အခန်း ( ၄ )

ကမ္ဘာကြီးက အန္တရာယ်များတယ်

“ လင်းအယ်၊ ချီဆိုတာ ဘာလဲ သိလား ”

“ ချီဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ အသက်သွေးကြောတွေပဲ။ သက်ရှိသက်မဲ့အရာအားလုံးရဲ့ ဝင်သက်ထွက်သက်ဆိုလည်း ဟုတ်တယ်။ ကျင့်ကြံခြင်းနည်းလမ်းတွေအားလုံးက ချီကနေ စတင်ကြရတယ်။ လူတစ်ယောက်က အာနပါနရုှမှတ်ပြီး ခန္ဓာကိုယ်ထဲ ချီတစ်ပတ်လှည့်ပတ်လိုက်တာနဲ့ ကောင်းကင်စက်ဝန်းတစ်ခါ ပြည့်တယ် ”

“ ဒီနေ့ လင်းအယ်ကို ဆရာတို့ဂိုဏ်းရဲ့ အခြေခံပညာရပ်ဖြစ်တဲ့ ကောင်းကင်ချီမန္တန် သင်ကြားပေးမယ် ”

“ အဲဒါက လူတစ်ယောက်ရဲ့ တာအိုအခြေခံကို တည်ဆောက်ပေးတဲ့ ပညာရပ်ပဲ။ ကျွန်းကြီးငါးကျွန်းက တခြားပညာရပ်တွေနဲ့ ယှဉ်ရင်တောင် ထူးခြားတဲ့ အခြေခိုင်မာစေတဲ့ ပညာရပ်ပဲ။ နောက်ကျ တခြားပညာရပ်တွေ လေ့ကျင့်မယ်ဆိုရင်တောင် လင်းအယ်ရဲ့ အခြေခံ ခိုင်မာနေအောင် ဒီပညာရပ်က ကူညီပေးနိုင်သေးတယ် ”

“ လင်းအယ် … ဟဲ့ လင်းအယ် ”

“ လင်းအယ် နားထောင်နေပါတယ်ဆရာ ”
လန်လင်းအယ်သည် ကန်နံဘေးရှိ မိုးမခသစ်ပင်ကြီး၏ အရိပ်အာဝါသအောက်ဝယ် မတ်တတ်ရပ်နေပြီး သူမ၏မျက်ဝန်းများက ကန်ရေပြင်အလယ်ကို အလိုလို ကြည့်မိလျက်သား ဖြစ်နေပြီး စိုးရိမ်ပူပန်စွာဖြင့် ဂနာမငြိမ်ဖြစ်နေတော့သည်။

တာအိုရသေ့ချီယွမ်က ကန်အလယ်ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။
“ လင်းအယ်ရဲ့ ဆရာတူအစ်ကိုကြီးကတော့ ရေကိုယ်ယောင်ဖျောက်ပညာရပ်ကို နားလည်ဖို့ ကြိုးစားနေတာ။ သူ့ကို အနှောင့်အယှက်မပေးနဲ့၊ ဆရာ ပြောတာကို အာရုံစိုက်နော်။ ဒီ အခြေခံကျင့်ကြံခြင်း ပညာရပ်ကို ဆရာ လင်းအယ်ကို ရှင်းပြမယ် ”

“ ဟုတ်ကဲ့ပါဆရာ ”
လန်လင်းအယ်က အာရုံစုစည်းကာ ဆရာသင်ကြားပေးသော အံ့မခန်းပညာရပ်အပေါ်တွင် အာရုံစိုက်လိုက်သည်။ ထိုစကားလုံးများ၏ ဆိုလိုရင်းကို နားလည်ရန် အတတ်နိုင်ဆုံး သူမ ကြိုးစားလေသည်။

သို့သော် တဒင်္ဂကြာပြီးနောက် …

လန်လင်းအယ်၏ မက်မွန်သီးအသွင် မျက်ဝန်းလေးများက စက်ဝိုင်းအလား ပြူးကျယ်ဝိုင်းစက်သွားသည်။ လင်းအယ်က ရေပြင်ကို လက်ညှိုးထိုးကာ အလန့်တကြား ဆိုသည်။
“ ဆရာ၊ ဆရာတူအစ်ကို ပျောက်သွားပြီ ”

ချီယွမ်က ခေါင်းလှည့်၍ လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံး၍ ပြောသည်။
“ အဲဒါ ကိုယ်ယောင်ဖျောက်ပညာရပ်ပဲ။ လာ၊ အခန်းထဲကိုသွားပြီး လေ့ကျင့်ကြမယ်။ လင်းအယ်ရဲ့ ဆရာတူအစ်ကိုက ကိုယ်ယောင်ဖျောက်ပညာရပ်မျိုးစုံကို သိပ်စိတ်ဝင်စားတာ။ ဒါ သူ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ဆဋ္ဌမမြောက်ကိုယ်ယောင်ဖျောက်ပညာရပ် ဖြစ်မယ် ”

“ ဆရာ၊ ကိုယ်ယောင်ဖျောက်ပညာရပ်တွေဆိုတာ ဘယ်လိုမျိုးလဲဟင် ”

ချီယွမ်က မုတ်ဆိတ်ကို လက်ဖြင့်သပ်ကာ ပြုံး၍ ဆိုသည်။
“ ကိုယ်ယောင်ဖျောက်ပညာရပ်တွေဆိုတာ ဓမ္မမန္တန်တစ်မျိုးပဲကွဲ့။ လူတစ်ယောက်ကို နေရာအသီးသီးကို တခဏလေးအတွင်း ပို့ပေးနိုင်တယ်။ ရေကိုယ်ယောင်ဖျောက်ပညာကို တတ်ထားတဲ့လူက ရေထဲကို ထိုးဆင်းသွားပြီး ငါးတွေထက်မြန်အောင် ကူးခတ်နိုင်တယ်။ ဟိုမှာ၊ လင်းအယ်ရဲ့ဆရာတူအစ်ကို ကန်ဘေးမှာ ပြန်ပေါ်လာပြီ။ သူ့ ကိုယ်ယောင်ဖျောက်တဲ့နှုန်းက တကယ် ပြိုင်စံရှားပဲ ”

လန်လင်းအယ်သည် ခြေဖျားကလေးထောက်၍ ကန်၏အစွန်းတစ်ဖက်တွင် ပေါ်လာသော ဆရာတူအစ်ကိုအား မြင်တွေ့ခွင့်ရရန် လှမ်းကြည့်လိုက်သည်။ သူက ရေပြင်ပေါ် တည်ငြိမ်စွာ ရပ်နေ၏။
လင်းအယ်က ချိုလွင်သောလေသံကလေးဖြင့် ချီးကျူးစကားဆိုသည်။
“ ဆရာတူအစ်ကိုကြီးက သိပ်အထင်ကြီးဖို့ ကောင်းတာပဲ ”

“ ကိုယ်ယောင်ဖျောက်ပညာရပ်တွေအရ ပြောရင်တော့ လင်းအယ်ရဲ့ဆရာတူအစ်ကိုက တုနတ်ဝိဇ္ဇာဂိုဏ်းက တခြားလူတွေနဲ့ယှဉ်ရင် တကယ် အထင်ကြီးဖို့ကောင်းတယ် ”
ချီယွမ်မှာ အတန်ငယ် ကူကယ်ရာမဲ့နေဟန်ရှိသည်။
“ ကိုယ်ယောင်ဖျောက်ပညာရပ်တွေလိုမျိုး တခြားဓမ္မမန္တန်တွေပေါ်မှာသာ အားစိုက်လိုက်ရင် ဆရာ ပိုပြီး စိတ်အေးရမှာ ”

လန်လင်းအယ်က မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်၍ တဲအိမ်လေးဆီသို့ ဆရာ၏နောက်မှ လိုက်သွားသည်။

ချီယွမ်က တရားထိုင်ခုံနှစ်ခုံ ဆင့်ခေါ်လိုက်ပြီး တဲအိမ်ကလေး၏ သစ်သားတံခါးကို ပိတ်လိုက်သည်။ သူက တပည့်လေး၏ခေါင်းကို မြင်းမြီးနှင်တံဖြင့် ညင်သာစွာ ခေါက်ကာ ဆိုသည်။
“ အာရုံမပျံ့လွင့်စေနဲ့ ”

“ ဟုတ် ”
လန်လင်းအယ်က ခပ်သွက်သွက်ကလေး တင်ပျဉ်ခွေထိုင်ချလိုက်ပြီး နောက်ဆုံး၌ သည်တစ်ကြိမ်တွင် အာရုံစိုက်နိုင်သွားလေသည်။

လီချန်ရှို့က ကန်ရေပြင်ပေါ် လမ်းလျှောက်နေသည်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူက ရုတ်ချည်း ရေစီးကြောင်းတစ်ကြောင်း အသွင်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ကန်ရေပြင်အလယ်တွင် ပြန်ပေါ်လာသည်။

‘ ရေကိုယ်ယောင်ဖျောက်ပညာက အလုပ်လုပ်ပေမဲ့ အချိန်သိပ်ယူရတာပဲ ’
သို့ပေမည့် ရေကိုယ်ယောင်ဖျောက်ပညာရပ်ကို သူ ထုတ်ဖော်လိုက်စဉ် သူက ရေနှင့် တသားတည်း ဖြစ်သွားပြီး ယင်းက ဓမ္မရတနာတချို့သုံး၍ တိုက်ခိုက်လာသည်များမှ သူ့ကို ကာကွယ်ပေးနိုင်လေသည်။

