ပိုင်ရှောင်ချန်းသည် စိတ်ပိုင်းဖြတ်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံးချုပ်ထိန်းလိုက်ပြီး အဝေးသို့ ပြေးသွားလေသည်။ ဤတစ်ကြိမ်တွင် သူက ကြုံရာဝိညာဥ်များကို ရှောင်နေမည့်အစား သူတို့ထံတန်းတန်းမတ်မတ် လျှောက်သွားပြီးနောက် အင်္ကျီလက်ကိုခါကာ ဖမ်းဆွဲလိုက်လေသည်။
တချိန်လုံး ဝိညာဥ်တစ်ကောင်တလေမှ သူ့ကို သတိမထားမိပေ။
“ဟားဟားဟား၊ ဒါက တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ ရအောင် ဘယ်လိုလုပ်ရလဲဆိုတာပဲ ”
သူကဆက်လက်ပြေးလွှားနေပြီး ကြုံတွေ့သမျှ ဝိညာဥ်တစ်ကောင်ကိုမှ အလွတ်မပေးပေ။
သူ၏ စုဆောင်းမှုမှာ ဆက်လက်တိုးတက်လာသည်။ အထူးသဖြင့် ဝိညာဥ်အဖွဲ့လိုက်ကြီးနှင့် ထိပ်တိုက်တိုးသောအခါ သူက သူတို့၏ အလယ်တည့်တည့်သို့ လျှောက်သွားလိုက်ပြီး ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ချေမွလိုက်လေရာ ဝိညာဥ်အားလုံးမှာ သူ၏အိတ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။
” အီး…ပျင်းစရာကောင်းလိုက်တာ။ ဒီမျက်နှာဖုံးက မြေရိုင်းဒေသကို ခြယ်လှယ်နိုင်တဲ့ သော့ချက်ပဲ ”
နောက်ထပ် လေးနာရီကြာသည်အထိ သူက ဟိုဟိုသည်သည် လှုပ်ရှား၍ ဝိညာဥ်များကို စုဆောင်းလေရာ ဝိညာဥ်တစ်သောင်းအထိ ရရှိလာသည်။ ကံဆိုးစွာပင် ဤပမာဏက အမှန်တကယ်ကြီးမားလှသော ဝိညာဥ်အဖွဲ့ကြီးနှင့် ထိပ်တိုက်တွေ့ဆုံရခြင်းမရှိဘဲ သူအလုပ်နိုင်ဆုံးသော ပမာဏဖြစ်လေသည်။
သူ့နောက်လိုက်နေသည့် ငယ်သားများမှာ အချိန်မရွေး ခုန်ထွက်၍ သူ့ကို ကာကွယ်ရန် အဆင်သင့်ဖြစ်နေကြစဥ် သူက လျှောက်ပတ်၍ ဝိညာဥ်များစုဆောင်းနေသည်ကို မြင်လိုက်ရရာ အံ့သြသွားသော်လည်း ပုံမှန်အဖြစ် သဘောထားလိုက်တော့သည်။
သူတို့အမြင်အရ ပိုင်ရှောင်ချန်းသည် အမုန်းဝိညာဥ်များအတွက် အန္တရာယ်ကြီးဖြစ်လေရာ သူ့တိုကို သူ ဘာမှမလုပ်သည်ကပင် အံ့သြစရာကောင်းနေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ နောက်ဆုံး၌ အာရုဏ်ဦးရောင်ခြည်တန်းလေးများသည် ကောင်းကင်ယံမှ ဖြာဆင်းလာနေပြီး ပိုင်ရှောင်ချန်းက မဟာတံတိုင်းမှ ကီလိုမီတာ တစ်ရာကျော်ခန့် ဝေးနေလေပြီ။ ထိုအချိန်တွင် သူက စစ်မြေပြင်ဟုယူဆရသော နေရာကို ကျော်လုနီးပါးဖြစ်ပြီး မြေရိုင်းဒေသထဲသို့ ဝင်ရောက်နေတော့သည်။
