အခန်း (၅၅)

ထူးဆန်းသည့်ပုတီးစေ့

အခန်း (၅၅) ထူးဆန်းသည့်ပုတီးစေ့

“သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို လူတစ်ယောက်အပေါ်မှာ ကျွန်တော် တစ်ခါမှ အသုံးမပြုဖူးဘူး… ၊ ဒီတော့ ဂိုဏ်းတူအစ်ကိုအပေါ်မှာ ဒီတန်ခိုးစွမ်းအား အသုံးပြုလိုက်မယ်ဆိုရင် အလုပ်မဖြစ်တာမျိုးလည်း ဖြစ်သွားနိုင်တယ် ၊ ဒါမှမဟုတ် ဆိုးရွားတာတစ်ခုခုလည် းဖြစ်သွားနိုင်တယ်ဗျ…”

ကျန်းလန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ဟုတ်ပေ၏…။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သက်ရှိလူသားတစ်ယောက်အပေါ်တွင် ကျန်းလန် တစ်ခါမှ အသုံးပြုဖူးခြင်း မရှိပေ။

ဝိညာဉ်သားရဲဥလေးအပေါ်တွင်သာ စမ်းသပ်နေခြင်း ဖြစ်သည်။

ယခု ကျင်းထင်က သူ့အတွက် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား အသုံးပြုပေးပါရန် တောင်းဆိုလာသည့်အခါ ကျန်းလန်အနေဖြင့် စမ်းသပ်ကြည့်လိုစိတ် ဖြစ်မိ၏။

သို့သော်… သူ့အနေဖြင့် အဖြစ်မှန်ကို အမှန်အတိုင်းကြိုပြောထားရန် လိုအပ်သည်။ ထိုအခါမှသာ တစ်ဖက်လူက ဆက်လုပ်သင့် မလုပ်သင့် စဉ်းစားဆုံးဖြတ်နိုင်မည် ဖြစ်၏။

တစ်ဖက်လူအပေါ် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား စမ်းသပ်အသုံးပြုခြင်းက ကျန်းလန်အတွက်တော့ အကျိုးယုတ်မည့် ကိစ္စမဟုတ်ပေ။

ကျင်းထင်အပေါ်တွင် စမ်းသပ်ကြည့်ခြင်းအားဖြင့် ထိုတန်ခိုးစွမ်းအားကို သူ့ကိုယ်သူ အသုံးပြုမည်ဆိုလျှင် ပြဿနာ ရှိ မရှိ သိရှိနားလည်သွားမည် ဖြစ်သည်။

သို့သော်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက အခြားသူအပေါ် အသုံးပြုခြင်းနှင့် မိမိကိုယ်ကို ပြန်လည်အသုံးပြုခြင်းက တူညီနိုင်မည်လား မပြောတတ်ပေ။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်လျှင် ကျန်းလန်အနေဖြင့် စိတ်မသက်မသာဖြစ်ခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်း ခံစားချက် (၂)မျိုးကို တစ်ခုမဟုတ် တစ်ခု ခံစားရလေ့ရှိသည်။

စောစောက သားရဲဥလေးအပေါ်တွင် အသုံးပြုလိုက်သည့်အခါ သူ့စိတ်ဝိညာဉ်ထဲတွင် ဝမ်းသာပျော်ရွှင်ခြင်းကို ခံစားလိုက်ရလေသည်။

ဤမျှလောက်ပဲဖြစ်ပြီး အခြားထူးခြားချက် မတွေ့ရှိရပေ။

ကျင်းထင်ကလည်း အခုမှတော့ ငြင်းဆန်လိုစိတ် မရှိတော့ပေ။

“ဒါဖြင့်လည်း စမ်းကြည့်ပေးပါလား ဂိုဏ်းတူညီလေး…”

ဟု ပြောလိုက်၏။

ယခုချိန်ထိ စောင့်ဆိုင်းနေခဲ့ပြီးမှ သူ အလျှော့မပေးနိုင်တော့ပေ။ မဟုတ်ပါက စောင့်ဆိုင်းခဲ့ရသည့်အချိန်များ အလကား ဖြစ်သွားပေလိမ့်မည်။

ကျန်းလန်ကို အချိန် (၃)ရက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကတည်းက သူက ကံတရားနှင့် လောင်းကြေးထပ်ခဲ့ပြီးပြီ ဖြစ်သည်။

ယခုလည်း ထပ်မံလောင်းကြေးထပ်ရန်သာ ရှိတော့သည်။

ကျင်းထင်ထံမှ ခွင့်ပြုချက်ရသည်နှင့် ကျန်းလန် တုန့်ဆိုင်းမနေတော့ဘဲ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ကျင်းထင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်စေလိုက်သည်။

ထိုအချိန်မှာပင်…

သက်တံ့ရောင်များတောက်ပနေသည့် မှော်ဆန်လွန်းသည့် တိမ်တိုက်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။

တိမ်တိုက်များထဲမှ မယုံကြည်နိုင်စရာ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ကျင်းထင်အနေဖြင့် ကံကောင်းခြင်းအချို့ ရရှိသွားဟန် တူလေသည်။

သို့သော်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ထုတ်ဖော်လိုက်သည်နှင့် သက်တံ့ရောင်စဉ်တိမ်တိုက်က ကျင်းထင်၏ ခန္ဓာကိုယ်ပေါ်သို့သာမက ကျန်းလန်၏ ခန္ဓာကိုယ်ပေါ်သို့လည်း ဆင်းသက်လာလေသည်။

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားမိသည်။

ကျင်းထင်၏ ခန္ဓာကိုယ်တစ်ခုလုံး သက်တံ့ရောင်တိမ်တိုက်များ ဖုံးလွှမ်းသွားသည်။ ထို့အတူ… ကျန်းလန်၏ ခန္ဓာကိုယ်ကိုလည်း သက်တံ့ရောင်တိမ်တိုက်များက လွှမ်းခြုံသွားသည်။

သို့သော်… သက်တံ့ရောင်တိမ်တိုက်များက ကျန်းလန်ကိုတော့ မည်သည့်သက်ရောက်မှုမှ ဖြစ်ပေါ်စေခြင်း မရှိပေ။

“သိပြီ…”

ကျန်းလန် ချက်ချင်းပင် အခြေအနေများကို နားလည်သွားသည်။

သူ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံစဉ်က သက်တံ့ရောင်စဉ်များ သူ၏ခန္ဓာကိုယ်ထက် စုရုံးရောက်ရှိလာသည်ကို ကျန်းလန် သတိရလိုက်သည်။

သူ သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအား အသုံးပြုပေးလိုက်သည့် ပုဂ္ဂိုလ်က တန်ခိုးစွမ်းအားမြင့်မားလေ သက်တံ့တိမ်တိုက်များ စုစည်းလာမှုကလည်း ပိုမိုအားကောင်းလေ ဖြစ်သည်။

ကျင်းထင်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူဖြစ်လေရာ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားများကို များစွာ စုပ်ယူနိုင်စွမ်း ရှိလေသည်။

ထို့ကြောင့်… သက်တံ့ရောင်တိမ်တိုက်များ အချိန်ကြာမြင့်စွာ ၊ ပမာဏများပြားစွာ စုစည်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သားရဲဥလေးကတော့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားများကို သိပ်ပြီး စုပ်ယူနိုင်ခြင်း မရှိပေ။ ထို့ကြောင့်… ကျန်းလန် မည်သည့်ထူးခြားချက်မှ သိပ်ပြီး မခံစားရခြင်း ဖြစ်သည်။

သို့သော်… တစ်ဖက်လူအပေါ် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား အသုံးပြုပေးခြင်းက ကျန်လန်အတွက်တော့ မည်သည့်အကျိုးကျေးဇူးမှ ရရှိခြင်းမရှိပေ။

ထို့ကြောင့်… ကျန်းလန်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။

သို့သော်… သူ့ကိုယ်သူစမ်းသပ်ပြီး အသုံးပြုကြည့်လျှင် မည်သို့ ရှိမည်နည်း။ တစ်နေ့နေ့တွင်တော့ သူ့ကိုယ်သူ စမ်းသပ်ပြီး အသုံးပြုကြည့်မည်ဟု ကျန်းလန် စိတ်ကူးလိုက်သည်။

သို့သော်… ဤတန်ခိုးစွမ်းအားက မကြာခဏအသုံးပြုရန် မသင့်တော်ပေ။

အခန့်မသင့်လျှင်… ပြဿနာသေးသေးလေးက ကြီးမားသည့်ပြဿနာကြီးတစ်ခုအဖြစ် ဦးတည်သွားနိုင်သည်။

အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ကျင့်ကြံသူများအတွက် ပိုပြီး သတိထားရမည် ဖြစ်သည်။

အမှန်တော့… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက ကျန်းလန်အတွက် အရံကျင့်စဉ်တစ်ခုသာ ဖြစ်သည်။

ကျန်းလန်၏ ဦးတည်ချက်က ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန်ဖြစ်ပြီး သက်တံ့တိမ်တိုက်ကျင့်စဉ်ကို လေ့လာရန် မဟုတ်ပေ။

သူ့အတွက် အဓိက လိုအပ်သည်မှာ ကျင့်ကြံခြင်းအဆင့် မြင့်တက်ရန် ဖြစ်၏။

လုံလောက်သည့် တန်ခိုးစွမ်းအားမရှိဘဲ နဝမတောင်ထွတ်မှ ထွက်ခွာသွားရန် ကျန်းလန်အတွက် မဖြစ်နိုင်ပေ။

လုံလောက်သည့်တန်ခိုးစွမ်းအားရှိမှသာ ပြင်ပလောကသို့ ဟိုဟိုဒီဒီ လှည့်လည်သွားလာနိုင်မည် ဖြစ်သည်။

ထိုသို့ဖြစ်လာရန်မှာလည်း အတော်လေး အလှမ်းဝေးသေး၏။

အင်မော်တယ်တစ်ပါးဖြစ်လာရန်အတွက် အခက်အခဲများစွာကို ကျော်ဖြတ်ရဦးမည် ဖြစ်သည်။

“ဂိုဏ်းတူညီလေး… ဒါက ဘယ်လိုဖြစ်တာလဲ…”

ကျန်းလန်၏ ခန္ဓာကိုယ်ထက်မှ သက်တံ့ရောင်တိမ်တိုက်များကိုကြည့်ပြီး ကျင်းထင်က မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား အသုံးပြုခြင်းကို သူ့ဘဝတွင် ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့် ကျင်းထင် စိတ်ဝင်စားနေမိသည်။

ကျန်းလန်က ခပ်အေးအေးလေသံဖြင့်…

“ဒါက သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုလို့ ဖြစ်လာရတာပါ… ၊ ခဏနေရင် ပျောက်သွားလိမ့်မယ်…”

နတ်တန်ခိုးစွမ်းအားတစ်ခုကို အသုံးပြုရန်မှာ မလွယ်ကူကြောင်း ကျင်းထင်နားလည်လိုက်သည်။

ကျန်းလန်ကလည်း လူတစ်ယောက်အပေါ်တွင် တစ်ခါမှ အသုံးမပြုဖူးသောကြောင့်သာ ကျင်းထင်အပေါ်တွင် စမ်းသပ်အသုံးပြုပေးခြင်း ဖြစ်သည်။

မဟုတ်ပါက ကျင်းထင်အတွက် အခွင့်အရေးရမည် မဟုတ်ပေ။

သူ ကံကောင်းသွားသည်ဟုပင် ဆိုနိုင်သည်။

ကျင်းထင်က ကျန်းလန်ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

“ကျုပ်က ဂိုဏ်းတူညီလေးကို ကျေးဇူးဆပ်ချင်ပါတယ်…”

ပြောပြီးသည်နှင့် ကျင်းထင်က ပစ္စည်းအချို့ ထုတ်ယူလိုက်သည်။

ကျမ်းစာအုပ် (၂)အုပ်နှင့် စိမ်းပြာရောင် ပုတီးစေ့လေးတစ်လုံး ဖြစ်၏။

“ဒီစာအုပ်က ကိုယ်တွင်းကျင့်ကြံခြင်းဆိုတဲ့ စာအုပ်ပါ ၊ ကျုပ် ပြင်ပလောကကို သွားတုန်းက အမှတ်မထင် ရရှိခဲ့တာ ၊ အသေးစိတ်တော့ မဟုတ်ပေမယ့် မင်းအတွက် အသုံးဝင်နိုင်ပါတယ်…”

ပြောပြီးသည်နှင့် ကျင်းထင်က စာအုပ်တစ်အုပ်ကို ကျန်းလန်ထံ လှမ်းပေးလိုက်သည်။

“ဒါကတော့ မျေက်ဝံဝိညာဉ်မန္တန်ကျမ်းပါ… ၊ ဒီမန္တန်ကို အသုံးပြုမယ်ဆိုရင် ဂိုဏ်းတူညီလေးအနေနဲ့ တောတောင်နဲ့ မြစ်ရေတွေကို ကျော်လွန်သွားလာနိုုင်တဲ့ ကြီးမားတဲ့ တန်ခိုးစွမ်းအားကို ရရှိနိုင်ပါတယ်…”

ကျင်းထင်က မန္တန်ကျမ်းတစ်အုပ်ကို ကျန်းလန်ရှိရာသို့ လှမ်းပေးရင်း ပြောလိုက်သည်။

ထို့နောက် စိမ်းပြာရောင် ပုတီးစေ့လေးကို ကျန်းလန်ထံ လှမ်းပေးလိုက်ရင်း…

“ဒီ နောက်ဆုံးလက်ဆောင်ကတော့ ဂိုဏ်းတူညီလေး ကိုယ့်ဟာကိုယ်သာ လေ့လာကြည့်ပေတော့… ၊ ခွန်လွန်တောင်တစ်ခုလုံးမှာ ဒီလိုပစ္စည်းမျိုးကို ပိုင်ဆိုင်တဲ့သူဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိနိုင်တယ် ၊ ဒါပေမဲ့ အထဲမှာပါဝင်တဲ့အရာကို မကြည့်ရဲလို့ ခုထိ မကြည့်ရသေးဘူး…”

ကျင်းထင်ပေးသည့် ပစ္စည်းများအားလုံးကို ကျန်းလန် လက်ခံယူလိုက်သည်။

ကျန်းလန်က ကျင်းထင်ကို ဦးညွှတ်လိုက်ရင်း…

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို…”

ကျင်းထင်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နဝမတောင်ထွတ်မှ ထွက်ခွာသွားလေတော့သည်။

သူ့အနေဖြင့် ဆက်လက်ကျင့်ကြံရန် အလျှင်လိုနေပြီ ဖြစ်သည်။ ထို့ကြောင့်… သူ မေးချင်နေသည့် နတ်ဘုရားရောင်ဝါအစီအရင်အကြောင်းကိုပင် ကျန်းလန်ကို မမေးမြန်းဖြစ်ခဲ့တော့ပေ။

ကျန်းလန်ကတော့ ကျင်းထင်ထွက်ခွာသွားသည်ကို ကြည့်နေရင်း ကျန်ရစ်ခဲ့သည်။

သူ၏ ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများက သူတစ်ပါးအပေါ် ကျေးဇူးကြွေးတင်မည်ကို အတော်လေး ကြောက်ရွှံ့ကြဟန်ရှိသည်။

သို့မဟုတ်… နောင်တစ်ချိန်တွင် ကျေးဇူးပြန်ဆပ်ရမည်ကို မနှစ်သက်ကြခြင်းလည်း ဖြစ်ဟန်တူသည်။

အမှန်တော့… ကျန်းလန်လည်း ထိုအရာများကို နှစ်သက်ခြင်း မရှိပေ။

ထို့ကြောင့်… သူကလည်း ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မများ ပေးအပ်သည့် ပစ္စည်းများကို တစ်ခါမှ မငြင်းဆန်ဘဲ လက်ခံခဲ့ခြင်း ဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြွေးတင်စရာ အကြောင်း မရှိတော့ပေ။

ထို့နောက်… ကျန်းလန် နဝမတောင်ထွတ် ခန်းမဆောင် သန့်ရှင်းရေးလုပ်ရန် ထွက်ခွာလာခဲ့သည်။

ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်နေရင်း ကိုယ်တွင်းကျင့်ကြံခြင်းစာအုပ်နှင့် မျောက်ဝံဝိညာဉ်မန္တန်ကျမ်းကို ဖတ်ရှုကြည့်လိုက်သည်။

ကိုယ်တွင်းကျင့်ကြံခြင်းစာအုပ်ကို ကျန်းလန် သေသေချာချာ ဂရုတစိုက်ဖတ်ရှုလိုက်သည်။

ကိုယ်တွင်းကျင့်ကြံခြင်းစာအုပ်ထဲတွင် အင်မော်တယ်မဖြစ်ခင်အချိန်များတွင် ကျင့်ကြံရမည့် ကျင့်ကြံခြင်းအဆင့်များ အကြောင်းများကို  ရေးသားထားသည်။

အကြောင်းအရာက သိပ်မများသော်လည်း ရှင်းရှင်းလင်းလင်း ရေးသားထား၏။

“ကြည့်ရတာ … ဒီစာအုပ်က မူကွဲစာအုပ် (၁)အုပ် ဖြစ်မယ်ထင်တယ် ၊ အသေးစိတ်မရေးထားပေမယ့် အရေးကြီးတဲ့ အချက်အလက်တွေကို ဖယ်ရှားထားတာ မတွေ့ရဘူး…”

ကိုယ်တွင်းကျင့်ကြံခြင်းဆိုသည့်ခေါင်းစဉ်ဖြင့် အခြားစာအုပ်တစ်အုပ်ကို နဝမတောင်ထွတ်ရှိ စာကြည့်တိုက်ထဲတွင် ကျန်းလန်တွေ့ဖူးလေသည်။

ထိုစာအုပ်က သူ့ဆရာ၏ စာအုပ် ဖြစ်ဟန်တူ၏။

ထိုစာအုပ် (၂)အုပ်ကို ကိုးကားဖတ်ရှုခြင်းအားဖြင့် အကြောင်းအရာအတော်များများကို သိမြင်နားလည်စေသည်။

ကိုယ်တွင်းကျင့်ကြံခြင်းစာအုပ်ကို ဖတ်ရှုပြီးနောက် မျောက်ဝံဝိညာဉ်မန္တန်ကျမ်းကို ဆက်လက်ဖတ်ရှုလိုက်သည်။

ထိုကျမ်းစာက တောတောင်နှင့်မြစ်ရေများကို ကျော်လွန်ဖြတ်သန်းနိုင်သည့် မန္တန်ကျင့်စဉ်တစ်ခုဖြစသည်။ သို့သော်… ကျန်းလန်ကျင့်ကြံထားသည့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ်ကို မယှဉ်နိုင်ပေ။

အချိန်အားလျှင်တော့ အနည်းအပါး ကျင့်ကြံထားသင့်သည်။ အချိန်မအားလျှင်တော့ လက်လွှတ်လိုက်ရ၍ ကျန်းလန်အတွက် အကျိုးယုတ်မည် မဟုတ်ပေ။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ် တစ်ခုတည်းကပင် ကျန်းလန်အတွက် လုံလောက်နေပြီ ဖြစ်သည်။

မျောက်ဝံဝိညာဉ်မန္တန်ကျန်းကို ဖတ်ပြီးနောက် ကျန်းလန် စိမ်းပြာရောင် ပုတီးစေ့လေးကို အာရုံစိုက်လိုက်သည်။

ဤပုတီးစေ့လေးကို ပေးစဉ်က ကျင်းထင်က သူ့ကို ထူးထူးဆန်းဆန်း စကားများ ပြောသွားခဲ့သည်။

“ခွန်လွန်တောင်တစ်ခုလုံးမှာ ဒီလိုပစ္စည်းမျိုးကို ပိုင်ဆိုင်တဲ့သူဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိနိုင်တယ် ၊ ဒါပေမဲ့ အထဲမှာပါဝင်တဲ့အရာကို မကြည့်ရဲလို့ ခုထိ မကြည့်ရသေးဘူး…”

ဟု ကျင်းထင်က ပြောသွား၏။

“ကြည့်ရတာ… မှော်ဝင်ပစ္စည်းတစ်ခုတော့ မဟုတ်လောက်ဘူး ၊ တစ်ခုခုကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းပစ္စည်းမျိုး ဖြစ်ရမယ်…”

ကျန်းလန် ရေရွတ်ရင်း ပုတီးစေ့လေးတွင် အန္တရယ် ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။

ပြဿနာမရှိသည်မှာ သေချာတော့မှ စိမ်းပြာရောင်ပုတီးစေ့လေးကို ဝိညာဉ်စွမ်းအားအသုံးပြုကာ ဖွင့်လိုက်သည်။

ချက်ချင်းပင်… ကျန်းလန်၏ပတ်ဝန်းကျင်တွင် မြူခိုးများထွက်ပေါ်လာလေသည်။ သို့သော်… မှတ်တမ်းတစ်ခုကို ဖွင့်လှစ်လိုက်သောကြောင့် ထွက်ပေါ်လာသည့် မြူခိုးများဖြစ်ပြီး တကယ့် အစစ်အမှန် မြူခိုးများ မဟုတ်ပေ။

မကြာမီ မြူခိုးများကြားထဲတွင် စာလုံးအချို့ ထွက်ပေါ်လာ၏။

ကျန်းလန် စာလုံးများကို သေချာ အာရုံစိုက်ဖတ်လိုက်ပြီးနောက် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

“ဂိုဏ်းတူအစ်မ’လုန်ယွိ’ ရေချိုးနေသည့် မြင်ကွင်း…”

“………….”

“ဘာလား….”

ကျန်းလန် အူကြောင်ကြောင် ဖြစ်သွားသည်။

အတန်ကြာ အံ့အားသင့်နေမိပြီးမှ ပြန်လည်တည်ငြိမ်လာရန် ကြိုးစားလိုက်သည်။

“ဒီပစ္စည်းက ဒါမျိုးဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး…”

ကျန်းလန်က သူ၏ ဂိုဏ်းတူအစ်မ လုန်ယွိနှင့် သိပ်ပြီး ခင်မင်ရင်းနှီးခြင်း မရှိပေ။

သို့သော်… လုန်ယွိက တည်ငြိမ်ပြီး သိက္ခာရှိသူတစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ရိပ်မိသည်။

သူမက ဂိုဏ်းတူမောင်ငယ်များနှင့် ဂိုဏ်းတူညီမငယ်များအပေါ်တွင် ကြင်နာတတ်သော်လည်း ယခုကဲ့သို့သော မဟုတ်သည့်အရာများ ပျံ့နှံ့သည်ကိုတော့ လုံး၀ ခွင့်ပြုမည့်သူ မဟုတ်ပေ။

ဤသို့သော ပစ္စည်းမျိုး ပျံ့နှံ့သည်ကိုသာ သိရှိပါက သေချာပေါက် ဒေါသူပုန်ထပြီး သူမကိုယ်သူမ ကာကွယ်ရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။

ဤသည်က မကောင်းသတင်းထွက်နိုင်သည့် ကိစ္စတစ်ခုဖြစ်နေသည် မဟုတ်ပါလား။

ကျန်းလန်က မြူခိုးများထဲမှ ထွက်ပေါ်လာသည့် စာတမ်းများကို ဖတ်လိုက်ပြီးနောက် ပုတီးစေ့အတွင်းတွင် ပါဝင်သည့်အရာကို ကြည့်ရှုရန် ဝိညာဉ်စွမ်းအားအသုံးပြုကာ ထပ်မံဖွင့်လှစ်လိုက်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset