အခန်း ( ၅၄ )

မိုးကြိုးကိုးချက် ကောင်းကင်ပြစ်ဒဏ်

‘ နေပါဦးဗျ ’ ဆိုသောစကားသည် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးလေသည်။

ထိုအချိန်တွင် ပစ်မှတ်ထားခံနေရသူသည် သူ ဖြစ်သည်။

လီချန်ရှို့တစ်ယောက် အော်ပြောပြီးနောက် ကောင်းကင်မှ ဖိအားကို ခံစားလိုက်ရသောအခါ သူ သဘောပေါက်သွားတော့၏။

ယခုပြဿနာသည် ကောင်းကင်တာအိုကြောင့်သာ မဟုတ်ဘဲ သူ့ကြောင့်လည်း ဖြစ်သည်။

ဂျိမ်း..ဂျိမ်း…ဂျိမ်း..
ရုတ်တရက် ကောင်းကင်တွင် တံလျှပ်များ ဖြစ်ပေါ်လာပြီး မိုးချုန်းသံများကို ကြားလိုက်ရသည်။

ထိုဖိအားသည် အချင်းလီ(၁၀၀) ပတ်ချာလည်ကို လွှမ်းခြံထားသဖြင့် ထိုနေရာအတွင်းရှိ သက်ရှိများသည် တုန်လှုပ်ကြောက်ရွံ့ကာ တုတ်တုတ်မျှပင် မလှုပ်ရဲချေ။

ဝုန်း …
လီချန်ရှို့ မော့ကြည့်လိုက်ရာ ကောင်းကင်တွင် ကျန့်ဒါဇင်ကျော် ကျယ်သည့် မီးခိုးရောင်တိမ်တိုက်ကြီး ရုတ်ခြည်း ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရ၏။

ထိုတိမ်တိုက်ကြီးတွင် ကြီးမားသော မျက်လုံးကြီးနှစ်လုံးကဲ့သို့ အက်ကွဲကြောင်းနှစ်ခု ပေါ်လာလေသည်။ မီးခိုးရောင်တိမ်တိုက်ကြီးသည် မျက်နှာသေကြီးရှိသည့် တာအိုရသေ့အိုကြီးအသွင် ပြောင်းလဲသွားသည်။ ထိုရသေ့သည် လီချန်ရှို့ ကို ငုံ့ကြည့်နေ၏။
‘ ကောင်းကင်တာအိုလား၊ တာအိုဘိုးဘေးလား… ’

ထိုအခိုက်တွင် လီချန်ရှို့သည် သူ့ဝှက်ဖဲများအကုန်ပေါ်သွားသည်ကို သိလိုက်ရပြီး ကြီးမားသောအန္တရာယ်ကို ခံစားလိုက်ရသည်။

သူ့အသိစိတ်သည် မည်သည့်ပြဿနာကိုမှ မသုံးသပ်နိုင်တော့ဘဲ ပွက်ပွက်ဆူနေသော အဖုံးပိတ်ထားသည့် သတ္တုရေနွေးအိုး သဖွယ် ဖြစ်နေတော့၏။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှ ထွက်နေသော နတ်အလင်းတန်းများသည်ပင် ပြန်ဝင်သွားကြ၏။

သူ မည်သို့လုပ်သင့်သနည်း။

အကယ်၍ သူသည် အာဒိကပ္ပလောကနှင့်မသက်ဆိုင်ဟု ကောင်းကင်တာအိုက ဆုံးဖြတ်လိုက်လျှင် သူ အသတ်ခံရပေမည်။

သူသည် မည်သည့်အရာမှမလုပ်သော်လည်း၊ မည်သည့်ကြမ္မာနှောင်ကြိုးမှ အတွယ်မခံသော်လည်း အသတ်ခံရမည် ဖြစ်၏။

လီချန်ရှို့ ဆက်၍ တွေးတောမနေလိုတော့ဘဲ ဖိအားကို အံတု၍ အော်ပြောလိုက်သည်။
“ ကျွန်တော် ကောင်းကင်ရဲ့ ဩဇာအာဏာကို စိန်ခေါ်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါက တကယ်ကို မတော်တဆဖြစ်သွားတာပါ။ ကောင်းကင်တာအိုတရားကြီးခင်ဗျာ ခဏလောက် စောင့်ဆိုင်းပေးပါ ”

‘ ငါဘာတွေပြောနေတာလဲ။ ကောင်းကင်တာအိုကို သွားစောင့်ခိုင်းနေသေးတယ် ’

သေဟဲ့နန္ဒိယ။ ထိုအရာသည် ခရမ်းရောင်နတ်မိုးကြိုး သတိပေးတိမ်တိုက်ပင်။

လီချန်ရှို့သည် ချီတုံချတုံဖြင့် သူ့တာအိုဝတ်ရုံကို ချွတ်လိုက်ပြီး အတွင်း၌ ဝတ်ဆင်ထားသော အိပ်ကပ်(၆၀)ပါသော ဓမ္မရတနာ အင်္ကျီလက်တိုကလေးကို ချွတ်၍ သိုလှောင်ဓမ္မအဆောင် လက်ပတ်ထဲသို့ ထည့်လိုက်သည်။

ကောင်းကင်ပြစ်ဒဏ်ခံရာတွင် သူ့ဝှက်ဖဲများကို ဖော်ပြလိုက်ရမည်ဟု သူ မမျှော်လင့်ခဲ့ချေ။

ကောင်းကင်ပြစ်ဒဏ်အတွက် သူ အသေးစိတ်ပြင်ဆင်ခဲ့သော်လည်း ဤအရာသည် မမျှော်လင့်ထားသောအရာဖြစ်သည်။

အစပိုင်းတွင် ကောင်းကင်တာအိုသည် သူ့ကို သတိမထားမိပေ။

သူ့လက်ဝဲပုခုံးတွင် ကျောက်စိမ်းအပိုင်းအစလေးတစ်ခုပါသော အဝတ်ကြိုးလေးကို ပတ်ထား၏။ ထိုကျောက်စိမ်းပိုင်းလေးသည် နားလည်ရန်မလွယ်သော တာအိုသင်္ကေတအလင်းများ တောက်ပနေ၏။

ယင်းသည် အမည်မဲ့ကျောက်စိမ်းပိုင်း ဖြစ်သည်။ လီချန်ရှို့ ငါးနှစ်သားအရွယ်တွင် အုတ်ဂူဖောက်သူများသည် ရှေးဟောင်းပစ္စည်းများကို ‌ငွေ၊ စားနပ်ရိက္ခာများနှင့် လဲလှယ်ရန် သူ့တို့၏မျိုးနွယ်စုလေးဆီသို့ ရောက်လာကြသည်။ ထိုသူတို့သည် ယင်းကျောက်စိမ်းပိုင်းလေးကို သာမန်ကျောက်စိမ်းအနေနှင့်သာ အလဲအလှယ်ပြုခဲ့ကြ၏။ လီချန်ရှို့သည် ထိုကျောက်စိမ်းပိုင်းပေါ်ရှိ တာအိုသင်္ကေတတစ်ခုသည် ‘မီး’ ဟုအဓိပ္ပာယ်ရကြောင်း သိသွားသောအခါ လှည့်ဖျား၍ ရအောင်ယူခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အသုံးဝင်ပုံကိုမူ မသိခဲ့သေးပေ။

သို့သော် လီချန်ရှို့ ဂိုဏ်းသို့ရောက်ပြီး ဆယ်နှစ်အကြာတွင် သူသည် ထိုကျောက်စိမ်းပိုင်းလေးကို သူ့ဆရာ၏ဘေးတွင် မသိအောင် ခိုး၍ထားကြည့်ခဲ့သည်။ ထို့နောက် နိမိတ်ဖတ်အတတ်ကိုသုံး၍ သူ့ဆရာကို ဖတ်ကြည့်သောအခါ သူ့ဆရာ နောက်လုပ်မည့် ကိစ္စများကို သူ နိမိတ်ဖတ်၍မရတော့ချေ။ ယခင်ကမူ သူ ဖတ်နိုင်ခဲ့၏။

ထို့ကြောင့် ကျောက်စိမ်းပိုင်း၏ အသုံးဝင်မှုသည် နိမိတ်ဖတ်မှုကို ရှောင်လွှဲနိုင်ခြင်း ဖြစ်ကြောင်း သူသိခဲ့ရပြီး ၎င်းကို အမြဲကိုယ်နှင့်မကွာ ဆောင်ထားခဲ့လေသည်။

အဝတ်ကြိုးသည် သွေးစွန်းနေသော ဖျင်ကြမ်းစတစ်စဖြစ်သည်။ ၎င်းကို လူသားမျိုးနွယ်၏သမိုင်းကြောင်းကို မှတ်တမ်းတင်ထားသော ရှေးဟောင်း သားရေပေလိပ်ကြားထဲမှ တွေ့ခဲ့ခြင်းပင်။ ထိုဖျင်ကြမ်းစလေးသည် လူသားပညာရှင်တစ်ယောက် ဒဏ်ရာရပြီးနောက် ဝတ်ဆင်ခဲ့သော ဝတ်ရုံမှ အစတစ်စဖြစ်သည်။

သားရေပေလိပ်ပေါ်တွင် မှတ်တမ်းတင်ထားချက်အရ ထိုဖျင်ကြမ်းစလေးကို ဝတ်ဆင်ထားသော လူသားမှန်သမျှသည် လူသားမျိုးနွယ်မှ တန်ခိုးရှင်များ၏ စောင့်ရှောက်မှုကို ခံရပေမည်။ သို့သော် ထိုအရာကို မကောင်းသောအကြံဖြင့် မသုံးရချေ။

ထိုအဝတ်ကြိုးလေးနှင့် ကျောက်စိမ်းပိုင်းလေးကို ချွတ်ပြီးနောက် လက်ပတ်ထဲသို့ထည့်လိုက်ပြီး လီချန်ရှို့သည် ဓားမြှောင်တစ်ချောင်းကို ထုတ်၍ နောက်သို့လှည့်ကြည့်လိုက်သည်။