ထူးဆန်းသော ကျောက်ဝင်္ကပါများ၊ ရက်စက်ကြမ်းကြုတ်သော အပင်မျိုးစုံနှင့် အခါအားလျော်စွာ သားရဲများကို မြင်ရလေသည်။ လူ့ဘီလူးအနည်းငယ်ကိုပင် မြင်လိုက်ရသေးသည်။
တစ်နေရာအရောက်တွင် မလှမ်းမကမ်းရှိ တောင်တန်းများထဲမှာ သားရဲတစ်ကောင်ကိုလိုက်ဖမ်းနေသော ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အား ပိုင်ရှောင်ချန်း လှမ်းမြင်လိုက်ရ၏။
ထိုဝိညာဥ်ကျင့်ကြံသူမှာ သူ စစ်မြေပြင်ပေါ်တွင် မြင်ခဲ့သူများနှင့် သိပ်မတူပေ။ သူက သာမန်အဝတ်အစားများ ဝတ်ဆင်ထားပြီး အနည်းငယ် ချောမောခန့်ညား၏။ သူ၏ အရှိန်အဝါအပေါ်အခြေခံ၍ သူထံမှ ထွက်ပေါ်နေသော ဝိညာဥ်စွမ်းအားအငွေ့အသက်များမှာ စစ်စစ်မဟုတ်ပဲ ရောနှောနေသည်မှလွဲ၍ အမြုတေအဆင့်မှာ ရှိနေဟန်တူသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ပိုင်ရှောင်ချန်းသည် ဝိညာဥ်ကျင့်ကြံသူများနှင့်ပတ်သက်ပြီး သေချာရေရာစွာ မသိခဲ့ပေ။ သို့သော် စစ်တပ်ငါးဖွဲ့၏ တပ်မှူးကြီး တစ်ယောက်အနေနှင့် မြေရိုင်းဒေသအကြောင်းကို လေးလေးနက်နက် နားလည်စေရန် စစ်မှုရေးရာမှတ်တမ်းများကို ကြည့်ရလေသည်။
မြေရိုင်းဒေသရှိ ဝိညာဥ်ကျင့်ကြံသူများမှာ တစ်ပေါင်းတစ်စုတည်းမရှိဘဲ အမှန်တကယ်ဆိုရလျှင် အဖွဲ့အစည်းအမျိုးမျိုး အတူတကွပေါင်းဖွဲ့ထားခြင်းဖြစ်လေသည်။ မည်သည့်အဖွဲ့အစည်းထဲမှာ မပါဝင်သော သင်းကွဲကျင့်ကြံသူများလည်း ရှိလေသည်။
မြေရိုင်းဒေသများရှိ အင်အားအကြီးဆုံးတပ်များက “ ဘုရင်မြို့တော်များ “ ဟုခေါ်သော မြို့တော်နယ်နိမိတ်များအတွင်း တပ်ချနေကြလေသည်။ ထိုသို့သော မြို့တော်များရှိ တပ်စခန်းများမှာ စစ်မြေပြင်ထဲတွင် သူမြင်တွေ့ခဲ့ရသည့် ဝိညာဥ်ကျင့်ကြံသူများ၏ နေအိမ်များဖြစ်သည်။
သို့သော်လည်း ထိုသို့သော လူများမှာ အမှန်တကယ်ဆိုရလျှင် အနည်းစုသာဖြစ်သည်။ ဝိညာဥ်ကျင့်ကြံသူအများစုမှာ အဖွဲ့ကွဲနေကြပြီး အင်အားကြီးသော အဖွဲ့အစည်းများနှင့် မသက်ဆိုင်ကြပေ။ သူတို့က ကြုံရာနေရာများရှိ နယ်နိမိတ်အနည်းငယ်ကို အုပ်ချုပ်သည့် အဖွဲ့ငယ်လေးများမှ လာလေသည်။ ယခု ပိုင်ရှောင်ချန်း ကြည့်နေသည့် ရောနှောဝိညာဥ်စွမ်းအားနှင့် ဝိညာဥ်ကျင့်ကြံသူမှာ မုချ ထိုအမျိုးအစားပင်။
မဟာတံတိုင်းမှ မည်မျှဝေးဝေးရောက်နေကြောင်း ပိုင်ရှောင်ချန်းသတိပြုမိလိုက်သောအခါ သူ၏စစ်ဆင်ရေးကို ရပ်ပြီး ပြန်ရန် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
သူလှည့်တော့မည်ဆဲဆဲမှာပင် မလှမ်းမကမ်းရှိ တောင်တန်းများထံမှ ခပ်အုပ်အုပ်အသံတစ်သံ ကြားလိုက်ရ၏။ အမှန်တကယ်တော့ တောင်ကြီးများ ပြိုကျသွားခြင်းဖြစ်ပြီး ကျဥ်းကြီးတစ်ခုအသွင် ပြောင်းသွားလေရာ လေထဲသို့ ဖုန်လုံးကြီးတစ်ခု မြောက်တက်သွားတော့သည်။
ထိုကျဥ်းကြီးအတွင်းမှ အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံထွက်လာကြသည့် ဧရာမဝိညာဥ်အုပ်ကြီးတစ်အုပ်ရှိလေသည်။ ပိုင်ရှောင်ချန်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။
” ဘာတွေ ဖြစ်နေတာတုံး ”
သူက တွေးလိုက်၏။ ချက်ချင်းပင် ထိုနေရာရှိ အခြားလူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများက ထူးထူးဆန်းဆန်းတစ်ခုခုဖြစ်နေကြောင်း သတိပြုမိသွားကြသည်။ ဝိညာဥ်များအားလုံး ရုတ်တရက် ပျံထွက်လာသည်ကို သူတို့ မြင်သောအခါ ဝိညာဥ်များကို ဖမ်းရန် ပြိုကျသွားသော တောင်ကြီးဘက်သို့ အပြေးအလွှားသွားလိုက်ကြလေသည်။
ပိုင်ရှောင်ချန်းအတွက် ဝိညာဥ်များမှာ အရေးပါသော တိုက်ပွဲစွမ်းဆောင်မှုရမှတ်များဖြစ်သော်လည်း အလားတူ မြေရိုင်းသားများအတွက်လည်း တန်ဖိုးကြီးလေသည်။ သူတို့ကို မဟာတံတိုင်းအား တိုက်ခိုက်ရန် လက်နက်များအဖြစ် အသုံးပြုနိုင်ရုံသာမက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများမရှိသောနေရာများတွင် ကျင့်ကြံခြင်းများအတွက်လည်း အသုံးဝင်လေသည်။
ထို့ပြင် ဝိညာဥ်များလက်ဝယ်ရှိသည့် မည်သူမဆို ကျင့်ကြံခြင်းအတွက်သာမက ဝိညာဥ်ဆေးဖော်ခြင်းအတွက်လည်း အသုံးပြုမည့် အောက်လမ်းဆရာများထံ ရောင်းချနိုင်လေသည်။
ထိုမျှသာမက မဟာတံတိုင်းနှင့် နီးသော မြေရိုင်းဒေသနေရာများ၌ တိုက်ပွဲအတွင်းသေဆုံးသွားသော လူများကြောင့် ပိုမိုများပြားသော ဝိညာဥ်များရှိတတ်လေသည်။ ထိုအကြောင်းကြောင့်ပင် လူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများသည် အခြားနေရာများထက် ဝိညာဥ်များပို၍ စုဆောင်းနိုင်ရန် မျှော်လင့်ရင်း ထိုနေရာတစ်ဝှမ်းကျင်လည် ကျက်စားနေကြခြင်းဖြစ်လေသည်။
ဘေးဘီဝဲယာကြည့်လိုက်သောအခါ လူ့ဘီလူးဒါဇင်အနည်းငယ်နှင့် ပို၍ များပြားသော ဝိညာဥ်ကျင့်ကြံသူများအားလုံးက ဝိညာဥ်များကိုလုရန် အပြေးအလွှား သွားနေကြသည်ကို ပိုင်ရှောင်ချန်း မြင်လိုက်ရလေသည်။
” တစ်သောင်းလောက်ရှိရမယ် ”
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ဝိညာဥ်များကို ပြိုင်လုရန် အလောတကြီးဖြစ်နေသော အဖွဲ့ထဲတွင် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်နေသူ တစ်ယောက်မှ မပါဝင်ပေ။သူတို့အထဲ စွမ်းအားအကြီးဆုံးသုံးယောက်မှာ အမြုတေအဆင့်မဟာစက်ဝန်းတွင် ဖြစ်ပြီး အားလုံးမှာ အခြေခိုင်မာခြင်း သို့ဟုတ် အမြုတေအဆင့်တွင်သာ ဖြစ်သည်။ ထို့ကြောင့် သူက တွေဝေတွန့်ဆုတ်မနေဘဲ သူတို့နှင့်အတူ ပြေးသွားပြီး သူသွားရာ လမ်းတစ်လျှောက်ရှိ ဝိညာဥ်များကို ဆွဲယူလိုက်သည်။
” ငါ့ဟာတွေ၊ ဒါတွေအားလုံး ငါ့အပိုင်ပဲ ”
လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကို မည်သူမှန်း မသိလေရာ အခြားဝိညာဥ်ကျင့်ကြံသူတစ်ယောက်ဟုသာ ထင်နေကြလေသည်။ သို့သော်လည်း မကြာမီ အခြားလူတကာထက် ပိုများသော ဝိညာဥ်များကို ဆွဲယူနေကြောင်း သူတို့ သတိထားမိသွားလေသည်။ အမှန်အတိုင်းဆိုရလျှင် သူက တစ်ဝက်ခန့်ပင် ရနေလေပြီ။
ထို့နောက် သူလှုပ်ရှားနေစဥ် ဝိညာဥ်တစ်ကောင်မျှ သူ့ကို တိုက်ခိုက်လာခြင်းမရှိကြောင်း သိသာလာတော့သည်။ သူတို့ အားထုတ်နေရသည်နှင့် မတူဘဲ သူက လက်ကလေးလှမ်း၍ ဖမ်းဆွဲလိုက်ရုံသာဖြစ်သည်။
အခြေခိုင်မာခြင်းအဆင့်ရှိလူများမှာ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့မျှမလုပ်နိုင်သော်လည်း အမြုတေအဆင့် မဟာစက်ဝန်းရှိ လူလက်တစ်ဆုပ်စာမှာ ဒေါသများ၊ သတ်ဖြတ်လိုက်စိတ်များနှင့် တောက်လောင်လာတော့သည်။
” ဒီမျောက်က ဘယ်ကလာတာတုံး။ မြန်လိုက်တာကွာ ”
” သောက်ကျိုးနည်း၊ ငါတို့အားလုံး ပေါင်းလိုက်ရင်တောင် ဒီကောင်စုဆောင်းထားတဲ့ ဝိညာဥ်တစ်ဝက် မရှိဘူး။ အဲဒီကောင် သေချင်နေတာလား။ ဘာဖြစ်ချင်နေတာတုံး ”
သူတို့ထဲရှိ တစ်ယောက်မှာ ခရမ်းရောင်အလင်းများ တောက်ပနေသည့် မျက်လုံးများနှင့် အဘိုးအိုတစ်ယောက်ဖြစ်လေသည်။ အမြုတေအဆင့် မဟာစက်ဝန်းရှိ ဝိညာဥ်ကျင့်ကြံသူသုံးယောက်ရှိသော်လည်း အခြားနှစ်ယောက်မှာ ဤအဘိုးအို၏ နောက်လိုက်ဖြစ်ဟန်တူပြီး ပိုင်ရှောင်ချန်းကို အေးစက်စက်မျက်လုံးများနှင့် လှည့်ကြည့်လိုက်ကြလေသည်။
မြေရိုင်းဒေသတွင် တရားဝင်စည်းမျဥ်းများ မရှိဘဲ အားကြီးသူသာ ရှင်သန်မြဲဖြစ်ပြီး ကြီးနိုင်ငယ်ညှင်းဝါဒသည် လူတိုင်းအပေါ် လွှမ်းမိုးနေလေသည်။ ပိုင်ရှောင်ချန်းက သူ့ကို စိုက်ကြည့်နေသော လူသုံးယောက်အဖွဲ့အ မြင်သောအခါ တုံ့ခနဲရပ်သွားသည်။ ထို့နောက် သူက မျက်လုံးများမှေး၍ သတ်ဖြတ်လိုသောအရှိန်အဝါများ ထုတ်ဖော်ပြသရင်း သူတို့ကို ဒေါသတကြီးပြန်ကြည့်လိုက်လေသည်။
သူတို့ထဲကတစ်ယောက်သာ ယင်ယန်ဝိညာဥ်အဆင့်ဖြစ်လျှင် ထိုသို့ကိစ္စမျိုးလုပ်မည်မဟုတ်သော်လည်း သူတို့မှာ အမြုတေအဆင့်မဟာစက်ဝန်းသာဖြစ်လေရာ မည်သည့်အတွက်ကြောင့် သူ ကြောက်နေရမည်နည်း။
ဤကိစ္စနှင့်ပတ်သက်ပြီး ထပ်မံစဥ်းစားကြည့်လိုက်လျှင် သူနှင့် မနီးမဝေးမှာ တပ်သားတစ်ထောင်ရှိ၏။ အမိန့်လေးတစ်ချက်ပေးလိုက်ရုံနှင့် သူ့ကို အပြေးအလွှား လာကူကြလိမ့်မည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်သည်သာမက ယခုအခိုက်အတန့်မှာ အမှန်တကယ် စိတ်ကြီးဝင်နေတော့သည်။ သူက သွေးအေးစွာ ပြန်စိုက်ကြည့်လိုက်ရင်း အားကုန် တိုက်ခိုက်တော့မည့်လား ဟိန်းဟောက်လိုက်သည်။
” လာစမ်းပါ။ သတ္တိရှိရင် ငါ့ကို လာတိုက်လေ ”
လူ့ဘီလူးများသာမက ဝိညာဥ်ကျင့်ကြံသူများသည်လည်း သူ၏ ကြောက်လန့်တုန်လှုပ်ဖွယ်အမြန်နှုန်းကြောင့် စတင်၍ မတိုက်ခိုက်ဝံ့ပေ။ ယခုအခါ သူ့အသွင်က ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများကို ကျင့်သားရနေသည့် သွေးအေးသော မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေတော့သည်။ သို့ဖြစ်လေရာ အဘိုးအိုမှာ အေးစက်စက်နှာမှုတ်၍ သူ့ကို လျစ်လျူရှုပြီး ချိုင့်ကြီးထံ ဆက်သွားလိုက်သည်။
အခြား အမြုတေအဆင့် ကျင့်ကြံသူများသည်လည်း အလားတူ ပြုမူလိုက်ကြပြီး အခြေခိုင်မာခြင်းအဆင့်ရှိ အခြားဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများမှာမူ အစကတည်းက သူ့ကို ရန်စရန် ရည်ရွယ်ချက်လုံးဝမရှိကြပေ။ သူတို့အားလုံးမှာ ဝိညာဥ်အနည်းငယ်ရလိုရငြား မျှော်လင့်ရင်း ကျဥ်းကြီးဆီသို့သာ ဆက်သွားလိုက်သည်။
ထိုသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက တိတ်တိတ်ကလေး ရယ်လိုက်ပြီး အေးစက်စက် နှာမှုတ်သံအချို့ပြုလိုက်လေသည်။
” ဟင်းဟင်း၊ ကိုယ်တော်ပိုင် ဘယ်လောက် အံ့သြစရာကောင်းတယ်ဆိုတာ သူတို့ သိနေတာကိုး။ သူတို့မှာ ဦးနှောက်တော့ ရှိသားပဲ ”
သူက မေးကိုပင့်ထားပြီး သူ့အသွင်က သူ့လမ်းကြောင်းရှိ မည်သူကိုမဆို ချေမှုန်းပစ်မည့် တစ်မိုးအောက်တွင် တုဖက်ကင်း လူတစ်ယောက်နှင့် တူနေတော့သည်။ ဤအချိန်တွင် မဟာတံတိုင်းထံသို့ ပုံမှန်အတိုင်း လှည့်ပြန်မသွားနိုင်တော့လေရာ လက်ကို နောက်ပစ်၍ ကျဥ်းကြီးထံ ဦးတည်လိုက်လေသည်။
ကျဥ်းကြီးနှင့် နီးကပ်လာပြီး နောက်ဆုံးတွင် ၄င်းအောက်ခြေရှိ ဂူအပေါက်ဝတစ်ခုကို မြင်လိုက်ရလေသည်။ ထိုနေရာသည် ဝိညာဥ်များထွက်လာသော နေရာဖြစ်၏။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ တချို့ဝိညာဥ်များမှာ အနီရောင်ဖြစ်နေပြီး ယင်ယန်ဝိညာဥ်အဆင့်ဖြစ်ကြောင်း ဖော်ပြနေလေသည်။
” ဒီနေရာမှာ ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေတာတုံး ”
သူက ဝမ်းသာအားရဖြစ်သွားပြီး ရှေ့သို့ ခုန်တက်၍ ဝိညာဥ်တစ်ကောင်ပြီးတစ်ကောင် ဖမ်းနေတော့သည်။ ထိုနေရာရှိ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ လျှပ်ပြက်သည့်အလား ဝိညာဥ်များစွာ ဖမ်းနေသည့် သူ့ကို မြင်သောအခါ သူတို့၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာတော့သည်။
အကယ်၍ သူတို့သာ သူ့ကို တိုက်ခိုက်လာပါက သူ့အတွက် တိုက်ခိုက်ပေးရန် ကျင့်ကြံသူတစ်ထောင် ရုတ်တရက် ထွက်ပေါ်လာပြီး မည်သို့ဖြစ်သွားမည်ကို ပုံဖော်ကြည့်ကာ သူသည် ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်၍ ထိန်းထားရလေ၏။ ထိုခမ်းနားကြီးကျယ်လှသော မြင်ကွင်းကို တွေးလိုက်ရုံနှင့် သူ့ကို အလွန်စိတ်လှုပ်ရှားသွားစေရာ သူတို့ သူ့ကို အမှန်တကယ်တိုက်ခိုက်ရန်ပင် ဆုတောင်းနေတော့သည်။
“လာပါကွ။ ငါ့ကို မြန်မြန်လေး တိုက်ခိုက်ကြစမ်းပါ ”
သူက တွေးလိုက်သည်။ ထို့နောက် သူက ယင်ယန်ဝိညာဥ်အဆင့်ရှိအကောင်များကို အဓိကထားရင်း ဝိညာဥ်များစုဆောင်းခြင်းကို အရှိန်တင်လိုက်လေသည်။
အချိန်အနည်းငယ်ကြာသော် အမြုတေအဆင့် မဟာစက်ဝန်းရှိ အဘိုးအိုက ရုတ်တရက် ကြောက်မက်ဖွယ် အသွင်ဖြင့် တဟားဟား ရယ်မောလိုက်လေသည်။ သူ့ထံမှ အနက်ရောင်မြူများ ထွက်ပေါ်လာပြီး ဧရာမခေါင်းခွံကြီး အသွင်ပြောင်းကာ သူ့ကို ဝန်းရံထားလေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းထံ လျှောက်လာတော့သည်။
ထိုအခိုက်အတန့်မှာပင် ကျဥ်းကြီးဆီမှ မည်သည့်အသံထက်မဆို သာလွန်နေသည့် ပြင်းထန်သော ထစ်ခြုန်းသံကြီးတစ်သံထွက်ပေါ်လာတော့သည်။
ဝုန်းးးးး