‘ ရေက အရာအားလုံးကို တိုက်ခိုက်နေစရာမလိုဘဲ ပုံမပျက် သယ်သွားပေးနိုင်တယ်။ ဒါက တကယ့်ကို လေ့ကျင့်ရကျိုးနပ်တဲ့ ပညာပဲ ’
လီချန်ရှို့က လက်ကိုနောက်ပစ်၍ ရပ်နေပြီး အတန်ကြာ စဉ်းစားနေပြီးနောက် ရေပြင်ပေါ် ဆက်လက် လမ်းလျှောက်သွားလေသည်။ သို့သော်လည်း သူက ခြေလှမ်းတိုင်း ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။

ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် လီချန်ရှို့သည် ရေကိုယ်ယောင်ဖျောက်ပညာ ထုတ်ဖော်ရန် ရေပြင်ပေါ် လမ်းလျှောက်နေစရာ မလိုတော့ပေ။ ကန်ရေပြင်နှင့် ထိလိုက်မိသည်နှင့် ရေကိုယ်ယောင်ဖျောက်ပညာရပ်ကို သူ ချက်ချင်း ထုတ်ဖော်နိုင်သွားသည်။

သို့ရာတွင် လီချန်ရှို့ မကျေနပ်သေးပေ။ သူက ရေကိုယ်ယောင်ဖျောက်ပညာအား တိုးတက်စေနိုင်မည့်နည်းလမ်းများကို ဆက်လက်စဉ်းစားတွေးတောနေပြီး အချိန်များသည်လည်း တရွေ့ရွေ့ကုန်လွန်သွားလေသည်။

ထိုသို့ဖြင့် ညနေခင်းရောက်သောအခါ ချီယွမ်က ပြန်လာရန် သူ့ကို ပြောကြားလိုက်သော လေလှိုင်းသတင်းစကား ရောက်ရှိလာသည်။
“ လင်းအယ်က အခုထိ အစာလွတ်မကျင့်ရသေးဘူး။ ဒါပေမဲ့ တချိန်လုံး အားဖြည့်ဆေးလုံးတွေ ကျွေးနေလို့လည်း မဖြစ်ဘူး။ မင်း တဲဆောက်ရင်း တစ်လက်စတည်း မီးဖိုပါ ဆောက်ပေးလိုက်။ သူ အစာလွတ်ကျင့်နိုင်တဲ့နေ့ရောက်တဲ့အထိ နေ့တိုင်း သူ့အတွက် မင်း အစားအစာ ဖန်တီးပေးရမယ် ”

လီချန်ရှို့က လက်နှစ်ဖက်ကိုဆုပ်၍ ပြောသည်။
“ ဟုတ်ကဲ့ပါ ဆရာ ”

“ ဆရာ တရားသွားကျင့်တော့မယ်။ လင်းအယ်လေး၊ တစ်ခုခု အဆင်မပြောတာရှိရင် ဆရာတူအစ်ကိုကို ပြောလိုက်နော် ”

“ ဟုတ်ကဲ့ပါ ဆရာ ”
လန်လင်းအယ်က ဆရာတူအစ်ကို၏ အပြုအမူကို တုပ၍ လက်သေးသေးလေးနှစ်ဖက်အား ဆုပ်ကာ ပြန်ဖြေလိုက်သည်။ ထိုအခိုက် သူမ၏ဗိုက်ကလေးမှ တဂွီဂွီမြည်သံများ ထွက်ပေါ်လာ၍ မျက်နှာကလေး နီရဲသွားလေသည်။

ချီယွမ်က သဘောကျစွာ တဟားဟား ရယ်မောလိုက်ပြီးနောက် မီးခိုးငွေ့တန်းအသွင် ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။ လီချန်ရှို့သည်လည်း ပြုံးနေသည့်တိုင် ဆရာတူညီမလေးကို ရှက်ကို့ရှက်ကန်း မဖြစ်စေလို၍ ကန်ရေပြင်ဘက် အကြည့်လွှဲလိုက်သည်။

“ ဆရာတူအစ်ကို၊ စောစောက ဆရာသုံးသွားတာ မီးခိုးငွေ့တန်း ကိုယ်ယောင်ဖျောက်အတတ်လားဟင် ”

“ အဲ … မီးခိုးငွေ့တန်း ကိုယ်ယောင်ဖျောက်အတတ် … ”
လီချန်ရှို့ တခဏကြာ မှင်သက်သွားရပြီးနောက် တဟားဟား ရယ်မောလိုက်လေသည်။
“ အဲဒါ ပုံရိပ်ယောင်မန္တန်တစ်ခုပဲ။ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အသက်အန္တရာယ်ကို ကာကွယ်ဖို့ အဓိက သုံးကြတယ်။ ရန်သူကို ထောင်ချောင်ဆင်တဲ့အခါ ဒါမှမဟုတ် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သုံးလို့ရတယ်။ အဲဒါက ဆရာ့ရဲ့ အစွမ်းထက်ဆုံး မန္တန်တွေထဲက တစ်ခုလို့ ပြောရင်ရတယ်။ လင်းအယ် သင်ချင်လား။ လင်းအယ် တိုးတက်အောင် အရင် ကျင့်ကြံလိုက်ဦး။ ပြီးတော့ ဆရာ့ကို တောင်းဆိုရင် ဆရာက လင်းအယ်ကို သင်ပေးမှာ ”

“ ဆရာတူအစ်ကိုကြီးရဲ့ ရေကိုယ်ယောင်ဖျောက်အတတ်ဆိုရင်ကော၊ အခု လင်းအယ် အဲဒါကို သင်လို့ မရဘူးလား ”

“ ရေကိုယ်ယောင်ဖျောက်အတတ်က နောက်မှ သင်လို့ရမှာ။ အဲဒါနဲ့ တခြားဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်တွေကို မသင်ခင် လင်းအယ် ချီသန့်စင်ခြင်းအဆင့်ရဲ့ ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေမှရမယ်။ ကျင့်ကြံသူလက်သစ်ယောက်အနေနဲ့ အဲဒါကို အခု ခေါင်းထဲက ထုတ်ထားလိုက်ဦး။ လင်းအယ်က အခုမှ တစ်ခါပဲ တရားထိုင်ရသေးတာလေ ”

လန်လင်းအယ်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မေးမြန်းလိုက်သည်။
“ လက်သစ်ဆိုတာ ဘာကိုပြောတာလဲဟင်။ နုံအတဲ့လူသစ်လို့ ပြောတာလား ”

လီချန်ရှို့၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြုံးလိုက်သည်။ သူက လင်းအယ်ကို ပရဆေးပင်ဥယျဉ်နံဘေးရှိ မြေကွက်လပ်ကို ခေါ်ဆောင်သွားသည်။
“ လင်းအယ်ဘာစားချင်လဲ။ ဒီနားတစ်ဝိုက်မှာ သားကောင်တွေအများကြီး ရှိတယ်။ ဘာအစားအစာမှ မရှောင်ရင် ညီမကို အစ်ကိုကြီး ဒါ အကြံပေးချင်တယ် ”

‘ သားကောင်တွေလား ’

“ ဆရာတူအစ်ကို၊ နေ့ခင်းက ညီမတို့စား … စားနေတာ ဒီပရဆေးပင်တွေလားဟင် ”

“ မဟုတ်ပါဘူး ”
လီချန်ရှို့က လက်ဖဝါးဖြန့်လိုက်ရာ တစ်နေရာမှ ကျောက်စရစ်ခဲတစ်ခဲက သူ့ထံ ပျံသန်းလာပြီး သူ့လက်ဖဝါးပြင်ထက်တွင် လည်နေလေသည်။ ပြီးသည်နှင့် ၎င်းက တဝီဝီမြည်လျက် တောအုပ်ထဲ ပျံသန်းသွားလေသည်။

လန်လင်းအယ်သည် မမျိုသိပ်ထားနိုင်ဘဲ အံ့အားသင့်သွားသည့် အာမေဋိတ်အသံကလေး နှုတ်မှ လွှတ်ခနဲ ထွက်ကျသွားသည်။ ထိုစဉ် ငှက်အုပ်ကြီး ပျံသန်းသွားကြသည်ဖြစ်၍ တကျွီကျွီမြည်သံများ တောအုပ်လေးထဲ ပျံ့လွင့်နေတော့သည်။

မကြာခင် သုံးရောင်ခြယ်ငှက်မွေးများနှင့် လှပစွာ မွေးဖွားလာခဲ့သော ရွှေရောင်ရစ်ငှက်တစ်ကောင် လေထဲမှ ပြုတ်ကျလာသည်။ ရွှေရောင်ရစ်ငှက်၏ရင်အုံတွင် ကျောက်စရစ်ခဲမှန်သွားသော ဒဏ်ရာလေးရှိနေပြီး ၎င်း သေသွားသည်မှာ အတန်ငယ် ကြာနေပြီဖြစ်လေသည်။

ကျောက်စရစ်ခဲသည် တောထဲသို့ ပျံသန်းသွားရာမှ ပြန်ကွေ့လာပြီး လီချန်ရှို့က ၎င်းကို ဖမ်းယူကာ အနီးအနားရှိချုံပုတ်ကို ပစ်လိုက်သည်။ ယင်းက လန်လင်းအယ်၏ မျက်ဝန်းများကို ဝင်းလက်တောက်ပသွားစေသည်။

များမကြာမီ လီချန်ရှို့က ကန်နံဘေးတွင် ငှက်ကင်ရန် မီးဖိုတစ်ဖိုကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖိုထားလိုက်သည်။ သူက ရွှေရောင်ရစ်ငှက်၏ အမွေးအတောင်များကို နှုတ်ကာ အတွင်းကလီစာများကို ထုတ်လိုက်သည်။ သူ အလွန် တန်ဖိုးထားရသော ရာသီစာသီးနှံများဖြင့် ကစော်ဖောက်ထားသော ပုလင်းအနည်းငယ်ကို ထုတ်ယူလိုက်သည်ဖြစ်၍ ဆရာတူညီမလေးမှာ ဂလုခနဲ တံတွေးကို မျိုချနေရတော့သည်။

“ ဆရာတူအစ်ကို၊ ကျောက်စရစ်ခဲကို ပစ်လိုက်တုန်းက ဘာမန္တန်သုံးလိုက်တာလဲဟင်။ ဘာလို့ ကျောက်စရစ်ခဲက နောက်ကို ပျံသန်းလာရတာလဲ ”

“ ဒါက ရိုးရှင်းတဲ့ အဝေးထိန်းအတတ်လေး တစ်ခုပဲလေ ”
လီချန်ရှို့က ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

“ ဒါက သာမန်မန္တန်လေးတစ်ခုလို့ ပြောရင်ရတယ် ’’

“ ဒီနေ့ခေတ်ကျင့်ကြံခြင်းလောက တစ်နည်းပြောရရင် ကျွန်းကြီးငါးကျွန်းလုံးမှာ ထင်ရှားကျော်ကြားတဲ့ တိုက်ခိုက်ရေးနည်းဗျူဟာက ဓမ္မလက်နက်တွေကို အသုံးချတာပဲ။ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းတန်ခိုးကို ဓမ္မလက်နက်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ရင် တိုက်ခိုက် ဒီလိုမှမဟုတ်ရင် အဲဒီလက်နက်ပဲသုံးပြီး တိုက်ခိုက်တာပဲ ”

“ အဝေးထိန်းအတတ်ဆိုတာ ဓမ္မရတနာတွေကို ထိန်းချုပ်တဲ့ အခြေခံအတတ်လေးပဲ ရှိသေးတယ် ”

“ လင်းအယ်က အခုမှ စလေ့ကျင့်ဖူးတာဆိုတော့ ဒါတွေမသိတာ သိပ်မထူးဆန်းဘူး။ အစ်ကို နောက်ကျရင် လင်းအယ်ကို ဒါတွေ တဖြည်းဖြည်းချင်း ရှင်းပြမယ် ”

“ ဟုတ်ကဲ့ ”
ဘေးဖက်တွင် လန်လင်းအယ်သည် ဒူးထောက်နေပြီး ပြေကျနေသော ဆံချည်မျှင်အား နားနောက်သို့ သပ်တင်ကာ ခပ်စူးစူးလေသံလေးဖြင့် ဆိုသည်။
“ ဆရာတူအစ်ကိုရဲ့ မန္တန်တွေအားလုံးက သိပ်အထင်ကြီးစရာကောင်းသလိုပဲနော် ”

လီချန်ရှို့က ခေါင်းကို ခါလိုက်ပြီးနောက် လင်းအယ်လေးအား ညင်သာစွာ ရှင်းပြလိုက်သည်။
“ ညီမလေး အထင်လွဲနေတာ။ အဲဒါတွေက အထင်ကြီးဖို့ မကောင်းဘူး ’’

“ ဆရာနဲ့ အစ်ကိုတို့ နှစ်ယောက်စလုံးက အခုထိ နတ်ဝိဇ္ဇာအဖြစ်ကို မတက်လှမ်းနိုင်သေးဘူးလေ ”

“ ဒီအာဒိကပ္ပလောကကြီးက သိပ်ရက်စက်ကြမ်းတမ်းတာ။ နတ်ဝိဇ္ဇာအဆင့်ကို ရောက်သွားတယ်ဆိုတာ ရွာလေးတစ်ရွာကနေ ထွက်လာရသလိုပဲ။ အဲဒီနတ်ဝိဇ္ဇာအဆင့်အထက်မှာ ခုနစ်ဆင့်၊ ရှစ်ဆင့်လောက် ရှိသေးတယ်။ အဲဒီအဆင့်တွေထိ ပေါက်မြောက်အောင် ကျင့်ကြံနိုင်တော့မှပဲ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အဖြစ် မှတ်ယူနိုင်မှာ။ အဆင့်တိုင်းက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ရှေ့ဆက်ကျင့်ကြံလို့မရအောင် တားဆီးနိုင်တယ် ”

“ အာဒိကပ္ပလောကကြီး ဖြစ်တည်လာခဲ့တာ နှစ်တွေအကြာကြီး ရှိနေပြီဆိုတော့ အဆင့်မြင့် ကျင့်ကြံသူတွေ မရေမတွက်နိုင်လောက်အောင် ရှိလာတယ်။ ဒီတော့ ကျင့်ကြံသူအသစ်လေးတွေအနေနဲ့ အထွတ်အထိပ်ကို ရောက်ဖို့တောင် ခက်တယ် ”

“ ပြီးတော့ တန်ခိုးဆိုတာဟာလည်း အခြေခံအဆင့်ပဲ ရှိတယ်။ ကျင့်ကြံခြင်းအဆင့်တူတဲ့ လူနှစ်ယောက် တိုက်ခိုက်တယ် ဆိုပါစို့။ အစွမ်းထက် ဓမ္မလက်နက် မရှိတဲ့လူက တာအိုဖျက်ဆီးခံရပြီး ဇီဝိန်ခြွေခံရမှာ သေချာတယ် ”
လန်လင်းအယ်၏ခေါင်းလေး ပုသွားသည်။ ဆရာတူအစ်ကို၏ စကားလုံးများက မိစ္ဆာစကားများအလား၊ လင်းအယ်၏ဆံပင်များ ထောင်တက်သွားရသည်။

ထို့နောက် သူ့အသံက လေထဲ ဆက်လက် လွင့်ပျံလာသည်။
“ လင်းအယ်မှာ အစွမ်းထက်ဓမ္မလက်နက်တွေ ရှိနေရင်တောင် မှော်စွမ်းအားတွေ ပိုင်ဆိုင်မထားရင် သေခြင်းတရားကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဓမ္မလက်နက်တွေနဲ့ မှော်စွမ်းအားတွေ အလုံအလောက် ရှိနေရင်တောင် ကံအကြောင်းတရားမလှရင် ကပ်ဘေးနဲ့ ရင်ဆိုင်နိုင်သေးတာပဲ။ ဒီတော့ အနှစ်ချုပ်ရရင် … ”

“ ဘယ် … ဘယ်လိုပဲဖြစ်ဖြစ် တာအိုဖျက်ဆီးခံရပြီး ဇီဝိန်ခြွေခံရမှာလားဟင် ”
လီချန်ရှို့က ချိုသာစွာပြုံး၍ လင်းအယ်ကို ချီးကျူးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ တော်တယ်။ လင်းအယ်က သဘောပေါက်လွယ်သားပဲ ”

လန်လင်းအယ်က တိုးတိုးညင်းညင်း မေးမြန်းလိုက်သည်။
“ ဒါပေမဲ့လေ ဆရာတူအစ်ကို၊ ကျင့်ကြံတဲ့ရည်ရွယ်ချက်က ထာဝရအသက်ရှည်ဖို့ မဟုတ်ဘူးမလား။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးတော့ အနှောင်အဖွဲ့ကင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်သင့်ဘူးလား ”

“ ညီမလေးတွေးတာ မှားနေတယ်။ ကျင့်ကြံခြင်းဆိုတာ လေးစားဖို့ကောင်းတဲ့အရာမဟုတ်ဘူး ”
လီချန်ရှို့က ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။
“ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က အခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်ပြီးတော့ အဆုံးစွန်ထိ ရှင်သန်နိုင်လောက်အောင် အစွမ်းထက်လာဖို့ပဲ ”

“ ထာဝရအသက်ရှည်တယ်ဆိုတာ ကျင့်ကြံခြင်းမှာ အဆင့်တစ်ခုအဖြစ်ပဲ ရှိသေးတယ်။ အဲဒီအဆင့်ကို ရောက်တဲ့အခါ သဘာဝအတိုင်း သေတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဥပစ္ဆေဒက ကံကြောင့် အသက်ဆုံးရှုံးရနိုင်သေးတယ် ”

လန်လင်းအယ်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
“ ဒါဆိုရင် ဆရာတူအစ်ကို၊ ညီမတို့က အသက်ရှည်ရှည်နေနိုင်အောင် ဘယ်လိုလုပ်သင့်လဲဟင် ”

လီချန်ရှို့က လက်ထဲရှိ အသားကင်တံစို့ကို တစ်ဖက်လှည့်၍ နည်းလမ်းကျကျ ပြန်ဖြေလိုက်သည်။
“ အရင်ဆုံး ကမ္မနှောင်ကြိုးတွေကို ရှောင်ရှားရမယ်။ ထူးဆန်းတဲ့အခြေအနေတွေကို ဝင်မပါမိအောင် အတတ်နိုင်ဆုံး ကြိုးစားရမယ်။ အကောင်းဆုံးကတော့ ဂူအောင်းပြီး လေကျင့်တာပဲ။ မလိုအပ်ပဲ လျှောက်ပတ်သွားပြီး ဘယ်သူနဲ့မှ မပတ်မိအောင် ရှောင်ရှားရမယ် ”

“ သေချာတယ်၊ ဒါကို အောင်မြင်အောင် ကျင့်ကြံနေထိုင်ဖို့ ခက်လိမ့်မယ် ”

“ ဥပမာပြောရရင် အစ်ကိုနဲ့ ညီမ … အစ်ကိုတို့နှစ်ယောက်က ဆရာတစ်ယောက်တည်းရဲ့ လမ်းညွှန်ပြသမှုအောက်မှာ ရှိနေတော့ ရေစက်ဆုံဖို့ အကြောင်းဖန်လာတယ်။ ဒါက အကြောင်းတရားပဲ။ အစ်ကိုတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရရင် တခြားတစ်ယောက်လည်း ရှောင်လွှဲလို့မရဘဲ ဒုက္ခတွေထဲ ဝင်ပတ်သက်မိသွားလိမ့်မယ်။ အဲဒါက အကျိုးတရားပဲ ”

“ ဒီတော့ အကြောင်းတရားနဲ့ အကျိုးတရား ပေါင်းစည်းမှုဖြစ်တဲ့ ကမ္မနှောင်ကြိုးတွေကို အစ်ကိုတို့ အတတ်နိုင်ဆုံး ရှောင်ရှားဖို့ ကြိုးစားမယ်ဆိုရင်တောင် အပြည့်အဝ ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး။ ဒီတော့ အခြေအနေကို အစ်ကိုတို့ ဝေဖန်ဆန်းစစ်ရမယ်။ ကျဉ်းထဲကြပ်ထဲ မရောက်သွားအောင် အခြေအနေပေါ် မူတည်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ရမယ် ”

“ အစ်ကိုတို့ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်တာတောင် အန္တရာယ်ထဲ ရောက်သွားနိုင်မဲ့ အခြေအနေ ရှိနေသေးရင် ဒုတိယအဖြေတော့ ရှိသေးတယ် ”

“ ဒုတိယအဖြေက ဘာလဲဟင် ”
လင်းအယ်လေးက နှုတ်ခမ်းထောင့်စွန်းမှ သွားရည်ကျနေသည်ကို သုတ်လိုက်သည်။ တံစို့ဖြင့်ကင်ထားသော ရွှေရောင်ရစ်ငှက်က ကျက်လုနီးပါးဖြစ်နေ၍ မွှေးကြိုင်သင်းပျံ့သော အသားနံ့များ တရိပ်ရိပ် ထွက်ပေါ်နေပြီဖြစ်သည်။

“ ဝှက်ဖဲတွေ… ”

“ ဝှက်ဖဲတွေ … ဝှက်ဖဲတွေဆိုတာ ဘာတွေလဲအစ်ကို ”

“ ဝှက်ဖဲတွေဆိုတာ ဖုံးကွယ်ထားတဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေပဲ ”
လီချန်ရှို့က ဆက်လက်သင်ကြားပေးနေရင်း ငှက်ကင်ကိုတစ်ဖဲ့ ဖဲ့ကာ စောင့်မျှော်နေသော လင်းအယ်လေးအား ကမ်းပေးလိုက်သည်။

ဆရာတူညီမလေးအတွက် ပဏာမဆုံးမစကားများကို သူ ပြင်ဆင်ထားခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ယခုအခါတွင် လပေါင်းများစွာ သူ ပြင်ဆင်ခဲ့သော သတင်းအချက်အလက်များကို သူ ပေါင်းစည်းပြောဆိုနေခြင်း ဖြစ်သည်။

“ ညီမ အရည်အချင်းအစစ်အမှန်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ဖုံးကွယ်ထားပြီး ခုနစ်ဆယ်ရာခိုင်နှုန်းကိုပဲ ပြသထားရမယ်။ ဒီလိုဆိုရင် လူတစ်ယောက်က ညီမကို ပစ်မှတ်ထားလာတဲ့အခါ ညီမရဲ့ အရည်အချင်းတွေနဲ့ ကြောက်လန့်တုန်လှုပ်သွားအောင်လုပ်ပြီး ပွဲသိမ်းတိုက်ခိုက်လို့ရတယ် ”

“ တိတိကျကျပြောရရင် နောင်တချိန်ကျ ညီမမှာ ဓမ္မမန္တန်တွေ၊ မှော်တန်ခိုးတွေ ဒါမှမဟုတ် ဓမ္မရတနာတွေ ရှိလာမယ်ဆိုပါစို့။ အဲဒီရတနာတွေကို ညီမ ဖုံးကွယ်ထားပြီး ဝှက်ဖဲအနေနဲ့ အသုံးချနိုင်တယ်။ တကယ့်ကျဉ်းထဲကြပ်ထဲအခြေအနေတွေမှာ အဲဒီဝှက်ဖဲတွေကို ညီမ မသုံးမချင်း ဘယ်သူမှ အဲဒါတွေအကြောင်း သိမှာ မဟုတ်ဘူး။ အဲဒါတွေက ပွဲသိမ်းနိုင်မယ့် အဖိုးတန် ဝှက်ဖဲတွေ ဖြစ်လာမှာ ”

“ ကျင့်ကြံခြင်းအဆင့်ကိုလည်း ဖုံးကွယ်ထားတတ်ရမယ်။ အဲဒါကလည်း ညီမလေးရဲ့ ဝှက်ဖဲတွေထဲက တစ်ချပ်ဖြစ်လာမှာ ”
လန်လင်းအယ်က လက်ထဲရှိ ငှက်သားကို တခဏလေးအတွင်း စားပြီးသွားသည်။ နူးညံ့ချိုမွှေးသော ငှက်ကင်ကို သဘောကျသည့်အရိပ်အငွေ့များ လင်းအယ်၏မျက်ဝန်းများထဲတွင် ယှက်သန်းနေပြီး သဘောကျစွာဖြင့် လက်များကို စုပ်နေလေတော့သည်။

လင်းအယ်လေးက ဆရာတူအစ်ကို၏ အကြံပေးစကားများအား တွေးတောကာ တိုးတိုးညင်းညင်း မေးမြန်းလိုက်သည်။
“ ဒါပေမဲ့ ဆရာတူအစ်ကို၊ ညီမ ဝှက်ဖဲတွေအားလုံး ထုတ်သုံးပြီး မနိုင်သေးဘူးဆိုရင် ညီမ ဘာလုပ်ရမလဲ ”

“ ဒါဆိုရင်တော့ တတိယမြောက်အဖြေကို အသုံးချရတော့မှာပေါ့ ”
လီချန်ရှို့က လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရွှေရောင်ရစ်ငှက်ကင်က သူ့ရှေ့တွင် ခွဲခြမ်းပြီးသား ဖြစ်သွားသည်။ ပြီးသည်နှင့် ယင်းက ကြက်ကင်အဖဲ့များအသွင် ပြောင်းလဲသွားပြီး လန်လင်းအယ်၏ရှေ့တွင် လွင့်မျောနေတော့သည်။
“ တတိယအဖြေကတော့ အရမ်းရိုးရှင်းတယ်။ အဲဒါက … ထွက်ပြေးရမှာပဲ ”

“ အမ် … ”
လင်းအယ်လေး မျက်တောင်တဖျပ်ဖျပ်ခတ်သွားသည်။ အသားကင်က သူမ၏စိတ်အာရုံကို သိမ်းကြုံးဆွဲဆောင်ထားပါသော်ငြား ဆရာတူအစ်ကို ပြောသမျှစကားများကို နားလည်နေသေးသည်။

လီချန်ရှို့က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
“ စိမ်းညို့ညို့ တောင်တန်းတွေက ကြာရှည်ခံပေမဲ့ သစ်သားဆိုတာ လောင်ကျွမ်းတတ်တဲ့ သဘောရှိတယ်လို့ ပြောကြသလိုပဲ ”

“ နောင်တချိန်ကျ ကမူးရှူးထိုးလုပ်တတ်တာကပဲ ညီမလေးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိမ့်မယ်။ ပြောရရင် အင်မတန် ကံကောင်းပြီး အကျင့်စရိုက်ကောင်းတဲ့လူတွေမှပဲ ဒုတိယအဖြေကို ရယူနိုင်မှာ ”

“ အဟမ်း … စကားကို ပြန်ဆက်လိုက်ကြရအောင် ”

“ အစွမ်းထက်ကျင့်ကြံသူတွေလက်ကနေ လွတ်မြောက်ချင်ရင် အရေးကြုံလာတဲ့အခါ တုန့်ပြန်အားကောင်းရမယ်။ ဒါကြောင့်ပဲ ကိုယ်ယောင်ဖျောက်အတတ်တွေကို အစ်ကို သေချာလေ့လာနေရတာပဲ။ ကိုယ်ယောင်ဖျောက်အတတ်တွေကို ပိုကျွမ်းကျင်လာရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းလည်း ပိုများလာမယ် …”

နေမင်းကြီးက အနောက်ဂေါယာကျွန်းသို့ ဆင်းသက်နေသည်နှင့်အမျှ မွှေးကြိုင်သင်းပျံ့သော အသားကင်အနံ့က လေထဲ လွင့်ပျံနေတော့သည်။

ကြည်လင်သောရေကန်ဘေးတွင် လုလင်ပျိုတစ်ဦးသည် ဆရာတူညီမအသစ်လေးအား စိတ်အားထက်သန်စွာ သင်ကြားပေးနေလေသည်။ ကလေးမလေးသည် အသားကင်ကို တမြုံ့မြုံ့စားရင်း အာရုံစိုက်၍ နားထောင်နေတော့သည်။

ယင်းက နတ်ဝိဇ္ဇာအဖြစ် သူမ၏ဘဝတစ်လျှောက် လွှမ်းမိုးသွားစေမည့် အရေးကြီးသင်ခန်းစာတစ်ရပ် ဖြစ်သွားမည်မှာ သေချာသည်။

သို့ပါသော်လည်း မည်မျှကျိုးကြောင်းဆီလျော်သော သင်ခန်းစာများ ဖြစ်ပါစေ လင်းအယ်လေးက စောဒကတက်လေ့ရှိပြီး တစ်ခုခု လွဲမှားနေသည်ကို ခံစားနေရတော့သည်။

***

Comment

  1. Anonymous says:

    Google ဘာသာပြန်ကြီးလားဗျာ စာစဉ်ကောင်းရဲ့နဲ့ စာာရေးဆရာ ကြိုးစားအားထုက်မူ့နည်းတယ်ဗျာ ဖက်ရအဆင်မပြေ googleက ပြန်သလိုဖြစ်နေတယ်

Leave a Reply

Options

not work with dark mode
Reset