သူအပေါ်သို့ကျရောက်နေသော ကောင်းကင်မှ ဖိအားသည် အနည်းငယ် အားလျော့သွားလေပြီ။

လီချန်ရှို့ ဝမ်းသာသွားသော်လည်း ပြန်၍ စိတ်တည်တည်ငြိမ်ငြိမ် ထားလိုက်၏။ သူသည် ခေါင်းကိုလှည့်ကာ သူ့လက်ဝဲဘက် ပုခုံးနောက်ရှိ နေရာကို ကြည့်လိုက်သည်။ ထိုနေရာရှိ အရေပြား‌ပေါ်တွင် စုတ်ထိုးထားသော အ‌ဆောင်သင်္ကတတစ်ခုရှိပြီး ၎င်းမှ အလင်းတန်းမှိန်မှိန်လေးများ ထွက်နေ၏။

လီချန်ရှို့သည် သူ၏ဓားမြှောင်ဖြင့် ထိုသင်္ကေတကို ခြစ်ချလိုက်ရာ သင်္ကတသည် ချက်ချင်းပျက်စီးသွားတော့သည်။

တော်သေးသည်မှာ ထိုဓားဒဏ်ရာပျောက်သွားလျှင် အဆောင်သင်္ကေတသည်လည်း အလိုလို ပြန်ကောင်းသွားပေမည်။

၎င်းသည် စုန်းကဝေမျိုးနွယ်၏ ရှေးဟောင်းလျှို့ဝှက်အဆောင် ဖြစ်ပြီး ဘေးအန္တရာယ်များ၊ ပြဿနာများနှင့် နိမိတ်ဖတ်ခံရခြင်းများမှ ကာကွယ်ပေးနိုင်သည်။ ၎င်းကို မိစ္ဆာမျိုးနွယ်အား ရင်ဆိုင်နိုင်ရန် စုန်းကဝေဘိုးဘေးက ဖန်တီးခဲ့ခြင်းဖြစ်၏။

ထိုသင်္ကတေကို တိရိစ္ဆာန်သားရေတစ်ခုခုပေါ်တွင် ထွင်းထားလျှင် ရသော်လည်း ကိုယ့်အရေပြားပေါ်တွင် ထွင်းထားခြင်းက ပို၍ထိရောက်လေသည်။

သူ့ဝမ်းဗိုက်ဘေးတွင်လည်း ထိုကဲ့သို့ လျှို့ဝှက်အဆောင်သင်္ကေတတစ်ခုကို စုတ်ထိုးထားသေးရာ ၎င်းကိုလည်း ဓားဖြင့် ခြစ်ပစ်ရ၏။

သူ့အပေါ်သက်ရောက်နေသော ကောင်းကင်မှ ဖိအားများသည် နောက်တစ်ကြိမ်ထပ်၍ လျော့သွားသည်။

ထိုအရာများသည် အကုန်မဟုတ်သေးချေ။

လီချန်ရှို့သည် သူ ကိုယ်နှင့်မကွာ ဆောင်ထားသော နိမိတ်ဖတ်ခံရမှုမှ ကာကွယ်ပေးနိုင်သည့် ပစ္စည်းများအားလုံးကို ဖယ်ရှားလိုက်သည်။

ဥပမာအားဖြင့် သူ့အောက်ခံဘောင်းဘီမှ အိတ်ကပ်တစ်ခုတွင် ထည့်ထားသော ဒင်္ဂါးအဟောင်းနှစ်ပြား ဖြစ်သည်။ ထိုဒင်္ဂါးများသည် ရှေးခေတ်တွင် လူသားများစတင်သုံးစွဲခဲ့သော ဒင်္ဂါးများဖြစ်သည်။ ထို့ကြောင့် ၎င်းတွင် အစွမ်းတချို့ရှိနေကာ နိမိတ်ဖတ်ခံရမှုမှ ကာကွယ်ပေးနိုင်ပြီး မကောင်းသည့်ပြဿနာများကို ဖယ်ရှားပေးနိုင်၏။

ထို့ပြင် သူ့ခြေကျင်းဝတ်တွင် မိစ္ဆာအရိုးအပိုင်းအစတစ်ခုကို ပတ်ထားပြီး ပေါင်တွင် သက်တံ့ငါး၏ အကြေးခွံတစ်ခုကို ပတ်ထား၏။

လီချန်ရှို့သည် စုစုပေါင်း ထူးဆန်းသည့်ပစ္စည်းခုနှစ်မျိုးကို သူ့ဆရာအား အသုံးချ၍ နိမိတ်ဖတ်ခံရမှုကို အမှန်ပင် ကာကွယ်ပေးနိုင်သလော စမ်းသပ်ခဲ့သည်။

ထိုပစ္စည်းများသည် ဓမ္မရတနာများ မဟုတ်သဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲသော်လည်း တွေ့ခဲ့လျှင် လွယ်ကူစွာ ရယူနိုင်လေသည်။

အာဒိကပ္ပလောကတွင် ဓမ္မရတနာအမျိုးမျိုး၊ မှော်အတတ်များနှင့် ပညာရှင်များအပြင် အခြား စိတ်ထဲအစွဲနိုင်ဆုံးအရာမှာ ဆန်းကြယ်သော နိမိတ်ဖတ်အတတ် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်မား၍ နိမိတ်ဖတ်အတတ်ကို ကျွမ်းကျင်သော ပညာရှင်များသည် ကောင်းကင်တာအိုမှ အစွမ်းကို ငှားယူ၍ လက်ချောင်းလေးများကို ထိကာ ဝေးလံသောနေရာများတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း ချက်ချင်းသိနိုင်ပေသည်။

လီချန်ရှို့သည်ပင် အတိတ်ဘဝမှ မှတ်ဉာဏ်များနှင့်အတူ အာဒိကပ္ပလောကတွင် ပြန်လည်မွေးဖွားခဲ့သော လျှို့ဝှက်ချက်အသေးကလေးတစ်ခုဟု ဆိုနိုင်သည်။ ထို့ကြောင့် သူသည် ဤမျှ အချိန်ပြည့် သတိကြီးကြီးထားနေရခြင်း ဖြစ်သည်။ သူသည် ၎င်းပစ္စည်းများကို ကံ၊ ဉာဏ်၊ ဝီရိယတို့ကို သုံး၍ ရယူခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုပစ္စည်းများသည် ကောင်းကင်တာအိုကိုပင် မျက်စိလည်အောင် လုပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မခန့်မှန်းမိခဲ့ချေ။

ဖိအားများသည် တဖြည်းဖြည်းလျော့နဲလာပြီး မီးခိုးရောင်တိမ်တိုက်ရှိ တာအိုရသေ့အိုကြီး၏ မျက်နှာသည်လည်း ပျောက်ကွယ်လာပေပြီ။ သို့သော် မီးခိုးရောင်တိမ်တိုက်ကြီးသည် သူ့ခေါင်းပေါ်တွင် ရှိနေပေသေးသည်။

လီချန်ရှို့ ချွေးစေးများပြန်လာသည်။ သူ၏ စိတ်ဓာတ်သာ မခိုင်မာလျှင် သမုဒ္ဒရာရေထဲသို့ ပြုတ်ကျသွားမည်ဖြစ်သည်။

သူသည် ၎င်းပစ္စည်းများကို အခြားလူများ သူ့အား နိမိတ်မဖတ်နိုင်ရန် သုံးခဲ့ခြင်းသာဖြစ်ပြီး ကောင်းကင်တာအိုကိုပါ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။

‘ ကျင့်ကြံခြင်းအဆင့်နိမ့်နေချိန်တွင် တမင်တကာ ဖုံးကွယ်ထားမှုများသည် ပညာရှင်များ၏ အာရုံစိုက်မှုကို ဖိတ်ခေါ်သလိုဖြစ်ပြီး ကိုယ့်သေတွင်းကိုယ်တူးသလိုပင် ’
ထိုအခြင်းအရာကို စောစောစီးစီး နားလည်ခဲ့သော လီချန်ရှို့သည် ဂိုဏ်းအတွင်း အမြဲ သာမန်ဖုံးကွယ်မှုများကိုသာ သုံးခဲ့ခြင်းဖြစ်၏။

သူသည် အဘယ်ကြောင့် ကောင်းကင်တာအိုကို ကန့်လန့်တိုက်ရမည်နည်း။

ကန့်လန့်တိုက်မိသွားသလို ဖြစ်သွားသည်လည်း ဖြစ်နိုင်၏။

ကောင်းကင်တာအိုသည်လည်း သာရာဖားအဆင့်၊ အားအင်ချွေတာအဆင့်၊ အပြည့်အဝလုပ်သောအဆင့်နှင့် အစွမ်းကုန်လုပ်သောအဆင့်ဟူ၍ အမျိုးမျိုး ရှိလေသလော။

အဟမ်း… ထိုအရာသည် နောက်ပြောင်ခြင်းသာ။

ကောင်းကင်တာအိုသည် သက်ရှိအားလုံးကို စောင့်ကြည့်နေသည်ဖြစ်သော်လည်း နတ်ဝိဇ္ဇာမဖြစ်သေးသောလူများနှင့် အကြမ်းဖက်သမားမဟုတ်သူများကိုမူ သေချာမစစ်ဆေးပေ။

လီချန်ရှို့ခံခဲ့ရသော မိုးကြိုးရှစ်ချက် ကောင်းကင်ပြစ်ဒဏ်သည် သူ၏ အလားအလာများကို ကောင်းကင်တာအိုက တွက်ချက်၍ လွှတ်လိုက်ခြင်း ဖြစ်သည်။ မည်မျှ ပြင်းအားရှိမည်ကိုလည်း တစ်ခါတည်း သတ်မှတ်ထားပြီးဖြစ်၏။

နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းရာတွင် ပြဿနာပေါ်ပေါက်လာသော အခါတွင်မှ ကောင်းကင်တာအိုသည် သူ့အား အာရုံစိုက်ခဲ့ခြင်းပင်။

ကောင်းကင်တာအိုသည် လီချန်ရှို့ကဲ့သို့ အလားအလာကောင်းသော ကျင့်ကြံသူများအတွက် ကောင်းကင်ပြစ်ဒဏ်၏ ပြင်းအားကို မြှင့်၍ပေး၏။ သို့မှသာ ကျင့်ကြံသူများသည် လုံလောက်သော ပြစ်ဒဏ်ကိုခံရမည်ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူများသည် ထိုပြစ်ဒဏ်ကို မခံနိုင်ခဲ့လျှင် သေဆုံးသွားမည်ဖြစ်ပြီး သူတို့၏ တာအိုသည်လည်း ပျောက်ကွယ်သွားပေမည်။

သို့သော် မမျှော်လင့်ဘဲ လီချန်ရှို့တွင် နိမိတ်ဖတ်ခံရခြင်းမှ ကာကွယ်နိုင်သော ပစ္စည်းများစွာ ရှိနေသောကြောင့် ကောင်းကင်တာအိုသည် အတွက်မှားသွားကာ အားအင်ချွေတာအဆင့်မျှသာ ထုတ်ပြခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ကောင်းကင်တာအိုသည် နတ်ဝိဇ္ဇာတစ်ပိုင်းဖြစ်နေသော သူ့ကိုသေချာစူးစမ်းကာ လျှို့ဝှက်ချက်များကို ဖော်ထုတ်စေခဲ့ခြင်း ဖြစ်သည်။

သူ ခံစားခဲ့ရသော ဖိအားသည် သတိပေးချက်ဖြစ်ပြီး ပြဿနာကို စစ်ဆေးခြင်းမဟုတ်ချေ။

ယင်းသည် ခရမ်းရောင်နတ်မိုးကြိုး သတိပေးတိမ်တိုက်ဖြစ်၏။
‘ အဆင်ပြေပါသေးတယ်။ ကြည့်ရတာ ငါခုနက ရိုရိုသေသေပြောခဲ့လို့ထင်တယ် ’

လီချန်ရှို့သည် သူ၏အသက်ရှူသံကို ပုံမှန်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး အင်္ကျီလက်တိုလေးနှင့် တာအိုဝတ်ရုံကို ပြန်ဝတ်လိုက်သည်။ ထို့နောက် ကောင်းကင်တာအိုကို မည်သို့ကျေးဇူတင်စကားဆိုရမည်နည်းဟု တွေးတောနေလိုက်သည်။

ပေါက်ကွဲသံများထွက်ပေါ်လာပြီး လေထဲတွင် ပဲ့တင်ထပ်သွားကာ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ပြောင်းလဲသွားသည်။

လီချန်ရှို့သည် လက်နှစ်ဖက်ဆုပ်ကာ တာအိုအရိုအသေပြုလိုက်သည်။

ထို့နောက် သူ ထပ်၍အော်ပြောလိုက်၏။
“ ဒီနေ့ တာအိုဂိုဏ်းရဲ့ တပည့်ဖြစ်တဲ့ကျွန်တော်က ကောင်းကင်ကို အသိပေးလိုပါတယ် ”

“ ကောင်းကင်ပြစ်ဒဏ်နဲ့ ပတ်သတ်တဲ့ကိစ္စတွေကို ကျွန်တော်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ အဲဒါတွေက လူကြောင့်ဖြစ်တဲ့ ပြဿနာတွေနဲ့ ဘေးဒုက္ခတွေကို ရှောင်ရှားဖို့ ကျွန်တော်သုံးထားတဲ့ နည်းလမ်းတွေပါ ”

“ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ တာအိုအခြေခံက တာအိုဂိုဏ်းတည်ထောင်သူ သင်ပေးခဲ့တဲ့ တာအိုကျမ်းစာတွေကို ဖတ်ပြီး အပြင်းအထန်လေ့ကျင့်ပြီးမှ ရခဲ့တာပါ ”

“ ကျွန်တော် ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်အောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာကို ထောက်ပြီး နောက်ထပ် ကောင်းကင်ပြစ်ဒဏ်တစ်ခု စေလွှတ်ပေးပါခင်ဗျာ ”

“ ပြီး‌တော့ မတော်တဆ သေဆုံးမှုတွေမရှိရအောင် ကျွန်တော့်ကို နေရာပြောင်းခွင့်ပေးပါ ခင်ဗျာ ”
ကောင်းကင်ပေါ်ရှိ မီးခိုးရောင်တိမ်တိုက်ကြီးသည် တဖြည်းဖြည်း ပြန့်ကားလာသည်။ အရပ်ရှစ်မျက်နှာမှ လေပြင်းများ တိုက်ခတ်လာပြီး သမုဒ္ဒရာရေမျက်နှာပြင်အပေါ် လီရာပေါင်းများစွာမှနေ၍ မီးခိုးရောင် တိမ်တိုက်များ ထွက်ပေါ်လာကာ လီချန်ရှို့၏ ခေါင်းပေါ်တွင် စုစည်းသွားကြသည်၊

လီချန်ရှို့သည် ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းလှည့်ကာ သမုဒ္ဒရာဆီသို့ ပျံသန်းသွားလိုက်သည်။

သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူရာတွင် အနှောင့်အယှက်ကြုံမည်စိုးသဖြင့် သုံး၍ရမည့် အရံနေရာများကို ကြိုတင်ရှာထားပြီး သမုဒ္ဒရာကြမ်းပြင်တွင် မန္တန်အစီအရင်များဆင်ကာ ရေထဲတွင် လျင်မြန်စွာသွားနိုင်အောင် ပြုလုပ်ထားခဲ့၏။

လူများလာရောက် နှောင့်ယှက်ခြင်းကြောင့် မဟုတ်ဘဲ ဒုတိယအကြိမ် ကောင်းကင်ပြစ်ဒဏ်ခံယူရန်အလို့ငှာ ဒုတိယနေရာသို့ ကူးပြောင်းသွားရခြင်းဖြစ်ကြောင်း မည်သူမှ ခန့်မှန်းမိမည် မဟုတ်ချေ။

ကောင်းကင်ပြစ်ဒဏ်ကို နှစ်ကြိမ်ခံရသည့်ဖြစ်အင်ကို မည်သူမှ ကြားဖူးမည် မဟုတ်ပေ။

ကောင်းကင်ပြစ်ဒဏ်ခံရန် သူ ပြင်ဆင်မှုများစွာလုပ်ခဲ့ခြင်းမှာ သဲထဲရေသွန် မဖြစ်ခဲ့ပေ။

ဤအကြိမ်တွင် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်သည် သမုဒ္ဒရာအပေါ်တွင် အချင်းလီ(၁၀၀)ခန့် ကျယ်ပြန့်သွားလေသည်။ ဤကောင်းကင်ပြစ်ဒဏ်တိမ်တိုက်၏ ထုသည် ပြီးခဲ့သော တိမ်တိုက်၏ ထုထက် ဆယ်ဆပိုထူ၏။

လီချန်ရှို့သည် သမုဒ္ဒရာရေပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေပြီး ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည်လည်း သူ့အပေါ်မှ ထပ်ကြပ်မကွာလိုက်ကာ အရှေ့ဘက်သို့ ဦးတည်သွားနေလေသည်။

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်၏ အပေါ်တွင် ခမ်းနားသော ကောင်းကင်နန်းတော်ကြီးတစ်ခု ပေါ်လာပြီး ၎င်း၏ပတ်လည်တွင် မီးခိုးရောင်လူရိပ်များစွာ ဥဒဟိုသွားလာနေကြသည်။ ထို့ပြင် ထိုနန်းတော်ကြီး၏အတွင်း၌ မြင့်မြတ်သော ဧကရာဇ်တစ်ပါးလည်း ထိုင်နေလေသည်။

ထိုလူရိပ်များသည် တိမ်တိုက်ကြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုသူတို့၏ ရုပ်ရည်သွင်ပြင်ကို ခွဲ၍မရပေ။

ကောင်းကင်နန်းတော်၏အောက်တွင်မူ လက်သည်းထုတ်ထားသော နဂါးတစ်ကောင်၏ ရုပ်တုကြီးနှင့် အတောင်ပံဖြန့်ထားသော ဇာမဏီရုပ်တုကြီး တို့ရှိ၏။ ၎င်းတို့သည် အချိန်မ‌ရွေးအသက်ဝင်လာကာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်တော့မည့်အလား ထင်ရလေသည်။

ထိုရုပ်တုကြီးနှစ်ခု၏ အောက်တွင် ရက်စက်ကြမ်းကြုတ်သောသားရဲများနှင့် အရပ်အမောင်းမြင့်မားသော လူသားပုံစံရှိသူ တို့၏ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ၎င်းတို့သည် စုန်းက‌ဝေ-မိစ္ဆာစစ်ပွဲကြီးကို ပြန်၍ သရုပ်ဖော်နေသကဲ့သို့ပင်။

အောက်ဆုံးတွင်မူ ငွေဖြူရောင်ရှိသည့် မိုးကြိုးစက်ကွင်းများရှိလေသည်။ ၎င်းတို့၏ ဘေးအစွန်းများတွင် ခရမ်းရောင် လျှပ်စီးများရှိနေပြီး တိမ်တိုက်အတွင်း ပြန့်ကျဲသွားကာ ပျောက်ကွယ်သွားကြ၏။ ထိုအခြင်းအရာသည် အချင်း(၁)ကျန့်ရှိသော မိုးကြိုးလျှပ်စီးကန်ကြီး ဖြစ်ပေါ်လာမှုပင်။

ကန်အတွင်းရှိ လျှပ်စီးများသည် အရည်ပုံစံဖြစ်ပြီး ကန်ကြီးသည် တဖြည်းဖြည်းပြည့်လာတော့သည်။

လီချန်ရှို့‌ရွေးချယ်ထားသော ဒုတိယနေရာသည် လီ(၃၀၀)အကွာတွင် ရှိလေသည်။ သူကြိုတင် ဆင်ထားသော မန္တန်အစီအရင်များကြောင့် လီချန်ရှို့သည် ရေပေါ်တွင် ပို၍ လျင်မြန်သွက်လက်စွာ သွားနိုင်နေ၏။

သူ ဒုတိယကျွန်းသို့ ရောက်သွားသည်နှင့် မိုးခြိမ်းသံကြီးတစ်သံ ကြားလိုက်ရသည်။

လီချန်ရှို့သည် အခြားမည်သည်ကိုမှ ဂရုစိုက်မနေတော့ဘဲ အိတ်တစ်အိတ်ကိုထုတ်ကာ ပစ်လွှတ်လိုက်သည်။ ခြောက်ခေါက် ခေါက်ထားသော ဖရာဒေးလှောင်ချိုင့်များသည် နေရာအနှံ့ ပျံထွက်သွား၏။ သူသည် ၎င်းတို့ကို တစ်ခုချင်းစီလိုက်၍ ဖွင့်ထားရန် အချိန်မလောက်တော့ပေ။

ထိုအိတ်သည် မြေသို့ပြန်မကျမီမှာပင် လီချန်ရှို့၏ လက်ဝဲလက်တွင် ထွင်းဓားလေးတစ်ခုရောက်နေပြီး လက်ယာလက်တွင် သစ်သားဓားတစ်ချောင်း ရောက်နေလေသည်။ သူ၏ အင်္ကျီလက်အတွင်းမှလည်း အဆောင်စက္ကူ အများအပြား ပျံထွက်သွားကြ၏။

လီချန်ရှို့သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၍ တုန်လှုပ်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

ယင်းသည် မည်သည့်အခြင်းအရာပေနည်း။

ကောင်းကင်ရှိ မိုးကြိုးလျှပ်စီးကန်သည် အနည်းငယ်တိမ်းစောင်းသွားကာ မိုးကြိုးလျှပ်စီးများကို သူအပေါ်သို့ ရေတံခွန်သဖွယ် သွန်းချလိုက်လေတော့သည်။

ကောင်းကင်တွင် ရုတ်ခြည်းပင် လျှပ်စီးတန်းများ မရေမတွက်နိုင်အောင် လင်းလက်သွားသည်။

လီချန်ရှို့သည် ထွင်းဓားလေးကို ဝှေ့ယမ်းကာ လေထဲတွင် ရှေးဟောင်းသင်္ကေတများကို ထွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ဓမ္မတန်ခိုးများကို အသင့်ပြင်ထားပြီး ဖြစ်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ တန်ခိုးများကို စုစည်းလိုက်သောအခါ ရောင်စဉ်ခုနှစ်သွယ် နတ်အလင်းများ ထွက်ပေါ်လာပေသည်။

ဂျိမ်း…

လီချန်ရှို့သည် မိုးကြိုးလျှပ်စီးရေတံခွန်ကြီးထဲတွင် အလုံးစုံ နစ်မြုပ်သွားလေသည်။ ရှေးဟောင်းသင်္ကေတများသည် ချက်ချင်းပင် ပျက်စီးသွားပြီး သူ့ကိုလည်း အရည်ပျော်သွားသော မြေကြီးအပေါ်သို့ ဖိနှိပ်ထားလေသည်။

ခေတ္တကြာပြီးနောက် မိုးကြိုးလျှပ်စီးရေတံခွန်ကြီး ပြန်၍ပျောက်ကွယ်သွား၏။ လီချန်ရှို့သည် နက်ရှိုင်းသော လေးထောင့် မြေတွင်းထဲမှ ခုန်ထွက်လိုက်သည်။ သူ၏တာအိုဝတ်ရုံသည် လျှပ်စီးကျွမ်းနေပြီး ကိုယ်ရောင်ကိုယ်ဝါသည်လည်း မတည်မငြိမ်ဖြစ်နေလေသည်။ သူသည်ခေါင်းငုံ့ကာ သွေးများအန်လိုက်သည်။

ထိုအရာသည် သူ၏ ကောင်းကင်ပြစ်ဒဏ် အစစ်အမှန်ပေလော။

‘ အစွမ်းထက်တယ်… တော်တော် အစွမ်းထက်တယ် ’
လီချန်ရှို့သည် သူ၏ ထွင်းဓားလေးကို ဝှေ့ယမ်းကာ လေထဲတွင် ရှေးဟောင်းသင်္ကေတများ ထပ်‌ထွင်းလိုက်သည်။ ထိုသင်္ကေတများသည် ရှေးဟောင်း လူသားဘိုးဘေးများ ရေးသားခဲ့သော ကျင့်ကြံခြင်းနည်းလမ်းကျမ်းစာ ထဲမှ စာလုံးများ ဖြစ်သည်။

ထိုစာလုံးများသည် မန္တန်အစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မူလကျမ်းစာပုံစံအဖြစ်သို့ ပြောင်းကာ လီချန်ရှို့၏ ခေါင်းအထက်သို့ ပျံတက်သွားကြ၏။

ထိုအချိန်မှာပင် သူ၏ဘေးတွင် သမာဓိမီးတောက်လုံးများ ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်လေသည်။

ရေအင်တုံတစ်လုံးစာမျှ အရွယ်အစားရှိသည့် ပွင့်ဖတ်ကိုးဖတ်ပါသော ကြာပွင့်များလည်း သူ့ပတ်လည်တွင် တဖြည်းဖြည်းပေါ်ပေါက်လာပေသည်။

ထိုအခြင်းအရာများသည် သူ၏တန်ခိုးစွမ်းအားများကို အစွမ်းကုန်ထုတ်သုံးလိုက်လျှင် ပေါ်လာတတ်သော အခြင်းအရာများပင်။

‘ လာစမ်း… ကောင်းကင်ပြစ်ဒဏ်… ’
လီချန်ရှို့မော့၍ကြည့်လိုက်သည်။ သူ၏ ရှည်လျားသောဆံပင်များနှင့် တာအိုဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လှုပ်ယမ်းနေ၏။ မိုးကြိုးလျှပ်စီးကန်ကြီးသည် နောက်တစ်ကြိမ်စောင်းသွားပြီး နောက်ထပ် မိုးကြိုးလျှပ်စီးရေတံခွန်ကြီးတစ်ခုကို သွန်းချလိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင် လီချန်ရှို့သည် ဒူးကွေးကာအရှိန်ယူ၍ ကောင်းကင်သို့ပျံတက်လိုက်သည်။ သူ၏မျက်လုံးများသည် အရောင်တလက်လက်တောက်ပနေပြီး မိုးကြိုးလျှပ်စီးရေတံခွန်ကြီးကို ရင်ဆီးကြိုလိုက်လေသည်။
‘ မိုးကြိုးကိုးချက် ကောင်းကင်ပြစ်ဒဏ်… ငါ မင်းကိုစောင့်နေတာကြာပြီကွ ’

*****

“ ဆရာ… ဘာလို့ထပ်ရပ်လိုက်တာလဲ ”

တောင်ပင်လယ်အထက်တွင် တိမ်ဖြူလေးတစ်ခု ရပ်တန့်သွားသည်။ တာအိုရသေ့အိုကြီးနှင့် အတူပါလာသော မိန်းမပျိုလေးသည် မေးခွန်းမေးလိုက်၏။

တာအိုရသေ့အိုကြီးသည် လီချန်ရှို့ ဒုတိယအကြိမ် ကောင်းကင်ပြစ်ဒဏ်ခံယူနေရာသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
“ ဒါ…ဒါက ဘယ်လိုကောင်းကင်ပြစ်ဒဏ်မျိုးလဲ… ”

“ အပေါ်မှာ ကောင်းကင်နန်းတော်၊ အလယ်မှာ နဂါးနဲ့ ဇာမဏီ၊ အောက်မှာကြတော့ တိုက်ပွဲမြေပြင်ရှိတယ်။ အဲဒါက ဒုတိယအဆင့် မိုးကြိုးကိုးချက် ကောင်းကင်ပြစ်ဒဏ်ဖြစ်နေမလား ”

ထို့နောက် တာအိုရသေ့အိုကြီးသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“ ‌တောင်သမုဒ္ဒရာမှာ ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ဒီ ပါရမီရှင်ကျင့်ကြံသူတွေက အချင်းချင်းတိုင်ပင်ပြီး ဒီမှာလာပြီး ကောင်းကင်ပြစ်ဒဏ်ခံကြတာလား… ”

“ ကံဆိုးတာက နောက်ထပ်တစ်ယောက်လည်း ကောင်းကင်ပြစ်ဒဏ်ကြောင့် သေတော့မှာပဲ… ”

“ သွားစို့…သွားစို့…. ဒါကို ဆက်ကြည့်နေလဲ အကျိုးမရှိပါဘူး…. ”

မိန်းမပျိုလေးသည် နူးညံ့စွာမေးလိုက်သည်။
“ ဆရာ… ဒီလူကလည်း ဒီလိုကောင်းကင်ပြစ်ဒဏ်ကို မကျော်လွှားနိုင်ဘူးလား ”

တာအိုရသေ့အိုကြီးက ပြန်မေးလိုက်၏။
“ ခုနက မိုးကြိုးရှစ်ချက် ကောင်းကင်ပြစ်ဒဏ်ခံနေတဲ့နေရာကို ပတ်ဝန်းကျင်က စိတ်တန်ခိုးတွေ သွားစုစည်းနေတာကို သမီး အာရုံခံမိလား ”

မိန်းမပျိုသည် ခေါင်းခါပြလိုက်သည်။

“ အဲဒါပဲ။ မိုးကြိုးရှစ်ချက် ကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်ဖို့ မလွယ်ဘူး။ သားရဲ(၃၂)ကောင် ကောင်းကင်ပြစ်ဒဏ်ဆို ပိုဆိုးသေးတယ်။ ဆရာတို့ ခုနကကြုံခဲ့တဲ့ ကျင့်ကြံသူက သေသွားပြီ။ အခုလည်း နောက်တစ်ယောက် ထပ်သေလိမ့်ဦးမယ် ”
တာအိုရသေ့အိုကြီးသည် ခါးသက်သက်ပြုံးကာ ဆက်ပြောလိုက်သည်။
“ တစ်စုံတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အချင်းတွေက အရမ်းထက်မြက်နေရင် ကောင်းကင်က မနာလိုဖြစ်လိမ့်မယ်။ အာဒိကပ္ပလောကမှာ ပညာရှင်တွေအများကြီးရှိတယ်။ တကယ်လို့ ကောင်းကင်ပြစ်ဒဏ်ကသာ အဲဒီလူတွေကို မဖိနှိပ်ထားနိုင်ဘူးဆိုရင် ကပ်ဘေးကြီးတစ်ခု ဖြစ်သွားလိမ့်မယ် ”

“ သွားစို့… လူတွေသေတာ ထိုင်ကြည့်နေဖို့မလိုပါဘူး ”
သူသည် ထိုသို့ပြောပြီးနောက် တိမ်ဖြူကို တောင်အရပ်သို့ ဆက်လက် ပျံသန်းစေလိုက်သည်။ မိန်းမပျိုလေးမှာ လီရာပေါင်းများစွာဝေးသော သမုဒ္ဒရာအတွင်းရှိနေရာသို့ စိတ်ဝင်တစား ငေးကြည့်လိုက်သည်။

လွန်စွာကြီးမားသော ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည် သမုဒ္ဒရာတစ်ပြင်လုံးကို လွှမ်းခြုံသွားတော့မတတ် ရှိနေပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset