အခန်း ( ၅၅ )

ခေါင်းဆောင်ငယ် ချိန်ဟန်

” အဲ့တာ ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်နည်းမလား ” ဟိုယွင်ဖေးနှင့်တုလင်ဖေး၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်နေဟန် အထင်းသားပေါ်လွင်နေသည်။

တုလင်ဖေးမှာ ပို၍ပင်ဆိုးလေသည်။ လေးလံရာမှသည်ပေါ့ပါးပေါ့ပါးခြင်းဆီသို့အတတ်ကို သူမက ကျွမ်းကျင်ပြီးသားဖြစ်၍ ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းမှာ အလွန်ခက်ခဲကြောင်း သိထားပြီး တောင်ဘက်ခြမ်းတွင် ထိုကဲ့သို့ဆင့်ခေါ်နိုင်သူ အနည်းငယ်သာရှိသည်။

ထိုဒယ်စောက်အိုးကြီးနှင့် ဖုတ်ကောင်ကြီးတိုက်မိသွားသောအခါ ထစ်ချုန်းသံများပေါ်ထွက်လာသည်။ မြေကြီးမှာ မြည်ဟည်းကာ လှုပ်ခါနေပြီး အနက်ရောင် မြူခိုးမျှင်များအဖြစ်သို့ ပြိုကွဲသွားကာ ချိန်ယွဲ့ပေါ်ထွက်လာသည်။

သူသည် မြေ​ကြီးပေါ်သို့လဲကျသွားပြီး ပါးစပ်ထဲမှ သွေးများထွက်ကျလာသည်။ ဒယ်စောက်အိုးကြီးကို ခါးသီးသောအကြည့်များဖြင့် မော့ကြည့်လိုက်ရင်း နာကျည်းစွာရေရွတ်လိုက်သ​ည်။

” ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်နည်းပဲ ”

ထိုသို့ရေရွတ်ပြီး သူက ပိုင်ရှောင်ချန်း၏မျက်နှာကို ကြည့်နေရင်း သေဆုံးသွားသည်။ သူသုံးခဲ့သော လျှို့ဝှက်မှော်အတတ်ကြောင့် သူ၏အတွင်းကလီစာများက ထိခိုက်နေခဲ့ပြီဖြစ်သည်။ ထို့အပြင် ဖုတ်ကောင်ကြီးကိုပင် ဖျက်စီးနိုင်လိုက်သော ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းမှ ရလိုက်သောဒဏ်ရာကြောင့် သူ့မှာ ရှင်သန်ဖို့ အခွင့်အလမ်းမရှိတော့ပေ။

သူ​သေသွားတာသည့်တိုင် သူ၏မျက်လုံးကြီးများက ပိုင်ရှောင်ချန်းကိုကြည့်နေဆဲပင်။

ပိုင်ရှောင်ချန်းသည် ချိန်ယွဲ့၏အလောင်းကိုကြည့်ရင်း ရုတ်ချည်း လျော့တိလျော့ရဲဖြစ်လာသည်။ သူ၏ကိုယ်တွင်းစိတ်စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်၍ သူ၏ခေါင်းတစ်ခုလုံး ချာချာလည်နေပြီး လေလျော့နေသော ပူဖောင်းတစ်လုံးအလားဖြစ်နေတော့သည်။ ထိုနေရာမှာပင် အသားများတုန်နေပြီး ရှေ့နောက်ယိမ်းထိုးနေတော့သည်။ ဤလူအကုန်လုံးကို သူကိုယ်တိုင်သတ်လိုက်သည်ကို သူအခုထိ မယုံရဲသေးပေ။

ဖြစ်ရပ်များကိုပြန်တွေးရင်း သူ၏ပါးစပ်ထဲမှစီးကျနေသောသွေးများကိုပင် ချိုမြိန်သည်ဟု ထင်နေတော့သည်။

” ငါသွေးတွေထွက်နေတာပဲ။ ငါ…ငါလေး အသတ်ခံရတော့မလို့ ” သူ အသိစိတ်ပြန်ဝင်လာသည်။ သူ၏တစ်ကိုယ်လုံးနာကျင်နေပြီး အထူးသဖြင့် ပုခုံးမှာပင်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်မှုဒဏ်များ လောင်မြိုက်နေသည်။ တိုက်ခိုက်ခဲ့သည်များကို ပြန်စဥ်းစားမိလိုက်သောအခါ သူ၏စိတ်တွင်အကြောက်တရားများက ဖုံးလွှမ်းသွားပြီး တုန်လှုပ်နေတော့သ​ည်။

“ဘာလို့….ဘာလို့များ ငါပြန်လှည့်လာရတာလဲဟ။ တော်တော်… အန္တရာယ်များတဲ့အရာပဲ။ ငါ့အသက်ကလေး ဆုံးရှုံးသွားနိုင်တယ်။ ပိုင်ရှောင်ချန်းဆိုတဲ့ ငါက လုပ်တဲ့အလုပ်တိုင်းမှာ ဂရုတစိုက်လုပ်နေကြပါကွ။ ဘာလို့ အခုမှများ စိတ်လိုက်မာန်ပါဖြစ်သွားရတာလဲ။” သူ့အသိစိတ်ပြန်လည်လာသဖြင့် သူလုပ်ခဲ့သည်များကို မယုံနိုင်ဖြစ်နေသည်။ ထိုသို့ နောင်တရနေစဥ်မှာ သူ၏ရင်ခွင်ထဲသို့ နူးညံ့သော်လည်း ခိုင်မာသောအရာတစ်ခု ဝင်လာတ ကောက်ကြောင်းအလှတရားများကို သူထိတွေ့မိလိုက်ပြီး မွှေးကြိုင်သိမ်မွေ့သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ဝင်လာသည်။ သူ့ရင်ခွင်ထဲတွင်ကား တုလင်ဖေးတစ်ယောက် ရောက်နေတော့သည်။

ပထမတွင် သူကအံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သူ၏အမူအရာက တည်​​ကြည်သွားသည်။ တုလင်ဖေးကိုတင်းကျပ်စွာဖက်ထားရင်း သူကတည်ငြိမ်သောလေသံဖြင့် ဆိုလိုက်သ​ည်။

” ဂိုဏ်းတူအစ်မတု မကြောက်နဲ့နော်။ ပိုင်ရှောင်ချန်းရှိနေသ၍ ဘယ်သူမှ အစ်မရဲ့ ဆံတစ်မျှင်ကိုတောင်မှ မထိနိုင်စေရဘူး။”

ထိုသို့ဆိုနေရင်း သူ၏လက်များက နူးညံ့နေသော ကောက်ကြောင်းတစ်ခုပေါ်သို့ ရောက်မှန်းမသိရောက်နေတော့သည်။

” ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ” သူမသည် စိတ်လှုပ်ရှားလွန်း၍ ပိုင်ရှောင်ချန်းကိုဖက်ထားရင်း သူမ၏မျက်ဝန်းတွေထဲမှ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်။

ခဏအကြာမှ သူမသည် ပိုင်ရှောင်ချန်း၏ ရင်ခွင်ထဲသို့ရောက်နေမှန်း သိလိုက်ရသည်။ ထို့နောက် သူမ၏နောက်ပိုင်း​ပေါ်တွင် သူ၏လက်များရောက်နေကြောင်းသိလိုက်ရသောအခါ သူမ၏မျက်နှာမှာ နီရဲသွားတော့သည်။ သူမသည် ရှောင်ချန်း၏ရင်ခွင်ထဲမှ အလျင်အမြန် ရုန်းထွက်လိုက်ပြီး သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းကမူ လည်ချောင်းရှင်းကာ စောစောက မြည်းစမ်းခဲ့ရသော အရသာလေးကို စမြုံပြန်ရင်း တောင်ဘက်ခြမ်း၏ ထိပ်တန်းအလှပဂေးများထဲတွင် တုလင်ဖေးပါဝင်သည်မှာ မဆန်းကြောင်း တွေးနေတော့သည်။

ဟိုယွင်ဖေး၏မျက်နှာတွင်မူ ထူးဆန်သောအမူအရာတစ်ခု ထွက်ပေါ်လာသည်။ သူကလည်ချောင်းရှင်းလိုက်ကာ ပိုင်ရှောင်ချန်းကိုပြုံးပြလိုက်သည်။

“ဂိုဏ်းတူညီလေးပိုင်။ ဒီမှာဖြစ်ပျက်ခဲ့တာတွေကို နောက်မှဆက်တွေးရအောင်။ လောချိန်မျိုးနွယ်စုက ငါတို့ကိုသတ်ဖို့ လူတွေထပ်လွှတ်မှာ သေချာပေါက်ပဲ။ ဒီတစ်ခေါက်ဆိုရင် အ​ခြေခိုင်မာခြင်းအဆင့်အောက်မှာရှိတဲ့ အင်အားအကြီးဆုံးတွေပဲ လွှတ်လောက်တယ်။ ဒီနေရာကနေ မြန်မြန်သွားတာ ကောင်းမယ် ”

ပိုင်ရှောင်ချန်းမှာ ထိုစကားကြောင့် တုန်လှုပ်သွားသည်။ ယခုလူတွေကိုပင် သူရှိသမျှအင်အားအကုန်သုံးပြီး အနိုင်တိုက်ခဲ့ရသည် မဟုတ်ပါလော။ ချိန်ယွဲ့ထက် ပိုအစွမ်းထက်သော နောက်တစ်ယောက်ထပ်ပေါ်လာနိုင်သည်ဆ်ိုသည့်အတွေးကြောင့် ပိုင်ရှောင်ချန်းမျက်နှာမှာ သွေးဆုတ်ဖြူရော်နေတော့သ​ည်။ သူ့ဘေးနားတစ်ဝိုက်ရှိ အရှုပ်ထုပ်များကိုကြည့်လိုက်ရင်း သူကချက်ချင်းပင် ခေါင်းငြိမ့်လိုက်သ​ည်။

” ဟုတ်တယ်။ အစ်ကိုပြောတာမှန်တယ်။ ဒီနေရာက မြန်မြန်လေးသွားကြမယ် ” သူကထိုသို့ဆိုရင်း ချက်ချင်းပင် ထပြေးတော့သည်။ စောစောက အကြောတထောင်ထောင်နှင့် ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့သော ပုံနှင့် ယခုပြေးနေပုံမှာ လားလားမျှမဆိုင်ပေ။ သို့သော်လည်း သူထိုသို့ပြေးလွှားနေသည်ကို တုလင်ဖေးမှာ ယခုအချိန်တွင် မမုန်းတော့ပဲ ချစ်စရာကောင်းသည်ဟုပင် မြင်နေတော့သည်။ သူ့နောက်ကပြေးလိုက်ရင်း သူမကိုကယ်ဆယ်ရန် သူရက်စက်စွာတိုက်ခိုက်ခဲ့သည်များကို ပြန်တွေးမိသွားကာ သူမ၏မျက်လုံးများမှာ ပို၍ပင်တောက်ပလာသည်။

ဟိုယွင်ဖေးကမူ ခေါင်းခါလိုက်သ​ည်။ လောချိန်မျိုးနွယ်စုဝင်များ၏ ထည့်စရာအိတ်များကိုသိမ်းလိုက်ရင်း ပိုင်ရှောင်ချန်းနောက်သို့လိုက်ကာ ထိုအိတ်များလှမ်းပေးလိုက်သ​ည်။

” ဂိုဏ်းတူညီလေးပိုင်။ ဒါတွေက ညီလေးရဲ့ပစ္စည်းတွေဖြစ်သွားပြီ။”

ပိုင်ရှောင်ချန်းကမူ ထိုပစ္စ​ည်းများကို ကြည့်ပင်မကြည့်ပဲ သူ၏ဝတ်ရုံထဲသို့ ပစ်ထည့်လိုက်သ​ည်။ ဤအချိန်တွင် သူ့တစ်ကိုယ်လုံးတုန်ခါနေပြီး ထွက်ပြေးရန်သာ စိတ်ထဲရှိနေသည်။

*****

မကြာသေးမီက…..

ကြယ်ကြွေတောင်ထဲရှိ လောချိန်မျိုးနွယ်စု၏ သင်္ချိုင်းကြီးထဲတွင် သွေးကန်ကြီးကို မန္တန်အစီအရင်ပုံစံဖြစ်ပေါ်နေသော အမှတ်အသားများက ဝန်းရံထားသည်။ ပိုင်ရှောင်ချန်းလက်ချက်ဖြင့် ပထမဆုံးလောချိန်မျိုးနွယ်စုဝင်တစ်ယောက် သေသွားသောအခါ အမှတ်အသားတစ်ခု ပြိုကွဲသွားပြီး အမှတ်သားထဲရှိသွေးများက ခန်းခြောက်သွားသ​ည်။

ထိုမြင်ကွင်းကြောင့် ကျန်လောချိန်မျိုးနွယ်စုဝင်များက လန့်ဖြတ်ကုန်ကြသည်။ သို့သော်လည်း သူတို့ဘာမှမလုပ်နိုင်ခင်မှာပင် ဒုတိယအမှတ်အသားမှာလည်း စောစောကလိုပင်ဖြစ်သွားသ​ည်။ ထို့နောက် တတိယ၊ စတုတ္ထ၊ ပဥ္စမ အမှတ်အသားများလ​ည်း အသီးသီး ပြိုကွဲကုန်ကြသ​ည်။

ထိုသို့ပြိုကွဲတိုင်း ထစ်ချုန်းသံကြီးများက အဆက်မပြတ်ပေါ်ထွက်လာသည်။

လောချိန်မျိုးနွယ်စုတစ်ခုလုံး တုန်လှုပ်နေကြပြီး မျက်စိမျက်နှာပျက်နေတော့သ​ည်။ ထိုအခါ သွေးကန်အလည်ရှိ ခေါင်းဆောင်ကြီးက သူ၏မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။

တချိန်ထဲမှာ ချိန်ယွဲ့အသုံးပြုသွားခဲ့သည့် အမှတ်အသားမှ အုန်းခနဲပေါက်ကွဲသံတစ်သံထွက်ပေါ်လာသည်။

” ချိန်ယွဲ့အသတ်ခံလိုက်ပြီဆိုတာ ယုံတောင်မယုံနိုင်ဘူး။”

” သူတို့အကုန်သေကုန်ပြီ။ လွှတ်လိုက်တဲ့ခုနစ်ယောက်လုံး အသတ်ခံလိုက်ရပြီ။”

” ဒါဘယ်လိုတောင် ဖြစ်သွားရတာလဲ။ အဆင့်နိမ့်အပြင်စည်းဂိုဏ်းသား၂ယောက်ကို လိုက်သတ်တာမဟုတ်ဘူးလား။ မဟုတ်မှလွဲရော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ငါတို့အကြောင်းသိသွားပြီး အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်များ လွှတ်လိုက်တာလား။”

​လောချိန်မျိုးနွယ်စုဝင်များမှာ တုန်လှုပ်နေကြပြီး ဟန်မဆောင်နိုင်တော့ဘဲ ကြောက်ရွံ့နေကြတော့သည်။

” မင်းတို့ ပါးစပ်တွေ ပိတ်ထားကြစမ်း။” အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြီး ဆူညံနေသည်များအားလုံး ငြိမ်ကျသွားသ​ည်။ ထိုအသံပိုင်ရှင်ကား အခြေခိုင်မာခြင်းအဆင့်ရှိသော ခေါင်းဆောင်ကြီးပင်ဖြစ်သည်။ သူ၏အသံမှာ မိုးချိန်းသံအလား ပဲ့တင်ထပ်နေသဖြင့် ကျန်သောမျိုးနွယ်စုဝင်များက သူ့ကိုတုန်လှုပ်စွာကြည့်နေကြသည်။

” ငါတို့သွေးထဲက တံဆိပ်တော်ကို ဖယ်ရှားနိုင်ဖို့အခွင့်အရေးက အနှစ်တစ်ထောင်မှ တစ်ခါပဲရမယ့် မိုးကောင်းကင်က ချီးမြှင့်တဲ့ အခွင့်အရေးပဲ ” သူကဖြေးဖြေးချင်းဆိုသည်။

” ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ခြောက်ခြားနေလို့မရဘူး။ ငါချထားတဲ့ အကာအကွယ်မန္တန်အစီအရင်ထဲကို အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ဝင်လာရင်ငါသိမှာပေါ့ကွ။ အခုလောလောဆယ်တော့ ဘယ်အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူမှ ရောက်မလာသေးဘူး။ သူတို့ဂိုဏ်းကိုလည်း သတင်းပြန်မပို့ရသေးဘူး။ မင်းတို့ကောင်တွေက ဘာတွေကြောက်လန့်နေကြတာတုံး ”

သူ၏မျက်နှာပေါ်တွင် စိတ်ဆိုးနေသော အရိပ်အယောင်များ ပေါ်ထွက်နေသည်။ အကယ်၍သူသာ အစီအရင်ကိုထိန်းသိမ်းမနေရပါက သူကိုယ်တိုင် ပိုင်ရှောင်ချန်းနှင့် အပေါင်းအပါများကို သွားသတ်မည်ဖြစ်သည်။

သို့သော်လည်း ယခု သူထွက်ခွာသွားပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အချုပ်အနှောင်မှ သူတို့လူမျိုးနွယ်စုလွတ်မြောက်နိုင်မည့် တစ်ခုထဲသောအခွင့်အရေးဖြစ်သည့် သွေးပြောင်းပြန်မန္တန်အစီအရင်က ပျက်စီးသွားမည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကိုပါ ခံစားရမည်ဖြစ်သည်။ ထိုအခါ သူတစ်ယောက်သာ အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး ကျန်မျိုးနွယ်စုတစ်စုလုံးမှာ သွေးပြောင်းပြန်စီးဆင်းကာ သေဆုံးသွားမည်ဖြစ်သည်။

” ချိန်ယွဲ့နဲ့ သူ့အဖွဲ့ကိုသတ်ဖို့ဆို အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူမလိုပါဘူး။ အဲ့ဒီအပြင်စည်းဂိုဏ်းသားနှစ်ယောက်က သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံဆင့်ကို ဖုံးကွယ်ထားတာပဲနေမှာ။ ဒါမှမဟုတ် ရှားပါးမှော်ပစ္စည်း တစ်ခုခုသုံးပြီးပြန်တိုက်ခိုက်တာပဲ ဖြစ်မယ် ”

” သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ဖုံးကွယ်ထားတာဆိုရင်တောင်မှ အများဆုံး ချီစုစည်းမှုအဆင့်ရှစ်လောက်ပဲရှိမှာ။ မှော်ပစ္စည်းတွေဆိုတာကလည်း စွမ်းအားပိုကြီးလေ ချီစုစည်းမှုအဆင့်ကျင့်ကြံသူတွေသုံးရတာခက်လေပဲ။”

“ဟန်အာရေ။” အဘိုးကြီးက သွေးကန်ရေပြင်ကို လက်နှင့်ပုတ်ရင်း တောက်ပနေသောမျက်လုံးများဖြင့် အော်ခေါ်လိုက်သည်။ ချက်ချင်းပင် သွေးများမှာ ဂယက်ထလာပြီး သွေးရောင်ဝတ်ရုံတစ်ခုဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပေါ်လာသ​ည်။

သူသည် အလွန်ခန့်ညားကာ မျက်ခုံးမျက်လုံးကောင်းသည်။ သူ၏မျက်လုံးများက သွေးရောင်တောက်ပနေသည်။ သူ၏စွမ်းအင်များမြင့်တက်လာခြင်းနှင့်အတူ သွေးရောင်ရှိသောဖုတ်ကောင် ကိုးကောင် သူ့ဘေးနားတွင်ပေါ်လာတော့သည်။

ဘေးနားရှိ လောချိန်မျိုးနွယ်စုဝင်များက ထိုလူငယ်ကိုမြင်သောအခါ စိတ်လှုပ်တရှားဖြစ်သွားကြပြီး လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

ခေါင်းဆောင်က ထိုလူငယ်ကို ချီးကျူးမှု၊ ကြင်နာမှုများဖြင့်ပြည့်နေသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူကကြင်နာသောလေသံဖြင့် ” ဟန်အာရေ။ မင်းက လောချိန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ငယ်ပဲ။ မင်းမှာ ချီစုစည်းမှုအဆင့်၉ရှိပြီး ငါပြီးရင်မင်းက အင်အားအကြီးဆုံးပဲ။ ဒီတာဝန်ကို မင်းထမ်းဆောင်နိုင်မယ်လို့ ငါယုံကြည်တယ်။ မင်းနဲ့အတူ လူ၉ယောက်ခေါ်သွားလိုက်။ စိတ်စွမ်းအင်နတ်​ရေစင်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသားတွေအကုန်လုံးကို သတ်ခဲ့ ”

ထိုလူငယ်က ခေါင်းငြိမ့်ရင်း အေးစက်စွာတုံ့ပြန်စကားဆိုလိုက်သည်။

“သူတို့အကုန် မသေမချင်း ကျွန်တော်ပြန်မလာဘူး ”

သူကခုန်ထလိုက်ပြီး သွေးရောင်ဖုတ်ကောင်၉ကောင်မှာ သွေးမြူခိုးများအဖြစ်ပြောင်းလဲသွားကာ သူ့အောက်မှလိုက်ပါလာသည်။ သူက ကျန်သောမျိုးနွယ်စုဝင်ကိုးယောက်ကို တစ်ယောက်ချင်းစီ ခေါင်းငြိမ့်ကာအချက်ပြလိုက်ပြီးနောက် သူတို့၁၀ယောက် ထွက်ခွာသွားတော့သည်။

မကြာမီ လောချိန်လူမျိုးစုစံအိမ်မှ လူရိပ်၁၀ခု ပြေးထွက်လာသည်။ လူငယ်၏အမည်မှာ ချိန်ဟန်ဖြစ်သည်။ သူကလက်ကိုဝှေ့ယမ်းလိုက်သောအခါ သူတို့၏ခြေထောက်အောက်တွင် သွေးမြူခိုးများပေါ်ထွက်လာပြီး သူတို့အားလုံး အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းသွားကြတော့သည်။

သူတို့သည် လျင်မြန်စွာပျံဝဲနေရင်း မျိုးနွယ်စု၏သွေးခြေရာခံပညာရပ်တစ်ခုကိုသုံးကာ ချိန်ယွဲ့တို့အသတ်ခံလိုက်ရသောနေရာကို ရှာနေကြသည်။

ချိန်ဟန်မှာ အဆင့်၉ချီစုစည်းမှုအဆင့်သို့ ရောက်နေပြီဖြစ်သ​ည်။ ကျန်အဖွဲ့ဝင်များကမူ ငါးယောက်မှာ ချီစုစည်းမှုအဆင့်ရှစ်ရှိပြီး ကျန်သောသူများမှာ အဆင့်ခုနစ်တွင်ရှိသည်။

ယခုအချိန်တွင် ဤအုပ်စုမှာ ​လောချိန်မျိုးနွယ်စု လွှတ်နိုင်သော အင်အားအကြီးဆုံးအဖွဲ့ပင်ဖြစ်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် ကြာသွားသောအခါ ချိန်ဟန်တို့အဖွဲ့မှာ ကြယ်ကြွေတောင်ရှိတောထဲမှ ဖောက်ထွက်လာပြီး ချိန်ယွဲ့တို့သတ်ခံရသောနေရာသို့ ရောက်ရှိသွားသည်။

အရိုးစုများကို တုန်လှုပ်ဖွယ်မြင်လိုက်ရသောအခါ ကျန်မျိုးနွယ်စုဝင်ကိုးယောက်၏မျက်နှာမှာ အရောင်ပြောင်းသွားသည်။

သို့သော်လည်း ချိန်ဟန်က လည်ပင်းအချိုးခံထားရသော လူများ၏အလောင်းကိုသေချာကြည့်လိုက်ရင်း မျက်လုံးများမှာ ထူးခြားစွာအရောင်တောက်လာသည်။

” အပြင်အားကျင့်ကြံသူတစ်ယောက်ပဲ ”

သူက လှစ်ခနဲလှုပ်ရှားလိုက်ရာ ချိန်ယွဲ့၏အလောင်းဘေးနားသို့ ရောက်သွားသည်။ ထိုအလောင်းကို အနည်းငယ်ကြာအောင် စေ့စေ့စပ်စပ်လေ့လာပြီးသွားသောအခါ သူကထိုင်ချလိုက်ပြီး လက်ကိုမြေကြီးပေါ်သို့ဖိကာ မျက်လုံးမှိတ်လိုက်သည်။ ခဏကြာသော် သူ၏မျက်လုံးများ ပြန်ပွင့်လာသည်။

” စိတ်ဝင်စားစရာပဲ။ ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းအသုံးပြုတဲ့ အရိပ်လက္ခဏာတွေကို ဒီနေရာမှာ ခံစားမိနေတယ်။”

” ဒါဆိုရင် အဲဒီကောင်က မှော်အတတ်ရော အပြင်အားပါ ကျင့်ကြံတဲ့ကောင်ပဲဖြစ်မယ်။ ဒီလောက် အံ့သြဖို့ကောင်းတဲ့ ခန္ဓာကိုယ်စွမ်းအားရယ် အစွမ်းထက်မှော်ပညာရယ်ရှိနေမှတော့ ချိန်ယွဲ့တို့ကို သတ်နိုင်တာ မဆန်းဘူး။”

“သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်ပဲဖြစ်မယ်။ ရှန်ကွမ်းထျန်ယုံလား။ ဒါမှမဟုတ် လုထျန်းလဲ့များလား။” ချိန်ဟန်းက မည်သူမည်ဝါဖြစ်နိုင်ကြောင်း တွေးတောရင်း တိုက်ခိုက်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။

” မင်းတို့အားလုံး နေရာခွဲရှာကြ။” သူက ရေခဲတမျှအေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။

” သူတို့ကိုတွေ့တာနဲ့ ငါ့ကိုချက်ချင်းသတင်းပို့။”

ထိုအခါ အခြားသူများက ခေါင်းငြိမ့်ကာ အရ​ပ်မျက်နှာပေါင်းစုံသို့ ခွဲကာထွက်ခွာသွားကြတော့သည်။

ချိန်ဟန်ကအေးစက်စွာ ဟင့်ခနဲအသံတစ်ချက်ပြုရင်း စတင်ရှာဖွေရန် လေပေါ်သို့ ပျံထွက်သွားတော့သည်။

” အကာအကွယ် မန္တန်အစီအရင်က အကျယ်ကြီးပဲ။ မင်းတို့နောက်လဝက်လောက်အထိ အပြင်ထွက်နိုင်မှာ မဟုတ်ဘူး။ မင်းတို့တွေ …..သေရမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset