖြစ်ခဲ့သည်။

ယခုတွင်မူ အဆိပ်ဆေးလုံးများကို သုံးခြင်းထက် ကိုယ်တိုင်တိုက်ခိုက်သည်က ပို၍ ထိရောက်လေသည်။

အတုမဲ့နတ်ဝိဇ္ဇာများကို ရင်ဆိုင်ရန် သူ ဖော်ထားသော ဆေးလုံးများကို နောင် လိုအပ်လျှင် သုံးရန် သိမ်းထားရုံသာရှိတော့သည်။ ထိုသို့မဟုတ်လျှင်လည်း အလယ်ကျွန်းနယ်စပ်ကို သွား၍ ဈေးရှိ ရတနာဆေးပင်များနှင့် လဲလှယ်ပစ်ရုံသာ ရှိသည်။

သို့သော် ကြေးဒူးလေး၏ အစွမ်းသည် အသုံးပြုသူ၏ ဓမ္မတန်ခိုးများနှင့် နတ်တန်ခိုးများ အပေါ်မူတည်၍ လိုက်လံ တိုးတက်ပြောင်းလဲနိုင်စွမ်းရှိသည်။ နတ်တန်ခိုးအနည်းငယ်သာ သုံးသော ထိုတိုက်ခိုက်ရေးလက်နက်ကိုမူ ဆက်လက်ဆောင်ထားရမည် ဖြစ်၏။ နောက်မှ သူ၏ နတ်တန်ခိုးများကို သုံး၍ ၎င်းကို အဆင့်မြှင့်ပေးရပေမည်။ ထို့နောက် ၎င်းကို စက္ကူရုပ်များ၏ လက်နက်အဖြစ် အသုံးပြုနိုင်သည်။

သမာဓိမီးတောက်သည်လည်း အတူတူပင်။ သူ့အစွမ်းတိုးလာလေလော ယင်း၏အစွမ်းလည်း တိုးလာလေလေ ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်၍ နတ်မီး‌တောက်ရရှိအောင် ပြုရန်သာ လိုသည်။

စက္ကူရုပ်များ၏ မှော်အစွမ်းများကိုမူ ပြန်လည်ပြင်ဆင်ရန် လိုအပ်၏။ အနာဂတ်တွင် စက္ကူရုပ်များသည် ယခင်ကထက် ပို၍ အစွမ်းထက်လာပေတော့မည်။

ဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်သည်လည်း ပို၍အစွမ်းထက်လာမည် ဖြစ်သည်။

ဓားမန္တန်အစီအရင် ဓမ္မရတနာကိုလည်း ပြန်၍ ပြင်ဆင်ရန်လို၏။

ယခင်က တန်ခိုးအစွမ်းမလုံလောက်၍ မရေးဆွဲနိုင်ခဲ့သော အဆောင်သင်္ကေတများကိုလည်း ယခုတွင် ရေးဆွဲနိုင်ပေတော့မည်။

ကောင်းကင်ရတနာထီးသည်လည်း ပို၍ အစွမ်းထက်သော မန္တန်အစီအရင်ကို ထုတ်ဖော်နိုင်ပေတော့မည်။

“ နပေါဦး …နပေါဦး… ”

သေချာ တွေးတောကြည့်သောအခါ လီချန်ရှို့တွင် လုပ်စရာများစွာရှိနေရာ သုံးလေးနှစ်ဟူသော အချိန်သည် လုံလောက်မည် မဟုတ်ပေ။

အရေးကြီးသည်များကိုသာ ဦးစားပေးလုပ်၍ အသုံးများသည့် ကိုယ်ယောင်ဖျောက်အတတ် တချို့ကိုသာ ‌ပထမဦးစွာ အဆင့်မြှင့် ရပေမည်။

ဦးစားပေးအရာများအနက် သူ့အသက်သည် ဦးစားပေး၏ ဦးစားပေး ဖြစ်သည်။

နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းပြီးေနာက် မည်သည်ကို သူ လုပ်နိုင်သနည်း။

နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးနောက် သူသည် ပို၍သန်မာသော ပုရွက်ဆိတ်တစ်ကောင် ဖြစ်လာခြင်းသာ။

၎င်းသည် ပုရွက်ဆိတ်ကို မိုးပေါ်ပျံနိုင်ရန် အ‌တောင်တပ်ပေးလိုက်သကဲ့သို့သာ ဖြစ်သည်။ သို့သော် သူသည် ခိုင်မာပြတ်သားသော ရည်ရွယ်ချက်ရှိသည့် ပုရွက်ပျံတစ်ကောင် ဖြစ်လာရုံသာ ရှိသေးသည်။

အာဒိကပ္ပလောကကြီးသည် အသင်္ချေများစွာ တည်ရှိခဲ့ပြီးဖြစ်သည်။ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်သူ လျော့နည်းလာသော်လည်း အသက်ရှင်နေသေးသော ဆရာတစ်ဆူဟုခေါ်ထိုက်သည့် ပညာရှင်များစွာ ရှိသေးသည်။

ကောင်းကင်တာအို၊ တာအိုဘိုးဘေးများနှင့် တန်ခိုးရှင်ခြောက်ပါးလည်း ရှိသေးသည်။

ရှေးခေတ်မှ တန်ခိုးအစွမ်းကြီးမားသူများ၊ ကျောင်းတော်သုံးကျောင်း၏ အကြီးအကဲများ၊ စုန်းကဝေနှင့် မိစ္ဆာမျိုးနွယ်တို့၏ အကြွင်းအကျန်များ၊ လူသားမျိုးနွယ်မှ ပညာရှင်များ နှင့် ပြန်လည်ဝင်စားပြီး ဖြစ်ကြသော တန်ခိုးကြီးမျိုးနွယ်များလည်း ရှိသေး၏။

ယခုတွင် သူသည် တတိယအဆင့်ပညာရှင် ဖြစ်လာရန်ပင် အဝေးကြီး လိုသေးသည်။

ထိုပြင် အရေးကြီးသောအချက်တစ်ချက်မှာ သူသည် အလွန်ဆင်းရဲခြင်းဖြစ်၏။

သူ့နတ်အာရုံများသည် ရွာအတွင်းမှ ဆူညံသံများကို အာရုံခံလိုက်မိသည်။ တုတ်ခိုင်သော မိန်းမပျိုလေးသည် လီချန်ရှို့ ချန်ခဲ့သော ရွှေ၊ ‌ငွေပုံကြီးကို ဖက်ကာ ရှိုက်ကြီးတငင်ငိုနေလေသည်။
“ သမီးက နတ်ဝိဇ္ဇာကြီးကို အပျောက်ခံလိုက်တာ မဟုတ်ပါဘူး။ နတ်ဝိဇ္ဇာကြီးကို ရောင်းစားလိုက်တာလဲ မဟုတ်ပါဘူး ”

မြေပေါ်တွင်ဆောင့်ကြောင့်ထိုင်၍ ကလေးတစ်ယောက်သဖွယ် ငိုကြွေးနေသော သူမကို တွေ့သော်လည်း ဘေးရှိ လူသန်ကြီးများသည် သူမကို မညှာမတာ အပြစ်တင်နေဆဲဖြစ်၏။
“ မင်းကို ပင်လယ်စောင့်နတ်မင်းကို စောင့်ရှောက်ဖို့ မှာထားတာလေ။ ဒီလောက် အကြီးကြီးကို ဘယ်လိုများ မတွေ့လိုက်ရတာလဲ ”

“ မင်းဘကြီး အပြင်ကိုထွက်ပြီး လူလိုက်စုတာလား။ ပြတင်းပေါက်ကနေပြီးပဲ ‘ ပင်လယ်စောင့်နတ်မင်းနိုးလာပြီ၊ ပင်လယ်စောင့်နတ်မင်းနိုးလာပြီ ’လို့ အော်ခေါ်လိုက်လည်း ရတာပဲကို။ ဘာလို့ လျှောက်ပြေးပြီး ခေါ်ရတာလဲ ”

“ ပြီးတော့ ပင်လယ်စောင့်နတ်မင်းဆိုတာ နတ်ဝိဇ္ဇာမဟုတ်ဘူးလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ”

“ ရှုံးလင်လိ … မင်းအဖေပြောတာတွေကို နားမယောင်နဲ့။ မင်း ပင်လယ်စောင့်နတ်မင်းကို အပြစ်ပြုမိလို့ မရဘူး ”

“ မြန်မြန် … ဒီရွှေတွေ ငွေတွေကို ရွာလူကြီးရဲ့ အိမ်ကိုသွားပို့လိုက်။ ဒါတွေကို မြင်ရင် ပင်လယ်စောင့်နတ်မင်း အမြက်တော်ရှသွားလိမ့်မယ် ”

ရှုံး…

ဝက်ဝံဟု အဓိပ္ပာယ်ရသော ထိုမျိုးရိုးနာမည်သည် သူတို့နှင့် လိုက်ဖက်လှပေသည်။

လူကြီးတစ်စုသည် မိန်းမပျို‌လေးကို အတန်ကြာဆူပူငေါက်ငမ်းပြီးနောက် ထွက်သွားကြ၏။ သူတို့သည် မိန်းမပျိုလေးကို အပြစ်ပေးမနေတော့ဘဲ ပင်လယ်စောင့်နတ်မင်းကိုသာ ရွာအတွင်းအပြင် အနှံ့ လိုက်ရှာနေကြတော့သည်။

လီချန်ရှို့သည် လျှို့ဝှက်စွာ ဆက်၍ စောင့်ကြည့်နေ၏။

ထိုရွာသည် အနည်းငယ်ထူးဆန်းလေသည်။ ထို့ကြောင့် လီချန်ရှို့သည် ထွက်မသွားသေးဘဲ လီ(၁၀၀)အကွာတွင်နေကာ စူးစမ်း‌နေခြင်း ဖြစ်သည်။

ထူးဆန်းသောအရာများရှိလျှင် မိစ္ဆာများလည်း အမြဲရှိနေတတ်သည်။ ထို့ပြင် ထိုရွာတွင် လျှို့ဝှက်ရတနာတစ်ပါးလည်း ရှိနေနိုင်၏။

ရွာအတွင်းရှိ လူထောင်ပေါင်းများစွာသည် တံငါအလုပ်နှင့် မုဆိုးအလုပ်ကိုလုပ်ကာ အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုနေရာရှိ ရာသီဥတုသည် ကောင်းမွန်ပြီး သဘာဝဘေးအန္တရာယ်များလည်း မရှိပေ။

လူကြောင့်ြဖစ်သောကပ်ဘေးများအတွက်မူ သေမျိုးတိုင်းပြည်တစ်ပြည်မှ တပ်သားထောင်ချီပါသော သာမန်စစ်တပ်တစ်တပ်သည်ပင် ထိုရွာကို သိမ်းပိုက်နိုင်မည်မဟုတ်ရာ ကုန်းဓားပြ၊ ပင်လယ်ဓားပြများ၏ ရန်ကိုမူ ထည့်တွက်နေစရာပင် မလိုချေ။

သို့သော် ထိုရွာရှိ လူအများစုသည် ကျင့်ကြံခြင်းအမှုကို မလုပ်ကြသဖြင့် သေမျိုးများသာ ဖြစ်ကြသည်။ သို့သော် သူတို့သည် မယုံနိုင်လောက်အောင် တုတ်ခိုင်သန်မာကြသည်။

ပထမဆုံးအနေဖြင့် သူတို့၏ အာဟာရသည် ထူးထူးခြားခြား မရှိပေ။

ထိုလူများသည် ကြွက်သားလေ့ကျင့်ခန်းများကိုလည်း အထူးတလည် မလုပ်ကြချေ။

လီချန်ရှို့ စဉ်းစား၍ရသည့် ဖြစ်နိုင်ချေများထဲမှ ဖြစ်နိုင်ချေအရှိဆုံး တစ်ခုမှာ ထိုရွာအနီးတွင် ဆန်းကြယ်သော ရေကြော သို့မဟုတ် ထူးခြားသော အရာဝတ္ထုတစ်ခုခု အမြောက်အမြားရှိနေနိုင်ခြင်း ဖြစ်သည်။

သေမျိုးများ ဂရုမထားမိသည့် မှော်ပစ္စည်းများသည် နတ်ဆေးဖော်ြခင်း၊ ပန်းပဲထုခြင်း၊ မန္တန်အစီအရင် ဆင်ခြင်းနှင့် ကျင့်ကြံခြင်းတို့တွင် အသုံးဝင်နိုင်သော ရတနာတစ်ပါး ဖြစ်နေနိုင်သည်။

ထို့ပြင် ဤနေရာတစ်ဝိုက်တွင် အခြားကျင့်ကြံသူများမရှိသည့် အချက်ကိုထောက်၍ ရွာရှိ ဝိညာဉ်အခြေတည်အဆင့်သာရှိသော ကျင့်ကြံသူအနည်းငယ်သည် မှားယွင်းသော အတတ်များကို သုံးမိသွားခြင်းလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ အဖြစ်အပျက်သည် သေမျိုးလောကတွင် ဖြစ်‌လေ့ရှိသောအရာဖြစ်သည်။

ထို့ကြောင့် လီချန်ရှို့သည် အတန်ငယ်စိတ်ဝင်စားသွားကာ လီ(၁၀၀)အကွာမှနေ၍ စူးစမ်းလေ့လာနေခြင်းပင်။

လူသန်ကြီးများသည် တစ်ရွာလုံးကို မြေလှန်ရှာနေကြ၏။

နေ့ဝက်ခန့် အစွမ်းကုန် ကြိုးစားရှာပြီးနောက် အဘိုးအိုတစ်ယောက်သည် ထအော်လိုက်တော့သည်။
“ ပင်လယ်စောင့်နတ်မင်းက ပင်လယ်ထဲကို ပြန်သွားပြီ… ”

ထိုကြောင့် ရှုံးဟူသော မျိုးရိုးနာမည်ရှိကြသည့် ရွာသားများသည် ရွာအတွင်းတွင် မီးပုံကြီးတစ်ပုံဖို၍ ပင်လယ်စောင့်နတ်မင်း ပင်လယ်သို့ ပြန်သွားသည့် အထိမ်းအမှတ်အဖြစ် ပွဲကျင်းပကြလေတော့သည်။

လီချန်ရှို့သည် သုံးရက်မျှ လေ့လာပြီးနောက် ထိုရွာအနားရှိ ရေကြောနှင့် ရွာသားများ စားလေ့ရှိသော အစားအစားများကို တိတ်တဆိတ်သွားရောက် စစ်ဆေးကြည့်ပြီး လီ(၁၀၀)ပတ်လည်အတွင်းတွင် ထပ်၍ရှာဖွေပါသော်လည်း ထူးဆန်းသည့်အရာ တစ်ခုမှ ရှာမတွေ့ချေ။

ထိုလူများ၏ ခန္ဓာကိုယ်သည် မျိုးရိုးလိုက်ခြင်းပေ‌လော။

လီချန်ရှို့သည် ထိုရွာတွင် ဖြစ်နေသော မူမမှန်မှုများ၏ အကြောင်းအရင်းကိုလည်း ရှာမတွေ့သည်ဖြစ်ရာ ထိုနေရာတွင် ကြာရှည်ဆက်၍ မနေလိုတော့ဘဲ ထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ညသန်းခေါင်အချိန်တွင် လီချန်ရှို့သည် သစ်ပင် ပင်စည်ကြီးထဲမှ ထွက်၍ အလယ်အလတ်အရွယ်အစားရှိသော ငါးတစ်ကောင်အဖြစ်ပြောင်းလဲကာ နွေးထွေးသော သမုဒ္ဒရာရေပြင်ထဲသို့ ခုန်ချလိုက်ပြီး ပုန်းအောင်းကျင့်ကြံ၍ ကောင်းမည့်နေရာတစ်ခုကို ရှာဖွေနေလေသည်။

ထိုနေရာသည် တောင်ကျွန်း၏ အနောက်တောင်အရပ်တွင်ရှိပြီး တောင်သမုဒ္ဒရာနဂါးနန်းတော်၏ လက်အောက်တွင် ရှိပေသည်။

တောင်သမုဒ္ဒရာ နဂါးနန်းတော်သည် ကုန်းမြေနှင့် ဝေးလွန်းသည်က တစ်ကြောင်း၊ အရှေ့သမုဒ္ဒရာ နန်းတော်ကဲ့သို့ တက်ကြွလှုပ်ရှားမှု မရှိသည်က တစ်ကြောင်းကြောင့် ထိုပင်လယ်သည် တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းနေလေသည်။ လီချန်ရှို့သည် မကြာမီမှာပင် ပုန်းအောင်းကျင့်ကြံရန် သင့်တော်သည့် လူသူကင်းရှင်းသော ကျွန်းလေးတစ်ကျွန်းကို ရှာတွေ့သွား၏။

သုံးလကြာပြီးနောက် လီချန်ရှို့၏ တာအိုဒဏ်ရာများသည် ပကတိ ပျောက်ကင်းသွားပြီ ဖြစ်ပြီး သူ၏ ရေကိုယ်ယောင်ဖျောက်အတတ်နှင့် မြေကိုယ်ယောင်ဖျောက်အတတ်သည်လည်း များစွာ တိုးတက်လာပြီဖြစ်သည်။ သူသည် နတ်မီးတောက်ကိုသုံး၍ သမာဓိမီးတောက်အတတ်ကို ထပ်မံကျင့်ကြံလိုက်သည်။

ငါးလကြာပြီး‌နောက် ကျောက်ဂူတစ်ဂူအတွင်း၌ တင်ပျဉ်ခွေထိုင်နေသော လီချန်ရှို့ဘေးရှိ နတ်အလင်းများသည် လုံးဝကွယ်ပျောက်သွားပေပြီ။ သူ၏ ဝင်လေထွက်လေနှင့် မျက်ဝန်းများသည် မသန့်ရှင်းတော့ဘဲ သူ့ကိုယ်မှထွက်နေသော အမွှေးရနံ့လေးသည်လည်း ပျောက်ကွယ်သွားပြီး ဖြစ်သည်။

သူသည် မတ်တတ်ထရပ်လိုက်ပြီး ခေါင်းငုံ့ကာ ခေတ္တမျှ လေ့လာကြည့်လိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် လုံးဝတည်ငြိမ်သွားပြီဖြစ်၏။

သူသည် ကျောက်ဂူအပြင်ကို ထွက်လိုက်ပြီး တိတ်တဆိတ်ရပ်ကာ ပင်လယ်အတွင်းရှိ သက်ရှိများကို စူးစမ်းလိုက်သည်။

ယခင်က နတ်ဝိဇ္ဇာတစ်ပါးရှိနေသည့် အရိပ်အယောင်‌ကြောင့် ငါးများ၊ ပုစွန်းများသည် ထိုနေရာကို ရှောင်ကွင်းသွားကြသည်။

ယခုတွင်မူ သူသည် ထိုနေရာတွင် ရပ်နေသောကြောင့်သာ ငါးများ၊ ပုစွန်များသည် အနည်းငယ် ရွံ့တွန့်တွန့်ဖြစ်သွားကြသော်လည်း ခေတ္တမျှကြာသောအခါ ပုံမှန်အတိုင်း ကူးခတ်သွားလာနေကြတော့၏။

ခေတ္တမျှ စဉ်းစားပြီးသောအခါ လီချန်ရှို့သည် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဗလာနတ္ထိသတ္တမအဆင့်လူတစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါအဖြစ် ချိန်ညှိလိုက်သည်။ ထို့နောက် ဗလာနတ္ထိတတိယအဆင့်ကိုသာ ထုတ်ဖော်ပြသထားလိုက်သည်။

ချီတည်ငြိမ်မန္တန်၏ တတိယအဆင့်သည် ကောင်းစွာ အောင်မြင်သွားလေပြီ။

‘ ငါပြန်ရောက်ရင် လင်းအယ်ကို ဒုတိယအဆင့် သင်ပေးရမယ် ’
လီချန်ရှို့သည် အသက်ဖွဖွ ရှူထုတ်လိုက်သည်။ သူသည် စိတ်ခံစားချက်ကောင်းနေပြီး အချိန်ထပ်၍ မဖြုန်းလိုတော့ပေ။

သူသည် ကျောက်ဂူအတွင်းသို့ ပြန်ဝင်၍ ဆက်ကျင့်ကြံရန် ဟန်ပြင်လိုက်သည်။

သူလှည့်ရန် ပြင်လိုက်စဉ်မှာပင် မြောက်ဘက်ကောင်းကင်တွင် ရောင်စဉ်ခုနှစ်သွယ် အလင်းတန်းတစ်တန်းပေါ်လာသည်ကို တွေ့လိုက်ရ၏။

လီချန်ရှို့သည် နတ်အာရုံသုံး၍ အာရုံခံလိုက်ရာ ထိုအလင်းတန်းသည် မိန်းမပျိုလေး ရှုံးလင်လိနေသော ရွာဘက်မှ ဖြစ်ကြောင်းသိလိုက်ရသည်။

ထိုရွာတွင် အမှန်ပင် ထူးဆန်းသောအရာတစ်ခု ရှိရပေမည်။

သို့သော် ထိုအလင်းတန်းကြောင့် အခြားကျင့်ကြံသူများလည်း စိတ်ဝင်စားပြီး ရောက်လာနိုင်သဖြင့် ထိုနေရာသို့ အလျင်စလိုသွားလိုက်လျှင် အန္တရာယ်ကြုံရနိုင်၏။

ခေတ္တမျှ တွေးတောပြီးနောက် လီချန်ရှို့သည် သူ၏အင်္ကျီလက်အတွင်းမှ စက္ကူရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။

စက္ကူရုပ်သည် အနည်းငယ်လှုပ်သွားပြီး အသက်ဝင်လာလေ၏။ ထိုအရုပ်သည် ၎င်း၏ ခြေလက်အ‌သေးလေးများကို ဆန့်ကာ လီချန်ရှို့၏ လက်အတွင်းမှနေ၍ ပင်လယ်‌ရေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

ထိုစက္ကူရုပ် အသေးလေးသည် ရေပြင်ပေါ်တွင် ခြေနှစ်လှမ်းလျှောက်လိုက်ပြီး သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ပါး အသွင် ပြောင်းလဲသွားလေသည်။ ၎င်းသည် လီချန်ရှို့ပစ်ပေးလိုက်သော အိတ်သုံးအိတ်ကို ဖမ်းလိုက်ပြီး နောက်လှည့်ကာ ပင်လယ်ရေပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

လီချန်ရှို့သည် ကျောက်ဂူအတွင်းသို့ ပြန်သွားလိုက်ပြီး မျက်လုံးမှိတ်ကာ သူ၏ စိတ်ကို စက္ကူရုပ်အတွင်းသို့ ပို့လွှတ်လိုက်၏။

အခြေအနေပေးလျှင် ရတနာကို သူကိုယ်တိုင်ယူမည်။ အကယ်၍ အခြေအနေမပေးလျှင် စက္ကူရုပ်ကို ယူခိုင်းမည် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်သွားပြီ ဖြစ်၍ စက္ကူရုပ်သည်လည်း ပို၍အစွမ်းထက်လာကာ ပို၍အသုံးဝင်လာပြီဖြစ်သည်။

ဤနေရာသည် သေမျိုးလောကတွင်ဖြစ်၍ တန်ခိုးစွမ်းအားကြီးမားသော ဓမ္မရတနာ ရှိနေသည်မှာ မဖြစ်နိုင်ချေ။

*****

တောင်သမုဒ္ဒရာနှင့် အရှေ့သမုဒ္ဒရာတို့ ထိစပ်ရာနေရာရှိ လိပ်ကြီးတစ်ကောင်နှင့် တူသော ကျွန်း၏ ချောင်တစ်ချောင်၌
“ ခင်ဗျားတို့… ကျုပ် အမှန်အတိုင်းပြောနေတာပါ ”

“ ဒီတစ်ခေါက်ခရီးမှာ မိုးကြိုးကိုးချက် ကောင်းကင်ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ကျုပ်ကြုံခဲ့ရတယ်။ ကျုပ်က သူ မကျော်ဖြတ်နိုင်လောက်ဘူးလို့ ပြောလိုက်ပေမယ့် သူကျော်ဖြတ်နိုင်ခဲ့တယ် ”

“ အဲဒီလူ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးသွားတော့ မိုးကြိုးနဲ့တောင် ထပ်အပြစ်ပေးခံရသေးတယ်။ ကျုပ်က သူသေပြီထင်တာ.. ဒါပေမဲ့… ”

“ ဘာဆက်ဖြစ်တယ်ထင်လဲ… ခင်ဗျားတို့ မှန်းကြည့်ပါဦး… ”
အဖိုးတန် ရေကန်တစ်ကန်၏ဘေးတွင် တာအိုရသေ့အိုကြီးတစ်ဦးသည် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော ကျင့်ကြံသူတစ်ဒါဇင်ကျော်နှင့် တက်တက်ကြွကြွ စကားစမြည်ပြောနေလေ၏။

ရေကန်အောက် ထောင့်စွန်းတစ်နေရာတွင် အောင်းရိသည် သူ၏ ကောင်းကင်နဂါးခန္ဓာကိုယ်နှင့် ခွေ၍နေလေသည်။

အာဒိကပ္ပလောကသည် အမှန်ပင်ကြောက်စရာ ကောင်းလှသည်။

အိပ်မက်ဆိုးများ မက်နေဆဲဖြစ်သော်လည်း အောင်းရိသည် ကျဲကျောင်းတော်၏ ကျင့်ကြံသူများရှိရာ ရွှေနတ်လိပ်ကျွန်းသို့ သူ့ကိုပြန်ပို့ပေးရန် သူ၏မယ်တော်ကို တောင်းဆိုခဲ့၏။

ထိုသို့တောင်းဆိုရခြင်းမှာ ကျဲကျောင်းတော်မှ ကျင့်ကြံသူများကြားတွင် လူသားမျိုးနွယ်အချို့လည်း ရှိသည်ဖြစ်ရာ ထိုသူတို့ကို အနီးကပ်လေ့လာ၍ နဂါးမျိုးနွယ်တွင်မရှိသည့် ယင်းလူသားတို့၏ အပြုအမူအနေအထိုင်များကို လေ့လာလို၍ ဖြစ်သည်။

ရေကန်နံဘေးရှိ ကျင့်ကြံသူများပြောနေကြသော အကြောင်းအရာများသည် ရေကန်အောက်ခြေရှိ နဂါးလေး၏ နားအတွင်းသို့ ဝင်ရောက်လာ၏။

ထိုလူများထဲမှ တစ်ယောက်သည် သက်ပြင်းချ၍ ပြောလိုက်သည်။
“ ရေကန်အောက်ခြေမှာရှိတဲ့ အက်ကွဲကြောင်းကိုတော့ တံဆိပ်တော်တွေသုံးပြီး ပိတ်ထားပြီးပြီ။ ကျုပ်တို့ရဲ့ ရွှေနတ်လိပ်ကျွန်းကို နဂါးမင်းသားလေးက ဘယ်လိုထင်လို့ ထွက်ပြေးသွားရတာလဲ ဆိုတာကို စဉ်းစားလို့ကို မရဘူး ”

“ လူငယ်တွေက လူကြီးတွေရဲ့ စကားကို နားမထောင်ချင်တာ အဆန်းတော့မဟုတ်ပါဘူး ”
ကောင်းကင်ပြစ်ဒဏ်ခံနေသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ခဲ့ကြောင်း ပြောခဲ့သည့် တာအိုရသေ့အိုကြီးသည် ရယ်မော၍ မုတ်ဆိတ်မွေးများကို သပ်ကာပြောလိုက်သည်။
“ မပူပါနဲ့။ ကျုပ်တို့ အဲဒီနဂါးနန်းတော်က မင်းသားလေးကို ကောင်းကောင်းဆက်ဆံပြရင် သူ ကျုပ်တို့ရဲ့ အကြင်နာတရားကို အသိအမှတ်ပြုလာပြီး ဒီမှာ စိတ်အေးလက်အေး ကျင့်ကြံနိုင်မှာပါ ”

ကျင့်ကြံသူများသည် တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြ၏။

ရေကန်အောက်ခြေရှိ အောင်းရိသည် သူ၏နဂါးဦးခေါင်းကို လှုပ်လိုက်ပြီး ထိုသူတို့ကို လျစ်လျူရှုလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset